အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း ၂၅ - ဝိုင်းရံခံရခြင်း
စာထဲမှ အကြောင်းအရာများအရ နင်မင်းသားသည် ငြိမ်ငြိမ်သက်သက်နေမည့်သူမဟုတ်ကြောင်း ခန့်မှန်းရပါသည်။ သူဟာ လွန်ခဲ့သည့် အချိန်ကတည်းက ချင်းယာကောင်တီ၏ အောက်ရုံးတရားသူကြီးလို့ကို သိမ်းသွင်းထားခဲ့ခြင်းဖြစ်၏။
သူ ချင်းယာကောင်တီကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ အောက်ရုံးတရားသူကြီးလို့ဟာ ထူးချွန်လွန်းသောကြောင့်မဟုတ်ဘဲ ချင်းယာကောင်တီတွင် သတ္တုတွင်းတစ်ခု ရှိနေ၍သာ ဖြစ်လေ၏။
စာထဲတွက် ထိုသတ္တုတွင်းဟာ မည်ကဲ့သို့အမျိုးအစားဖြစ်ကြောင်း အတိအကျ ဖော်ပြမထားခဲ့ပေ။ သို့သော်လည်း ထိုသတ္တုတွင်း၏ တန်ဖိုးဟာ အလွန်မြင့်မားလွန်းသောကြောင့် နင်မင်းသားဟာ ဤနေရာကိုသိမ်းပိုက်ရန်အတွက် အဆင့်မြင့် သိုင်းပညာရှင်အမြောက်အမြားကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ချန်လော့ အစောပိုင်းက သတ်ခဲ့သည့် မိန်းမစိုးဝေ ကလည်း နင်မင်းသား၏ ကိုယ်ရံတော် မိန်းမစိုးဖြစ်ပြီး ဤကိစ္စကိုတာဝန်ယူရန်အတွက် ရောက်လာခဲ့ခြင်းဖြစ်လေ၏။
'အဲဒီ သေသွားတဲ့မိန်းမစိုးက ငါ့ကို နန်းတော်က လာတာပါဆိုပြီး ဟန်ဆောင်သွားသေးတယ်'
ချန်လော့သည် စိတ်ထဲမှ ကျိန်ဆဲရင်း စာကို ဆက်ဖတ်လိုက်၏။
မိန်းမစိုးဝေတို့ အုပ်စုအပြင် နင်မင်းသားဟာ အနောက်တောင်ဘက်ရှိ သိုင်းပညာရှင် တစ်ဦးနှင့်လည်း ပူးပေါင်းထားပါသေးသည်။ ထိုလူကတော့ အောက်ရုံးတရားသူကြီးလို့ အစောပိုင်းက ပြောခဲ့သည့် အောက်တန်းစားသိုင်းသမား စစ်သူကြီးဖန်း ပင်။
ကျန်သည့် စာများမှာ အများအားဖြင့် အခွန်ဆက်သသည့် ငွေစာရင်းများနှင့် သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းမှတ်တမ်းများသာ ပါဝင်လေ၏။
ချန်လော့သည် ၎င်းတို့ကို တစ်ချက်ကြည့်ရုံဖြင့် ကျော်လိုက်၏။
"ဒီလူတွေကို ဒီလောက်ရူးသွပ်သွားအောင် လုပ်နိုင်တဲ့ သတ္တုတွင်းက ဘယ်လိုမျိုးပါလိမ့်"
သူသည် နောက်ဆုံးစာကို လှန်ကြည့်သော်လည်း သူသိချင်သော အချက်အလက်ကို မတွေ့ရသေးပေ။
ထိုအချိန်တွင် အပြင်ဘက်မှ လှုပ်ရှားသံသဲ့သဲ့များ ထွက်ပေါ်လာ၏။ အောက်ရုံးတရားသူကြီးလို့ အစောပိုင်းကမှာထားသော ညစာမှာ အဆင်သင့် ဖြစ်နေပြီ ထင်သည်။
"ထားလိုက်တော့... အရင်ဆုံး ဂျူနီယာညီမလေး ဟယ်မင်ကို သွားရှာရမယ်"
ချန်လော့သည် စားပွဲပေါ်မှ ဖယောင်းတိုင်ကို မှုတ်ထုတ်လိုက်ပြီး သူရိုက်ခွဲထားသော အပေါက်မှတစ်ဆင့် အပြင်သို့ ပြန်ထွက်ခဲ့သည်။
ခဏအကြာတွင် အောက်ရုံးတရားသူကြီးလို့ ရှိနေသော ခြံဝင်းငယ်လေးထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။
အောက်ရုံးတရားသူကြီးလို့၏ ခြံဝင်းမှ ထွက်ခွာပြီးနောက် ချန်လော့သည် ဦးတည်ရာကို ချက်ချင်း ပြောင်းလဲကာ နောက်ဆုံးကျန်ရှိနေသော အားပြင်းသည့် ချီအရှိန်အဝါရှိရာသို့ ဦးတည်လိုက်၏။
အောက်ရုံးတရားသူကြီးလို့၏ နေရာတွင် မည်သူမျှ မရှိတော့သဖြင့် ကျန်ရှိနေသော တစ်ခုတည်းသော နေရာမှာ ဤနေရာသာ ဖြစ်သည်။ သူ၏ တတိယအဆင့် အာရုံခံစားမှုဖြင့် ဤရုံးတော်ဝင်းအတွင်းရှိ သိုင်းပညာရှင်များမှာ အမှောင်ထဲက ပိုးစုန်းကြူးများကဲ့သို့ အလွန်ပင် ထင်ရှားလှ၏။
