← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း39 . ဒီအတွေးကို ရပ်လိုက်ရအောင်

စုန့်ယီ သဘက်ကို ခါးတွင် လျှင်မြန်စွာ ပတ်လိုက်သော်လည်း သူ၏နှလုံးစားက တလှပ်လှပ်ခုန်ပေါက်နေခဲ့သည်။

ကံကောင်းစွာဖြင့် သူ့အနေဖြင့် လျှင်မြန်စွာ လုပ်နိုင်ခဲ့သည်။ သို့မဟုတ်ပါက သူတို့နှစ်ယောက်လုံး ပြဿနာကြီး ဖြစ်သွားရလိမ့်မည်။

စုန့်ယီအနေဖြင့် မူလက သူ့၏နောက်ကျောကို ပွတ်တိုက်ပေးရန် မပြောလိုခဲ့ပေ။ သို့သော်လည်း သူတို့နှစ်ယောက်ကြားထဲမှ အနေရခက်မှုများက ပိုများလာမည်ကို စိုးရိမ်သောကြောင့် လင်းမိန်ဟွေ့ကို နောက်ကျောပေးကာ ခုံပုလေးပေါ်တွင် ထိုင်လိုက်သည်။

“ကိုယ့်ရဲ့နောက်ကျောကို ခဏလောက်တိုက်ပေးပါဦး၊ ပြီးရင် စောစောအိပ်ရအောင်၊ မနက်ဖြန်မနက်ပျရင် မြို့ကို ထပ်သွားကြလေ၊ ကုန်ကြမ်းတွေ ရှိကောင်းရှိနိုင်တာပဲ”

“ကောင်းပြီ”

လင်းမိန်ဟွေ့ ပျော်ရွှင်သွားပြီး စုန့်ယီကို သန့်ရှင်းပေးလိုက်ကာ ကြမ်းပြင်မှ ရေစများကိုလည်း သန့်ရှင်းရေးပြုလုပ်လိုက်ပြီး စုန့်ယီကို ဦးစွာ နားခိုင်းလိုက်သည်။

ထို့နောက် လင်းမိန်ဟွေ့လည်း ခြံထဲတွင် ရေချိုးခဲ့သည်။ ရာသီဥတုက ပိုမိုပူနွေးလာလာပြီဖြစ်သောကြောင့် တိုက်ခတ်လာသော လေကပင် ပူနွေးနေခဲ့သည်။

လင်းမိန်ဟွေ့တစ်ယောက် ညဘက်တွင် ထိုင်၍ ခြေထောက်ကို ရေစိမ်နှင့်ရင်း သီချင်းတစ်ပုဒ်ကိုပင် ညည်းဆိုနေခဲ့မိသည်။

သူမက သစ်သီးယိုများကို မည်သို့ ရောင်းရမည်ကို စဉ်းစားနေခြင်း ဖြစ်လေသည်။ သို့သော်လည်း သူမဒစိတ်ထဲတွင် စုန့်ယီတစ်ယောက် သဘက်ကိုအလျှင်အမြန်ဆွဲယူပတ်လိုက်သည့်မြင်ကွင်းကိုသာ ပြန်လည် မြင်ယောင်နေမိခဲ့သည်။

လင်းမိန်ဟွေ့ ခေါင်းကိုခါရမ်းလိုက်ပြီး ထိုအတွေးကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ခဏအကြာ၌ ပုံရိပ်က ပြန်ပေါ်လာခဲ့ပြန်သည်။

လင်းမိန်ဟွေ့တစ်ယောက် မည်သို့မေ့ဖျောက်ရမည်ကိုပင် မသိနိုင်တော့ပေ။ နောက်ဆုံးတွင် ရေချိုးပြီးသွားသောကြောင့် အခန်းထဲသို့ ပြန်နားတော့သည်။

စုန့်ယီမှာ ဒဏ်ရာရထားသောကြောင့် ခန္ဓာကိုယ်ကို လှည့်ရခက်သည့်အတွက် လင်းမိန်ဟွေ့လည်း ကြမ်းပြင်ပေါ်တွင်သာ အိပ်ရာပြင်လိုက်လေသည်။

ကံကောင်းစွာပင် ရာသီဥတုက မအေးတော့သည့်အတွက် ကြမ်းပြင်၌ အိပ်စက်ခြင်းက သက်တောင့်သက်သာရှိပြီး အေးမြနေခဲ့သည်။

နောက်တစ်နေ့ မနက် စောစော စုန့်ယီ နိုးလာသည့်အချိန်တွင် လင်းမိန်ဟွေ့က မြို့သို့ သစ်သီးဝယ်ရန် သွားခဲ့ပေသည်။

မြို့သို့ ရောက်သည့်အချိန်တွင် အလွန်စောလွန်းသေးသည့်အတွက် ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်က မဖွင့်သေးပါချေ။

လင်းမိန်ဟွေ့သည် ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်ရှေ့မှ လှေကားထစ်များပေါ်တွင် ထိုင်စောင့်နေခဲ့သည်။ မည်မျှကြာအောင် စောင့်နေခဲ့မှန်း မသိနိုင်သညာ့အချိန်ကျမှ အရောင်းဝန်ထမ်းအမျိုးသမီးက နောက်ဆုံးတွင် ရောက်လာခဲ့လေသည်။

သူမက လင်းမိန်ဟွေ့ကို မြင်သည်နှင့် မျက်မှောင်ကြုံ့လိုက်လေ၏။

“ဘာလို့ ဒီလောက်စောစော ရောက်နေတာလဲ”

“သစ်သီးဝယ်ဖို့ လာတာပါ၊ မနေ့က မရခဲ့ဘူးလေ၊ ကျွန်မအရေးတကြီး လိုနေလို့ပါ”

