အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း၁ - ဦးနှောက်အား ငှားရမ်းခြင်း
မိုးသည်းထန်စွာ ရွာသွန်းနေလေသည်။
ချုံပုတ်နိမ့်နိမ့်များ၏ဘေးတွင် ဝါးခမောက်နှင့် မိုးကာဝတ်ဆင်ထားသော လူနှစ်ဦးသည် တွင်းတူးနေကြ၏။
ဂေါ်ပြားဖြင့် တူးထုတ်လိုက်သော မြေစာများသည် ဘေးနားရှိရွှံ့ဗွက်အိုင်ထဲသို့ ကျရောက်သွားပြီး ရေများဖွားခနဲ လွင့်စင်သွားသည်။
"ဦးလေးစန်း... တော်လောက်ပြီထင်တယ်"
ချန်းလော့ သည် ဂေါ်ပြားကိုရွှံ့မြေကြီးထဲသို့ စိုက်ချလိုက်ပြီးဂေါ်ပြားရိုးကိုကိုင်ကာ ဘေးနားရှိ လူကြီးအား လှမ်းပြောလိုက်သည်။
ဦးလေးစန်းလည်း ရပ်တန့်လိုက်၏။ ခဏလေးအတွင်းမှာပင် သူတို့တူးထားသော ကျင်းသည် ရေများဖြင့် ပြည့်လျှံနေလေပြီ။
"မြှုပ်လိုက်ကြစို့"
ဦးလေးစန်းသည် သူ၏ခြေရင်း၌ရှိသော ရွှံ့အလိမ်းလိမ်းကပ်နေသည့် ကောက်ရိုးဖျာလိပ်များကို တစ်ချက်ကြည့်လိုက်သည်။
ဒါတွေကတော့ နာမည်မသိ၊ ဘယ်သူသတ်မှန်းမသိဘဲ သေဆုံးသွားကြသူများ၏အလောင်းများပင်။
ရောဂါဘယများမပြန့်ပွားစေရန် အစိုးရမင်းများက သူတို့ ဦးလေးနှင့်တူ နှစ်ယောက်ကို ရှင်းလင်းခိုင်းထားခြင်းပင်။
ဒါက သူတို့၏အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်သည်။
အလောင်းမြှုပ်နှံသူများပင်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် အစိုးရနှင့် သိုင်းလောကဂိုဏ်းများအတွက် အညစ်အကြေးများကို လိုက်ရှင်းပေးရသည့် အောက်ခြေလူတန်းစားများသာ ဖြစ်သည်။
ချန်လော့ကတော့ ဒီလိုဘဝမျိုးကို မလိုလားပေ။ ဒီကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာပြီးနောက် တွင်းတူး၊ အလောင်းမြှုပ်ရသည့် အလုပ်မျိုး လုပ်ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
သို့သော် အသက်ရှင်ဖို့က အဓိက မဟုတ်ပါလား။
ဤကမ္ဘာကြီးက သူနှင့် စိမ်းသက်လွန်းနေသည်။
အပြင်လောကတွင် စစ်ပွဲများနှင့် ဖရိုဖရဲ အခြေအနေများဖြစ်ပေါ်နေပြီး သူ ရင်းနှီးကျွမ်းဝင်သည့် ခေတ်ကာလတစ်ခုမဟုတ်ပေ။ ညဘက်ဆိုလျှင်လည်း သိုင်းလောကသားများ သွားလာလှုပ်ရှားနေတတ်ပြီး အချိန်မရွေးခေါင်းပြတ်သွားနိုင်သည့် အခြေအနေမျိုးဖြစ်သည်။
အသက်ရှင်ရပ်တည်နိုင်ရန်နှင့် ဝမ်းဝဖို့အရေး သူသည် မြို့ထဲရှိဦးလေးစန်းထံ ခိုလှုံခဲ့ရပြီး ရွာသားများအားကျရသည့် ဘဝတစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ တွင်းတူး၊ အလောင်းမြှုပ်သည့် အလုပ်ကို လုပ်လာခဲ့သည်မှာ သုံးနှစ်ပင် ရှိခဲ့လေပြီ။
ဒီနှစ်ကုန်လျှင် သူ အသက် ၂၀ ပြည့်တော့မည်။
"ကောင်းပြီလေ"
ချန်လော့သည် ကောက်ရိုးဖျာလိပ်တစ်ခုကို မ ကာ ရွှံ့ဗွက်ကျင်းထဲသို့ ရွှေ့လိုက်သည်။
တခြားသူသာဆိုလျှင် အလောင်းကို ခြေထောက်ဖြင့် ကန်ချမိလောက်သော်လည်း ချန်လော့ကမူ ထိုသို့ မလုပ်ခဲ့ပါ။ သူ့ကို သင်ကြားပေးခဲ့သော ဦးလေးစန်းကလည်း ထိုသို့ မလုပ်ပေ။
ဦးလေးစန်း ပြောဖူးသည်မှာ ဒါက အလောင်းကောက်သူများ၏ စည်းမျဉ်းဖြစ်သည် ဟူ၏။
သေဆုံးသွားသူတိုင်းကို လေးစားမှုပေးရမည်။
ချန်လော့သည် ထိုစကားကို မှတ်သားထားလိုက်၏။ ဦးလေးစန်း ဘာကြောင့် ဒီလိုလုပ်ခိုင်းလဲ သူ မသိသော်လည်း အကြောင်းပြချက် တစ်ခုခုတော့ ရှိပေလိမ့်မည်။ အလုပ်တိုင်းတွင် သူ့ဉာဏ်ပညာနှင့်သူ ရှိစမြဲပင်။ ချန်လော့အနေဖြင့် သူသည် အခြားကမ္ဘာမှကူးပြောင်းလာသူ ဖြစ်သဖြင့် ဗဟုသုတပါလာသည်ဆိုသော်ငြား၊ မျိုးရိုးစဉ်ဆက် စုဆောင်းလာခဲ့သော အခြားသူများ၏အတွေ့အကြုံများထက် ပိုအသုံးဝင်လိမ့်မည်ဟု မထင်မှတ်ထားပေ။
ပထမဆုံး အလောင်းကို ချလိုက်သည်နှင့် ရွှံ့ရေများနှင့် ရောနှောသွားတော့သည်။
မိုးရွာသွန်းမှုက အလွန်သည်းထန်လွန်းလှသဖြင့် ရေနောက်များကခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။
ကံကောင်းသည်မှာ ဤအရာက နာမည်မသိ သိုင်းလောကသားများဖြစ်ပြီး ခန္ဓာကိုယ်များကလည်း အကောင်းပကတိ မဟုတ်တော့သဖြင့် သိပ်ပြီး စနစ်တကျလုပ်နေစရာ မလိုတော့ပေ။
မြေမြှုပ်လိုက်ရုံပင်။
ပထမ အလောင်းကို ချပြီးနောက် ဒုတိယ အလောင်းကို သယ်ရန်ချန်လော့ အပေါ်ပြန်တက်လာခဲ့သည်။
ဦးလေးစန်းက ဘေးမှကြည့်နေပြီး ချန်လော့၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ကာ ရံဖန်ရံခါ လမ်းညွှန်မှုပေးနေသည်။
