အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း ၂၇ - တိုက်စစ်နှင့် ခံစစ် အပြောင်းအလဲ
ကောင်တီရုံးတော်မှ မီးလောင်မှုသည် မြို့ထဲတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ စစ်သားတစ်အုပ်ရုံးတော်ထဲမှ ပြေးထွက်လာကြသောအခါ မြို့သူမြို့သားများအားလုံး အိမ်ထဲသို့ ဝင်ပုန်းကြပြီး ခေါင်းပင် မပြူရဲကြပေ။
မြို့ထဲသို့ စစ်သားများ စတင်ဝင်ရောက်လာကတည်းက လုပ်ဆောင်ခဲ့သမျှကို သူတို့ မျက်မြင်ကိုယ်တွေ့ ရှိခဲ့ကြပြီး ဖြစ်သည်။ အညံ့မခံသူများမှာလည်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
"တပ်ဖွဲ့ခေါင်းဆောင် ကျူး၊ စစ်သူကြီးဖန်းရဲ့ ယုံကြည်ရတဲ့ လက်ရုံးတွေ ထွက်မလာကြသေးဘူး"
ထိုစကားကြောင့် ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာမှာ အနည်းငယ် ညိုမှောင်သွားသည်။
"ငါတို့... နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
စစ်သားတစ်စုသည် တပ်ဖွဲ့ခေါင်းဆောင် ကျူးကို ဝိုင်းထားရင်း ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။ သူတို့၏ အရည်အချင်းနှင့်ဆိုလျှင် ထိုကဲ့သို့ ပျံလွှားနေသည့် ရန်သူကို ဖမ်းရန် မဖြစ်နိုင်ကြောင်း သူတို့ သိကြသော်လည်း စစ်သူကြီးရှေ့တွင်တော့ သူတို့၏ တက်ကြွမှုကို ပြသရမည်ဖြစ်သည်။
မဟုတ်ပါက ဒေါသထွက်နေသော စစ်သူကြီးက သူတို့ခေါင်းကို ဖြတ်ပစ်လျှင် မည်သူ့ကိုမှ အကူညီတောင်း၍ ရမည်မဟုတ်ပေ။
"အရင် လုပ်ထုံးလုပ်နည်းအတိုင်းပဲ ရှာဖွေကြမယ်။ သတိနဲ့နေကြ။ စစ်သူကြီး အခု ဒေါသထွက်နေတယ်၊ ဘာမှ သိသာတာမျိုး မလုပ်ကြနဲ့ဦး"
တပ်ဖွဲ့ခေါင်းဆောင် ကျူးသည် မေးခွန်းထုတ်သည့် သူကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ"
တပ်ဖွဲ့ခေါင်းဆောင် ကျူး၏ အမိန့်ကို ကြားသောအခါ အားလုံး သက်ပြင်းချနိုင်သွားကြသည်။ ဘယ်သူမှ မသေချင်ကြသလို ဤစစ်သားများလည်း ထိုနည်းတူပင်။ သစ္စာစောင့်သိမှုဆိုသည်မှာ ရှိသော်လည်း မည်သူ့အပေါ်တွင်လဲ ဆိုသည်မှာ အရေးကြီးသည်။
အကယ်၍ နင်မင်းသားသာ ရှိနေလျှင်တော့ အားလုံးက အစွမ်းကုန် သစ္စာပြကြမည်ဖြစ်သော်လည်း စစ်သူကြီးဖန်းအတွက်မူ မည်မျှအထိ သစ္စာရှိကြမည်နည်းဆိုသည်မှာ ပြောရခက်လှသည်။
စစ်သားများ ထွက်ခွာသွားပြီးနောက် လမ်းမများပေါ်တွင် လိုက်လံရှာဖွေကြတော့သည်။