ခြံဝင်းနံရံသုံးခုကို ကျော်ဖြတ်ပြီးနောက် ချန်လော့၏ လှုပ်ရှားမှုများမှာ ပိုမို ပေါ့ပါးလာသည်။
ဤခြံဝင်းမှာ အောက်ရုံးတရားသူကြီးလို့ နေထိုင်သော ဆောင်းဦးအနွေးခန်းမဆောင်ထက်ပင် ပိုမို ခမ်းနားလှပေ၏။
ခြံဝင်း ကျယ်ဝန်းရုံသာမက ဗိသုကာလက်ရာများမှာလည်း ပို၍ လက်ရာမြောက်သည်။ ခြံဝင်းအတွင်းတွင် မီးတိုင်များ ထွန်းညှိထားသဖြင့် အမှောင်ထောင့်ဟူ၍ မရှိအောင်ပင် လင်းထိန်နေသည်။
မီတာအနည်းငယ်ခြားတိုင်းတွင် သံချပ်ကာဝတ် စစ်သားတစ်ဦးစီ အစောင့်ကျနေ၏။ အခြားနေရာများနှင့် ယှဉ်လျှင် ဤနေရာမှာ တကယ့်ကို တင်းကျပ်စွာ လုံခြုံရေး ချထားခြင်း ဖြစ်သည်။
ချန်လော့သည် ခေါင်မိုးစွန်းတွင် ပုန်းကွယ်နေပြီး ခြံဝင်းအတွင်းရှိ လှုပ်ရှားမှုများကို အဝေးမှ အကဲခတ်လိုက်၏။
ခြံဝင်းအလယ်ရှိ ကျောက်စားပွဲဘေးတွင် သန်မာထွားကျိုင်းသော လူတစ်ဦးထိုင်နေပြီး အဝါရောင် အဝတ်ဖြင့်ထုပ်ထားသော စာအုပ်ငယ်တစ်အုပ်ကို အာရုံစိုက် ဖတ်ရှုနေသည်။ မနီးမဝေးတွင်တော့ ဂျူနီယာညီမလေး ဟယ်မင်နှင့် အခြား အမျိုးသမီးငယ်အချို့ကို ဝက်များကဲ့သို့ လှုပ်မရအောင် တုပ်နှောင်ထားလေ၏။
သူတို့၏ ပုံစံကို ကြည့်ရသည်မှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရထားပုံမပေါ်သော်လည်း သူတို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် ထူးဆန်းနေသည်။
"ဘာလို့ ကျင့်လို့မရတာလဲ ငါ အဆင့်တိုင်းကို သေချာ လုပ်နေတာပဲကို..."
ထိုလူထွားကြီးသည် စာအုပ်ထဲတွင် အလွန်အမင်း အာရုံစိုက်နေသဖြင့် တစ်စုံတစ်ရာ အခက်အခဲနှင့် ကြုံတွေ့နေရပုံ ပေါ်သည်။
ထို့ကြောင့်လည်း အောက်ရုံးတရားသူကြီးလို့ဘက်မှ ဆူညံသံများကို သူ သတိမပြုမိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူ၏ လက်ရှိ အခြေအနေအရ တစ်စုံတစ်ယောက်က သူ့ကို လာသတ်မှသာ သူ ဂရုစိုက်မည့် အနေအထားဖြစ်သည်။
'ဒီလူက စစ်သူကြီးဖန်း ဖြစ်မယ် ထင်တယ်'
ချန်လော့သည် အလျင်စလို မလှုပ်ရှားသေးဘဲ ထိုလူကို အသေအချာအကဲခတ်လိုက်၏။
စစ်သူကြီးဖန်း၏ ခွန်အားမှာ မနိမ့်လှပေ။
သူသည် တတိယအဆင့်သို့ မရောက်သေးသော်လည်း သူ့ထံမှ ထွက်ပေါ်နေသော ချီအရှိန်အဝါမှာ သာမန် သိုင်းလောကသားများနှင့် ယှဉ်၍ မရပေ။
ဤကဲ့သို့သော စစ်တပ်သိုင်းပညာရှင်များ၏ အရှိန်အဝါမှာ သိုင်းလောကသားများနှင့် လုံးဝ ကွဲပြားသည်။ အကယ်၍ ဤကဲ့သို့သော အဆင့်မြင့်သူကို သတ်နိုင်မည်ဆိုပါက သူ၏ ဦးနှောက်ကို သေချာပေါက် သိမ်းဆည်းရမည်။
'စစ်တပ်သိုင်းပညာရှင်တွေနဲ့ သိုင်းလောကသားတွေ ဘာကွာခြားလဲဆိုတာ ငါ သိချင်မိတယ်'
'အန္တရာယ် ငုံ့လိုက်'
ချန်လော့သည် မည်သို့တိုက်ခိုက်ရမည်ကို စဉ်းစားနေစဉ်မှာပင် တော်ဝင်ဦးနှောက်မှ အတွေးများက ရုတ်တရက် တက်ကြွလာ၏။ သူ၏ စိတ်ထဲတွင် ညွှန်ကြားချက်တစ်ခုပေါ်လာပြီး နောက်တစ်စက္ကန့်မှာပင် သူ၏ ခန္ဓာကိုယ်သည် အလိုအလျောက် ငုံ့ချလိုက်ကာ မယုံနိုင်စရာ ကောင်းသော ထောင့်ချိုးတစ်ခုဖြင့် လိမ့်ထွက်သွားသည်။
ဘန်း