လင်းမိန်ဟွေ့အနေဖြင့် အရောင်းဝန်ထမ်း၏ စိတ်မရှည်မှုကို ခံစားမိသည်။ သူမ စောစောလာသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု ထင်သည့်အတွက် အလေးအနက် မထားလိုက်ပေ။

အရောင်းဝန်ထမ်းက ပြတင်းပေါက်မှ ကာဆီးထားသည်များကို ဖြုတ်ချလိုက်ကာ တံခါးဖွင့်ပြီး လင်းမိန်ဟွေ့ကို လှည့်ပြောသည်။

“ကျွန်မနောက်ကို လိုက်မလာပါနဲ့၊ ဒီရက်ပိုင်းအတွက် သစ်သီးတွေက ကြိုတင် မှာယူထားပြီးသားတွေချည်းပဲ၊ ရှင်လာရင်လည်း ဘာမှရမှာမဟုတ်ဘူး၊ ဘာမှ ဝယ်လို့ရမှာ မဟုတ်ဘူး”

“မဟုတ်တာ၊ ဘယ်သူက ဒီလောက်များတဲ့ သစ်သီးတွေကို လိုမှာလဲ၊ ကျွန်မတို့ဘက်မှာအလုပ်ရုံတွေလည်း မရှိဘူး၊ ဒီလောက် ပမာဏကိုတော့ မှာယူထားတာက မဖြစ်နိာင်ဘူး ...”

လင်းမိန်ဟွေ့ လက်မလျှော့သေးဘဲ အနောက်မှ လိုက်ကြည့်လိုသည်။ သို့သော်လည်း အရောင်းဝန်ထမ်းက သူမကို မတားဆီးခဲ့ပါချေ။

လင်းမိန်ဟွေ့ ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သစ်သီးများ ထားရှိရာနေရာများက အားလုံး ဗလာကျင်းနေသည်ကို တွေ့လိုက်ရသည်။

စင်များပင် မရှိတော့ပေ။

ဤသည်မှာ အလွန်ပင် ထူးဆန်းလွန်းသည်။ ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်များသည်က များသောအားဖြင့် အများအပြား မဝယ်ယူနိုင်ကြသော ပြည်သူများ၏ နေ့စဉ်လိုအပ်ချက်များအား အမြဲ ဖြည့်ဆည်းပေးရမည်ဖြစ်သည်။

ယခု သစ်သီးဝယ်လိုအားက ဤမျှများစွာ ရှိနေမည်ဆိုပါက သူတို့သအနေဖြင့် ဝယ်ယူမှုကို တိုးမြှင့်သင့်သည်။ သို့သော်လည်း မည်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရပေ။

အရောင်းဝန်ထမ်း၏ မျက်နှာသည် ပို၍ ဆိုးရွားလာခဲ့သည်။ သူမက လင်းမိန်ဟွေ့အား စူးစိုက်ကြည့်ကာ လေသံမာကြောစွာဖြင့် ပြောသည်။

“ဘာလဲ၊ ကျွန်မတို့ ဘယ်လောက်ရောင်းလဲ၊ ဘယ်သူ့ကို ရောင်းလဲဆိုတဲ့အရာတွေကိုပါ ရှင်တို့ကို သတင်းပို့ရမှာလား၊ ဒါ ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်ပဲ၊ လူတိုင်း ကိုယ်လိုချင်တာကို ဝယ်ပိုင်ခွင့်ရှိတယ်၊ ဘယ်သူ ဘယ်လောက်ဝယ်လဲဆိုတာကို ကျွန်မ ဂရုမစိုက်ဘူး”

“သိပါပြီ၊ အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်၊ အမြန်လုပ်စရာရှိတာကု ဆက်လုပ်ပါ”

လင်းမိန်ဟွေ့အနေဖြင့် ဤသည်က စီမံကိန်းစီးပွားရေးခေတ် မဟုတ်တော့သည်ကို သိသည်။ ပိုက်ဆံရှိပါက မိမိလိုချင်သည့်အရာအားလုံးကို ဝယ်ယူ၍ ရရှိနိုင်ပေသည်။

သို့သော်လည်း ဤရက်ပိုင်း သစ်သီးရောင်းချမှုများက ပုံမှန်မဟုတ်ပါချေ။ လင်းမိန်ဟွေ့အနေဖြင့် အရောင်းဝန်ထမ်းထံမှ မည်သည့်အရာကိုမှ မမေးမြန်းနိုင်တော့သည်ကို သိသည်အတွက်ကြောင့် ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်မှ ထွက်လာပြီး ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်ကို တာဝန်ယူသည့် မြို့အစိုးရအဖွဲ့၏ ခေါင်းဆောင်ကိာ ရှာဖွေရန် စီစဉ်လိုက်သည်။

မြို့အစိုးရရုံးသို့ ရောက်လျှင် လင်းမိန်ဟွေ့က သူမ၏ သစ်သီးယိုများကို ကြိုက်နှစ်သက်သည့် အစ်မစုန့်အား ချက်ချင်း သွားရှာခဲ့သည်။

သူမ တံခါးမှ ဝင်လာသည်ကို မြင်သည်နှင့် အစ်မစုန့်က ပြုံး၍ ပြောလာသည်။

“ ဘယ်သူရောက်လာတာလဲဆိုတာ ကြည့်လိုက်ဦး၊ ငါတို့ရဲ့ သစ်သီးယိုတွေကို ရောင်းတဲ့သူရောက်လာပြီ၊ လာကြလာကြ .. ဘယ်သူတွေ သစ်သီးယိုတွေ ထပ်ဝယ်ချင်လဲ သွားမေးကြည့်၊ စာရင်းရပြီးရင် ငါ့ရုံးခန်းကို ယူလာခဲ့၊ ငါ ဝယ်ထားပေးမယ်”

