← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း ၁၁ - ငါ သိသားပဲ

ချက်ချင်းဆိုသလိုပင် မိန်းမစိုးဝေ၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေမြောက်မြားစွာ ဖြတ်ပြေးသွားပြီး နောက်ဆုံးတွင် အားလုံးက သတိထားမှုအဖြစ် ပြောင်းလဲသွားတော့သည်။

ချန်လော့မှာ အက်ဒရီနယ်လင်း ထိုးသွင်းခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး အပူငွေ့များ ဖြာထွက်နေသည်။ သူကျင့်ကြံထားသော ကိုယ်တွင်းချီများက သူ၏ခန္ဓာကိုယ်ထဲတွင် ဟော်မုန်းများကဲ့သို့ စီးဆင်းနေပြီး သူ့ကို စိတ်လှုပ်ရှားတက်ကြွနေစေ၏။

သူ လူသတ်လိုက်မိပြီ။မသက်မသာဖြစ်မှုမျိုး လုံးဝမရှိပေ။

အလောင်းများစွာမြင်ဖူးထား‌‌၍လားမသိပေ၊ ကြက်နှစ်ကောင်ကို သတ်လိုက်ရသလိုမျိုး ချန်လော့၏ စိတ်က လုံးဝတည်ငြိမ်နေသည်။

"ရှောင်လော့"

ချန်လောင်စန်းက တံတွေးမျိုချလိုက်ရင်း သတိတကြီး လှမ်းခေါ်လိုက်သည်။

"ဦးလေးစန်း... သွေးတွေစင်ကုန်လိမ့်မယ်၊ ခပ်ဝေးဝေးကို ဆုတ်နေလိုက်။"

ချန်လော့က မျက်နှာချင်းဆိုင်ရှိ မိန်းမစိုးအိုကြီးကို စိုက်ကြည့်လိုက်ရင်း သူ၏ သတ်ဖြတ်လိုစိတ်များက လှိုင်းလုံးများပမာ ထကြွလာ၏။

တစ်ယောက်သတ်လည်း သတ်တာပဲ၊ နှစ်ယောက်သတ်လည်း သတ်တာပါပဲ။

ဒီလို သိသာထင်ရှားနေတဲ့ရန်သူတွေကို နှစ်သစ်ကူးတဲ့အထိ အသက်ရှင်ခွင့်ပေးထားစရာ အကြောင်းမရှိဘူး။ အကျိုးဆက်တွေကတော့... ဒီအခြေအနေထိရောက်နေမှတော့ ဘယ်သူက ဂရုစိုက်နေတော့မှာလဲ။ အဆိုးဆုံးကတော့ ပစ္စည်းတွေသိမ်း၊ ဦးလေးစန်းကို ခေါ်ပြီး တောင်ပေါ်တက်ကာ တောင်ပိုင်သူပုန် လုပ်လိုက်ရုံပဲ။

ဒီပဒေသရာဇ်ခေတ်မှာ ဓားပြတွေမှ ပေါလို့။ ဘယ်ကျန်းဟူသိုင်းပညာရှင်ကရော လူနည်းနည်းပါးပါး မသတ်ဖူးဘဲ နေမှာတဲ့လဲ။ လူတစ်ယောက်ကို သတ်လိုက်ခြင်းက ဂိုဏ်းဖွဲ့ဖို့အတွက် အကောင်းဆုံး သွေးသစ္စာဆိုခြင်းပဲ။

ချန်လောင်စန်းက ကြက်သေရိုက်ခံထားရသလို ခြေနှစ်လှမ်းဆုတ်သွားသည်။ သူ ချန်လော့ဘေးမှ ခွာသွားသည်နှင့်တစ်ပြိုင်နက် ချန်လော့ လှုပ်ရှားလိုက်သည်။ သူက မြေပြင်ကို ခြေဆောင့်နင်းလိုက်ပြီး အစာဟပ်မည့် ကျားတစ်ကောင်လို ပြေးထွက်သွား၏။

လေထဲတွင် သူ၏လက်များကို ကျားလက်သည်းကဲ့သို့ ပုံဖော်လိုက်ကာ ရှေ့တစ်ဖက်၊ နောက်တစ်ဖက်ဖြင့် ဆံပင်ဖြူမိန်းမစိုး၏ လည်ပင်းနှင့် နှလုံးသားကို အသီးသီး လှမ်းဆွဲလိုက်သည်။

သူ၏ လက်သီးက လေတိုက်သကဲ့သို့ ပြင်းထန်လျက် ကြမ်းကြုတ်သောချီများ ထွက်ပေါ်လာသည်။

ဘန်း

မိန်းမစိုးဝေက နောက်ဆုံးတော့ အသိဝင်လာပြီး သူ၏အနောက်တွင် မည်သည့် လျှို့ဝှက်အကြံအစည်များရှိနေစေကာမူ ဂရုမစိုက်နိုင်တော့ဘဲ သူ၏အသက်ကိုသာ အရင်ကယ်ရန် တွေးလိုက်တော့သည်။

သူ၏ လက်မောင်းနှင့် ကျားလက်သည်းတို့ ရိုက်ခတ်သွားပြီး တုံးတိတိအသံကြီး ထွက်ပေါ်လာကာ လူနှစ်ယောက်စလုံး နောက်ဆုတ်သွားကြ၏။ မိန်းမစိုးဝေက ခြေသုံးလှမ်းဆုတ်သွားရပြီး ချန်လော့က ခြေငါးလှမ်း ဆုတ်သွားရသည်။

"ကိုယ်တွင်းချီလား"

မိန်းမစိုးဝေ အလွန်အံ့သြသွားသည်။ ဤမျှအဆင့်မြင့်သော သိုင်းပညာရှင်တစ်ယောက် ဘယ်ကနေ ထွက်လာမှန်း သူမသိသလို၊ ဘာကြောင့် သူတို့ကို ရန်သူလုပ်ချင်နေမှန်းလည်း နားမလည်နိုင်ပေ။

