← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း(49) သူမ ဘယ်လောက်တောင် ပင်ပန်းနေလိုက်သလဲ?

လင်းမိန်ဟွေ့က တံခါးဝတွင် ရပ်လျက် ကျိုးချွေ့ဟွားကို အပြင်သို့ထွက်သွားရန် လက်ပြလိုက်သည်။

ကျိုးချွေ့ဟွားတစ်ယောက် လင်းမိန်ဟွေ့အား ဒေါသတကြီး ကြည့်၍ သူမ၏ မျက်နှာကို လက်ညှိုးလျှက် ငေါက်ငမ်းလာခဲ့လေ၏။

“ကောင်းပြီလေ! နင် စောင့်နေလိုက်! နင်က မိဘကို မကျွေးမွေးမစောင့်ရှောက်ချင်ဘူးဆိုမှတော့ ငါက နင့်အဖေကို နင့်အိမ်မှာပဲ နေခိုင်းလိုက်မယ်! နင် ကောင်းကောင်းစား၊ ကောင်းကောင်းသောက်နေနိုင်မလားကြည့်ရအောင်”

“အမေ၊ အမေသာ အကြောင်းပြချက်မရှိဘဲ ဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် ကျွန်မ ရဲကို ဖုန်းဆက်လိုက်တော့မှာနော်”

“နင် ခေါ်လိုက်လေ၊ နင်တတ်နိုင်ရင် နတ်ဘုရားကိုပါ ခေါ်လိုက်၊ သူက နင့်အဖေပဲ၊ သူ့ကို အိမ်ကနေ မောင်းထုတ်ရဲရင် နင်က မိဘကို မလေးစားတဲ့သူ ဖြစ်သွားလိမ့်မယ်”

ကျိုးချွေ့ဟွားက ဒေါသတကြီးဖြင့် ခုန်ပေါက်ကာ စကားပြောဆိုနေခဲ့သည်။ လင်းမိန်ဟွေ့သည်လည်း သူ့နှင့် ထပ်မံငြင်းခုံရန် အားအင်မရှိတော့သည့်အတွက် ကျိုးချွေ့ဟွားရှေ့တွင်ပင် တံခါးကို ဝုန်းခနဲ ပိတ်လိုက်ကာ မျက်နှာသေနှင့် အိမ်ထဲ ပြန်ဝင်လိုက်ပြီး အိပ်စက်အနားယူဖို့လုပ်ခဲ့လေသည်။

သို့သော်လည်း မိနစ်အနည်းငယ်အတွင်း၌ ကျိုးချွေ့ဟွားက မူးယစ်နေသည့် လင်းကွားချင်းကို စုန့်ယီတို့အိမ်တံခါးဝအထိ တွန်းပို့လာခဲ့ကာ တံခါးဝ၌ ရပ်လျက် ကျိန်ဆဲတော့သည်။

“လင်းမိန်ဟွေ့၊ နင် အသက်ရှင်နေသရွေ့ ငါတို့က နင့်မိဘတွေပဲ၊ နင့်ရဲ့မိဘတွေက နင့်ကို ပြုစုပျိုးထောင်ခဲ့တာ၊ နင်လည်း မိဘကို ပြန်ကျွေးမွေးစောင့်ရှောက်ရမယ်၊ ဒီနေ့ နင်သာ နင့်အဖေကို မကြည့်ရှုဘူးဆိုရင် နင်တို့စုန့်မိသားစုရှေ့မှာပဲ သူ မူးပြီး သေသွားတာကို စောင့်ကြည့်နေလိုက်”

ကျိုးချွေ့ဟွားက လင်းမိန်ဟွေ့ ဆက်လက်ငြိမ်နေနိုင်လိမ့်မည်ဟု မယုံကြည်ပေ။

သို့သော်လည်း လင်းမိန်ဟွေ့သည်ကား အိမ်နီးချင်းများ၏ လှောင်ပြောင်မှုကိုဖြစ်စေ ဝေဖန်မှုများကိုဖြစ်စေ မကြောက်ရွံ့ပါချေ။

စုန့်ယီကတော့ စိတ်နှလုံး နူးညံ့နေဆဲပင်။

သူက အိမ်ခန်းထဲသို့ ဝင်၍ တိုင်ပင်သည့် လေသံဖြင့် ပြောလာခဲ့သည်။

“မိန်ဟွေ့၊ ကိုယ်တို့တွေ သူတို့ကို ဓာတ်မြေဩဇာ အိတ်နည်းနည်း ပေးလိုက်ကြမလား၊ လယ်ထဲမှာ ဓာတ်မြေဩဇာ နည်းနည်းပဲ ထည့်ရင်လည်း ဘာမှမဖြစ်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း သီးနှံစိုက်နိုင်မှာ မဟုတ်ဘူး”

လင်းမိန်ဟွေ့ကတော့ ကျိုးချွေ့ဟွားမှ ထပ်ခါထပ်ခါ လာ၍ ပြဿနာရှာနေခြင်းကို ဒေါသထွက်နေခဲ့သည်။ စုန့်ယီမှ ဤသို့ ပြောလိုက်သည်ကိုကြားလျှင် လင်းမိန်ဟွေ့သည် ခံပြင်းစွာ ထထိုင်လိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မရဲ့ မိဘတွေကို ကျွန်မထက် ဘယ်သူမှ ပိုမသိနိုင်လောက်ဘူး၊ ရှင်သာ ဒီတစ်ကြိမ် သူတို့ကို လိုက်လျောလိုက်ပေးလိုက်ရင် နောင်ကျရင် သူတို့က ပိုပြီးဆိုးလာရုံပဲရှိလိမ့်မယ်၊ ညှိနှိုင်းလို့ရမယ်လို့ မထင်နဲ့တော့”

လင်းမိန်ဟွေ့အနေဖြင့် အတော်လေး ဒေါသထွက်နေသော်လည်း ဤကိစ္စကို စုန့်ယီနှင့် ဆွေးနွေးရဦးမည်ပင်။