လက်မောင်စမြှား တစ်စင်းသည် သူ၏ ပါးကို သီသီလေးဖြတ်သွားပြီး မြေပြင်ရှိ အုတ်နံရံကို အရှိန်ပြင်းစွာ ထိမှန်ကာအတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွား၏။
(လက်မောင်းမြှားဆိုတာ လက်မောင်းကနေဆွဲပစ်တဲ့မြှားပါ)
ကျန်ရှိနေသော မြှားတံတစ်ဝက်မှာ တုန်ခါနေဆဲ ဖြစ်ရာလွန်ခဲ့သော စက္ကူန့်ပိုင်းက အန္တရာယ် မည်မျှကြီးမားကြောင်း ပြသနေသည်။
ချန်လော့သည် ကြက်သီးမွေးညင်းများပင် ထသွား၏။
'ပေါ်သွားတာလား'
'ဘယ်တုန်းကလဲ'
တစ်ခါမျှ မကြုံဖူးသော အန္တရာယ် အာရုံတစ်ခု သူ၏ နှလုံးသားထဲသို့ တိုးဝင်လာ၏။ အကယ်၍ သူသာ တစ်ချက်မျှနောက်ကျသွားလျှင် သို့မဟုတ် တွန့်ဆုတ်နေမိလျှင် ထိုမြှားသည် သူ၏ မျက်ခုံးနှစ်ခုကြားရှိ တော်ဝင်ဦးနှောက် ကို ဖောက်ထွက်သွားပေလိမ့်မည်။
"အိုး"
အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ အသံလာရာသို့ ကြည့်လိုက်ရာခြံဝင်းထဲတွင် စာဖတ်နေသော လူထွားကြီးသည် မည်သည့်အချိန်က ရောက်သွားမှန်းမသိဘဲ ခေါင်မိုးပေါ်သို့ ရောက်နေပြီဖြစ်သည်။
သူ၏ လက်မောင်းစွပ်မှာ အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေ၏။အစောပိုင်းက မြှားဖြင့် ပစ်ခဲ့သူမှာ သူပင် ဖြစ်သည်။
သိုင်းလောကအလယ်တွင် ကျင်လည်ရာ၌ ဓား၊ လှံ၊ လက်နက်များအပြင် လျှို့ဝှက်လက်နက်များနှင့် အဆိပ်များသည် လူသေဆုံးမှု အများဆုံး ဖြစ်စေသည့် အရာများဖြစ်သည်။
"တုံ့ပြန်မှု ကောင်းသားပဲ"
စစ်သူကြီးဖန်းသည် သူ၏ လက်မောင်းစွပ်မှ လျှို့ဝှက်လက်နက်ကို ပြန်လည်ပြင်ဆင်ရင်း ခပ်အေးအေးပင် မှတ်ချက်ပေးလိုက်၏။
ထိုအချိန်တွင် အောက်ဘက်ရှိ စစ်သားများကလည်း ခေါင်မိုးကို ဝိုင်းရံလိုက်ကြသည်။
လေးသမား အုပ်စုကြီးတစ်ခုသည် လေးများကို အားကုန်ဆွဲကာ ချန်လော့ ပုန်းနေခဲ့သော နေရာသို့ မြှားမိုးများ ရွာချလိုက်တော့သည်။
စွပ်..စွပ်..
မည်သူမျှ အပိုစကား မပြောကြပေ။ ဤစစ်သူကြီးဖန်းသည် စကားများတတ်သော ရုပ်ရှင်ထဲက ဗီလိန်များကဲ့သို့ မဟုတ်ဘဲအခွင့်အရေးရသည်နှင့် လူအင်အားသုံးကာ တစ်ဖက်သတ် တိုက်ခိုက်နေခြင်း ဖြစ်သည်။
သူသည် အဆင့်မြင့် သိုင်းပညာရှင်တစ်ဦး၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်ဘဲ အရှက်မရှိ လုပ်ဆောင်နေခြင်းပင်။
"ငါပေါ့ဆသွားတာပဲ"
အောက်ဘက်ရှိ အခန်းထဲတွင် ချန်လော့၏ မျက်နှာမှာ ပျက်ယွင်းနေ၏။
သူ အစောပိုင်းက လိမ့်လိုက်ချိန်တွင် သာမန်အတိုင်းရှောင်လိုက်ခြင်း မဟုတ်ဘဲ တော်ဝင်ဦးနှောက်၏ ဗီဇအတိုင်း အနီးရှိ ပြတင်းပေါက်ကို ဆွဲကိုင်ကာ အတွင်းသို့ လိမ့်ဝင်ခဲ့ခြင်း ဖြစ်သည်။
ထိုခဏတွင် သူ တကယ်ပဲ သေတော့မည်ဟု ခံစားလိုက်ရ၏။
သူ့ကိုယ်သူ ကျင့်ကြံခြင်းအဆင့်တက်သွားသောကြောင့် အထင်ကြီးနေသမျှ အားလုံး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
တစ်ယောက်ချင်းဆိုလျှင်တော့ ဤလူများမှာ သူ့ကို မယှဉ်နိုင်သော်လည်း၊ ရန်သူသည် သိုင်းပညာဖြင့် မယှဉ်ဘဲ လူအင်အားနှင့် အဝေးပစ် လက်နက်များကို တိုက်ရိုက် အသုံးပြုနေခြင်းဖြစ်သည်။
ဤနည်းဖြင့် သူ၏ တည်နေရာကို သိသွားပါက သူ၏ အစွမ်းကို အပြည့်အဝ ထုတ်ဖော်ရန် ခက်ခဲသွားပေလိမ့်မည်။
သိုင်းလောကတွင် ပေါ့ဆလျှင်သေတတ်ကြောင်းကို သူ သင်ခန်းစာ ရသွား၏။
