← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း53. လျော်ကြေးငွေလက်ခံရရှိခြင်း

အခြေအနေက ဆုံးဖြတ်ချက်တစ်ခုချရန် ခက်ခဲနေခဲ့သည်။

လင်းမိန်ဟွေ့အနေဖြင့် ဆိုးရွားစွာ မပြုမူလိုသော်လည်း ၎င်းသည်က စုန့်ယီအတွက် မတရားမှုသာ ဖြစ်ချေ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စုန့်ယီတစ်ယောက် စားဝတ်နေရေးကိစ္စတင်မက၊ မိမိကိုယ်ကိုယ် နတ်ဆိုးကြယ်တစ်ပွင့်အဖြစ် အမြဲထင်မြင်ခဲ့သည်။

သူ့အနေဖြင့် အလွန်အမင်း စိတ်အားငယ်ခဲ့ရပြီး အသက်ကိုပင် စွန့်လွှတ်လုနီးပါး ဖြစ်ခဲ့ရသည်။

ဤသို့သော ဆုံးရှုံးမှုများအတွက် မည်သူက လျော်ကြေးပေးမည်နည်း။

ရွာသူရွာသားများ၏ လက်ညှိုးထိုးမှုများ၊ အကဲဖြတ်သည့် အကြည့်များကြောင့် စုန့်ယီတစ်ယောက် ကိုယ်စိတ်နှစ်ပါး နာကျင်ခဲ့ရသည်ကို မည်သူများ ပြန်လည်ဖြည့်ဆည်းပေးနိုင်မည်နည်း။

အန်တီယန်ကတော့ စိတ်မကောင်းဖြစ်နေခဲ့ကာ လင်းမိန်ဟွေ့၏ လက်ကို ဆွဲကိုင်၍ ပြောလိုက်သည်။

“မိန်ဟွေ့၊ ငါတို့ ဒါကို မေ့လိုက်ရအောင်လား၊ တာ့ချွမ်တို့မိသားစုကလည်း တကယ် မလွယ်ကူပါဘူး၊ ငါတို့အားလုံးက တစ်ရွာသားချင်းတွေပဲလေ၊ ကိစ္စတွေအရမ်းတင်းမာသွားရင် ခေါင်းချင်းဆိုင်နိုင်ပေမဲ့ မျက်နှာချင်းမဆိုင်နိုင်တော့တာမျိုးဖြစ်သွားလိမ့်မယ်”

ဤတစ်ကြိမ်၌ လင်းမိန်ဟွေ့က သူမ၏အမြင်ကို သဘောမတူခဲ့ချေ။ သူမက တာ့ချွမ်နှင့် ၎င်း၏အဖေကို တည်ငြိမ်လေးနက်သော အမူအရာဖြင့် ကြည့်၍ ပြောလိုက်သည်။

“ကျွန်မ လူလွှတ်ပြီး ရွာသူကြီးကို ခေါ်ခိုင်းထားပြီးပြီ၊ ဒီကိစ္စမှာ ရွာသူကြီးကပဲ ကျွန်မတို့ကို တရားမျှတမှု ပေးပါလိမ့်မယ်၊ အစ်ကိုစုန့်ယီနဲ့ ကျွန်မက ရွာသူကြီးပြောတာကိုပဲ နားထောင်မယ်”

“နင် ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းတဲ့မိန်းမမျိုးဖြစ်နေရတာလဲ၊ လူတွေက နင့်ကို မိဘကိုတောင် မသိတတ်ဘူး၊ ပိုက်ဆံတစ်ခုအတွက်ပဲသိတယ်လို့ ပြောနေကြတာ မဆန်းတော့ဘူး”

တာ့ချွမ်က ဒေါသတကြီး စွပ်စွဲပြောဆိုခဲ့သည်။

“မင်းတို့က ငါတို့သားအဖကို အသေခံခိုင်းနေတာလား၊ ငါတို့က မင်းတို့ရဲ့လယ်ကို ပိုးသတ်ဆေးနည်းနည်းလေး ဖျန်းပေးရုံပဲ မဟုတ်လား၊ ဒီတစ်ခါ မင်းတို့ မျိုးစေ့တွေ ထပ်စိုက်ရင် ပိုးသတ်ဆေးက မင်းတို့ရဲလယ်ကို ပိုးမွှားတွေဆီကနေ ကာကွယ်ပေးဦးမှာပဲ!”

တာ့ချွမ်၏ အဖေသည်လည်း အသံကျယ်ကျယ်ဖြင့် ပြောဆိုလာခဲ့လေ၏။ သူက လင်းမိန်ဟွေ့၏ လူမဆန်သည့် လုပ်ရပ်ကို ဒေါသထွက်နေခဲ့သည်။

လီတုန်ကတော့ လင်းမိန်ဟွေ့နှင့် စုန့်ယီဘက်တွင် ရပ်တည်ကာ တာ့ချွမ်နှင့် ၎င်း၏အဖေကို မျက်လုံးပြူးကြည့်၍ မေးလိုက်သည်။

“မင်းတို့က သူများကို အရင်ထိခိုက်အောင် လုပ်ပြီးတော့ အခု သူတို့ကို ပြန်ကိုက်နေတာလား၊ စုန့်ယီက ဒီနှစ်တွေမှာ ဘယ်လောက်တောင်ဆုံးရှုံးခဲ့ရပြီးပြီလဲ? နှစ်တွေကြာလာတာနဲ့အမျှ သူ့ဆီမှာ စိတ်ဖိစီးမှု ဘယ်လောက် ခံစားခဲ့ရလဲဆိုတာ မင်းတို့စဉ်းစားဖူးလား”

“သူတို့က ကျေးလက်က လူတွေထက် ချမ်းသာတဲ့လူတွေဆိုတော့ စိတ်ဖိစီးမှုဆိုတာ ဘာမှ မဟုတ်ပါဘူး၊ သူတို့က ငါတို့ဆီက ငွေညှစ်ဖို့ နည်းမျိုးစုံသုံးနေတာ”