အလောင်းကောက်ခြင်းသည် လွယ်ကူသည့် အလုပ်မဟုတ်ပါ။
ပုံမှန် အိုမင်းမစွမ်း သေဆုံးသွားသော သူတောင်းစားများအတွက် စိုးရိမ်စရာ မလိုသော်လည်း ဤသိုင်းလောကသားများကမူ ကွာခြားသည်။ သူတို့အများစုသည် ရန်ငြိုးကြောင့် အသတ်ခံရခြင်းဖြစ်ပြီး အချို့မှာ သေဆုံးပြီးသည့်တိုင်ပြင်းထန်သော အဆိပ်များ ပါလာတတ်သည်။
အလောင်းကောက်သူ လူငယ်အများအပြားသည် သိုင်းသမားများ၏အလောင်းကို ကိုင်တွယ်ရာမှ အဆိပ်သင့်ခဲ့ကြဖူးသည်။ သိုင်းသမားများအပြင် သတိထားရမည့် နောက်ထပ် အလောင်းအမျိုးအစားမှာ ဘေးသင့်ပြည်သူများ၏အလောင်းများပင်။
ဘေးသင့်သူ အများစုသည် ရောဂါဖြင့် သေဆုံးကြပြီး သေဆုံးပြီးနောက်တွင်ပင် ရောဂါပိုးများ ကူးစက်နိုင်ကာ သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။
အဆိပ် နှင့် ကပ်ရောဂါပင်။
ဒါတွေက အလောင်းကောက်သူများ၏ သဘာဝ ရန်သူများပင်။
"ရှောင်လော့... မင်း အသက် ၂၀ ပြည့်တော့မယ် မဟုတ်လား" အလုပ်ကြိုးစားနေသော ချန်လော့ကို ကြည့်ရင်း ဦးလေးစန်း၏မျက်လုံးများတွင် ကျေနပ်အားရမှုများ ပြည့်နှက်နေသည်။
သူ့အစ်ကိုကြီး၏သားအတွက် သူ အလွန် ဂုဏ်ယူမိသည်။ တည်ငြိမ်ပြီး အလုပ်ကြိုးစားသည်။
အရေးကြီးဆုံးမှာ လူငယ်များတွင် တွေ့ရခဲသော စေ့စပ်သေချာမှုရှိခြင်းပင်။ သူ့ထံမှ စတင်သင်ယူကတည်းက ချန်လော့သည် သေစေနိုင်လောက်သည့် အမှားမျိုး တစ်ခါမျှမလုပ်ခဲ့ဖူးပေ။
သင်ပေးလိုက်သည်နှင့် ချက်ချင်းတတ်မြောက်သည်။ ယခုဆိုလျှင် ချန်လောင်စန်းအနေဖြင့် သင်ပေးစရာ သိပ်မကျန်တော့ပေ။ နောက်ရက်အနည်းငယ် ကြာလျှင် ဤတူတော်မောင်သည် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ အိမ်ခွဲနိုင်တော့မည်။
"နှစ်သစ်ကူးပြီးမှ ပြည့်မှာပါ"
ချန်လော့သည် အလောင်းကို ချထားရင်း လှည့်ကြည့်ကာ ပြန်ဖြေလိုက်၏။ ဦးလေးစန်း ဘာကြောင့် ဒီအကြောင်းကို ပြောလာမှန်း သူ နားမလည်ပေ။
"အိမ်ထောင်ပြုဖို့လည်း အချိန်တန်ပြီ။ နှစ်သစ်ကူးပြီးရင် ဦးလေးစန်းကလမ်းအပြင်ဘက်ထွက်ပြီး မင်းအတွက် သင့်တော်တဲ့သူရှာပေးမယ်။ ငါတို့ ချန်မိသားစု မျိုးဆက်ပြန့်ပွားအောင် ခါးတုတ်တုတ်၊ တင်ပါးကြီးကြီး မိန်းမမျိုး ရှာပေးရမယ်"
ဦးလေးစန်းက ပြုံးစစဖြင့် ပြော၏။
သူတို့ခေတ်လူများက ကလေးအများကြီး မွေးနိုင်သော အမျိုးသမီးများကို ပိုကြိုက်ကြသည်။ ပိန်လှီသော အမျိုးသမီးများကိုမူ အထင်သေးတတ်ကြ၏။
"မလိုပါဘူးဗျာ... အလောတကြီးဖြစ်စရာမလိုပါဘူး"
ချန်လော့ မျက်နှာတွင် ငြင်းဆန်လိုသည့် အရိပ်အယောင်များ အထင်းသားပေါ်နေသည်။
ရှေးလူကြီးများ၏အလှအပဆိုင်ရာ အမြင်ကို သူ ဘယ်လိုမှ လက်မခံနိုင်ပေ။
အဲဒီလို မိန်းမမျိုးနဲ့ တစ်သက်လုံး နေသွားရမည့် အတွေးက သူ့ကိုကိုယ့်မြေကျင်းကိုယ်တူးပြီး ဝင်နေချင်စိတ် ပေါက်သွားစေသည်။
"ဟေ့ကောင်လေး... မင်းက ငြင်းနေတုန်းပဲလား အိမ်ထောင်ကျသွားရင် တင်ပါးကြီးတာ ဘယ်လောက်အကျိုးရှိလဲ မင်းသိလာလိမ့်မယ်"
ဦးလေးစန်းက ဒီအကြောင်းကို ချန်လော့အား ပြောနေသည်မှာ ဒါပထမဆုံးအကြိမ် မဟုတ်ပေ။
ဦးလေးစန်း၏စနောက်မှုကို ချန်လော့ လျစ်လျူရှုထားလိုက်သည်။ အလောင်းကို ချထားပြီးနောက် နောက်ဆုံးအလောင်းကို သယ်ရန် ကျင်းထဲမှ ပြန်တက်လာခဲ့သည်။
ထိုအချိန်တွင် မိုးကပိုသည်းလာပြီး လေတိုက်ခတ်မှုကြောင့် မျက်နှာကိုနာကျင်စေသည်။ အနီးနားရှိ ရွှံ့အိုင်တစ်ခုသည် မိုးရေကြောင့် ပွင့်ထွက်သွားပြီး ရွှံ့ရေစီးကြောင်းငယ်တစ်ခုဖြစ်ပေါ်လာကာ သူတို့နှစ်ဦးစလုံး၏ဘောင်းဘီခြေများကို ရွှံ့ရောင်ပြောင်းသွားစေသည်။ အလောင်းကို ပတ်ထားသော ကောက်ရိုးဖျာသည်လည်း ရွှံ့ရေစီးကြောင်းကြောင့် ပွင့်ထွက်သွားလေ၏။
မျက်လုံးများ ဝေဝါးနေသော ချန်လော့သည် မတော်တဆကောက်ရိုးဖျာကြားမှတဆင့် အလောင်း၏ခေါင်းကို လှမ်းကိုင်မိလိုက်သည်။
"သတိထား"
ချန်လောင်စန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး ရှေ့သို့ လျင်မြန်စွာတိုးကာ ချန်လော့၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်၏။ ကျန်လက်တစ်ဖက်ဖြင့် ကြိုးနီတစ်ချောင်းကို ချက်ချင်း ထုတ်ယူပြီး သွေးကြောကိုစည်းနှောင်လိုက်သည်။
