အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း(55) ဘဝသစ် စတင်ပြီ
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့သွားမည့် အိမ်မီးချင်းမြို့သည်ကား မိုင် ၅၀ ကျော်ခန့် ဝေးကွာပေသည်။ သူတို့က ကားငှားရမည်ကို ဝန်လေးနေခဲ့ကြသောကြောင့် သူတို့ပိုင်ဆိုင်သည့် ပစ္စည်းလေးများကို တွန်းလှည်းနှင့် တွန်း၍ သွားခဲ့ကြသည်။ အချိန်လေးနာရီခန့်ကြာအောင် လမ်းလျှောက်ခဲ့ရသော်လည်း လမ်းတစ်ဝက်သာ ရောက်သေးသည်။
အရှေ့ဘက်တွင် လမ်းခွဲတစ်ခုကို တွေ့လိုက်သည့်အချိန်ကျမှ လင်းမိန်ဟွေ့တစ်ယောက် ရုတ်တရက် မပြီးပြတ်သေးသည့် ကိစ္စတစ်ခုကို ပြန်လည်သတိရသွားခဲ့သည်။
စုန့်ယီ ဆေးရုံတက်နေစဉ်အချိန်တုန်းက သူမ၏ သက်ရှည်လော့ကတ်သီးကို ပေါင်နှံထားခဲ့ရပြီး ဤအချိန်ထိ ပြန်ရွေးရန် အချိန်မရသေးပေ။
လင်းမိန်ဟွေ့က စုန့်ယီကို မှီအောင်လိုက်၍ ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မ ကျွန်မတို့ရဲ့မြို့မှာ ကိစ္စတစ်ခုရှိနေသေးတာကို သတိရလို့ ပြန်သွားစရာလေးရှိသေးတယ်၊ ရှင် ဒီမှာ ခဏလောက် အနားယူနေလိုက်ဦးလေ၊ ကျွန်မ တစ်နာရီအတွင်း ပြန်လာခဲ့ပါ့မယ် ၊ ညနေစောင်းလောက်ကျမှ ခရီးဆက်ကြရအောင်၊ ဒါဆို သိပ်ပြီး မပင်ပန်းတော့ဘူးပေါ့”
စုန့်ယီက သူ၏ ခေါင်းပေါ်မှချွေးများကို ဂရုမစိုက်သော်လည်း လင်းမိန်ဟွေ့၏ နဖူးမှ ချွေးများကို တွေ့လျှင် သက်ပြင်းချလိုက်မိသည်။ ထို့နောက်တွင် သူ၏ လက်ကို မြှောက်ကာ လင်းမိန်ဟွေ့အတွက် သဘာဝကျစွာ သုတ်ပေးလိုက်ပြီး ပြောလာလေ၏။
“သွားလေ၊ ကိုယ် ဒီမှာစောင့်နေမယ်”
“အစ်ကိုစုန့်ယီ၊ ရှင် ဘာစားချင်လဲ၊ ကျွန်မ လမ်းမှာ ဝင်ဝယ်ခဲ့မယ်”
“ပေါက်စီနည်းနည်းပဲ ဝယ်ခဲ့လိုက်တေိ့လေ၊ ကိုယ် အဲဒီပေါက်စီတွေကို စားချင်နေတာကြာပြီ၊ ဒါပေမဲ့ မဝယ်စားဖြစ်သေးဘူး”
စုန့်ယီက ပြုံး၍ ပြောလိုက်သည်။
ယခု သူတို့နှစ်ယောက်ထံတွင် မြေငှားခမှ ရရှိသည့် ယွမ် ၂၀၀၀ ကျော်အပြင် တာ့ချွမ်တို့မိသားစုထံမှ လျော်ကြေး ယွမ် ၅၀၀ ကိုလည်း ထပ်မံရရှိထားသောကြောင့် ငွေများစွာ ကိုင်ထားနိုင်ပေပြီ။
စုန့်ယီအနေဖြင့် အမှန်တကယ်တမ်းတွင် ငွေသုံးရန်အတွက် ဝန်လေးနေသော်လည်း လင်းမိန်ဟွေ့ပါ သူနှင့်အတူ ဒုက္ခခံနေမည်ကို စိုးရိမ်နေသောကြောင့် ပေါက်စီစားချင်သည်ဟု တမင်ပြောလိုက်လေသည်။
လင်းမိန်ဟွေ့လည်း ချက်ချင်းသဘောတူလိုက်သည်။ စုန့်ယီက သူမကို ယွမ် ၁၀၀ ပေးလိုက်ပြီး သူမ စားချင်သည့်အရာများကို ဝယ်စားရန်နှင့် နှမြောမနေရန်အတွက် ပြောလိုက်လေသည်။
လင်းမိန်ဟွေ့လည်း ပိုက်ဆံကိုယူကာ လမ်းခွဲဘက်သို့ ပြန်သွားခဲ့လေသည်။
အချိန်အတော်ကြာအောင် လျှောက်ပြီး နောက်ဆုံးတွင် လင်းမိန်ဟွေ့ မြို့ထဲရှိ အပေါင်ဆိုင်သို့ ရောက်လာခဲ့သည်။
သူမက ချက်ချင်းပင် အပေါင်ဆိုင်ထဲသို့ ဝင်သွားခဲ့ပြီး ပိုင်ရှင်ကလည်း လင်းမိန်ဟွေ့ကို မှတ်မိနေခဲ့လေ၏။ သူက မျက်မှန်အောက်မှနေ၍ လင်းမိန်ဟွေ့ကို ကြည့်လာခဲ့သည်။
“မိန်းကလေး၊ မင်း ဒီလောက်မြန်မြန် ပိုက်ဆံရှာနိုင်ခဲ့ပြီလား”
“ဟုတ်တယ် ဆိုင်ရှင် ၊ ကျွန်မရဲ့ သက်ရှည်လော့ကတ်သီးကို ပြန်ရွေးချင်လို့ပါ၊ ဒါက အပေါင်လက်မှတ်ပါ”