တာ့ချွမ်က နှာခေါင်းရှုံ့၍ ပြောဆိုခဲ့သည်။

လီတုန်း လှောင်ရယ်လိုက်လေ၏။

“မင်းတို့က ချမ်းသာပြီး အာဏာရှိတဲ့သူတွေဆိုရင် အသေခံရမယ်လို့ပြောနေတာလား? မှားတာကိုလုပ်ထားရင် တာဝန်ယူရမယ်ဆိုတာကို မူလတန်းကျောင်းသားလေးတွေတောင် နားလည်တယ်၊ မင်းတို့ သားအဖရဲ့အသက်က သေခါနီးဖြစ်နေပြီဆိုတော့ ဒါကို ပိုပြီး နားလည်သင့်တယ်”

သို့သော်လည်း အကြောင်းအရာအများစုတွက် မှားသည်၊ မှန်သည်ဟူ၍ မရှိချေ။ မတူညီသည့် ရှုထောင့်မှ ကြည့်ပါက မတူညီသည့် အမြင်များ ဖြစ်သွားလိမ့်မည်။

လင်းမိန်ဟွေ့ စုန့်ယီ၏ စိတ်ဓာတ်ကျနေသည့် ပုံကိုကြည့်ကာ ဝမ်းနည်းသွားခဲ့ရသည်။ ယခုအချိန်တွင် သူမက တာ့ချွမ်နှင့် ၎င်း၏အဖေကို လုံးဝစာနာစိတ် မရှိတော့ချေ။

ရွာသူကြီးကတော့ ရွာထဲတွင် နောက်ထပ်ရန်ပွဲများ မဖြစ်လာစေရန် စိုးရိမ်တကြီး ပြေးလာခဲ့သည်။

ဖြစ်ပျက်နေသည့်ကိစ္စကိုတော့ လမ်းတွင် ရွာသားများထံမှ သူ ကြားခဲ့ပြီးဖြစ်လေ၏။ ရွာသူကြီးက လယ်ကွက်ထဲသို့ ရောက်လာသည်နှင့် တာ့ချွမ်နှင့် အဖေဖြစ်သူကို အော်ငေါက်တော့သည်။

“မင်းတို့နှစ်ယောက် အစားအသောက်အတွက် ရူးနေတာလား”

“ရွာသူကြီး၊ ကျွန်တော်တို့တွေ တောင်းပန်ပြီးပြီ၊ အပင်တွေကို ပြန်စိုက်ပေးမယ်လို့လည်း ကတိပေးခဲ့တယ်၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို လွှတ်မပေးတာလေ”

တာ့ချွမ်က ညည်းညူ ပြောဆိုခဲ့သည်။

ရွာသူကြီးကတော့ ဒေါသထွက်လွန်းနေပြီဖြစ်ကာ လယ်ထဲရှိ ပြောင်းပင်လေးများကို လက်ညှိုးထိုးပြကာ စိတ်မကောင်းစွာဖြင့် အော်ဟစ်လိုက်သည်။

“မင်းတို့ရဲ့ ပြောင်းပင်တွေက တစ်ပေလောက်တောင် မြင့်နေပြီ၊ ဒါပေမဲ့ သူတို့ရဲ့အပင်လေးတွေ အညှောက်ပေါက်တာနဲ့ မင်းတို့က သူတို့ကို ဒုက္ခပေးခဲ့တယ်၊ ဒါကိုတောင် ဘယ်လိုလုပ် ဒီလိုမျိုး ပြောရဲတာလဲ”

“အခုက ပြန်စိုက်ဖို့က အခုထိ နောက်မကျသေးပါဘူး”

“ဒါဆို ငါ မင်းတို့ရဲ့ ပြောင်းပင်တွေအားလုံးကို ရိတ်ခိုင်းပြီး ပြန်စိုက်ခိုင်းမယ်၊ မင်းတို့ရဲ့ ပြောင်းပင်တွေက ဆောင်းဦးအချိန်မှာ တခြားသူတွေထက် ပိုကြီးနေလားကြည့်ရအောင်!”

ရွာသူကြီးသည် ဒေါသထွက်လွန်း၍ ချောင်းပါဆိုးနေခဲ့သည်။

ရွာသူကြီးသည် တာချွမ်၏ အဖေဆီ လျှောက်သွားကာ ၎င်း၏မျက်နှာကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ချန်မင်၊ မင်းက ဒီလောက်တောင်အသက်ကြီးနေပြီ၊ ဘာလို့ တာချွမ်နဲ့အတူ ဒီလိုရှက်စရာကောင်းတဲ့ အလုပ်မျိုးလုပ်ရဲတာလဲ! မင်းတို့ရဲ့စိတ်ထဲမှာ ဘာကလုပ်သင့်တယ် ဘာမလုပ်သင့်ဘူးဆိုတာကိုတောင် ခွဲခြားနိုင်တဲ့ အသိဥာဏ် မရှိဘူးလား”

ကုချန်မင်ကတော့ ၎င်း၏နာမည်ကို တပ်၍ စွပ်စွဲခံရသောအခါ ခေါင်းငုံ့ထားခဲ့ပြီး မည်သည့်စကားကိုမျှ မပြောရဲတော့ချေ။

ရွာသူကြီးက လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။

“ငါတို့အားလုံးက တစ်ရွာတည်းသားချင်းတွေပဲ၊ ဘယ်သူ့အတွက်မှ မလွယ်ကူဘူး။ ဒါပေမဲ့ ရေတွက်ကြည့်မယ်ဆိုရင် စုန့်ယီတို့မိသားစုက အခက်ခဲဆုံးပဲ!

