အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း31. ပြသနာရှာရန် ရောက်လာတဲ့လူများ
အလွန် သဟဇာတဖြစ်နေသည့် စုန့်ယီနှင့် လင်းမိန်ဟွေ့တို့၏ ထမင်းစားချိန်က တံခါးအပြင်ဘက်မှ အော်သံကြောင့် ပျက်သုဉ်းသွားရလေသည်။
“လင်းမိန်ဟွေ့၊ တံခါးဖွင့်! လင်းမိန်ဟွေ့၊ မင်းပုန်းနေမယ်ဆိုရင် ငါတို့ မင်းကို ရှာမတွေ့ဘူးလို့ မထင်နဲ့၊ မင်းက ရက်စက်လွန်းတဲ့ မိန်းမတစ်ယောက်ပဲ မြန်မြန်ထွက်ခဲ့စမ်း!”
စုန့်ယီ မျက်မှောင်ကြုတ်လျက် တံခါးဖွင့်ရန် ထရပ်လိုက်ချိန်တွင် လင်းမိန်ဟွေ့က လှမ်းဆွဲထားလိုက်လေသည်။
လင်းမိန်ဟွေ့တစ်ယောက် သူမ ထိုအသံများကို ရင်းနှီးနေသကဲ့သို့ ခံစားရသည့်အတွက် ခဏလောက်စဥ်းစားပြီးနောက်တွင် ကျန်းကျစ်ကုန်း၏ အစ်မအသံဖြစ်ကြောင်းကို သတိရလိုက်သည်။
အတိတ်ဘဝ၌ ဤယောက်မဖြစ်သူက လင်းမိန်ဟွေ့ကို အလွန်ဆိုးရွားစွာ နှိပ်စက်ခဲ့ဖူးသည်။ နေ့တိုင်း နည်းမျိုးစုံဖြင့် အနိုင်ကျင့်ခဲ့ပြီး အနားမယူရအောင် ပြုလုပ်ခဲ့သည်။
တစ်ကြိမ်၌ လင်းမိန်ဟွေ့ ထမင်းချက်နောက်ကျခဲ့သောကြောင့် ကျန်းကျစ်ကုန်း၏ အစ်မက သူမ၏ခေါင်းပေါ်သို့ ပူလောင်သည့်ခေါက်ဆွဲများကို လောင်းချခဲ့ဖူးသည်။
အကယ်၍ လင်းမိန်ဟွေ့၏ ဆံပင်များသာ မထူခဲ့ပါလျှင် ထိုစဉ်က အပူလောင်၍ ရုပ်ရည်ပျက်စီးသွားပေလိမ့်မည်။
ဤသို့ ဖြစ်ခဲ့သော်လည်း ကျန်းကျစ်ကုန်းက သူ၏အစ်မဘက်မှသာ ကာကွယ်ခဲ့ပြီး အစ်မဖြစ်သူ စိတ်ဆိုးသည်ကို နားလည်ပေးနိုင်သည်ဟု ပြောခဲ့သည်။
လင်းမိန်ဟွေ့တစ်ယောက် ကောင်းကင်မှ သူမကို မတုံ့ပြန်သလို၊ မြေကြီးသည်လည်း သူမအတွက် အလုပ်မဖြစ်ဟု ခံစားခဲ့ရသည်။
လက်ရှိအချိန်၌ တံခါးပြင်ဘက်မှ အော်သံသည် ပိုမိုကျယ်လောင်လာသည်။
“လင်းမိန်ဟွေ့၊ နင်က မြို့နယ်ဝန်ဆီသွားပြီး ငါတို့ကို တိုင်တယ်ဆိုရင် ငါတို့က နင့်ကို ကြောက်လိမ့်မယ်လို့ ထင်နေတာလား
ငါပြောပြမယ်၊ မြို့တော်ဝန်တင်မကဘူး၊ ငါတို့ ကျန်းမိသားစုက ခရိုင်မှာလည်း ဆွေမျိုးတွေ ရှိတယ်၊ နင် တတ်နိုင်ရင် ခရိုင်အထိသွားပြီး တိုင်ကြားလိုက်လေ”
ဤအသံသည်ကား အလွန်မာန်မာနကြီး၍ ရန်လိုနေခဲ့သည်။ စုန့်ယီက မည်သည့်အရာများ ဖြစ်နေသည်ကို မသိသော်လည်း သူတို့ အိမ်ရှေ့သို့ လာရောက်၍ ပြဿနာရှာသောသူများကိုတော့ သည်းမခံနိုင်ပေ။
စုန့်ယီ ပန်းကန်ခွက်ယောက်များကိုချ၍ တံခါးဖွင့်လိုက်သည်။ လင်းမိန်ဟွေ့ကလည်း သူ ထိခိုက်မည်ကို စိုးရိမ်၍ စုန့်ယီ၏နောက်မှ လိုက်ခဲ့သော်လည်း သူမ၏နှလုံးသားကတော့ တဒိတ်ဒိတ်ခုန်နေခဲ့သည်။
သူမအနေဖြင့် ကျန်းမိသားစုကို နှလုံးသား၏အနက်ရှိုင်းဆုံးသော နေရမှ ကြောက်နေမိခဲ့သည်။ အိပ်မက်ဆိုးကဲ့သို့သော ဘဝက သူမ၏စိတ်ထဲ၌ အမြဲပေါ်လာပြီး သူမအား နှိမ့်ချ၍ သူမကို ကြောက်တတ်၊ သိမ်ငယ်တတ်သူတစ်ဦး ဖြစ်အောင် ပြုလုပ်နေခဲ့သည်။
တံခါးပွင့်လိုက်သည့်အချိန်တွင် စုန့်ယီက တံခါးဝကို ဝိုင်းထားသော လူခုနစ်ဦး၊ ရှစ်ဦးအား ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“လင်းမိန်ဟွေ့က ကျုပ်ရဲ့ဇနီးပဲ၊ ဘာကိစ္စပဲဖြစ်ဖြစ် ကျုပ်ကို ပြောလိုက်၊ ကျုပ်ဇနီးရဲ့ အမှားမရှိဘဲ ပြသနာလာရှာနေတာဆိုရင် ကျုပ်ဆိုတဲ့ စုန့်ယီက ခင်ဗျားတို့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမိလို့ အပြစ်မတင်ပါနဲ့”