ရုံးခန်းထဲမှ နောက်ထပ်ကောင်မလေးတစ်ယောက်က ထွက်သွားရန် ပြင်နေသည်ကိုမြင်လျှင် လင်းမိန်ဟွေ့ အမြန် တားလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ ပြောသည်။

“အစ်မစုန့်၊ ဒီတစ်ခါတော့ သစ်သီးယို မယူလာဘူး၊ ရှင်တို့ဆီကို လာတာက ကျွန်မအတွက် တစ်ခုခု စုံစမ်းပေးစေချင်လို့ပါ”

အစ်မစုန့်သည်လည်း လင်းမိန်ဟွေ့ထံတွင် ပြောစရာများရှိနေသည်ကို သိသောကြောင့် ရုံးခန်းထဲမှ ကောင်မလေးကို ထွက်သွားခိုင်းလိုက်ပြီး လင်းမိန်ဟွေ့ကို ဆွဲကာ ထိုင်ခုံတွင် ထိုင်ခိုင်းလာသည်။

“ပြောစရာရှိတာ ပြောလိုက်၊ အစ်မ နားထောင်မယ်၊ ဘာကူညီလို့ရမလဲ ကြည့်ရအောင်”

လင်းမိန်ဟွေ့သည်လည်း ဤအစ်မစုန့်မှာ စေတနာကောင်းသည့်သူ ဖြစ်သည်ကို သိသည့်အတွက် မျက်လုံးများပင် ပူလောင်လာခဲ့ရသည်။

သူမက အတွေးများကို ငြိမ်အောင်လုပ်ပြီး ပြောပြလိုက်သည်။

“အစ်မစုန့်၊ ဒီရက်ပိုင်း ကျွန်မ သစ်သီးယိုလုပ်ဖို့ ကုန်ကြမ်းတွေ ဝယ်ချင်တာ၊ ဒါပေမယ့် ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်ကို သွားရင် အမြဲတမ်း ကုန်ပစ္စည်းမရှိဘူးလို့ ပြောတယ်၊ ဒါက နည်းနည်း မမှန်ဘူးလို့ ထင်မိတယ်၊ ဒါကြောင့် အစိုးရရုံးကို လာပြီး မေးကြည့်ချင်တာ...”

“ဒါက တကယ် ထူးဆန်းတာပဲ၊ ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်က ပစ္စည်းတွေက ဘယ်တုန်းကမှ သိပ်ပြီး မလတ်ဆတ်ဘူး၊ အကြွင်းအကျန်ပဲ ရှိတာ၊ ကုန်သွားတယ်ဆိုတာမျိုးလည်း ဘယ်တုန်းကမှ မရှိဘူး

ဒါ့အပြင် ဘယ်သူကများ ဒီလောက်တောင် ပိုက်ဆံတွေပေါများပြီး သစ်သီးတွေ ဝယ်စားနိုင်မှာလဲ၊ မဖြစ်သင့်ဘူးလေ”

အစ်မစုန့်လည်း လင်းမိန်ဟွေ့၏ သံသယကို သဘောတူခဲ်သည်။

အစ်မစုန့် ခဏစဉ်းစားပြီးနောက် လင်းမိန်ဟွေ့အား ဆွဲခေါ်ပြီး ပြောလိုက်သည်။

“သွားမယ်၊ ငါ နင့်အတွက် ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဌာနက ဒါရိုက်တာလီကို သွားမေးပေးမယ်၊ သူ ဘာပြောမလဲ ကြည့်ရအောင်”

လင်းမိန်ဟွေ့လည်း အစ်မစုန့်ကို ကျေးဇူးတင်စကားဆိုလိုက်ပြီး သူမ၏ နောက်မှ အစိုးရ ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဌာနသို့ လိုက်သွားခဲ့သည်။

မျက်မှန်တပ်ထားသော ကြင်နာတတ်သည့် ဦးလေးကြီးတစ်ဦးကို မြင်လိုက်ရလျှင် လင်းမိန်ဟွေ့၏ ရင်ထဲ၌ မျှော်လင့်ချက်အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။

အစ်မစုန့် တံခါးကို ခေါက်ပြီး ပြောလုက်သည်။

“ဒါရိုက်တာလီ၊ ဒါက ကျွန်မရဲ့ ညီမလေးပါ၊ ရှင့်ကို တစ်ခုခု မေးချင်လို့”

အစ်မစုန့်သည်ကား လူချစ်လူခင် ပေါများသူဖြစ်လေ၏။ ဒါရိုက်တာလီက သူမကို မြင်သည်နှင့် ချက်ချင်းပြုံးပြကာ သူ့ထိုင်ခုံကို ဖယ်ပေးလာခဲ့သည်။

“ပြောလေ၊ ကျွန်တော် ကူညီနိုင်ရင် သေချာပေါက် ကူညီပေးမယ်”

“ကျွန်မတို့ ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်မှာ ဒီရက်ပိုင်း သစ်သီးတွေ ပြတ်နေတယ်တဲ့၊ ဒါရိုက်တာလီ၊ ရှင် သေသေချာချာ မစီမံတော့ဘူးလား၊ ယုတ္တိရှိရှိ ပြောရရင် ပြည်သူတွေရဲ့ ဝယ်လိုအားများတာက ကောင်းတဲ့အရာပဲ၊ ကျွန်မတို့ ပိုပြီး ထောက်ပံ့သင့်တယ်လေ၊ ဘာလို့ ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်က အခုထိ ပစ္စည်းပြတ်နေရတာလဲ။”

အစ်မစုန့်က လင်းမိန်ဟွေ့၏ ကိစ္စကို တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်၍သာ မေးခဲ့လေသည်။

