အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း(35) ဒါက ပိုက်ဆံလေးပဲလေ
ဆေးရုံသို့ ပြန်ရောက်သည့်နောက်တွင် လင်းမိန်ဟွေ့က ခွဲစိတ်ခကို အလျင်အမြန် ပေးချေခဲ့သည်။
ထို့နောက်တွင် စုန့်ယီ ခွဲစိတ်ခန်းမှ ထွက်လာသည်ကို စောင့်မျှော်ရင်းဖြင့် ခွဲစိတ်ခန်းရှေ့တွင် ထိုင်နေခဲ့သည်။
လင်းမိန်ဟွေ့ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ရသည်။ သူမ ခွဲစိတ်ခန်းတံခါးအပေါ်မှ အနီရောင်လင်းနေသည့် မီးလုံးကိုသာ မကြာခဏ လှမ်းကြည့်နေမိလေသည်။
ထိုအနီရောင်စာလုံးများက သူ၏စိတ်ကို ရှုပ်ထွေးစေခဲ့သည်။
ဤအချိန်ကာလကိုရောက်မှ သူမ စုန့်ယီအပေါ်တွင် အလွန်အမင်းဂရုစိုက်မိနေပြီဖြစ်ကြောင်းကို ရုတ်တရက် ခံစားလိုက်ရသည်။ လက်ရှိတွင် တစ်ဖက်လူ၏ကိုယ်စား သူမကိုယ်တိုင်သာ အိပ်ရာပေါ်တွင် လှဲနေလိုသည်အထိ တွေးမိနေခဲ့သည်။
တစ်နာရီကြာပြီးသည့်နောက် စုန့်ယီကို အပြင်သို့ ထုတ်လာခဲ့လေသည်။ ထိုသူမှာ သတိလစ်မေ့မျောနေဆဲ ဖြစ်လေ၏။
ဆရာဝန်က နှာခေါင်းစည်းကို ချွတ်လိုက်ပြီး လင်းမိန်ဟွေ့ကို ပြောလာခဲ့သည်။
“ခွဲစိတ်တာ အောင်မြင်ပါတယ်၊ နောက်ထပ် ခြောက်နာရီကြာအောင် ဘာတစ်ခုမှ စားလို့မရသေးပါဘူး၊ အဲ့ဒီနောက်ပိုင်းမှာတော့ ဒဏ်ရာကျက်အောင် အရည်ကျိုထားတဲ့ အစားအစားအသောက်တချို့ကို စတိုက်လို့ရပါပြီ၊ လက်မောင်းတွေကိုတော့ ဒဏ်ရာကိုမထိအောင်လို့ တစ်လခွဲလောက် အားသုံးလို့ မရသေးပါဘူး။”
လင်းမိန်ဟွေ့ ခေါင်းညိတ်ကာ ဂရုတစိုက် နားထောင်ခဲ့လေ၏။
ညွှန်ကြားချက်များကို နားထောင်ပြီးနောက် ချက်ချင်းပင် ဆေးရုံဆောင်သို့ သွား၍ စုန့်ယီကို ကြည့်ရှုခဲ့သည်။
သူမ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို သုတ်ပေးခဲ့သည်။ ထို့နောက် ကျန်နေသေးသည့် ပိုက်ဆံအနည်းငယ်ဖြင့် မျက်နှာသုတ်ပဝါ၊ သွားတိုက်တံများနှင့် ဆန်ပြုတ်တစ်ပန်းကန်ကို ဝယ်ခဲ့လေသည်။
သူမ အိပ်ရာဘေးတွင် တိတ်တိတ်လေး ထိုင်စောင့်ရင်း စုန့်ယီ နိုးလာရန် စောင့်နေခဲ့သော်လည်း သတိမထားမိဘဲ အိပ်ပျော်သွားခဲ့သည်။
စုန့်ယီ နိုးလာသည့်အချိန်တွင် သူ၏ဘေးနား ခုတင်၏ဘေးကို မှီ၍ အိပ်ပျော်နေသည့် လင်းမိန်ဟွေ့ကို တွေ့လိုက်ရသည်။
သူမ၏နဖူးပေါ်မှ ဆံပင်လေးများက အနည်းငယ် ရှုပ်ပွနေခဲ့ပြီး ဆံပင်တစ်မျှင်က သူမ၏ ဖြူဖွေးသည့်မျက်နှာလေးပေါ်သို့ ဝဲကျနေခဲ့လေသည်။
စုန့်ယီ အနည်းငယ် စိတ်မကောင်း ဖြစ်သွားခဲ့ရသည်။ လင်းမိန်ဟွေ့ သူ၏မိသားစုထဲသို့ လက်ထပ်ပြီးသည့်အချိန်မှစ၍ မည်သည့်ကောင်းကျိုးကိုမှ မခံစားရဖူးပါချေ။ ထို့အစား အမြဲတမ်း ဒုက္ခရောက်နေခဲ့ရသည်။
မူလတုန်းက စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့ လင်းမိသားစုမှ ထွက်ခွာလာသည့်အချိန်တွင် သူ၏စောင့်ရှောက်မှုအောက်တွင် စိတ်ချမ်းသာအောင် ထားမည်ဟု တွေးထားခဲ့သည်။
သို့သော်လည်း သူကိုယ်တိုင်က ဤမျှလောက် စိတ်ပျက်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ စုန့်ယီ လင်းမိန်ဟွေ့ကို မနှိုးရက်ခဲ့။
သူ ဆေးရုံ၏ အဖြူရောင်မျက်နှာကျက်ကို ကြောင်ငေးကြည့်နေရင်းဖြင့် ကလေးဘဝမှ လင်းမိန်ဟွေ့၏ ပုံပန်းသဏ္ဍာန်ကို ပြန်လည်တွေးတောနေမိသည်။
ထိုအချိန်က လင်းမိန်ဟွေ့မှာ အပြင်ဘက်သို့ ထွက်ကစားရန် အချိန်မရခဲ့ခဲ့ပေ။ သူမက အချိန်အများစုကို အိမ်တွင်သာ အလုပ်လုပ်ခဲ့ရသည်။
ဝက်များ၊ ကြက်များကို အစာ ကျွေးရသည်။ ထမင်းဟင်းချက်ရသည်။ ပန်းကန်ဆေးရသည်။
