← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း၃ - သင်္ချိုင်းတူးခြင်း

ညမှောင်လာခဲ့ပြီ

ဦးလေးစန်းတို့အိမ်မှ မီးများငြိမ်းသွားပြီးနောက် ချန်လော့သည် အဝတ်အစားလဲကာ အိမ်ပြင်သို့ ဒုတိယအကြိမ် ထွက်လာခဲ့သည်။

နေ့ခင်းဘက်တွင် အလုပ်လုပ်ရသည်မှာ အဆင်မပြေလှသော်လည်း၊ ညဘက်သည် သင်္ချိုင်းတူးရန် အကောင်းဆုံးအချိန်ပင်။

မနေ့က သူ၏ရွှေလက်ချောင်းနိုးထလာကတည်းက ထိုအကြောင်းကို သူ မေ့မရခဲ့ပေ။ နေ့ခင်းဘက်တွင် ဆေးစမ်းသပ်ခြင်းနှင့် ပြင်ဆင်စရာများဖြင့် အလုပ်ရှုပ်နေခဲ့သဖြင့် ညဘက်မှသာ လှုပ်ရှားရန် ပိုသင့်တော်သည်။

ယခုဆိုလျှင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျနေပြီဖြစ်ပြီး ဘေးပတ်ဝန်းကျင် အိမ်နီးနားချင်းများလည်း မီးငြိမ်း၍အိပ်ပျော်နေကြပြီဖြစ်သည်။

ခွေးများပင် ငြိမ်သက်နေသဖြင့် အပြင်ထွက် အလုပ်လုပ်ရန် အချိန်ကောင်းပင်။ ဤအချိန်ကို အခွင့်ကောင်းယူကာ ချန်လော့သည် မနေ့က သူမြှုပ်ခဲ့သော လူများကို ပြန်တူးကာ စမ်းသပ်ရန် စီစဉ်ထား၏။

သိုင်းလောကသားအများအပြားရှိရာ တစ်ယောက်ချင်းစီကို ဖတ်ကြည့်နိုင်လျှင် တုနှိုင်းမဲ့သိုင်းပညာ များပါလာသူနှင့် ကြုံတွေ့ရနိုင်သည် မဟုတ်ပါလား။

အဆိပ်မမိစေရန် ချန်လော့သည် အထူးအကာအကွယ်ပစ္စည်းများကို ပြင်ဆင်ထားသည်။

သားရေလက်အိတ်၊ နှာခေါင်းစည်း၊ လက်ထဲတွင်လည်းအဆိပ်ဖြေဆေးပြား အိတ်တစ်အိတ်နှင့် အဆိပ်စမ်းသပ်သည့် ပိုးကောင်အချို့ ပါလာသည်။

ဤပစ္စည်းအနည်းငယ်သည်ပင် လွန်ခဲ့သောတစ်ခေါက်က ဦးလေးစန်းနှင့် အလောင်းမြှုပ်ရာမှ ရခဲ့သောပိုက်ဆံအားလုံး ကုန်သွားစေသည်။ အကယ်၍ ဦးလေးစန်းသာ သိသွားလျှင် သေချာပေါက် အရိုက်ခံရပေလိမ့်မည်။

ဤ ကောင်တီမြို့ငယ်လေးကဲ့သို့သော နေရာမျိုးတွင် ညကင်းအစောင့်များ မရှိပေ။ ကုန်းတွင်းပိုင်းဒေသတွင် တည်ရှိသဖြင့် မြို့ရိုးများမှာလည်း ယိုယွင်းပျက်စီးနေပြီ ဖြစ်သည်။

ချန်လော့သည် ဟာကွက်တစ်ခုကို အလွယ်တကူ ရှာတွေ့ခဲ့ပြီး မြို့ပြင်သို့ တိုးထွက်ခဲ့သည်။

မှတ်ဉာဏ်ကို အားကိုးကာ ချန်လော့သည် အိတ်ကိုလွယ်၍ ခပ်သုတ်သုတ်လျှောက်လာခဲ့သည်။

ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ခြောက်သွေ့ဆိတ်သုဉ်းလာသည်။ ချန်လော့သည် သူ၏အိမ်သုံးမီးအိမ်ကို ထွန်းလိုက်ပြီး လမ်းကျဉ်းလေးအတိုင်း တောနက်ထဲသို့ ဆက်သွားခဲ့သည်။

တောင်ကြားထဲတွင် ပိုးကောင်များနှင့် ငှက်များ၏ အော်သံများဖြင့် ညက ပို၍ခြောက်ခြားဖွယ် ကောင်းနေသည်။

သစ်ပင်ခြောက်များပေါ်မှ ညကျီးကန်းများသည် ထူးဆန်းသောအော်သံများဖြင့် အော်ဟစ်နေကြပြီး သူတို့၏နီရဲသောမျက်လုံးများဖြင့် တောင်ပေါ်တွင် လျှောက်လှမ်းနေသော ချန်လော့ကို စောင့်ကြည့်နေကြ၏။

"ဒီနေရာပဲ"

ချန်လော့ သက်ပြင်းချလိုက်မိသည်။

ဦးလေးစန်းနှင့်အတူ အလောင်းမြှုပ်သည့်အလုပ်ကို လုပ်လာခဲ့သည်မှာကြာပြီဖြစ်၍ အတွေ့အကြုံ အနည်းငယ် ရှိနေပြီဖြစ်သည်။

ညဘက် တောင်လမ်းပေါ်တွင် လျှောက်ရသော်လည်း သူ့ကိုယ်သူယုံကြည်မှု ရှိသည်။ အလောင်းမြှုပ်နှံသူတစ်ဦး၏အန္တရာယ်များသော အလုပ်သည် သူ့ဘာသာသူထူးခြားသော အမွေအနှစ်တစ်ခု ပါလာစမြဲပင်။

ချန်လော့သည် လက်ထဲရှိ မီးအိမ်ကို အနီးရှိ သစ်ပင်စောင်းစောင်းကြီးတစ်ခုတွင် ချိတ်လိုက်သည်။

သူ့ကျောပေါ်ရှိ သံဂေါ်ပြားကို ယူလိုက်ပြီး လက်ဖဝါးထဲတံတွေးနှစ်ချက်ထွေးကာ စတင်တူးတော့သည်။

မြေကြီးကို သူကိုယ်တိုင်ဖို့ခဲ့ခြင်းဖြစ်၍ ချန်လော့ အမှတ်ရနေဆဲပင်။ မကြာမီမှာပင် ကောက်ရိုးဖျာလိပ်တစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။

သူသည် မြေကြီးများကို ဂရုတစိုက် ဖယ်ရှားလိုက်ရာ အောက်တွင်မြှုပ်ထားသော သိုင်းလောကသား ၏ အလောင်းကို တွေ့လိုက်ရ၏။

"တစ်ခါစမ်းကြည့်လိုက်ရင် ဒါက စိတ်ကူးယဉ်မှု ဟုတ်မဟုတ် သိရမှာပဲ"

အလောင်း၏ပုပ်စော်နံမှုကို အံကြိတ်ခံကာ ချန်လော့ ကောက်ရိုးဖျာကို လှန်လိုက်သည်။ စူးရှသော အနံ့ဆိုးက သူ့ကိုတိုက်ခိုက်လာသဖြင့် ညက စားထားသည်များကိုပင် အန်ချင်သွားသည်။