အကယ်၍ အဆိပ်သင့်ခဲ့လျှင် သွေးကြောကို ပိတ်ဆို့ထားခြင်းက ချန်လော့အား လက်ဖြတ်ပစ်ရန်အခွင့်အရေးရရှိစေပြီး အသက်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်မည်။
ချန်လော့ ကြောင်အသွားပြီး အလောင်းကို အလိုအလျောက် ပြန်ကြည့်မိလိုက်သည်။
သူ့မျက်လုံးအိမ်များ ကျုံ့သွား၏။သေချာ မကြည့်ရသေးခင်မှာပင် ဦးလေးစန်း၏အသံကို ကြားလိုက်ရပြီး၊ ချက်ချင်းဆိုသလို သူ့ညာလက်မောင်းကို ကြိုးနီဖြင့် စည်းနှောင်လိုက်သဖြင့် လက်ကောက်ဝတ် နာကျင်သွားရသည်။
"ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ သူက ဆင်းရဲသားပါ၊ သူ့ဆီမှာ အဆိပ်မရှိပါဘူး"
ချန်လော့ သတိပြန်ဝင်လာပြီး ချက်ချင်း ပြန်ပြောလိုက်သည်။ သူ့လက်ဖဝါး အရောင်မပြောင်းသည်ကို မြင်မှသက်ပြင်းချနိုင်တော့သည်။
သူကိုယ်တိုင်လည်း လန့်သွားခဲ့ရ၏။
ဒီအလုပ် စလုပ်ကတည်းက ကောလာဟလပေါင်းများစွာ သူ ကြားခဲ့ရသည်။ သိုင်းသမားများ၏ အလောင်းကို မတော်တဆထိမိပြီး အဆိပ်မိသေဆုံးသွားခြင်း၊ သို့မဟုတ် ရောဂါကူးစက်ပြီး သွေးအန်သေဆုံးခြင်း စသည်ဖြင့်ပေါ့။
ဤကမ္ဘာကြီးရှိ ပြင်းထန်သော အဆိပ်များသည် အလွန်သဘာဝမကျလောက်အောင် ဆိုးရွားလှသည်။ အလောင်းပေါ်တွင် ရှိနေလျှင်ပင် ထိမိရုံဖြင့် လူကို သေစေနိုင်သည်။ ထို့ကြောင့် ပုံမှန်အခြေအနေတွင် သူတို့သည်ကောက်ရိုးဖျာများကို ဘယ်တော့မှ မဖွင့်သလို၊ အလောင်းများကို လက်ဖြင့် မထိတွေ့ကြပေ။
"ဟေ့ကောင်လေး... မင်း အသက်မရှင်ချင်တော့ဘူးလား"
ချန်လောင်စန်း သက်ပြင်းချလိုက်ပြီးနောက် ချန်လော့၏ခေါင်းကို စိတ်ဆိုးမာန်ဆိုးဖြင့် ခေါက်ချလိုက်၏။
"ဖယ်စမ်း... သေချာ ကြည့်ထား အလောင်းမြှုပ်နှံတဲ့အလုပ်မှာ အမှားတစ်ခုက လူကို သေစေနိုင်တယ်"
ချန်လော့ကို မောင်းထုတ်ပြီးနောက် ချန်လောင်စန်း ကိုယ်တိုင် ဝင်လုပ်လေသည်။ ပထမဦးစွာ အလောင်းကိုကောက်ရိုးဖျာဖြင့် ပြန်လည်ထုတ်ပြီး အလောင်းကို ဦးညွှတ်ဂါရဝပြုလိုက်သည်။
ထို့နောက်မှ ဂရုတစိုက်မကာ တူးထားသော ကျင်းနှုတ်ခမ်းဝတွင် ချထားလိုက်သည်။ ထိုအချိန်တွင် ကျင်းထဲ၌ရွှံ့ရေများ တစ်ဝက်ခန့် ပြည့်နေပြီဖြစ်ပြီး အလောင်းကို ချလိုက်သည်နှင့် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
နောက်ကျိနေသော ရွှံ့ရေများသည် တဖြည်းဖြည်း များလာပြီး ဘေးပတ်ဝန်းကျင်မှရွှံ့မြေများလည်း ကျင်းထဲသို့ စီးဝင်လာ၏။
ဒါကိုမြင်တော့ ချန်လောင်စန်း အချိန်မဆွဲတော့ပေ။ ကျင်းထဲမှ ပြန်တက်လာပြီးနောက် မြေဖို့ရန် ချန်လော့ကို လှမ်းခေါ်လိုက်သည်။
နှစ်ယောက်သား ဝိုင်းလုပ်လိုက်သဖြင့် ကျင်းကို လျင်မြန်စွာ ဖို့ပြီးသွားသည်။ ထို့နောက် အပေါ်မှ မြေကြီးထပ်ပုံကာ မြေပုံငယ်တစ်ခု ပြုလုပ်လိုက်၏။
အစိုးရမှ ပေးထားသော အမည်မဲ့ကျောက်တိုင်ကို စိုက်ထူလိုက်ပြီးနောက် ဤရိုးရှင်းသော အုတ်ဂူလေးပြီးဆုံးသွားပြီဟု ယူဆနိုင်သည်။
"အားလုံး ငြိမ်းချမ်းစွာ အနားယူနိုင်ကြပါစေ"
မြေဖို့ပြီးနောက် ချန်လောင်စန်းသည် ကျောပိုးအိတ်ထဲမှ ရေရောထားသော အညံ့စားသေရည်တစ်အိုးကို ထုတ်ယူပြီး အမည်မဲ့ကျောက်တိုင်ပေါ်သို့ လောင်းချလိုက်၏။
ဒါက အလောင်းကောက်သူများ၏ထုံးစံတစ်ခုဖြစ်ပြီး ဝိညာဉ်များကိုနှုတ်ဆက်ကာ မိမိတို့ထံ မကပ်ငြိစေရန် ပြုလုပ်ခြင်းဖြစ်သည်။
သေရည်ပသပြီးနောက် မန္တန်ရွတ်ဖတ်ကြ၏။
မိုးအသည်းထန်ဆုံး အချိန်ကျော်လွန်သွားပြီဖြစ်သည်။ ချန်လောင်စန်းသည် ချန်လော့၏လက်ကို ထပ်မံစစ်ဆေးပြီး ပြဿနာမရှိကြောင်း သေချာမှသာ ကြိုးနီကိုဖြေလျော့ကာ ပြန်သိမ်းလိုက်သည်။
"သွားကြစို့"
ချန်လောင်စန်းသည် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ သေရည်အိုးနှင့် ဈေးပေါသော ပူဇော်ပစ္စည်းများကို သေတ္တာထဲပြန်ထည့်ကာ ချန်လော့ကိုခေါ်၍ တောင်အောက်သို့ ဆင်းလာခဲ့သည်။
အလုပ်ပြီးပြီမို့ ဆုကြေးငွေပြန်သွားယူရတော့မည်။
ချန်လော့နောက်မှ လိုက်ပါလာ၏။ ခြေလှမ်း တစ်ရာခန့်လျှောက်ပြီးနောက် သူ ရုတ်တရက် ရပ်တန့်ကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။
သူ့မြင်ကွင်းထဲတွင် မီးခိုးရောင် စာတန်းတစ်ခု ပေါ်လာသည်။