သူမ၏ ကိုယ်လုံးသေးသေးလေးမှာ မည်သည့်အချိန်ကမှ အနားမရခဲ့ပါချေ။ တစ်ခါတရံ စုန့်ယီ သူမ၏အိမ်နားကို မတော်တဆ ဖြတ်လျှောက်သွားရင်းဖြင့် ကျိုးချွေ့ဟွားက လင်းမိန်ဟွေ့မှ ပန်းကန်တစ်လုံးကို ဖျက်ဆီးမိ၍ ဆူငေါက်ရိုက်နှက်နေသည်ကို တွေ့ရတတ်သည်။
ထိုအချိန်၌ စုန့်ယီမှ ပြောမပြတတ်သည့် ခံစားချက်တစ်ခုကို ခံစားခဲ့ရပေသည်။
လင်းမိန်ဟွေ့သည်ကား ထိုအချိန်က မီးဖိုကိုပင် မမီသေးပါချေ။ ဟင်းချက်သည့်အချိန်တွင် ခုံပုလေးတစ်ခုပေါ်တွင် တက်ကာ မတ်တပ်ရပ်ရသည်။
ခုံပေါ်မှ မတော်တဆ ချော်လဲတတ်ပြီး ထိခိုက်မိလေ့ရှိသည်။
စုန့်ယီ သိရှိခဲ့ပေသည်။ သူမက မတော်တဆ ခုံပေါ်မှ ချော်လဲပြီး မီးဖိုဘေးမှ စားပွဲကို ထိမိ၍ ထိုစားပွဲပေါ်မှ ပန်းကန် ကွဲသွားခဲ့ရခြင်း ဖြစ်လိမ့်မည်။
သို့သော်လည်း ကျိုးချွေ့ဟွားက သူမ၏ရှင်းပြချက်ကို နားထောင်ရန် ဆန္ဒမရှိခဲ့ချေ။ သူမက ခွဲနေသည့် ပန်းကန်အတွက်ကိုသာ နှမျောတွန့်တိုနေခဲ့သည်။
သူမက လင်းမိန်ဟွေ့ကို လက်မောင်းမှ ဆွဲ၍ မြေပြင်ပေါ်၌ ဝှေ့ရမ်းနေသည်ကို မြင်သည့်အခိုက်တွင် စုန့်ယီ ကြောက်လန့်သွားခဲ့ရသည်။
ထိုအချိန်မှစ၍ စုန့်ယီမှာ လင်းမိန်ဟွေ့၏ အိမ်နီးချင်း ဝဝကစ်ကစ်ကလေးမလေးနှင့် ပို၍ ခင်မင်ရင်းနီးအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ခဲ့သည်။ ထိုဝဝကစ်ကစ်ကလေးမလေးအား ဆော့ကစားသည့်အချိန်မျိုးတွေ သူမအား လင်းမိန်ဟွေ့ကို ခေါ်ထုတ်ခိုင်းခဲ့သည်။
ကျိုးချွေ့ဟွားက ပထမတွင် ဤကဲ့သိာ့ ဆော့ကစားမည်ကို သဘောမတူခဲ့ပေ။ နောက်ပိုင်းတွင် စုန့်ယီက ဝဝကစ်ကစ်ကလေးမလေး၏အမေရှေ့၌ ကောလာဟလများကို ဖြန့်ခဲ့သည်။
ဝဝကစ်ကစ်ကလေးမလေး၌ သူငယ်ချင်းကောင်းများ လိုအပ်သည်။ သူမက လင်းမိန်ဟွေ့နှင့် မဆော့ရသည့်အချိန်များတွင် စိတ်မပျော်ဖြစ်နေတတ်သည်ဟု ပြောခဲ့သည်။
ထိုအချိန်တွင် ဝဝကစ်ကစ်ကလေးမလေးက စုန့်ယီနှင့်အတူ လိုက်ပါ၍ လိမ်ပြောရသည်ကို ပျော်ရွှင်နေခဲ့သည်။ ဝဝကစ်ကစ်ကလေးမ၏အမေကလည်း ယုံကြည်သွားခဲ့ကာ ကျိုးချွေ့ဟွားကို အပြစ်ဆိုခဲ့သည်။
ထိုအချိန်မှစ၍ ကျိုးချွေ့ဟွားသည်လည်း ရွာသားများ၏ ဝေဖန်မှုကို ကြောက်ရွံ့သည့်အတွက် လင်းမိန်ဟွေ့ကို အလွန်အမင်းဆိုးဆိုးရွားရွား မဆက်ဆံတော့ချေ။
ထို့ကြောင့် စုန့်ယီလည်း လင်းမိန်ဟွေ့ကို အကြိမ်များစွာ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ကျိုးချွေ့ဟွားက စုန့်ယီက ဝဝကစ်ကစ်ကလေးမလေးနှင့် လင်းမိန်ဟွေ့တို့နှင့်အတူ မကြာခဏ ဆော့ကစားနေသည်ကို တွေ့သည့်အခါ ဆင်ခြေတစ်ခု ရှာ၍ လင်းမိန်ဟွေ့ကို အိမ်၌ အလုပ်လုပ်ရန်အတွက်သာ ချုပ်နှောင်ထားခဲ့တော့သည်။
ဆယ်နှစ်ကျော်ကြာပြီးသည့်နောက်တွင် လင်းမိန်ဟွေ့မှာ ကလေးဘဝက သူမနှင့်ခင်မင်ရင်းနှီးခဲ့သောအစ်ကိုဖြစ်သူကို မေ့သွားခဲ့သည်မှာ ကြာမြင့်လောက်ပေပြီ။
သို့သော်လည်း စုန့်ယီကမူ သူမကို နက်နက်ရှိုင်းရှိုင်း မှတ်မိနေဆဲပင်။ ကံမကောင်းစွာပင် သူ၏မိဘများက မတော်တဆဖြစ်သွားခဲ့ကာ သူ၏အဖွားဖြစ်သူကလည်း ဖျားနာပြီး ဆုံးပါးသွားခဲ့သည်။
ထို့ကြောင့် သူ့ထံတွင် သူမ၏အပေါ်တွင် ထားသည့် ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြောဆိုရန် သတ္တိမရှိတော့ ပေ။
ဤအချိန်၌ ပင်ပန်းလွန်း၍ အိပ်ပျော်နေသည့် လင်းမိန်ဟွေ့ကို ကြည့်ရင်း သူ၏နှလုံးသားထဲတွင် တီးတိုး အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မိန်ဟွေ့၊ မင်းအခုလိုမျိုး ဆင်းရဲဒုက္ခခံနေရတာကို မြင်ရရင် ကိုယ် အရမ်းဝမ်းနည်းရတယ်ဆိုတာကို မင်းသိရဲ့လား. ကိုယ် မင်းကို နောက်ထပ် ဒုက္ခမပေးတော့ဘူးလို့ ကတိပေးထားခဲ့တာ. အခုတော့ ကိုယ်ကပဲ မင်းကို ဂရုစိုက်ခိုင်းနေရပြန်ပြီ”