ကျန်းကျစ်ကုန်း၏ အစ်မ ကျန်းမိန်ဟွားက စုန့်ယီအား ဒေါသတကြီး တွန်းဖယ်၍ ခြံဝင်းထဲ ဝင်လာခဲ့သည်။ သူမက ခြံဝင်းထဲအား ပတ်ကြည့်လျက် လှောင်ပြောင်သံဖြင့် ပြောလိုက်သည်။
“နင်က မာန်မာနကြီးပြလွန်းနေတော့ ချမ်းသာတဲ့မိသားစုက တစ်ယောက်ယောက်နဲ့ လက်ထပ်မိတာလို့ ထင်နေတာ၊ လက်စသတ်တော့ ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ဆင်းရဲသာ့ လူပျိုကြီးပဲကိုး”
လင်းမိန်ဟွေ့တစ်ယောက် ဒေါသထွက်၍ ပြန်ပြောရန် အလုပ်၊ အရပ်ရှည်ပြီး ခန္ဓာကိုယ် တောင့်တင်းပုံစံရှိပြီး မျက်နှာကလည်း ဆိုးသွမ်းမှုများကိုပင် မြင်တွေ့နိုင်သော လူတစ်ဦးက မာန်မာနကြီးစွာဖြင့် ခြံဝင်းထဲ ဝင်လာသည်ကို တွေ့လိုက်ရသည်။
သူက လက်မောင်းအောက်၌ သားရေအိတ်အနက်ရောင်အား ကိုင်ထားသည်။ သူဌေးကြီးတစ်ဦးကဲ့သို့ ပုံစံပေါက်သော်လည်း သူ၏မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော လျစ်လျူရှုမှုအား ဖုံးကွယ်မထားနိုင်ပေ။
လင်းမိန်ဟွေ့ ရုတ်တရက် အသက်ရှူရကျပ်သွားခဲ့ရပြီး ကျန်းကျစ်ကုန်း၏ မျက်နှာကိုသာ စိုက်ကြည့်နေမိသည်။
ပြန်လည်မွေးဖွားလာပြီး မကြာမီမှာပင် သူမကို မမေ့ပျောက်စေနိုင်သော ထိခိုက်မှုများ ပေးခဲ့သည့် ဤလူယုတ်မာနှင့် ထပ်မံတွေ့ဆုံရမည်ဟု သူမ မထင်ထားခဲ့ပေ။
စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့၏ ကြောက်ရွံ့မှုအား ခံစားမိခဲ့ပြီး သူမ၏ အေးစက်နေသည့် လက်ချောင်းထိပ်များအား အသာဆုတ်လိုက်ကာ ကျန်းမိန်ဟွား၏ရှေ့၌ ရပ်လိုက်သည်။
“ဒါ ကျုပ်ရဲ့အိမ်ပဲ၊ ခင်ဗျားတို့က ကျုပ်ရဲ့အိမ်ကို ခွင့်ပြုချက်မရှိဘဲ ဖောက်ဝင်လာတာနော်၊ ကျုပ် လူတစ်ယောက်ကို ရိုက်မိရင်တောင် ဥပဒေချိုးဖောက်တာ မဟုတ်ဘူး”
ကျန်းမိန်ဟွာ စုန့်ယီအားကအထင်သေးစွာမထီမဲ့မြင် ကြည့်လိုက်ပြီး ပြောလာသည်။
“မင်းတစ်ယောက်တည်းက ငါတို့အများကြီးကို အနိုင်ယူနိုင်မယ်ထင်လား၊ ငါပြောပြမယ်၊ ဒီနေ့ လင်းမိန်ဟွေ့ဆီကနေ ဖြေရှင်းချက် လာတောင်းတာပဲ၊
သူမက အဓိပ္ပာယ်မရှိတာတွေ ပြောပြီး ငါတို့ဆွေမျိုးတွေကြားထဲ မတည့်အောင် လုပ်တယ်၊ အခုဆိုရင် ငါ့ရဲ့ဝမ်းကွဲတွေက ငါတို့နဲ့ အဆက်အသွယ်ဖြတ်သွားပြီ၊ သူမရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ မေးချင်တယ်”
လင်းမိန်ဟွေ့အနေဖြင့် သူတို့ဘက်ကသာ အရင်ဆုံး ပြသနာရှာလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့သည် အစကတည်းက အကျိုးအကြောင်းစီလျော်မှု မရှိသူများ ဖြစ်ကြောင်း ထင်ရှားလှသော်လည်း ယခုဆိုလျှင် တံခါးဝအထိ လာရောက်၍ ရန်ရှာနေခဲ့သည်အထိ လုပ်ဆောင်လာခဲ့သည်။
အလွန်အမင်းပင် ရွံစရာကောင်းလွန်းပေသည်။ သူမ သတ္တိကို မွေးလိုက်ပြီး ကျန်းမိန်ဟွား၏ရှေ့၌ ရပ်လိုက်ကာ ထိုဆိုးယုတ်လိုမှုများနှင့်ပြည့်နေသော မျက်လုံးများအား စိုက်ကြည့်လိုက်သည်။