လင်းမိန်ဟွေ့က စကားပြောရင်းဖြင့် အပေါင် လက်မှတ်ကို အပေါင်ဆိုင်ပိုင်ရှင်ထံသို့ ကမ်းပေးလိုက်သည်။
ပိုင်ရှင်က ထိုလက်မှတ်ကို အကြိမ်အနည်းငယ် ကြည့်ပြီးနောက် ဝမ်ထမ်းကို သွားယူခိုင်းလိုက်လေသည်။
သူက လက်မှတ်ပေါ်ရှိ အချိန်ကို ကြည့်လိုက်ပြီး တစ်ရက်မျှပင်ကျော်လွန်နေခြင်းမရှိကြောင်းကို တွေ့ရသည်။
“အချိန်က အကိုက်ပါပဲ၊ နှစ်ရက်လောက် နောက်ကျရင်တော့ အပိုဝန်ဆောင်ခတွေ ပေးရလိမ့်မယ် ”
ပိုင်ရှင်က စာရေးထံမှ သက်ရှည်လော့ကတ်ကိုလှမ်းယူလိုက်ပြီး ပြတင်းပေါက်မှ တွန်းထုတ်ပေးလိုက်သည်။ လင်းမိန်ဟွေ့လည်း လှမ်းညယူလိုက်ပြီး အိတ်ထဲမှ အပေါင်ကြေးအပြင် ယွမ် ၅၀ တန် တစ်ရွက်ကို ထုတ်ယူလိုက်လေသည်။
သူမ ဒုက္ခရောက်နေစဉ်က ဤအပေါင်ဆိုင်ပိုင်ရှင်က စိတ်ရင်းကောင်းစွာဖြင့် ယွမ်ငါးရာအထိ ထပ်မံတိုးပေးခဲ့သည်ကို သူမ သတိရမိသည်။
ဤသို့ကြင်နာမှုမျိုးအတွက် လင်းမိန်ဟွေ့ သေချာပေါက် ကျေးဇူးဆပ်သင့်ပေသည်။ ယခုအချိန်တွင် သူမတို့က အိမ်နီးချင်းမြို့၌ အခြေချရန်အတွက် ငွေများစွာ ကုန်ကျနိုင်ဦးမည်ဖြစ်သော်လည်း ကျေးဇူးကြွေးရှိသူများကိုတော့ ချက်ချင်းကျေးဇူးဆပ်သင့်သည်။
ပိုင်ရှင်က အပြုံးတစ်ခုနှင့် ပြောလာသည်။
“မိန်းကလေး၊ ဒါက အပေါင်ဆိုင်လေ၊ ငါ မင်းဆီကနေ ပိုက်ဆံတွေ ထပ်ယူနေစရာမလိုပါဘူး၊ မင်းရဲ့ အိမ်မှာပဲ သုံးဖို့ ယူသွားလိုက်ပါ”
လင်းမိန်ဟွေ့က ထပ်ခါတလဲလဲ ကျေးဇူးတင်စကားပြောလိုက်မိပြီး သူမ၏ နှလုံးသားကလည်း ပို၍နွေးထွေးလာခဲ့သည်။
သူမ သက်ရှည်လောကတ်သီးကိုယူပြီး ထွက်ခွာခါနီးတွင် အပေါင်ဆိုင်ပိုင်ရှင်က သတိပေးလိုက်သည်။
“မိမ်းကလေး၊ မင်းရဲ့ သက်ရှည်လော့ကတ်သီး ပြုလုပ်တဲ့ ပညာက အခုခေတ်မှာ မတွေ့ရတော့ဘူး၊ တောင်ဘက် မိုင် ၂၀၀ ကျော်အကွာမှာတော့ ရှုကျားဆိုတဲ့ ပန်းထိမ်ဆရာတစ်ယောက်ရှိတယ်၊ သူတစ်ယောက်ပဲ ဒီပညာကို လုပ်နိုင်တာ”
လင်းမိန်ဟွေ့လည်း ထိုနာမည်ကို စိတ်ထဲ၌ တိတ်တဆိတ် မှတ်သားထားပြီး အပေါင်ဆိုင်ပိုင်ရှင်ကို ကျေးဇူးတင်စကားပြောကာ ထွက်လာခဲ့လေသည်။
ဤအချက်အလက်က သူမအတွက် အလွန်အရေးကြီးသည်။ ကျိုးချွေ့ဟွားက သူမ၏ သွေးသားရင်းရှာမဟုတ်သည့်အကြောင်းကို သူမ အမြဲတွေးတောနေမိခဲ့သည်။
သူမ၏ မွေးမိဘများ မည်သူနည်းဆိုသည့်အကြောင်းကိုလည်း သိချင်နေခဲ့သည်။ ဤသက်ရှည်လောကတ်သီးက တစ်ခုတည်းသော သဲလွန်စဖြစ်နိုင်သည်။
အနာဂတ်၌ အခွင့်အရေးရရှိပါက အပေါင်ဆိုင်ပိုင်ရှင်ပြောသည့်နေရာသို့ သွားကြည့်ရပေဦးမည်။
အပါင်ဆိုင်ထဲမှ ထွက်လာပြီးနောက် လင်းမိန်ဟွေ့က ချက်ချင်းပင် ပေါက်စီဆိုင်သို့ သွား၍ ပေါက်စီခြောက်လုံးဝယ်ကာ အလျင်အမြန် ပြန်လာခဲ့သည်။
လမ်းခွဲသို့ ပြန်ရောက်သည့်အချိန်တွင်တော့ စုန့်ယီက ကောက်ရိုးဦးထုပ်ကို ဆောင်းထားပြီး လှည်းဘီးကို မှီ၍ နားနေသည်ကို တွေ့လိုက်ရသည်။
နေရောင်က သူ၏ ကြံ့ခိုင်သော လက်မောင်းကြွက်သားများပေါ်သို့ ကျရောက်နေခဲ့ပြီး ဂျုံရောင်တောက်ပနေခဲ့လေသည်။
သူ၏ လက်ဖျံပေါ်ရှိ အကြောများထောင်ထနေခြင်းက ခွန်အားများ ပြည့်ဝနေမှုကို ပြသနေခဲ့သည်။
