အခန်း (၂၃၁-၂၃၂)
Vol. 24 Ch. 231-232
အခန်း (၂၃၁) သူတော်ကောင်း မဟုတ်ဘူး
"ကလေးသုံးယောက် ဟုတ်လား။ ဘာဖြစ်လို့ ကလေးသုံးယောက်လဲ။ ရွှေတွေ အသားတွေ ပိုပေးထားတဲ့အတွက် အလဲအလှယ်အနေနဲ့ ကလေးတွေကို လွှတ်ပေးရမှာ မဟုတ်ဘူးလား" ရွာလူကြီးက ဇဝေဇဝါ ဖြစ်နေသည့် မျက်နှာဖြင့် မေးသည်။
"ဟုတ်တယ်လေ၊ မင်းတို့ ငါ့ကို ယဇ်ပဏ္ဏာ နှစ်ဆပေးတာကြောင့် ကလေး သုံးယောက်ကို မခေါ်တော့ဘူးလေ။ ယဇ်ပဏ္ဏာ နှစ်ဆဆိုတာ ရွှေနှစ်ဆ၊ အသားနှစ်ဆနဲ့ ကလေး ခြောက်ယောက်ကို ဆိုလိုတာမလား။ အဲဒါကြောင့် ငါ အရင်က ကလေးသုံးယောက်ကို မခေါ်တော့ဘဲ တခြားကလေး သုံးယောက်ကို ခေါ်လိုက်တော့မယ်" မျက်နှာဖုံးဝတ် လူက ကောက်ကျစ်စွာ ရယ်မောရင်း ရွာလူကြီး ပခုံးပေါ် လက်တင်လိုက်သည်။
"ကလေးတွေကို သွားခေါ်လိုက်။ သခင်က စောင့်ရတာ မကြိုက်ဘူးဆိုတာ မင်းတို့ သိတယ်မလား" မျက်နှာဖုံးဝတ် လူက ဆက်ပြောသည်။
"ဒါပေမဲ့... ဒါပေမဲ့" ရွာလူကြီး အထစ်ထစ်ဖြင့် ချွေးဇောများ ပျံလာသည်။
"ဖြောင်း..."
"ဘာ ဒါပေမဲ့လဲ၊ ငါ ပြောသလို မလုပ်ဘူးဆိုရင် မင်းတို့ တစ်ရွာလုံးကို ဖျက်ဆီးပစ်မယ်ဆိုတာ ယုံထားလိုက်။ ဪ ဟုတ်သားပဲ၊ မင်းမှာ သမီးလေးတစ်ယောက် ရှိတယ်မလား။ ငါ သူ့ကို ကောင်းကောင်း ဂရုစိုက်လိုက်မယ်။ ဒါက ငါ့ကို အာခံလို့ အပြစ်ပေးတယ်လို့ မှတ်ထားလိုက်" မျက်နှာဖုံးဝတ် လူက ရွာလူကြီးကို ပါးရိုက်ပြီး ပြောလိုက်သည်။
"ယဇ်ပဏ္ဏာ ကလေး သုံးယောက်ကို ခေါ်လာခဲ့။ ရွာလူကြီး သမီးကိုတော့ ငါ့အတွက် ခေါ်လာခဲ့လိုက်။ ဒီကောင်က သင်ခန်းစာ ကောင်းကောင်း အပေးခံရဖို့ လိုနေပြီ။ ငါ သူ့ရှေ့မှာတင် သူ့သမီးချောလေးရဲ့ အရသာကို ခံစားကြည့်တာ ပိုကောင်းမယ်။ ဒါမှ ဒီကောင် သင်ခန်းစာကို တစ်သတ်လုံး မမေ့တော့မှာ" မျက်နှာဖုံးဝတ် လူက အနီးအနားမှ ရွာသားများကို ကြည့်ရင်း ပြောသည်။
ရွာသားများသည် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း မကြာမီ လူစုကွဲကာ အနီးက တဲအိမ်များသို့ လျှောက်သွားကြသည်။ တစ်ဖက်တွင်မူ မျက်နှာဖုံးဝတ် လူသည် ရွာလူကြီး တဲအိမ်သို့ လျှောက်သွားသည်။
သူ တဲအိမ်ထဲ ဝင်သွားပြီးနောက် မိနစ် အနည်းငယ် အကြာတွင် ပြန်ထွက်လာသည်။ သူ့လက်ထဲတွင် အသက် ၁၅၊ ၁၆ နှစ်ခန့်ရှိသော မိန်းကလေး တစ်ဦးကို ပွေ့ချီလာသည်။ မိန်းကလေးက အတင်း ရုန်းကန်နေပုံပေါ်သော်လည်း ထိုလူ၏လက်ထဲမှ မည်သို့မျှ မလွတ်နိုင်ပေ။
သူမမျက်ဝန်းထဲမှ မျက်ရည်များက တသွင်သွင် စီးကျနေလေသည်။