“ကျန်းယွေ့ဖန်က ကျွန်မကို အခွင့်အရေးယူတယ်ဆိုတာကို လူတိုင်းသိတယ်၊ ကျွန်မက အမှန်အတိုင်းပဲ ပြောဆိုခဲ့တာ၊
ရှင်တို့ဆွေမျိုးတွေကြား ဆက်ဆံရေးကို မတည့်အောင်လည်း ဘယ်တုန်းကမှ မလှုံ့ဆော်ခဲ့ဘူး”
“မင်း ဘယ်လိုများ ဒီလောက်တောင် ယုံကြည်မှုရှိနေရတာလဲ၊ ကျန်းယွေ့ဖန်က မင်းကို အခွင့်အရေးယူပြီး မင်းရဲ့ စီးပွားရေးကို ဖျက်ဆီးတာက ငါတို့နှင့် ဘာတစ်ခုမှဆိုင်တာ မဟုတ်ဘူး၊ ဒါကို ဘာလို့ ကျစ်ကုန်းက လှုံ့ဆော်တာလို့ ပြောရတာလဲ”
ကျန်းမိန်ဟွား၏ လေသံသည်က အလွန်အမင်း ရန်လိုနေခဲ့ပြီး လင်းမိန်ဟွေ့အား တစ်ကြိမ်တည်း မျိုချပစ်ချင်နေပုံရသည်။
သူတို့ ကျန်းမိသားစုသည်ကား ဤမျှ ဒေါသထွက်ရခြင်းမျိုးကို တစ်ခါမှ မကြုံဖူးသေးပေ။ ပထမဦးဆုံး လင်းမိသားစုမှ ကောင်လေးကြောင့် ရဲများက လာရောက်စစ်ဆေးပြီး ဗီဒီယိုစတူဒီယိုအား ပိတ်လုနီးပါး ဖြစ်ခဲ့ရသည်။
မကြာမီ၌ပင် စုန့်ယီက ထပ်မံရောက်ရှိ၍ ပြဿနာရှာသောကြောင့် သူတို့၏စီးပွားရေးအား ထိခိုက်စေခဲ့သည်။
မူလက သူမက လင်းမိန်ဟွေ့အား သင်ခန်းစာပေး၍ ယဉ်ကျေးအောင် ပြောလိုခဲ့သည်။
သို့သော် တစ်ဖက်လူက မြို့တော်ဝန်ထံအထိ တိုင်ကြားရဲလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ အတိတ်က ဤဝမ်းကွဲနှင့် အဆက်အသွယ် သိပ်မရှိခဲ့သော်လည်း သူတို့က မြို့နယ်အစိုးရနှင့် ဆက်နွယ်နေသည်များ ရှိသည်ဟု ဆိုနိုင်သည်။
ယခုအချိန်တွင် ထို ဆက်နွယ်မှုက အဆင်မပြေဖြစ်သွားပြီဖြစ်သောကြောင့် အဘယ်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်မည်လဲ။
“ကျန်းကျစ်ကုန်းရဲ့ လှုံ့ဆော်မှု ဟုတ်လား မဟုတ်ဘူးလားဆိုတာ ရှင်တို့ရဲ့စိတ်ထဲမှာ သေသေချာချာသိပါတယ်၊ ရှင်တိာ့သာ ကျွန်မ အမှားလုပ်မိတယ်လို့ ထင်ရင် ကျွန်မတို့ ရဲစခန်းကိုသွားပြီး ငြင်းခုံလို့ရတယ်...”
လင်းမိန်ဟွေ့ စကားပြောလိုက်ချိန်တွင် သူမ၏အသံက အားအင်နည်းနေသည်မှာ သိသာသည်။ သူမ၏ အတိတ်ဘဝမှ ထိခိုက်မှုများမှာ နက်ရှိုင်းစွာ စွဲမြဲနေပြီး သူမအနေဖြင့် အမှန်တကယ်ပင် အလွန်အမင်း ကြောက်လန့်နေခဲ့သည်။
“မင်းက ရဲစခန်းအကြောင်းကို ပြောတာလား”
နေ
ကျန်းကျစ်ကုန်းက ကြောက်စရာကောင်းသော အမူအရာ၊ ပြင်းထန်သော စွမ်းအားဖြင့် ရှေ့သို့ တက်လာသည်။ လင်းမိန်ဟွေ့က စုန့်ယီဆီသို့ မသိမသာ တိုးကပ်သွားမိပြီး သွအံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်၊ ရှင်တို့သာ ကျွန်မ အမှားလုပ်မိတယ်လို့ ထင်ရင် ရဲစခန်းသွားရအောင်၊ ဒါက စုန့်ယီရဲ့အိမ်ပဲ... ရှင်တို့လူတွေ အကြောင်းမဲ့ ကျွန်မတို့အိမ်ကို ထပ်ပြီး ပြဿနာရှာမယ်ဆိုရင် ရွာထဲကလူတွေကို အကူအညီတောင်းရမှာပဲ”
ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့အား ကြည့်လျက် သူ၏နှလုံးသားထဲ၌ ပြောမပြနိုင်သော ခံစားမှုတစ်ခု ဝင်လာသည်။ ဤအမျိုးသမီးနှင့် မလက်ထပ်ခဲ့သည်မှာ တစ်ခုခု လွဲချော်ခဲ့သကဲ့သို့ ခံစားရသည်။
သူသည်ကား အမျိုးသမီးများကို ဂရုမစိုက်သော်လည်း ဤသို့ ခေါင်းမာပြီး မနှစ်မြို့စရာကောင်းသော အမျိုးသမီးမျိုးကိုတော့ တစ်နည်းနည်းဖြင့် ကိုင်တွယ်ချင်နေခဲ့သည်။