ချန်လော့သည် စိတ်ကို တည်ငြိမ်အောင် ထားပြီး လက်ရှိ အခြေအနေကို စဉ်းစားလိုက်သည်။
အပြင်ဘက်တွင် အနည်းဆုံး လူငါးဆယ်ခန့် ဝိုင်းထားပြီး အမှောင်ထဲတွင် ပုန်းနေသူများလည်း ရှိနေသဖြင့် အတိအကျမသိနိုင်ပေ။
ထို့အပြင် မည်မျှ သတိသန်မာမှန်းမသိရသေးသော စစ်သူကြီးဖန်းလည်း ရှိနေသေးသည်။ ဤအခြေအနေအောက်တွင် လူသွားကယ်ရန်မှာ ကောင်းကင်သို့ တက်လှမ်းရန် ကြိုးစားသကဲ့သို့ ခက်ခဲလှသည်။
'အရင်ဆုံး အပြင်ကို ထွက်ပြီး ဒီဝိုင်းရံမှုကို ဖြိုခွဲရမယ်၊ ပြီးမှ ပြန်ပြီး တိုက်စစ်ဆင်မယ်'
'လုပ်ကြံသတ်ဖြတ်တာက အကောင်းဆုံး နည်းလမ်းပဲ'
ခေတ္တမျှ စဉ်းစားပြီးနောက် ချန်လော့၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာ၏။
ယခုအခါ သူ၏ဦးနှောက် တစ်ရာကျော်လုံးမှာ တက်ကြွနေပြီး သူ၏ အတွေးများမှာ အလွန်ပင် ရှင်းလင်းနေသည်။
ရန်သူ၏ အားသာချက်ကို မိမိ၏ အားနည်းချက်ဖြင့် သွားရောက်တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့ပေ။
ဘန်း
ချန်လော့ မလှုပ်ရှားမီမှာပင် အပြင်တံခါးမှာ ကန်ဖွင့်ခြင်း ခံလိုက်ရ၏။
'ဘယ်ဘက်မှာ... အိမ်ထောင့်နံရံ ရှိတယ်၊ အဲဒီနေရာကို မြှားတွေ မရောက်နိုင်ဘူး'
သူ၏ စိတ်ထဲမှ ထွက်ပြေးတိမ်းရှောင်ရာတွင် ကျွမ်းကျင်သော ဦးနှောက်တစ်ခုက အကြံပေးလိုက်၏။ ဤဦးနှောက်သည် ထွက်ပြေးရန်အတွက် အလွန် ကျွမ်းကျင်လှရာ သူ၏ အတွေးမှာ တော်ဝင်ဦးနှောက်ပင် အမီမလိုက်နိုင်အောင် မြန်ဆန်လှသည်။
စဉ်းစားနေရန် အချိန်မရှိသဖြင့် ချန်လော့သည် အနီးရှိ ထိုင်ခုံတစ်ခုကို ဆွဲယူကာ လိမ့်ထွက်လိုက်၏။
ဒုတ် ဒုတ်
နောက်ထပ် မြှားအချို့သည် ထိုင်ခုံပေါ်သို့ စိုက်ဝင်သွား၏။ အေးစက်သော မြှားဦးများမှာ သစ်သားကို ဖောက်ထွက်လာသည်ကို ထင်ထင်ရှားရှား မြင်တွေ့ရသည်။
ကံကောင်းသည်မှာ ချန်လော့သည် နံရံထောင့်သို့ ရောက်သွားခဲ့သဖြင့် မြှားမိုးများမှာ သူ့ကို မခြိမ်းခြောက်နိုင်တော့ပေ။
"ရပ်လိုက်"
စစ်သူကြီးဖန်း၏ အသံ အပြင်ဘက်မှ ထွက်ပေါ်လာပြန်သည်။ ဤနည်းဖြင့် ချန်လော့ကို မသတ်နိုင်ကြောင်း သူ သဘောပေါက်သွားပုံရလေ၏။
"မင်းတို့ နှစ်ယောက်... အတွင်းထဲဝင်ပြီး သွားကြည့်စမ်း၊ သူ့ကို အရှင်ဖမ်းခဲ့"
စစ်သူကြီးဖန်းသည် တံခါးဝတွင် ရပ်နေပြီး အတွင်းသို့ ဝင်ရန် ရည်ရွယ်ချက် မရှိပေ။ အဆင့်မြင့်သူများသည် အန္တရာယ်ရှိသော နေရာသို့ ကိုယ်တိုင်မဝင်တတ်ကြသည့် အလေ့အထ ရှိ၏။
စစ်သူကြီးဖန်းသည် အရည်အချင်းရှိသော အထက်လူကြီးတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။
အမိန့်ကို ကြားလိုက်ရသော စစ်သားနှစ်ဦးသည် သူတို့၏ ဓားများကို ဆွဲကာ တံခါးဘောင်ကို ကပ်လျက်သတိကြီးစွာဖြင့် အတွင်းသို့ ဝင်လာကြတော့သည်။
အခန်း ၂၆ - ထွက်ပြေးလွတ်မြောက်ခြင်း
ဘုန်း ဘုန်း
ပေါက်ကွဲသံနှစ်ချက်နှင့်အတူ အခန်းထဲသို့ လှမ်းဝင်လာခါစ စစ်သားနှစ်ဦးမှာ လူကိုပင် အသေအချာမမြင်လိုက်ရဘဲ နောက်သို့ လွင့်ထွက်သွားကြ၏။
သူတို့၏ နဖူးပေါ်ရှိ အပေါက်ငယ်များမှ သွေးများ တစီစီ ပန်းထွက်နေတော့သည်။
ဤမြင်ကွင်းက အပြင်ဘက်ရှိ လူအားလုံးကို ထိတ်လန့်သွားစေ၏။