ဟိုလူတွေရဲ့ လျှို့ဝှက်လှုပ်ရှားမှုများ ဖြစ်နေမလား။

ထိုသို့တွေးမိတော့ မိန်းမစိုးဝေ၏ မျက်နှာက ပို၍ပင် ဆိုးရွားလာ၏။

"မင်းလို အရည်အချင်းရှိတဲ့ သိုင်းသမားတစ်ယောက်က နာမည်မရှိဘဲလုံးဝမဖြစ်နိုင်ဘူး။ ပြောစမ်း၊ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ"

ချန်လော့က ဘာမှမပြောဘဲ ပြင်းပြင်းထန်ထန်ပင် ဆက်လက်တိုက်ခိုက်လိုက်သည်။

မိန်းမစိုးဝေ၏ မျက်နှာက အေးစက်သွားပြီး စကားဆက်ပြောကာ အချိန်မဖြုန်းတော့ပေ။

သူ၏ ကျဉ်းမြောင်းသော မျက်လုံးများက မျက်နှာချင်းဆိုင်ရှိ ချန်လော့အပေါ် စူးစိုက်သွားသည်။ သူက ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ခါးမှ ဆွဲထုတ်လိုက်ရာ လျင်မြန်သော မြွေတစ်ကောင်ကဲ့သို့ ပျော့ပျောင်းသော ဓားပျော့တစ်လက်က သူ၏လက်ထဲတွင် ပေါ်လာသည်။

"ကောင်းပြီ ကောင်းပြီ။"

"ခွေးမိန်းမစိုးတစ်ကောင်ဖြစ်ပြီး မေးခွန်းတွေက သိပ်များတာပဲ။"

ချန်လော့က ဤလူများ၏ နောက်ကွယ်က ရှုပ်ထွေးသော သိုင်းတာအို အကြောင်းများကို မည်သည့်အရာမှမသိပေ။ ယခု သူစိတ်ထဲတွင် အတွေးတစ်ခုတည်းပဲ ရှိလေ၏။

ဒီ သေသင့်နေတဲ့ မိန်းမစိုးကို သတ်ပစ်ဖို့ပါ။

"မသိတတ်တဲ့ ငတုံး"

ဆံပင်ဖြူမိန်းမစိုး၏ ပုံရိပ်က လင်းလက်သွားပြီး သူ၏ခြေရင်းတွင် တစ္ဆေသရဲများကဲ့သို့ ပုံရိပ်ယောင်များ ရုတ်တရက် ပေါ်ထွက်လာကာ အမြန်နှုန်းက ချက်ချင်းပင် အဆပေါင်းများစွာ မြင့်တက်သွားသည်။ အေးစက်သော အလင်းတန်းတစ်ခု လက်သွားပြီး ဓားချက်များက ချန်လော့၏ အသက်အန္တရာယ်ရှိသော နေရာများအားလုံးကို တိုက်ခိုက်လာသည်။

ဓားပျော့က အလွန် ပျော့ပျောင်းပြီး လျင်မြန်လှ၏။

ဤအခိုက်အတန့်တွင် ချန်လော့၏ မျက်လုံးထဲ၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပစ်မှတ်ထားခံလိုက်ရသလိုမျိုး နေရာတိုင်းက အန္တရာယ်များနေသည်ဟု ခံစားလိုက်ရသည်။

‘မြေပြင်အနေအထားကို အသုံးချ’

သူ့စိတ်ထဲတွင် မည်သည့်ကျန်းဟူသိုင်းပညာရှင်၏အကြွင်းအကျန်အတွေးက ဝင်လာမှန်း မသိပေမယ့် ဒါက သူ့ကို အရိပ်အမြွက် ပေးလိုက်ခြင်းဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ကလည်း တစ်ချိန်တည်းမှာ တုံ့ပြန်လိုက်သည်။ ဓားအလင်းရောင် လက်သွားပြီး သေးသွယ်သော ဓားသွားက ချန်လော့၏ ပါးပြင်ကို ရှပ်တိုက်သွားကာ သူ၏ ဘယ်ဘက်မျက်နှာပေါ်တွင် ပါးလျပြီး ရှည်လျားသော ဒဏ်ရာတစ်ခု ချန်ရစ်ခဲ့၏။

သို့သော် ကျန်ရှိနေသော ဓားအလင်းတန်းက အနီးနားရှိ တိုင်ကို ထိမှန်သွားပြီး ခြံဝင်းအတွင်းရှိ ဒေါက်တိုင်များနှင့် တိုင်များကို အသုံးချကာ ဤသေစေနိုင်သော တိုက်ခိုက်မှုကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။

"ငါ့အတွက် သေပေးလိုက်စမ်း"

တိုင်ကိုပတ်၍ တစ်ပတ်အပြည့် လည်ထွက်သွားသော ချန်လော့သည် လေထဲတွင် တန်ပြန်တိုက်ခိုက်လိုက်ပြီး သူ၏ လက်မောင်းက ကျားမြီးတစ်ချောင်းကဲ့သို့ အလျားလိုက် ရိုက်ချလိုက်၏။

ဘန်း... ဘန်း... ဘန်း

မျက်နှာချင်းဆိုင်ရှိ အဘိုးကြီးမိန်းမစိုးက အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်လော့နှင့် အကြိမ်တစ်ဒါဇင်ကျော်မျှ ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

တိုက်ခိုက်မှုတစ်ခုအပြီးတွင် သူတို့နှစ်ဦး ကွဲကွာသွားကြပြီး နှစ်ယောက်စလုံး၏ အရှိန်အဝါများက ပြင်းထန်စွာ အတက်အကျ ဖြစ်နေသည်။

ချန်လော့ အသက်ကို လုရှူနေရပြီး သူ၏ ဘယ်ဘက်လက်မှ သွေးများ ယိုစီးကျနေကာ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များက ပိုမိုအားကောင်းလာသည်။ ဓားပျော့ကို ကိုင်ဆောင်ထားသော မျက်နှာချင်းဆိုင်မှ အဘိုးကြီးမိန်းမစိုးမှာလည်း အဆက်မပြတ် တုန်ယင်နေပြီး အပြင်ပန်းက ကြည့်ရသလောက် သက်သောင့်သက်သာ မရှိလှပေ။