'သေဆုံးသူတစ်ဦး၏ဦးနှောက်အတွေးနှင့် ချိတ်ဆက်မိသည်။ ၉၂% ပျက်စီးနေ၏။ အချက်အလက်များကို ဖတ်ရှုမလား။
သူ အာရုံစိုက်ရန်ကြိုးစားလိုက်ရာ မကြာမီမှာပင် ရင်းနှီးနေသော စာသားတစ်တန်းကို မြင်လိုက်ရ၏။
"ဖတ်မယ်"
ချန်လော့ စိတ်ထဲမှတိတ်တဆိတ် ရေရွတ်လိုက်သည်။
ချက်ချင်းဆိုသလို အပေါ်မှ စာသားများပြောင်းလဲသွားပြီး ပြင်ပစက်ပစ္စည်းတစ်ခု ချိတ်ဆက်လိုက်သကဲ့သို့ ထူးဆန်းသောကြိမ်နှုန်းတစ်ခု သူ့ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။ နောက်တစ်စက္ကန့်တွင် အဆက်အစပ်မရှိသော စာသားတစ်တန်း သူ့စိတ်ထဲတွင် ပေါ်လာ၏။
'လန်ခူလုံး၊ သံနန်းကြိုးမြက်ပင်၊ သုံးပုံတစ်ပုံကျက်အောင်ကင်ပြီး အရည်ညှစ်၊ အဖြူရောင်ပန်းပွင့်အသီး နှင့် တွဲဖက်စားသုံးပါက ခွန်အားကို တိုးပွားစေနိုင်သည်'
ဤစာကြောင်းကို ဖတ်ပြီးသည်နှင့် ချန်လော့ သူ့စွမ်းရည်ကဘာလဲဆိုတာ ချက်ချင်း နားလည်သွားသည်။
ဤသတင်းအချက်အလက်၏အရင်းအမြစ်မှာ မကြာသေးမီက သူထိတွေ့ခဲ့သော အလောင်းမှ ကျန်ရစ်ခဲ့သည့် စိတ်စွဲလမ်းမှုဖြစ်ပြီး၊ထိုသူ မသေဆုံးမီအထိ စိတ်ထဲတွင်မှတ်သားထားခဲ့သော အရာဖြစ်သည်။
"ဒါက ဟိုသိုင်းသမားရဲ့ကျန်ရစ်တဲ့ ဦးနှောက်အတွေးတွေက မှတ်တမ်းတင်ထားတဲ့ အရာလား၊ဒါဆို ငါက သေလူတွေရဲ့အတွေးလှိုင်းကို ဖတ်နိုင်တာပေါ့"
ချန်လော့ သူ့စွမ်းရည်၏လုပ်ဆောင်ချက်ကို ချက်ချင်း သဘောပေါက်သွား၏။
ဒီကမ္ဘာကြီးက ရှေးခေတ်သက်သက် မဟုတ်ဘဲ လူမျိုးပေါင်းစုံ ရောနှောနေသော ခေတ်တစ်ခေတ်နှင့် တူသည်။
အထက်တွင် အစိုးရက အုပ်ချုပ်သော်လည်း အောက်ခြေတွင်မူ သိုင်းလောကဂိုဏ်းများနှင့် ဒေသခံအဖွဲ့အစည်းများက ကိုယ်ပိုင် အာဏာစက်ဝန်းများ ရှိကြသည်။ အပေါ်ယံတွင် လူတိုင်းက အစိုးရ၏သိက္ခာကို ထိန်းသိမ်းပြီး စည်းမျဉ်းများအတိုင်း ဆောင်ရွက်ကြသော်လည်း၊ ညဘက်တွင်မူ သိုင်းလောကသားများကသာ အာဏာရှိသူများ ဖြစ်သည်။
ဒီကမ္ဘာကို စရောက်တုန်းက ချန်လော့လည်း သိုင်းပညာ သင်ချင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သိုင်းပညာတတ်ခြင်းက ဘဝကို ပြောင်းလဲပေးနိုင်သောကြောင့်ပင်။
ဒီလို ဖရိုဖရဲနိုင်သော ကမ္ဘာကြီးတွင် စီးပွားရေး သက်သက်လုပ်ရုံဖြင့် အဆင်မပြေနိုင်ပေ။
သို့သော် ချန်လော့နည်းလမ်းများစွာ ကြိုးစားခဲ့သော်လည်း သိုင်းပညာသင်တန်းများကို လက်လှမ်းမမီခဲ့ပေ။ တိတိကျကျ ပြောရလျှင် သူ သိသောသူများထဲမှ ဘယ်သူမှသိုင်းပညာနှင့် အမှန်တကယ် ထိတွေ့ဖူးခြင်း မရှိကြပေ။
ဒါက မထူးဆန်းပါ။ အထူးအခွင့်အရေး ရရှိထားသောလူတန်းစားများ၏လက်ဝါးကြီးအုပ်မှုသည် မွေးရာပါ ပါလာပြီးအောက်ခြေလူတန်းစားများထံသို့ ရောက်ရှိလာခဲသည်။ သူ မကူးပြောင်းလာမီက လူ့အဖွဲ့အစည်းသည် အထင်ရှားဆုံး သက်သေပင်။
စီးပွာရေးလောကသည် အကျိုးအမြတ်များကြောင်း လူတိုင်းသိသော်လည်း ဘယ်နှစ်ယောက်ကများစီးပွားလုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်နိုင်ကြသနည်း။ အကောင်းဆုံးအားဖြင့် သူတို့သည် ကြက်သွန်မြိတ်များ သို့မဟုတ် ကိရိယာတန်ဆာပလာများသာ ဖြစ်ကြပြီး၊ ဝင်လာသည်နှင့် ရိတ်သိမ်းခံရမည့် အယောင်ပြ စီးပွားရေးသာ ဖြစ်သည်။
စီးပွားရေးကို ကြိုးကိုင်နေသော တကယ့် ဆရာကြီးများသည် အောက်ခြေလူတန်းစားများနှင့် အဆက်အသွယ် ဖြတ်ထားကြ၏။
"ဒီဆေးဖက်ဝင်အပင်တချို့က ရှာရတာ မခက်ဘူး။ သိုင်းသမားတစ်ယောက်ရဲ့နောက်ဆုံး စွဲလမ်းမှု ဖြစ်နေမှတော့ အာနိသင် တစ်ခုခုတော့ ရှိမှာပဲ"
အလောင်းမြှုပ်ပြီး နောက်တစ်နေ့တွင် ချန်လော့သည် ဆုကြေးငွေရရှိပြီးနောက် စိတ်စွဲလမ်းမှုမှ ရရှိခဲ့သော ဆေးဖက်ဝင်အပင် အချို့ကို ဝယ်ယူခဲ့သည်။
ဈေးမကြီးလှပါ။ ဆေးတစ်ခွက်စာအတွက် ကြေးပြားကြီး သုံးပြားသာ ကျသင့်သည်။
မိုးက အလင်းစ ပြုလာပြီ။
ချန်လော့သည် မြင်းဇောင်းထဲတွင် အိုးကွဲတစ်လုံးဖြင့်ဆေးပြုတ်နေပြီး စူးရှသော အနံ့တစ်ခုက ခြံဝင်းထဲတွင် ပျံ့လွင့်နေသည်။
ကံကောင်းသည်မှာ ဦးလေးစန်းက မနေ့ညက ပြည့်တန်ဆာအိမ်သို့ သွားနေခြင်း ဖြစ်သည်။
အကယ်၍ သူသာ ခြံထဲတွင် ရှိနေလျှင် သေချာပေါက်ထွက်လာပြီး လူကို ရိုက်နှက်တော့မည် ဖြစ်သည်။
ဦးလေးစန်း နေထိုင်သော ခြံဝင်းက မကျယ်ဝန်းလှပေ၊ စုစုပေါင်း အခန်းနှစ်ခန်းသာ ရှိသည်။ ခြံထဲတွင် တစ်စုံတစ်ခုချက်ပြုတ်လိုက်လျှင် အနံ့များက အခန်းများထဲထိ ပျံ့နှံ့သွားတတ်သည်။