ယခုမှပင် သူတို့ ပိတ်ဆို့ထားသည်မှာ သာမန်သူခိုးတစ်ယောက်မဟုတ်ဘဲ အဆင့်မြင့်သိုင်းပညာရှင် တစ်ယောက်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
"ခဲလုံးတွေလား"
စစ်သူကြီးဖန်း သည် အခြေအနေကို အသေးစိတ် အကဲခတ်လိုက်၏။ သူ၏ လက်အောက်ငယ်သား နှစ်ဦးကို သတ်လိုက်သည့် ချန်လော့၏ နည်းလမ်းကို သူ မြင်လိုက်ရခြင်းပင်။
ထိုအချက်ကြောင့်ပင် သူ ပို၍ အခက်တွေ့နေရပြီဟု ခံစားလိုက်ရသည်။
ခဲလုံးများကို အသုံးပြုကာ လူသတ်နိုင်ရန်အတွက် အနည်းဆုံး သိုင်းတာအို၏ ဒုတိယအဆင့်ဖြစ်သော ကိုယ်တွင်းချီကျင့်ကြံခြင်းအဆင့်ရှိရန် လိုအပ်သည်။
ဒဏ်ရာ၏ အနက်ကို ကြည့်ခြင်းအားဖြင့် ဤလူ၏ သိုင်းပညာမှာ သူခန့်မှန်းထားသည်ထက်ပင် ပိုမိုမြင့်မားနိုင်ပြီး၊ ဖြစ်နိုင်သည်မှာ တတိယအဆင့်ဖြစ်သော အရိုးသန့်စင်ခြင်းအဆင့် သို့ပင် ရောက်ရှိနေလောက်ပြီဖြစ်လေ၏။
'အရိုးသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်'
စစ်သူကြီးဖန်းသည် မသိမသာ မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ သတ်ဖြတ်လိုစိတ်များမှာ တဟုန်ထိုး မြင့်တက်လာ၏။
ဤကဲ့သို့သော ရန်သူမျိုး အမှောင်ထဲတွင် ပုန်းကွယ်နေပါက မည်သူက အိပ်ပျော်နိုင်ပါမည်နည်း။
အစပိုင်းတွင် ချန်လော့ကို အရှင်ဖမ်းကာ တစ်စုံတစ်ခု မေးမြန်းရန် ရည်ရွယ်ခဲ့သော်လည်း ယခုတော့ ထိုစိတ်ကူးကို ဖျောက်လိုက်ပြီ ဖြစ်သည်။
ဤအဆင့်ရှိသော ရန်သူအတွက် သေခြင်းတရားသည်သာ စိတ်အအေးရဆုံး ရလဒ်ပင်။
"မီးရှို့ကြ"
သူ၏ လက်အောက်ငယ်သားများမှာ အလျင်အမြန် နောက်ဆုတ်သွားကြပြီး မကြာမီမှာပင် လေးသမားများ၏ လက်ထဲတွင် ဆီစိမ်ထားသော မီးမြှားများ ပေါ်လာတော့သည်။
မြှားများကို မပစ်လွှတ်မီမှာပင် ဘယ်ဘက်ခြမ်းရှိ ပြတင်းပေါက်မှာ ရုတ်တရက်ပွင့်ထွက်သွား၏။
နက်မှောင်သိပ်သည်းသော အရာဝတ္ထုများစွာ လွင့်ထွက်လာခဲ့သည်။
ကျောက်တုံးစများနှင့် တံခါးချပ် အပိုင်းအစများမှာ ခဏချင်းမှာပင် ရောက်ရှိလာတော့သည်။
ရှေ့ဆုံးတွင် ရပ်နေသော လေးသမားများမှာ ဘာဖြစ်မှန်းမသိလိုက်ရဘဲ ရင်ဘတ်ကို သစ်သားစများ ထိမှန်ကာ နောက်သို့ အလိပ်လိုက် လဲကျကုန်ကြ၏။
ထိုခဏတွင်ပင် ပထမဆုံး မြှားတန်းများကို ပစ်လွှတ်လိုက်ကြသည်။
သိပ်သည်းသော မြှားမိုးများက အတွင်းဘက်မှ တိုက်ခိုက်မှုများကို ပြန်လည် ဖိနှိပ်လိုက်နိုင်ပေ၏။
"ဆက်လုပ်"
စစ်သူကြီးဖန်းသည် သူ၏ မျက်နှာဆီသို့ ပျံသန်းလာသော ကျောက်တုံးတစ်ခုကို လက်တစ်ဖက်ဖြင့် ပြင်းထန်စွာ ဖမ်းဆုပ်လိုက်ရာ၊ ကျောက်တုံးမှ ပါလာသောအားကြောင့် သူ၏ လက်ဖဝါးမှာ ထုံကျဉ်သွားသည်။
သူပင်လျှင် အနိုင်နိုင်ကာကွယ်လိုက်ရခြင်း ဖြစ်ရာ သာမန်စစ်သားများအဖို့ ဆိုဖွယ်ရာ မရှိပေ။
ဤသည်မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်လိုက်ခြင်းဖြစ်၍သာ တော်သေးသည်။
အကယ်၍ တစ်ယောက်ချင်း လုပ်ကြံခြင်းသာ ဖြစ်ပါက သူပင်လျှင် ကာကွယ်နိုင်လိမ့်မည် မဟုတ်ဟု ခန့်မှန်းလိုက်မိသည်။
'အရိုးသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်'
ဤကျောက်တုံးက သူ၏ ခန့်မှန်းချက်ကို သက်သေပြလိုက်ပြီဖြစ်သည်။
ဤလူက ဘာကြောင့် ဒီလောက် ရဲတင်းနေရသလဲဆိုတာ မဆန်းတော့ပေ။