သူက တစ်ယောက်တည်းနှင့် မိသားစုကို ထောက်ပံ့နေရတာ၊ နောက်ပြီး သူတို့က အခုမှ အိမ်ထောင်ကျခဲ့တာ၊ မင်းတို့ သူ့ကို မကူညီသင့်ဘူးလား၊ အခုတော့ ကူညီဖို့ မပြောနဲ့ ဒီလိုမျိုးတောင် သူ့ကို ဒုက္ခပေးရက်သေးတာလား!”

“ရွာသူကြီး၊ ကျွန်တော်တို့လည်း ခဏတာလောက် စိတ်ရှုပ်ထွေးသွားလို့ပါ၊ စုန့်ယီကို တကယ်တောင်းပန်ပါတယ်”

ကုချန်မင်သည်လညား ၎င်း၏အမှားကို သဘောပေါက်၍ ခေါင်းငုံ့ကာ အသံကို တိုးတိုးနှင့် တုံ့ပြန်ခဲ့သည်။

“ရွာက မင်းတို့မိသားစုကို ဒီနှစ်တွေအတွင်း ဂရုမစိုက်ခဲ့တာ မဟုတ်ဘူး၊ တောင်စောင်းက မြေရိုင်းတွေကို လူဘယ်နှစ်ယောက်လောက်တောင် လိုချင်နေခဲ့ကြလဲ၊

ဒါကိုတောင် မင်းတို့ရဲ့မိသားစုကို အရင်ဆုံးစိုက်ခွင့်ပေးခဲ့တယ်လေ၊ လယ်တွေထဲကို ရေသွင်းတဲ့အချိန်မှာလည်း တခြားသူတွေက အရှေ့ဘက်မှာ ရှိနေပေမဲ့ မင်းတို့မိသားစုက အခက်အခဲရှိတာကို သိလို့ မင်းတို့မိသားစုကိုပဲ အရင်ဆုံးရေသွင်းခွင့် ပေးခဲ့တာ၊ လူတစ်ယောက်အနေနဲ့ ရောင့်ရဲတတ်ရမယ်ကွ!”

ရွာသူကြီးက သူတို့ကို ဆက်လက် ပြောဆိုခဲ့သည်။

ပြီးနောက်တွင် ရွာသူကြီးက လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို ပြန်ကြည့်၍ သက်ပြင်းချခဲ့သည် ။

“ဒီကိစ္စမှာ ငါ့ရဲ့တာဝန်တွေ ပျက်ကွက်ခဲ့တာလည်း ပါတယ်၊ စုန့်ယီရဲ့ လယ်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကောက်နှံတွေ မစိုက်ပျိုးနိုင်ခဲ့ဘူး၊

ငါ ကြိုတင်စဉ်းစားခဲ့သင့်တာ၊ ဒါပေမဲ့ ငါလည်း အဲဒီကောလဟာလတွေကြောင့် မျက်စိမှောက်နေခဲ့ပြီး မင်းတို့ကို မကူညီမုခဲ့ဘူး”

“ရွာသူကြီး၊ ကျွန်မ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တာပါ၊ မဟုတ်ရင် အစ်ကိုစုန့်ယီက အမြဲတမ်း စိတ်မသက်မသာ ဖြစ်နေရလိမ့်မယ်”

လင်းမိန်ဟွေ့မှာ စုန့်ယီကို သနား၍ အသံပင် အနည်းငယ် တုန်နေခဲ့သည်။

သူတို့ ညများစွာ ကြိုးစား၍ ရရှိလာသည့် ကောက်ပင်များက ဖျက်ဆီးခံရသည်။ ရွာသားများ ၎င်းတို့ကို ရှုံးနိမ့်သူများဟု ခေါ်ဆိုခဲ့သည့် နာကျင်မှုတို့က စိတ်ကူးနှင့်ပင် မြင်ယောင်၍ မရချေ။

“ကုချန်မင်၊ မင်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက တခြားသူတွေရဲ့ ကောက်နှံတွေကို ဖျက်စီးခဲ့တဲ့အတွက် ပိုက်ဆံတွေ အကုန်လုဲးကို လျော်ကြေးအဖြစ်ပေးချေလိုက်”

“ရွာသူကြီး၊ ကျွန်တော်တို့မိသားစုမှာ ပိုက်ဆံအများကြီး ဘယ်ရှိမှာလဲ၊ ကျွန်တော်တို့ရဲ့ဘဝက အရမ်းခက်ခဲပါတယ်”

ကုချန်မင်က တောင်းပန်ခဲ့သည်။

ရွာသူကြီးသည်လည်း ခဏစဉ်းစား၍

“ဒါဆိုလည်း ဒီနှစ်အတွက် ပေးချေရမယ့် ငွေကို အရင်ဆုံး ပေးချေပြီး ယွမ် ၅၀၀ ပေးလိုက်၊ အရင်နှစ်တွေတုန်းက အတွက်တော့ တပ်မဟာကို ကြွေးမြီစာချုပ် ရေးပေးလိုက်၊

တပ်မဟာက အာမခံပေးမယ်၊ မင်းပိုက်ဆံပေးပြီးတာနဲ့ တပ်မဟာကို လာပြီး ကြွေးမြီစာချုပ်ကို ယူရမယ်၊ ကြားလား”

ကုချန်မင်းနှင့် တာ့ချွမ်တို့က ခေါင်းငုံ့ထားခဲ့ကြပြူး မညည်းညူရဲတော့ချေ။ လီတုန်ကတော့ ဒေါသထွက်နေဆဲပင်။

သူက တာ့ချွမ်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ရွာသူကြီးရဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် ဒီနေ့ မင်းကို ဒီလယ်ထဲကို တွန်းချပြီး ကောင်းကောင်းရိုက်ပစ်မှာ၊ မင်းက ဒီလောက်ငယ်ရွယ်သေးတာကို ဒီလိုအပြုအမူမျိုးလုပ်နေတယ်၊ မင်းက ငါတို့ရွာအတွက် တကယ်ကိုအရှက်ရစေတာပဲ၊ မင်းရဲ့လုပ်ရပ်တွေက တကယ်ကို ရှက်စရာကောင်းတယ်”