ဒါရိုက်တာလီက အစ်မစုန့်ကို မျက်လုံးပြူး၍ ကြည့်ကာ ပြောလာသည်။

“မဟုတ်သေးပါဘူး၊ တင်ပြထားတဲ့ ရောင်းအားအသေးစိတ်တွေက အရင်ကနဲ့ သိပ်မကွာဘူးလေ၊ အဲဒီလောက်ကြီး ကွာခြားမှု မရှိဘူး၊ သစ်သီးပျက်စီးမှုကတော့ တော်တော်များနေတုန်းပဲ၊ ကျွန်တော်လည်း ပိုဝယ်ရဲတော့ဘူး။”

ဒါရိုက်တာလီက ထိုသို့ပြောပြီးသည်နှင့် ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်မှ စုဆောင်းထားသည့် အသေးစိတ် အချက်အလက်များကို အစ်မစုန့်ထံသို့ ပြလာလေသည်။

အစ်မစုန့်သည်လညား လင်းမိန်ဟွေ့ကို မဖုံးကွယ်ဘဲ သူတို့နှစ်ယောက် အတူတကွ ဖတ်ကြည့်ခဲ့ကြသည်။

အမှန်ပင်။ သစ်သီးနေရာ၌ အရင်ကနှင့် မခြားနားပါချေ။ ထို့ကြောင့် သစ်သီးများ အားလုံးက ရောင်းကုန်သွားခြင်း မဟုတ်ဘဲ အရောင်းဝန်ထမ်းမှ ဖွက်ထားသည်ဟုသာ ထင်မြင်ရသည်။

လင်းမိန်ဟွေ့လည်း ချက်ချင်းပင် ကျန်းကျစ်ကုန်းကို သတိရမိသွားခဲ့သည်။

ယခင်က စုန့်ယီ၏ အိမ်တွင် အသာစီးမရခဲ့သည့်အတွက် ယခုကဲ့သို့ ဆိုးရွားသည့် အကြံများကို ထုတ်လာသည်မှာ သေချာပေသည်။

ဒါရိုက်တာလီ၏ ရုံးခန်းထဲမှ ထွက်လာပြီးချိန်တွင် လင်းမိန်ဟွေ့ အစ်မစုန့်အား တောင်းပန်စကားပြောလိုက်လေ၏သည်။

“အစ်မစုန့်၊ ရှင့်ကို အမြဲတမ်း အနှောင့်အယှက်ပေးမိလို့ တကယ် စိတ်မကောင်းပါဘူး၊ ကျွန်မ သစ်သီးယိုတွေ လုပ်ပြီးရင် အစ်မစုန့်အတွက် နှစ်ဘူး ပိုပေးပါ့မယ်”

အစ်မစုန့်သည်လည်း လင်းမိန်ဟွေ့တစ်ယောက် ဤရက်ပိုင်းတွင် အခက်အခဲများ ရှိနေသည်ကို သတိထားမိသည့်အတွက် လင်းမိန်ဟွေ့၏ လက်ကို ဆွဲ၍ ပြောလာသည်။

“ဘာတွေဖြစ်နေတာလဲဆိုတာ မင်း သိလား”

လင်းမိန်ဟွေ့ ခဏစဉ်းစားပြီးနောက် အစ်မစုန့်ကို ကြည့်ကာ ပြောသည်။

“ကျန်းကျစ်ကုန်းပဲ ထပ်ဖြစ်နေလောက်တယ်၊ နောက်ဆုံးတစ်ခေါက် မြို့တော်ဝန်ကို တိုင်ခဲ့တုန်းက သူ နေရာတိုင်းမှာ ပြဿနာလိုက် ရှာခဲ့သေးတယ်၊ အစ်မစုန့်၊ ဒီကိစ္စကို ရှင် မထိန်းချုပ်နိုင်လောက်ဘူး၊ ကျွန်မ ဘာသာပဲ ဖြေရှင်းပါ့မယ်”

လင်းမိန်ဟွေ့အနေဖြင့် မြို့တော်ဝန်ထံသို့ နောက်ဆုံးတစ်ကြိမ် ချဉ်းကပ်စဉ်က မြို့တော်ဝန်၏ သဘောထား ရှင်းလင်းပါသည်။

သူသည်က မြို့ထဲမှ ပြည်သူများ၏ မိသားစု ကိစ္စများကို စိတ်မဝင်စားလိုပေ။ မြို့အစိုးရ၏ ဂုဏ်သတင်းကို ထိခိုက်မည်ဟုသာ သူမ မပြောခဲ့ပါက မြို့တော်ဝန်သည်လည်း သူမ၏ကိစ္စကို လုံးဝ စိတ်ဝင်စားမည် မဟုတ်ပေ။

လင်းမိန်ဟွေ့အနေဖြင့် အစ်မစုန့်မှာ သာမန်ဝန်ထမ်းတစ်ဦးသာ ဖြစ်ကြောင်းကို သိပေသည်။ သူမအတွက် တစ်ယောက်ယောက်ကို ရှာပေးရသည်ကပင် အတော်လေး ဒုက္ခပေးရာ ရောက်နေပေပြီ။ ထို့ကြောင့် ပို၍ တောင်းဆိုရန် မရဲတော့ပါချေ။

*

အခန်း40 . ငါ သူနှင့်စကားပြောလိုက်မယ်

မြို့အစိုးရခြံဝင်းတွင် ထင်းရှူးပင်များစွာ စိမ်းစိုနေကာ အေးမြမှုလေးမျာ့ကိုခံစားနိုင်သော်လည်း လင်းမိန်ဟွေ့ကတော့ ကျောရိုးတစ်လျှောက် ချမ်းစိမ့်မှုကိုသာ ခံစားနေခဲ့ရသည်။