ကံကောင်းသည်မှာ သူ စိတ်ပြင်ဆင်ထားသဖြင့် အနံ့ကို အောင့်ထားနိုင်ခဲ့သည်။

သူ့ခါးမှ ဝါးကျည်တောက်ကို ယူကာ အထဲမှ အဆိပ်စမ်းသပ်ပိုးကောင်ကို လွှတ်လိုက်သည်။ ၎င်းမှာ ကင်းမြီးကောက်သဏ္ဍာန် အနက်ရောင် ပိုးကောင်လေးပင်။

ချန်လော့ ထုတ်လိုက်စဉ်က ၎င်းမှာ လုံးထွေးနေသော်လည်း အလောင်း၏အနံ့ကို ရသွားသည့်အခါမှ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။ ထိုသတ္တဝါလေးသည် လက်မများဖြင့် အလောင်းကို နှစ်ချက်၊ သုံးချက်မျှ တို့ထိကြည့်ပြီးနောက် အလောင်းတစ်ဝိုက်ကိုနှစ်ပတ်ခန့် ပတ်လျှောက်သည်။

ခေတ္တကြာသော် ထိုပိုးကောင်လေးမှာ ပြန်လည် လုံးထွေးသွားလေသည်။

အဆိပ်မရှိ

ချန်လော့ သက်ပြင်းချနိုင်တော့သည်။

ထို့နောက် နေ့ခင်းက ပြင်ဆင်ထားသော သမင်သားရေလက်အိတ်ကို ဝတ်ဆင်ကာ အလောင်းပေါ်သို့ လက်ကို ဂရုတစိုက်တင်လိုက်သည်။

'အကြွင်းအကျန်ဦးနှောက်အတွေး ကို ရှာဖွေတွေ့ရှိသည်။ ၉၇% ပျက်စီးနေ၏။ ဖတ်ရှုမလား'

"ဖတ်မယ်"

ဘေးပတ်ဝန်းကျင်တွင် လူသူမရှိသဖြင့် ချန်လော့ တိုက်ရိုက်အော်ပြောလိုက်၏။

'မုဆိုးမဝမ်က သောက်ရမ်းမိုက်တာပဲ၊ ကံဆိုးတာကတော့ နောင်မှာ သူမနဲ့ ဆက်ဆံရေး တိုးတက်ဖို့ အခွင့်အရေး မရှိတော့တာပဲ'

ရင်းနှီးနေသောအတွေးများ သူ့ဦးနှောက်ထဲ ဝင်ရောက်လာပြီး အလောင်း၏နောက်ဆုံးစွဲလမ်းမှု က ချန်လော့၏ စိတ်ထဲတွင် ပေါ်လာသည်။

သို့သော် ရလဒ်ကြောင့် ချန်လော့ မျက်နှာ ပျက်သွား၏။ ပုပ်စော်နံနေသော ဤသိုင်းလောကသားကို ပြန်ကြည့်ရင်း သူ တော်တော်လေး စိတ်ပျက်သွားမိသည်။

ညသန်းခေါင်ကြီး ဒုက္ခခံတူးလိုက်ရတာ၊ ဒီလို စွဲလမ်းမှုမျိုးပဲ ဖတ်လိုက်ရတယ်လို့။

လက်မလျှော့လိုသဖြင့် ချန်လော့ ဂေါ်ပြားကို ပြန်ကိုင်ကာ ဒုတိယအကျော့ထပ်တူးပြန်သည်။

"ဖတ်မယ်"

ဤတစ်ခါတော့ စနစ်၏ အကြောင်းကြားချက်ကို မစောင့်ဘဲ ချန်လော့ တိုက်ရိုက် ပြောလိုက်သည်။

'စွေ့ဟွား... ငါ ပြန်လာမှာကို စောင့်နေပါ'

'ဘေးအိမ်က သစ်ပင်စောင်းအောက်မှာ ငွေစ သုံးကျပ် ဖုံးထားတယ်'

အလောင်းတစ်ခုပြီးတစ်ခု စစ်ဆေးရင်း ချန်လော့ တဖြည်းဖြည်း ထုံထိုင်းလာသည်။

ဤကွယ်လွန်သူ သိုင်းသမားများ၏ စိတ်ထဲရှိ နောက်ဆုံးစွဲလမ်းမှုများမှာ အားကိုးမရလှပေ။ ဖုံးကွယ်ထားသော ပိုက်ဆံအကြောင်း သို့မဟုတ် မယားငယ်များအကြောင်းသာ ဖြစ်နေပြီး၊ အချို့ တာဝန်သိတတ်သူများမှာ မိသားစုကို လွမ်းဆွတ်နေကြခြင်း ဖြစ်သည်။

ချန်လော့အတွက်မူ ဤစွဲလမ်းမှုများသည် အဓိပ္ပာယ်မရှိလှပေ။

သို့သော် နောက်ဆုံးအလောင်းမှာတော့ သူ့အတွက် ဆုလာဘ်တစ်ခု ပါလာခဲ့သည်။

'ဝမ်းနက်မြက်ကို သွေးချီသုံးကြိမ်လှည့်ပတ်ပြီး စားသုံးပါက၊ အတွင်းအားကျင့်ကြံခြင်းသို့ အောင်မြင်ကျော်ဖြတ်နိုင်စွမ်း ၃၀% တိုးတက်လိမ့်မည်'

အတွင်းအားကျင့်ကြံခြင်းလား ဘယ်လို အဆင့်လဲ။

ချန်လော့ မသိသော်လည်း မှတ်သားထားလိုက်သည်။

သူသည် တစ်နေ့တွင် သိုင်းတာအိုပေါ်သို့ အနှေးနှင့်အမြန် လျှောက်လှမ်းရပေမည်။

အကယ်၍ မနက်ဖြန်တွင် ဦးလေးစန်းက သူ့ကို လမ်းပြပေးမည့်သူ မရှာပေးနိုင်ခဲ့လျှင်ပင် ကိစ္စမရှိပေ။

သူ၏ဂေါ်ပြားနှင့် မီးအိမ်အစုတ်လေးကို ကိုင်ကာ သင်္ချိုင်းကုန်းထဲတွင် ကိုယ်ပိုင်ကမ္ဘာတစ်ခုကို တူးဖော်နိုင်သည် မဟုတ်ပါလား။

တစ်ညလုံးလူးလှိမ့်လုပ်ဆောင်ပြီးနောက် အလောင်းများကို ပြန်မြှုပ်နှံပြီးချိန်တွင် မိုးလင်းရန် နီးကပ်နေပြီဖြစ်သည်။

သူသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲကာ မြို့ထဲသို့ပြန်လာခဲ့၏။

မြို့တံခါးသို့ ရောက်သောအခါ အပေါ်မှ ရဲမက်များမှာ သမ်းဝေနေကြပြီ ဖြစ်သည်။

ချန်လော့ အသုံးပြုနေကျခွေးတိုးပေါက်တွင် လူအနည်းငယ် ရောက်ရှိနေကြပြီး ဈေးသို့လာသော အနီးအနားကျေးရွာသားများ ဖြစ်ပုံရသည်။ မြို့ဝင်ကြေး မပေးလိုသဖြင့် ဖြတ်လမ်းကို အသုံးပြုနေကြခြင်းဖြစ်သည်။

ဤလမ်းကို သိသူများမှာ ဒေသခံများသာ ဖြစ်ကြသည်။

ဤအရာက လည်ပတ်စရာနေရာတစ်ခုကို ခိုးဝင်ရသလိုပင်၊ မည်သူကမှ တစ်ဦးကိုတစ်ဦး ဖော်ထုတ်ခြင်း မရှိကြပေ။