လင်းမိန်ဟွေ့တစ်ယောက် ထိုလက်များက သူမကို ကာကွယ်ရန်အတွက် ကာဆီးပေးခဲ့ပြီး သူမကို အနောက်ဘက်သို့ပို့ကာ အကြိမ်များစွာ ကာကွယ်ပိတ်ဆို့ပေးခဲ့သည်ကို သတိရမိသည်။
ဤခံစားချက်မျိုးက အလွန်ပင်လုံခြုံလှပြီး တွေးလိုက်တိုင်း ရင်ထဲတွင် နွေးထွေးလာစေသည်။
“အစ်ကိုစုန့်ယီ၊ ပေါက်စီတွေ စားလို့ရပြီ၊ ပူနေတုန်းပဲ”
လင်းမိန်ဟွေ့က ပေါက်စီများကို နွေးထွေးနေစေရန် သူမ၏ အင်္ကျီစနှင့် ပတ်၍ထားခဲ့ကာ အလျင်အမြန် ပြန်လာခဲ့ခြင်းဖြစ်၍ ပေါက်စီများက ပူနွေးနေတုန်းပင်။
စုန့်ယီလည်း လင်းမိန်ဟွေ့၏အသံကြောင့် နိုးလာခဲ့သည်။ လင်းမိန်ဟွေ့တစ်ယောက် ချွေးများစိုရွှဲ၍ ပြန်လာသည်ကို မြင်လိုက်ရလျှင် သူမ ချက်ချင်းပင် လှည်းပေါ်မှ ရေဘူးကိုယူကာ မျက်နှာသုတ်ပဝါပေါ်သို့သို့ ရေလောင်းလိုက်ပြီး လင်းမိန်ဟွေ့ကို ကမ်းပေးလိုက်သည်။
“ချွေးတွေ အရင်သုတ်လိုက်လေ၊ မင်း ဘယ်လောက်ပူနေလဲဆိုတာ ပြန်ကြည့်လိုက်ဦး၊ ကိုယ် မင်းကို ဖြည်းဖြည်းသွားဖို့ ပြောခဲ့တယ်မလား၊ ဘာလို့ ဒီလောက် အမြန်ပြန်လာခဲ့တာလဲ”
လင်းမိန်ဟွေ့လည်း မျက်နှာသုတ်ပဝါကိုယူပြီး မျက်နှာကို သုတ်လိုက်ပြီးနောက် အလွန်ပင် အေးမြ၍ လန်းဆန်းသွားခဲ့ရသည်။
စုန့်ယီက ပေါက်စီလေးလုံးစားခဲ့ပြီး လင်းမိန်ဟွေ့က နှစ်လုံးစားလိုက်လေသည်။ စားသောက်ပြီးနောက်တွင် သူတို့ ခဏနားပြီး ခရီးဆက်ကြကာ လှည်းကို တစ်ယောက်တစ်လှည့်စီ တွန်းခဲ့ကြလေ၏။
ညနေခြောက်နာရီခန့်အချိန် မြို့ထဲတွင် လမ်းမီးများ လင်းလာခဲ့ပြီး ထိုအချိန်မှသာ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ မြို့အဝင်ဝသို့ ရောက်ရှိလာခဲ့ကြသည်။
ဤမြို့လေးကို ယွင်ကျွမ်းမြို့ဟု ခေါ်လေသည်။
လူဦးရေက သူတို့၏မြို့ထက် များစွာပိုများပြီး ပို၍လည်း စည်ကားသည်။
လမ်းများပေါ်တွင် အဆောက်အအုံများစွာရှိနေခဲ့ကာ အများစုက ဆိုင်များဖြစ်ပြီး မီးများက ထိန်ထိန်လင်းနေသည့်အတွက် မြို့လေး၏ စည်ကားသိုက်မြိုက်သော ပတ်ဝန်းကျင်ကို ပြသနေခဲ့သည်။
မြို့ထဲတွင် လမ်း၏ ဘေးနှစ်ဖက်စလုံး၌ မိုးမခပင်များကို သပ်သပ်ရပ်ရပ် စိုက်ထားခဲ့လေသည်။ အလွန် ရှင်းလင်းနေခဲ့ပြီး သူတို့၏မြို့ထက် ပို၍ကောင်းသည်ကို တွေ့ရလိမ့်မည်။
အရေးအကြီးဆုံးက ဤနေရာ၌ ကျန်းကျစ်ကုန်း မရှိတော့ပေ။ လင်းမိန်ဟွေ့အနေဖြင့် ကျန်းကျစ်ကုန်း သူမထံသို့ ရောက်လာမည်ကို စိတ်ပူစရာမလိုတော့ပါချေ။
“ဟေး၊ မင်းတို့တွေ အပြင်ဘက်က လာကြတာလား၊ ဒီလောက်နောက်ကျမှ ရောက်လာတယ်ဆိုတော့ တော်တော်လေးပင်ပန်းနေကြမှာပဲ”
အစ်မကြီးတစ်ဦးက လင်းမိန်ဟွေ့နှင့် စုန့်ယီတို့နှစ်ယောက်မှာ အတော်လေး ငယ်ရွယ်ပြီး ခရီးပန်းနေကြသည်ကို မြင်တွေ့လိုက်ရသောကြောင့် ကြင်နာစွာ ပြောလာခဲ့သည်။
လင်းမိန်ဟွေ့လည်း ချက်ချင်းပြန်နှုတ်ဆက်ကာ ဤသည်ကို အခွင့်အရေးယူ၍ မေးမြန်းလိုက်သည်။
“အစ်မ၊ ကျွန်မတို့က တခြားဒေသကလာတာပါ၊ ကျွန်မတို့တွေ ဒီမြို့လေးထဲမှာ ဆိုင်ခန်းလေးငှားချင်လို့လေ၊ အစ်မ ကူညီပေးနိုင်မလား မသိဘူး၊ ကျွန်မတို့က ဒီနေရာနဲ့ မရင်းနှီးတော့ ဒီအချိန်ကြီးမှာ ရှာရခက်နေလို့ပါ”