အန်တီယန်က လီတုန်ကို အသာဖြောင်းဖြလိုက်သည်။

“တော်ပြီ၊ တော်ပြီ၊ မိုးလင်းတော့မယ်၊ အိမ်ကိုအရင်ပြန်ပြီး နားကြရအောင်၊ မနက်ဖြန်ကျရင် မြေဆွရဦးမယ်”

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့လည်း လူတိုင်းကို တစ်ဦးချင်းစီ ကျေးဇူးတင်စကား ပြောခဲ့ကြပြီး လူတိုင်း အိမ်သို့ပြန်သွားသည်ကို စောင့်ကြည့်နေခဲ့ကြသည်။

ပြီးမှသာ ၎င်းတို့၏ ပစ္စည်းများ သိမ်းဆည်း၍ အိမ်သို့ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် အရှေ့ဘက်မှ အလင်းရောင်ခပ်မှိန်မှိန် ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ လယ်ကွင်းတစ်ကွင်းလုံးကလည်း ကောက်နှံပင်များ၏ လန်းဆန်းစေသည့် ရနံ့များ သင်းပျံ့စွာ ထွက်ပေါ်နေခဲ့သည်။

ကောက်နှံပင်များ၏ အရွက်ဖျားများတွင် စိုစွတ်သည့် ဆီးနှင်းစက်များက တွဲလောင်းကျနေ၍ ပြုတ်ကျလုနီးပါး ဖြစ်နေခဲ့သည်။

စုန့်ယီ၏စိတ်ကတော့ အံ့သြဖွယ်ကောင်းလောက်အောင် ကြည်လင်နေခဲ့သည်။ ယမန်နေ့ညက သူ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်နေခဲ့ရသည်ကို ပြန်တွေးမိပြီးနောက်တွင် လင်းမိန်ဟွေ့၏ ခိုင်မာသည့် စိတ်ဓာတ်ကို ပို၍ပင် ကျေးဇူးတင်မိခဲ့သည်။

သူမသာ မရှိခဲ့ပါက ဤကျိန်စာတိုက်ခံထားရသည့် ထောင်မှ သူတစ်သက်လုံး ထွက်လာနိုင်တေားမည်မဟုတ်ချေ။ သူ့အနေဖြင့် မည်သည့်အရာကိုပင် ကြုံတွေ့ရသည်ဖြစ်စေ တွန့်ဆုတ်နေလိမ့်မည်။

လင်းမိန်ဟွေ့က အရှေ့ဘက်မှ လျှောက်နေခဲ့ပြီး နေရောင်ခြည်များ ကျဆင်းထိတွေ့နေသည့် သူမ၏ နေလောင်ထားသည့် မျက်နှာတွင်လည်း အပြုံးရိပ်လေးများကို မြင်နိုင်နေခဲ့ရသည်။

စုန့်ယီ၏နှလုံးသာ့က ဤခဏတွင် ရင်ခုန်လှုပ်ရှားသွားခဲ့လေ၏။ လင်းမိန်ဟွေ့မှာ သူတို့ လက်ထပ်သည့်အချိန်ကထက် အရပ် ပိုမြင့်လာကာ သူမ၏ ခန္ဓာကိုယ်အချိုးအစားကလည်း ပို၍ပင် ကြည့်ကောင်းလာခဲ့သည်။

“မိန်ဟွေ့၊ မင်းသာမရှိခဲ့ရင် ကိုယ်ကတော့ သူတို့ရဲ့ပါးစပ်အောက်မှာ အပြင်ဘက်ကိုတောင် လမ်းလျှောက်ဖို့ထွက်တော့ရဲမှာ မဟုတ်ဘူး”

“အစ်ကိုစုန့်ယီ၊ အရင်တုန်းက အစ်ကိုကိုယ်တိုင်ပဲ ကျွန်မကို ပြောခဲ့တာလေ၊ တခြားသူတွေရဲ့ အကြည့်တွေကို ဂရုမစိုက်ရဘူး ဟုတ်တယ်မလား”

လင်းမိန်ဟွေ့ ပြုံးလိုက်သည်။ ဤနေ့ရက်များက ခက်ခဲသော်လည်း သူမ အချစ်ရဆုံးသူကို တွေ့ရှိခဲ့ရသည်။

သူမ၏ မျက်နှာက ယခုအချိန်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

နောက်တစ်နေ့တွင်တော့ တာ့ချွမ်က ယွမ် ၅၀၀ ကို လေသံတိုးတိုးနှင့် လာပေးခဲ့သည်။ သူက ပိုက်ဆံကို မီးဖိုပေါ်တွင် တင်ထားခဲ့ကာ လှည့်ထွက်သွားခဲ့လေသည်။

လင်းမိန်ဟွေ့လည်း ယွမ် ၅၀၀ ထဲမှ ယွမ် ၁၀၀ ကို ထုတ်ပြီး တာ့ချွမ်၏နောက်ကို လိုက်သွားခဲ့သည်။

“ဒီယွမ် ၁၀၀ ကို ပြန်ယူသွားလိုက်ပါ၊ ရှက်တို့အိမ်အတွက် ချန်ထားလိုက်...”

တာ့ချွမ် အနည်းငယ် ကြောင်အသွားခဲ့သည်။ မနေ့ညတွင်တုန်းက သူမကသာ ပြင်းထန်စွာ ငြင်းခုံခဲ့၍ အလျှော့မပေးခဲ့သည် မဟုတ်ပါလော။

“ငါ့ကို လာပြီး သဘောထားကောင်းမွန်သလိုမျိုး ဟန်ဆောင်မနေနဲ့ ငါတို့က ရွာသူကြီးဆီမှာ လျော်ကြေးပေးဖို့ သဘောတူခဲ့တာပဲ၊ ငါသာ လျော်ကြေးမပေးရင် နောက်ဆို ငါတို့ရဲ့မြေတွေအတွက် ရွာထဲက ရေသွင်းပေးတော့မှာမဟုတ်ဘူး...”