ထို့အပြင် ခြံဝင်းတစ်ခုလုံးမှာလည်း သူတို့၏ အစောပိုင်း တိုက်ခိုက်မှုလှိုင်းဂယက်များကြောင့် လုံးဝ ဖရိုဖရဲ ဖြစ်နေသည်။ စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းလျားများအားလုံး စိစိညက်ညက် ကျေနေပြီး မလှမ်းမကမ်းရှိ အလောင်းနှစ်လောင်းမှ သွေးများက ပလုံစီမြည်ကာ ထွက်ကျနေဆဲဖြစ်သည်။ စူးရှသော သွေးနံ့များက လေထုထဲတွင် ပြည့်နှံ့နေပြီး လူများကို ပို၍ပို၍ မသက်မသာ ဖြစ်စေ၏။

"ဒီလောက် ငယ်ရွယ်တဲ့အရွယ်နဲ့ ဒီလောက် ထူးချွန်တဲ့ သိုင်းပညာတွေကို ကျင့်ကြံနိုင်တာ၊ ဘာဖြစ်လို့ အင်ပါယာခုံရုံးကို အလုပ်အကျွေးမပြုရတာလဲ"

မိန်းမစိုးဝေက မောဟိုက်စွာဖြင့် မျက်နှာချင်းဆိုင်မှ ချန်လော့ကို စိုက်ကြည့်ရင်း အင်အားပြန်လည်ပြည့်ဖြိုးစေရန် သူ၏ အသက်ရှူနှုန်းကို တိတ်တဆိတ် ချိန်ညှိနေသည်။

ချန်လော့ကလည်း ထိုနည်းတူပင်။ သူ၏ ပင်ပန်းနွမ်းနယ်မှုက မိန်းမစိုးဝေထက်ပင် ပိုမိုကြီးမားနေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူသည် ဤမိန်းမစိုးအိုကြီးနှင့် ယှဉ်နိုင်မည့် ပြိုင်ဘက် မဖြစ်သင့်ပေ။

သူတို့၏ တိုက်ခိုက်ရေး အတွေ့အကြုံက အဆင့်တူညီမှုမရှိသလို၊ အဘိုးကြီးမိန်းမစိုး၏ ကိုယ်တွင်းချီက သူ၏ ကိုယ်တွင်းချီထက် ပိုမိုအားကောင်းနေသည်မှာ ဆိုစရာပင်မလိုပေ။

သို့သော် ချန်လော့တွင် ဦးနှောက်များစွာ ရှိနေသည်။

ကျန်းဟူသိုင်းပညာရှင် မြောက်မြားစွာ၏ စိတ်အသိများက လူတစ်ယောက်တည်းအပေါ် စုဆုံလာသောကြောင့် သူ့အားသာမန်လူများထက် များစွာသာလွန်သော တိုက်ခိုက်ရေး အတွေ့အကြုံကို ပေးစွမ်းနိုင်ခဲ့သည်။

ဓားရှည်၊ လှံ၊ ဆေဘာ၊ တုတ်၊ ခရင်းခွ... သူနားမလည်တာ ဘာတစ်ခုမှ မရှိပေ။

"မင်း သဘောတူမယ်ဆိုရင် ငါ မင်းကို အရှင်မင်းကြီးဆီ ထောက်ခံပေးနိုင်တယ်။ ပြီးရင် မင်းနဲ့ငါ ဧကရာဇ်မင်းမြတ်ကို အတူတူအလုပ်အကျွေးပြုကြမယ်ဆိုရင် အခုထက်ပိုပြီး အနာဂတ် ကောင်းမလာနိုင်ဘူးလား" ချန်လော့ တိတ်ဆိတ်နေသည်ကို မြင်သောအခါ မိန်းမစိုးဝေက ဆက်ပြောသည်။

သူ၏ စွမ်းအင်ကုန်ဆုံးမှုက အလွန်များပြားနေပြီး ပြန်လည်သက်သာလာစေရန် အချိန်ပိုလိုအပ်နေသည်။

ယခုလို အသုံးမကျသည့် စကားများပြောနေခြင်းက ချန်လော့၏ အာရုံကို လွှဲဖို့အတွက် သက်သက်သာဖြစ်သည်။

ဤကောင်လေးကို သတ်ပစ်ရမည်ဆိုတာ သူ စိတ်ပိုင်းဖြတ်ပြီးဖြစ်လေ၏။ အင်ပါယာ၏အာဏာကိုပင် ကြောက်ရွံ့မှုမရှိသော ဤကဲ့သို့သောလူမျိုးကို မည်သူကများ အနားတွင် ထားရဲမည်နည်း။ သူသည် အင်ပါယာမှလူမှန်း သေချာသိနေသည်ကိုပင် တိုက်ခိုက်သည့်နေရာတွင် ဘာထိန်းချုပ်မှုမှ မရှိပေ၊ နောက်ပိုင်း စုံစမ်းစစ်ဆေးခံရပြီး ဆွေစဥ်မျိုးဆက်ကိုးဆက် သုတ်သင်ခံရမှာကိုလည်း ကြောက်ပုံမရပေ။

"ခင်ဗျား ကောင်းကောင်း အနားယူပြီးပြီလား"

မျက်နှာချင်းဆိုင်ရှိ ချန်လော့က ရုတ်တရက် စကားပြောလာ၏။

မောဟိုက်နေခဲ့သော သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တည်ငြိမ်သွားကာ ကိုယ်တွင်းချီများ လျှံတက်လာပြီး သူ၏ဆီသို့ ချက်ချင်း ပြေးဝင်လာသည်။

အဓိပ္ပာယ်မရှိသော စကားများ ဆက်ပြောရန် ပြင်ဆင်နေဆဲဖြစ်သည့် မိန်းမစိုးဝေ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး သူ၏ ဓားပျော့ကို မြှောက်ကာ အမြန်ဆုံးအရှိန်ဖြင့် ရှေ့မှ ကာကွယ်လိုက်သည်။