တစ်ဖက်မှ အစ်မကြီးကလည်း သူမ၏စကားကို ကြားလိုက်ရလျှင် သူမ၏ မျက်လုံးများက တောက်ပလာခဲ့ပြီး အပြုံးတစ်ခုနှင့် ပြောလာခဲ့သည်။
“ဒါဆို အတော်လေးအခန့်သင့်တာပဲ၊ ငါတို့မှာလည်း အခန်းနှစ်ခုပါတဲ့ ဆိုင် ငှားဖို့ရှိတယ်လေ၊ ကြည့်လိုက်.. ဟိုး အရှေ့နားမှာပဲရှိတာ ၊ နေရာက မြိို့လယ်နှင့် နည်းနည်းလောက် ဝေးပေမဲ့ မင်းတို့လို တခြားဒေသက လာတဲ့သူတွေအတွက်တော့ ကွက်တိလောက်ပါပဲ…”
လင်းမိန်ဟွေ့လည်း အတော်လေးအဆင်ပြေသည်ဟု ထင်မိသည်။ ဆိုင်ကိုသာ မြို့လယ်ခေါင်တွင်ငှားမညာဆိုပါက ငှားရမ်းခက သေချာပေါက် ဈေးကြီးမည်ပင်။
သူတို့အနေဖြင့် မည်သည့်အရာကို လုပ်ကိုင်ရမည်ဆိုသည်ကိုလည်း မဆုံးဖြတ်ရသေးပါချေ။ အကယ်၍ ဆုံးဖြတ်ချက်အမှားချမိပါက ငွေများကို အလွယ်တကူ ဆုံးရှုံးနိုင်ပေသည်။
ထို့အပြင် သူတို့အနေဖြင့် ဤနေရာတွင် နေထိုင်ပြီး စီးပွားရေးလည်း လုပ်ချင်သည်ဖြစ်၍ အခန်းနှစ်ခုပါသည့် ဆိုင်ကို လိုအပ်ပေလိမ့်မည်။
“အစ်မ၊ ဒါက အရမ်းကောင်းတာပဲ၊ ကျွန်မတို့ကို အမြန်ခေါ်သွားပေးပါဦး”
လင်းမိန်ဟွေ့က စုန့်ယီနှင့် စကားအနည်းငယ်ပြောကာ ဆွေးနွေးလိုက်သည်။ စုန့်ယီကလည်း ကန့်ကွက်စရာမရှိသောကြောင့် သူတို့နှစ်ယောက် တွန်းလှည်းလေးကိုတွန်း၍ အစ်မကြီးပြောပြသည့် ဆိုင်ဆီသို့ သွားခဲ့ကြသည်။
ဆိုင်က အခန်းနှစ်ခန်းဟု ပြောသော်လည်း တကယ်တမ်း၌ ထင်ထားသည်ထက် ပို၍ကောင်းပေသည်။ အနောက်ဘက်၌ ခြံဝင်းလေးလည်း ပါရှိပြီး ပန်းပင်လေးများကိုလည်း စိုက်ထားသောကြောင့် လူများကို သက်တောင့်သက်သာဖြစ်စေသည်။
အစ်မကြီးက ဆိုင်ထဲရှိ ပစ္စည်းများကို သိမ်းနေရင်းနှင့် ပြောခဲ့သည်။
“အရင်တုန်းက ငါတို့တွေ ဒီမှာ စီးပွားရေးလုပ်ခဲ့တာလေ၊ ဒါပေမဲ့ နောက်ပိုင်း ငါတို့ရဲ့သား လက်ထပ်ပြီး တခြားမြို့နယ်ကို ပြောင်းသွားတယ်၊ ကျွန်မတို့နှစ်ယောက်ကတော့ မြို့လယ်မှာပဲ ဆိုင်တစ်ဆိုင်ကို စီမံခန့်ခွဲနေတာဆိုတော့ ဒီနေရာက လွတ်နေတာ”
“ဒါဆို အစ်မ ဒီအခန်းကို ဘာလို့ မငှားသေးတာလဲ”
အစ်မကြီးက မည်သည်ကိုမှ မဖုံးကွယ်ဘဲ ပြုံး၍ ရှင်းပြလိုက်သည်။
“ဒီနေရာက နည်းနည်းဝေးတယ်၊ အရေးအကြီးဆုံးကတော့ ငါက ပိုက်ဆံသိပ်မလိုချင်ဘူး၊ ပစ္စည်းကို ဂရုတစိုက်ရှိတဲ့သူကိုပဲ ငှားချင်တာလေ၊ ဒါမှ ငါတို့ဆိုင်ကို မဖျက်စီးမိမှာ”
လင်းမိန်ဟွေ့လည်း ဤသို့ယုံကြည်မှုအတွက် အလွန်ကျေးဇူးတင်ပြီး အစ်မကြီးကို ကတိပေးလိုက်သည်။
“စိတ်မပူပါနဲ့ အစ်မ. ကျွန်မတို့ ဒီနေရာကို ပိုကောင်းအောင် လုပ်ပေးပါ့မယ်၊ အစ်မကို ဘယ်တော့မှ စိတ်မပျက်စေရဘူး”
အစ်မကြီးက အခန်းကို ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလုပ်ပေးခဲ့ပြီး အတွင်းခန်းထဲတွင် ခုတင်တစ်လုံးနှင့် ကုလားထိုင်နှစ်လုံးရှိကြောင်း လင်းမိန်ဟွေ့ကို ပြောပြခဲ့သည်။
ဤညတွင် အခန်းကို သန့်ရှင်းရေးလုပ်ရုံနှင့် အနားယူနိုင်ပြီဟု ပြောခဲ့လေ၏။
*
အခန်း56. စီးပွားရေး စတင်ခြင်း
လင်းမိန်ဟွေ့ ဆိုင်ခန်းပိုင်ရှင် အစ်မကြီးနှင့် ဆွေးနွေးပြီးနောက် သဘောတူညီမှု ရခဲ့သည်။