ထိုအချိန်၌ ဘေးဘက် ခုတင်ရှိ လူနာ၏ မိသားစုဝင်က အစားအသောက်များနှင့်အတူ ဝင်လာခဲ့သည်။ စုန့်ယီ နိုးနေသည်ကို မြင်သည့်အခါ ပြုံး၍ ပြောလာခဲ့လေသည်။
“လူငယ်လေး၊ မင်းက တကယ်ကို ကံကောင်းလွန်းတယ်၊ အခုလို စိတ်သဘောထား ကောင်းမွန်ပြည့်စုံတဲ့ ဇနီးကောင်းကို ရထားတာပဲ၊ မင်းသတိမေ့နေတုန်း သူမက မင်းရဲ့ခန္ဓာကိုယ်ကို သုတ်ပေးခဲ့တယ်၊ ပစ္စည်းတွေ ဝယ်ပေးတယ်၊ မင်း သူမကို ဂရုစိုက်ရမယ်နော်၊ ငါ့ရဲ့ ခင်ပွန်းသည်တောင် မင်းကို အားကျနေခဲ့တာ”
စုန့်ယီ၏ ရင်ဘတ်က နွေးထွေးသွားခဲ့သည်။ သို့သော်လည်း သူက တစ်ဖက်မှအစ်မကြီးကို အသံ တိုးတိုး ပြောရန်တောင်းဆိုဖို့ကို မမေ့ခဲ့ပေ။
သူ လင်းမိန်ဟွေ့ကို အနည်းငယ်ကြာကြာ အိပ်စေချင်ခဲ့သည်။ သို့သော်လည်း လင်းမိန်ဟွေ့က သူတို့၏ အသံကြောင့် နိုးလာခဲ့လေသည်။ စုန့်ယီ နိုးနေသည်ကို မြင်လျှင် သူမက မျက်နှာကို အလျင်အမြန် ပွတ်၍ ဘေးဘက် စားပွဲလေးပေါ်မှ ဆန်ပြုတ်ကို လှမ်းလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မ ဆန်ပြုတ်ကို ရေနွေးအိုးထဲ ထည့်ပြီး နွှေးလိုက်ဦ၊မယ်။ အခု နည်းနည်းစားလိုက်နော်၊ ညနေကျရင် အိမ်ပြန်ပြီး ငါးစွပ်ပြုတ်ဟင်းချို ချက်ပေးမယ်”
လင်းမိန်ဟွေ့ အလုပ်ရှုပ်နေသည်ကို မြင်လျှင် စုန့်ယီ အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။
“မိန်ဟွေ့၊ အပြေးအလွှား မလုပ်ပါနဲ့တော့၊ ကိုယ် ဆန်ပြုတ် နည်းနည်းစားရုံနဲ့ အဆင်ပြေပါတယ်၊ မင်း အချိန်ရရင် တစ်ရေးအိပ်လိုက်ဦးလေ၊ အရမ်းပင်ပန်းမခံပါနဲ့”
“ဟေး၊ ဒီလူငယ်စုံတွဲလေး ချစ်ဖို့ကောင်းလိုက်တာ၊ ကျွန်မတို့အိမ်က ဒီလူပျင်းကြီးကို ကြည့်ပါဦး...”
ဘေးနားတွင် ရှိနေသော အစ်မကြီးက ထပ်မံ၍ ပြောလာပြန်၏။ သူမ၏ခင်ပွန်းသည်အား သူမမှာ ထိုအမျိုးသမီးကဲ့သို့ ကံမကောင်းကြောင်း၊ သူမ၏ယောက်ျားက သူမကို မသနားတတ်ကြောင်း ပြောနေခဲ့သည်။
လင်းမိန်ဟွေ့ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သူမ တိုးတိုးလေးသာ ပြောခဲ့သည်။
“အစ်ကိုစုန့်ယီ၊ လှဲအိပ်ပြီး အနားယူလိုက်တော့၊ ကျန်တာအားလုံးကို ကျွန်မနှင့် ထားလိုက်ပါ၊ ကျွန်မတို့တွေက ဇနီးမောင်နှံတွေဖြစ်ကြပြီးဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ရမှာပေါ့၊ ဒီလောက် ယဉ်ကျေးမနေပါနဲ့၊ ဘေးက အစ်မကြီးက ကျွန်မတို့ကို ရယ်နေပြီ”
လင်းမိန်ဟွေ့ ဆန်ပြုတ်ကို နွှေးလိုက်ပြီး စုန့်ယီကို နှစ်ဇွန်းမျှ တိုက်လိုက်သည်။
စုန့်ယီ လင်းမိန်ဟွေ့၏ နှုတ်ခမ်းများက ခြောက်သွေ့နေပြီး သူမ၏ကိုယ်လုံးတစ်ခုလုံးကလည်း မောပန်းနွမ်းနယ်နေသည်ကို မြင်တွေ့လိုက်ရသည့်အတွက် မေးခဲ့သည်။
“မင်းရော ဘာစားပြီးပြီလဲ”
လင်းမိန်ဟွေ့ တွေဝေသွားခဲ့ပြီး တစ်ဖက်ကိုလှည့်ကာ ရေသောက်လိုက်သည်။
“စားပြီးသွားပြီ၊ ဆန်ပြုတ်သောက်ပြီး ကုန်သွားလို့ အစ်ကိုစုန့်ယီကို ပြန်ယူလာပေးတာလေ၊ ပန်းကန်အပိုမရှိလို့ တစ်ယောက်စာပဲယူလို့ရတယ်၊ မဟုတ်ရင် နှစ်ယောက်လုံးအတွက် ပြန်ယူလာပြီး အတူစားမှာ”
မနက်ခင်းက အပြင်သို့ထွက်သည့်အချိန် လင်းမိန်ဟွေ့အနေဖြင့် ဆေးရုံတက်ရန် လိုအပ်သည့် ရိုးရှင်းသော ပစ္စည်းအချို့ကို ပြင်ဆင်ခဲ့သည်။ ထိုအထဲ၌ ထမင်းပန်းကန်နှင့် တူများ ပါဝင်ခြင်းမရှိခဲ့ပေ။