ချလွင်

မီးပွားများ လွင့်စင်သွား၏။

ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် ဓားပျော့မှာ ကွေးညွတ်သွားပြီး မိန်းမစိုးဝေ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိုးဝင်သွားကာ လျော့မသွားသော အရှိန်ဖြင့်ဝင်တိုက်မိပြီးနောက် နံရိုးများ ကျိုးကြေသွားသံ ထွက်ပေါ်လာသည်။

ထိုအချိန်မှသာ မိန်းမစိုးဝေသည် ချန်လော့၏ လက်ထဲတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော အရာတစ်ခုကို နောက်ဆုံးတွင် မြင်လိုက်ရ၏။

အုတ်ခဲတစ်ပိုင်း

အစောပိုင်းက သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့ကြစဉ်က ခြံဝင်းထဲက ကျောက်စားပွဲကို ဝင်တိုက်မိပြီး လဲကျသွားခဲ့၏။ ဤအုတ်ခဲကျိုးကို ချန်လော့က ထိုအချိန်တွင် အခွင့်ကောင်းယူ၍ ကောက်ယူထားခဲ့ခြင်း ဖြစ်သည်။

"မင်းက လက်ဝှေ့သိုင်းသမား မဟုတ်ဘူးလား"

မိန်းမစိုးဝေ၏ မျက်နှာမှာ ဖြူရော်သွားပြီး သွေးတစ်ပွက် အန်ချလိုက်၏။

ယခုလေးတင် အချက်ကြောင့် သူ၏ ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရသွားခဲ့ပြီး အကြိတ်အနယ် ယှဉ်ပြိုင်နေရသော အခြေအနေမှာ ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။ သူ့ကို အဒေါသထွက်ဆုံး အရာက ချန်လော့သည် သိုင်းလောက၏ လုပ်ထုံးလုပ်နည်းများကို လုံးဝ ဂရုမစိုက်ခြင်းပင်။

လက်သီးသိုင်းပညာရှင် အစစ်အမှန်ကြီး ဖြစ်နေလျက်နဲ့ တိုက်ခိုက်နေချိန်မှာ အုတ်ခဲကို သုံးတယ်ဆိုတာပဲ။

ချန်လော့က သူနှင့် စကားပြောပြီး အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိပေ။ သံပူတုန်း ရိုက်ရမည်။ ရန်သူတစ်ယောက်ကို သဘောကောင်းစွာဖြင့် အရာရာကို ရှင်းပြနေခြင်းက ဦးနှောက်မရှိသည့် လုပ်ရပ်ဖြစ်ပြီး ဗီလိန်များ ကျူးလွန်လေ့ရှိသော အမှားမျိုးဖြစ်သည်။

၎င်းသည် သူ့ထံတွင် မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ပေ။

သူ၏ ပုံရိပ်က လင်းလက်သွားပြီး အုတ်ခဲကို ကိုင်ဆောင်ကာ ရှေ့သို့ ထပ်မံ ပြေးဝင်သွားသည်။

မိန်းမစိုးဝေသည် သူ၏ ဒဏ်ရာများကို ဖိနှိပ်ထားကာ ဒုတိယအချီ တိုက်ပွဲတွင် မတတ်သာဘဲ ပါဝင်ဆင်နွှဲခဲ့ရသည်။

ဤတစ်ကြိမ်တွင်မူ မိန်းမစိုးဝေမှာ တိုက်ခိုက်နေရင်း ပို၍ပို၍ နစ်နာသည်ဟု ခံစားရပြီး မကြာမီအချိန်အတွင်းမှာပင် အုတ်ခဲဖြင့် နောက်ထပ် နှစ်ချက် အထုခံလိုက်ရကာ သူ၏ နဖူးပင် ကွဲသွားခဲ့၏။

သူ၏ခေါင်းမှ သွေးများ အဆက်မပြတ် စီးကျနေပြီး သူ၏ပုံစံမှာ အလွန် သနားစရာကောင်းနေသည်။

ချန်လော့လည်း ဒဏ်ရာရထား၏။ မိန်းမစိုးဝေ၏ ဓားပျော့က အလွန် ကောက်ကျစ်စဉ်းလဲလှသည်။

သူ၏ လက်မောင်းများနှင့် ကျောပြင်တွင် ခြစ်ရာများ ရထားသော်လည်း ဓားဒဏ်ရာများက ထိုမျှ ဆိုးရွားပုံမပေါ်ပေ။

"ငါ လက်နက်ချပါပြီ၊ ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ။" မိန်းမစိုးဝေက သွေးများ အန်ချလိုက်ပြီး သူ၏ အဆုတ်များမှာ နာကျင်မှုကြောင့် ပူလောင်နေသည်။

"ကောင်းပြီလေ။"

ချန်လော့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး နောက်ဆုံးတော့ သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။

သူ၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်နှင့်အမျှ မျက်နှာချင်းဆိုင်ရှိ မိန်းမစိုးဝေသည် နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ ခေါင်းများ မူးနောက်လာ၏။ သွေးထွက်လွန်မှုကြောင့် အားနည်းခြင်းများလွှမ်းမိုးလာပြီး အုတ်ခဲဖြင့် အရိုက်ခံရသောကြောင့်လား မသိ၊ သူ၏ခေါင်းမှာ မူးဝေနေသည်။

အတွေးမဆုံးမီမှာပင် မိန်းမစိုးဝေ၏ မျက်လုံးရှေ့တွင် ဝေဝါးသွားသည်ဟု ခံစားလိုက်ရ၏။

သူ မော့ကြည့်လိုက်ရာ သွေးများပေကျံနေသော အုတ်ခဲကျိုးကြီး သူ၏မျက်နှာဆီသို့ ပြင်းထန်စွာ ဝင်အဆောင့်နှင့် အချိန်ကိုက်ပင် ဖြစ်နေတော့သည်။

ဘန်း

‘ငါ သိသားပဲ...’