တစ်နာရီ၏လေးပုံတစ်ပုံခန့် ကြာပြီးနောက်။
ဆေးရည် ကျိုချက်ပြီးသွားပြီ ဖြစ်ပြီး ဆေးဖက်ဝင်အပင်များမှာ အနည်များ ဖြစ်သွားသည်။ မြေအိုးထဲရှိ မည်းနက်နေသော အရည်သည် လုံးဝ သောက်ချင်စဖွယ် မရှိပေ။
ချန်လော့ မြေအိုးကို ကိုင်လိုက်ပြီး အဖုံးဖွင့်လိုက်၏။
နှာခေါင်းနား ကပ်ပြီး အနံ့ခံကြည့်လိုက်သည်။
စူးရှပြီးစပ်သော အနံ့ကြောင့် မျက်ရည်များပင် ဝဲလာသည်။ အစပ်အနံ့ပြီးနောက် ၁၀ ရက် ၁၅ ရက်လောက်ပစ်ထားသော ကြက်ဥပုပ်ကဲ့သို့ အပုပ်နံ့တစ်ခု ရလိုက်ပြီး ညက စားထားသည်များကိုပင် ပြန်အန်ချင်စိတ် ပေါက်သွားစေသည်။
ပုံမှန် ဆေးဖက်ဝင်အပင် အနည်းငယ်ကို အတူတကွပြုတ်လိုက်ရုံဖြင့် ဤမျှကြောက်မက်ဖွယ်ကောင်းသော အနံ့ ထွက်လာနိုင်သည်မှာ ယုံကြည်ဖို့ပင် ခက်ခဲလှသည်။
"ဒါကြီးကို တကယ် သောက်လို့ရရဲ့လား"
ချန်လော့ တံတွေးထွေးပြီးနောက် လက်ထဲရှိ မြေအိုးကိုသံသယများပြည့်နှက်နေသော မျက်နှာဖြင့် ကြည့်လိုက်၏။
ဒါပေမဲ့ ပိုက်ဆံကုန်ထားပြီးပြီမဟုတ်လော၊အလဟဿ အဖြစ်မခံနိုင်ပေ။
ချန်လော့၏အကြည့်သည် ဦးလေးစန်း မွေးထားသော ခွေးဆီသို့ ရောက်သွား၏။ သူ မြို့ပေါ်ရှိ ဦးလေးစန်းအိမ်သို့ စရောက်တုန်းက ဤခွေးဝဲစားက သူ့ဘောင်းဘီတစ်ထည်ကို ကိုက်ဖြတ်ခဲ့ဖူးသည်ကို သတိရသွားသည်။
ထောင့်တစ်နေရာတွင် အနံ့ဆိုးကြောင့် ပုန်းနေသော ခွေးဝဲစားသည် မကောင်းတာတစ်ခုခုဖြစ်တော့မည်ကို အလိုလိုသိနေသကဲ့သို့အမြီးကုပ်ထားလေ၏။
"တာ့ဟွာ... လာ လာ လာ... ဒီနေ့ မင်းကို အထူးတလည် ကျွေးစရာရှိတယ်"
ချန်လော့သည် ဆေးအိုးကိုကိုင်ကာ ခွေးဝဲစားအား ကြင်နာစွာဖြင့် လက်ယပ်ခေါ်လိုက်လေသည်။
အခန်း၂ - ဆေးစွမ်းစမ်းသပ်ခြင်း
နာရီဝက်ခန့် ကြာပြီးနောက်။
ချန်လော့သည် မြေကြီးပေါ်တွင် ခြေလက်များတဆတ်ဆတ်တုန်နေသော ခွေးဝဲစားကို ကြည့်ရင်း တစ်ခုခုတော့မှားနေပြီဟု ခံစားလိုက်ရသည်။
"ဆေးအချိုးအစား မှားသွားတာများလား"
ချန်လော့ အနည်းငယ်စိတ်ရှုပ်ထွေးသွား၏။ သူက ဒီခွေးဝဲစားကို ဆေးရည်တစ်ငုံစာလောက်သာ တိုက်ကြည့်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှလောက်နှင့် ဒီကောင်က ယခုလို ဖြစ်သွားရသည်။
ခွေးက မြေကြီးပေါ်တွင် လဲလျောင်းလျက် ခြေထောက်များ ဆတ်ခနဲဆတ်ခနဲတုန်နေသဖြင့် သေများသွားမလားဟု သူမသေချာတော့ပေ။ ဒီကိစ္စကိုဖြေရှင်းမထားနိုင်လျှင် တော်ကြာ ဦးလေးစန်းပြန်လာသည့်အခါ ရှင်းပြရ ခက်နေလိမ့်မည်။
"တာ့ဟွာ... ထစမ်း... ဒီမှာ ကြက်ပေါင်မင်းကိုကျွေးတာနော်"
ချန်လော့ နှစ်ကြိမ်ခန့်ခေါ်ကြည့်သော်လည်း ကံဆိုးစွာပင် တာ့ဟွာသည် ကြိုးပြတ်သွားသောစောင်းတစ်လက်လိုမြေကြီးပေါ်တွင် တောင့်တောင့်ကြီး လဲလျောင်းလျက် ခြေထောက်များသာ ဆက်တိုက် တုန်နေရှာ၏။
စိတ်မရှည်တော့သည့်အဆုံး ချန်လော့သည် ခွေးဝဲစား၏ဂုတ်ပိုးကို ဆွဲမလိုက်ပြီး ပါးကို ဘယ်ပြန်ညာပြန် နှစ်ချက်ရိုက်ချလိုက်သည်။
ဒီရိုက်ချက်နှစ်ချက်က တော်တော်လေး ပြင်းထန်သည်။
ပုံမှန်ဆိုလျှင် ခွေးဝဲစားက အော်ဟစ်ပြီး အမြီးကုပ်သွားလောက်သော်လည်း ယနေ့တွင်မူမည်သည့်တုံ့ပြန်မှုမှ မပြဘဲ ခြေထောက်များသာ ဆက်တုန်နေလေသည်။
"နောက်ထပ် ကြက်နှစ်ကောင်လောက် သွားရှာပြီး စမ်းကြည့်ဦးမှ"
ချန်လော့ လက်မလျှော့ချင်ပေ။သူ့ဘဝ အလှည့်အပြောင်းတစ်ခုအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာခါမှ ဒီလိုအခက်အခဲလေးလောက်နှင့် လက်လျှော့လိုက်လို့ မဖြစ်ပါဘူး။
ဆေးရည်ကို ကိုယ့်ဗိုက်ထဲတိုက်ရိုက်လောင်းထည့်ဖို့ကတော့ လုံးဝ မဖြစ်နိုင်၊ သူ သေမှာကြောက်သည်။
အိမ်နောက်ဖေးဘက်သို့ လှည့်ထွက်လာပြီးနောက် မီးဖိုချောင်ထဲတွင် ကြက်နှစ်ကောင်ကို တွေ့လိုက်ရ၏။ ဤကြက်နှစ်ကောင်ကို ဦးလေးစန်း အိမ်ပြန်ရောက်တုန်းက ဝယ်လာခဲ့ခြင်းဖြစ်ပြီး ညစာအတွက် ချက်ပြုတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိုကိစ္စများကို သူ ဂရုမစိုက်နိုင်တော့ပေ။
သူသည် ကြက်နှစ်ကောင်ကို ဆွဲယူလိုက်ပြီး မြေအိုးထဲမှ ဆေးရည်များကိုကြက်ဖကြီးများ၏ ပါးစပ်ထဲသို့ တစ်ကောင်ပြီးတစ်ကောင် အတင်းလောင်းထည့်လိုက်လေသည်။
ကွပ်... ကွပ်...