သူ လင်းမိန်ဟွေ့ကို ကြည့်သောအကြည့်များက ပို၍ မနှစ်မြို့ဖွယ်ရာဖြစ်လာသည့်အတွက် ကျန်းမိန်ဟွားပင် မြင်နိုင်ခဲ့ရသည်။
“ကျစ်ကုန်း၊ မင်း ပြောစရာရှိရင် ပြောလိုက်၊ အဲဒီမှာ ရပ်မနေနဲ့”
“ဘာလဲ၊ အုပ်စုလိုက် ရန်ပွဲ စတော့မလို့လား၊ ထားပါတော့. မင်းတို့ ယုံချင်ယုံ မယုံချင်နေ၊ ငါရဲ့ လက်ရွေးစဥ်လူတွေကို ခေါ်ပြီး မင်းတို့ရွာကို ဖြိုချပစ်လို့ရတယ်”
ကျန်းကျစ်ကုန်းက အလွန်မာန်မာနကြီးသည်။ သူက လင်းမိန်ဟွေ့၏ စကားအား လုံးဝ ဂရုမစိုက်ဘဲ လင်းမိန်ဟွေ့ကို ကြည့်သော သူ၏မျက်လုံးများဖြင့် လိုချင်တပ်မက်သော ရမ္မက်ငွေ့များဖြင့် ပြည့်နေခဲ့သည်။
အရသာရှိသော သားကောင်အား မြင်လိုက်ရသကဲ့သို့ပင်။
စုန့်ယီက လင်းမိန်ဟွေ့ကို သူ၏နောက်တွင် ကာကွယ်လိုက်ပြီး ဘေးမှ ပေါက်ပြားအား ကောက်ကိုင်လိုက်သည်။
“ထွက်သွားစမ်း၊ ခင်ဗျားတို့လိုလူတွေကို ကျွန်တော်တို့အိမ်က မကြိုဆိုဘူး၊ ဘာကိစ္စဖြစ်ဖြစ် ရဲစခန်းမှာ တွေ့မယ်”
“လာခဲ့လေ၊ ငါ့ကို ရိုက်လိုက် ၊ ဒီနေ့ မင်း ငါ့ကို သေအောင် မရိုက်နိုင်ဘူးဆိုရင် မင်းတို့တွေ သေချာပေါက် နောင်တရလိမ့်မယ်”
ကျန်းကျစ်ကုန်းက သူ၏နဖူးအား ထိုးပြပြီး စုန့်ယီအား အလွန်မာန်မာနကြီးစွာ စကားလုံးများဖြင့် လှုံ့ဆော်နေခဲ့သည်။
စုန့်ယီသည်ကား ကြမ္မာဆိုးများနှင့် နတ်ဆိုးကြယ်ဖြစ်ကြောင်း ဖြစ်ကြောင်း ပြောနေခဲ့သည်။
ယနေ့ သူ့ကို ရိုက်သတ်ခံရမည်ဆိုလျှင်ပင် စုန့်ယီကိုပါ လမ်းပေါ်သို့ ဆွဲချပြီး အတူထွက်သွားရစေလိမ့်မည်ဟု ပြောနေသည်။
သူက စုန့်ယီ၏ မိဘများ သေဆုံးသည်မှာလည်း စုန့်ယီကြောင့်ပင် ဖြစ်ကြောင်း ပြောနေခဲ့သည်။
စုန့်ယီ၏ မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာပြီး ပေါက်ပြားကို ကိုင်ထားသောလက်သည် တုန်ရီလာခဲ့သည်။
လင်းမိန်ဟွေ့လည်း ၎င်းကို သတိထားမိသွားသောကြောင့် စုန့်ယီ၏လက်အား ဆွဲကိုင်ကာ ညင်သာစွာ ပြောလိုက်သည်။
“အစ်ကို စုန့်ယီ၊ သူ့ကို ဂရုမစိုက်နဲ့၊ သူက ရှင်ကို ဒေါသထွက်အောင် လုပ်ချင်တာ၊ ရှင်သာ တစ်ခုခု လုပ်လိုက်ရင် သူက ဆက်ပြီး အဆုံးမရှိ လုပ်လိမ့်မယ်”
လင်းမိန်ဟွေ့က ကျန်းကျစ်ကုန်း၏ အပြုအမူအား ကောင်းစွာသိသည်။
သူသည်က သူ၏ယုတ်မာမှုများဖြင့် အခြေအနေအား ထိန်းချုပ်နိုင်မည်မဟုတ်သည်ကို သိသောကြောင့် အခြားသူများက အရင်ဆုံးတိုက်ခိုက်အောင် နည်းလမ်းမျိုးစုံဖြင့် လှုံ့ဆော်လေ့ရှိသည်။
ဤနည်းဖြင့် သူက အခြားသူများအား ယုံကြည်မှုရှိစွာ အနိုင်ကျင့်ပြီး သူတို့၏ အမှားများအား ဝန်ခံအောင်၊ လျော်ကြေးပေးအောင် သို့မဟုတ် သူ၏နယ်မြေမှ ထွက်သွားအောင် ပြုလုပ်လေ့ရှိသည်။
စုန့်ယီက လင်းမိန်ဟွေ့အတွက် သူ၏ဒေါသအား ထိန်းထားသော်လည်း ဤလူအုပ်စုကို မည်သို့ ကိုင်တွယ်ရမှန်းမသိ ဖြစ်နေခဲ့သည်။
ဤအချိန်၌ လီတုန်တစ်ယောက် မြို့သို့သွားရန်အတွက် စုန့်ယီ၏အိမ်ရှေ့မှ ဖြတ်သွားခဲ့သည်။
အတွင်းမှ မြင်ကွင်းကို မြင်သောအခါတွင် တစ်ခုခု မှားနေသည်ကို သိလိုက်သည်နှင့် ချက်ချင်း ရွာထဲမှ သန်မာသော လုပ်သားအချို့အား သွားရောက်ခေါ်လိုက်လေသည်။