စုန့်ယီသာ ကျန်းကျစ်ကုန်းကဲ့သို့လူမျိုးဆိုပါက ကျိုးချွေ့ဟွားအနေဖြင့် ဤကဲ့သို့ ရဲတင်းသည့်အရာမျိုးကို လုပ်ရဲမည်မဟုတ်ပေ။ သူမက စုန့်ယီ၏ စိတ်သဘောထားနူးညံ့မှုကို အခွင့်ကောင်းယူ၍ ဤကဲ့သို့ ပြဿနာရှာနေခြင်းဖြစ်သည်။

“ဒါပေမဲ့ မင်းရဲ့အဖေကို အိမ်ပြင်မှာ ထားခဲ့လို့ မရဘူးလေ”

“အစ်ကိုစုန့်ယီ၊ ကျွန်မ ရွာသူကြီးဆီကို သွားပြောလိုက်မယ်၊ ရွာသူကြီးကသာ ကြားဝင်မစေ့စပ်ပေးနိုင်ရင် ရဲကို ဖုန်းဆက်တော့မယ်…”

လင်းမိန်ဟွေ့ အိပ်ရာမှ ထလိုက်ပြီး သန်မာဟန်ဆောင်နေခဲ့ကာ မျက်ရည်များ တိတ်တဆိတ် သုတ်လိုက်သည်။

သူမက အဝတ်မလဲတော့ဘဲ ရွှံ့များပေနေသည့် ဖိနပ်တစ်ရံကိုသာ စီး၍ ထွက်သွားခဲ့သည်။

လမ်းတစ်လျှောက်လုံးတွင် လင်းမိန်ဟွေ့၏ စိတ်ထဲ၌ သူမ၏ ဘဝဟောင်းမှ အဖြစ်အပျက်များဖြင့် ပြည့်နှက်နေသည်။ ကျန်းမိသားစုထံမှ မင်္ဂလာဦး လက်ဖွဲ့ငွေရရှိရန်အတွက် ကျိုးချွေ့ဟွားက သူမကိုစကားတစ်ခွန်းမှ မပြောခဲ့ဘဲ ကြင်ဖက်တွေ့ဆုံစေ့စပ်မှုလုပ်ခဲ့သည်။

သူမအား ကျောင်းမတက်စေရန်အတွက် လင်းကွားချင်းက သူမ၏ ကျောင်းမှတ်တမ်းများကို မီးရှို့ပစ်ခဲ့သည်။

သူမ ကျန်းမိသားစုနှင့် လက်ထပ်ခဲ့ရပြီး ဝက်နှင့်ခွေးကဲ့သို့ ဆိုးရွားသည့် ဘဝမျိုးနှင့် နေခဲ့ရလေသည်။ ထိုအချိန်တွင် သူမ၏ မိဘများကို အကူအညီတောင်းခဲ့သော်လည်း သူတို့က ဤသို့သာပြောခဲ့သည်။

“လက်ထပ်ပြီးတဲ့သမီးက ဖိတ်စင်သွားတဲ့ ရေလိုပဲ၊ မင်းတို့ရဲ့ကိစ္စတွေမှာ ငါတို့ ဝင်မပါတော့ဘူး”

လင်းမိန်ဟွေ့ ဘဝဟောင်းတွင် မည်သို့အခြေအနေနှင့် သေဆုံးခဲ့ရသနည်း။

သူမ၏ မိဘဆိုသူများကပင် သူမကို ထိုသို့ သေရန် တွန်းပို့ခဲ့ခြင်း ဖြစ်ပေသည်။

ဤသို့သော နာကျင်မှုများကို မြိုချရန်အတွက် လင်းမိန်ဟွေ့ ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ ကြိုးစားခဲ့ရသည်။ သို့သော်လည်း ယခုအချိန်တွင် ထိုအခြေအနေများက နောက်တစ်ဖန် ပြန်လည်ပေါ်ပေါက်လာကာ သူမကို ဆင်းရဲဒုက္ခဖြစ်စေခဲ့ပြန်သည်။

လင်းမိန်ဟွေ့သည် ရွာသူကြီးထံသို့ သွား၍ ဖြစ်ပျက်ခဲ့သည်များကို အတိုချုပ် ရှင်းပြလိုက်သည်။

ရွာသူကြီးသည်ကား မိဘများ၏ ဆိုးသွမ်းမှုများကို ဂရုစိုက်ရန်အတွက် အနည်းငယ် တွန့်ဆုတ်နေပုံရသည်။

သို့နှင့် လင်းမိန်ဟွေ့လည်း ရွာသူကြီးရုံးခန်းတံခါးကို တိုက်ရိုက်ပိတ်၍ ပြောလိုက်သည်။

“ရွာသူကြီး၊ ဒီကိစ္စကို မဖြေရှင်းနိုင်ရင် ကျွန်မ ပြည်သူ့လုံခြုံရေးဗျူရိုကို သတင်းပို့တော့မယ်၊ အဲဒီအချိန်ကျမှ ဆိုးကျိုးတွေ ဖြစ်လာရင် ရွာသူကြီး ကျွန်မကို အပြစ်မတင်ပါနဲ့”

ရွာသူကြီးလည်း စားပွဲပေါ်ရှိ သတင်းစာများကို သိမ်းလိုက်ကာ လင်းမိန်ဟွေ့အား ပြန်ကြည့်လိုက်မိသည်။ သူမသည်ကား ရွှံ့များဖြင့်ပေကျံနေခဲ့ပြီး လောလောလတ်လတ်မှ လယ်လုပ်ပြီးမှ ပြန်လာသည့် ပုံရသည်။ ဤကဲ့သို့ ဆင်းရဲ ဒုက္ခခံ၍ ကြိုးစားလိုသည့် လူငယ်များက သိပ်မများလှတေားပေ။

လင်းမိသားစုသည်ကား ရွာထဲတွင် လောဘကြီးပြီး ပျင်းရိသည့်အတွက် နာမည်ကြီးသည်။

သူသည်လည်း ဤလူနှစ်ယောက်မှ သမီးဖြစစ်သူအပေါ် မကောင်းဘဘဲ ကျွန်လုပ်သားများကဲ့သို့ ဆက်ဆံသည်ဟု ကြားဖူးသည်။