ချန်လော့မှာ ထိုမျှအထိအားမနေပေ။ သူသည် ခွေးတိုးပေါက်မှတစ်ဆင့် မြို့ထဲသို့ ပြန်ဝင်ခဲ့ပြီး၊ နောက်ဖေးတံတိုင်းကို ကျော်ကာ အိမ်ထဲဝင်ခဲ့သည်။

ဦးလေးစန်း၏ဟောက်သံမှာ ရှေ့ခန်းမှ ထွက်ပေါ်နေဆဲ ဖြစ်သဖြင့် သူ အိပ်ပျော်နေဆဲဖြစ်ပုံရသည်။

ကိရိယာတန်ဆာပလာများကို သိမ်းဆည်းပြီးနောက် ချန်လော့သည် မျက်နှာပင် မသစ်တော့ဘဲ စောင်ကိုခြုံကာ အိပ်ရာထဲ ဝင်လိုက်တော့သည်။

ဤညက လွန်စွာပင်ပန်းလွန်းသဖြင့် လဲလျောင်းလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။

ချန်လော့ အိပ်မက်လှလှလေးတစ်ခု မက်ခဲ့လေ၏။

အိပ်မက်ထဲတွင် သူသည် လေနှင့်မိုးကို အမိန့်ပေးနိုင်သော၊အစွမ်းထက်သော သိုင်းပညာများဖြင့် နေရာအနှံ့ပျံသန်းနိုင်သည့် သူရဲကောင်းကြီးဖြစ်လာသည်။

လက်ထဲရှိ ရတနာဓားမှာ ပြိုင်ဘက်ကင်းပြီး လက်ကိုမြှောက်လိုက်တိုင်း ရန်သူတစ်ယောက် လဲကျသွားသည်။ သို့သော် သူ တိုက်ခိုက်နေစဉ်မှာပင် မြင်ကွင်းက ပြောင်းလဲသွား၏။

သူ၏ ရတနာဓားမှာ ဘယ်လိုကြောင့်မှန်းမသိ သံဂေါ်ပြားကြီးဖြစ်သွားသည်။ ဝတ်ထားသော အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ကျောဘက်တွင်တုတ်ကောက်ကြီး ထိုးထားကာ ထိပ်ဖျားတွင် လေးထောင့်မီးအိမ်ကြီး ချိတ်ဆွဲထား၏။

သူသတ်လိုက်သော လူများလည်း ပျောက်ကွယ်သွားပြီးမြေစာများ ဖြစ်သွားကာ သူ့ရှေ့မှမြင်ကွင်းက သင်္ချိုင်းကုန်းကြီး ဖြစ်သွားသည်။

အဆုံးမရှိသော သင်္ချိုင်းဂူများပင်။

"ငါဘာလို့ သင်္ချိုင်းပြန်တူးနေရတာလဲ"

ချန်လော့ ခေတ္တမျှကြောင်သွားသည်။ ထပ်မံ ကြည့်ရှုလိုသောအခါ တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသံကို ကြားလိုက်ရပေ၏။

"ဟေ့ကောင်လေး... ထတော့၊ဒီနေ့ မင်းကို လူတစ်ယောက်နဲ့ သွားတွေ့ပေးမလို့"

ချန်လော့ မျက်လုံးကို ဝေဝါးစွာ ဖွင့်ကြည့်လိုက်ရာ ဦးလေးစန်းသည် ဘယ်အချိန်က အခန်းထဲ ဝင်လာမှန်းမသိဘဲ တို့ဟူးနွေးတစ်ပွဲနှင့် အီကြာကွေး နှစ်ချောင်းကို ကိုင်ကာ သူ့ကို နှိုးနေလေသည်။

သူ မော့ကြည့်လိုက်ရာ အပြင်ဘက်တွင် မိုးလင်းနေပြီ ဖြစ်သည်။

နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ စီးဝင်နေပြီး နွေးထွေးနေစေ၏။

"စောလှချည်လား"

ချန်လော့ ဝေဝါးနေဆဲဖြစ်သော ခေါင်းကို ခါယမ်းရင်း မေးလိုက်သည်။

"မင်းလို ကောင်စုတ်လေးကြောင့် ငါ ဒုက္ခရောက်နေရတာလေ အမြန်လုပ်စမ်း" ဦးလေးစန်းက စိတ်မရှည်စွာဖြင့် တို့ဟူးနွေးပန်းကန်ကို ချလိုက်ရာ တို့ဟူးဖတ်အချို့စင်ထွက်သွားသည်။

ချန်လောင်စန်း၏ စကားအရ သူသည် ယနေ့မနက်တွင် အပြင်သို့တစ်ခေါက်သွားခဲ့ပြီးပုံရသည်။

ချန်လော့ မဆိုင်းမတွဘဲ ပန်းကန်ကို မကာ တို့ဟူးနွေးကို အကုန်သောက်လိုက်သည်။

ထို့နောက် အီကြာကွေးများကို လိပ်ကာ ပါးစပ်ထဲ အတင်းထိုးထည့်လိုက်ရာ သီးပင်သီးချင်သွား၏။ ဦးလေးစန်းက ရေတစ်ခွက် အချိန်မီကမ်းပေးလိုက်သဖြင့် သက်သာသွားတော့သည်။

"မျက်နှာကို စင်အောင်သစ်၊ အဝတ်အစား သန့်သန့်လေး လဲလိုက်ဦး"

ချန်လောင်စန်းက မှာကြားပြီးနောက် ရှေ့ခန်းတွင် ထွက်စောင့်နေသည်။

ချန်လော့လည်း အခွင့်အရေးက ရခဲမှန်းသိသဖြင့် မဆိုင်းမတွဘဲ အမြန်ထ၍ ပြင်ဆင်လိုက်၏။

ခဏအကြာတွင် အဝတ်အစားသစ် ဝတ်ဆင်ထားသောချန်လော့သည် ရှေ့ခန်းတွင် ပေါ်လာသည်။

"မဆိုးဘူး၊ ခုမှ လူနဲ့ တူတော့တယ်"

အရပ်ရှည်ပြီး ကိုယ်ဟန်တည်ကြည်သော တူဖြစ်သူကိုကြည့်ကာ ချန်လောက်စန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူသည် နံရံဆီသို့ လျှောက်သွားကာ ကြိုတင်ပြင်ဆင်ထားသော လက်ဆောင်ကို ယူ၍ချန်လော့ကို ခေါ်ကာ အိမ်ပြင်ထွက်ခဲ့သည်။

ဦးလေးစန်း၏အဆက်အသွယ် များမှာလည်း အလွန် ကန့်သတ်ချက်ရှိလှသည်။

အလောင်းမြှုပ်နှံသူတစ်ဦးသည် အဆင့်မြင့် လူကုံထံကြီးများနှင့် ထိတွေ့နိုင်စွမ်း မရှိပေ။

သူ ချန်လော့ကို ခေါ်သွားသည့် လူမှာလည်း ကမ္ဘာပျက်မတတ်အစွမ်းထက်သူ မဟုတ်သလို၊ ဖုံးကွယ်နေသော ပညာရှင်ကြီးလည်း မဟုတ်ပေ။