မိန်းမစိုးဝေ၏ စိတ်ထဲတွင် သူ၏ ဘဝနောက်ဆုံးအတွေးလေး ဖြတ်ပြေးသွားတော့သည်။

အခန်း ၁၂ - ထွက်ပေါက်

"မင်း တကယ်ပဲ မိန်းမစိုးဝေကို သတ်လိုက်တာလား" ချန်လောင်စန်း၏ မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေပြီး အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။

မိန်းမစိုးဝေကဲ့သို့ ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ယောက်က သုံးယောက်တစ်ယောက် တိုက်ခိုက်နေရင်းမှ သိုင်းပညာကို လဝက်ခန့်သာ သင်ယူရသေးသည့် သူ၏တူဖြစ်သူလက်ချက်ဖြင့် အုတ်ခဲဖြင့်အရိုက်ခံရကာ သေဆုံးသွားခဲ့ရ၏။

ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရလျှင် သူ လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။

သို့သော် ကနဦး အံ့အားသင့်မှုများအပြီးတွင် ကျန်ရစ်ခဲ့သည်မှာ ကြောက်ရွံ့မှုပင်။

မိန်းမစိုးဝေသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူ၏ နောက်ခံရာထူးက အလွန် ထူးခြားလှသည်။ သူ၏ မိန်းမစိုးဆိုသော ဂုဏ်ပုဒ်က သူ၏နောက်ကွယ်ရှိ အင်အားစုသည် သူတို့လို သာမန်လူလေးများ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရာမျိုးမဟုတ်ကြောင်း ပြသနေသည်။

"သူတို့က ကျွန်တော်တို့ကို သတ်ဖို့ လာကြတာလေ၊ ဒါ အသက်ရှင်မလား သေမလားဆိုတဲ့ အခြေအနေပဲ။ ဘာကို စိုးရိမ်စရာရှိသေးလို့လဲ"

လူသတ်ပြီးနောက်တွင် ချန်လော့ထံသို့ အားနည်းခြင်းဝေဒနာတစ်ခု ရိုက်ခတ်လာသည်။ ၎င်းမှာ သူသည် ယုတ္တိမတန်သော တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်ရန်အတွက် အင်အားအလွန်အကျွံ သုံးစွဲခဲ့ခြင်းကြောင့်မှန်း သူသိသည်။ ယခု တင်းမာမှုများ လျော့ကျသွားသောအခါ သဘာဝအတိုင်းပင် ပင်ပန်းနွမ်းနယ်လာသည်။ ၎င်းမှာ ပုံမှန်ပင်ဖြစ်သည်။ ဆယ်စုနှစ်များစွာ သိုင်းပညာကျင့်ကြံခဲ့သည့် မိန်းမစိုးဝေကဲ့သို့ အတွင်းအားကျင့်ကြံခြင်း အဆင့် သိုင်းပညာရှင်တစ်ယောက်က ချန်လော့၏ လက်ချက်ဖြင့် ရှင်းပြ၍မရအောင် သေဆုံးသွားခဲ့ရသည်။

သူ သေရသည်ကို လုံးဝ ကျေနပ်မည်မဟုတ်ပေ။ သို့သော် တစ်ခါတစ်ရံ၊ အထူးသဖြင့် သိုင်းပညာရှင်များကြား ယှဉ်ပြိုင်မှုတွင် မည်သူက အဆင့်ပိုမြင့်သနည်းဆိုသည့်အပေါ် အမြဲတမ်း မူတည်မနေဘဲ သတ္တိကလည်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည်။

"ဒါက ကိစ္စကြီးသွားပြီ။ ငါတို့ ပြေးဖို့လိုတယ်၊ မြန်မြန်ပြေးမှဖြစ်မယ်။"

ချန်လောင်ဆန်းလည်း သတိဝင်လာပြီး ယခုအချိန်သည် အံ့သြနေရမည့်အချိန် မဟုတ်ကြောင်း နားလည်လိုက်သည်။

"မိုးမလင်းခင် ခပ်ဝေးဝေးကို ပြေးနိုင်လေ ပိုကောင်းလေပဲ။"

ချန်လောင်စန်းက ခြံဝင်းထဲရှိ အလောင်းများကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းလှည့်ကာ အိမ်ထဲသို့ ပြန်ဝင်သွားသည်။

ဟိုမွှေဒီမွှေ လုပ်ပြီးနောက် ချန်လောင်စန်းက အိမ်ထဲမှ အစိမ်းရင့်ရောင် ပုလင်းတစ်လုံးကို ကိုင်လျက် ထွက်လာ၏။

အလောင်းဖျက်အရည်။

ဤအရာက သူတို့လို အလောင်းမြှုပ်နှံသူများအတွက် အလုပ်အကိုင်၌ အဖိုးတန်ဆုံး ကိရိယာပင်။

"ဦးလေးစန်း၊ ခဏစောင့်ဦး။"

ချန်လော့သည် သတိပြန်လည်လာပြီ ဖြစ်သည်။ သူ၏ ဦးလေးစန်းက အလောင်းများကို ဖျက်ဆီးတော့မည်ကို မြင်သောအခါ သူက ချက်ချင်း တားလိုက်၏။

ထို့နောက် ချန်လောင်စန်း၏ နားမလည်နိုင်သော အကြည့်များအောက်တွင် သူက လက်လှမ်းကာ သေဆုံးသွားသူ သုံးဦး၏ခေါင်းများကို တစ်ယောက်ပြီးတစ်ယောက် ထိလိုက်သည်။

[သေဆုံးသူ၏ဦးနှောက်အတွေး နှင့် ဆက်သွယ်မိသည်၊ ပျက်စီးမှု ၁၂%၊ ဖတ်ရှုမည်လား]

[သေဆုံးသူ၏ဦးနှောက်အတွေး နှင့် ဆက်သွယ်မိသည်၊ ပျက်စီးမှု ၇%၊ ဖတ်ရှုမည်လား]

[သေဆုံးသူ၏ဦးနှောက်အတွေး နှင့် ဆက်သွယ်မိသည်၊ ပျက်စီးမှု ၃၂%၊ ဖတ်ရှုမည်လား]

မျှော်လင့်ထားသည့်အတိုင်းပင် အလောင်းသုံးလောင်းလုံးမှာ မကြာမီကမှ သေဆုံးသွားခဲ့ကြခြင်းဖြစ်သဖြင့် ပျက်စီးမှုရာခိုင်နှုန်းက အလွန်နည်းပါးနေသည်။