သို့သော်လည်း ရွာထဲရှိ မိဘများမှာ အလွန်မောက်မာလွန်း၍ သူ ထိန်းချုပ်၍ မရပေ။

လက်ရှိတွင် လင်းမိန်ဟွေ့၏ ခံစားချက်ပြင်းထန်နေသည့် မျက်လုံးများကို မြင်လိုက်ရ၍ ဖြစ်နိုင်လိမ့်မည်။ ရွာသူကြီး သက်ပြင်းချလိုက်မိသည်။

“မင်း ဒီအရွယ်လေးနဲ့ ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ၊ သူတို့ ဘယ်လောက်ပဲ မှားနေပါစေ၊ သူတို့က နင့်မိဘတွေပဲလေ”

“ကျွန်မ သူတို့ရဲ့ ကျေးဇူးကို ဆပ်ပြီးပါပြီ၊ အခုကစပြီး သူတို့က ကျွန်မရဲ့ မိဘတွေ မဟုတ်တော့ဘူး! တခြားသူတွေက ပျော်ပွဲတစ်ခုလို သတ်မှတ်ပြီး ကြည့်ချင်ကြတာပဲ၊ ဒါပေမဲ့ ကျွန်မ သူတို့နှင့်ဘယ်တော့မှ ထပ်မပတ်သက်ခြင်တော့ဘူး၊ ရွာသူကြီး၊ ဒါက ရှင့်အပေါ်မှာပဲ မူတည်တယ်”

ရွာသူကြီးလည်း လက်ညှိုးထိုး၍ တံခါးကို ညွှန်ပြလိုက်သည်။

“ကောင်းပြီ၊ ငါ မင်းနဲ့ လိုက်ခဲ့ပြီး သူတို့အကြောင်း ပြောမယ်၊ လူကြီးနှစ်ယောက်က ဘယ်လို့ ဒီလောက်တောင် ရှက်စရာကောင်းတာတွေလုပ်နေရတာလဲ”

ရွာသူကြီးနှင့် လင်းမိန်ဟွေ့တို့ သူတို့၏ အိမ်တံခါးဝရောက်သော် မူးရူးကာ လှည်းပေါ်၌ လှဲအိပ်နေသည့် လင်းကွားချင်းကို ချက်ချင်းတွေ့လိုက်ရသည်။

ကျိုးချွေ့ဟွားကတော့ လှည်းဘောင်ပေါ်တွက် ထိုင်နေခဲ့ကာ ကောက်ရိုးဦးထုပ်ကို ကိုင်လျက် ယပ်ခတ်နေခဲ့သည်။ ရွာသားများကတော့ ဘေးနားတွင် ဝိုင်း၍ စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။

“ကျိုးချွေ့ဟွား၊ မင်း ဘာတွေလုပ် နေတာလဲ၊ ဒီလောက် အလုပ်များနေတာကို နင် ဘာလို့ လယ်မလုပ်ဘဲ တခြားလူတွေရဲ့ အိမ်ရှေ့မှာ လာပြီးခုန်ပေါက်ပြေးလွှားနေရတာလဲ”

ရွာသူကြီးက ဆူငေါက်လိုက်သည်။

ကျိုးချွေ့ဟွားက ရွာသူကြီးရောက်လာကြောင်းကို သိသော်လည်း သူ့အား ဂရုမစိုက်ဘဲ ခေါင်းလှည့်ကာသာ ဆက်လက်၍ ယပ်ခတ်နေခဲ့သည်။

“မင်းတို့နှစ်ယောက်က လက်ခြေအစုံအလင်ရှိလျက်နဲ့ သမီးကို ခေါင်းပုံဖြတ်ပြီး အသက်မွေးဖို့ပဲ မျှော်လင့်နေတယ်၊နောင်ကျရင် မင်းတို့ရဲ့ သားက မင်းတို့တွေကို မင်းတို့အလုလုပ်နေတဲ့ည ပုံစံအတိုင်း ဆက်ဆံမှာကို မကြောက်ဘူးလား”

“ဒါ ရှင့်ရဲ့ကိစ္စ မဟုတ်ပါဘူး၊ ကျွန်မတို့မိသားစု ကိစ္စက ရှင့်ကိစ္စမဟုတ်ဘူး”

ကျိုးချွေ့ဟွားက ကျိုးကြောင်းဆီလျော်ခြင်း မရှိဘဲ မောက်မာနေခဲ့သည်။ မည်သူ၏ စကားကမျှ သူမကို ဂရုစိုက်အောင်မလုပ်နိုင်ကြောင်း ပြသနေခြင်းပင်။

“သူမက မင်းတို့မိသားစုကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ယွမ်တစ်သောင်း လက်ဖွဲ့လက်ဆောင်မပေးခဲ့ဘူးလား၊ မင်းတို့ အဲဒီပိုက်ဆံကို သုံးပြီး မင်းတိာ့မိသားစုအတွက် လယ်လုပ်ပေးဖို့ အလုပ်သမားတစ်ယောက် ငှားလိုက်လေ၊ ဒါက အဆင်မပြေဘူးလား”

ရွာသူကြီးသည်လည်း ဤအဖြစ်အပျက်ကို ကြားခဲ့သည်။ ကျိုးချွေ့ဟွားက စုန့်ယီအထံမှ ယွမ်တစ်သောင်း လက်ဆောင်ပေးရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။

စုန့်ယီကလည်း မိသားစု၏ စုဆောင်းငွေအားလုံးကို လင်းမိသားစုအား ပေးလိုက်ရသည်။

“ပိုက်ဆံလား? အဲဒီ ပိုက်ဆံအားလုံးကို လင်းကွားချင်းက သုံးပစ်လိုက်တာ! ကျွန်မတို့က အသက်ရှင်နေရဖို့အတွက် သမီးကို လာရှာတာပဲ