အစ်မစုန့် မျက်နှာက လေးလံနေပြီး ခဏမျှ စဉ်းစားပြီးနောက် ပြောလာသည်။

“ဒီလိုဆိုရင်ရော၊ ငါ နင့်ကို ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်ကို လိုက်ပို့ပေးမယ်၊ အဲဒီက အရောင်းဝန်ထမ်းက ဘာလုပ်ချင်တာလဲဆိုတာ ငါ ကြည့်ချင်တယ်၊ သူမက ပစ္စည်းတွေကို မရောင်းဘဲ ပျက်စီးအောင် လုပ်နေတာလား ကြည့်ရမယ်”

လင်းမိန်ဟွေ့ ငြင်းဆိုရန် ပြင်လိုက်ချိန်မှာပင် အစ်မစုန့်က ထပ်ပြောလာသည်။

“ငါက ဒါရိုက်တာလီကို ကူညီခိုင်းချင်တာ၊ ဘာလို့လဲဆိုတော့ သူက ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်ကို တိုက်ရိုက်တာဝန်ခံလေ၊ ဒါပေမဲ့ ဒါရိုက်တာလီက အသက်ကြီးနေပြီဆိုတော့ သူ့ကို ပြဿနာမဖြစ်ချင်ဘူး”

“အစ်မစုန့်၊ ကျွန်မ ဒီကိစ္စကို ကိုယ့်ဘာသာပဲ ဖြေရှင်းပါ့မယ်၊ ကျန်းကျစ်ကုန်းက အတော်လေး ကိုင်တွယ်ရခက်ပါတယ်။ အစ်မ သူနှင့် ပြသနာဖြစ်အောင် မလုပ်သင့်ဘူး”

“သူက ဘာကောင်မို့လဲ၊ သူ့မှာနောက်ခံရှိတယ်ဆိုရင် ငါ့မှာလည်း နောက်ခံ ရှိတယ်၊ မကြောက်ပါနဲ့ အခု ဘာဖြစ်နေလဲဆိုတာ ငါ နင်နဲ့အတူ သွားကြည့်မယ်”

အစ်မစုန့် ပြောပြီးနောက် ရုံးခန်းထဲသိာ့ သွား၍ ပစ္စည်းများကို သိမ်းဆည်းကာ လွယ်အိတ်ကိုတစ်လုံး လွယ်ပြီး လင်းမိန်ဟွေ့နှင့်အတူ ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်သို့ လိုက်သွားခဲ့သည်။

ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်သည်က ယခုထိ ခေတ်ဟောင်းဆန်နေဆဲပင်။ တြိဂံပုံခေါင်မိုး၏ အလယ်ဗဟို၌ ပွင့်ချပ်ငါးခုပါသည့် ကြယ်ကြီးတစ်ပွင့်က ပို၍ ခေတ်နောက်ကျနေသယောင် ဖြစ်နေခဲ့သည်။

အစ်မစုန့်က လင်းမိန်ဟွေ့ကို အပြင်၌ စောင့်ခိုင်းပြီး သူမက ဦးစွာ ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်ထဲ ဝင်သွားခဲ့သည်။ ဤကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်၌ မည်သို့ ကောက်ကျစ်စွာလှုပ်ရှားနေသည်ကို သူမ သိလိုသည်။

အစ်မစုန့် ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်ထဲသို့ ဝင်သွားပြီးနောက် သစ်သီးများ ထားရှိရာနေရာကို ကြည့်လိုက်လေသည်။

အသီးများအားလုံး ဗလာကျင်းနေသည်ကို တွေ့သော် အစ်မစုန့်က အရောင်းဝန်ထမ်းအား ကြည့်၍ ပြောသည်။

“ရှောင်ဝမ်၊ ငါ သစ်သီး နည်းနည်း ဝယ်ချင်တယ်၊ ဒါတွေက အကုန်ရောင်းကုန်သွားတာလား”

“အစ်မစုန့်ပါလား၊ ကျွန်မတို့ဆီမှာ သစ်သီးတွေ ရှိပါတယ်၊ အပြင်မှာထားရင် ယင်ကောင်တွေ ဝဲလို့လေ၊ ဒါကြောင့် သိမ်းထားတာပါ”

အရောင်းဝန်ထမ်းက ကောင်တာအောက်မှ သစ်သီးနှစ်ဘူး အပြင်သို့ ထုတ်လာခဲ့သည်။

ထို့နောက် အောက်ခြေမှ လတ်ဆတ်သည့်အသီးများကို ရှာပြီး အစ်မစုန့်ကို ပေးလိုက်လေသည်။ အသီးများကို အိတ်ထဲသို့ ထည့်ပေးပြီးနောက် အစ်မစုန့်က အနောက်ဘက်သိာ့ လှည့်၍ လင်းမိန်ဟွေ့ကို ခေါ်သွင်းလိုက်သည်။

“မိန်ဟွေ့၊ မင်း သစ်သီးဝယ်ချင်တယ် မလား၊ ဒီမှာ အသီးတွေ အများကြီးရှိတယ်၊ ဖြည်းဖြည်း ရွေးထားလိုက်၊ ငါ တခြားဟာတွေ ကြည့်ဦးမယ်”

အစ်မစုန့် လင်းမိန်ဟွေ့ကို ခေါ်သွင်းခဲ့လေသည်။

လင်းမိန်ဟွေ့ တံခါးဝမှ ဝင်လာပြီးသည်နှင့် အရောင်းဝန်ထမ်း၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမက အစ်မစုန့်ကို ကြည့်ပြီး ရှက်ရွံ့စွာ ပြောလာသည်။

“အစ်မစုန့်၊ ရှင် ဝယ်မှာမဟုတ်ဘူးလား”