စုန့်ယီအတွက် အဝတ်အစားလဲရန် တစ်စုံလည်း ယူလာခဲ့သည်။ ပစ္စည်းအစုံအလင် ထည့်ရန်အတွက် စိတ်မဝင်စားခဲ့သောကြောင့် မတိုင်ခင်ကမှ တစ်စုံ ဝယ်လိုက်ခြင်း ဖြစ်သည်။
စုန့်ယီက ဆန်ပြုတ်သောက်ရန်အတွက် ထပ်မံ၍ ပါးစပ်မဖွင့်လာတော့။ သူက လင်းမိန်ဟွေ့ကိုသာ ပြောခဲ့သည်။
“ကိုယ် မစားတော့ဘူး၊ ကျန်တဲ့ဆန်ပြုတ်ကို မင်းသောက်လိုက်တော့လေ”
လင်းမိန်ဟွေ့ ခေါင်းခါသည်။ သူမက ဆန်ပြုတ်အနည်းငယ်ကို ကြည့်၍ ပြောခဲ့သည်။
“အစ်ကိုစုန့်ယီ၊ ဆရာဝန်က ရှင်ကို အရည်တွေပဲ စားခိုင်းထားတာ၊ နည်းနည်းပိုသောက်တာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် ဒဏ်ရာကျက်တာ နှေးနေလိမ့်မယ်၊ ရှင် ပြန်ကောင်းလာဖို့လည်း အချိန်ကြာနေလိမ့်မယ်”
ဤအချိန်တွင် စုန့်ယီမှာ အလွန်အမင်းပင် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။ ယောက်ျားတစ်ဦးသည် သူ၏ဇနီးအား အငတ်ထားခြင်းမှာ မည်မျှပင်ဆိုးရွားလိုက်သနည်း။
လင်းမိန်ဟွေ့တစ်ဦးတည်း ပိုက်ဆံရှာရန်အတွက် ပြေးလွှားရခြင်းမှာ မည်မျှခက်ခဲမည်ကို စိတ်ကူးရန် မခက်လှပါချေ။ စုန့်ယီ ထိုအကြောင်းကို စဉ်းစားလိုက်သည့်အချိန်တွင် မျက်လုံးများ နီရဲလာခဲ့ရသည်။
စုန့်ယီအနေဖြင့် ဤနှစ်များအတွင်း မျက်ရည်ကျခြင်းမှာ ရှားပါးလှပေသည်။ သို့သော်လည်း လင်းမိန်ဟွေ့ ပေါ်လာသည့်အချိန်မှစ၍ သူသည်ကား စိတ်ဓာတ်ကျခြင်းနှင့် ကြိုးစားအားထုတ်မှုများကြောင့် စိတ်လှုပ်ရှားခြင်းတို့ကို မကြာခဏကြုံတွေ့ခဲ့ရသည်။
ဘေးနားမှ အစ်မကြီးက သူတို့နှစ်ဦး၏အခြေအနေကို မြင်သည့်အတွက် သဘောပေါက်သွားခဲ့ပြီး သူမဝယ်လာသည့် ဘန်းမုန့်နှစ်လုံးကို ယူလာကာ ပြုံး၍ ပြောကြားခဲ့သည်။
“စိတ်မပူနဲ့၊ ဒါတွေက အိမ်မှာ ကိုယ်တိုင် ပေါင်းထားတာလေ၊ ငါ့ရဲ့ ခင်ပွန်းသည်က ဆေးရုံက အစားအသောက်ကို မကြိုက်ဘူးဆိုလို့ အိမ်ကိုပြန်ပြီး ပေါင်းခိုင်းရတာ၊ ငါလည်း စားလိုမကုန်ဘူး၊ မင်း နှစ်ခုလောက် စားလိုက်ပါလား”
မလုပ်ပါနဲ့ အစ်မ၊ လူတိုင်းမှာ လူနာတွေ ရှိတယ်လေ၊ ရှင်လည်း မစားရသေးဘူး...”
“ကြည့်ပါဦး ဒီကောင်မလေးကတော့၊ ငါတို့ရဲ့အိမ်က နီးတယ်၊ တစ်နေ့ကို အကြိမ်နှစ်ဆယ် သွားလာနေလို့ရတယ်၊ ဒီအစားအစာတွေကို လိုသေးလို့လား၊ မင်းတိာ့တွေက ဆေးရုံကို အလောတကြီးနှင့် တက်လာရတာဆိုတော ပိုက်ဆံ ချွေတာရမှာပေါ့၊
ငါ့ကို အားမနာပါနဲ့၊ နောက်ပိုင်းမှာပိုက်ဆံရှိရင် ငါ့ကို ဘန်းမုန့်ဆယ်လုံးလောက် ပေးလိုက်၊ ငါလည်း အားမနာဘဲ စားမယ်”
ထိုအစ်မကြီး၏ နွေးထွေးမှုက စုန့်ယီနှင့် လင်းမိန်ဟွေ့တို့ဆီကို ကူးစက်သွားခဲ့သည်။ သူတို့နှစ်ဦးလုံး လည်ချောင်းထဲတွင် ဆို့နစ်စွာဖြင့် ဘန်းမုန့်များကို ယူလိုက်ကြသည်။
စုန့်ယီက ထိုအစ်မကြီးကို ကြည့်၍ ရိုးသားစွာ ပြောခဲ့လေသည်။
“အစ်မ၊ ကျွန်တော်တို့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်”
“ဘာတွေများ ပြောစရာလိုလို့လဲ၊ အပြင်ကိုသွားရင် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ရမှာပေါ့၊ မြန်မြန်စားလိုက် ကုန်ရင် ထပ်ရှိသေးတယ်”
*
အခန်း(36)ငွေရှာဖို့ကို တွေးတောရမယ်
ရွာသို့ပြန်ရောက်ပြီးနောက် မုဆိုးမလျိုနှင့် ပြဿနာများ
လင်းမိန်ဟွေ့က စုန့်ယီကိုဆေးရုံပေါ်တွင် တစ်ပတ်ကြာအောင် ဂရုစိုက်ခဲ့သည်။ ထိုကာလအတွင်း၌ သူမက အိမ်သို့ပြန်၍ နေ့စဉ်သုံးပစ္စည်းများနှင့် အသီးစုံယိုများကို သွားယူခဲ့သည်။