အခြားတစ်ဖက်တွင်တော့ ချန်လော့ သည် ရုံးတော်ဝင်းထဲမှ လွတ်မြောက်လာပြီးနောက် ဝေးဝေးမသွားဘဲ အနီးနားရှိ အဆောင်တစ်ခုတွင် ပုန်းကွယ်နေသည်။
သူသည် အခွင့်အရေးကို စောင့်ဆိုင်းရင်း အစောပိုင်းက သုံးစွဲခဲ့သည့် ကိုယ်တွင်းချီများကို ပြန်လည် ဖြည့်တင်းနေခြင်းဖြစ်သည်။
သူသည် ယနေ့တွင် စစ်သူကြီးဖန်းကို သတ်ရန် ဆုံးဖြတ်ထားသည်။
သူ၏ ဂျူနီယာညီမလေးကို မကယ်တင်နိုင်သေးဘဲ သူ မည်သို့ ထွက်ပြေးသွားနိုင်မည်နည်း။
သူ အရင်ဆုံး ထွက်ခွာလာရခြင်းမှာ အန္တရာယ်ရှိသည့် ပတ်ဝန်းကျင်မှ ရုန်းထွက်ရန်နှင့် သားကောင်အဖြစ်မှ မုဆိုးအဖြစ် ပြောင်းလဲရန်သာ ဖြစ်သည်။
မိမိ၏ အားသာချက်ကို သုံးကာ ရန်သူ၏ အားနည်းချက်ကို တိုက်ခိုက်ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ အောက်တွင် ရပ်နေရင်း လူတစ်ထောင်ကို ရူးသွပ်စွာ ရင်ဆိုင်ခြင်း၊ လေးသမားများ၊ အဆိပ်မြှားများနှင့် လျှို့ဝှက်လက်နက်များကို ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ သူ၏ ပုံစံမဟုတ်ပေ။
အနည်းဆုံးတော့ ယခုအဆင့်တွင် သူ မလုပ်နိုင်သေးပေ။
တပ်ဖွဲ့ခေါင်းဆောင် ကျူးတို့အုပ်စု ထွက်သွားပြီးနောက် ချန်လော့သည် လမ်းကြောင်းပြောင်းကာ ကောင်တီရုံးတော်ထဲသို့ တစ်ကျော့ပြန် ခိုးဝင်ခဲ့သည်။
အစောပိုင်းက လုပ်ကြံမှုကြောင့် ကောင်တီရုံးတော်မှာ လုံးဝ ဖရိုဖရဲဖြစ်နေသည်။ စစ်သူကြီးဖန်း၏ လက်အောက်ငယ်သားများသည် သတိကြီးစွာ ရှာဖွေနေကြပြီး လုပ်ကြံမှုကို ကာကွယ်ရန် အမှောင်ထောင့်များတွင် မီးတိုင်များ ထွန်းညှိထားကြသည်။
သို့သော် ဤအဆင့်ဖြင့်ရှာဖွေမှုမှာ ချန်လော့အတွက် ဘာမှ ခြိမ်းခြောက်မှု မရှိပေ။
သူ့ကို ဝိုင်းရံမထားသရွေ့တော့ ကောင်တီရုံးတော်ထဲတွင် သူ့ကို ယှဉ်နိုင်သူ မရှိပေ။
လျှို့ဝှက်ကင်းစောင့်များကို ကျော်ဖြတ်ပြီးနောက် ချန်လော့သည် စစ်သူကြီးဖန်း၏ ခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။
စစ်သူကြီးဖန်းသည်လည်း သတ္တိရှိသူတစ်ယောက်ဖြစ်ကာ သူနှင့် ရင်းနှီးသည့် ပတ်ဝန်းကျင်မှ ထွက်မသွားပေ။
ဤအရာသည် ပင်ကိုယ်အရည်အချင်းရှိသူတစ်ဦး၏ လုပ်ရပ်ပင်။ အကယ်၍ သူသာ စိတ်ဓာတ်ကျပြီး ညလယ်ခေါင်တွင် အခြားတစ်နေရာသို့ တစ်ယောက်တည်း ထွက်ပြေးသွားလျှင်တော့ ဤအရာသည် တကယ့်ကို မိုက်မဲသည့် လုပ်ရပ် ဖြစ်သွားပေလိမ့်မည်။