ရွာသူကြီး၊ ကျွန်မတို့ သူမကို ပြုစုပျိုးထောင်ဖို့ ဘယ်လောက်ခက်ခဲခဲ့ရလဲဆိုတာ ရှင်သိနိုင်လို့လား”

ကျိုးချွေ့ဟွားက ထပ်မံ၍ ဆင်းရဲဒုက္ခ ခံစားနေရသကဲ့သို့ သနားစရာကောင်းအောင် ပြောဆိုလိုက်ပြန်သည်။

ရွာသူကြီးလည်း သည်းမခံနိုင်တော့သည်နှင့် သန်မာသည့် လူငယ်ရွာသားတချို့ကို ပြောလိုက်သည်။

“လင်းကွားချင်းကို ဆွဲပြီး ရေကန်ထဲ ပစ်ချလိုက်၊ သူ အမူးပြေသွားအောင် လုပ်”

ကျိုးချွေ့ဟွားတစ်ယောက် အနည်းငယ်ကြောက်သွားပြီး လင်းကွားချင်း၏ ခြေထောက်များကို ဆွဲကိုင်လိုက်သည်။

“ရွာသူကြီး၊ ရေကန်ထဲ ပစ်ချလိုက်လို့ သူ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ ကျွန်မ ခြေထောက် မသန်စွမ်းတဲ့သူကို ပြုစုစောင့်ရှောက်ဖို့ မလုပာနိုင်ဘူးနော်!”

“ကျိုးချွေ့ဟွား၊ မင်းက ပျင်းရိလွန်းပြီး ဆင်းရဲပင်ပန်းတာတွေကို ကြောက်နေတာပဲ၊ ငါကတော့ မင်းတို့ကိ အပျင်းဆုံးလူတွေအဖြစ် ခေါင်းစဥ်ပေးသင့်တယ်လို့ ထင်တယ်”

လူတစ်ယောက်က ရေပုံးတစ်ပုံး ဆွဲယူလာခဲ့သောကြောင့် ရွာသူကြီးက ရေပုံးကိုယူကာ လင်းကွားချင်း၏ မျက်နှာကို လောင်းချလိုက်သည်။

လင်းကွားချင်းတစ်ယောက် လန့်သွား၍ ရုတ်တရက် ထထိုင်လိုက်သည်။

ထို့နောက် အမူးမပြေသေးသည့် မျက်လုံးမြားနှင့် လှည့်ပတ် ကြည့်၍ ပြောလိုက်သည်။

“ဝိုင်ကုန်သွားပြီလား! စားပွဲထိုး ဝိုင်ထပ်ချပေး”

ရွာသူကြီး၏မျက်နှာက ညိုမှိုင်းသွားခဲ့ကာ လင်းကွားချင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“လင်းကွားချင်း၊ မင်း အခုချက်ချင်း မင်းမိန်းမကို ပြန်ခေါ်သွားလိုက်၊ ကောင်းကောင်းနေစမ်း၊ နောက်ပိုင်း ဒီလူငယ်စုံတွဲအိမ်မှာ ထပ်ပြီး ပြဿနာလာရှာရင် ငါနဲ့အရင်ဆုံးတွေ့မယ်၊ ကလေးမလေးက ဘယ်လောက်တောင် ပင်ပန်းနေရလဲဆိုတာ ကြည့်လိုက်ဦး”

သူ၏ စကားသံက လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

လင်းမိန်ဟွေ့သည်ကား ထောင့်တစ်နေရာ၌ ကွေးကွေးလေး ထိုင်၍ ခြေထောက်များကို ပိုက်ကာ အိပ်ပျော်နေခဲ့သည်။ သူမ၏ ဖိနပ်များတွင်လည်း ရွှံ့များပေကျံနေခဲ့လေသည်။ ရွာထဲရှိ အဆင်းရဲဆုံး မိသားစုပင်လျှင် သူတို့၏ သမီးကို ဤမျှ ပင်ပန်းအောင် မလုပ်ခိုင်းခဲ့ပေ။

အန်တီယန်သည်လည်း လင်းမိန်ဟွေ့၏ ပုံစံကို မြင်သော် ရုတ်တရက် ငိုကြွေးလိုက်မိသည်။ သူမက နေရာသို့ ပြေးသွားကာ လင်းမိန်ဟွေ့အား ပွေ့ဖက်လိုက်လေသည်။

“ကလေးလေး၊ အိမ်ပြန်ပြီး အမြန်အိပ်လိုက်တော့၊ ဘာလို့ ဒီမှာ အိပ်နေတာလဲ”

ရွာသားများသည်လည်း လင်းမိန်ဟွေ့၏ ပုံစံကို မြင်သော် အနည်းငယ်ဝမ်းနည်းသနားသွားကြလေသည်။

စုန့်ယီကို ထပ်ကြည့်လိုက်လျှင်လည်း သူ၏ နံရိုးကျိုးထားသည့်ဒဏ်ရာက မပျောက်သေးပေ။ သူ၏ ကိုယ်ပေါ်တွင် ရွှံ့များနှင့် ရေများ ပေနေခဲ့ပြီး သူ၏ အဝတ်အစားများမှာလည်း အရောင်ကိုပင် မမြင်ရတော့ပေ။

လူတိုင်းက လှည်းထဲတွင် ထိုင်နေသည့် လင်းကွားချင်းနှင့် ကျိုးချွေ့ဟွားအား မနှစ်မြို့စွာ လှည့်ကြည့်လိုက်ကြသည်။

“မင်းတို့တွေက တကယ်ကို ဆိုးယုတ်နေတာပဲ၊ မိုးကြိုးပစ်ခံရမှာကို မကြောက်ဘူးလား”

*

အခန်း(50)ပြောင်းပင်တွေအားလုံး ညှိုးခြောက်သွားပြီ

ကျေးလက်ဒေသ၌ အိမ်တစ်အိမ်တွင် ကိစ္စတစ်ခုခုဖြစ်သွားခဲ့လျှင် ရွာ၏ အရှေ့ဘက်မှ အနောက်ဘက်အထိ ပျံ့နှံ့သွားတတ်ပြီး အိမ်တိုင်း၏ ပန်းကန်ခွက်ယောက်များအောက်တွင်* ပြောစရာတစ်ခုဖြစ်လာခဲ့သည်။