“ဘာလဲ၊ ဒီသစ်သီးတွေက ဝယ်မဲ့ ပိုင်ရှင်ကို ရွေးချယ်နေသေးတာလား၊ ငါ ဝယ်လို့ရတယ်၊ မိန်ဟွေ့ ဝယ်ရင် မရဘူးလား”

အစ်မစုန့်က အရောင်းဝန်ထမ်း၏ မျက်နှာ စိမ်းလိုက်၊ ဖြူလိုက် ဖြစ်နေသည်ကို တွေ့သော် အနားသို့လျှောက်သွားပြီး ကောင်တာကို ခေါက်ကာ အရောင်းဝန်ထမ်းနှင့် တိုက်ရိုက်ရင်ဆိုင်ခဲ့သည်။

“ငါ ပြောမယ်၊ ဒီကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်က ဘယ်သူ့မှ ပိုင်တာ မဟုတ်ဘူး ၊ ဟုတ်တယ်မလား၊ ဒါက ပြည်သူတွေကို ဝန်ဆောင်မှုပေးတဲ့ဆိုင်ပဲ၊ မင်းက ဒီလိုမျိုး လူတွေကို ခွဲခြားပြီး ဝန်ဆောင်မှုပေးတာက မသင့်တော်ဘူးလို့ မထင်ဘူးလား”

“အစ်မစုန့်၊ ကျွန်မက လူတွေကို ရွေးပြီး ရောက်းနေ မဟုတ်ပါဘူး၊ ဒါပေမဲ့ ... လင်းမိန်ဟွေ့ သစ်သီးဝယ်ရင် ကျွန်မရဲ့ ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်ကို လာပြီး ပြဿနာရှာမယ်လို့ တစ်ယောက်ယောက်က သတင်းလွှင့်ထားလို့ပါ ကျွန်မက အရောင်းဝန်ထမ်းလေးတစ်ယောက်သက်သက်ပါပဲ၊ ဒီမှာ အေးအေးဆေးဆေးပဲ အလုပ်လုပ်ချင်တာ”

အရောင်းဝန်ထမ်းက လင်းမိန်ဟွေ့အား တောင်းပန်သကဲ့သို့ ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် ရှက်ရွံ့နေမှုများက ပေါ်လွင်နေခဲ့သည်။ သူမက ကျန်းကျစ်ကုန်းထံမှ ပြသနာအရှာမခံလိုသည်မှာ သိသာပေသည်။

အစ်မစုန်က ပွင့်လင်းသောအမျိုးသမီးဖြစ်ပေ၏။ သူမက အရောင်းဝန်ထမ်းကို ကြည့်ပြီး ပြောလိုက်သည်။

“မင်း ဘယ်လောက်လောက် ကြောက်လန့်နေတာလဲဆိုတာ ကြည့်လိုက်ဦး၊ မင်းတို့လို လူတွေက တိတ်တဆိတ်နှင့် အဲဒှမကောင်းတဲ့ လူတွေကို ကူညီနေလို့ သူက ဒီလောက်ထိ အနိုင်ကျင့်နေတာပဲ

သူက ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်မှာ လာပြီး ပြဿနာရှာရင် မင်းတို့ ရဲကို တိုင်ရမှာ မဟုတ်ဘူးလား”

အရောင်းဝန်ထမ်း၏ မျက်နှာက ကူကယ်ရာမဲ့နေပြီး နောက်ဆုံးတွင် ညည်းတွားလာသည်။

“သူက ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်မှာ လာပြီး ပြဿနာရှာတာတင် မဟုတ်ဘူး၊ ကျွန်မ အလုပ်ဆင်းရင်လည်း လမ်းမှာ ပိတ်ဆို့တယ် အိမ်ပြန်ရောက်တော့လည်း ကျွန်မတို့ အိမ်ရှေ့မှာ လျှောက်သွားနေတယ်

ဒါက ကြောက်စရာကောင်းတယ် မဟုတ်ဘူးလား၊ ဒါကြောင့် သုပြောတဲ့အတိုင်း သစ်သီးတွေကိုမရောင်းလိုက်ရင် ဒေါသမထွက်တော့ဘူးလို့ တွေးလိုက်တာ”

လင်းမိန်ဟွေ့ နောက်ဆုံးတွင် နားလည်သွားသည်။ ကျန်းကျစ်ကုန်းက သူမကို အပြစ်ပေးရန်အတွက် မည်သည့်အရာမဆို လုပ်လိမ့်မည်။

ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်မှ အရောင်းဝန်ထမ်းကိုပင် အလွတ်မပေးခြင်းက သူမကို မည်မျှမုန်းတီးသည်ကို ပြသနေခဲ့သည်။

လင်းမိန်ဟွေ့သည် အစ်မစုန့်၏ အင်္ကျီလက်ကို ဆွဲပြီး တီးတိုးလေး ပြောသည်။

“မဟုတ်ရင်လည်း ထားလိုက်ပါတော့၊ သူမလည်း ဒုက္ခရောက်နေတာပဲလေ၊ ဒါ့အပြင် ကျွန်မတို့က သူနဲ့ ဘာမှမဆိုင်ဘူးမလား၊ ကျွန်မကြောင့် တခြားသူတွေကို ဒုက္ခရောက်အောင် ဆွဲမခေါ်သင့်ပါဘူး”

အရောင်းဝန်ထမ်းမှာ လင်းမိန်ဟွေ့က သူမအတွက် စဉ်းစားပေးနေသည်ကို ကြားသော် တွေးတောရင်းဖြင့် သက်ပြင်းချပြီး ပြောလာသည်။