သူတို့လို အခြေခံလူတန်းစား အဆင့်တွင် နာမည်အနည်းငယ် ရှိသူသာ ဖြစ်သည်။ သူသည် ချန်လောင်စန်း၏အသိုင်းအဝိုင်းတွင် စစ်မှန်သော သိုင်းပညာကို တတ်ကျွမ်းသူ တစ်ဦးတည်းသောသူ ဖြစ်သည်။

ဤသို့သော အဆက်အသွယ်မျိုးပင်လျှင် ချန်လောင်စန်း၏ ကြားဝင်စေ့စပ်မှု မပါဘဲနှင့် ချန်လော့အနေဖြင့် အားကိုးနိုင်ရန် မဖြစ်နိုင်ပေ။

ဤအရာက ဤကမ္ဘာကြီး၏ လက်တွေ့ကျသော အခြေအနေပင်။

"ငါ မင်းကိုသွားတွေ့ပေးမယ့်လူက မာချွယ်ကျိလို့ ခေါ်တယ်။ ငါ သူ့ကို စတွေ့တုန်းက သူက ခြေတစ်ဖက် မသန်တော့ဘူး"

လမ်းတစ်လျှောက်တွင် ဦးလေးစန်းက ချန်လော့အား သတိထားရမည့် အချက်အလက်များကို ပြောပြလာသည်။

"ငါ သူ့အတိတ်အကြောင်း တစ်ခါမှ မမေးဖူးဘူး၊ သူလည်း မပြောဖူးဘူး"

ချန်လောင်စန်း ရှေ့မှ လျှောက်သွားပြီး၊ လမ်းတွင် ချန်လော့ကို လမ်းကြားထိပ်သို့ ခေါ်သွားကာ ဝက်သားသုံးထပ်သား နှစ်ပိဿာ နှင့် အရက်ဖြူ သုံးအိုးကို ဝယ်ယူခဲ့သည်။

"လွန်ခဲ့တဲ့ ခုနစ်နှစ်က ငါ အလောင်းမြှုပ်နေတုန်း အလောင်းပုံထဲမှာ မသေသေးတဲ့လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ငါ စိတ်ပျော့သွားပြီး သူ့ကို ကယ်ခဲ့မိတယ်" ချန်လောင်စန်းက ကျန်တာကို ဆက်မပြောသော်လည်း ချန်လော့ ခန့်မှန်းမိလိုက်၏။

ချန်လောင်စန်းသည် အစိုးရခန့် အလောင်းမြှုပ်နှံသူ တစ်ဦးဖြစ်ပြီး သူမြှုပ်ရသော လူများမှာအခြေခံအားဖြင့် သိုင်းလောကသားများ သာ ဖြစ်သည်။

ဤသို့သော လူစားမျိုးများသည် များသောအားဖြင့် လူသတ်မှုများ ကျူးလွန်ထားတတ်ကြသည်။ သူတို့လို သာမန်လူများအတွက်မူ ၎င်းတို့သည် အခြား ဒိုင်မေးရှင်းတစ်ခုတွင် နေထိုင်သူများဖြစ်ပြီး၊ ၎င်းတို့နှင့် ပတ်သက်မိလျှင် ဒုက္ခရောက်တတ်သည်။

ချန်လောင်စန်းက မာချွယ်ကျိကို အလောင်းပုံထဲမှ ကယ်ထုတ်ခဲ့ခြင်းမှာ အလွန်ကြီးမားသော စွန့်စားမှုကို လုပ်ဆောင်ခဲ့ခြင်းပင်။

"ဒါကြောင့် သူက ငါ့ကို အသက်တစ်ချောင်း ကြွေးတင်နေတာ။ ပုံမှန်ဆိုရင် မာချွယ်ကျိက သိုင်းပညာကို ပြင်ပလူကို ဘယ်တော့မှသင်ပေးမှာ မဟုတ်ဘူး၊ အန္တရာယ်က အရမ်းများလွန်းတယ်"

သိုင်းပညာဆိုသည်မှာ သာမန်လူများအတွက် တားမြစ်ချက်တစ်ခုပင်။

အကယ်၍ ပြန့်နှံ့သွားပြီး အစိုးရက သိသွားလျှင် ပတ်သက်သူအားလုံး လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"ငါ အများကြီး ပြောပြပြီးပြီ၊ ငါ ဘာကို ဆိုလိုလဲ မင်း နားလည်လား"

ရှေ့မှ လျှောက်နေသော ချန်လောင်စန်း ရပ်လိုက်ပြီး အချိန်အတော်ကြာအောင် စကားတစ်ခွန်းမှ မပြောသော တူဖြစ်သူကို လှည့်ကြည့်ကာ မေးလိုက်၏။

"နားလည်ပါတယ်၊ အသွားအလာ ဆင်ခြင်ရမယ် မဟုတ်လား"

ချန်လော့ ချက်ချင်း ပြန်ဖြေလိုက်သည်။

"မင်းလို ကောင်စုတ်လေးကတော့"

ချန်လောင်စန်း ဆဲလိုက်သော်လည်း သူ၏ မျက်လုံးထဲမှ ကျေနပ်မှုကို ဖုံးကွယ်၍မရပေ။

သူ့တူက တော်တော်လေး လည်သည်။

ချန်မိသားစုဟောင်းသည် မျိုးဆက်ပေါင်းများစွာ ရိုးသားအေးဆေးစွာ နေလာခဲ့ရာမှ ယခုတော့ တက်ကြွဖျတ်လတ်သူ တစ်ယောက် ပေါ်ထွက်လာခဲ့လေပြီ။

"ဖယ်ကြစမ်း ဖယ်ကြစမ်း"

ဦးလေးနှင့် တူနှစ်ယောက် လမ်းကြားထဲမှ ထွက်လာစဉ်လမ်းမသို့ပင် မကူးရသေးမီ ဓားများကိုယ်စီ ကိုင်ဆောင်ထားသော ရဲမက်များအုပ်စုတစ်စု ရှေ့သို့ ပြေးသွားသည်ကို တွေ့လိုက်ရသည်။ လမ်းမတစ်ခုလုံး ပိတ်ဆို့သွား၏။

လူအုပ်ကြီးလည်း စုရုံးလာကြပြီး အထူးအဆန်းကို ကြည့်နေကြပုံရသည်။

လူအုပ်ထဲမှ အသံအချို့ကို သဲ့သဲ့ကြားနေရသည်။

'ကိစ္စကြီးတစ်ခု ဖြစ်ပြီဟေ့၊ ဝမ်မိသားစုတစ်စုလုံး အသတ်ခံလိုက်ရပြီတဲ့'

'ကြားရသလောက်တော့ အရင်မင်းဆက် နဲ့ ပတ်သက်နေတယ်တဲ့'

ပတ်ဝန်းကျင်မှ ကောလာဟလများသည် အမြဲတမ်း အမြန်ဆုံးပင်။ အမှန်လား အမှားလား ဆိုသည်မှာ အရေးမကြီးသော်လည်း ဦးလေးနှင့် တူနှစ်ယောက်အတွက် အဓိက သတင်းအချက်အလက်အချို့ကို ကြားသိသွားစေသည်။

"သွားကြစို့၊ ငါတို့နဲ့ မဆိုင်ဘူး"

ချန်လောင်စန်း အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တခြားလမ်းဘက်သို့ လှည့်ထွက်ခဲ့၏။