မျက်နှာဖုံးဝတ် လူက ရွာလူကြီး ရှေ့တွင် ရပ်လိုက်သည်။
"ကျွန်တော့် သမီးလေးကို လွှတ်ပေးပါဗျာ" ရွာလူကြီးက တောင်းပန်သော်လည်း မျက်နှာဖုံးဝတ် လူက သူ့ကို ကန်ထုတ်လိုက်သည်။
ရွာလူကြီးသည် သွေးတစ်လုတ် အန်ထုတ်ရင်း နာကျင်စွာ ညည်းညူလိုက်တော့သည်။
"တော်တယ်" ရွာသားများက ကလေး သုံးယောက်ကို ခေါ်လာသည်အား မြင်လိုက်ရာ မျက်နှာဖုံးဝတ်လူ ကျေနပ်စွာ ပြောလိုက်သည်။ ကလေးများသည် မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံနေသော်ငြား ရုန်းကန်လှုပ်ရှားနေပုံတော့ မပေါ်ပေ။ သူတို့က သူတို့ကံကြမ္မာကို သိရှိထားပြီး စတေးခံရန် အသင့်ပြင်ထားပုံ ရလေသည်။
"အဓိက ပွဲတော် ကျင်းပဖို့ အချိန်ရောက်ပြီပဲ။ ကြည့်စမ်း ရွာလူကြီး၊ မင်းရဲ့သမီးကို တစ်ရွာလုံးရှေ့မှာ ငါ ဘယ်လို ကစားပြမလဲဆိုတာ မင်း စောင့်ကြည့်လိုက်" မျက်နှာဖုံးဝတ် လူက ရွာလူကြီးကို စိုက်ကြည့်ရင်း ပြောသည်။
"မိန်းကလေး၊ နင်က သိပ်လှတာပဲ။ ကံမကောင်းတာက နင်ဟာ ဒီလို နေရာဆိုးမှာ လူဖြစ်လာတာပဲ။ နင့်အဖေက အသုံးမကျဘူး" မျက်နှာဖုံးဝတ် လူက မိန်းကလေး၏ မေးစေ့ကို အသာ ပွတ်သပ်ရင်း ရေရွတ်သည်။
"နင့်ရဲ့အဝတ်အစားတွေ အောက်မှာ ဘာတွေ ဖုံးထားလဲဆိုတာ ကြည့်ဖို့ အချိန်ရောက်ပြီ" လူကြီးက ရေရွတ်ရင်း သူ့လက်ကို မိန်းကလေး၏ ရင်ဘတ်ဆီသို့ လှမ်းလိုက်တော့သည်။ မိန်းကလေးသည် မျက်လုံးများ မှိတ်လိုက်သော်လည်း မျက်ရည်များ စီးကျနေသည်တော့ ရပ်တန့်မသွားပေ။
ထိုအချိန်၌ လူကြီး၏လက်က မိန်းကလေး၏ သားမြက်အား ထိမိတော့မည့် ခဏတွင် တစ်စုံတစ်ခုက ထိုလူ၏ခေါင်းကို ရိုက်ခတ်မိပြီး ထိုလူ အဝေးသို့ လွင့်ထွက်သွားတော့သည်။
မျက်နှာဖုံးဝတ် လူသည် နာကျင်စွာ အော်ဟစ်ပြီး မြေပြင်ပေါ် လဲကျသွားတော့သည်။
အတင်း ပြန်ထလာပြီးနောက် သူသည် ထထိုင်ကာ မိန်းကလေးရှိရာသို့ ကြည့်လိုက်သည်တွင် သူမရှေ့၌ ကောင်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုကောင်လေးက အသက် ၁၆၊ ၁၇ ခန့် ရှိပြီး ချောမောသော ရုပ်ရည် ရှိသည်။ ထိုကောင်လေးက လုံချန်း ဖြစ်သည်။
"မစိုးရိမ်ပါနဲ့၊ မင်းကို နာကျင်အောင် လုပ်မယ့်သူ မရှိတော့ပါဘူး" လုံချန်းက မိန်းကလေးကို ကြည့်ကာ နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်ပြီးနောက် မိန်းကလေးသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူမရှေ့တွင် ရပ်နေသည့် လူငယ်လေး၏ မျက်နှာအား မြင်လိုက်ရသည်။