သူတို့အားလုံးက ပေါက်ပြားများ၊ ဂေါ်ပြားများနှင့် ရောက်ရှိလာပြီး တံခါးဝ၌ စောင့်နေရင်း မေးလိုက်သည်။
“စုန့်ယီ၊ ဘာဖြစ်တာလဲ၊ ငါတို့ ကူညီပေးရမလား”
စုန့်ယီလည်း လီတုန်နှင့် အခြားသူများအား မြင်သောအခါ ချက်ချင်း ပြောလိုက်သည်။
“ဒီလူတွေက ကျွန်တော့်ရဲ့အိမ်ကို လာပြီး ပြဿနာရှာတာ၊ လီတုန်၊ ရဲကိုခေါ်ပေးပါဦး”
*
အခန်း(32) သူ ရဲတွေကြောင့် ကြောက်သွားရလိမ့်မယ်
လင်းမိန်ဟွေ့က စုန့်ယီ တဖြည်းဖြည်း တည်ငြိမ်လာသည်ကို ခံစားမိပြီး သူမ၏စိတ်ထဲမှ ကြောက်ရွံ့မှုသည်လည်း သိပ်မပြင်းထန်တော့ပေ။
သူမက ကျန်းကျစ်ကုန်းအား တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။
“ကျန်းကျစ်ကုန်း၊ ရဲတွေရှေ့ကိုရောက်မှ ရှင်းရှင်းလင်းလင်း ပြောကြတာပေါ့”
ကျန်းကျစ်ကုန်းသည်ကား ယနေ့ စုန့်ယီနှင့် လင်းမိန်ဟွေ့တို့အား ကံဆိုးစေရန် ရောက်ရှိလာခြင်း ဖြစ်သည်။
လင်းမိသားစုနှင့် မူလက သဘောတူထားသော အိမ်ထောင်ရေးက ပျက်စီးသွားပြီး လင်းမိန်ဟွေ့က ဤသို့ ဆင်းရဲသော စုန့်ယီနှင့် လက်ထပ်လိုက်သည်။
ဤကဲ့သို့သောလူမျိုးက သူ၏စီးပွားရေးပြိုင်ဘက် ဖြစ်လာနိုင်သေးသည်။
ဤရက်များ၌ စုန့်ယီအား မည်သို့ သင်ခန်းစာပေးရမည်ဆိုသည်ကို စဉ်းစားနေခဲ့သည်။ သို့သော် သူတို့ ကိုယ်တိုင် တံခါးဝသို့ ရောက်ရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ကျန်းကျစ်ကုန်းက ဤအခွင့်အရေးကောင်းအား မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
“လင်းမိန်ဟွေ့၊ မင်းက မြို့တော်ဝန်ကို တိုင်ကြားပြီး ငါ့ဝမ်းကွဲနဲ့ ငါ့ဝမ်းကွဲရဲ့မိသားစုကြားထဲကို ရန်ဖြစ်စေခဲ့တယ်၊ မင်း ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း နေရလိမ့်မယ်လို့မထင်နဲ့”
ကျန်းကျစ်ကုန်း ပြောဆိုပြီးနောက် ကျန်းမိသားစုဝင်များကို ခေါ်၍ အခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။
သူက တီဗီအား ရိုက်ခွဲကာ စားပွဲပေါ်မှ အစားအစာများအားလုံးကိုလည်း ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
အခန်းက ရှုပ်ပွသွားခဲ့ပြီး စုန့်ယီ၏ နားထင်ကြောများသည်လရ်း ဖောင်းကြွနေသည်။
သူ လက်သီးဆုပ်ပြီး အော်လိုက်သည်။
“မင်းတို့ ရူးကြပြီလား”
ကျန်းကျစ်ကုန်းနှင့် တခြားသူများ မရပ်ဘဲ ဆက်လက်လုပ်ဆောင်နေသည်အား မြင်သောအခါ စုန့်ယီလည်း တံခါးနောက်မှ တုတ်အား ကောက်ယူ၍ ကျန်းကျစ်ကုန်း၏ နောက်ကျောအား ရိုက်ချလိုက်သည်။
ကျန်းကျစ်ကုန်း၏ ပတ်ဝန်းကျင်မှ လူများလည်း ဤသည်ကို မြင်သောအခါ သူတို့၏ လက်မောင်းများ၌ ရှိသော သံတုတ်တစ်ချောင်းအား ထုတ်ယူ၍ စုန့်ယီ၏ နောက်ကျောအား ပြန်လည်ရိုက်ချလိုက်သည်။
သူတို့နှစ်ဦးအကြား၌ အရင်ကတည်းက ပဋိပက္ခများ ရှိခဲ့သည်။ ယခုမူ တိုက်ခိုက်နေကြပြီဆိုသောကြောင့် အလွန်ပင် ဒေါသတကြီးဖြစ်လာခဲ့ပြီး တစ်ဦးကိုတစ်ဦး သတ်ပစ်လိုနေကြသည်။
လင်းမိန်ဟွေ့ အော်ဟစ်ပြီး အပြေးအလွှား ကာကွယ်ရန် သွားခဲ့ချိန်တွင်တွင် ကျန်းမိန်ဟွားက သူမ၏ဆံပင်ကို ဆွဲလိုက်လေသည်။