အရိုးသန့်စင်ခြင်းအဆင့်၏ ခွန်အားဖြင့်ဆိုလျှင် ချင်းယာကောင်တီကဲ့သို့ မြို့ငယ်လေးမှာ သူ၏ ခြေဖဝါးအောက်တွင်သာ ရှိပေလိမ့်မည်။
သူတို့ သတိမဝင်မီမှာပင် အုတ်ခဲစများနှင့် ကျောက်တုံးစများနောက်ထပ် တစ်သုတ် ထပ်မံ လွင့်ထွက်လာပြန်လေ၏။
သာမန် ကျောက်တုံးများနှင့် သစ်သားစများမှာ တတိယအဆင့် သိုင်းပညာရှင်၏ လက်ထဲတွင် လျှို့ဝှက်လက်နက်များကဲ့သို့ ထိမိရုံနှင့် ဒဏ်ရာရစေနိုင်သည်။
သို့သော် တစ်ဖက်တွင် လူအင်အား အလွန်များပြားလှရာ ဤတိုက်ခိုက်မှုက ရှေ့ဆုံးရှိ လူတစ်စုကိုသာ သက်ရောက်မှု ရှိသည်။
အနောက်ဘက်ရှိ လေးသမားများကတော့ မြှားများကို ဆက်တိုက် ပစ်ခတ်နေဆဲပင်။
ဒုတ် ဒုတ် ဒုတ်
မြှားများသည် အခန်းထဲသို့ စိုက်ဝင်သွားပြီး အတွင်းရှိ လိုက်ကာများကို လျင်မြန်စွာ မီးစွဲလောင်စေတော့သည်။
မီးလျှံများမှာ မျက်စိရှေ့တင်ပင် ကြီးထွားလာခဲ့၏။
ပြင်းထန်သော မီးတောက်များမှ ထွက်လာသည့် မီးခိုးများမှာအခန်းတစ်ခုလုံးကို ခဏချင်းမှာပင် ဖုံးလွှမ်းသွားတော့သည်။
"အားလုံး နောက်ဆုတ်ကြ၊ ရန်သူရဲ့ အသေခံ တိုက်ခိုက်မှုကို သတိထား"
စစ်သူကြီးဖန်း၏ အမိန့်မှာ မဆုံးသေးမီမှာပင် သူ၏ မြင်ကွင်းမှာ မှောင်အတိကျသွားပြီး မီးစွဲလောင်နေသော စားပွဲတစ်လုံး အခန်းထဲမှ လွင့်ထွက်လာခဲ့၏။
၎င်းနောက်တွင်တော့ တစ္ဆေတစ်ကောင်ကဲ့သို့သော ပုံရိပ်တစ်ခု ပါလာခဲ့သည်။
ဘုန်း ဘုန်း ဘုန်း
'မြန်တယ်'
အမှန်ပင် လွန်စွာမြန်လွန်းလှ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပုံရိပ်မှာ လူအုပ်ထဲသို့ တိုးဝင်သွားသည်။
မီးရှို့ရန်အတွက် အနီးသို့ ကပ်လာသော စစ်သားများမှာနောက်သို့ မဆုတ်နိုင်မီမှာပင် ချန်လော့၏ လက်ချက်ဖြင့် သေဆုံးကုန်ကြ၏။
မရှောင်နိုင်လိုက်သော လေးသမားအချို့မှာ ချန်လော့၏ လက်ဖဝါးရိုက်ချက်ဖြင့် ရင်ဘတ်များ ကြေမွကာ ကောက်ရိုးများကဲ့သို့ လွင့်ထွက်သွားပြီး အနောက်ရှိ လူအုပ်ကြီးကိုပါ တိုက်မိ လဲကျကုန်စေသည်။
"နောက်မဆုတ်နဲ့"
ဖရိုဖရဲဖြစ်နေသော လူအုပ်ကို ကြည့်ပြီး စစ်သူကြီးဖန်း ဒေါသထွက်သွားသည်။
ဤကဲ့သို့သော သိုင်းပညာရှင်မျိုးကိုသာ လွတ်မြောက်သွားစေခဲ့လျှင် နောင်တွင် အေးချမ်းသော နေ့ရက်များရှိတော့မည် မဟုတ်ပေ။
အခြားတစ်ဖက်တွင်တော့ ချန်လော့မှာ အေးစက်သော လူသတ်စက်ရုပ်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။ သူသည် အမြဲတမ်း တိုက်ခိုက်မှု အပြင်းထန်ဆုံးနေရာများကို ကျွမ်းကျင်စွာ ရှောင်တိမ်းနေပြီး၊ သူ့ကို ဝိုင်းတိုက်နေသည့် လူအရေအတွက်ကို သုံးယောက်ထက် မပိုအောင် အမြဲ ထိန်းထားသည်။
ဤနည်းဖြင့် လူအင်အား အသာစီးရမှုကို သူ၏ လှုပ်ရှားမှု နည်းပညာဖြင့် ပြန်လည် ညှိယူနေခြင်း ဖြစ်သည်။
ဤသည်မှာ အလွန်ပင် မြင့်မားသော တိုက်ပွဲဝင်ဗီဇ ဖြစ်သည်။ ချန်လော့တွင် ဦးနှောက် တစ်ရာကျော်ရှိနေပြီး ၎င်းတို့အနက် ဤနယ်ပယ်တွင် ပါရမီထူးသူ တစ်ဦး၏ ဦးနှောက်လည်း ပါဝင်နေသောကြောင့် ဖြစ်သည်။
သို့သော် ဤနည်းလမ်းကို အမြဲတမ်း အသုံးမပြုနိုင်ပေ။ အရိုးသန့်စင်ခြင်းအဆင့်ရှိ သိုင်းပညာရှင်ဖြစ်သော်လည်း သူသည် လူသားတစ်ဦးသာ ဖြစ်နေသေးသဖြင့် တစ်ချိန်တွင် ကိုယ်တွင်းချီများ ကုန်ခမ်းသွားပေလိမ့်မည်။