"လာကြ၊ဒီအမျိုးသမီးတွေကို စင်မြင့်ပေါ် တင်လိုက်၊ သူတို့ရဲ့မွေးသက္ကရာဇ်အလိုက် စီစဉ်ကြ၊ ဘာအမှားမှ မရှိစေနဲ့"
အောက်ဘက်တွင်တော့ စစ်သူကြီးဖန်းသည် ထိုစာအုပ်ကို ပြန်ယူပြီး အနီးနားရှိ စစ်သားများကို အမိန့်ပေးနေသည်။
ဤတစ်ကြိမ်တွင်တော့ ချန်လော့ကိုယ်တိုင် တစ်ခုခု မှားနေသည်ကို သတိပြုမိသွားသည်။
'ဒီစာအုပ်က တစ်စုံတစ်ရာသော အနှိုင်းမဲ့လျှို့ဝှက်ကျမ်းဖြစ်နေမလား' ချန်လော့၏ မျက်လုံးများ လင်းလက်သွား၏။
စစ်သူကြီးဖန်းသည် ယခုကဲ့သို့ အခြေအနေမျိုးမှာပင် ထိုစာအုပ်ကို လက်မှ မချနိုင်ခြင်းကြောင့် အတွင်းတွင် ရှိနေသည့် လျှို့ဝှက်ချက်မှာ သေချာပေါက် ကြီးမားရပေမည်။
ထိုအရာကို တွေးရင်း ချန်လော့သည် နံရံထောင့်ဆီသို့ အသာအယာ ရွေ့လျားသွား၏။
ထိုနေရာသည် ခြံဝင်း၏ ထောင့်ဖြစ်ပြီး အနားတွင် သစ်ပင်ကြီးတစ်ပင် ရှိနေသည်။
စစ်သူကြီးဖန်း စီစဉ်ထားသည့် အလယ်ဗဟို စင်မြင့်နှင့်တော့ အနည်းငယ် ဝေးသည်။ ဤနေရာတွင် အစောင့်သုံးယောက် ရှိနေပြီး သုံးယောက်စလုံးမှာ မီးတိုင်များ ကိုင်ထားကြသောကြောင့် နေရာတစ်ခုလုံး လင်းထိန်နေသည်။
ချန်လော့သည် ခေါင်မိုးပေါ်တွင် ပုန်းနေရင်း အုတ်ကြွပ်ပြားတစ်ခုကို လက်တစ်ဖက်ဖြင့် မလိုက်၏။
လက်ချောင်းများကို အနည်းငယ် အားစိုက်လိုက်သောအခါ အုတ်ကြွပ်ပြားမှာ အပိုင်းပိုင်းကွဲသွားသည်။
ရှုး... ရှုး... ရှုး
ကွဲအက်သွားသည့် အုတ်ကြွပ်စများသည် ချီစွမ်းအင်နှင့် အတူ လျှို့ဝှက်လက်နက်များကဲ့သို့ အစောင့်သုံးယောက်၏ လည်ပင်းများကို လွယ်လွယ်ကူကူ ဖောက်ထွက်သွားသည်။
သူတို့ သုံးယောက်မှာ အသံပင် မထွက်နိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြ၏။
"ဘယ်သူလဲ"
ချန်လော့က တတ်နိုင်သမျှ သတိထားခဲ့သော်လည်း လွင့်ကျသွားသည့် မီးတိုင်များကြောင့် အနီးနားရှိလူများ သတိပြုမိသွားသည်။
လှုပ်ရှားမှုကို သတိထားမိသည်နှင့်တစ်ယောက်ယောက်က ချက်ချင်း အော်ဟစ်လိုက်၏။ အသံကြောင့် အားလုံး ထိတ်လန့်သွားကြသည်။
"ဒါ... ကျိချွန်းတို့ သုံးယောက်ပဲ"
"သူတို့ သေသွားပြီ"
အသံများမှာ ဆူညံသွားပြီး အားလုံး ချက်ချင်း တင်းမာသွားကြ၏။ သူတို့သည် လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။
အမှောင်ထုကြီးမှာ လူများကို ဝါးမျိုတော့မည့် မိစ္ဆာဘုရင်ကြီး၏ ပါးစပ်ပေါက်ကြီးကဲ့သို့ ဖြစ်နေပြီး လူများကို အတိုင်းအဆမရှိသော ဖိအားများ ပေးနေသည်။