ဘေးဘက်ခုတင်မှ အစ်မကြီးကိုလည်း ကျေးဇူးတင်ကြောင်းပြသရန် သစ်သီးယိုတစ်ဘူး ပေးခဲ့သည်။
အစ်မကြီးက အလွန်ကျေနပ်သွားခဲ့ပြီး ပျော်လွန်း၍ ပါးစပ်ပင် မစေ့နိုင်ခဲ့ ပေ။
ဤကာလအတွင်း၌ လင်းမိန်ဟွေ့မှာ စုန့်ယီ အနားယူနေသည့်အချိန်ကို အခွင့်ကောင်းယူ၍ ဆေးရုံအနီးတစ်ဝိုက်တွင် အသီးစုံယိုများကို ရောင်းချခဲ့သည်။
ကံမကောင်းစွာပင် ဆေးရုံသို့ ရောက်လာသည့်သူများသည်ကား လူနာနှင့် လူနာ၏ မိသားစုဝင်များသာဖြစ်နေခဲ့သည်။
ပထမအချက်မှာ သူတို့ထံတွင် ပိုက်ဆံပိုမရှိကြပေ။ ဒုတိယအချက်မှာ လူနာများအနေဖြင့် အလွန်ချိုသည့် အစားအစာများကို မစားနိုင်ပေ။
ထို့ကြောင့် သူမ ငါးဘူးသာ ရောင်းချနိုင်ခဲ့ကာ နှစ်ယွမ်ခွဲသာ ရခဲ့သည်။
နောက်ပိုင်း၌ လင်းမိန်ဟွေ့က ရွာသို့ ပြန်သွားခဲ့ပြီး မြစ်ထဲမှ ငါးအသေးလေးများကို ဖမ်းယူခဲ့သည်။
ထို့နောက် သူမက စုန့်ယီကို နှစ်ကြိမ်တိုင်တိုင် ငါးစွပ်ပြုတ်ဟင်းချိုချက်၍ တိုက်ကျွေးခဲ့သည်။ ဘေးဘက်မှ အစ်မကြီးကိုလည်း တစ်ပန်းကန် ပေးခဲ့သေးသည်။
ထိုအစ်မကြီးက မသောက်လို၍ သူမ၏ခင်ပွန်းသည်ကိုသာ ပေးလိုက်လေသည်။ သောက်ပြီးသည့်နောက်၌ ထိုလူက အလွန်ကောင်းမွန်သည်ဟု ပြောခဲ့လေသည်။
ထိုနေ့တွင် မနက်စောစောကတည်းက လင်းမိန်ဟွေ့က ရွာသို့ ပြန်သွားခဲ့ပြီး ဆန်ခါပုံးဖြင့် မြစ်ထဲ၌ ငါးဖမ်းခဲ့သည်။
သူမက ဘောင်းဘီကို အပေါ်သို့လိပ်ခေါက်၍ တင်လိုက်ကာ ရေထဲသို့ဆင်းလိုက်သည်နှင့် ကမ်းနားမှ အမျိုးသမီးတစ်ဦးက အသံကျယ်ကျယ်ဖြင့် ပြောနေသည်ကို ကြားလိုက်ရသည်။
“ဟေး၊ နင်တို့အိမ်မှာ အစားအစာတွေ ဒီလောက်တောင် ကောင်းနေတာကို ငါးကို ဘာအတွက်လာဖမ်းနေတာလဲ”
လင်းမိန်ဟွေ့က ၎င်းအသံမှာ မုဆိုးမလျို၏အသံဖြစ်သည်ကို သိသောကြောင်း သူ့မကို အာရုံမစိုက်လိုခဲ့ပေ။ သူမက ဆန်ခါဖြင့်သာ မြစ်ထဲမှ ရေထဲကို လိုက်လံနှစ်နေခဲ့သည်။
ကံမကောင်းစွာဖြင့် ငါးများက ဘေးကို လှည့်သွားခဲ့ကြကာ သူမ လှုပ်ရှားရန်ကြံသည်နှင့် အဝေးသို့ ကူးခတ်သွားခဲ့ကြလေသည်။
လင်းမိန်ဟွေ့ အကြိမ်များစွာ ဖမ်းခဲ့သော်လည်း ဆန်ခါမှာ ဗလာသက်သက်သာ ရှိနေခဲ့သည်။
မုဆိုးမလျိုက လင်းမိန်ဟွေ့ သူမကို အာရုံမစိုက်သည်ကို မြင်သည့်အခါ ကမ်းစပ်နား၌ ထိုင်ချလိုက်ပြီး မြစ်ထဲသို့ ကျောက်ခဲများ ပစ်ထည့်နေကာ မေးလာခဲ့ပြန်သည်။
“စုန့်ယီကို မင်းရဲ့ အရင်ရည်းစားက နံရိုးတွေ ကျိုးအောင်လုပ်လိုက်တယ်လို့ ကြားတယ်၊ ဒါက ချစ်ခြင်းမေတ္တာတိုက်ပွဲကိစ္စလား၊ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးမုန်းတီးမှု ပဋိပက္ခလား”
လင်းမိန်ဟွေ့က ရွာထဲမှ လူအချို့မှာ အလွန်ဆိုးရွားလှပြီး တခြားသူများ၏ မိသားစုများကို မကောင်းသည့်ကံများ သယ်ဆောင်စေချင်နေသည်ကို သိသည်။ သို့သော်လည်း မုဆိုးမလျိုကဲ့သို့ ဤလောက်အထိ တကောက်ကောက် ပြသနာရှာသည့် ပုံစံမျိုးဖြင့် ရှိနေခြင်းသည်ကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်လေ၏။
လင်းမိန်ဟွေ့က ကမ်းပေါ်တက်လာခဲ့ပြီး ခြေထောက်များ သုတ်ကာ၊ ဖိနပ်စီးလိုက်သည်။ သူမအနေဖြင့် အရင်ဆုံး ဤနေရာမှ ထွက်သွားပြီး မုဆိုးမလျို ထွက်သွားသည့်အချိန်မှသာ ပြန်လာရန် စီစဉ်ထားခဲ့သည်။
မထင်မှတ်ဘဲ မုဆိုးမလျိုက လှောင်ပြောင်သရော်သည့် စကားများကို ဆက်ပြောနေသည်။
“ကျန်းကျစ်ကုန်းရဲ့ မိသားစုက အရမ်းချမ်းသာတယ်လို့ ကြားတယ်၊ ငါ့အထင်တော့ မင်း စုန့်ယီနဲ့ ဆက်မနေတော့ဘဲ ကျန်းကျစ်ကုန်းနဲ့ပဲ နေတာ ကောင်းလိမ့်မယ်...”