“ညီမလေး၊ ငါ ဒီစကားကိုတော့ မပြောချင်ပါဘူး၊ ဒါပေမဲ့ ဘာလို့ အဲဒီလူမျိုးနှင့် ပြသနာဖြစ်စေခဲ့တာလဲ၊ သူက ဗိုက်ပြည့်နေပြီး ဘာလုပ်စရာမှ မရှိလို့ နင့်ကို ဒုက္ခပေးနေတာ ၊

ငါတို့ အားလုံး ရှင်သန်ရဦးမယ်လေ... ငါ နင့်ကို အလုပ်ပြောင်းပြီး သစ်သီးယိုလုပ်တာ ရပ်ဖို့ အကြံပေးချင်တယ်”

အစ်မစုန့်မှာ တစ်ဖက်လူ၏စကားကို ကြားသော် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။ သူမက ကောင်တာကို ရိုက်လိုက်ပြီး ပြောသည်။

“သူက အာဏာရှင်ဆန်တယ်၊ ဒီတော့ဘာဖြစ်လဲ၊ သူ ကောင်းကောင်းမွန်မွန် နေထိုင်ရရင် တခြားသူတွေကို ကောင်းကောင်း နေခွင့်မပေးဘူးလား၊ သူက ချမ်းသာတဲ့အတွက် တခြားသူတွေက သူ့စကားကို နားထောင်ရမှာလား

ဒါက ဘယ်လိုအတွေးမျိုးလဲ၊ သွားမယ်၊ အစိုးရကို သွားပြီး ဒါရိုက်တာလီနဲ့ စကားပြောရအောင်၊ သူ့ကို ဖြေရှင်းဖို့ ဘယ်နည်းလမ်းတွေရှိမလဲ ကြည့်ရအောင်”

လင်းမိန်ဟွေ့အနေဖြင့် အစ်မစုန့်က စေတနာကောင်းသည့်သူ ဖြစကြောင်းကို သိပေသည်။ ဒါရိုက်တာလီသည်လည်း အခြားသူများ၏ ကိစ္စများအား ဝင်မပါလိုဟု သူမ အရင်က ပြောခဲ့ဖူးသည့်အတွက် ပြောလိုက်သည်။

“အစ်မစုန့်၊ ကျွန်မ တခြားမြို့ကို သွားပြီး နည်းလမ်းရှာတာ ပိုကောင်းမယ် ထင်တယ်၊ သူက ကုန်စည်ဖြန့်ဖြူးရေးသမဝါယမဆိုင်တွေ အကုန်လုံးကို သူ့လက်တစ်ဖက်တည်းနဲ့ မဖုံးကွယ်နိုင်ပါဘူး၊ အဖွဲ့ဝင်အားလုံးကိုလည်း တစ်ခါတည်း မခြိမ်းခြောက်နိုင်လောက်ပါဘူး”

“မိန်ဟွေ့၊ ငါ ဒီနေ့ ဒီကနေ ဝယ်မယ်၊ ငါ ဝယ်တာလို့ပဲ ပြောလိုက်၊ သူ ဘာလုပ်ချင်လဲဆိုတာ ငါ ကြည့်ချင်တယ်။”

အစ်မစုန့်က ပြောပြီးသည်နှင့် သူမ၏အိတ်ထဲမှ ပိုက်ဆံကို ထုတ်လိုက်ပြီး ကောင်တာပေါ်သို့ ရိုက်ချကာသေတ္တာထဲမှ ပန်းသီးနှင့် လိမ္မော်သီးများအား ထည့်လိုက်သည်။

ထိုပန်းသီးများနှင့် လိမ္မော်သီးများသည် သိပ်မလတ်ဆတ်တော့ပေ။ တခြားသူများက မလိုချင်နိုင်သော်လည်း သစ်သီးယိုလုပ်ရန်အတွက်မူ ဤအခြေအနေက အကောင်းဆုံးဖြစ်ပေသည်။

လင်းမိန်ဟွေ့အနေဖြင့် အရောင်းဝန်ထမ်းမှ မတားသည်ကို တွေ့လိုက်ရသောကြောင့် သူမလည်း ကူညီပြီး ကောက်ထည့်လိုက်သည်။

မကြာခင်၌ပင် လင်းမိန်ဟွေ့က သစ်သီးနှစ်ဘူးလုံးကို တစ်ဝက်နီးပါး ကုန်အောင် ယူလိုက်လေသည်။ အရောင်းဝန်ထမ်းကတော့ ညှိုးခြောက်ခြောက်ဖြစ်နေသည့် သစ်သီးများ အားလုံး ရောင်းကုန်သည်ကို တွေ့လျှင် သက်ပြင်းချလိုက်သည်။

ဤရက်ပိုင်းတွင် မည်မျှခက်ခဲသည်ကို တခြားလူများ မသိနိုင်ပါချေ။ သူမက သစ်သီးများကို ကောင်တာအောက်တွင် ထည့်ထားရပြီး လူရင်းများကိုသာ ရောင်းချခဲ့ရသည်။

သို့သော်လည်း ထိုလူရင်းများသည်လည်းသစ်သီးများကို မြင်သည့်နှင့် မကောင်းတော့ဟုသာ ထင်ကြသည်။

ထို့ကြောင့် အရောင်းဝန်ထမ်းလည်း အလွန် စိတ်ပျက်နေပေပြီ။

ဤကာလအတွင်း ပုပ်နေသည့် သစ်သီးများအား အစီရင်ခံသည့်အချိန်တိုင်း မည်မျှ ပိုက်ဆံရှုံးသည်ကို မသိနိုင်တော့ပေ။ ထို့ကြောင့် ဒါရိုက်တာလီမ သူမကို အလုပ်မလုပ်တတ်၊ သေသေချာချာ မကြည့်တတ်ဟု အကြိမ်ကြိမ် အပြစ်တင်ဝေဖန်ခဲ့သည်။ အရောင်းဝန်ထမ်းလည်း မည်သည့်အရာကိုမှ ပြန်မပြောရဲခဲ့ပေ။