သူမ ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူမနှင့် မနီးမဝေး မြေပြင်တွင် ထိုင်နေသော မျက်နှာဖုံးဝတ် လူအား သတိပြုမိလိုက်သည်။
"တိရစ္ဆာန်ကောင်၊ မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့ ဟုတ်လား။ မင်းက ကိုယ့်သေမင်းကိုယ် ပြန်ရှာနေတာလား" မျက်နှာဖုံးဝတ် လူက ဒေါသတကြီး ထရပ်ကာ အော်လိုက်သည်။
"တကယ်တော့ မိစ္ဆာတွေကို ငါ မမုန်းပါဘူး။ ဆိုးသွမ်းတဲ့ ကိစ္စတွေကို ငါကိုယ်တိုင်လည်း လုပ်ဖူးတယ်။ ဒါပေမဲ့ ဒီလို အောက်တန်းကျတဲ့ ကိစ္စတွေကိုတော့ ငါ နည်းနည်းမှ သည်းမခံနိုင်ဘူး။ ဒီလိုကောင်မျိုးတွေကို ငါကိုယ်တိုင် အမြစ်ဖြတ် နှိမ်နင်းပစ်မယ်။ ဒီနေ့က ဒီလိုအရာမျိုးတွေ လုပ်ဖို့ ရက်ရာဇာ နေ့တစ်နေ့လို့ ခံစားရတယ်" လုံချန်းက တိုးတိုးလေး ရေရွတ်နေသော်လည်း မျက်နှာဖုံးဝတ် လူက ထိုစကားများကို အတိုင်းသား ကြားနေရသည်။ ထိုစကားများကို ကြားလိုက်ရာ သူ မရှက်ဘဲ မနေနိုင်တော့ပေ။
"အမှိုက်ကောင်၊ မင်းက ငါ့ကို ခိုးကြောက်ခိုးဝှက် တိုက်ခိုက်ပြီးတော့ မင်းကိုယ်မင်း အပြောင်းအလဲ အကြီးကြီးတွေ လုပ်နိုင်မယ်လို့ ထင်နေတာလား။ ငါ မင်းရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်တာကို မင်းကိုယ်တိုင် မြင်နိုင်အောင် လုပ်ပေးမယ်" မျက်နှာဖုံးဝတ် လူက ရက်စက်သော လေသံဖြင့် ပြောသည်။
ထိုလူက ထရပ်ပြီး လုံချန်းဆီ စတင် ပြေးလာသော်လည်း ရှေ့သို့ ခြေနှစ်လမ်းပင် မလှမ်းနိုင်မီ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
ထိုသည်က အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် သူသည် မည်သို့ ဖြစ်သွားသည်ကိုပင် မသိလိုက်ပေ။ ယခုမူ သူ့လည်ပင်းက လုံချန်း၏လက်ထဲတွင် ရောက်နေပြီး ထိုနေရာမှ ဆွဲတင်ကာ လေထဲသို့ ပင့်မြှောက်ခံထားရသည်။
"ရွှေအမြူတေ အဆင့် ၈ ကျင့်ကြံသူ တစ်ယောက်က ငါ့ကို အမှိုက်လို့ ခေါ်တယ် ဟုတ်လား။ ကိုယ့်နေရာ ကိုယ်မသိဘူးပဲ" လုံချန်းက လေးနက်သော လေသံဖြင့် ဆိုရင်း ထိုလူ၏လည်ပင်းကို ထပ်ညှစ်လိုက်သည်။
"မင်း... လွှတ်..." မျက်နှာဖုံးဝတ် လူက အသံ ပြတ်တောင်း ပြတ်တောင်းဖြင့် ပြောသည်။
"မင်းက မင်းသခင် နာမည်ကို သုံးပြီး ငါ့ကို ခြိမ်းခြောက်ချင် နေတာမလား။ မစိုးရိမ်ပါနဲ့။ မင်းပြီးရင် သူ့အလှည့်ပဲ" လုံချန်းက ပြုံးပြုံးလေး ပြောနေသော်လည်း မျက်နှာဖုံးဝတ် လူသည် ထိုအပြုံးက မိစ္ဆာတစ်ကောင်၏ အပြုံးကဲ့သို့ ခံစားနေရသည်။ သူ့ကျောရိုး တစ်လျှောက်လုံး လေအေးတစ်ချက် ဝေ့တိုက်သလို စိမ့်ခနဲ့ ဖြစ်သွားလေသည်။