“မုဆိုးမလျို၊ ကျွန်မရဲ့ ပြဿနာတွေကို ရှင် ဘာလို့ ဒီလောက်တောင် စိတ်ပူနေတာလဲ”
“ဒါပေါ့၊ ငါတို့က ရွာတစ်ရွာတည်းသားတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီရမှာပဲလေ၊ ပြီးတော့ မင်းက ကောင်မလေးတစ်ယောက်၊ မင်းရဲ့မိသားစုကလည်း နားမလည်ဘူး၊ မင်းအမေကလည်း မင်္ဂလာဆောင်လက်ဖွဲ့ကြေးကို ရပြီးတာနဲ့ မင်း အသက်ရှင်နေသေးလား သေပြီလားဆိုတာကိုတေင် ဂရုစိုက်မှာမဟုတ်ဘူး
မင်းအနေနဲ့ ကောင်းမွန်တဲ့ ဘဝဖြစ်အောင် ကိုယ့်ဘာသာ စီစဉ်ရမယ်၊ ငါ့လို မဖြစ်စေနဲ့၊ အိမ်ထောင်တစ်ခုမှာ ယောက်ျားလည်း ကိုယ်ပဲ၊ မိန်းမလည်းကိုယ်ပဲ ဖြစ်နေတဲ့သူမျိုး...”
မုဆိုးမလျိုက အတင်းအဖြင်းများ ပြောချင်နေသည့်ပုံစံဖြင့် ဆက်ပြောနေသည်။ လင်းမိန်ဟွေ့ မုဆိုးမလျိုဆီသို့ လျှောက်သွားခဲ့ပြီး စကားများလွန်းသည့် အမျိုးသမီးတစ်ဦးကဲ့သို့ ရှိနေသည့် မုဆိုးမလျိုကို ကြည့်ရင်း ပြောခဲ့သည်။
“ဒီလိုဆိုရင်ရော၊ ကျွန်မ ရှင့်ကို ကျန်းကျစ်ကုန်းနဲ့ မိတ်ဆက်ပေးမယ်၊ ရှင် သူ့နဲ့ အတူနေလို့ရတယ်၊ ရှင်တို့နှစ်ယောက် အရမ်းလိုက်ဖက်တယ်လို့ ထင်တာပဲ၊ ရှင်ကလည်း သူ့ကို စိတ်ပူတာမလား၊ သူ့ရဲ့မိသားစုကိုလည်း အရမ်းကြိုက်တဲ့ပုံရတယ်၊
အရေးအကြီးဆုံးကတော့ ရှင်က အခု တစ်ယောက်တည်းဖြစ်နေပြီး အိမ်ထောင်မရှိဘူးဆိုတော့ အသင့်တော်ဆုံးပဲ”
“ဒီကောင်မလေးကတော့ တကယ်ကို အကျင့် မကောင်းတာပဲ၊ ဘာလို့ မင်းထက် အကြီးအကဲတွေကို ဒီလို ပြောနေရတာလဲ”
မုဆိုးမလျို ဒေါသထွက်သွားခဲ့သည်။
“ရှင်က ရှင့်ကိုယ်ရှင် ဘယ်လိုအကြီးအကဲလို့ ထင်နေတာလဲ၊ အများဆုံးမှ အသက်ပိုကြီးတယ်၊ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပိုများတယ်၊ ကလိန်ကကျစ် အတွေးတွေ ပိုများတယ် ၊ ဒီလောက်ပဲ
ရှင်လို အကြီးအကဲမျိုးရှိလာဖို့အတွက် ကျွန်မက အဲဒီလောက်ကံမကောင်းဘူး၊ ဘာမှလုပ်စရာမရှိတော့ဘူးဆိုရင် ကျွန်မ သွားတော့မယ်၊
အိမ်ပြန်ပြီး ကိုယ့်ကိစ္စကိုယ်ပဲ စိတ်ပူတာကောင်းလိမ့်မယ်”
လင်းမိန်ဟွေ့ ရေပုံးနှင့် ဆန်ခါကို သယ်၍ အိမ်ပြန်သွားခဲ့သည်။မုဆိုးမလျိုက သူမ၏နောက်မှ ဆက်ပြောလာခဲ့လေသည်။
“စုန့်ယီ နံရိုးကျိုးသွားတာ မဆန်းတော့ပါဘူး၊ မင်းက သူ့ရဲ့ကံထက်ကို ပိုဆိုးရွားနေတာပဲ၊
မင်းက သူ့ကို ချုပ်ကိုင်ထားတာ၊ လင်းမိန်ဟွေ့၊ ငါ မင်းကို ခြောက်လှန့်နေတာ မဟုတ်ဘူးနော်၊ မင်းတို့နှစ်ယောက် အတူတူရှိနေရင် တစ်ယောက်က အရင်သေရလိမ့်မယ်။”
ဤစကားကို ကြားလိုက်ရသည့်အချိန်တွင်တော့ လင်းမိန်ဟွေ့ ဒေါသမဘဲ မနေနိုင်တော့ချေ။
သူ့မကို ကျိမ်ဆဲခြင်းက အဆင်ပြေသေးသည်။ သို့သော်လည်း စုန့်ယီကိုတော့ လာမထိသင့်ပေ။
လင်းမိန်ဟွေ့က မုဆိုးမလျိုနှင့် ရန်မဖြစ်လိုခဲ့။ သူမအနေဖြင့် အရေးကြီးသည့်ကိစ္စများကို လုပ်ဖို့သာ တွေးခဲ့သည်။
သို့သော် ဤစကားကို ကြားလိုက်ရသည့်အချိန်တွင်တော့ အမှန်တကယ်ပင် သည်းမခံနိုင်တော့ပေ။ သူမက မုဆိုးမလျိုဆီသို့ လှည့်၍ ပြောခဲ့သည်။
“ဒါဆိုရင် ရှင်က ဦးလေးလျိုကို သတ်ခဲ့တာပေါ့၊ သူ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားခဲ့ရတာ မဆန်းတော့ဘူး၊ ရှင်က သူ့ထက် ပိုပြီးဆိုးရွားညစ်ထေးတယ်ဆိုတာ အခုမှ သိတော့တယ်”