အစောပိုင်းက ဝိုင်းရံထားစဉ်ကတော့ သူတို့ ဒါကို မခံစားရသော်လည်း ယခုတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီဖြစ်သည်။ အားလုံးသည် အရိုးသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ရုတ်တရက် ခံစားလိုက်ရပေ၏။
"ဘာတွေ ပျာယာခတ်နေကြတာလဲ အဲဒီသူခိုးသာ ထွက်ရဲရင် ငါ သူ့ကို အပိုင်းပိုင်းခုတ်ပြီး ခွေးစာကျွေးပစ်မယ်"
စစ်သူကြီးဖန်းက အော်ဟစ်ရင်း စစ်သားတစ်ယောက်ကို ကန်လိုက်ပြီး သူတို့၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲအလုပ်ကို ဆက်လုပ်ရန် အတင်းအကျပ် အမိန့်ပေးသည်။ ကန်ခံလိုက်ရသည့် စစ်သားသည် နာကျည်းနေသော်လည်း မခုခံဝံ့သောကြောင့် စစ်သူကြီးဖန်းနှင့်အတူ ပြန်လာခဲ့ရသည်။
ဝှူး...
အနက်ရောင် အလင်းတစ်ခု ဖြတ်ပြေးသွား၏။
ဗုန်း ဆိုသည့် အသံတစ်ခုသာ ကြားလိုက်ရပြီး ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးသည့် စစ်သား၏ လည်ပင်းမှာ ချက်ချင်း အပေါက်ဖောက်ခံလိုက်ရသည်။
ပူနွေးသော သွေးများသည် စစ်သူကြီးဖန်း၏ မျက်နှာပေါ်သို့ ပန်းထွက်လာပြီး တစ်ချိန်တည်းမှာပင် အခြားစစ်သား အနည်းငယ်လည်း တိုက်ခိုက်ခံလိုက်ရသည်။ ပို၍ ထူးဆန်းသည်မှာ ဤမျှ လူအများကြီး ရှိနေသော်လည်း တိုက်ခိုက်သူ ဘယ်မှာရှိသည်ကို တစ်ယောက်မှ မမြင်လိုက်ရခြင်းဖြစ်သည်။
သူတို့ ပြေးသွားကြည့်တိုင်း အိမ်ထောင့်တွင် ဘာမှမရှိသည်ကိုသာ တွေ့ရပေ၏။
"ဘယ်လိုသူရဲကောင်းက ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာလဲ၊သတ္တိရှိရင် ထွက်ခဲ့ပြီး ပွင့်ပွင့်လင်းလင်း တိုက်စမ်း"
ထိုအသံသည် ကောင်တီရုံးတော်၏ အပြင်ဘက်အထိ ပျံ့နှံ့သွားသည်။
အမှောင်ထဲတွင် ပုန်းနေသည့် ရှဟူဂိုဏ်းမှ ဝမ်တာ့ကျန်းပင် ကြားလိုက်ရ၏။
'ကျွမ်းကျင်သူဆိုတာ ကျွမ်းကျင်သူပါပဲ။ လူတစ်ယောက်တည်းနဲ့ နန်းတွင်းခွေးတွေကို အစွမ်းကုန်ကြောက်အောင် လုပ်နိုင်တာပဲ။ ရှောင်မင်တော့ လွတ်ပြီ' ဝမ်တာ့ကျန်းမှာ အလွန် စိတ်လှုပ်ရှားနေပြီး ဤကိစ္စပြီးလျှင် သူ၏တူမအတွက် ခင်ပွန်းတစ်ယောက် ရှာပေးသင့်သလားဟုပင် စဉ်းစားနေမိသည်။
ဤ စီနီယာအစ်ကိုမှာ တကယ့်ကို အဆင်ပြေပုံရသည်၊ သူတို့နှစ်ဦးလုံးက ဆရာမာ၏ တပည့်များဖြစ်ပြီး သူ၏သိုင်းပညာမှာလည်း အလွန်တော်လှသည်။