ဤလမ်းမှာ ပိတ်နေသဖြင့် သူတို့ ပတ်သွားရပေတော့မည်။

အခန်း၄ - မာချွယ်ကျိ

မာချွယ်ကျိ၏ အိမ်သည် ချန်လောင်စန်း၏ အိမ်ထက်ပင် ပို၍ယိုယွင်းပျက်စီးနေသည်။ လေတစ်ချက်အဝေ့တွင်ပင် ပြိုကျတော့မည့်အလား ထင်ရသောအုတ်ကြွပ်မိုးအိမ်လေးပင်။

ဘေးအိမ်တွင် ရေနွေးအိုးကျိုသည့် ဖိုတစ်ခုရှိပြီး ချန်လော့နှင့် ဦးလေးဖြစ်သူ ရောက်ရှိလာချိန်တွင် မည်းနက်သော မီးခိုးများမှာ တလူလူ ထွက်နေလေ၏။

မာချွယ်ကျိသည် တံခါးဝတွင် တစ်ယောက်တည်း ထိုင်လျက်တစ်စုံတစ်ယောက်အတွက် သံအိုးတစ်လုံးကို စူးဖြင့်ပြင်ပေးနေသည်။ စူးနှင့် သံအိုး၏အောက်ခြေ ပွတ်တိုက်သံများ ထွက်ပေါ်နေပြီး သံမှုန့်မည်းမည်းအမြောက်အမြား မြေပေါ်သို့ ကျဆင်းနေကာ ပျက်စီးနေသောနေရာမှာ ပေါ်လွင်လာသည်။

"ချွယ်ကျိ... ငါ မင်းဆီ လာလည်တာဟေ့"ချန်လောင်စန်းက အလုပ်ရှုပ်နေသော မာချွယ်ကျိကို ကြည့်ကာ အဝေးမှ လှမ်းအော်လိုက်သည်။

ထိုအသံကို ကြားသော်လည်း မာချွယ်ကျိသည် လက်ဖျားတစ်ချက်မျှ မလှုပ်။ သံအိုးကိုသာ စူးဖြင့် ဆက်တိုက် ပွတ်တိုက်နေသည်။

အနီးရှိ ဖိုထဲမှအဖာသံဖတ်မှာ အဆင်သင့်ဖြစ်လုနီးပါးရှိနေပြီဖြစ်ရာ သူသည် ညှပ်ဖြင့် ယူလိုက်ပြီး သံအိုးရှိ အပေါက်ပေါ်သို့ တင်လိုက်သည်။

ထို့နောက် တူဖြင့် စတင်ထုလေရာ ဒေါင်... ဒေါင်... ဟူသော အသံများ ထွက်ပေါ်လာ၏။

သံအိုးကိုအပြည့်အဝ ပြင်ဆင်ပြီး ဘေးသို့ ချထားလိုက်ပြီးမှသာ မာချွယ်ကျိသည် ဦးလေးနှင့် တူနှစ်ယောက်ကို မော့ကြည့်လာသည်။

သူ၏အကြည့်မှာ ချန်လော့ပေါ်တွင် အဓိက ကျရောက်နေသည်။

အကြောင်းမှာ ချန်လော့သည် သူ့အတွက် သူစိမ်းမျက်နှာသစ် ဖြစ်နေသောကြောင့်ပင်။

စိတ်အာရုံကြောင့်ပင် ဖြစ်နိုင်သော်လည်း မာချွယ်ကျိ၏အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည့်အခါ ချန်လော့သည် ဗီဇအရတောင့်တင်းသွားပြီး တစ်ကိုယ်လုံးရှိ အမွေးအမှင်များထောင်ထလာသည်။ တောအုပ်တစ်ခုထဲတွင် လမ်းလျှောက်နေရင်း သားရဲကြီးတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသလိုပင်။

"ဒါ ငါ့တူ... ချန်လော့ တဲ့၊ငါတို့ ချန်မိသားစုရဲ့ သုံးဆက်တိုင်တိုင်တစ်ဦးတည်းသော အမွေခံလေးပေါ့"

ချန်လောင်စန်း၏ စကားများက တင်းမာနေသော အခြေအနေကို ဖြိုခွဲလိုက်ပြီး သူ ယူလာသော လက်ဆောင်ကိုလည်း အနီးရှိ စားပွဲပေါ်သို့ တင်လိုက်သည်။

"ပြော"

မာချွယ်ကျိ နောက်ဆုံးတွင် အကြည့်လွှဲလိုက်သည်။ သူ၏အသံမှာ ဝင်နေပြီး မျက်နှာမှာလည်း သစ်သားရုပ်ထုတစ်ခုကဲ့သို့ မည်သည့် ခံစားချက်မျှ မရှိပေ။

"ငါ့တူက သိုင်းပညာ သင်ချင်လို့တဲ့" ချန်လောင်စန်း ထိုင်လိုက်ပြီးနောက် အပိုစကားများကို ဖယ်ထုတ်ကာ လာရင်းရည်ရွယ်ချက်ကို တိုက်ရိုက် ပြောလိုက်သည်။

ထိုစကားကို ကြားသော် မာချွယ်ကျိ၏ လှုပ်ရှားမှုများ ခဏမျှတုံ့ဆိုင်းသွားလေ၏။

သို့သော် ဘာမှမကြားလိုက်သည့်အလား သူ၏ အလုပ်များကိုသာ ဆက်လက်လုပ်ဆောင်နေသည်။

ချန်လောင်စန်းကလည်း မလောဘဲ စိတ်ရှည်စွာ စောင့်နေသည်။ မာချွယ်ကျိသည် လက်ထဲရှိ သံအိုးများနှင့် တံစဉ်းများကို အကုန်ပြင်ပြီးမှသာ စကားပြန်ပြောလာသည်။

"မင်းဘာလို့ သိုင်းသင်ချင်တာလဲ"

ဤမေးခွန်းမှာ ချန်လော့ကို တိုက်ရိုက်မေးခြင်း ဖြစ်သည်။ ဘေးရှိ ချန်လောင်စန်းကလည်း ဝင်မပြောပေ။

သူသည် မာချွယ်ကျိ၏ စိတ်နေစိတ်ထားကို သိသည်။

"ကျွန်တော် ပိုပြီး သန်မာချင်လို့ပါ" ချန်လော့က သူ၏ဆန္ဒကို ထုတ်ဖော်ပြောလိုက်၏။

ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူသည် အမြဲတမ်းမလုံခြုံမှုကို ခံစားနေရသည်။ အထူးသဖြင့် ဤကမ္ဘာတွင် သိုင်းတာအိုရှိကြောင်း သိလိုက်ရပြီးနောက် ဤမလုံခြုံမှုက ပို၍ကြီးမားလာသည်။

ထို့ကြောင့် မိမိကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင်ရှိ လူများကို ကာကွယ်ရန်စွမ်းအားကို အလျင်အမြန် တတ်မြောက်လိုခြင်း ဖြစ်သည်။

"သိုင်းသင်တာက မင်းကို သန်မာလာစေမယ်လို့ အမြဲတမ်း မပြောနိုင်ဘူး။ ဒီကမ္ဘာကြီးက..." မာချွယ်ကျိက တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရနေသည့်အလား ပြောလက်စကို ရပ်ကာတိတ်ဆိတ်သွားသည်။

သူသည် ကိရိယာများကို တိတ်ဆိတ်စွာ သိမ်းဆည်းလိုက်ပြီး အသုံးပြုထားသော သံညှပ်များကိုအိမ်ထောင့်တွင် သပ်ရပ်စွာထားကာ စူးကိုလည်း အနီးရှိကိရိယာသေတ္တာထဲသို့ ထည့်လိုက်သည်။