မုဆိုးမလျိုတစ်ယောက် လင်းမိန်ဟွေ့ကြောင့် မျက်လုံးများ နီရဲသည်အထိ ဒေါသထွက်သွားခဲ့ရသည်။ သူမအနေဖြင့် လင်းမိန်ဟွေ့နှင့် စကားများရန်ဖြစ်သည့်အချိန်တိုင်းတွင် အမြဲတမ်း ရှုံးနိမ့်နေခဲ့ရသည်။
လင်းမိန်ဟွေ့ကို မည်သည့်နတ်ဆိုးက ဝင်ပူးထားသည်ကို မသိတော့ပေ။
လင်းမိန်ဟွေ့ကတော့ တံခါးပိတ်ပြီးသည်နှင့် သူမ အမှန်တကယ် ကံဆိုးနေသည်ဟု တွေးတောလိုက်မိသည်။
လင်းမိန်ဟွေ့ ရေပုံးနှင့် ဆန်ခါကို ချလိုက်သည့်အချိန်တွင် အန်တီယန်က နံရံပေါ်မှ ကြက်တစ်ကောင်ကို လှမ်းပေးလာခဲ့သည်။
“မိန်ဟွေ့၊ စုန့်ယီ ဆေးရုံတက်နေတယ်လို့ ကြားတယ်၊ အန်တီ့ဆီမှာ ကြက်မအိုတွေ နည်းနည်းကျန်သေးတယ်၊ တစ်ကောင်သတ်ပြီး သူ့အတွက် စွပာပြုတာဟင်းချို ချက်ပေးလိုက်လေ...”
“မဟုတ်တာပဲ အန်တီယန်၊ ဦးလေးယန်ကလည်း ကျန်းမာရေးမကောင်းဘူးမလား၊ ဦးလေးယန် စားဖို့ ထားလိုက်ပါ...”
“ဟင်းချိုချက်ထားပြီးတဲ့အချိန်ကျရင် မင်းရဲ့ ဦးလေးယန်အတွက် အရည်တစ်ပန်းကန်လောက်ပဲ ပေးလိုက်လေ၊ သူက အသက်ကြီးပြီဆိုတော့ ကြက်အိုတွေရဲ့ အသားကို မစားနိုင်တော့ဘူး၊ အမြန်ယူလိုက်ပါ”
အန်တီယန်က လင်းမိန်ဟွေ့ကို ကြက်လှမ်းပေးရင်းဖြင့် လင်းမိန်ဟွေ့၏ မျက်လုံးများ နီရဲနေသည်ကို သတိထားမိလိုက်သည်။
သူမ ခဏလောက် စဉ်းစား၍ မေးခဲ့သည်။
“မင်း ဘာဖြစ်နေတာလဲ၊ ငိုထားတာလား။”
“အန်တီယန်၊ မုဆိုးမလျိုက အစ်ကိုစုန့်ယီနဲ့ ကျွန်မကို ဘာလို့ ပစ်မှတ်ထားတာလဲမသိဘူး၊ ကျွန်မတို့လည်း သူ့ကို ဘာမှလည်း မလုပ်ခဲ့ပါဘူး...”
လင်းမိန်ဟွေ့အနေဖြင့် မူလက ဤကိစ္စကို စိတ်ထဲတွင်မထားလိုခဲ့ချေ။ သို့သော်လည်း မကြာခဏ လိုက်လံဒုက္ခပေးနေခြင်းက သူမကို အမှန်တကယ် စိတ်ပျက်လာစေခဲ့သည်။
အန်တီယန် ခဏတာ အံ့အားသင့်သွားခဲ့ရပြီး ပြောရမည့်စကားကို အတော်လေး ရှက်နေခဲ့သည်။ သို့သော်လည်း သူမ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောခဲ့လေသည်။
“မိန်ဟွေ့၊ ပြောရရင် အရင်မျိုးဆက်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေ ရှိတယ်၊ ငါ အစက ဒါကို ပြောစရာမလိုဘူးလို့တွေးခဲ့တာ
တကယ်တော့ မုဆိုးမလျို ဒီလိုလုပ်နေတာက သူမ ငယ်ငယ်တုန်းက စုန့်ယီရဲ့အဖေကို သဘောကျခဲ့လို့ပဲ၊ နောက်ပိုင်းမှာ စုန့်ယီရဲ့အဖေက စုန့်ယီရဲ့အမေနဲ့ လက်ထပ်လိုက်ပြီး မုဆိုးမလျိုက လျိုစန်းနဲ့ လက်ထပ်လိုက်တယ်လေ”
ဤသို့ဖြစ်ခဲ့သည်ကိုး။
လင်းမိန်ဟွေ့ ရုတ်တရက် နားလည်သွားခဲ့သည်။ စုန့်ယီမရှိသည့်အချိန်တိုင်း မုဆိုးမလျိုမှ ဤနေရာသို့ အဘယ်ကြောင့် လာနေသည်ကို အံ့သြစရာမလိုတော့ချေ။ ဤကဲ့သို့ ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။
“လျိုစန်းက အသိဉာဏ်မဲ့ပြီး ပျင်းရိတယ်၊ သူနဲ့လက်ထပ်ပြီးတော့ မုဆိုးမလျိုက အများကြီး ဒုက္ခရောက်ခဲ့ရတယ်၊ နောက်ပိုင်းမှာ စုန့်ယီရဲ့အဖေ ဆုံးသွားတော့ မုဆိုးမလျိုလည်း အရမ်းဝမ်းနည်းခဲ့တယ်၊ သူက စုန့်ယီရဲ့အမေက စုန့်ယီရဲ့အဖေကို သတ်လိုက်တာလို့ ထင်ခဲ့တာလေ...”