(T/n: ထမင်းစားဝိုင်းတွေမှာ စားသောက်ရင်း ပြောဆိုစရာ ခေါင်းစဥ်တစ်ခုဖြစ်လာတယ်)

ကျိုးချွေ့ဟွားမှ စုန့်ယီတို့အိမ်သို့သွားကာ ငွေတောင်း၍ ပြဿနာရှာခြင်း၊ သနားစရာကောင်းသကဲ့သို့ဟန်ဆောင်ခြင်းများက တစ်ရွာလုံးမှ ဆွေးနွေးနေကြသည့် ကိစ္စများဖြစ်လာခဲ့သည်။

ထိုအချိန်မှစ၍ ကျိုးချွေ့ဟွားတစ်ယောက် အပြင်သို့ထွက်တိုင်း ဝေဖန်ခံရတော့သည်။ လင်းရှောင်ရှုပင် အတော်ကြာအောင် ဒုက္ခရောက်ခဲ့ရသည်။

ဤသို့ဖြင့် မိသားစုထဲတွင် ရန်ဖြစ်ကြတော့သည်။ ကျိုးချွေ့ဟွားက လင်းကွားချင်း၏ ပျင်းရိမှုများနှင့်အရက်သောက်ခြင်းကို အပြစ်တင်သည်။ လင်းရှောင်ရှုကတော့ သူ၏ မိဘများမှ လူမဆန်သည့်လုပ်ရပ်များအပေါ်ကို အပြစ်တင်သည်။

နောက်ဆုံး၌ လင်းကွားချင်းတစ်ယောက် ဒေါသများကိုဖော်ထုတ်စရာ ထွက်ပေါက်မရှိတော့သည့်အတွက်ကြောင့် လင်းရှောင်ရှုကိုသာ ခါးပတ်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တော့သည်။ ကျိုးချွေ့ဟွားတစ်ယောက် ရွာထဲမှဆရာဝန်ထံမှ ဒဏ်ကြေဆေးရည်ကို အကြိမ်များစွာ ဝယ်ခဲ့ရသည်ကို လူတိုင်းတွေ့မြင်ခဲ့ကြသည်။

လင်းမိန်ဟွေ့တို့ဘက်တွင်တော့ အပင်များကို စိုက်ပျိုးပြီးနောက်တွင် အချိန်အနည်းငယ်ကွာပြီးလျှင် လယ်ထဲရှိ ကောက်နှံများက အပင်စတင်ပေါက်လာသည်။

မျိုးစေ့များမှာ ရေများကို ဝဝလင်လင်သောက်ရပြီး နေရောင်ခြည်ကိုလည်း ခံစားရသောကြောင့် အောက်ဘက်သို့ အမြစ်တွယ်ရန် ကြိုးစားပြီးလျှင် အပေါ်ဘက်သို့ အပင်ပေါက်အညှောင့်ထွက်ရန် ကြိုးစားခဲ့ကြပြန်သည်။

လင်းမိန်ဟွေ့တစ်ယောက် ကောက်ရိုးဦးထုပ်ကိုဆောင်းပြီးပေါက်တူးကို ကိုင်ကာ ရွာထဲရှိ တခြားတောင်သူများနည်းတူ လယ်ကွင်းများသို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း အမှန်တကယ်၌ သူမထံတွင် ပေါက်တူးနှင့် တူးဆွရန် အပင်များမရှိသေးချေ။ သူမက မျိုးစေ့များ အပင်ပေါက်ပြီလားဆိုသည်ကိုသာ သိလိုခြင်း ဖြစ်လေ၏။

စုန့်ယီ ပြောသကဲ့သို့ မြေကြီးထဲ၌ မြက်ပင်တစ်ပင်မျှပင် မပေါက်သည်က အမှန်ဖြစ်နိုင်သည်လားဆိုသည်ကို သိလိုခြင်း ဖြစ်လေ၏။

ဤစိတ်မချနိုင်သည့် ခံစားချက်မှာ ကလေးများကို ဂရုစိုက်ရသည်နှင့် တူညီသည်။ ၎င်းတို့က မကြီးပြင်းနိုင်သေးဘဲ မိုးကုန်သွားမည်ကိုလည်း စိုးရိမ်နေခဲ့သည်။

လင်းမိန်ဟွေ့တစ်ယောက် လယ်ကွင်းသို့ ရောက်လာပြီးနောက်တွင် အဝေးမှ တခြားလူများ၏ လယ်ကွင်းများက စိမ်းစိုနေသည်ကို မြင်လိုက်ရသည်။ အလယ်တွင် အဖူးလေးများပါသည့် အရွက်နှစ်ရွက်က အားအပြည့်ရှိနေခဲ့ပြီး လေထဲ၌ ညင်သာစွာ ယိမ်းနွဲ့နေသည်။

သို့သော်လည်း စုန့်ယီ၏ မြေကွက်ကား မြေဝါတစ်တုံးကဲ့သို့ပင် ပြာင်ရှင်းနေဆဲဖြစ်ပြီး မည်သည့်အရာမျှ မရှိနေသေးပေ။

လင်းမိန်ဟွေ့ အနည်းငယ် စိတ်ပျက်သွားခဲ့ကာ ခြေလှမ်းများသည်လည်း နှေးသွားခဲ့သည်။ သူမ လျှင်မြန်သွားမိလျှင် အပင်များမပေါက်နိုင်ကြောင်းကို ပိုပြီးမြန်မြန် သိလိုက်ရမည်ကို ကြောက်နေခဲ့မိသည်။

လယ်ကန်သင်းရိုးရှေ့သို့ ရောက်သော် လင်းမိန်ဟွေ့တစ်ယောက် အဝေးမှ မြေများကို ကြည့်၍ သက်ပြင်းမချဘဲ မနေနိုင်ပေ။