"မနက်ဖြန် လာခဲ့။ ငါ မင်းကို တစ်နေ့ တစ်နာရီ သင်ပေးမယ်။ ဘယ်လောက်အထိ တတ်မလဲဆိုတာကတော့ မင်းအပေါ်မှာပဲမူတည်တယ်"

ဤကိစ္စပျက်စီးသွားပြီဟု ချန်လောင်စန်း ထင်နေစဉ်မှာပင် မာချွယ်ကျိသည် စကားအဆုံးသတ်ကာသူ၏ကိရိယာသေတ္တာကို မကာ အိမ်ထဲသို့ ဝင်သွားသည်။ တံခါးပိတ်လိုက်စဉ် အထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

အောင်မြင်သွားပြီ။

ချန်လော့လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

မာချွယ်ကျိ၏ စိတ်နေစိတ်ထားက ဘယ်လိုပင်ရှိစေကာမူ ယခုအချိန်တွင် ချန်လော့အတွက် ဤသည်မှာ တစ်ခုတည်းသောအခွင့်အရေးပင်။

သိုင်းတာအို၏ တံခါးဝသို့ ဝင်ရောက်နိုင်သရွေ့ အနာဂတ်တွင် ကြီးကျယ်သောလမ်းစဉ်တစ်ခုကို ဖော်ဆောင်နိုင်မည်ဟု သူ ယုံကြည်သည်။

အလောင်းများ၏ပျက်စီးနေသော အတွေးမှတ်ဉာဏ်များကို အသုံးပြု၍ သိုင်းသင်ယူခြင်းမှာ နောက်ဆုံးနည်းလမ်းသာ ဖြစ်သည်။ အစပြုသူတစ်ဦးအတွက် ထိုသို့သောရွေးချယ်မှုမှာ အန္တရာယ်များလွန်းလှသည်။ အနည်းငယ် မှားယွင်းရုံနှင့် သေဆုံးသွားနိုင်သည်။

သူတို့ ဤနေရာမှအပြန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်နေပြီဖြစ်သည်။

ဦးလေးနှင့် တူနှစ်ယောက် ပြန်လာသောအခါ အနီးဆုံးလမ်းမမှာ ပိတ်ဆို့ထားဆဲဖြစ်ပြီး၊ ရုံးတော်မှတာဝန်ရှိသူ များမှာ တစ်စုံတစ်ယောက်ကို ရှာနေသည့်အလား ဟိုဟိုဒီဒီ ရှာဖွေနေကြသည်။

ချန်လောင်စန်းသည် ဗီဇအရပင် သတိကြီးသူဖြစ်ရာ ချန်လော့ကို ခေါ်၍ပတ်လမ်းမှတစ်ဆင့် အိမ်သို့ ပြန်လာခဲ့သည်။

"လျိုကြီး ခေါက်ဆွဲနှစ်ပွဲပေး၊ အသားစဉ်းများများ၊ ငရုတ်သီး လျှော့ထည့်"

ဦးလေးနှင့် တူ နှစ်ယောက်စလုံးမှာ ထမင်းမချက် တတ်ကြပေ။ အိမ်သို့ ဦးတည်သော လမ်းကြားသို့ ရောက်သောအခါ ချန်လောင်စန်းသည် ချန်လော့ကို လျိုကြီး၏ခေါက်ဆွဲဆိုင်သို့ ခေါ်သွားကာ စားပွဲကို ပုတ်၍ အကျယ်ကြီး အော်မှာလိုက်သည်။

သူတို့က အသိဟောင်းများ ဖြစ်ကြရာ လျိုကြီးသည် အသံကြားသည်နှင့် သူတို့မှန်း သိလိုက်သည်။

ခဏအကြာတွင် လျိုကြီးသည် ငွေ့တလူလူ ထွက်နေသောခေါက်ဆွဲများကို ယူလာပေးပြီး သူတို့အတွက် အသားနှပ်တစ်ဖတ်ကို အထူးထည့်ပေးခဲ့သည်။

"စားပြီးမှ အကုန်ပေါင်းရှင်းမယ်"

ချန်လောင်စန်းက ပြန်ပြောလိုက်ပြီး ဝါးကျည်တောက်ထဲမှ တူကို ဆွဲထုတ်လိုက်သည်။ နှစ်ချက်မျှမွှေပြီးနောက် သူသည် မြိန်ရှက်စွာ စတင်စားတော့သည်။

ချန်လော့ကလည်း လျင်မြန်စွာပင် စားလိုက်ရာ မကြာမီမှာပင် ဗိုက်ပြည့်သွားတော့သည်။ လျိုကြီး၏ ခေါက်ဆွဲဆိုင်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သူ၏ခေါက်ဆွဲများမှာ များပြားသဖြင့် နာမည်ကြီးသည်။

ဦးလေးနှင့် တူနှစ်ယောက်မှာ အသားနှပ်ပင် ထပ်ထည့်ထားသေးသည်။

စားသောက်ပြီးနောက် ချန်လောင်စန်းသည် ငွေပြားကြီး နှစ်ပြားကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ချန်လော့ကို အိမ်သို့ခေါ်လာခဲ့သည်။

ချန်လောင်စန်းသည် ဤနည်းအတိုင်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ခြင်း ဖြစ်သည်။ ပိုက်ဆံရှိလျှင် သုံးစွဲပြီးမိမိကိုယ်ကို ဘယ်တော့မှ မနှိပ်စက်ပေ။ချန်လော့သည်လည်း ဦးလေးထံမှ ဤအချက်ကို သင်ယူခဲ့၏။

မည်သည့်အရာပင်လုပ်စေ မိမိကိုယ်ကို မနှိပ်စက်ရန်ပင်။ အဆိုးဆုံးဖြစ်လျှင် တစ်သက်လုံး လူပျိုကြီး လုပ်ရုံသာရှိသည်။

သူက အရင်ကလည်း လူပျိုကြီးဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။

အိမ်ပြန်ရောက်သောအခါ ချန်လောင်စန်းသည် သူ၏သော့ကို ထုတ်လိုက်သည်။ တံခါးဖွင့်ရန် ပြင်စဉ်မှာပင် ကြေးသော့ခလောက်အောက်မှ ဝါးနက်ပြားလေးတစ်ခု ကျလာသည်ကို တွေ့လိုက်ရသည်။

ဟင်

ထိုဝါးပြားကို မြင်လိုက်ရသည့် ခဏ၌ ချန်လောင်စန်း၏ မျက်နှာအမူအရာပြောင်းလဲသွားသည်။

"ဦးလေးစန်း... ဘာကူညီရမလဲ"

ချန်လော့သည် ဤသို့သော ဝါးပြားမျိုးကို မှတ်မိသည်။ ၎င်းမှာ အလောင်းမြှုပ်နှံသူများအတွက်အလုပ်ကိစ္စရှိလျှင် ထားခဲ့လေ့ရှိသော အမှတ်အသားပင်။

ယခင်က ဦးလေးစန်းအလုပ်ရှိလျှင် ချန်လော့က အမြဲစောင့်ကြည့်နေကျဖြစ်ရာ ဤသို့သော ဝါးပြားမျိုးကို မြင်ဖူးသည်။ သို့သော် ဝါးနက်ပြားကို မြင်ရသည်မှာ ယခု ပထမဆုံးအကြိမ်ဖြစ်သဖြင့် သူ မသိချင်ဘဲ မနေနိုင်ဖြစ်သွားရ၏။