*

အခန်း54 . ရွာထဲက ထွက်သွားကြမယ်

ရွာထဲတွင် မိသားစုများကြားထဲ၌ ပဋိပက္ခများ မကြာခဏဖြစ်လေ့ရှိပြီး လူတိုင်းက အချင်းချင်းအဆင်ပြေစေရန်အတွက် ခြေတစ်လှမ်းဆုတ်ပေးလေ့ရှိသည်။

တချို့လူများက မာနကြီးပြီး ဆင်ခြင်တုံတရားမရှိပါက ရွာသူကြီးနှင့် ရွာသားများက ထွက်လာပြီး ဝိုင်းဝန်း ပြောဆိုကြကာ နောက်ဆုံးတွင် အားလုံးကို ငြိမ်းချမ်းသွားစေလေ့ရှိသည်။

ဤတစ်ကြိမ်တွင်တော့ လင်းမိန်ဟွေ့က စုန့်ယီအတွက်တွေးတောကာ တစ်ဖက်လူများကို လုံးဝညှာတာမှုမရှိခဲ့ချေ။

ဤအတွက်ကြောင့် တာ့ချွမ်နှင့် ၎င်း၏အဖေတို့က ရွာထဲတွင် သူတို့နှင့်ပတ်သက်၍ မကောင်းကြောင်းအတင်းအဖြင်းများ ပြောခဲ့ကြသည်။

သူတို့က မကျေမနပ်ပြောဆိုရင်းဖြင့် လင်းမိန်ဟွေ့မှာ အလွန်အမင်း ရက်စက်သည်ဟု ပြောဆိုခဲ့ကြသည်။

လင်းမိန်ဟွေ့တစ်ယောက် အပင်များကို ပြန်စိုက်ရန် ပြင်ဆင်ရင်းဖြင်သ မျိုးစေ့များကို ဝယ်ရန်နှင့် ထွက်လာခဲ့သည်။ သူမက ရွာထဲတွင်ရှိနေသော မျိုးစေ့ရောင်းသည့်အိမ်သို့ လျှောက်သွားချိန်တွင် ခြံဝင်းထဲတွင်ရှိနေသော လူများ ပြောဆိုနေသည်ကို ကြားလိုက်ရသည် ။

“လင်းမိန်ဟွေ့က တကယ်ကို တရားလွန်တာပဲ၊ သူမက စုန့်ယီရဲ့မိသားစုဆီက ပိုက်ဆံတွေ အကုန်လုံးကို သိမ်းပြီး သူမရဲ့ မိဘမိသားစုကို စားဝတ်နေရေးအတွက် အဆင်ပြေအောင် ပေးလိုက်တယ်၊ ပြီးတော့ သူမက တာ့ချွမ်တို့မိသားစုဆီက ယွမ် ၅၀၀ တောင် တောင်းပြန်ပြီ”

“အဲဒီကောင်မလေးက အရင်တုန်းက ကြင်နာတတ်ပါတယ်၊ အခုမှ ဘာလို့ဒီလောက်တောင် ရက်စက်သွားတာလဲ”

“လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက မြို့ထဲမှာ ကျန်းကျစ်ကုန်းဆိုတဲ့ လူနဲ့ ရန်ဖြစ်ခဲ့သေးတယ်လေ၊ သူမက နေရာတိုင်းမှာ တိုင်တောခဲ့ပြီး နောက်ဆုံးတော့ ကျန်းကျစ်ကုန်းက သူမကို တောင်းပန်ခဲ့ရတယ်၊ သူမက တကယ် ကောင်းလား မကောင်းလားဆိုတာ နင်တို့ ပြောကြည့်ပါလား”

လင်းမိန်ဟွေ့တစ်ယောက် ဤစကားများ ကြားသောအခါ အတော်လေး စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

သို့သော်လည်း သူမ မည်သည်ကိုပင် ရှင်းပြသည်ဖြစ်စေ အကျိုးမရှိသည်ကို သိနေခဲ့သည်။ စုန့်ယီ၏ ဝမ်းနည်းမှုနှင့် သူမ၏ ရင်နာမှုများကို မည်သူကမျှ နားမလည်နိုင်ချေ။

သူမ နေရာမှ လှည့်၍ ပြန်ထွက်သွားလိုခဲ့သော်လည်း အန်တီယန်က ဇလုံတစ်ခုနှင့် ရောက်လာခဲ့သည်။

“မိန်ဟွေ့၊ ဘာလို့ ဒီမှာရပ်နေတာလဲ ၊ အထဲကိုမဝင်ဘူးလား”

ဝင်းထဲရှိ လူများက အန်တီယန်၏ စကားကိုကြားလျှင် ချက်ချင်း တိတ်ဆိတ်သွားခဲ့ကြကာ သူတို့၏တို့အလုပ်ကို ပြန်လုပ်နေကြသည်။

အန်တီယန်လည်း ခြံဝင်းထဲကိုဝင်ပြီးနောက် အထဲမှ လေထုက မူမမှန်သည်ကို ခံစားမိလျှင် လင်းမိန်ဟွေ့ဘက်ကို လှည့်၍ ဆုံးမစကား ပြောဆိုခဲ့သည် ။

“ရွာကလူတွေက ဒီလိုပဲ၊ သနားစရာကောင်းတဲ့မိသားစုကို မြင်တာနဲ့ ဘယ်သူ့ကိုမဆို အပြစ်တင်ရှုံ့ချချင်ကြတယ်၊ သူတို့ကို ရှင်းပြနေစရာအကြောင်း မရှိဘူး၊ စိတ်ထဲမထားနဲ့”

“အစ်ကိုစုန့်ယီကရော သနားစရာမကောင်းဘူးလား”

လင်းမိန်ဟွေ့ သူတို့၏အကြောင်းကို နောက်ကွယ်တွင် ပြောဆိုနေသည့် လူများကို ကြည့်ရင်း မေးခဲ့သည်။ ထိုလူများ၏ မျက်လုံးများ ရှောင်လွှဲနေကြပြီး လင်းမိန်ဟွေ့နှင့် ရန်ဖြစ်ရမည်ကို ကြောက်နေသသည့်ပုံရ၏။

လင်းမိန်ဟွေ့ ရယ်မောချင်စိတ်များဖြစ်လာခဲ့ရသည်။

သူမက ကျားတစ်ကောင်လို့ထင်နေကြတာလား?