“မင်း မိန်းမယုတ်! မင်းဘဝက မဆိုးပါဘူး. ကြက်ဥကြော်နဲ့ မြေပဲတွေတောင် စားရတယ်၊ ငါတို့မိသားစုရဲ့ မနက်စာတောင် များတယ်၊ ဒီနေ့ မင်း ကောင်းကောင်း စားရအောင် လုပ်ပေးမယ်၊ ဗိုက်ပြည့်အောင် စားလိုက်”
ကျန်းမိန်ဟွားသည် လင်းမိန်ဟွေ့ကို ကြမ်းပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် တွန်းချပြီး မြေပြင်ပေါ် ကျနေသည့် ကြက်ဥကြော်များအား စားစေလိုခဲ့သည်။
လင်းမိန်ဟွေ့လည်း အနောက်ကိုပြန် လှည့်၍ ကျန်းမိန်ဟွား၏ ဗိုက်အား အကြိမ်များစွာ ထိုးလိုက်သောကြောင့် ကျန်းမိန်ဟွားတစ်ယောက်နာကျင်မှုကြောင့် လက်ကို လွှတ်ပေးလိုက်ရသည်။
တံခါးပြင်ဘက်မှ ရွာသားများသည်လည်း သူတို့ ရန်ဖြစ်နေသည်ကို မြင်သောအခါ စုန့်ယီနှင့် လင်းမိန်ဟွေ့တို့ကို ကာကွယ်ရန် ပြေးဝင်သွားခဲ့ကြသည်။
ခဏချင်း၌ပင် ခြံဝန်းက ရှုပ်ထွေးသွားထဲ့လေသည်။ ကံကောင်းစွာဖြင့် လီတုန်သည် ရွာထဲမှလူများအား ရဲကိုခေါ်ခိုင်းခဲ့လေ၏။
ရဲများ ရောက်ရှိလာသောအခါ စုန့်ယီ၏အိမ်ထဲမှ အရာများအားလုံးက ရိုက်ခွဲခံထားရပြီး ဖြစ်သည်။ စုန့်ယီပင် ဒဏ်ရာရ၍ သူ၏မျက်နှာသည်လည်း ကြည့်မကောင်းတော့ပေ။
လင်းမိန်ဟွေ့ အပြေးအလွှားသွား၍ စုန့်ယီကို ထူလိုက်သည်။
သူ၏မျက်နှာက ဒဏ်ရာများနှင့်ပြည့်နေသည်ကို မြင်သောအခါ သူမ ပိုမို၍ မသက်မသာ ခံစားရသည်။
“အစ်ကို စုန့်ယီ၊ ဘယ်လိုနေသေးလဲ”
“ကိုယ် အဆင်ပြေပါတယ်”
စုန့်ယီက လင်းမိန်ဟွေ့၏ ဆံပင်အား ပွတ်သပ်လိုက်သည်။ သူ၏အပြုံးက နည်းနည်းလောက် အားယူထားရသော်လည်း လင်းမိန်ဟွေ့ စိုးရိမ်သည်ကို မလိုလားသေးပါချေ။
သို့သော် ဤသကဲ့သို့ ဖိအားပေး၍ ပြုံးပြနေသည်က လင်းမိန်ဟွေ့အား ပိုမို၍ မသက်မသာ ခံစားရစေသည်။
ဤတစ်ကြိမ်၌မူ သူမက ကျန်းမိသားစုအား အမှန်တကယ်ပင် ရန်လုပ်မိပေပြီ။
ရဲသည် ခြံဝင်းထဲမှ ရှုပ်ပွနေသည့်မြင်ကွင်းအား မြင်သောအခါ မျက်မှောင်ကြုတ်လျက် လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
“ကျန်းကျစ်ကုန်း၊ မင်းပဲ ထပ်ပြီး ဖြစ်ပြန်ပြီလား၊ မင်းဘဝက အရမ်းကောင်းနေလို့ နေ့တိုင်း ပြဿနာမရှာရင် မနေနိုင်တော့ဘူးလား”
ဤသည်အား မြင်သောအခါ ကျန်းမိန်ဟွားက အပြေးအလွှား ရှေ့တက်၍ ကာကွယ်ပြောဆိုလိုက်သည်။
“ရဲဘော်၊ သူတို့က အရင်ဆုံး ငါတို့မိသားစုကို ပြဿနာရှာတ၊ ငါတို့ ဒီနေ့ ရှင်းပြချက်တောင်းဖို့ လာတာပဲရှိသေးတယ်၊ မမျှော်လင့်ဘဲ သူတို့က တုတ်ကို ကောက်ကိုင်ပြီး လူတွေကို ရိုက်တယ်၊ ငါတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပါ”
ရဲများမှာ ကျန်းမိသားစုသည်က ကောင်းသောလူများ မဟုတ်သည်အား သိသည်။ မှတ်စုများ ရေးရင်းနှင့် သူတို့ မျက်ခုံးပင့်၍ အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့ဘက်က ပြောတာကိုပဲ ငါ နားမထောင်နိုင်ဘူး၊ ငါတို့နဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပြီး သေချာ စုံစမ်းစစ်ဆေးပြီးမှပဲ ကိစ္စကိုရှင်းနိုင်လိမ့်မယ်”
ကျန်းကျစ်ကုန်းက အလွန် ဒေါသထွက်နေသောပုံနှင့် လင်းမိန်ဟွေ့အား စိုက်ကြည့်လိုက်သည်။