ထို့ကြောင့် ချန်လော့သည် လူသတ်ရင်း ခြံဝင်းအစွန်းဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားခဲ့၏။ သူ၏ အင်အား မကုန်မီ ဤဝိုင်းရံမှုကို ဖောက်ထွက်ရန် လိုအပ်သည်။
ဤသည်ကို မြင်သောအခါ စစ်သူကြီးဖန်းသည် သူ၏ သံလှံကို ဆွဲယူကာ လူအုပ်ထဲတွင် ရောနှောလိုက်ပြီး ချန်လော့ဆီသို့ လှမ်းထိုးလိုက်၏။
တစ်ကိုယ်လုံးဆိတ်ငြိမ်သွားပြီး မည်သူမျှ သူလှုပ်ရှားလိုက်သည်ကိုပင် သတိမပြုမိကြပေ။ စစ်သူကြီးတစ်ဦး၏ ခမ်းနားသော ရောင်ဝါမျိုး လုံးဝ မရှိပေ။
စစ်မြေပြင်ဆိုသည်မှာ ဤသို့ပင်၊ မည်သူမျှ သိုင်းပညာရှင် ကျင့်ဝတ်ကို ပြောမနေကြပေ။
ရန်သူကို သတ်နိုင်မည့် နည်းလမ်းသည်သာ အကောင်းဆုံး နည်းလမ်းပင်။
'ညာဘက် သုံးလက်မ... နှလုံးသား'
တိုက်ခိုက်လာသော စစ်သားသုံးဦးကို လှဲချလိုက်ကာစ ချန်လော့သည် ထွက်ပြေးရန် ပြင်ဆင်နေစဉ် သူ၏ စိတ်ထဲတွင် အန္တရာယ် အာရုံတစ်ခု ချက်ချင်း ပေါ်လာ၏။
သူ၏ ခန္ဓာကိုယ်သည် အလိုအလျောက် လိမ့်ချလိုက်သည်။
သံလှံတစ်ချောင်းသည် သူ၏ မျက်နှာကို သီသီလေး ဖြတ်သွားသည်ကို သူ မြင်လိုက်ရ၏။
'ဒီလောက်လူအုပ်ကြီးကြားထဲမှာတောင် သူ ရှောင်နိုင်သေးတာလား'
စစ်သူကြီးဖန်း၏ မျက်နှာမှာ ပျက်ယွင်းသွား၏။ သူသည် ရန်သူကို တတ်နိုင်သမျှအထင်ကြီးထားခဲ့သော်လည်း ဤလူမှာ သူထင်ထားသည်ထက်ပင် ပို၍ အန္တရာယ်များနေသည်။
သူ၏ တိုက်ပွဲဝင်ဗီဇမှာ တောရိုင်းတိရစ္ဆာန် တစ်ကောင်ကဲ့သို့ပင်။ ယုတ္တိနည်းအရဆိုလျှင် တိုက်ပွဲပေါင်းထောင်ချီ မတိုက်ခဲ့ဖူးဘဲ ဤကဲ့သို့ ထက်မြက်သော ပင်ကိုယ်အသိကို ပိုင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
ဤလူငယ်မှာ မည်သို့ပင် ကြည့်ကြည့် ထိုကဲ့သို့သောအတွေ့အကြုံရင့် သိုင်းပညာရှင်မျိုးနှင့် မတူပေ။
ထို့ကြောင့် ဖြေရှင်းချက် တစ်ခုသာ ရှိတော့သည်။
ပါရမီရှင်
"မင်းက မိန်းမစိုးဝေကို သတ်ခဲ့တဲ့ သူခိုးလား" သံလှံကို ကိုင်ထားရင်း စစ်သူကြီးဖန်းက ထပ်မံ မတိုက်ခိုက်သေးဘဲ မေးလိုက်၏။ တစ်ချက်ထိုးပြီးသည်နှင့် သူသည် လူအုပ်အနောက်သို့ အမြန် ပြန်ဆုတ်သွားကာ ချန်လော့ကို အခွင့်အရေး လုံးဝ မပေးပေ။
ပတ်ဝန်းကျင်ရှိ စစ်သားများသည်လည်း ချန်လော့၏ သတ်ဖြတ်မှုကြောင့် ကြောက်ရွံ့နေကြသည်။ သူတို့တွင် ဓားများ ကိုင်ထားသော်လည်း မည်သူမျှ အစပျိုးမတိုက်ခိုက်ဝံ့ကြပေ။
ခဏတာအတွင်းမှာပင် ဆယ်ယောက်ကျော် လဲကျသွားခဲ့ပြီဖြစ်ရာ၊ အသေးစား ဒဏ်ရာရသူများမှာ ခြေလက်ကျိုးကုန်ကြပြီး ပြင်းထန်သူများမှာမူ အသက်ပင် မရှိတော့ပေ။
"နင်မင်းသား လား"
ချန်လော့၏ မျက်လုံးများ လင်းလက်သွားပြီး နာမည်တစ်ခုကို စမ်းသပ်ကာ ပြောလိုက်၏။
သူသည် စစ်သူကြီးဖန်း၏ အထောက်အထားကိုလည်း ခန့်မှန်းမိသွားပြီဖြစ်သည်။
သူသည် ခြံဝင်းထဲသို့ ဝင်လာခဲ့သူဖြစ်နိုင်သလို မိန်းမစိုးဝေ၏ နောက်ကွယ်မှ အကူအညီပေးသူလည်း ဖြစ်နိုင်ပေသည်။
'တကယ်ပါပဲ၊ သူ အသည်းအသန် ရှာနေတဲ့သူက သူ့ရှေ့ကို ရောက်လာခဲ့ပြီပဲ။'