အန်တီယန်က သက်ပြင်းချ၍ ပြောလာသည်။

“မင်းတို့တွေ အရင်တုန်းက စီးပွားရေးမလုပ်ခဲ့ကြဘူးလား၊ စုန့်ယီကလည်း မင်းကို တီဗီတစ်လုံး ဝယ်ပေးခဲ့တယ်လေ၊ ရွာထဲက လူတွေက မင်းတို့မိသားစု အဆင်ပြေနေတာကို မြင်တော့ တာ့ချွမ်တို့မိသားစုကိုပဲ ပိုပြီးမျက်နှာသာ ပေးမှာပေါ့၊ သူတို့မိသားစုက အရမ်းဆင်းရဲတာ၊ ဘောင်းဘီကိုတောင် အလှည့်ကျ ဝတ်ရတယ်”

ဤစကားများ ကြားလျှင် လင်းမိန်ဟွေ့တစ်ယောက် စိတ်ဓာတ်ကျသွားခဲ့ရသည်။

“ကျွန်မအတွက် မျိုးစေ့ နှစ်ကီလိုချိန်ပေးပါဦး၊ ဘယ်လောက်ကျလဲ”

“ကျွန်တော်တို့ မျိုးစေ့တွေ မရောင်းတော့ဘူး၊ အကုန်လုံးရောင်းကုန်သွားပြီ၊ တခြားနေရာမှာ သွားရှာကြည့်ပါ”

လင်းမိန်ဟွေ့သည် လက်ထဲတွင်ရှိနေသည့် ဆယ်ယွမ်ကို ကိုင်ကာ တစ်ဖက်လူကို မော့ကြည့်လိုက်လျှင် ထို အမျိုးသမီးက ကုချန်မင်၏ ဆွေမျိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လင်းမိန်ဟွေ့ ခါးသက်စွာ ပြုံး၍ ထိုလူများနှင့် ထပ်မံ ငြင်းခုံမနေတော့ဘဲ လှည့်ထွက်သွားခဲ့သည်။

အန်တီယန်က သည်းမခံနိုင်တော့၍ လင်းမိန်ဟွေ့ကို ဆွဲကာ ပြောလိုက်လေ၏။

“မျိုးစေ့က ဘယ်လောက်လိုချင်လဲ၊ အန်တီယန် ဝယ်လာခဲ့မယ်၊ ခဏနေရင် မင်းကို လာပေးမယ်၊ ရွာထဲကလူတွေက မဟုတ်မမှန်တဲ့စကားတွေကို ပြောရတာ ကြိုက်တယ်၊ ပြီးတော့ လူတွေကို အနိုင်ကျင့်ဖို့လည်း ပူးပေါင်းကြတယ်”

အမှန်စင်စစ် လင်းမိန်ဟွေ့ ဤလူများ၏ စိတ်ဓာတ်ကို နားလည်သည်။ ထိုသူတို့က သူမသာ စီးပွားရေးလုပ်နေလျှင် ရက်အနည်းငယ်ကြာသည်နှင့် ထိုပိုက်ဆံကိုရှာနိုင်လိမ့်မည်ဟု တွေးခဲ့ကာကြ တာ့ချွမ်တို့မိသားစုကို မနိုင်ကျင့်သင့်ဟု ခံစားနေကြလိမ့်မည်။ ၎င်းတို့တွင် အပြစ်မရှိချေ။

ဤသို့သော ပတ်ဝန်းကျင်တွင် ယခုကဲ့သို့အတွေးများ ရှိနေသည်က မဆန်းလှပါချေ။

လင်းမိန်ဟွေ့က အန်တီယန်၏ ကြင်နာမှုကို ငြင်းပယ်၍ အိမ်သို့ပြန်လာခဲ့သည်။

ထို့နောက် တံခါးအပြင်ဘက်မှ လှေကားထစ်ပေါ်၌ ထိုင်ကာ သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နေခဲ့သည်။

သူမအနေဖြင့် ယခုအချိန်တွင် အိမ်ထဲသို့ ပြန်မဝင်လိုသေးပေ။ သူမ စုန့်ယီကို စိတ်မပူစေချင်ခဲ့။

စုန့်ယီ အိမ်ထဲမှ ထွက်လာချိမ်တွင် ဝမ်းနည်းနေသည့် အမူအရာဖြင့် ထိုင်နေသော လင်းမိန်ဟွေ့ကို မြင်လိုက်ရသည်။

သူ သူမ၏ဘေးနားတွင် ထိုင်ချလိုက်သည်။

“မင်း မျိုးစေ့ဝယ်ဖို့ ထွက်သွားတာ မဟုတ်ဘူးလား၊ ဘာလို့ မျိုးစေ့တွေ မဝယ်လာခဲ့တာလဲ”

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ ဒီရွာကနေ ထွက်သွားရအောင်၊ ကျွန်မ တခြားနေရာမှာ နေချင်တယ်”

မူလက လင်းမိန်ဟွေ့အနေဖြင့် နစ်နာစရာမရှိဟု တွေးနေခဲ့သည်။ တာ့ချွမ်တို့မိသားစုကို လျော်ကြေးတောင်းရန် ဆုံးဖြတ်ခဲ့သည်မှာ သူမပင် မဟုတ်ပါလား။