ဘုန်း ဘုန်း
ခြံဝင်းထဲတွင် နောက်ထပ် အလောင်းနှစ်လောင်း လဲကျသွားပြန်၏။
ဤနည်းလမ်းအတိုင်းပင်၊ ဤလျှို့ဝှက်လက်နက်သာ ဖြစ်သည်။
ပတ်ဝန်းကျင်မှ လူများသည် ပို၍ ထိတ်လန့်လာကြပြီး ခြံဝင်းထဲရှိ ခံစစ်ပုံစံကို စွန့်လွှတ်လိုက်ကြသည်။ အသက်ရှင်ကျန်သူများ အားလုံး တစ်စုတစ်ဝေးတည်း စုလိုက်ကြ၏။
စစ်သူကြီးဖန်းလည်း ဘာမှ မတတ်နိုင်တော့ပေ။ အစောပိုင်းက အန္တရာယ်ကို မစွန့်စားခဲ့မိသည်ကို သူ ယခုတော့ နက်နက်ရှိုင်းရှိုင်း နောင်တရနေပြီဖြစ်သည်။
သူ လုပ်နိုင်သည်မှာ တစ်ဖက်လူကို စကားဖြင့် ရန်စပြီး ထွက်လာအောင် လုပ်ရန်သာဖြစ်သည်။
"အရိုးသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်နေပြီးတော့ အမှောင်ထဲကနေပဲ ခိုးတိုက်ရဲတာလား၊မင်းရဲ့ သိုင်းတာအိုက ကြွက်လမ်းစဉ်လား"
ချန်လော့မှာ ဘယ်လောက်အထိ တည်ငြိမ်သလဲဆိုလျှင်၊ အစောပိုင်းက အန္တရာယ်ကို ကြုံတွေ့ပြီးကတည်းက သူသည် အသစ်တစ်ဖန် မွေးဖွားလာသလိုပင်။ အရာရာတွင် တည်ငြိမ်ရန်မှာ အရေးကြီးဆုံးဖြစ်သည်။
စစ်သူကြီးဖန်း၏ စကားအနည်းငယ်နှင့် သူ ထွက်လာမည်လော။
ဆယ်မိနစ် ခန့် ကြာသွား၏။
နောက်ထပ် လူအနည်းငယ် ထပ်သေသွားပြီး ခြံဝင်းထဲတွင် ကျန်သည့်လူများမှာ လျှို့ဝှက်ကင်းစောင့်များအပါအဝင် အနည်းငယ်သာ ရှိတော့သည်။
ခေါင်မိုးများနှင့် အိမ်များကိုလည်း စစ်သူကြီးဖန်းတို့ အုပ်စုက အကုန် ဖျက်ဆီးပစ်လိုက်ကြပြီ ဖြစ်သည်။ သို့သော် ဤသို့လုပ်ခြင်းကလည်း ဘယ်သူ့ကိုမှ ဖမ်းမမိစေပေ။
ရန်သူက တစ္ဆေတစ်ကောင်ကဲ့သို့ပင်၊ အရိပ်ပင် မမြင်ရပေ။
ယခုတော့ အားလုံး ကွင်းပြင်ဖြစ်နေသည့် ခြံဝင်းထဲတွင်စုနေကြပြီး အနီးနားရှိ သစ်ပင်များကိုလည်း အကုန်ခုတ်ပစ်လိုက်ပြီ ဖြစ်သည်။
ပုန်းစရာနေရာ မရှိတော့သည့်အတွက် ထပ်မံ တိုက်ခိုက်ခံရရန် မလွယ်ကူတော့ပေ။
ဝစ်
နောက်တစ်ယောက် မြေပြင်ပေါ် လဲကျသွားပြန်လေ၏။
"ဒါ... လက်မောင်းမြှား ပဲ"
ဒူးထောက်ပြီး အလောင်းကို စစ်ဆေးသည့် စစ်သား၏ မျက်နှာ ပျက်သွား၏။ သူတို့ ပင်ပင်ပန်းပန်း တည်ဆောက်ထားသည့် လုံခြုံရေးဇုန်မှာ လက်မောင်းမြှား တစ်စင်းကြောင့် အလကား ဖြစ်သွားပြီဖြစ်သည်။
ကျောက်ခဲများကို ကာကွယ်နိုင်သော်လည်း လက်မောင်းမြှားများကိုတော့ မကာကွယ်နိုင်ပေ။
"ဒါ... စစ်သူကြီးရဲ့ လက်မောင်းမြှားပဲ"