ဆေးရည် ဝင်သွားပြီးနောက် ကြက်နှစ်ကောင်သည် တက်ကြွလာပြီး အတောင်ပံများကို ရူးမတတ်ခတ်နေကြသည်။ ချန်လော့သည် ဒီတိရစ္ဆာန်နှစ်ကောင်ကို ထိန်းချုပ်ရန် အားကုန်သုံး၍ ဖိထားရ၏။
မြေကြီးပေါ်သို့ ဖိချထားသည့်တိုင် ကြက်နှစ်ကောင်က မရပ်တန့်ဘဲနာကျင်မှုကို မသိတော့သည့်အလား အတောင်ပံများကို အသည်းအသန် ခတ်နေကြဆဲပင်။
"ဒါ ဘာဖြစ်ကုန်တာလဲဟ"
ချန်လော့လည်း မရေမရာဖြစ်သွားသည်။
ဟိုဘက်တွင် တဆတ်ဆတ်တုန်နေဆဲဖြစ်သော ခွေးဝဲစားနှင့် လက်ထဲတွင် ဖမ်းချုပ်ထားရသော ကြက်နှစ်ကောင်ကို ကြည့်ရင်း၊ ဤဆေး၏ ဂုဏ်သတ္တိကို သူ နားမလည်နိုင် ဖြစ်နေရသည်။
တစ်နာရီ၏လေးပုံတစ်ပုံခန့် ကြာပြီးနောက်တွင် တဆတ်ဆတ်တုန်နေသော ခွေးဝဲစားပြန်ကောင်းသွားသည်။ မြေကြီးပေါ်မှ ချက်ချင်းလှန်ထပြီးကြောင်တောင်တောင် မျက်လုံးများဖြင့် ဘေးဘီကို ကြည့်နေလေ၏။
အစောပိုင်းက ဘာဖြစ်ခဲ့မှန်း သူလုံးဝမေ့သွားပုံရသည်။ ချန်လော့ ဖမ်းထားသော ကြက်နှစ်ကောင်လည်း အတော်လေးအားနည်းသွားပြီး အတောင်ပံခတ်နှုန်းများ ကျဲသွားသည်။
အချိန်အတော်ကြာ အလုပ်ရှုပ်ပြီးနောက် ချန်လော့ လက်လွှတ်လိုက်ပြီး မြေကြီးပေါ်သို့ ဖင်ထိုင်ချလိုက်မိသည်။
ဘေးနားရှိ မြေအိုးထဲမှ ဆေးနံ့များလည်း အတော်အတန် ပျယ်သွားပြီဖြစ်ပြီး ယခုအခါ အစိုင်အခဲစတင်ဖြစ်ပေါ်လာကာ မည်းနက်သော ဆေးအနှစ်ဖတ်များ ဖြစ်လာ၏။
"ငါ ထပ်စမ်းဖို့ လိုသေးတယ်"
ချန်လော့ အံကြိတ်လိုက်ပြီး ဆေးစွမ်းဆက်လက်စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။
ဤဆေး၏အမှန်တကယ် အသုံးပြုပုံကို သိရှိရန် စမ်းသပ်မူ လုံလောက်စွာလိုအပ်သည်။ ထိုသိုင်းလောကသား သူ့စိတ်ထဲတွင် ချန်ထားရစ်ခဲ့သော ဆေးဖော်မြူလာသည် သေချာပေါက် အသုံးဝင်ရမည်။ သို့မဟုတ်ပါက သေသွားသည့်တိုင်အောင် သူ မှတ်မိနေမည် မဟုတ်ပေ။
ခဲသွားသော ဆေးအနှစ်များကို ကိုင်လျက် ချန်လော့ တံခါးသော့ခတ်ပြီးအိမ်နောက်ဘက်ရှိ တောင်ပေါ်သို့ တက်သွားလေသည်။
တောင်ပေါ်ရောက်သည်နှင့် ချန်လော့ တောယုန်တစ်ကောင်ကို လျင်မြန်စွာဖမ်းမိလိုက်၏။
သူတို့ ဆင်းရဲစဉ်က သူ့အဖေ ချန်လောင်တာ့သည် အမဲလိုက်ရင်း သူ့ကိုရှာဖွေကျွေးမွေးခဲ့ဖူးသည်။
သူတို့လို ဆင်းရဲသားမိသားစုများအဖို့ တောကောင်လိုက်ခြင်းသည် ခက်ခဲသော အလုပ်မဟုတ်ပေ။ ချန်လော့ ဒီကမ္ဘာတွင် နေထိုင်လာသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်၍ သူ့အဖေ တတ်ကျွမ်းသော ပညာအကုန်လုံးကို သူလည်း တတ်မြောက်ထားပြီး ဖြစ်သည်။
တောယုန်၏နားရွက်များကို ဆွဲကိုင်ထားရင်း ချန်လော့သည် ဆေးအနှစ်အနည်းငယ်ကို ယူကာ ယုန်၏ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်၏။
တစ်မိနစ်
နှစ်မိနစ်
ဆယ်မိနစ်ခန့် ကြာသောအခါ ချန်လော့၏ လက်ထဲတွင်ငြိမ်နေသော တောယုန်သည် ရုတ်တရက် ရုန်းကန်လာပြီး ခြေထောက်များဖြင့်နေရာအနှံ့ ကန်ကျောက်လေသည်။ ထူးဆန်းသော စွမ်းအားတစ်ခု ယုန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
ယုန်၏မျက်လုံးနီနီများတွင် သစ်မြစ်သဏ္ဌာန် အစင်းရာများ ပေါ်လာပြီး အလွန်ကြောက်မက်ဖွယ် ကောင်းလာသည်။ ယုန်၏အရေပြားပေါ်တွင်လည်း ကြွက်သားဖုများပေါ်လာကာ သွေးကြောများမှာ သစ်မြစ်များသဖွယ် ဖောင်းကြွလာသည်မှာ ကြည့်ရဆိုးလှသည်။
"ဘန်း"
ယုန်တစ်ချက်ကန်လိုက်သဖြင့် ချန်လော့၏ ရင်ဘတ်အောင့်သွားကာ အသက်ရှူပင် မဝချင်တော့ပေ။
လက်ထဲမှ တောယုန်သည် ပိုမိုပြင်းထန်စွာရုန်းကန်လာပြီး နောက်ဆုံးတွင် ချန်လော့၏ချုပ်နှောင်မှုမှ လွတ်မြောက်သွားသည်။ ရူးသွပ်နေသော နွားတစ်ကောင်လိုဖြစ်နေသည့် ယုန်သည် ရှေ့ရှိသစ်ငုတ်တိုကို ခေါင်းဖြင့် တဟုန်ထိုးဝင်ဆောင့်လိုက်လေ၏။
ဘုန်းခနဲ အသံနှင့်အတူဦးနှောက်များ ပွင့်ထွက်သွားသည်။
တောယုန်သည် ချက်ချင်းပင်ကိုယ့်ခေါင်းကိုယ် ခွဲလိုက်ခြင်းဖြစ်ပြီး အရှိန်ပြင်းလွန်းသဖြင့် ရှေ့ရှိ သစ်ပင်ခြောက်တွင်ပင် အချိုင့်အခွက်ကြီး ဖြစ်သွား၏။
'ခွန်အားက ဒီလောက်တောင် ကြီးတာလား'