ထို့နောက်တွင် အဘယ်ကြောင့် ဤသို့ဖြစ်နေသည်ကို ကြည့်ရန်အတွက် ထိုင်ချလိုက်သည့်အခိုက်တွင်တော့ မြေကြီးအောက်မှ ထိုးဖောက်ထွက်လာသည့် အညှောက်လေးများကို တွေ့လိုက်ရသည်။ အဝါရောင် အညှောက်သေးသေးလေးများမှာ မွေးကင်းစ ကလေးများကဲ့သို့ပင်။

ဤတခဏတွင် လင်းမိန်ဟွေ့တစ်ယောက် ပျော်ရွှင်လွန်း၍ မလှုပ်နိုင်ဖြစ်သွားရသည်။ သူမ မြေကြီးပေါ်သို့ အနီ့ကပ်ကြည့်လိုက်ကာ လက်ချောင်းလေးများဖြင့် နူးညံ့သည့် အညှောက်လေးနှစ်ခုကို ညင်သာစွာ ဆွဲထုတ်လိုက်သည်။

သူမ၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေခဲ့ပြီ။

သူမအနေဖြင့် နတ်ဘုရားများက မည်သူ့ကိုမျှ မျက်နှာမလိုက်သကဲ့သို့ မြေကြီးများပေါ်မှ စိုက်ပျိုးနိုင်မှုကိုတန်း တန့်းတူထားပေးကြောင်း တွေးလိုက်မိသည်။

ထို့ကြောင့် စုန့်ယီ၏ မြေတွင်လည်း သီးနှံများ ပေါက်လာမည်ဖြစ်ပြီး အထွက်နှုန်း ကောင်းနိုင်လိမ့်မည်ဟု မျှော်လင့်နိုင်ပေပြီ။

“အစ်ကိုစုန့်ယီ၊ ကျွန်မနဲ့အတူ လယ်ကွင်းတွေကို လာကြည့်ပါဦး၊ လယ်ကွင်းထဲက မျိုးစေ့တွေ အားလုံး အညှောက်ပေါက်နေပြီ၊ အပင်တိုင်း ကောင်းတယ်”

လင်းမိန်ဟွေ့တစ်ယောက် အိမ်သို့ပြန်ရောက်သည်နှင့် ဟင်းသီးဟင်းရွက်ခင်းကို ရေလောင်းနေသည့် စုန့်ယီအား ဆွဲထုတ်၍ အပြင်ဘက်သို့ ပြေးထွက်လာခဲ့ပြန်သည်။ စုန့်ယီပင် သူ၏နောက်မှ အချင်မီအောင်မလိုက်နိုင်တော့ပေ။

သူက သူမကို အသာ ဆွဲ၍ ပြောလိုက်သည်။

“ဖြည်းဖြည်းသွားလေ၊ လဲမကျအောင် သတိထားဦး”

လင်းမိန်ဟွေ့တ၀်ယောက် ပျော်ရွှင်စွာ ပြေးသွားရင်း ဖိနပ်ပင် ကျွတ်ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် သူမက နောက်ကို လှည့်ကာ ကောက်ယူလိုက်ပြီးမှ စုန့်ယီကို ဆွဲ၍ လယ်ကွင်းထဲသို့ ပြေးသွားခဲ့သည်။

သူတို့နှစ်ယောက် လယ်ကွင်းသို့ ရောက်ပြီးနောက် ပြောင်းဖူးပင်လေးများ အပင်ပေါက်နေသည်ကို မြင်လျှင် အလွန် စိတ်လှုပ်ရှားသွားခဲ့ကြသည်။

လင်းမိန်ဟွေ့က စုန့်ယီ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး စုန့်ယီသည်လည်း လင်းမိန်ဟွေ့ကိုသူ၏ ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်မိသည်။

“မိန်ဟွေ့၊ ကိုယ်တို့ရဲ့မြေက သီးနှံတွေ စိုက်လို့ရပြီ”

လယ်ကွင်းထဲသို့ လေအေးလေး တိုက်ခတ်လာခဲ့ပြီး ဘေးဘက်မှ ပြောင်းဖူးပင်လေးများကလည်း သူတို့၏ အတွေးများကို နားလည်သကဲ့သို့ လင်းမိန်ဟွေ့နှင့် စုန့်ယီကို အားလာခဲ့ကြသည်။

လယ်ကွင်းများတွင် မျှော်လင့်ချက်များ ရှိလာခဲ့သည့်အတွက် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့အနေဖြင့် ဘဝအတွက် စိုးရိမ်ပူပန်မှုများ နည်းသွားခဲ့ကြသည်။ လင်းမိန်ဟွေ့က ကျန်ရှိနေသည့် သစ်သီးခြောက်များကို ရောင်းလိုက်ပြီးနောက်တွင် မိသားစုထဲတိင် ငွေများပိုရလာခဲ့သည်။

ထို့ကြောင့် သူတို့က အပြင်ဘက်သို့ လျှောက်သွားခြင်းများကို ရပ်လိုက်ကြပြီး အပင်ပေါက်များ ကြီးလာရန်အတွက် စောင့်ဆိုင်း၍ မြေကြီးများကို တူးဆွရန်သာ စောင့်ဆိုင်းနေခဲ့ကြသည်။

ဤရက်ပိုင်းများတွင် လင်းမိန်ဟွေ့က နေ့တိုင်းနီးပါး လယ်ကွင်းထဲသို့ ပြေးသွားလေ့ရှိသည်။ သူမ၏ အသားအရောင်က အတော်လေး ညိုသွားသော်လည်း ပိုမို ပြုံးရယ်လာခဲ့ပြီး အလွန်အမင်း ပျော်ရွှင်နေပုံရသည်။

စုန့်ယီလည်း သူမ ပျော်ရွှင်နေကြောင်းကို တွေ့မြင်ခဲ့သည်။ မျက်လုံးများ အမြဲတစေနီရဲနေတတ်သည့် ကလေးမလေးမှာ ယခုအချိန်တွင် အပင်အဖူးအညှောက်လေးကဲ့သို့ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာခဲ့သည်။