အုတ်ခဲဖြင့် အရိုက်ခံရကာ သေဆုံးသွားသော မိန်းမစိုးဝေ တစ်ယောက်သာလျှင် ဦးနှောက်အနည်းငယ်ပျက်စီးသွားသောကြောင့် သူ၏ ပျက်စီးမှုရာခိုင်နှုန်းက အနည်းငယ် ပိုများနေခြင်းဖြစ်သည်။ ကျန်နှစ်ယောက်မှာမူ ပျက်စီးမှု အလွန်နည်းပါး၏။

အလောင်းများကို ထိတွေ့ပြီးနောက် ချန်လော့က သူ၏ အသိစိတ်ထဲရှိ အသုံးမဝင်ဆုံး ဦးနှောက်သုံးခုကို ချက်ချင်းစွန့်ပစ်လိုက်ပြီး ၎င်းတို့၏ ဦးနှောက်များနှင့် အစားထိုးလိုက်သည်။

ခေါင်းမူးဝေမှုတစ်ခုက သူ့ထံ ရိုက်ခတ်လာသည်။

သူ၏ သိုင်းပညာနားလည်သဘောပေါက်မှုက ထပ်မံတိုးတက်လာကြောင်း ချန်လော့ ခံစားလိုက်ရ၏။

ကံကောင်းထောက်မစွာဖြင့် သူ၏ ရွှေလက်‌ချောင်းက သေဆုံးသွားသူများ၏ ဦးနှောက်ကို ဖတ်ရှုခြင်းသာဖြစ်ပြီး မှတ်ဉာဏ်များကို သိမ်းဆည်းထားခြင်း မရှိပေ။ ထိုသို့မဟုတ်ဘဲ လူများစွာ၏ မှတ်ဉာဏ်များကို အတူတကွ သိမ်းဆည်းထားမည်ဆိုပါက သူသည် လွန်ခဲ့သောအချိန်ကတည်းက ရူးသွပ်သွားလောက်ပြီ ဖြစ်သည်။

"ရပြီ။"

ချန်လော့က မတ်တတ်ရပ်လိုက်ပြီး ဘေးရှိ သူ၏ ဦးလေးစန်းကို ပြောလိုက်၏။

ချန်လောင်စန်းက သူ၏တူ ဘာလုပ်နေသလဲဆိုတာကို ဂရုမစိုက်ပေ။

ချန်လော့ ဘေးသို့ ဖယ်သွားသည်ကို မြင်သောအခါ သူက ကျွမ်းကျင်စွာဖြင့် အလောင်းသုံးလောင်းစီတွင် ဓားဖြင့် အရာများဖြစ်အောင်ပြုလုပ်လိုက်ပြီးနောက် အလောင်းဖျက်အရည်များကို ၎င်းတို့အပေါ်သို့ အစက်ချလိုက်၏။

အလောင်းဖျက်အရည်သည် ပျော်ဝင်သွားစေရန်အတွက် ဒဏ်ရာကို ထိတွေ့ရန် လိုအပ်ပြီး အရေပြားကို ထိရုံမျှဖြင့် မည်သည့်အာနိသင်မှ ပြမည်မဟုတ်ပေ။

တိုက်စားတတ်သော အရည်က လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ရှဲခနဲ မြည်သံနှင့်အတူ အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ်လာကာ အရိုးနှင့် အသားများမှ သွေးပူဖောင်းများ ထွက်ပေါ်လာပြီး အလောင်းများက တဖြည်းဖြည်း အရည်ပျော်ကာပျက်စီးသွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် အဝတ်အစား သုံးစုံသာကျန်ရှိတော့သည်။ အလောင်းများ လုံးဝ ပျောက်ကွယ်သွားပြီး ခြံဝင်းအတွင်း၌ အချိန်အတော်ကြာအောင်စူးရှသော အနံ့ဆိုးများသာ ကျန်ရစ်ခဲ့၏။

ကံကောင်းသည်မှာ ချန်လော့သည် ပြီးခဲ့သည့် ရက်အနည်းငယ်က ခြံဝင်းထဲတွင် သိုင်းပညာများ ကျင့်ကြံခြင်းနှင့် ဆေးများ ကျိုချက်ခြင်းတို့ ပြုလုပ်နေခဲ့သဖြင့် ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများက အနံ့ဆိုးများကို ရိုးအီနေပြီဖြစ်သည်။

ထိုသို့မဟုတ်ပါက ယနေ့ည ဤမျှလောက် ဆူညံပွက်လောရိုက်မှုများနှင့်ဆိုလျှင် တစ်စုံတစ်ယောက်က သေချာပေါက် လာရောက်စစ်ဆေးမည်။

"မင်း အိမ်ထဲ အရင်ပြန်ဝင်နေနှင့်။ အစအနတွေကို ငါ ရှင်းလိုက်မယ်။"

ချန်လောင်စန်းက ချန်လော့ကို ကူညီခွင့်မပြုပေ။ အလောင်းများနှင့် သက်သေအထောက်အထားများကို ဖျက်ဆီးသည့် ဤကဲ့သို့သော အလုပ်မျိုးကို သူကဲ့သို့သော ဝါရင့်တစ်ယောက်က ကိုင်တွယ်ခြင်းက အကောင်းဆုံးဖြစ်သည်။

ချန်လော့ကလည်း အားနာမနေဘဲ အနားယူရန် အိမ်ထဲသို့ ပြန်ဝင်သွားသည်။

အလောင်းများမှ ကျန်ရစ်ခဲ့သော အဝတ်အစားများကို ရှင်းလင်းပြီးနောက် ချန်လောင်စန်းက ကျွမ်းကျင်စွာမြေကြီးအချို့ကို တူး၍ထိုနေရာကို ဖို့လိုက်ကာသွေးများကို မြှုပ်နှံပြီးနောက်ဆုံးကျန်ရှိနေသော အနံ့များကို ဖုံးကွယ်လိုက်သည်။

ထိုနောက် သူက ကုတင်အောက်မှ ဂုန်နီအိတ်တစ်လုံးကို ထုတ်ယူကာမြေဖို့ထားသော နေရာပေါ်တွင် ထုံးများဖြူးချလိုက်ပြီး လုံးဝ သန့်စင်သွားကြောင်း သေချာစေလိုက်သည်။