“ဒါဆို ဒီနှစ်တွေအတွင်း သူမလည်း အတော်လေး ခက်ခဲခဲ့တာပေါ့”
“တကယ်တော့ သူမက စုန့်ယီကို ဂရုစိုက်တယ်၊ ဒါပေမယ့် အဆင်မပြေခဲ့ဘူးလေ၊ မင်းကို ဒီမှာ မြင်တော့ သူမက မင်းနဲ့ ခင်မင်ချင်ပုံရတယ်”
အန်တီယန်သည်ကား စိတ်ကောင်းရှိပြီး တခြားသူများအပေါ်ကို မကောင်းသည့်အတွေးမျိုး မရှိပေ။
သို့သော်လည်း လင်းမိန်ဟွေ့ကတော့ မုဆိုးမလျိုမှ သူမနှင့် ခင်မင်လိုသည်ဟု မထင်ပါချေ။
ခင်မင်လိုသည်ဆိုလျှင်ပင် ဤကဲ့သို့ လုပ်ဆောင်ချက်မျိုးက လုံးဝ လက်မခံနိုင်စရာကောင်းလှသည်။
လင်းမိန်ဟွေ့လည်း အန်တီယန်ထံမှ ကြက်မအိုကြီးကို ယူ၍ သန့်ရှင်းရေးလုပ်ကာ အိုးထဲထည့်၍ မီးအေးအေးဖြင့် တည်ထားလိုက်သည်။
အသီးယိုတချို့ကိုလည်း လျင်မြန်စွာ ထုပ်ပိုးလိုက်သည်။ ညနေဘက်သို့ ရောက်လျှင် မြို့တော်ခန်းမသို့ သွား၍ ယခင်တွေ့ခဲ့ဖူးသည့် အစ်မကြီးအား ထပ်ရှာကာ ထိုနေရာတွင်အနည်းငယ်မျှ ရောင်း၍ရနိုင်မလား ကြည့်ရမည်။
မွန်းတည့်ချိန်သို့ ရောက်လာချွန်တွင် ကြက်စွပ်ပြုတ်ဟင်းချိုက နူးညံ့မွှေးကြိုင်နေခဲ့ပေပြီ။ လင်းမိန်ဟွေ့က ဦးလေးယန်အတွက် ပန်းကန်လုံးကြီးတစ်လုံး ဖြည့်ပေးလိုက်ပြီး စုန်ယီအတွက် ထိုစွပ်ပြုတ်နှင့် ထမင်းကို အတူတကွ ထုတ်ပိုးကာ ဆေးရုံသို့ အလျင်အမြန် ယူသွားခဲ့သည်။
စုန့်ယီတစ်ယောက် ကြက်စွပ်ပြုတ်ဟင်းချိုကို မြင်လိုက်ရသောအခိုက်တွင် အနည်းငယ်အံ့သြသွားခဲ့သည်။ သူ့အနေဖြင့် လင်းမိန်ဟွေ့က နံနက်စောစောကတည်းက ထွက်သွားခြင်းမှာ မြစ်ထဲ၌ ငါးထပ်ဖမ်းလို၍ဟု ထင်ခဲ့သည်။
လင်းမိန်ဟွေ့ကတော့ စုန့်ယီတစ်ယောက် အတိတ်ကို ပြန်သတိရကာ စိတ်မကောင်းဖြစ်တေမည်ကို စိုးရိမ်သောကြောင်း မုဆိုးမလျိုအကြောင်းကို မပြောခဲ့ပေ။
လင်းမိန်ဟွေ့က ကြက်စွပ်ပြုတ်ဟင်းချိုကို နှစ်ပိုင်းခွဲလိုက်သည်။ တစ်ပန်းကန်ကို ဘေးနားမှ အစ်မကြီးတို့ကို ပေးလိုက်ပြီး နောက်တစ်ပန်းကန်ကို စုန့်ယီကို ပေးလိုက်လေသည်။ သူမကိုယ်တိုင်ကမူ တစ်စက်လေးမျှ မထိလိုခဲ့ချေ။
စုန့်ယီက သူမ၏အကြောင်းကိုသိနေသောကြောင့် ကြက်သည် အလွန်အိုနေပြီဟု ပြောကာ လင်းမိန်ဟွေ့၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
လင်းမိန်ဟွေ့ အနည်းငယ် စားလိုက်လိုက်လျှင် အားမသုံးဘဲ ကိုက်ဝါးနိုင်ကြောင်းကို တွေ့လိုက်ရလေသည်။ ဘေးနားမှ အစ်မကြီးက ရယ်မော၍ ပြောခဲ့သည်။
“မင်းတို့ကို ကြည့်ရတာ စိတ်ချမ်းသာစရာပဲ၊ ဘဝက ဘယ်လောက်ပဲ ခက်ခဲပါစေ တကယ်ကို မကြောက်လန့်နေခဲ့ကြဘူး၊ မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးနေကြတယ်၊ တကယ်ဆိုရင် လူတိုင်းက အခုလို နွေးထွေးတဲ့ဘဝကို လိုချင်ကြမှာပဲ မဟုတ်ဘူးလား”
လင်းမိန်ဟွေ့က အစ်မကြီး၏စကားများမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်မိကာ စုန့်ယီကို မသိမသာ ကြည့်လိုက်မိသည်။
ထိုအခိုက်တွင် တစ်ဖက်လူကလည်း ပြန်လှည့်ကြည့်လာခဲ့သောကြောင့် အကြည့်ခြင်း စုံသွားခဲ့လေသည်။ သူတို့နှစ်ဦးလုံး ထိုစကားများကို စိတ်ထဲတွင် မှတ်သားထားလိုက်ပုံရသည်။
နောက်ပိုင်း၌ လင်းမိန်ဟွေ့က မြို့တော်အစိုးရရုံးသို့သွား၍ သစ်သီးယိုများကို ရောင်းချခဲ့ပြီး ယွမ်အနည်းငယ် ထပ်ရခဲ့သည်။
ကံကောင်းစွာဖြင့် သူမထံတွင် ဤပစ္စည်းများ ကျန်နေသေးသဖြင့် ရရှိသည့်ပိုက်ဆံဖြင့် စုန့်ယီ ဆေးရုံမှ ဆင်းသည်အထိ ထောက်ပံ့ပေးနိုင်ခဲ့သည်။