သို့သော်လည်း စုန့်ယီက သူမ၏ဘေးနား၌ ထိုင်၍ စိုးရိမ်တကြီး ပြောဆိုသည့် အသံကို ကြားလိုက်ရလျှင် လင်းမိန်ဟွေ့တစ်ယောက် နစ်နာစွာ ခံစားရသည်များကို မထိန်းနိုင်ဘဲ သူမ၏ မျက်လုံးများသည်လည်း နီရဲလာခဲ့သည်။

စုန့်ယီလည်း ချက်ချင်းပင် မည်သည့်အရာများ ဖြစ်နေသည်ကို သဘောပေါက်သွားခဲ့သည်။

သူ ထရပ်လိုက်ကာ ဒေါသတကြီးနှင့် ပြောလာလေ၏။

“ကိုယ် သူတို့နဲ့ သွားပြောလိုက်မယ်၊ ဒီလောကမှာ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား”

လင်းမိန်ဟွေ့က စုန့်ယီရဲ့ အင်္ကျီကို ဆွဲကိုင်ကာ တားဆီးလိုက်ရသည်။

“အစ်ကိုစုန့်ယီ၊ သွားပြောရင်လည်း အသုံးဝင်မှာမဟုတ်ဘူး၊ ဒီနေ့ ကျွန်မတို့ ဒီမိသားစုကို ပါးစပ်ပိတ်အောင် လုပ်နိုင်ရင်တောင် နောက်နေ့မှာ တစ်ရွာလုံးကို ပါးစပ်ပိတ်အောင် လုပ်နိုင်မှာ မဟုတ်ဘူး၊

ဒီကိစ္စမှာ ကျွန်မတို့ မမှားဘူး၊ ကျွန်မတို့က ကျိုးကြောင်းဆီလျော်မှုရှိရှိပြောနေပေမဲ့ သူတို့ကတော့ ကျွန်မတို့ကို အပြစ်ရှိတယ်လို့ပဲတွေးနေကြမှာပဲ”

၎င်းက လင်းမိန်ဟွေ့ ရွာထဲမှ ထွက်သွားလိုသည့် အကြောင်းရင်းပင် ဖြစ်ပေ၏။

ဤရွာရှိ လူများနှင့် အချိန်ကုန်ခံကာ စိတ်မသက်မသာ ဖြစ်နေရမည့်အစား အပြင်ဘက်သို့ ထွက်သွားသည်က ပိုကောင်းလိမ့်မည်။

အပြင်ဘက်တွင် ကောင်းကင်ကြီးက ကျယ်ပြန့်၍ နေရောင်ကလည်း လင်းနေလိမ့်မည်။

သူတို့သာ အချင်းချင်း ထောက်ပံ့ပြီး ကြိုးစားပမ်းစား လုပ်ကိုင်ပါက ဘဝက ပိုမို ကောင်းလာလိမ့်မည်။

စုန့်ယီသည်လည်း ဤရွာအပေါ် သိပ်ပြီး သံယာဇဥ်ရှိနေခြင်း မဟုတ်ချေ။

သူ၏မိဘများ ဆုံးပါးသွားပြီးကတည်းက စုန့်ယီက ဤကမ္ဘာကြီး၏ နွေးထွေးမှုနှင့် အေးစက်မှုများကို ခံစားခဲ့ရပြီးပေပြီ။

ရွာထဲတွင် အန်တီယန်နှင့် လီတုန်းကဲ့သို့ ကြင်နာတတ်သည့်သူများ ရှိနေခဲ့သော်လည်း လူအများစုကမူ အေးစက်သည့်မျက်လုံးများနှင့် ကြည့်ရုံတင်မက၊ နာကျင်နေသည့်နေရာကို ဆားနှင့် ပက်တတ်ကြသည်။

ကောက်ပင်များသေဆုံးတတ်သည့်ကိစ္စနှင့် ပတ်သက်လျှင်လည်း လီတုန်က သူ့ကို တစ်စုံတစ်ဦးမှ နောက်ကွယ်တွင် တစ်ခုခုလုပ်နေခြင်းဖြစ်မည်ဟု တစ်ခါတုန်းက ပြောခဲ့သည်မှလွဲ၍လျှင် ကျန်ရှိနေသည့်လူများအားလုံးကတော့ သူ့ကို ထူးဆန်းသည့်အကြည့်များနှင့်သာ ကြည့်နေခဲ့ကြသည်။

စုန့်ယီအနေဖြင့် ထိုသို့သော ဓားပျော့နှင့်ထိုးသကဲ့သို့ အကြည့်များကို အမှန်ပင် ငြီးငွေ့နေခဲ့ပေပြီ။

“မိန်ဟွေ့၊ မင်းပြောတာ မှန်တယ် ၊ ကိုယ်တို့တွေ ဒီမှာနေရင်လည်း ဘယာလို အဓိပ္ပာယ်မှမရှိဘူး! ဒီနေရာမှာ သူတို့လက်ညိုးအောက်မှာ နေ့တိုင်းနေရမဲ့အစား အမြန်ဆုံး အသက်မွေးဝမ်းကြောင်းလုပ်ဖို့ အပြင်ကိုထွက်တာက ပိုကောင်းတယ်၊ ဘဝသစ်တစ်ခုကိုတောင် ရှာတွေ့နိုင်တယ်”

“အင်း”

လင်းမိန်ဟွေ့သည်ကား ဆုံးဖြတ်ချက်ချပြီးသည်နှင့် နောက်ပြန် မလှည့်တတ်သည့် သူတစ်ဦးပင်။ သူမက ဝမ်းနည်းစရာနှင့် စိတ်မကောင်းစရာ ကိစ္စများကို စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ တံခါးရှေ့မှ ကျောက်တုံးကြီးပေါ်၌ ထိုင်ကာ ၎င်းတို့၏ အနာဂတ်ဘဝကို စီစဉ်တွေးတောနေခဲ့ကြသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ ဘေးဘက်က မြို့ကိုသွားပြီး ဆိုင်ခန်းလေးတစ်ခန်း ငှားပြီး စီးပွားရေးအသေးစားလေးတွေ လုပ်လို့ရတယ်! သစ်သီးယိုတွေ၊ အချဉ်တည်ထားတဲ့ သစ်သီးတွေလိုမျိုး ရောင်းမယ်