လင်းမိန်ဟွေ့သည်ကား ဤတစ်ကြိမ်၌ သူ့ကို မကြောက်တော့ပေ။ သူမ လုံးဝ အလျှော့မပေးနိုင်တော့။
ယနေ့ ကျန်းကျစ်ကုန်းက ပြဿနာရှာရန် ရောက်ရှိလာခြင်း ဖြစ်သည်။ သူမ ယုံကြည်မှုရှိစွာ ကာကွယ်နိုင်သည်။
လင်းမိန်ဟွေ့ စုန့်ယီအား ကူညီလျက် ရဲထံ လမ်းလျှောက်သွားသည်။
“ရဲဘော်၊ ကျန်းကျစ်ကုန်းရဲ့လူတွေက ကျွန်မရဲ့မောင်ဆီကနေ ပိုက်ဆံ လုယက်ဖို့လုပ်ခဲ့ဖူးတာကြောင့် ကျွန်မရဲ့ခင်ပွန်းနဲ့ ကျန်းကျစ်ကုန်းနဲ့ ပဋိပက္ခဖြစ်ခဲ့ပါတယ်၊
နောက်ပိုင်းတော့ ကျန်းမိသားစုက ကျွန်မတို့ကို ဒေါသထွက်တဲ့အတွက် ကျွန်တို့ စီးပွားရေးလုပ်တဲ့အချိန်မှာ နည်းမျိုးစုံနဲ့ ပြဿနာရှာတယ်”
“မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ၊ မင်းရဲ့မောင်က အဲဒီလူမိုက်တွေနဲ့ ရောနှောပေါင်းသင်းပြီး လူတစ်ယောက်ရဲ့ မျက်မှန်ကို ရိုက်ခွဲပြီး လျော်ကြေးမပေးတာလေ”
ကျန်းမိန်ဟွားက မကျေနပ်သေးဘဲ ရဲထံ ယုံကြည်မှုရှိစွာ လမ်းလျှောက်သွားပြီး အခြေအမြစ်မဲ့သော အချက်အလက်များအား ပြောပြသည်။
လင်းမိန်ဟွေ့သည်ကား ဤကဲ့သို့ ပြုမူပုံမျိုးကို သူမ၏ အတိတ်ဘဝကတည်းက ကြုံဖူးပြီး ဖြစ်သည်။
အရင်ဘဝ၌ ကျန်းမိန်ဟွားမှာ အဖြူအား အမည်းဟု ပြောင်းပြန်လှန်၍ ပြောလေ့ရှိသည်။
သူမ အပြင်သွားသောအချိန်တွင် တံခါးကို မပိတ်ခဲ့သည်မှာ ထင်ရှားသော်လည်း အိမ်၌ ပစ္စည်းများ ပျောက်ဆုံးသွားလျှင်တော့ လင်းမိန်ဟွေ့ကိာသာ အပြစ်တင်ခဲ့သည်။
ကျန်းကျစ်ကုန်းသည်လည်း သူမ၏စကားကို ယုံကြည်သူတစ်ဦးဖြစ်ပြီး လင်းမိန်ဟွေ့ကသာ ထိခိုက်မှုများစွာ ခံစားခဲ့ရသည်။
“ကျွန်မရဲ့မောင်က အဲဒီလူတွေကို လုံးဝမသိပါဘူး၊ ရှင်တို့ မယုံရင် သူ့အတန်းဖော်တွေကို သက်သေခံခိုင်းလို့ ရတယ်”
“အတန်းဖော်တွေကတော့ သူတို့ရဲ့အတန်းဖော်တွေကို မျက်နှာသာပေးမှာပေါ့၊ ဒါပေမယ့် သူတို့က ကျွန်မတို့ ကျစ်ကုန်းကိုရော မျက်နှာသာပေးမှာလား”
ကျန်းမိန်ဟွားက လှောင်ပြောင်လိုက်သည်။
လင်းမိန်ဟွေ့လည်း မကြောက်တော့ဘဲ ရဲထံသို့ လျှောက်သွားပြီး ဆက်လက်ပြောဆိုလိုက်သည်။
“အဲဒီ ဗီဒီယိုရုံက ကျောင်းသားတွေအတွက် လျှို့ဝှက်ဖွင့်လှစ်ထားပြီး အရွယ်မရောက်သေးသူတွေကို စာကောင်းကောင်း မသင်ဖို့ လှုံ့ဆော်နေတယ်၊ ရဲဘော်၊ ရှင် ဒီကိစ္စကို ဂရုစိုက်ပေးရမယ်”
လင်းမိန်ဟွေ့က ကျန်းကျစ်ကုန်းမှ ထိုမကောင်းသော ဗီဒီယိုများအား ပြသရုံသာမက ပြန်လည်ရောင်းချခဲ့သည်အားလည်း သိသည်။
သူသည်က မကြာခဏဆိုသလို ဈေးနှုန်းချိုသာစွာ ဝယ်ယူပြီး ဈေးနှုန်းမြင့်မားစွာ ပြန်လည်ရောင်းချကာ အလယ်တွင် အမြတ်အစွန်းများစွာ ရယူခဲ့သည်။
သူ၏ ကုန်သွယ်မှုစွမ်းရည်ကြောင့် ကျန်းမိသားစုသည်လည်း ပိုမိုများစွာသောငွေများ ရရှိလာပြီး နောက်ဆုံးတွင် မြို့၏အချမ်းသာဆုံးလူ ဖြစ်လာခဲ့သည်။
သူမ၏ အရင်ဘဝ၌ လင်းမိန်ဟွေ့သည် ကျန်းကျစ်ကုန်းက ဗီဒီယိုတိပ်ချိတ်ဆက်ပစ္စည်းများ ပြန်ရောင်းသောနေရာသည် မြစ်ဘေးမှ တဲတစ်လုံးတွင်ဟု မကြာခဏ ပြောသည်ကို ကြားဖူးခဲ့သည်။