အလောင်းမြှုပ်နှံသူ တစ်ယောက်၏ အိမ်တွင် အလောင်းများကိုရှင်းလင်းရန်အတွက် ဤကဲ့သို့သောပစ္စည်းများ လုံးဝ ပြတ်လပ်နေမည် မဟုတ်ပေ။

အချိန်များ ကုန်ဆုံးသွားပြီး ချန်လောင်စန်း အရာအားလုံးကို ရှင်းလင်းပြီးချိန်တွင် မနက် တစ်နာရီဆယ့်ငါးမိနစ်ပင် ရှိနေပြီဖြစ်၏။

အပြင်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ခွေးဟောင်သံပင် မကြားရတော့ဘဲ ညစောင့်များအားလုံးလည်း အိပ်ရာဝင်သွားကြပြီဖြစ်သည်။

ကျွီ...

တံခါးပွင့်သွား၏။

လက်ဆေးပြီးသော ချန်လောင်စန်းက အပြင်ဘက်မှနေ၍ အိမ်ထဲသို့ ပြန်ဝင်လာသည်။ သူက နောက်သို့လှည့်ကြည့်ကာ တံခါးကို ဂရုတစိုက် ပိတ်လိုက်၏။

ချန်လော့မှာ လုံလောက်စွာ အနားယူပြီးပြီဖြစ်သည်။ သူ၏ ဦးလေးစန်း ဝင်လာသည်ကို မြင်သောအခါ သူက စားပွဲဆီသို့ သွား၍ ထိုင်လိုက်သည်။

သူ၏ ဦးလေးစန်းနှင့် သေသေချာချာ စကားပြောရန် လိုအပ်သည်ဟု သူ ခံစားလိုက်ရသည်။

အကယ်၍ ယနေ့ သူသာ အခြေခံအဆင့်သို့ ချိုးဖောက်ကျော်လွန်နိုင်ခြင်း မရှိခဲ့ပါက တူဦးလေးနှစ်ယောက်စလုံး ဤနေရာတွင် ဇာတ်သိမ်းသွားလောက်ပြီ ဖြစ်သည်။

"ဒီကိစ္စက လွန်ခဲ့တဲ့လဝက်လောက်က စခဲ့တာ"

ချန်လောင်စန်း ဝင်လာရခြင်း၏ ရည်ရွယ်ချက်မှာလည်း ဤအရာပင်။ သူက အသံကို နှိမ့်ကာ သူ၏ အင်ပါယာမိသားစုဝင် အမှတ်အသားပြားကို တွေ့ရှိခဲ့ပုံနှင့် နေ့ခင်းပိုင်းက သူထွက်ပြေးရန် ကြိုးစားစဉ် ပိတ်ဆို့ခံထားရသော စစ်ဆေးရေးဂိတ်များ တွေ့ရှိခဲ့ပုံ အပါအဝင် ဇာတ်လမ်းတစ်ခုလုံးကို ချန်လော့အား ပြောပြလိုက်သည်။

တစ်ခုပြီးတစ်ခု ပြောပြလိုက်ခြင်းဖြင့် ချန်လော့အား မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကိုယေဘုယျအားဖြင့် နားလည်သွားစေ၏။

သေချာသည်မှာ ချန်လောင်စန်း သိမြင်ခဲ့ရသော အချက်အလက်များက အလွန် ကန့်သတ်ချက် ရှိနေသည်။ သူ၏ အဆင့်အတန်းနှင့် အနေအထားက သူ့ကို ရေခဲတောင်၏ထိပ်ဖျားကိုသာ မြင်ခွင့်ပြုထားပြီး ပိုမိုနက်ရှိုင်းသော အာဏာလုပွဲများကို သူ မမြင်နိုင်ပေ။

သူသည် ရေဝဲထဲတွင် ပိတ်မိနေသော အောက်ခြေလူတန်းစားတစ်ယောက်မျှသာဖြစ်ပြီး အန္တရာယ်အချို့ကို မပီဝေဝါသာ ခံစားသိရှိနေရခြင်း ဖြစ်သည်။

"ဒါဆို ချင်းယာကောင်တီ တရားသူကြီးကလည်း ပါဝင်ပတ်သက်နေရမယ်။"

ပြီးခဲ့သည့် ရက်အနည်းငယ်က မာချွယ်ကျိ၏ အိမ်သို့သွားစဉ် သူတွေ့ခဲ့ရသော ပိတ်ဆို့ထားသည့် လမ်းများကို ချန်လော့ ပြန်လည်သတိရသွားသည်။

ချန်လောင်စန်း၏ ပြောစကားအရ ဤကိစ္စသည် လွန်ခဲ့သော လဝက်ခန့်က စတင်ခဲ့ခြင်းဖြစ်သည်။

မိန်းမစိုးဝေနှင့် အခြားသူများသည် အင်ပါယာမိသားစုဝင်များကို လျှို့ဝှက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြသဖြင့် သူတို့၏ ရည်မှန်းချက်က ကြီးမားရမည် ဖြစ်သည်။ သူတို့၏ လုပ်ရပ်များကို ကြည့်ရသရွေ့ သူတို့သည် တစ်စုံတစ်ရာကို ရှာဖွေနေခြင်း ဖြစ်သင့်သည်။

ချင်းယာကောင်တီ တရားသူကြီးသည် ဒေသခံ အာဏာပိုင်တစ်ယောက်အနေဖြင့် ဤကဲ့သို့သော ကိစ္စမျိုးတွင် ပါဝင်ပတ်သက်နေရမည် ဖြစ်သည်။

ထိုသို့မဟုတ်ပါက ဤပင့်ကူအိမ်ကဲ့သို့သောရှုပ်ထွေးထုံးကြီး ဖွဲ့စည်းဖြစ်ပေါ်လာမည် မဟုတ်ပေ။ ပါဝင်ပတ်သက်မှုရှိခဲ့သော ဘိုင်မိသားစုကို တွေးမိသောအခါ ချင်းယာကောင်တီမှာ လုံခြုံမှုမရှိတော့ကြောင်း ချန်လော့ ပို၍ပို၍ ခံစားလာရသည်။