နှစ်နည်းနည်းလောက်ကြာပြီး ဘဝက တိုးတက်လာပြီဆိုရင် မြို့ထဲမှာ အိမ်တစ်လုံးဝယ်ပြီး စိတ်ချမ်းချမ်းသာသာနှင့် နေလို့ ရမယ်”

စိတ်ချမ်းသာစွာ နေထိုင်ကာအလုပ်လုပ်မည်ဟူသည့် စကားကိုပြောရင်း လင်းမိန်ဟွေ့ ရုတ်တရက် အိမ်ငှားရန်အတွက်ကို သတိရသွားသည်။

စုန့်ယီနှင့်အတူ နေထိုင်ဖို့အတွက်က ပိုမိုကြပ်တည်းလာနိုင်သည်။ ရွာထဲတွင်ဆိုပါက ခြံဝင်းထဲနှင့် အပြင်၌ ပုန်းကွယ်၍ ရသေးသော်လည်း အိမ်ငှားရမ်းမည်ဆိုပါက နေရာက သိပ်ပြီးကျယ်တော့မည်မဟုတ်ပေ။

ထိုအချိန်သို့ ရောက်ပါက သူတို့နှစ်ယောက် ပိုမိုနီးကပ်စွာ အတူနေထိုင်ရလာလိမ့်မည်။

စုန့်ယီကတော့ လင်းမိန်ဟွေ့၏ စိတ်ကူးယဉ်အတွေးများကို ကြားပြီးနောက်တွင် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့ကာ သူ့၏လက်ကိုမြှောက်ကာ လင်းမိန်ဟွေ့၏ နဖူးကို ညင်သာစွာ ခေါက်လိုက်သည်။

“မင့်ရဲ့ ဦးနှောက်လေးက အမြဲတမ်းတွေးတောနေတာပဲ၊ တခြားသူတွေနဲ့ မတူဘူး၊ အမြဲတမ်း ဒီလောက်ထိ အပြုသဘောဆောင်ပြီးတွေးနေတာ၊ လောကကြီးမှာ မင်းကို ဒုက္ခပေးနိုင်တာ ဘာမှမရှိနိုင်လောက်ဘူး”

လင်းမိန်ဟွေ့ ခဏတာ ကြောင်အမ်းသွားပြီးနောက် ရှင်းပြမရသည့် ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။ လူတစ်ဦး၏ ခွန်အားဟူသည်သာ သာယာသည့်ဘဝတွင် မွေးမြူထားရခြင်း မဟုတ်ဘဲ အကြိမ်ကြိမ်အခါခါ ဒုက္ခခံစားခြင်းအားဖြင့်သာ ပို၍ပင် ခိုင်မာလာခဲ့ခြင်း ဖြစ်ပေ၏။

“အမှန်ပဲ၊ အစ်ကိုစုန့်ယီ လူဆိုတာကစိတ်ထဲမှာ ပျော်ရွှင်မှုရှိမှ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာမလား”

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီကို မပြောလိုသေးသည့်ကိစ္စ ရှိနေခဲ့သည်။ ယခုအချိန်၌ သူမ လုပ်ရမည့်အရာမှ် စုန့်ယီနှင့်အတူ ပိုကောင်းသည့်ဘဝကို ပိုင်ဆိုင်ရန်အတွက် ဤအတင်းအဖျင်းများနှင့် ဝေးရာသို့ ရှောင်ရှားရန်ပင် ဖြစ်ပေ၏။

နေ့လယ်စာစားပြီးနောက် စုန့်ယီာ ရွာသူကြီးဆီသို့သွား၍ သူ၏မိသားစုပိုင် လယ်မြေကို ရေရှည်ငှားရမ်းရန် ပြောခဲ့သည်။

နောက်ဆုံးတွင် ရွာသူကြီးက ၁၀ ဧက မြေကို ရွာ၏တပ်မဟာနာမည်ဖြင့် စျေးမြင့်မြင့်နှင့် စာချုပ်ချုပ်ခဲ့သည်။

လင်းမိန်ဟွေ့ကလည်း အိမ်တွင်ရှိနေသည့် မသယ်ယူနိုင်သော ပစ္စည်းတချို့ကို အန်တီယန်နှင့် လီတုန်တို့အိမ်သို့ ပေးဝေခဲ့ကာ သူတို့ကို နှုတ်ဆက်ခဲ့သည်။

အန်တီယန်က လူငယ်စုံတွဲ ထွက်သွားမည်ကို အလွန်အမင်း စိတ်မကောင်းဖြစ်နေခဲ့သောကြောင့် ၎င်းတို့အတွက် ခေါက်ဆွဲတစ်နပ်ကို အထူးတလည် ချက်ပြုတ်ပေးခဲ့သည်။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ နှစ်ယောက်လုံး ကျေးဇူးတင်စကားဆိုခဲ့ကြပြီး အန်တီယန်နှင့် စကားအနည်းငယ်ဆက်ပြောကာ ဝမ်းနည်းစွာနှင့် နှုတ်ဆက်ခဲ့ကြသည်။

နောက်တစ်နေ့ နက်စောစောတွင်တော့ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ သပ်ရပ်စွာ ထုပ်ပိုးလိုက်ကြကာ ခြံတံခါးကို သော့ခတ်ပြီး မိသားစုပိုင် လှည်းလေးကို တွန်း၍ ဘေးနားရှိ မြို့သို့ ခြေလျင်လျှောက်သွားခဲ့ကြလေသည်။

All Chapters