မိုးက နောက်တစ်ကြိမ် ထပ်ရွာလာချိန်တွင် စုန့်ယီ၏ ဒဏ်ရာကလည်း ပျောက်ကင်းခါနီး ဖြစ်နေခဲ့ပြီ။

ထိုနေ့ မနက်စောစောတွင် သူနှင့် လင်းမိန်ဟွေ့တို့ ပေါင်းပင်နှုတ်၍ မြေဆွေးပေးရန် လယ်ကွင်းသို့သွားကြသည်။ သူတို့က အပင်ပေါက်များ အမြန်ကြီးထွား၍ အခြားသူများ၏ စိုက်ကွင်းကို အမှီလိုက်နိုင်ရန် မျှော်လင့်နေခဲ့ကြလေ၏။

သူတို့ လယ်ကွင်းရောက်သော် မုဆိုးမလျိုတစ်ယောက် ဆံပင်များ ရှုပ်ပွစွာဖြင့် လယ်ကွက်အပြင်နားတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ လင်းမိန်ဟွေ့က သူမကို အဝေးမှ နှုတ်ဆက်လိုက်လေသည်။

“အန်တီလျို”

မုဆိုးမလျိုလည်း သူတို့လာသည်ကို မြင်လျှင် ထွက်ပြေးသွားလိုခဲ့သော်လည်း လင်းမိန်ဟွေ့က ခြေလှမ်းအနည်းငယ်ဖြင့် သူမကို တားလိုက်သည်။

“အန်တီလျို၊ ကျွန်မတို့ရဲ့လယ်ထဲမှာ အပင်ပေါက်တွေ ပေါက်နေပြီ၊ အန်တီ ကျွန်မတို့အတွက် ပျော်လား”

မုဆိုးမလျို၏ မျက်နှာပေါ်တွင်တော့ စိုးရိမ်စိတ်များ ပြည့်နေသည်။ သူမက ခဏလောက် တွန့်ဆုတ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ လယ်ကွင်းကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

“မိန်ဟွေ့၊ မင်းရဲ့လယ်ထဲက အပင်ပေါက်တွေအားလုံး ညှိုးနေပြီ၊ သွားကြည့်ပါဦး”

လင်းမိန်ဟွေ့လည်း ခေါင်းလှည့်လိုက်သော် မြင်နိုင်သည့် နေရာမှပြောင်းပင်ပေါက်လေးများအားလုံးက ဆီးနှင်းထိထားသကဲ့သို့ မြေကြီးပေါ်တွင် ငိုက်ကျကာ ညှိုးခြောက်နေသည်ကို တွေ့လိုက်ရသည်။

အစိမ်းရောင် ဖြစ်နေသည့် ပြောင်းပင်များမှာ လက်ရှိတွင် အဝါရောင်သန်း၍ ညိုးနွမ်းနေခဲ့ပေပြီ။ တချို့နေရာများတွင်မူ ညှိုးခြောက်လုနီးပါးဖြစ်နေခဲ့ပြီ။

“မုဆိုးမလျို၊ ဒါ ခင်ဗျား လုပ်လိုက်တာလား”

စုန့်ယီ ရုတ်တရက် စိတ်ပူပန်သွားခဲ့သည်။ မုဆိုးမလျိုသည်က လင်းမိန်ဟွေ့အား အမြဲဒုက္ခပေးနေတတ်ကြောင်းကို စုန့်ယီသိသွားခဲ့သောကြောင့် သူမ ပြုလုပ်ခဲ့သည်ဟု ထင်မှကာ ဒေါသထွက်သွားခဲ့လေသည်။

မုဆိုးမလျိုက သူ့ကို စိုက်ကြည့်၍ ပြောလာသည်။

“စုန့်ယီ၊ မင်း တခြားသူတွေကို အဟုတ်တမ်းတရား မတိုက်ခိုက်သင့်ဘူး၊ ငါက ကြမ်းတမ်းတယ်လို့ ပြောလို့ရပေမဲ့ သဘာဝကို ထိခိုက်စေတဲ့ ဘာအရာမှ ငါ မလုပ်ခဲ့ဖူးဘူး”

လင်းမိန်ဟွေ့သည်လည်း မုဆိုးမလျို၏ စိတ်ထဲရှိ အဖုအထစ်ကို သိနေ၍ သူမ မဟုတ်ကြောင်းကို သိထားခဲ့ကာ စုန့်ယီအား အလျင်အမြန် တားဆီးပြီး မုဆိုးမလျိုအား လွှတ်လိုက်သည်။

“အစ်ကိုစုန့်ယီ၊ မဟုတ်တာတွေကို မတွေးပါနဲ့၊ မုဆိုးမလျို လုပ်တာ မဖြစ်နိုင်ဘူး”

“မင်း ဘာလို့ သေချာတာလဲ၊ သူမက အမြဲတမ်း ပြဿနာရှာရတာကို ကြိုက်တယ်၊ တခြားလူတွေက သူမအပေါ် တစ်ခုခု အကြွေးတင်နေသလိုပဲ…”

စုန့်ယီတစ်ယောက် ညှိုးနေသည့် အပင်ပေါက်များကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်လာသည်။

ရွာထဲမှ လူအများပြောနေသည့် ထိုကောလာဟလများက သူ့ထံသို့ ကျိန်စာတစ်ခုကဲ့သို့ ရှိနေစေခဲ့ပြီး သူ့ကို အသက်ရှူကျပ်စေသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မကို ယုံပါ၊ မုဆိုးမလျိုက သူများကို ဒုက္ခပေးတဲ့သူ မဟုတ်ဘူး၊ မြေကြီးမှာ ဘာဖြစ်နေလဲ အရင်ကြည့်ရအောင်၊ မြေက အရမ်းခြောက်နေလို့လား ဒါမှမဟုတ် ဓာတ်မြေဩဇာ မလုံလောက်တာလားပဲ”