တစ်ယောက်က လက်မောင်းမြှားပေါ်မှ အမှတ်အသားကို မှတ်မိသွား၏။ ထိုရလဒ်က စစ်သူကြီးဖန်း၏ မျက်နှာကို ပို၍ ဆိုးရွားသွားစေသည်။
သူတို့အုပ်စုသည် စစ်သူကြီးဖန်း၏ အခန်းထဲသို့ အမြန်ပြန်သွားကြသောအခါ အခန်းထဲရှိ အရာအားလုံးမွှေနှောက်ခံထားရသည်ကို တွေ့လိုက်ရ၏။ ငွေစက္ကူများတင် ပျောက်ဆုံးသွားခြင်း မဟုတ်ဘဲ စစ်သူကြီးဖန်း အကြိုက်ဆုံး လက်မောင်းမြှားများပါ ပျောက်ဆုံးနေခြင်းဖြစ်သည်။
ဝစ်
နောက်ထပ်အသံအချို့ ထွက်ပေါ်လာပြီး အနောက်ဆုံးမှ စစ်သားများသည် မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားကြပြန်သည်။
'ခုနစ်ယောက် ကျန်တယ်၊ လေးယောက်က လျှို့ဝှက်လက်နက် ပါတယ်။ သုံးယောက်က ဓားပါတယ်'
အမှောင်ထဲတွင် ပုန်းနေသည့် ချန်လော့မှာ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ပင်။ သူသည် အပြင်တွင် ကျန်နေသည့် လူခုနစ်ယောက်ကို အကဲခတ်နေ၏။
သူ၏ ဦးနှောက်တစ်ရာထဲမှ ရန်သူ့အခြေအနေကို အကဲခတ်ရာတွင် အကျွမ်းကျင်ဆုံး တစ်ဦးက အချက်အလက်များကို ချက်ချင်းပေးနေသည်။
"သတိထားကြ"
သံလှံကို ကိုင်ထားသည့် စစ်သူကြီးဖန်း၏ လက်ဖဝါးများတွင် ချွေးများ စိုနေ၏။
သူ့ဘေးတွင် လူအနည်းငယ်သာ ကျန်တော့သည်။
အပြင်မှ မှောင်အတိကျနေသည့် ညအမှောင်ကို ကြည့်ရင်း သူ ပထမဆုံးအကြိမ် နောင်တရမိသည်။ အကယ်၍ သူ ချင်းယာကောင်တီသို့ မလာခဲ့လျှင် ဤကဲ့သို့ ကြုံရပါမည်လော။
တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် ဒေါသများ တဟုန်ထိုး ထွက်ပေါ်လာသည်။ အင်ပါယာ စစ်သူကြီးတစ်ယောက်ဖြစ်သည့် သူသည် မည်သည့်အခါက ဤသို့ သိုင်းလောကသား တစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရဖူးသနည်း။
မိုးလင်းသည့်အထိသာ တောင့်ခံထားနိုင်လျှင် ဤသူခိုးကို ရှာပြီး သူ၏မျိုးရိုးတစ်ခုလုံးကို မျိုးတုံးအောင် သတ်ပစ်မည်။
သူ၏ အတွေးကို တုံ့ပြန်လိုက်သည်မှာတော့ နောက်ထပ် အလောင်းတစ်လောင်း လဲကျသွားသည့် အသံပင်။
အရိုးသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်က အရာအားလုံးကို စွန့်လွှတ်ပြီး တိုက်ခိုက်လာသောအခါ ပေးစွမ်းနိုင်သည့် ဖိအားမှာ ဤမျှအထိ ပြင်းထန်သည်။ ယခုတော့ ခြံဝင်းထဲတွင် ကျန်သည့် လူအနည်းငယ်မှာ ရန်သူကို မကာကွယ်နိုင်တော့ပေ။
ဤမျှလူနည်းနည်းလေးဖြင့်ဆိုလျှင် ရန်သူက ပွင့်ပွင့်လင်းလင်း ထွက်လာလျှင်တောင် သူတို့ နိုင်မည်မဟုတ်ပေ။ သို့သော် အမှောင်ထဲမှ ရန်သူကတော့ အလွန် သတိကြီးလွန်းလှသည်။