"မင်းလို ကောင်စုတ်လေးက ဘာကူညီနိုင်မှာလဲ သိုင်းသင်ဖို့ပဲအာရုံစိုက်စမ်း၊ ငါ့ကြိုးစားအားထုတ်မှုတွေကို အလဟဿမဖြစ်စေနဲ့"

ချန်လောင်စန်းက ရေရွတ်ရင်းဝါးပြားကို ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် တံခါးဖွင့်ကာ အိမ်ထဲသို့ ဝင်သွားလေ၏။

"မနက်ဖြန် မင်းဘာသာမင်းသွားလိုက်တော့"

ထိုသို့ မြင်လိုက်ရသဖြင့် ချန်လော့သည်လည်း မိမိအခန်းသို့ ပြန်လာခဲ့ရတော့သည်။

အလောင်းမြှုပ်နှံသူ အသက်မွေးဝမ်းကျောင်းခြင်းတွင် တားမြစ်ချက်များစွာ ရှိသည်။ အကယ်၍ ဦးလေးစန်းက မပြောလိုလျှင် သူသည် ဘယ်တော့မှ အဖြေရလိမ့်မည် မဟုတ်ပေ။

မေးခွန်းများလွန်းလျှင် ဦးလေးစန်း၏အရိုက်ကိုပင် ခံရနိုင်သည်။

ဤအရာတွေက အတွေ့အကြုံမှရလာသော သင်ခန်းစာများပင်။

'ငါ့ခွန်အား တိုးတက်လာမှပဲ ကြည့်ရတော့မယ်။ အခုချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်သေးဘူး'

အိပ်ရာပေါ်တွင် လဲလျောင်းနေရင်း ချန်လော့၏ စိတ်ထဲတွင် ယနေ့မြင်ခဲ့ရသော လမ်းပိတ်ဆို့မှုက အလိုလို ပေါ်လာသည်။

'ဘာမှအရေးကြီးတဲ့ ကိစ္စမဟုတ်ဖို့ပဲ မျှော်လင့်ပါတယ်'

သူသည် ဝေဝေဝါးဝါးဖြင့် အိပ်ပျော်သွားခဲ့သည်။ ထိုညတွင် ချန်လော့ အိပ်မက်မမက်ဘဲ အလွန်နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့၏။

ညတစ်ညသည် မည်သည့်ထူးခြားမှုမျှမရှိဘဲ ကုန်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့ မနက်တွင် ချန်လော့ စောစောထခဲ့လေ၏။

ထူးဆန်းသည်မှာ ဦးလေးစန်းထွက်သွားနှင့်ပြီ ဖြစ်သည်။ ခြံဝင်းတံခါးမှာ ပွင့်နေဆဲဖြစ်ပြီး သူ ဘယ်ကို သွားလိုက်မှန်း မသိပေ။

"အန်တီဝမ်... ဦးလေးစန်းကို တွေ့မိလား"မျက်နှာသစ်ပြီးနောက် ချန်လော့သည် လမ်းကြားထိပ်ရှိ လျိုကြီး၏ခေါက်ဆွဲဆိုင်သို့ သွားကာ ခေါက်ဆွဲပြုတ်နေသော အမျိုးသမီးကို မေးလိုက်သည်။

အန်တီဝမ်မှာ လျိုကြီး၏ ဇနီးဖြစ်ပြီး၊ သူတို့နှစ်ဦးမှာ တစ်ယောက်က ညဘက်၊ တစ်ယောက်က မနက်ဘက်ဆိုင်ထိုင်ကြသည်။ ထိုဇနီးမောင်နှံမှာ သူတို့၏ထူးခြားသော ခေါက်ဆွဲလုပ်နည်းဖြင့် သူတို့သားအတွက် မြို့တော်တွင်အိမ်တစ်လုံး ဝယ်ပေးနိုင်ခဲ့သည်ဟု ဆိုကြပေ၏။

"မင်းဦးလေးလား သူ မိုးမလင်းခင်ကတည်းက ထွက်သွားတာလေ၊ ငါ့ဆီက ပေါက်စီအဖြူနှစ်လုံးတောင် ယူသွားသေးတယ်" ချန်လော့မှန်း သိလိုက်ရသည့်အခါ အန်တီဝမ်က ပြုံး၍ပြောပြသည်။

မနက်ခင်းမှာ အလုပ်များလှသဖြင့် အန်တီဝမ်သည် စကားနှစ်ခွန်းပြောပြီးနောက် သူမ၏ အလုပ်ထဲသို့ ပြန်ဝင်သွားသည်။

ချန်လော့ ထပ်မမေးတော့ပေ။ ပေါက်စီနှစ်လုံးစားပြီး ပဲနို့တစ်ခွက်သောက်ပြီးနောက် မာချွယ်ကျိ၏ အိမ်သို့ ထွက်လာခဲ့သည်။

မနေ့က ဦးလေးစန်းနှင့်အတူ တစ်ခေါက် ရောက်ဖူးသည်။လမ်းကို သူ မှတ်မိသည်။

လမ်းကြားကို ဖြတ်ကျော်ပြီး မနေ့က လမ်းဆုံသို့ ပြန်ရောက်သောအခါ လမ်းကိုပိတ်ဆို့ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။ လမ်းပြန်ဖွင့်မည့် အရိပ်အယောင် မရှိသည့်အပြင်၊ ပိတ်ဆို့ထားသော ဧရိယာမှာ ပို၍ကျယ်ပြန့်လာကာ အနီးနားရှိ အိမ်အချို့ပါ ပါဝင်လာသည်။

အထူးရဲမက်များက တံခါးဝတွင် စောင့်ကြပ်နေကြပြီး၊ ၎င်းတို့ထဲမှတစ်ဦးက ဟိုဟိုဒီဒီကြည့်နေသော ချန်လော့ကို စိုက်ကြည့်လိုက်၏။

"သွားစမ်းဒီလမ်းက ပိတ်ထားတယ်၊ ပတ်သွားချေ"

ချန်လော့သည် အငေါက်ခံလိုက်ရသဖြင့် ပုခုံးလေးတွန့်ကာ မနေ့ကအတိုင်း ပတ်လမ်းမှအမြန်ထွက်လာခဲ့သည်။

'ကူးစက်ရောဂါတစ်ခုခုများလား ဒီလိုခေတ်ပျက်ကြီးမှာ ပလိပ်ရောဂါသာ ဖြစ်ခဲ့ရင် အကြီးအကျယ် ရှုပ်ထွေးကုန်မှာပဲ'

ချန်လော့ ထပ်မံစဉ်းစားကြည့်သောအခါ မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။

အကယ်၍ အမှန်တကယ်ပလိပ်ရောဂါ ဖြစ်ခဲ့လျှင် ပိတ်ဆို့ထားမှုက ဤအဆင့်လောက်သာ ရှိလိမ့်မည် မဟုတ်ပေ။

ရဲမက်၏အငေါက်အမ်းပုံကို ကြည့်ခြင်းအားဖြင့် ထိုမနက်ပိုင်းတွင် လူအများအပြားဖြတ်ရန် ကြိုးစားခဲ့ကြပုံရပြီး သူသည် လူများကို ငေါက်ရသည်မှာ အကျင့်ဖြစ်နေပုံရသည်။

ပိတ်ဆို့ထားသော နေရာကို ကျော်ဖြတ်ပြီးနောက် မကြာမီမှာပင် မာချွယ်ကျိ၏ အိမ်သို့ ရောက်ရှိလာခဲ့၏။