"ဒါဆို ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ"

ချန်လောင်စန်းလည်း ဘာလုပ်ရမှန်း မသိတော့ပေ။ သူ၏ ဆယ်စုနှစ်များစွာသော ဘဝသက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။

အကယ်၍ သူ၏တူဖြစ်သူသာ ရုတ်တရက် ပေါက်ကွဲထွက်မလာခဲ့ပါက သူ၏ အလောင်းမှာ အေးစက်နေလောက်ပြီ ဖြစ်သည်။ ယခု သူ အားကိုးနိုင်မည့် တစ်ဦးတည်းသောသူမှာ ပါရမီရှင်တူလေး ချန်လော့သာ ဖြစ်သည်။

"ပထမဆုံး ထွက်ပြေးရမယ်။ အသက်ရှင်ဖို့ အရင်လုပ်ပြီးမှ ကျန်တာဆက်ပြောတာပေါ့။"

ချန်လော့လည်း လက်စားချေပြီး နောက်ကွယ်က ကြိုးကိုင်သူကို သတ်ပစ်ချင်သည်။ သို့သော် သူ၏ စွမ်းအားက ခွင့်မပြုသေးပေ။

မိန်းမစိုးဝေ တစ်ယောက်တည်းကပင် သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့သည်။ အကယ်၍ သူတို့သာ ပိုမိုသန်မာသူတစ်ဦးနှင့် ရင်ဆိုင်ရပါက တူဦးလေးနှစ်ယောက်စလုံး သေချာပေါက် ဇာတ်သိမ်းသွားမည်။

ဤကဲ့သို့သော ကြီးမားသည့် အဖြစ်အပျက်ကြီး၏ နောက်ကွယ်တွင် သိုင်းပညာရှင်များအမြောက်အမြား ရှိနေမည်မှာ သေချာသည်။

ချန်လော့သည် ယခုအခါတွင် အသိဉာဏ်ကင်းမဲ့သောသွေးဆူလွယ်သည့် လူငယ်တစ်ယောက် မဟုတ်တော့ပေ။ ကိုယ်တွင်းအားကျင့်ကြံသူ သိုင်းပညာရှင်တစ်ယောက်သည် ချင်းယာကောင်တီတွင် တစ်စုံတစ်ရာဖြစ်မြှောက်နိုင်သော်လည်း စီရင်စုမြို့တော်တွင်မူ အဆင့်တူများစွာ ရှိနေသေးသည်။

မာချွယ်ကျိ၏ အဆိုအရ သိုင်းပညာတွင် အဆင့်သုံးဆင့် ရှိသည်။

ပထမအဆင့်မှာ သွေးသန့်စင်ခြင်းနှင့် ချီစုဆောင်းခြင်း၊ ဒုတိယအဆင့်မှာ ကိုယ်တွင်းအားကျင့်ကြံခြင်းနှင့် ချီဖွဲ့စည်းခြင်း နှင့် တတိယအဆင့်မှာ အရိုးသန့်စင်ခြင်းနှင့် စိတ်ဝိညာဉ်ပျစ်ခဲခြင်း တို့ဖြစ်သည်။

မာချွယ်ကျိသည် သူ၏ အမြင့်ဆုံးအခြေအနေတွင် အရိုးသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။

သို့သော် အရိုးသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကပင် အင်ပါယာခုံရုံးကဲ့သို့သော ဧရာမအင်အားစုကြီး၏ ရှေ့မှောက်တွင် လုံလောက်မှုမရှိခဲ့ပေ။

မာချွယ်ကျိသည် ထိုစဉ်က အင်ပါယာခုံရုံး၏ လက်ချက်ဖြင့် ဒုက္ခိတဖြစ်ခဲ့ရသည်။ အကယ်၍ သူသာ ချန်လောင်စန်းနှင့် တွေ့ဆုံရန် ကံမကောင်းခဲ့ပါက သူ၏အရိုးများမှာ ယခုအချိန်တွင် ဆွေးမြည့်နေလောက်ပြီ ဖြစ်သည်။

"ဒါပေမယ့် အခု အပြင်ဘက်မှာ ပိတ်ဆို့ထားတယ်လေ။"

ချန်လောင်စန်းမှာလည်း စိုးရိမ်ပူပန်နေသည်။

အပြင်ဘက်တွင် မိုးလင်းလာပြီဖြစ်သည်။ အကယ်၍ တူဦးလေးနှစ်ယောက်စလုံး မိုးမလင်းမီ ထွက်မပြေးနိုင်ပါက နောက်ပိုင်းတွင် နောက်ကွယ်မှ လူများ၏ အာရုံစိုက်မှုကို သေချာပေါက် ရရှိသွားမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် လာမည့်သူများသည် ယနေ့ညက လူသုံးယောက်၏ အဆင့်အတန်းမျိုး ဖြစ်လိမ့်မည် မဟုတ်ပေ။

အစစ်အမှန်သိုင်းပညာရှင်များ လာရောက်ရန် အလားအလာများနေသည်။

ချန်လော့သည် သူ၏စိတ်ထဲတွင် ထွက်ပေါက်တစ်ခုကို စဉ်းစားနေ၏။

အတင်းအဓမ္မထွက်ဖောက်ရန်မှာ လုံးဝ မဖြစ်နိုင်သော်လည်း ချင်းယာကောင်တီက အလွန်ကြီးမားကျယ်ပြန့်သဖြင့် အာဏာပိုင်များ မသိသော တောင်တက်လမ်းအချို့ ရှိနေမည်မှာ သေချာသည်။

မြို့ရိုးအောက်ရှိ ဟာကွက်များကဲ့သို့ပင် ၎င်းတို့သည် အောက်ခြေလူတန်းစားများသာ သွားလာလေ့ရှိသည့် လမ်းကြောင်းများ ဖြစ်သည်။

"ဦးလေးစန်း၊ ဦးလေး နောက်ဆုံး အလောင်းသွားမြှုပ်ခဲ့တဲ့နေရာက ဘယ်မှာလဲ"

All Chapters