ချန်လော့ လန့်ဖျပ်သွားသည်။ သူ အရှေ့သို့ အမြန်တိုးသွားပြီး တောယုန်ဝင်ဆောင့်ထားသည့် အပေါက်ကို လေ့လာကြည့်လိုက်၏။
ဟောင်းနွမ်းပြီး ထူထဲနေသော သစ်ခေါက်တွင် ၇ စင်တီမီတာ၊ ၈ စင်တီမီတာခန့် နက်သည့် အပေါက်ကြီး ဖြစ်သွားပြီး ယုန်သွေးများ၊ ဦးနှောက်များနှင့် ရောနှောနေသည်မှာ အတော်လေး အော်ကလီဆန်စရာကောင်းနေသည်။
"ဆေးစွမ်းထက်သားပဲ"
ချန်လော့ စိတ်လှုပ်ရှားသွားသည်။ ကျန်သည့်အရာကတော့ အသုံးပြုနည်းအမှန်ကို ရှာဖွေဖို့ပင်။
ထို့နောက် ချန်လော့သည် တောင်ပေါ်တွင် မြွေ၊ ဖြူကောင်၊ မြေခွေး စသည့် တိရစ္ဆာန်ငယ် အများအပြားကို ထပ်မံ ဖမ်းဆီးခဲ့၏။ သူ့လက်ထဲရှိ ဆေးအနှစ်များ ကုန်သွားမှသာ သူ၏ကြိုးပမ်းမှုကို ရပ်တန့်လိုက်သည်။
တိရစ္ဆာန်အများအပြား စတေးခံလိုက်ရပြီးနောက် ချန်လော့ ကောက်ချက်တစ်ခုချနိုင်ခဲ့သည်။
ဆေးအနှစ်က အသုံးဝင်သည်။ဤအချက်ကို သံသယဖြစ်စရာ မလိုတော့ပေ။ စားသုံးပြီးနောက် အာနိသင်ပြပုံက တိရစ္ဆာန်ပေါ်မူတည်၍ ကွာခြားမှုရှိသည်။
တောင်ပေါ်မှ တောရိုင်းတိရစ္ဆာန်များတွင် အာနိသင် ပိုကောင်းသည်ကို တွေ့ရသည်။
တစ်နေကုန် ပင်ပန်းထားသဖြင့် အိမ်ပြန်ရောက်သောအခါ ချန်လော့ အတော်လေးနွမ်းနယ်နေပြီဖြစ်သည်။
သူ့ဦးလေးစန်းကတော့ တစ်ခွက်တစ်ဖလား မော့ပြီး မူးမူးနှင့်အိမ်ပြန်ရောက်လာသည်။
အလောင်းကောက်သူများသည် အလုပ်ရှိလျှင် အလွန်အလုပ်များသော်လည်း အချိန်အများစုတွင် အားနေတတ်ကြ၏။
ဦးလေးစန်းက လူပျိုကြီးဖြစ်သဖြင့် ပိုက်ဆံရလျှင် အရက်သောက်၊ မိန်းမကစားကာ အချိန်ဖြုန်းလေ့ရှိသည်။
မြို့ပေါ်တွင် တစ်သက်လုံးအလုပ်လုပ်ပြီး တစ်ပြားမှ မစုနိုင်သည်ကို ကြည့်လျှင် ဦးလေးစန်း၏ နေ့စဉ်ဘဝ မည်မျှပေါ့ပါးလွတ်လပ်သည်ကို တွေ့မြင်နိုင်သည်။
"ဘယ်ကောင်က ငါ့အိမ်မှာ နွားချေးပြုတ်နေတာလဲကွ"
တံခါးဖွင့်လိုက်သည်နှင့် ဦးလေးစန်းတစ်ယောက် အခန်းထဲရှိ အနံ့ဆိုးကြောင့် မူးလဲလုနီးပါး ဖြစ်သွား၏။
သူ တံခါးဝတွင် အကြီးအကျယ်အန်ချလိုက်ရပြီး အတော်ကြာမှ သက်သာလာသည်။
အမူးပြေသွားသောအခါ ချန်လောင်စန်းသည် သူ ဝှက်ထားလေ့ရှိသော ဝါးရင်းတုတ်ကို ချက်ချင်း လှမ်းရှာလိုက်သည်။
ချန်လော့ မြို့ပေါ်စရောက်တုန်းက သူ့တူတော်မောင်ကို ဆုံးမဖို့ဤတုတ်ကို မကြာခဏ သုံးခဲ့ဖူးသည်။ ယနေ့ သူက အပြင်ထွက်သောက်စားနေပြီး အိမ်မှာတူဖြစ်သူတစ်ယောက်သာ ရှိသဖြင့် တရားခံမည်သူဖြစ်ကြောင်း မမေးဘဲသိနေသည်။
ခွေးဝဲစားက ပြန်ကောင်းသွားပြီဖြစ်၍ ဝါးရင်းတုတ်ကို ပါးစပ်ဖြင့်ကိုက်ကာ ယူလာပေးသည်။
ဤခွေးမိုက်က နေ့ခင်းတစ်ဝက်လောက် ခြံထဲမှာ ခြေထောက်တဆတ်ဆတ်တုန်ပြီး လဲနေခဲ့သော်လည်း ညနေရောက်တော့ပြန်ကောင်းနေလေပြီ။ ဒါက ချန်လော့၏ စမ်းသပ်မှု အောင်မြင်သည့် သက်သေပင်။
သူသည် ယခု အိမ်ထဲတွင် နောက်ထပ်စမ်းသပ်မှုတစ်ခုအတွက် ဆေးအသစ်တစ်အိုး ထပ်ကျိုနေခြင်းဖြစ်သည်။
"ဦးလေးစန်း ဘာလို့ အစောကြီးပြန်ရောက်နေတာလဲ"
အသံကြားတော့ ချန်လော့ ကြောင်အသွား၏။
သူ့အထင်ပိုက်ဆံရသည့် ပထမရက်ဆိုလျှင် ဦးလေးစန်းက ညအိပ်ညနေသွားနေကျဖြစ်သည်။
မုဆိုးမလမ်းကြားက ညီမလေးတွေကလည်း သူ့ကို ပြန်လွှတ်လေ့မရှိပေ၊ ယနေ့ကျမှ မည်သို့စိတ်ကူးပေါက်ပြီး ဤလူကြီးစောစောစီးစီး ပြန်ရောက်လာမှန်း သူ မသိပေ။
"ခွေးကောင်လေး... သုံးရက်လောက် အရိုက်မခံရတာနဲ့ ခေါင်မိုးပေါ်တက်ပြီး အုတ်ကြွပ်ခွာချင်နေပါလား၊ ဒီညသာ ငါ ပြန်မလာရင်ဘေးအိမ်က ချေးတွင်းပါ တူးပြီးပြုတ်မလို့လားကွ"
ချန်လော့လက်ထဲမှ မြေအိုးကိုကြည့်ပြီး ချန်လောင်စန်း ဒေါသထွက်သွားကာ တုတ်ကိုကောက်၍ ဝင်ရိုက်ရန် ပြင်လိုက်၏။
"ဦးလေးစန်း... မလုပ်ပါနဲ့... နေပါဦး... ဒါတွေက ဆေးတွေပါဗျ"
ချန်လော့က ချန်လောင်စန်း အမှန်တကယ် ရိုက်လာမည့်အဖြစ်ကို ဘယ်ခံမည်နည်း။ သူက လက်တစ်ဖက်ကိုမြှောက်ပြီး ချန်လောင်စန်းကို ဝင်ဖက်ထားလိုက်သည်။
ချန်လောင်စန်းမှာ မူးလည်းမူး၊ အန်လည်းအန်ထားသဖြင့် အားအင်ကုန်ခမ်းနေရာ ချန်လော့ကိုမယှဉ်နိုင်ဘဲ အချုပ်ခံလိုက်ရ၏။ နောက်က ခွေးဝဲစားမှာ သခင်ကြီးက သူ့အတွက်လက်စားမချေပေးနိုင်သဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေရှာသည်။