" မင်း သိလား၊ ငါက လူသားတွေ ကောင်းကျိုးကို သယ်ပိုးနေတဲ့ သူတော်ကောင်း မဟုတ်ဘူး။ တချို့ကိစ္စတွေ ရှိပေမဲ့ ငါ မကိုင်တွယ်နိုင်ဘူး။ ငါမကိုင်တွယ်နိုင်တဲ့ထဲက တစ်ယောက်ဆိုရင်တော့ မင်းလုပ်ချင် လုပ်လို့ရပါတယ်" လုံချန်းက ပြောသည်။
"အခုကတော့ မတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပြီ။ တကယ်လို့ မင်းကသာ ကောင်းကင် အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင် ငါလည်း ရွေးချယ်စရာ မရှိတော့ဘဲ ဒီလို ကူကယ်ရာမဲ့နေတဲ့ အခြေအနေကနေ ရုန်းထွက်သွားရုံပဲ တတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းကတော့ မဟုတ်ဘူး။ ဒါကြောင့် ငါလုပ်ချင်တာ ငါလုပ်မယ်" လုံချန်းက ပြုံးလျက် ညာဘက်လက်ဖြင့် မျက်နှာဖုံးဝတ် လူ၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"ဒါက မင်း အရသာခံချင်နေတဲ့ လက်နဲ့ အတူတူပဲ မဟုတ်လား။ ကဲ... ပျော်စရာလေးတွေ ခံစားကြည့်လိုက်ရအောင်" လုံချန်းက ရေရွတ်ကာ ထိုလူ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ ဆွဲနုတ်ချလိုက်သည်။ လက်က ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသည်တွင် မျက်နှာဖုံးဝတ် လူမှာ အာခေါင်ခြစ် အော်တော့သည်။ လုံချန်းက ချက်ချင်းပင် ထိုလူ၏လည်ပင်းကို အားထည့် ညှစ်လိုက်သဖြင့် အသံမှာ အပြင်သို့ ထွက်မလာတော့ပေ။
"ဒီိလိုစိတ်ဓာတ်မျိုးပဲ ရှိရမယ်။ မင်းက တကယ့်ကို အသက်ဓာတ်တွေ ပြည့်ဝနေတာပဲ" လုံချန်းက ပြုံးလျက် ပြောရင်း ထိုသူ၏ အခြားလက်တစ်ဖက်ကိုပါ ဆုပ်ကိုင်လိုက်ပြန်သည်။
"အကူအညီပေးပါ... မလုပ်ပါနဲ့တော့..." ထိုသူသည် နာကျင်မှုကြောင့် ငိုယိုရင်း လုံချန်းကို တောင်းပန်နေရှာသည်။ သို့သော် လုံချန်းက သူ၏ ဆုပ်ကိုင်မှုကို လျှော့မပေးသည့်အပြင် ပို၍ပင် တင်းကြပ်လိုက်သေးသည်။
အခန်း(၂၃၂) အသက်စုပ် ပိုးမွှား
"အကူအညီပေးပါ... မလုပ်ပါနဲ့တော့..." ထိုသူသည် နာကျင်မှုကြောင့် ငိုယိုရင်း လုံချန်းကို တောင်းပန်နေရှာသည်။ သို့သော် လုံချန်းက သူ၏ ဆုပ်ကိုင်မှုကို လျှော့မပေးသည့်အပြင် ပို၍ပင် တင်းကြပ်လိုက်သေးသည်။
"ဒါဆို မင်းရဲ့သခင်အကြောင်း ငါ့ကို ပြောပြတော့လေ" လုံချန်းက ထိုသူ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြုံးလျက် မေးလိုက်သည်။