ဤဆိုင်၏ ငှားရမ်းခက တစ်နှစ်ကို ယွမ် ၁၂၀၀ ဖြစ်ပြီး ရေခွန်၊ မီးခွန်ကတော့ သူမကိုယ်တိုင် ပေးရမည်။
ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရန် သို့မဟုတ် ပစ္စည်းများထားရန်အတွက် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်သည်။
နောက်ဆုံးတွင် အစ်မကြီးက လင်းမိန်ဟွေ့တို့အတွက် မွေ့ရာတစ်လုံးနှင့် ပြတင်းလိုက်ကာတစ်စုံကို ကြင်နာစွာ ပေးခဲ့သောကြောင့် လင်းမိန်ဟွေ့အတွက် ငွေကြေးများစွာ သက်သာသွားခဲ့ရသည်။
သူမက အစ်မကြီးကို ကျေးဇူးတင်ပြီးနောက် ဤညအတွက် အခြေချနေထိုင်ရန်အတွက် စတင် ပြင်ဆင်ခဲ့လေသည်။
စုန့်ယီက လင်းမိန်ဟွေ့ သန့်ရှင်းမှုကို နှစ်သက်ကြောင်း သိသောကြောင့် ခုတင်နှင့် ကုလားထိုင်များကို သန့်ရှင်းရေးလုပ်ခဲ့ပြီးမှ အိပ်ရာခင်းများကို ခင်းပေးလိုက်သည်။
ညနှောင်းပိုင်းသို့ရောက်နေခဲ့ပြီဖြစ်ကာ နှစ်ယောက်လုံး ခရီးပန်းပြီး အားအင်ကုန်ခမ်းနေခဲ့ကြသည်။
လင်းမိန်ဟွေ့က ၁.၅ မီတာ အကျယ်ရှိသည့် ခုတင်သေးသေးလေးကို ကြည့်ပြီး မျက်နှာအနည်းငယ်ပူလာခဲ့ရသည်။
ယခင်က စုန့်ယီ၏ အိမ်တွင်နေထိုင်ခဲ့ချိန်ကတော့ သူတို့အနေဖြင့် မိသားစုဝင်များဟု ခံစားရပြီး ရှက်နေခဲ့ခြင်း မရှိခဲ့ပေ။
ဆိုရလျှင် စုန့်ယီ၏အိမ်ရှိ ခုတင်က အလွန်ကြီးပြီး သူတို့နှစ်ဦး ဘေးချင်းကပ်အိပ်လျှင်ပင် ကြားထဲတွင် အကွာအဝေး အလွန်ကြီးမားခဲ့သေးသည်။
ယခုတွင်တော့ စိမ်းသက်သော နယ်မြေတွင်ရှိနေခဲ့ကာ ကျဉ်းကျဉ်းကျပ်ကျပ်ရှိသော ခုတင်ပေါ်တွင် အတူတူအိပ်ရတော့မည်ဖြစ်၍ လင်းမိန်ဟွေ့၏ စိတ်ထဲတွင် မည်သည့်အတွက်ကြောင့်မှန်းမသိ ရှက်ရွံ့လာခဲ့သည်။
“အစ်ကိုစုန့်ယီ၊ ဒီညတော့ ကျွန်မ ထိုင်ခုံပေါ်မှာ အိပ်လိုက်ပါ့မယ်၊ ရှင် ခုတင်ပေါ်မှာ အိပ်လိုက်လေ၊ မနက်ဖြန်ကျမှ ကျွန်မတို့ ခုတင်ကို ပိုကျယ်အောင် လုပ်ဖို့ နည်းလမ်းရှာရအောင်”
စုန့်ယီက ခေါက်ကုလားထိုင်နှစ်လုံးကို ကြည့်ပြီး လင်းမိန်ဟွေ့ မည်သည့်အရာကို တွေးတောနေကြောင်းကို ခန့်မှန်းမိပုံရသည်။
“မိန်ဟွေ့၊ ကိုယ် ကြမ်းပြင်ပေါ်မှာ အိပ်လိုက်မယ်၊ မင်း ကိုယ့်အတွက် နေရာ မဖယ်ပေးနဲ့၊ ကိုယ်က မင်းရဲ့အစ်ကိုပဲလေ”
စုန့်ယီ မည်မျှပင်စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်ရသည့်အတွက် လင်းမိန်ဟွေ့လည်း ထပ်မံ မငြင်းဆန်ခဲ့တော့ပေ။
သူမ ခုတင်ပေါ်တွင် လှဲနေရင်း သူမကို ဂရုစိုက်စောင့်ရှောက်ပေးသည့်လူရှိနေသည်က အလွန်ပင် ကောင်းမွန်လွန်းကြောင်း ခံစားလိုက်ရသည်။
နောက်တစ်နေ့ မနက်စောစောတွင်တော့ စုန့်ယီက မြို့ထဲသို့ သွားခဲ့ကာ သစ်သားပြားများကို ဝယ်ယူခဲ့သည်။ ထို့နောက် အရွယ်အစားများကို တိုင်းတာပြီး ခုတင်ကို တိုးချဲ့လိုက်လေသည်။
လင်းမိန်ဟွေ့က ပြတင်းလိုက်ကာများကို ချိတ်၍ ခုတင်ကို သပ်ရပ်အောင် လုပ်လိုက်သည်။ အရာအားလုံးပြီးစီးသွားချိန်တွင် ဤအခန်းက သူတို့၏ အိမ်ကဲ့သို့ ခံစားလာခဲ့ရသည်။
အိမ်ကို သန့်ရှင်းရေးလုပ်ပြီးနောက်တွင် စုန့်ယီက အနီးအနားရှိ ဆိုင်သို့ သွားကာ အိမ်သုံးပစ္စည်းများကို ဝယ်ယူခဲ့သည်။
ဆိုင်၏ ရေခဲသေတ္တာထဲရှိ ရေခဲချောင်းများကို မြင်လျှင် စုန့်ယီက ဆယ်ဆင့်တန်ရေခဲချောင်းနှစ်ချောင်း ဝယ်ယူခဲ့လေသည်။