ဤနေရာတွင် စစ်သူကြီးဖန်းကိုသာ သတ်လိုက်နိုင်မည်ဆိုလျှင် သူနှင့် သူ့ဦးလေးစန်းတို့ဟာ အနာဂတ်တွင် အေးအေးဆေးဆေးနေနိုင်ကြတော့မည်ဖြစ်လေ၏။
"မင်းကို အသက်ရှင်ခွင့် ပေးလို့မဖြစ်တော့ဘူး"
စစ်သူကြီးဖန်း၏ မျက်နှာ ညိုမည်းသွားပြီး ချက်ချင်းပင်နောက်သို့ ဆုတ်လိုက်သည်။
"သူ့ကို မြှားနဲ့ပစ်သတ်ကြ အဆိပ်မြှားတွေ သုံး"
သူသည် ချန်လော့ကို မနားရစေရန် စကားပြောနေခြင်း ဖြစ်သလို၊ အပြင်ဘက်ရှိ သူ၏ လက်အောက်ငယ်သားများကို အကာအကွယ်ဝိုင်းရံမှု ပြုလုပ်ရန် အချိန်ဆွဲနေခြင်းလည်း ဖြစ်သည်။
သူ ကြံစည်နေသော်လည်း ချန်လော့မှာလည်း မအပေ။
သူ၏ ဦးနှောက် တစ်ရာကျော်အနက် ထွက်ပြေးရာတွင် အကျွမ်းကျင်ဆုံး တစ်ဦးက လုံခြုံသော လမ်းကြောင်းကို ရှာတွေ့ထားပြီး ဖြစ်သည်။
အစောပိုင်းက တိုက်ခိုက်မှုမှာ အန္တရာယ်အရှိဆုံး အချိန်ဖြစ်ခဲ့သည်။
ယခု ဤနေရာသို့ ရောက်လာပြီဖြစ်ရာ အခြေအနေမှာ တစ်ဖက်လူ စိတ်ကြိုက်မဟုတ်တော့ပေ။
သူ နောက်သို့ ခြေလှမ်းဝက် ဆုတ်လိုက်ပြီး ချက်ချင်းပင် ဘယ်ဘက်ရှိ ဖြည်းဖြည်းချင်း ဆုတ်နေသော စစ်သားတစ်ဦးကို ဆွဲဖမ်းလိုက်၏။
လက်တစ်ချက် လိမ်လိုက်ရုံပင်။
ခရက်ဟူသော အသံနှင့်အတူ ဓားကို ကိုင်ထားဆဲဖြစ်သော စစ်သားမှာ ထိုနေရာမှာတင် သေဆုံးသွားတော့သည်။
ဓားမှာ မြေပြင်ပေါ်သို့ ကျသွားရာ ချန်လော့က ကန်ထုတ်လိုက်သဖြင့် အခြားတစ်ဦး၏ ကိုယ်ပေါ်သို့ စိုက်ဝင်သွားသည်။
အလောင်းကို ချန်လော့က ဆွဲယူကာ အဝေးသို့ လှမ်းပစ်လိုက်၏။
ထိုခဏတွင်ပင် အပြင်ဘက်မှ အဆိပ်မြှားမိုးများ ကျဆင်းလာရာ မြှားအများစုမှာ ထိုအလောင်းကိုသာ ထိမှန်သွားတော့သည်။
ချန်လော့ ကိုယ်တိုင်မှာမူ ဤအခွင့်အရေးကို အသုံးချကာ နံရံတစ်ဖက်ရှိ မီးမလောင်သေးသော အခန်းထဲသို့ လျင်မြန်စွာဝင်သွားခဲ့သည်။
ခရက်
လူအုပ်ကြီး သတိမဝင်မီမှာပင် သူသည် ပြတင်းပေါက်ကို ထပ်မံ ရိုက်ခွဲကာ အပြင်သို့ ထွက်သွားခဲ့လေ၏။
ခုန်ပျံမှုအနည်းငယ် ပြုလုပ်ပြီးနောက် သူသည် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားပြီး မည်သည့် သဲလွန်စမျှ ကျန်ရစ်ခြင်း မရှိတော့ပေ။
စစ်သားတစ်အုပ် ရောက်လာချိန်တွင်တော့ ပျက်စီးနေသော သစ်သား ပြတင်းပေါက်ဟောင်းများနှင့် အေးစက်သောလေများ တိုးဝင်နေသည့် အမှောင်တွင်းကြီးကိုသာ မြင်တွေ့လိုက်ရတော့သည်။
ဤမြင်ကွင်းက စစ်သူကြီးဖန်း၏ မျက်နှာကို ပြာနှမ်းသွားစေတော့သည်။
"လိုက်ကြ"
ဤအထိ ရောက်လာပြီဖြစ်ရာ သူသည် အလျှော့ပေး၍ မဖြစ်ပေ။
မဟုတ်ပါက ဤလူသာ ယနေ့ လွတ်သွားလျှင် မနက်ဖြန် သေရမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်လိမ့်မည်။
သူကိုယ်တိုင်ပင်လျှင် အရိုးသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး၏ လုပ်ကြံမှုကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
အမိန့်ကို ကြားသည်နှင့် စစ်သားတစ်အုပ်မှာ ချန်လော့နောက်သို့ အလျင်အမြန် လိုက်လံ ဖမ်းဆီးကြတော့သည်။
စစ်သူကြီးဖန်း ခေါ်ဆောင်လာသော ဤလူများမှာ အထူးလေ့ကျင့်ထားသော လက်ရွေးစင်များဖြစ်ပြီး သစ္စာစောင့်သိမှုမှာလည်း စမ်းသပ်ပြီးသား ဖြစ်ရာ၊ ချန်လော့ကဲ့သို့ ကြမ်းကြုတ်သော သိုင်းသမားမျိုးကို ကြောက်ရွံ့နောက်ဆုတ်နေကြမည် မဟုတ်ပေ။