သူ့သခင်အကြောင်း လုံချန်း မေးလိုက်သည်နှင့် မျက်နှာဖုံးစွပ်ထားသူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ချွေးစေးများ တရစပ် ထွက်လာတော့သည်။
"ကျွန်တော်... ကျွန်တော် သခင်ကြီးအကြောင်း ဘာမှ မပြောရဲပါဘူး" ထိုသူက စိုးရိမ်တကြီး ပြန်ဖြေသည်။
"ကောင်းပြီလေ။ ငါ မင်းကို အတင်းအကျပ် မခိုင်းပါဘူး... ငါက မိစ္ဆာတစ်ကောင် မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း စဉ်းစားဖို့ အချိန်တော့ ပေးမယ်။ မင်း စိတ်ပြောင်းချင်လည်း ပြောင်းလို့ရတာပေါ့" လုံချန်းက အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြုံးပြလိုက်သည်။ သို့သော် သူ၏လက်ကမူ ထိုသူ၏လက်ကို ပိုမို တင်းကြပ်စွာ ညှစ်ထားဆဲပင်။
လုံချန်း၏ အပြုံးကို မြင်လိုက်ရသောအခါ မျက်နှာဖုံးစွပ်ထားသူသည် ရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ရလိုက်သည်။ ထိုခံစားချက်မှာ မှန်ကန်သွားခဲ့ပြီး သူ၏ အခြားလက်တစ်ဖက်မှာလည်း ကိုယ်ထည်မှ ဆွဲဖြတ်ခြင်း ခံလိုက်ရပြန်သည်။ သေအံ့ဆဲဆဲ လူတစ်ယောက်၏ အော်ဟစ်သံကဲ့သို့ ကျယ်လောင်လှသော အော်သံတစ်သံက ထိုသူ၏ ပါးစပ်မှ ထွက်ပေါ်လာပြန်သည်။
"ဘာလို့ အော်နေတာလဲ။ ကဲ... ဆုံးဖြတ်ချက် ချပြီးပြီလား။ အခု ငါ့ကို ပြောပြနိုင်ပြီလား" မျက်နှာဖုံးစွပ်ထားသူ၏ ရူးသွပ်မတတ် အော်ဟစ်သံများကြားမှ လုံချန်းက ထပ်မေးလိုက်သည်။
"မင်း အခြောက်။ သတ်ချင်ရင် အခုချက်ချင်း သတ်လိုက်စမ်း။ မင်း ငါ့သခင်ကို ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူ မင်းကို ရှာတွေ့ရင် မင်းထင်ထားတာထက် ပိုပြီး ရက်ရက်စက်စက် အသေဆိုးနဲ့ သေရအောင် လုပ်လိမ့်မယ်" ထိုသူက သွေးဆာနေသော မျက်နှာဖြင့် ဟိန်းဟောက်လိုက်သည်။ သူ့ကို ကစားစရာလို လုပ်နေသော လုံချန်းအား သေစေချင်ပြီ ဖြစ်သည်။
"မင်း ဘာတွေ ပြောနေတာလဲ။ ငါက မင်းကို ဘယ်လိုလုပ် သတ်မှာလဲ။ မင်းမှာ ခြေထောက်နှစ်ချောင်းနဲ့ ခေါင်းတစ်လုံး ကျန်သေးတာပဲဟာ။ မင်းသာ မင်းသခင်အကြောင်း မပြောဘူးဆိုရင် ငါကတော့ မင်းနဲ့ အေးအေးဆေးဆေး အချိန်ဖြုန်းနေဦးမှာပဲ" လုံချန်းက တိုးတိုးလေး ရယ်မောရင်း ထိုသူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ မျက်နှာဖုံးစွပ်ထားသူသည် လုံချန်းအား သူ၏ ဝိညာဉ်အတွင်းပိုင်းအထိ ထိုးဖောက်မြင်နိုင်သော မိစ္ဆာတစ်ကောင်အလား ခံစားလိုက်ရသည်။ သူလုပ်ခဲ့သမျှ အပြစ်များအတွက် သူ့ကို အပြစ်ပေးရန် ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော သေမင်းတမန် တစ်ဦးအလားပင်။