လင်းမိန်ဟွေ့နှင့် အစ်မစုန့်တို့ သစ်သီးများကို ရွေးချယ်ပြီးသည့်နောက်တွင် အရောင်းဝန်ထမ်းက ကျေးဇူးတင်စကားများ ပြောခဲ့လေသည်။

သို့သော်လည်း သူတို့ ထွက်သွားခါနီးတွင် အရိပ်မည်းတစ်ခု ဝင်လာပြီး သူတိာ့ကိာလမ်းပိတ်လိုက်ဆော့သည်။

“ဟေး၊ ဒီလောက်တောင် ပုတ်နေတဲ့သစ်သီးတွေကို ဝယ်ပြီး သစ်သီးယိုလုပ်နေတယ်ပေါ့၊ ဖောက်သည်တွေ စားပြီး စိတ်မကျေနပ်မှာကို မကြောက်ဘူးလား”

လင်းမိန်ဟွေ့ ခေါင်းထောင်ကြည့်လိုက်လျှင် ကျန်းကျစ်ကုန်း၏ ညိုမှောင်နေသည့် မျက်နှာကို မြင်လိုက်ရသည်။

သူ့မျက်လုံးများက မကောင်းဆိုးဝါးပုံစံဖြစ်နေပြီး သူ့၏ပတ်ဝန်းကျင်မှ လေထုလည်း ညိုမှောင်နေသယောင်ပင် ထင်ရသည်။ လင်းမိန်ဟွေ့က သူ့ကို ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။

“ကျန်းကျစ်ကုန်း၊ ဒီအသီးတွေက ခြောက်ခါနီးအခြေအနေပဲရှိတာ ၊ သစ်သီးယိုလုပ်တဲ့ လုပ်ငန်းစဉ်ကလည်း အခြောက်ခံရတာပဲ ၊ ရေမရှိတဲ့ သစ်သီးတွေက သစ်သီးယိုလုပ်ဖို့ ပိုသင့်တော်တယ်၊ ရှင် မသိရင်လည်း အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့”

“ဪ၊ စုန့်ယီ အိမ်ကလူ ဖြစ်နေတာကိုး၊ ဘယ်သူများလဲလို့ ထင်နေတာ...”

ကျန်းကျစ်ကုန်းက ပြောပြီးသည်နှင့် အရောင်းဝန်ထမ်းအား ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်လိုက်သည်။

အရောင်းဝန်ထမ်းမှာ ချက်ချင်း ခေါင်းငုံ့သွားခဲ့ပြီး မည်သည့်စကားကိုမှ မပြောရဲဘဲ တွက်ချက်မှုများကိုသာ ဆက်လုပ်နေခဲ့သည်။

အစ်မစုန့်က လင်းမိန်ဟွေ့၏ဘရှေ့တွင် ရပ်ပြီး ပြောသည်။

“ကျန်းကျစ်ကုန်း၊ ဒီသစ်သီးတွေကို ငါ ဝယ်တာ၊ ငါ ဘာအတွက် ဝယ်တာလဲဆိုတာကို နင့်ကို ပြောပြစရာ မလိုဘူး၊ ကျေးဇူးပြုပြီး ဖယ်ပေးပါ၊ ငါ မြို့အစိုးရရုံးကို ပြန်ပြီး အလုပ်လုပ်ရဦးမယ်”

ကျန်းကျစ်ကုန်းမှာ အစိုးရအဖွဲ့မှလူ ဖြစ်ကြောင်း ကြားလျှင် သူ့၏ မာနများ လျော့ကျသွားပြီး တံခါးကို ရည်ရွယ်ချက်ရှိရှိ အနည်းငယ်ဖွင့်လိုက်သည်။

“ဒီတံခါးက မင်းတို့ အိမ်က ပိုင်တာ မဟုတ်ဘူး ၊ ဒီတော့ မင်းတို့တွေအတွက် တစ်ဝက်ဖွင့်ပေးရင် ကျေနပ်သင့်တယ်၊ တစ်ယောက်ချင်း ထွက်သွားလို့ရတာပဲလေ”

အစ်မစုန့်က သူ့ကို ဂရုမစိုက်တော့ဘဲ လင်းမိန်ဟွေ့ကို ဆွဲခေါ်လိုက်သည်။ မမျှော်လင့်ဘဲ ကျန်းကျစ်ကုန်းကို ဖြတ်သွားခါနီး၌ပင် ကျန်းကျစ်ကုန်းက တံတောင်ဆစ်ကို ရုတ်တရက် မြှောက်လိုက်သောကြောင့် သစ်သီးအိတ်ကို ထိမှန်သွားခဲ့လေသည်။

အိတ်က ပြတ်ထွက်သွားပြီး ပန်းသီးများကလည်း ကြမ်းပြင်ပေါ် လိမ့်ဆင်းသွားခဲ့သည်။

ကျန်းကျစ်ကုန်းက ဤသည်ကို ရည်ရွယ်ချက်ရှိရှိ လုပ်သည်မှာ သေချာပေသည်။ သူက လင်းမိန်ဟွေ့ သစ်သီးဝယ်သည်ကို မလိုချင်ခဲ့ပေ။

အစ်မစုန့် နောက်သို့ ပြန်လှည့်၍ ကျန်းကျစ်ကုန်းအား ကြည့်ကာ ဆဲဆိုလိုက်သည်။

“ဒီလူကတော့! ဘာလို့ ဒီလောက်တောင် အနိုင်ကျင့်နေတာလဲ!”

All Chapters