လင်းမိန်ဟွေ့ သတိပြန်ဝင်လာခဲ့သည်။ ဤအချိန်၌ ဆူပူခြင်းက လူအချို့ကို ရယ်စရာ ဖြစ်စေခြင်းသာ ရှိမည်။ လုပ်သင့်သည်မှာ ဖြစ်လာရသည့် အကြောင်းရင်းကို ရှာဖွေ၍ အချိန်မီ ကယ်တင်ရမည်ပင်။

“မဟုတ်ဘူး၊ ကိုယ် အန်တီယန်ကို အကြံဉာဏ်တောင်းခဲ့ပြီးပြီ၊ နောက်ပြီး သူမရဲ့ညွှန်ကြားချက်အတိုင်းပဲ လုပ်ခဲ့တာ၊ တဆင့်ခြင်းကို လိုက်နာခဲ့တာ”

စုန့်ယီ အနည်းငယ် စိတ်ပျက်အားငယ်နေခဲ့သည်။

လင်းမိန်ဟွေ့ : “ကျွန်မတို့က အတွေ့အကြုံမရှိသေးတဲ့သူတွေဆိုတော့ အမှားလုပ်မိမှာပဲလေ၊ ကျွန်မ အန်တီယန်ကို လာခိုင်းလိုက်မယ်၊ အစ်ကိုစုန့်ယီ၊ စိတ်မပူပါနဲ့ ကျွန်မတို့ နည်းလမ်းရှာကြမယ်”

စုန့်ယီ အတွေးများဖြင့် စိုးရိမ်ပူပန်နေခဲ့သည်။ ထိုကဲ့သို့ မကောင်းသည့် အရာထဲသို့ ထပ်မံကျရောက်သွားပြီး မည်သည့်အခါမျှ ပြန်မထွက်နိုင်မည်ကို ကြောက်နေမိသည်။

ယခင်က သူ တစ်ယောက်တည်း နေခဲ့သည့်အတွက် ကိစ္စမရှိပါချေ။ သို့သော်လည်း ယခုအချိန်တွင် လင်းမိန်ဟွေ့ရှိနေပြီဖြစ်သောကြောင့် သူမကိုလည်း သူနှင့်အတူ ဤကဲ့သို့ ဆင်းရဲဒုက္ခမျိုးကို ခံစားရစေခြင်းကို သူ မဖြစ်စေချင်ပေ။

စုန့်ယီတစ်ယောက် အလွန်စိတ်မသက်မသာဖြစ်စွာနှင့် လယ်ကွင်းထဲသို့ ဆင်းသွားကာ ပတ်ပတ်လည်ကို ဆက်ကြည့်လိုက်သည်။ သူ့အနေဖြင့် အပင်ပေါက်လေးများ တချို့က အသက်ရှင်နေရန် မျှော်လင့်နေခဲ့မိသည်။

သို့သော်လည်း လယ်ကွက်တစ်ခုလုံးကို ပတ်ကြည့်ပြီးသည့်နောက်တွင်ပင် စိမ်းလန်းသည့် အပင်ပေါက်လေးများက တစ်ပင်မျှပင် မကျန်တော့ပေ။ အပင်ပေါက်များအားလုံးက ညိုးနွမ်းကာခေါက်ငိုက်စိုက်ကျနေသည့် အဝါရောင်အမျှင်လေးများအဖြစ်သာ တွေ့နိုင်ျော့သည်။

လင်းမိန်ဟွေ့က အန်တီယန်ကို ဖိတ်ခေါ်လာခဲ့သည်။ သူမကလည်း စိတ်ရှည်လက်ရှည်နှင့် သူတို့၏ အပင်ပေါက်များကို ကူညီကြည့်ရှုပေးခဲ့သည်။ နောက်ဆုံး၌ တစ်ပင်ကို မြေကြီးမှ ဆွဲထုတ်လိုက်လေသည်။ အန်တီယန်က အပင်ပေါက်ကို လင်းမိန်ဟွေ့၏ လက်ထဲ ထည့်ပေးရင်း ပြောလာလေ၏။

“မိန်ဟွေ့၊ အမြစ်တွေ အားလုံးကပါ ညှိုးနေပြီ၊ ဒီအပင်လေးတွေက မျှော်လင့်ချက် မရှိတော့ဘူး”

“မဖြစ်နိုင်ဘူး၊ အန်တီယန်၊ အရင်ရက်တွေကမှ ကောင်းနေခဲ့တာ၊ ဘယ်လိုလုပ် ရုတ်တရက် သေသွားရတာလဲ”

လင်းမိန်ဟွေ့အနေဖြင့် ဤအမှန်တရားကို မယုံလိုပေ။ အန်တီယန်ကို နည်းလမ်းရှာခိုင်းချင်နေခဲ့သည်။

အန်တီယန်က စုန့်ယီကို ကြည့်လိုက်ပြီး သူ၏ နှစ်သိမ့်စကားသံသည် အနည်းငယ်သာ တိုးနေခဲ့သည်။

“စုန့်ယီ၊ မင်းရဲ့လယ်ကို ပြန်ငှားလိုက်ရင်ရော ဘယ်လိုလဲ၊ ဘာဖြစ်နေတာလဲဆိုတာ ကြည့်ရအောင်လေ”

အန်တီယန်သည်လည်း လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ ဤရက်ပိုင်းများ၌ ကြိုးစားခဲ့ရသည့် လုပ်အားနှင့် ချွေးများကို မြင်ခဲ့သည်။ ရွာတစ်ရွာလုံး၌ ဤလူငယ်စုံတွဲထက် ပိုကြိုးစားသူ မရှိပေ။

သို့သော်လည်း ယခုတွင်တော့ လယ်ကွင်းများက သီးနှံက မထွက်နိုင်ခဲ့ပေ။

အန်တီယန်လည်း ထိုကောလာဟလများက မှန်နေသည်လားဟု အနည်းငယ် သံသယဝင်လာခဲ့ရသည်။

All Chapters