"မလုပ်ပါနဲ့... ကျေးဇူးပြုပြီး မလုပ်ပါနဲ့တော့... ဒီထက်ပိုပြီး အနှိပ်စက်မခံနိုင်တော့ဘူး။ မင်းသိချင်တာ အကုန်ပြောပြပါ့မယ်... ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့" ထိုသူသည် မျက်ရည်များ ဝဲလျက် ပြောလိုက်တော့သည်။ ထိုစကားကို ကြားသောအခါ လုံချန်း၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
"အဲဒါဆို မင်းသခင်အကြောင်း အကုန်ပြောပြစမ်း။ မင်း လိမ်နေတယ်ဆိုတာ ငါသိရင် ဘာဖြစ်မလဲဆိုတာ မင်း သိမှာပါ" လုံချန်းက စိတ်ဝင်စားသော အမူအရာဖြင့် ပြောဆိုရင်း ထိုသူ၏ လည်ပင်းကို ညှစ်ထားသော လက်ကို အနည်းငယ် လျှော့ပေးလိုက်သည်။
"ငါလည်း သခင်ကြီးအကြောင်း အများကြီး မသိပါဘူး။ ငါ သိသလောက်ကတော့ သခင်ကြီးက ဒီနားက ဂူတစ်ဂူထဲမှာ နေတယ်။ ငါ့ကို အထဲဝင်ခွင့် မပြုဘူး။ ၆ လတစ်ကြိမ် ကလေး ၃ ယောက်ကို ယဇ်ပဏ္ဏာအဖြစ် သခင်ကြီးဆီ ခေါ်သွားပေးဖို့ပဲ ငါ့ကို ခိုင်းထားတာပါ" ထိုသူက ဖြေကြားသည်။
"အဲဒီတော့ သူ ဂူထဲက ထွက်လာတာကို မင်း တစ်ခါမှ မမြင်ဖူးဘူးပေါ့။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကရော" လုံချန်းက ထပ်မေးသည်။
"သခင်ကြီး ဂူထဲက ထွက်လာတာ တစ်ခါမှ မမြင်ဖူးပါဘူး။ အမိန့်အားလုံးကို အပြင်ကနေပဲ ရတာပါ" လုံချန်းက သူ့ကို မယုံမှာ စိုးရိမ်နေသည့်အလား ပျာပျာသလဲ ပြန်ဖြေရှာသည်။
"အဲဒါဆို သူက မင်းကို ဘယ်လို ထိန်းချုပ်ထားတာလဲ။ မင်းသာ သူ့ကို သစ္စာဖောက်ရင် ဘယ်လိုလုပ်မလဲ" လုံချန်းက ထိုသခင်ဆိုသူအကြောင်း တွေးတောရင်း မေးလိုက်သည်။
"အသက်စုပ်ပိုးမွှားပါ၊ သခင်ကြီးဆီမှာ ငါ့အပြင် နောက်ထပ် အစေခံတစ်ယောက် ရှိသေးတယ်။ သူက သခင်ကြီးနဲ့ ပိုနီးစပ်တယ်။ သူတစ်ယောက်ပဲ သခင်ကြီးဆီက အမိန့်ယူဖို့ ဂူထဲဝင်ခွင့်ရှိတာ။ သူကပဲ ငါ့ကို အမိန့်တွေ ပြန်ပြောပြတာပါ။ အဲဒီအစေခံက ငါ့ကိုယ်ထဲမှာ အသက်စုပ်ပိုးမွှား ထည့်ထားတယ်။ သခင်ကြီး တစ်ယောက်ပဲ အဲဒီပိုးမွှားကို ထိန်းချုပ်နိုင်တာ။ သခင်ကြီးက စိတ်ကူးလိုက်ရုံနဲ့ ငါသေသွားလိမ့်မယ်။ တကယ်လို့ သခင်ကြီးနဲ့ အရမ်းဝေးတဲ့နေရာကို သွားရင်လည်း ငါ သေမှာပဲ။ အဲဒီအစေခံက အဲဒီလို ပြောခဲ့တာပါ။ ငါက ဒီရွာရဲ့ တမန်တော်ဖြစ်ပြီး သခင်ကြီးအတွက် ယဇ်ပဏ္ဏာတွေ စုဆောင်းပေးရမယ့်သူလို့ သူက ပြောခဲ့တယ်" နာကျင်မှုကြောင့် စကားကို ခက်ခက်ခဲခဲ ပြောနေရသော်လည်း လုံချန်း ယုံကြည်ကာ သူ့ကို လွှတ်ပေးရန် သူ ဆုတောင်းနေမိသည်။