လက်ရှိအချိန်၌ ကျန်းကျစ်ကုန်း အရေအတွက်များစွာ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီလားဆိုသည်အား သူမ မသေချာသော်လည်း ဤဖြစ်ရပ်တစ်ခုတည်းနှင့်ပင် ကျန်းကျစ်ကုန်းအား ထောင်ချနိုင်ခြင်းရှိပေသည်။
သူမာ ကျန်းမိသားစု၏ ရန်သူဖြစ်လိုခြင်း မဟုတ်သော်လည်း ကျန်းမိသားစု ရန်လိုနေသည်ဆိုလျှင်မူ သူမသည်လည်း မမှန်ကန်သောနည်းလမ်းအားသာ အသုံးပြုရတော့မည်။
မြို့ထဲမှ ရဲများအားလုံး ဤကိစ္စအား သိကြသည်။
ကျန်းမိသားစု၌ တချို့သောလူများ ရှိနေသောကြောင့်သာ ကျန်းမိသားစုကု အမြဲတစေ မျက်ကွယ်ပြုထားကြခြင်းဖြစ်သည်။
သို့သော် တစ်ခါတရံ၌ သူတို့ အမှန်တကယ် သည်းမခံနိုင်တော့သည်များလည်း ရှိသည်။ ကျန်းမိသားစုသည်ကား အလွန်မောက်မာကြသည်။
“မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်၊ ဒီကိစ္စကို လွန်ခဲ့တဲ့ တစ်ခါက ရဲရဲဘော်တွေဆီ ရှင်းပြပြီးသား၊ ငါတို့တွေက တိပ်ခွေမှာ တစ်ခုခု မှားနေတာ မသိခဲ့ဘူး၊ ငါတို့ တွေ့တာနဲ့ ချက်ချင်း မီးရှို့ပစ်လိုက်တယ်၊ လုံးဝ ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူး”
“ဒါဆို ရှင်တို့ရဲ့ ဗီဒီယိုတိပ်ခွေတွေက ဘယ်ကလာတာလဲ၊ အဲဒီလူတွေက ရှင်တို့ကို ဗီဒီယိုတိပ်ခွေထဲမှာ ဘာတွေ ပါလဲဆိုတာ မပြောခဲ့ဘူးလား”
လင်းမိန်ဟွေ့က ဗီဒီယိုတိပ်ခွေ၏ ရည်ရွယ်ချက်အား ထည့်ပြောခဲ့သည်က ကျန်းကျစ်ကုန်းမှာ ဗီဒီယိုတိပ် ခွေပြန်လည်ရောင်းချသည်မှာ ဥပဒေချိုးဖောက်သည်ဆိုသည့် အချက်အား သတိပေးရန်သာ ဖြစ်သည်။
သေချာပေသည်။ လင်းမိန်ဟွေ့မှ ဗီဒီယိုတိပ်ခွေ၏ မူရင်းဇာစ်မြစ်အား ဖော်ပြလိုက်သောအချိန်တွင် ကျန်းကျစ်ကုန်းက ချက်ချင်း ကြောက်ရွံ့သွားပြီး ခေါင်းငုံ့ကာ လက်ခံလိုက်သည်။
“ရဲဘော်၊ ဒီလောက်အထိ အပင်ပန်းခံဖို့ မလိုဘူးလို့ ထင်ပါတယ်၊ ဒီနေ့ ဖြစ်ခဲ့တဲ့ကိစ္စမှာ ငါတို့နှစ်ယောက်လုံး မှားကြတယ်၊ သီးသန့် ညှိနှိုင်းဖြေရှင်းကြရအောင်”
“ကျစ်ကုန်း၊ မင်း ဘာကိုကြောက်တာလဲ၊ သူတို့က အရင်ဆုံး အမှားလုပ်ခဲ့တာဆိုတာ သိသာနေတာပဲ”
ကျန်းမိန်ဟွားသည်က အခြေအနေကို ရှင်းလင်းစွာ မသိဘဲ ဆက်လက်ခုခံပြောဆိုနေခဲ့သည်။
သူမ စကားပြောသောအချိန်တွင် မာန်မာနကြီးပုံရပြီး လူတစ်ဦးအား ရိုက်တော့မလို ပုံစံပေါက်နေသည်။ သူမက လက်များ ဝှေ့ယမ်းလျက် ခုန်ပေါက်ကာ ရှင်းပြနေခဲ့လေသည်။
ကျန်းကျစ်ကုန်းက သူ၏အစ်မအား စိုက်ကြည့်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ ရဲကို ဒေါသတကြီး ပြောလိုက်သည်။
“ရဲဘော်၊ ကျွန်တော်တို့က ရှင်းပြချက်တောင်းဖို့ လာတာ၊ ဒါပေမယ့် သူတို့ရဲ့ သဘောထားက မကောင်းဘူး၊ ဒါကြောင့်ပဲ ပဋိပက္ခ ဖြစ်ခဲ့တာ၊ ကျွန်တော် တောင်းပန်ပါတယ်... ဒါပါပဲ ၊ သွားကြရအောင်”
ကျန်းမိန်ဟွား၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမက လွှတ်ပေးရန် မလိုလားသည်မှာ သိသာပေသည်။
“ကျန်းကျစ်ကုန်း၊ မင်းက သူတပါးရဲ့အိမ်တံခါးဝကို လာပြီး ရန်စတာလေ၊ စုန့်ယီကိုတောင် ကံဆိုးလူလို့ ခေါ်သေးတယ်၊ အခုလိုမျိုး အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ ၊ ဘယ်သူက မင်းကို ယုံမှာလဲ”
လီတုန်က တံခါးဝမှ လှမ်းအော်ပြောလာလေသည်။