ထို့နောက် အိမ်သို့ အပြေးပြန်လာခဲ့ပြီး လင်းမိန်ဟွေ့ကို ပေးလာခဲ့၏။
“မိန်ဟွေ့၊ ရေခဲချောင်းစားပါဦး”
လင်းမိန်ဟွေ့တစ်ယောက် ကြမ်းပြင်များကို လှဲကျင်းနေရင်း လှည့်ကြည့်လိုက်လျှင် စုန့်ယီက စိမ်းပြာရောင်ရေခဲချောင်းနှစ်ချောင်းကို ကိုင်ထားသည်ကို တွေ့လိုက်ရလေ၏။
ထိုရေခဲချောင်းများက ကြည့်မိရုံဖြင့် လန်းဆန်းစေပြီး စိတ်ကြည်လင်စေပုံရသည်။
လင်းမိန်ဟွေ့က အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
“ဒါကို ဘယ်ကရတာလဲ”
စုန့်ယီက လင်းမိန်ဟွေ့အတွက် ရေခဲချောင်းများ၏ အပြင်ဘက်စက္ကူကို ဖယ်ပေးရင်း ပြောလာသည်။
“ဟိုဘက်နားက ဆိုင်မှာ ရောင်းတာလေ၊ အရောင်အသွေးက အတော်လေးစုံပေမဲ့ ရေခဲကို အရောင်ထည့်ပြီး လုပ်ထားတဲ့ပုံရတယ်၊ ရေငတ်ပြေရုံပဲ၊ ကိုယ်အရင် ခရိုင်မြို့မှာ မြင်ခဲ့ဖူးတဲ့ ရေခဲမုန့်လိုတော့ မဟုတ်ဘူး”
လင်းမိန်ဟွေ့က သူမ၏ ခါးစည်းကို ချွတ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ကာ ရေခဲချောင်းနှစ်ချောင်းကို ကြည့်လိုက်သည်။
စုန့်ယီပြောခဲ့သည့်အတိုင်းပင်။ ဤသည်က ရေခဲနှင့် အရောင်ဆိုးဆေးနှင့် လုပ်ထားခြင်းသာ ဖြစ်ပေသည်။
ရေခဲတုံးလေးများကဲ့သို့ရှိနေပြီး ဆေးသကြားနံ့ပြင်းသည်။
ရုတ်တရက် သူမ အတိတ်ဘဝတုန်းက ကျန်းမိသားစုတွင် ကလေးများကို မကြာခဏ ပေးလေ့ရှိသည့် ရေခဲမုန့်များကို သတိရလိုက်မိသည်။
ထိုရေခဲမုန့်များက နူးညံ့ပြီး ချောကလက်နှင့် မြေပဲများ ပါဝင်သောကြောင့် လူများကို စားချင်စိတ် ပေါ်စေသည်။
တစ်ခါက ကျန်းမေ့ဟွား၏မိသားစုမှ ကလေးတစ်ယောက်မှာ မတော်တဆဖြင့် ရေခဲမုန့်တစ်ခုကို ပြုတ်ကျသွားခဲ့သည်။ သူက ကျန်းမေ့ဟွားက ဆူပူမည်ကို စိုးရိမ်သောကြောင့် လင်းမိန်ဟွေ့ တွန်းလိုက်၍ ပြုတ်ကျသွားရသည်ဟု စွပ်စွဲခဲ့သည်။
ထိုတစ်ကြိမ်တွင်တော့ ကျန်းမေ့ဟွားက အလွန်ဒေါသထွက်သွားခဲ့ကာ မြေပြင်ပေါ်တွင် ပြုတ်ကျနေသည့် အရည်မပျော်သေးသော ရေခဲမုန့်ကို ကောက်ယူပြီး လင်းမိန်ဟွေ့၏ပါးစပ်ထဲသို့ ထိုးထည့်ခဲ့သည်။
ထိုအချိန်တွင် လင်းမိန်ဟွေ့တစ်ယောက် အရှက်ရသည့် ခံစားချက်ကိုခံစာခဲ့ရရုံသာမကဘဲ နှင်းကိတ်မုန့်ကဲ့သို့ ချိုမြိန်သည့်အရသာနှင့် မွှေးရနံ့ကိုပါ ခံစားခဲ့ရသည်။
“မိန်ဟွေ့၊ မင်း ဘာတွေ စဉ်းစားနေတာလဲ၊ ရေခဲချောင်းတွေ အရည်ပျော်နေပြီ”
စုန့်ယီ လင်းမိန်ဟွေ့ကို သတိပေးလိုက်သည်။
လင်းမိန်ဟွေ့လည်း သတိပြန်ဝင်လာပြီး သူမ၏လက်ထဲရှိ ရေခဲချောင်းမှ ရေများ စီးကျနေသည်ကို တွေ့မြင်လိုက်ရလေသည်။
လင်းမိန်ဟွေ့ ရုတ်တရက် စုန့်ယီကို ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ ရေခဲမုန့်လုပ်ငန်း စကြမလား”
စုန့်ယီကတော့ ထိုစကားကို ကြားလျှင် လင်းမိန်ဟွေ့က အနည်းငယ်လောက် စိတ်ကူးယဉ်နေသည်ဟု တွေးတောမိကာ ပြုံးလိုက်လေသည်။
“ဒီလို ရေခဲချောင်းမျိုး လုပ်ချင်တာလား၊ ရေခဲချောင်းတစ်ချောင်းကို ဆယ်ဆင့်ပဲရတာ၊ တစ်နှစ်ကို ဘယ်လောက်ရောင်းရမလဲမှ အိမ်ငှားခဖူလုံမှာလဲ၊
ဒါ့အပြင် ရေခဲမုန့်လုပ်ချင်ရင် ရင်းနှီးမြှုပ်နှံရမှာ၊ ရေခဲသေတ္တာတွေ၊ ပုံစံခွက်တွေ ဝယ်ရမယ်…”