"ဆေး ဟုတ်လား"
ဆေးဟု ကြားလိုက်သည်နှင့် ချန်လောင်စန်း ချက်ချင်း အမူးပြေသွားသည်။
"အဆိပ်တက်တာလား"
ချန်လောင်စန်း ဒေါသထွက်ဖို့ မေ့သွားပြီး စိုးရိမ်တကြီး မေးလိုက်၏။
သူတို့ ချန်မိသားစုမျိုးဆက်က သုံးဆက်တိုင်တိုင် ရှားပါးခဲ့ပြီး ဒီမျိုးဆက်မှာ ချန်လော့တစ်ယောက်သာ ကျန်တော့သည်။ ချန်လော့သာ တစ်ခုခုဖြစ်သွားလျှင် ချန်လောင်စန်း သူ့အစ်ကိုကြီးကို မည်သို့မျက်နှာပြရတော့မည်နည်း။
"မဟုတ်ပါဘူး"
ချန်လော့က ဦးလေးစန်းကို အကျိုးအကြောင်း ချက်ချင်း ရှင်းပြလိုက်သည်။
သူက သေဆုံးသူ၏စွဲလမ်းမှုကို မြင်ရသည့် အဓိကအချက်ကို ချန်လှပ်ထားပြီး ရှေးဟောင်းဆေးဖော်မြူလာတစ်ခုကို ရခဲ့သဖြင့် စမ်းသပ်ကြည့်ချင်ရုံသာ ဖြစ်ကြောင်း ပြောပြလိုက်သည်။
"မင်းက သိုင်းကျင့်ချင်လို့လား"
တူဖြစ်သူကို ကြည့်ရင်း ချန်လောင်စန်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
သိုင်းပညာ သင်ယူချင်သည့် စိတ်ကူးက မဆန်းကျယ်ပါ၊ ချန်လောင်စန်း ကိုယ်တိုင်လည်း ငယ်စဉ်က ထိုသို့ တွေးခဲ့ဖူးပြီး ဆရာတစ်ဦးထံတွင် လယ်သမားသိုင်းကွက် အနည်းငယ် သင်ယူခဲ့ဖူးသည်။
သို့သော် ထိုအရာများက ခန္ဓာကိုယ် သန်မာစေရုံသာရှိပြီး သာမန်လူများနှင့် သိပ်မကွာခြားလှပေ။
စစ်မှန်သော သိုင်းတာအိုက လယ်သမားသိုင်းကွက်များနှင့် ကွာခြားသည်။
စွမ်းအားကြီးသော သိုင်းပညာရှင်များသည် တောင်များကို ရွှေ့နိုင်၊ ပင်လယ်များကို မှောက်လှန်နိုင်ပြီး မြေပြင်အထက်က နတ်ဘုရားများကဲ့သို့ တွေးခေါ်မရနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ကြသည်။
ချန်လောင်စန်း ကိုယ်တိုင် မကြုံဖူးသော်လည်း ရုံးတော်မှ အရက်သောက်ဖော်များ ကြွားလုံးထုတ်သည်ကို ကြားဖူးသည်။ သိုင်းတာအိုက နတ်ဘုရားဖြစ်မည့်လမ်းသို့ဦးတည်နိုင်ပြီး အစွန်းကုန် လေ့ကျင့်နိုင်လျှင် နတ်ဘုရားပင် ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။
ထို့ကြောင့်ပင် သိုင်းပညာကို အလွန်အမင်း ကန့်သတ်ထိန်းချုပ်ထားခြင်း ဖြစ်သည်။
သာမန်လူများအတွက် အစိုးရဖြစ်စေ၊ သိုင်းလောကသားများဖြစ်စေ လုံးဝ ကွဲပြားခြားနားသော ကမ္ဘာများတွင် နေထိုင်ကြသည်။
သိုင်းလောကသားများ ရှာဖွေသည်က ဒဏ္ဍာရီလာ မိုးမြေရတနာများဖြစ်ပြီး၊ သာမန်လူများ ရှာဖွေသည်က ထင်း၊ ဆန်၊ ဆီ၊ ဆား မျှသာ ဖြစ်သည်။
"ဟုတ်ကဲ့"
ချန်လော့ဘခေါင်းကို အမြန်ငြိမ့်ပြလိုက်သည်။
အရင်တုန်းက မျှော်လင့်ချက် းမရှိခဲ့တာက တစ်ကဏ္ဍ၊ ယခု အခွင့်အရေးက မျက်စိရှေ့ရောက်နေမှတော့ သူရဲဘောကြောင်နေလျှင် ခွင့်လွှတ်စရာ မရှိတော့ပေ။
ချန်လောင်စန်းသည် ဘေးနားရှိ စင်ပေါ်မှ အရက်အိုးကို တိတ်တဆိတ်ယူလိုက်ပြီး တစ်ခွက် ငှဲ့လိုက်သည်။
ချန်လော့ ဘေးက ရပ်ကြည့်နေ၏။
သူ ဘာမှ ဝင်မပြောပေ။
ဦးလေးစန်း စဉ်းစားနေမှန်း သူ သိသည်။
တောရွာမှမိဘများနှင့် မတူဘဲ ဦးလေးစန်းက အလောင်းကောက်သူအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သဖြင့် လူအများအပြားကို သိကျွမ်းသည်။
အကယ်၍ သူ သိုင်းပညာ သင်ယူချင်လျှင် ဦးလေးစန်း၏ အဆက်အသွယ်များမှတဆင့် သွားရပေမည်။ သင့်လျော်သော အတိုင်းအတာတစ်ခုအတွင်း မိသားစု အဆက်အသွယ်ကို အသုံးပြုခြင်းသည် သာမန်လူတစ်ဦးအတွက် ကျိုးကြောင်းဆီလျော်သော နည်းလမ်းပင်။
ဆေးသောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး
သူ့လက်ထဲရှိ ဆေးဖော်မြူလာ၏ ဂုဏ်သတ္တိများက မရှင်းလင်းသေးသလို၊ အမှန်တကယ် အာနိသင်ကို သူကိုယ်တိုင်လည်း မသိသေးသောကြောင့် မဆင်မခြင် မသောက်ရဲပေ။
ကံမကောင်းဘဲ ဟိုတောယုန်လို ရူးသွပ်ပြီး သေဆုံးသွားလျှင်အကြီးအကျယ် ရှုံးရှည်လိမ့်မည်။
"မင်းကတော့ကွာ... ငါ့ကို အမြဲဒုက္ခပေးမယ့် ကောင်စုတ်လေးပါပဲ"
ဦးလေးစန်းက နောက်ဆုံး အရက်တစ်ငုံကို မော့သောက်လိုက်ပြီး တီးတိုးရေရွတ်ကာ အခန်းတံခါးပိတ်၍ အိပ်ရာဝင်သွားလေသည်။
ချန်လော့ကတော့ သက်ပြင်းချလိုက်နိုင်သည်။
ဦးလေးစန်း သဘောတူလိုက်မှန်း သူ သိလိုက်ပြီမဟုတ်လော။