"မင်းသခင်က ကောင်းကင် အဆင့် ကျင့်ကြံသူလား"
"ငါ... ငါတော့ မထင်ပါဘူး။ သခင်ကြီးကို မမြင်ဖူးပေမဲ့ အဲဒီလိုဖြစ်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ သခင်ကြီးရဲ့ ပထမကျွန်က အရင်က ပြောဖူးတယ်၊ သခင်ကြီး မြေကမ္ဘာအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ အချိန်အတော် လိုသေးတယ်တဲ့။ ငါ ထင်တာတော့ သခင်ကြီးက သူ့ရဲ့ ကျင့်ကြံခြင်း တိုးတက်ဖို့အတွက် ယဇ်ပဏ္ဏဝတွေကို သုံးနေတာ ဖြစ်ပါလိမ့်မယ်"
"ကောင်းပြီလေ။ ငါ့ကို သူ့ဆီ ခေါ်သွားစမ်း။ ငါ မင်းတို့သခင်ကို တွေ့ချင်တယ်"
'ဘာ... ဒီကောင် ရူးနေတာလား။ သူက မိစ္ဆာဆီ သွားချင်တယ် ဟုတ်လား။ အသေခံမလို့လား'
ထိုနေရာတွင် ရှိနေသော ရွာသားအများစုမှာ လုံချန်းနှင့် ထိုသူ၏ စကားပြောသံကို ကြားနေရပြီး လုံချန်းကို စိတ်ထဲမှ အထင်သေးနေကြသည်။ သို့သော် ထုတ်တော့ မပြောရဲကြပေ။ လုံချန်းသည် မိစ္ဆာကို မသတ်နိုင်လျှင်ပင် ခုနက သူတို့ မြင်တွေ့ခဲ့ရသည့်အတိုင်း သူတို့ကိုတော့ အလွယ်တကူ သတ်နိုင်သည်ဟု သူတို့ ယုံကြည်နေကြသည်။
"ငါ... ငါ မလုပ်ရဲဘူး။ တကယ်လို့ သခင်ကြီးသာ သိသွားရင် အသက်စုပ်ပိုးမွှားက ငါ့ကို သတ်ပစ်လိမ့်မယ်" မျက်နှာဖုံးစွပ်ထားသူက ထိတ်လန့်တကြား ငြင်းဆိုလိုက်သည်။
"သတ်ချင်ရင် အခုပဲ သတ်လိုက်ပါတော့။ ငါက အခုလည်း တစ်ဝက်သေနေပြီပဲဟာ"
"မင်းသခင်ရဲ့ လက်အောက်ကနေ မင်း မလွတ်မြောက်ချင်ဘူးလား။ မင်းသခင် သေသွားရင် အဲဒီ အသက်စုပ်ပိုးမွှားက မင်းကို သတ်မှာ မဟုတ်တော့ဘူး" လုံချန်းက ပြန်ပြောလိုက်သည်။
"မင်း လက်နှစ်ဖက်လုံး ဆုံးရှုံးသွားပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းက ရှိနေသေးတာပဲ။ မင်း ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါသေးတယ်" လုံချန်းက ထိုသူ သဘောတူလာအောင် ဆွဲဆောင်လိုက်သည်။
"အဲဒါ... တကယ် ဖြစ်နိုင်မယ်ဆိုရင်တော့... ကောင်းပါပြီ။ ငါ ဂူရှိတဲ့နေရာကို လိုက်ပို့ပါ့မယ်။ ဒါပေမဲ့ ငါ အနားထိတော့ မကပ်ရဲဘူးနော်... မဟုတ်ရင် မင်း တစ်ခုခု မလုပ်ရသေးခင်မှာပဲ သခင်ကြီးက ငါ့ကို သတ်ပစ်လိမ့်မယ်။ ဂူရှိတဲ့နေရာကိုတော့ ငါ ပြပါ့မယ်" မျက်နှာဖုံးစွပ်ထားသူက ခေါင်းညိတ် သဘောတူလိုက်ပြီး သူ၏ တောင်းဆိုချက်ကိုပါ တစ်ပါတည်း ပြောလိုက်တော့သည်။