ဤအထိ ရောက်နေသည်တိုင် သူ ကိုယ်ယောင်မပြဘဲ အလစ်တိုက်ခြင်းကိုသာ ဆက်လုပ်နေ၏။
"တစ်ယောက်သတ်ရင် အရင်းပဲ၊ နှစ်ယောက်သတ်ရင် မြတ်တယ်၊ မင်းသာ ထွက်မလာရင် ဒီမိန်းမတွေ အကုန်လုံးကို ငါ သတ်ပစ်မယ်"
သေဘေး၏ ခြိမ်းခြောက်မှုအောက်တွင် ကျန်သည့်လူအနည်းငယ်သည် နောက်ဆုံးတွင် ရူးသွပ်သွားကြ၏။ သူတို့သည် စစ်သူကြီးအတွက် ဤအမျိုးသမီးများ မည်မျှ အရေးကြီးသည်ကို ဂရုမစိုက်တော့ဘဲ အမှောင်ထဲက အဆိပ်မြှားမြွေကို ထွက်လာအောင်သာ လုပ်ချင်ကြတော့သည်။
ဓားကိုင်ထားသော သူတို့ထဲမှ နှစ်ယောက်သည် သတိလစ်နေသည့် ဟယ်မင်တို့ဆီသို့ အမြန် ပြေးသွားကြသည်။
ရှုး... ရှုး... ရှုး...
လက်မောင်းမြှား အချို့ ထပ်မံ ပျံသန်းလာ၏။ ပြေးထွက်သွားသည့် သုံးယောက်မှာ ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးမီမှာပင် သူတို့၏ လည်ပင်းများကို လက်မောင်းမြှားများက ဖောက်ထွက်သွားသည်။
သူတို့၏ ပြူးထွက်နေသည့် မျက်လုံးများမှာ အကြောင်သားဖြစ်နေပြီး လည်ပင်းများမှ သွေးများ စီးကျလာ၏။ သူတို့ သေဆုံးသည့်အထိ တိုက်ခိုက်သူ ဘယ်မှာပုန်းနေသည်ကို တစ်ခါမျှ မမြင်လိုက်ရပေ။
အခန်း ၂၈ - ကယ်တင်ခြင်း
နောက်ဆုံးကျန်နေသည့် အလောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွား၏။
စစ်သူကြီးဖန်းသည် လူသတ်သမားကို အဆုံးအထိ သေချာမမြင်လိုက်ရဘဲ မျက်လုံးအပြူးသားဖြင့် သေဆုံးသွားခဲ့သည်။
ထို အရိုးသန့်စင်ခြင်းအဆင့် ပညာရှင်သည် သူမျှော်လင့်ထားသည်ထက်ပင် ပို၍ အရေထူနေပြီး သူတို့ကို တစ်ယောက်ချင်းစီ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်သူကြီးဖန်းသည် အပြင်သို့ ဖောက်ထွက်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း သူတို့ လှုပ်ရှားလိုက်တိုင်း လူများမှာ ကောက်ရိုးများကဲ့သို့ လဲကျကုန်ကြသည်။ အထူးသဖြင့် အဝင်ဝနှင့် လမ်းကြားများကို ဖြတ်သန်းချိန်တွင် လူသေနှုန်းမှာ ပို၍ မြင့်မားခဲ့သည်။
နှစ်ချီ၊ သုံးချီခန့် ကြုံပြီးနောက်တွင်တော့ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရ၏။