မနေ့ကအတိုင်းပင် မာချွယ်ကျိသည် အိမ်နီးနားချင်းများအတွက် မီးဖိုချောင်သုံးပစ္စည်းများမှသည် လယ်ယာသုံးကိရိယာများအထိ ပြင်ပေးနေသည်။ မြင်းခွာ ရိုက်ပေးခြင်းကိုပင် သူ လုပ်ပေးနိုင်၏။

ချန်လော့ ရောက်သွားသောအခါ စကားအများကြီး မပြောဘဲ ချက်ချင်းပင်ဝိုင်းကူလုပ်ပေးခဲ့သည်။

မွန်းတည့်ချိန် ရောက်မှသာ မာချွယ်ကျိသည် သူ၏ အလုပ်များကို ရပ်နားလိုက်ပေ၏။

"ငါ့နောက်ကို အထဲလိုက်ခဲ့"

မနက်ပိုင်းတွင် ဝိုင်းကူလုပ်ပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်၊ မာချွယ်ကျိ၏ ချန်လော့အပေါ် ထားရှိသော သဘောထားမှာ သိသိသာသာတိုးတက်လာသည်။

သစ်သားတံခါးကို တွန်းဖွင့်လိုက်၏။

မာချွယ်ကျိ၏ ခြံဝင်းမှာ ဦးလေးစန်း၏ခြံထက်ပင် ပို၍ ကျယ်ဝန်းသည်ကို ချန်လော့ တွေ့လိုက်ရသည်။

အပြင်ပန်းမှ ကြည့်လျှင်ယိုယွင်းနေသော်လည်း အတွင်း၌မူ အလွန်ကျယ်ဝန်းလှသည်။

ပင်မတံခါးကို ကျော်လွန်ပြီးနောက် သီးခြားခြံဝင်းငယ်လေးတစ်ခုရှိသေး၏။

ဘေးဘက်တွင် လက်နက်စင်တစ်ခုနှင့် သဲအိတ်တစ်ခုကိုထားရှိထားသည်။ သဲအိတ်၏ မျက်နှာပြင်မှာ အတော်လေးဟောင်းနွမ်းနေပြီး အချိန်အတော်ကြာအသုံးမပြုခဲ့သည်မှာသိသာလှသည်။

"သိုင်းသင်မယ်ဆိုရင် အရင်ဆုံး မင်းခြေလှမ်းကိုယ်ဟန်ကို အရင်လေ့ကျင့်ရမယ်။ ငါ့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ထား၊ တတ်နိုင်သလောက် မှတ်သားထား"

ချန်လော့ ပြန်ပြောသည်ကိုမစောင့်ဘဲ မာချွယ်ကျိသည် သူ၏လက်ဝှေ့သိုင်းကို စတင် လေ့ကျင့်ပြတော့သည်။ ချောမွေ့သော လှုပ်ရှားမှုတစ်စုကို အဆုံးသတ်ပြီးနောက် သူသည်နောက်ဆုံးကိုယ်ဟန်တွင် ရပ်တန့်လိုက်သည်။

သူ့တွင် ခြေတစ်ဖက်မသန်သော်လည်း တည်ငြိမ်မှုနှင့် ဟန်ချက်ညီမှုအရှိန်အဝါကို ထုတ်လွှတ်နေ၏။

ချန်လော့ ချက်ချင်းပင် လိုက်တုကြည့်သည်။

သူ ပထမဆုံးထိုးလိုက်သော လက်သီးချက်များမှာ မူရင်းနှင့် ဆင်တူသည်ဟုပင် မပြောနိုင်၊ လုံးဝ မသက်ဆိုင်သည့်အလား ဖြစ်နေသည်။

အဓိကကျသော အချက်တစ်ချက်ကိုမျှမှန်အောင် မလုပ်နိုင်သလို၊ သူ၏အသက်ရှူနှုန်းမှာလည်း ကမောက်ကမဖြစ်နေသဖြင့် ဘေးမှ မာချွယ်ကျိမှာ မျက်မှောင်အကြီးအကျယ် ကြုတ်သွားရသည်။

"နောက်တစ်ခါ ပြန်လုပ်စမ်း"

မာချွယ်ကျိက ဒေါသကို ထိန်းကာ အသံလေးလေးဖြင့် ပြောလိုက်သည်။

ချန်လော့၏ပင်ကိုယ်စွမ်းရည်က မကောင်းမှန်း သူ သိထားသော်လည်း ဤမျှအထိညံ့ဖျင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

တစ်ခါ စမ်းကြည့်ပြီးသည့်တိုင် ဘာမှမမှတ်မိပေ။ သူသည် ညံ့သည့်အထဲတွင် အညံ့ဆုံးပင်။

ချန်လော့ ချက်ချင်းလက်ကိုမြှောက်ကာ စောစောကလှုပ်ရှားမှုများကို ပြန်လည် စဉ်းစားပြီး ထပ်မံ လုပ်ဆောင်ပြန်သည်။

ယခုတစ်ခါတွင် မာချွယ်ကျိက သူ၏လှုပ်ရှားမှုများမှ အမှားအချို့ကိုထောက်ပြပေးသည်။ ချန်လော့ အမှားလုပ်မိတိုင်း သူသည် ဝါးရင်းတုတ်ဖြင့် ရိုက်၏။

ထပ်ခါတလဲလဲ လုပ်ဆောင်ရင်း ညအမှောင်ကျလာသည့်တိုင်အောင် ချန်လော့သည် ထိုလှုပ်ရှားမှုများကို မနည်းမှတ်သားနိုင်ခဲ့သည်။

"ဒီနေ့အတွက် ဒီလောက်နဲ့ တော်ပြီ။ နောက်တစ်လလုံး မင်းရဲ့ခြေလှမ်းကိုယ်ဟန်ကို သေချာ လေ့ကျင့်ထားပြီးမှ ငါ့ဆီပြန်လာခဲ့"

မာချွယ်ကျိသည် ဝါးရင်းတုတ်ကို ဘေးသို့ ပစ်ချလိုက်ပြီးလှည့်မကြည့်ဘဲထွက်သွားလေသည်။

သူသာ ဆက်ကြည့်နေလျှင် ဒေါသကြောင့် နှလုံးရောဂါပင် ထဖောက်တော့မည့်အလား စိုးရိမ်နေပုံရသည်။

"ကျေးဇူးတင်ပါတယ် ဆရာ" ချန်လော့သည် မာချွယ်ကျိကို ရိုသေစွာ ဦးချပြီးမှ ထွက်ခွာလာခဲ့၏။

"ရှီးး..."

လေ့ကျင့်နေစဉ်က သတိမထားမိခဲ့သော်လည်း ယခုလှုပ်ရှားလိုက်တိုင်း တစ်ကိုယ်လုံးနာကျင်နေတော့သည်။ မာချွယ်ကျိသည် သူ့ကို ရိုက်သည့်အခါ အားမနာတမ်းရိုက်ခဲ့ခြင်းပင်။

အကယ်၍မရိုက်ခဲ့လျှင် ချန်လော့အနေဖြင့် ဤလှုပ်ရှားမှုများကို မှတ်မိလိမ့်မည်မဟုတ်ပေ။

သိုင်းတာအို၏အခြေခံအဆင့်တွင် အကယ်၍ မှားယွင်းစွာလေ့ကျင့်မိပါက သေဆုံးခြင်းသို့ပင် ဦးတည်နိုင်သည် မဟုတ်ပါလား။

All Chapters