“အစ်ကိုစုန့်ယီ၊ ဘယ်အရာမဆို အစပိုင်းကတော့ ခက်ခဲမှာပဲလေ၊ ကျွန်မတို့တွေ စလုပ်လိုက်ပြီဆိုရင် တဖြည်းဖြည်းနှင့် သင်ယူနိုင်မှာပါ”
လင်းမိန်ဟွေ့ကတော့ စိတ်ထဲတွင် ဆုံးဖြတ်ထားပြီးသား ဖြစ်နေပေပြီ။
အတိတ်ဘဝတုန်းက ကျန်းမိသားစုမှ ကလေးများအတွက် မကြာခဏ ရေခဲမုန့်ဆိုင်သို့ သွားခိုင်းကာ ရေခဲမုန့်များကို လက်ကားဝယ်ခိုင်းတတ်သည်။
နောက်ပိုင်းတွင် လင်းမိန်ဟွေ့သည်လည်း ရေခဲမုန့်စက်ရုံထဲမှ မိန်းကလေးတစ်ဦးနှင့် ရင်းနှီးလာခဲ့သည်။
ထိုမိန်းကလေးက စိတ်ကောင်းရှိပြီး အားလပ်ချိန်များ၌ လင်းမိန်ဟွေ့ကို ရေခဲမုန့်တချို့ကို တိတ်တဆိတ် ပေးခဲ့တတ်သည်။
ထိုအထဲတွင် အရသာမျိုးစုံရှိသည်။ အတွင်းပိုင်းတွင် အစာသွပ်ထားသည်များ၊ သကြားအပြည့်ထည့်ထားသည်များ၊ ပုံသဏ္ဌာန်မျိုးစုံ၊ ကြောင်မျက်နှာ၊ ဝက်ဝံခြေထောက်၊ ပြောင်းဖူးနှင့် မုန်လာဥနီပုံများ လုပ်ထားခဲ့သည်။
လင်းမိန်ဟွေ့မှာ ထိုပုံစံခွက်များကို မြင်ပြီး မခွဲခွာနိုင်သကဲ့သို့ ခံစားခဲ့ရသည်။ ထိုမိန်းကလေးလည်း ၎င်းကို မြင်သည့်အချိန်တွင် လင်းမိန်ဟွေ့ကို စက်ရုံသို့ တိတ်တဆိတ် ခေါ်သွားပြီး ရေခဲမုန့်ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို မိတ်ဆက်ပေးခဲ့သည်။
လင်းမိန်ဟွေ့အနေဖြင့် ယခုအချိန်ထိ စွဲစွဲမြဲမြဲ မှတ်မိနေတုန်းပင်။
ထိုနေ့ရက်များက သူမဘဝ၏ တောက်ပသည့် အလင်းရောင်အနည်းငယ်ပင်ထဲက တချို့ဖြစ်ခဲ့သည်။
ထိုမိန်းကလေးသည်လည်း သူမ၏စိတ်ထဲ၌ အရေးအပါဆုံး သူငယ်ချင်းတစ်ဦးအဖြစ် ရှိနေခဲ့သည်။
သူမ သေဆုံးသည်အထိပင်..
သူမ၏ ဆင်းရဲဒုက္ခများကို ထိုမိန်းကလေး စိတ်ဆင်းရဲရမည်ကို စိုးရိမ်သည့်အတွက် မပြောပြခဲ့တော့ပေ။
လွန်ခဲ့သည့်နေ့ရက်က လယ်ကွင်းထဲ၌ ဖြစ်ခဲ့သည့်ကိစ္စများကြောင့် စုန့်ယီသည်လည်း အဆိုးမြင်စိတ်များ မရှိတော့ချေ။
လင်းမိန်ဟွေ့က ဆုံးဖြတ်ချက်ချပြီး ဖြစ်ကြောင်းကို ကြားလိုက်ရလျှင် သူက သူမ၏ စိတ်ကူးကို အပြည့်အဝ ထောက်ခံခဲ့သည်။
“ကောင်းပြီ၊ ဒါဆို ကိုယ် မနက်ဖြန် ရေခဲသေတ္တာတစ်လုံး ဝယ်လိုက်မယ်၊ ဒါပေမဲ့ ပုံစံခွက်တွေကို ဝယ်ဖို့ကတော့မလွယ်ဘူးထင်တယ်၊ မြို့ထဲမှာ ရေခဲမုန့်လုပ်တဲ့သူ မရှိဘူး…”
“ဒါဆို ကျွန်မတို့ကိုယ်တိုင်ပဲ လုပ်ကြတာပေါ့၊ အစ်ကိုစုန့်ယီ အကုန် အဆင်ပြေလာပါလိမ့်မယ်”
လင်းမိန်ဟွေ့က စုန့်ယီကို အားပေးလိုက်သည်။
ဆုံးဖြတ်ချက်ချပြီးနောက် သူတို့နှစ်ယောက် ယနေ့တွင်ပင် မြို့ထဲရှိ လျှပ်စစ်ပစ္စည်းဆိုင်သို့ သွားကာ ရေခဲသေတ္တာတစ်လုံး ဝယ်ရန် ထွက်လာခဲ့ကြသည်။
သို့သော်လည်း လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ ဆိုင်ထဲကို ဝင်ကြည့်လိုက်ပြီး ဆယ်မိနစ်မပြည့်မီမှာပင် ထိတ်လန့်တကြား ပြန်ထွက်လာခဲ့မိကြသည်။
လင်းမိန်ဟွေ့တစ်ယောက် သူမ၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ရလေသည်။
“အစ်ကိုစုန့်ယီ၊ အဲဒီရေခဲသေတ္တာတွေနဲ့ ရေခဲခန်းတွေက ဘာလို့ ဒီလောက်တောင်ဈေးကြီးနေရတာလဲ၊ တစ်လုံးကို ယွမ် ၂၀၀၀ ကျော်တောင်မှတဲ့”
“ဟုတ်တယ်၊ နောက်ပြီး ဒီမှာ နှစ်လုံး သုံးလုံးလောက်ပဲရှိတာကိုကြည့်လိုက်၊ ဒါက တကယ်ကို ဈေးမသက်သာဘူး”
စုန့်ယီလည်း ဤဈေးကို အမှန်တကယ်ပင် မတတ်နိုင်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ပိုင်ဆိုင်သည့် ပစ္စည်းများအားလုံးက ယွမ် ၃၀၀၀ ခန့်သာ ရှိသည်။
အိမ်ငှားခကို ဖယ်လိုက်ပါက ယခုအချိန်တွင် လက်ထဲ၌ ယွမ် ၂၀၀၀ ကျော်သာ ရှိနေပေပြီ။
ရေခဲသေတ္တာတစ်လုံး ဝယ်လိုက်ပါက လုံးဝ ပြောင်စင်သွားလိမ့်မည်။
လင်းမိန်ဟွေ့က သူမ၏ အတိတ်ဘဝမှ ကျန်းကျစ်ကုန်းတို့၏ မိသားစုလုပ်ကိုင်မှုများကို သတိရလိုက်သည်။ သူတို့က ပရိဘောဂများကို ဝယ်ရန် မြို့ကြီးများသို့ သွားကြလေ့ရှိသည်။
မြို့ကြီးတွင်ရှိနေသော ကြီးမားသည့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များက ဈေးပိုမို သက်သာနိုင်သည်။
လင်းမိန်ဟွေ့ စိတ်ကူးရသွားခဲ့သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ ခရိုင်မြို့ကို သွားကြည့်ရအောင်၊ အဲဒီမှာဆိုရင် မြို့ထဲမှာထက် ဈေးပိုသက်သာနိုင်တယ်”
စုန့်ယီလည်း လင်းမိန်ဟွေ့၏အကြံက မဆိုးလှဟု တွေးမိပြီး ခရိုင်မြို့သို့ သွားသည့် ဘတ်စ်ကားအကြောင်းကို ချက်ချင်း စုံစမ်းမေးမြန်းလိုက်သည်။
ယွင်ကျွမ်းမြို့က ခရိုင်မြိုနှင့် မိုင် ၃၀ ကျော်သာ ဝေးပြီး ဘတ်စ်ကားနှင့် သွားပါက မိနစ် ၄၀ ကျော်သာ ကြာမြင့်လိမ့်မည်။
စုန့်ယီက လင်းမိန်ဟွေ့ကို လိုက်ပို့ပေးချင်ခဲ့သည်။ သူမ လင်းမိသားစုတွင် အလွန်အမင်း ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသော်လည်း ခရိုင် မြို့သို့ မည်သည့်အခါကမျှ ရောက်ဖူးမည်မဟုတ်ပေ။
ဘတ်စ်ကားက နေ့လယ် ၂ နာရီခွဲခန့်တွင် ထွက်မည်ကို သိလိုက်ရလျှင် စုန့်ယီနှင့် လင်းမိန်ဟွေ့ တို့လည်း အိမ်သို့ ပြန်လာခဲ့ကြပြီး နေ့လည်စာကို အလျင်အမြန်စားသောက်လိုက်ကြကာ ပိုက်ဆံအနည်းငယ်ယူပြီး ခရီးထွက်ခဲ့ကြသည် ။
လင်းမိန်ဟွေ့ကတော့ ဘတ်စ်ကားပေါ်၌ ထိုင်ရင်း ပတ်ဝန်းကျင်မှ မြင်ကွင်းများ လျင်မြန်စွာ တွင်ကျန်ရစ်ခဲ့သည်ကို ကြည့်ကာ အလွန်ပျော်ရွှင်နေခဲ့သည် ။
ဘဝက မည်မျှခက်ခဲသည်ဖြစ်စေ၊ သူမ၏ နှလုံးသားက အမြဲတမ်း ပေါ့ပါးပျော်ရွှင်နေခဲ့သောကြောင့် လင်းမိန်ဟွေ့က ပို၍ ပြုံးရွှင်လာခဲ့သည် ။
သူမ၏ အသားအရေကလည်း သဘာဝအနေအထားဖြင့်ပင် ကောင်းမွန်နေခဲ့လေသည်။ ချောမွေ့ပြီး နူးညံ့ကာ အပြစ်အနာအဆာမရှိပေ။ မတိုင်ခင်က လယ်ယာလုပ်ငန်းများကြောင့် အနည်းငယ်ညိုသွားသော်လည်း ကျန်းမာပြီး လှပနေပုံရသည်။ သူမ၏ ဆံပင်များကလည်း ထူထဲပြီး မျက်လုံးများသည်လည်း အရည်များလဲ့နေခဲ့ပေသည်။
လင်းမိန်ဟွေ့က ပြတင်းပေါက်ကို ကြည့်နေစဉ် စုန့်ယီကတော့ သူ၏ ဘေးနားတွင်ရှိနေသော မိန်းကလေးကို ကြည့်နေခဲ့ပြီး သူ၏ နှလုံးသားက တဖြည်းဖြည်း ချိုမြိန်လာသည်။
လှပသည့် ပန်းလေးများကို မြင်ရသကဲ့သို့ပင်။
သူမသာ ဘေးနားတွင်ရှိနေပါက ဘဝက အလွန် လှပသည်ဟု ခံစားရသည်။
ခရိုင်မြို့သို့ ရောက်သည်နှင့် လင်းမိန်ဟွေ့ လျှပ်စစ်ပစ္စည်းဆိုင်သို့ သွားရန်ပြင်လိုက်သော်လည်း စုန့်ယီက သူမကို ဆွဲဖမ်းလိုက်လေ၏။