နောက်ဆုံးတွင်တော့ သူ၏ ဘေးနားရှိ လူများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသည်ကို ငေးကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။ ဤကဲ့သို့ သေဘေးနှင့် ရင်ဆိုင်နေရသည့် အချိန်က စစ်သူကြီးဖန်းကို အလွန်ညှဉ်းပန်းနှိပ်စက်ခဲ့ရာ နောက်ဆုံးတွင် မြှားတစ်စင်း သူ၏ လည်ပင်းကို ဖောက်ထွက်သွားချိန်၌ သူသည် စိတ်အေးသွားသလိုပင် ခံစားလိုက်ရသည်။
"ငါက မင်းနဲ့ အားရပါးရ တိုက်ခိုက်ချင်ခဲ့တာပါ၊ ဒါပေမဲ့ မင်းက အရင်ဆုံး လူမဆန်တဲ့နည်းလမ်းတွေ သုံးခဲ့တာလေ"
ချန်လော့ သည် အမှောင်ထဲမှ ထွက်လာ၏။ မျက်လုံးအပြူးသားနှင့် သေဆုံးနေသော စစ်သူကြီးဖန်းကို ကြည့်ကာ သူ၏ခါးနောက်မှ သံတုတ်ကို ဆွဲထုတ်လိုက်ပြီး ကိုယ်တွင်းချီထည့်ကာ စစ်သူကြီး၏ ရင်ဘတ်ထဲသို့ အားဖြင့် ပစ်သွင်းလိုက်သည်။
အလောင်းမှာ မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ပေ။ ထိုသူအမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူသည် သက်ပြင်းချရင်း အနားသို့ ချဉ်းကပ်လိုက်၏။
ပထမဆုံးအကြိမ် ခိုးဝင်စဉ်က စစ်သူကြီးဖန်းသည် အလွန် သတိကြီးခဲ့ပြီး သူ့ကို တစ်ယောက်ချင်း ယှဉ်တိုက်ရန် အခွင့်အရေး မပေးခဲ့ပေ။ ယခု အခြေအနေ ပြောင်းလဲသွားချိန်တွင်တော့ ချန်လော့သည် မိမိရရှိထားသော အသာစီးကို စွန့်လွှတ်ကာ ရူးသွပ်စွာဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် မရည်ရွယ်တော့ပေ။
"ငါ မင်းကို ခရီးဆုံးအထိ လိုက်ပို့ပေးမယ်"
ချန်လော့သည် စစ်သူကြီးဖန်း၏ နဖူးပေါ်သို့ လက်တင်လိုက်၏။
'သေဆုံးသူ၏ဦးနှောက်အကြွင်းအကျန်ကို ဖတ်ရှုနေသည်... ပျက်စီးမှု ၄၂ ရာခိုင်နှုန်း... ဆက်လက် ဖတ်ရှုမည်လော'
"ပျက်စီးမှုက ဒီလောက်တောင်များနေတာလား ငါ အားနည်းနည်း များသွားတာပဲ၊ ခေါင်းကိုတော့ ရှောင်သင့်တာ" ချန်လော့သည် နောင်တရသလို ပြောလိုက်၏။
ထိုစဉ်က အခြေအနေမှာဖရိုဖရဲ ဖြစ်နေပြီး စစ်သူကြီးဖန်း လွတ်မြောက်သွားကာ အနာဂတ်တွင် ပြဿနာတက်မည်ကို စိုးရိမ်သဖြင့် သူသည် လက်ကို အနည်းငယ် ပိုအားစိုက်ခဲ့မိသည်။
စစ်သူကြီးဖန်း၏ မျက်နှာကို အုတ်ခဲနှင့် အားရပါးရ ထုနှက်ခဲ့ပြီးမှ လက်မောင်းမြှားဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်သူကြီးဖန်း၏ မျက်နှာမှာ သွေးအိုင်ထဲတွင် ပျက်စီးနေပြီး မျက်လုံးကိုပင် မမှိတ်နိုင်ဘဲ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
'ဖတ်မည်'
ထူးခြားသော စွမ်းအင်တစ်ခုသည် သူ၏ လက်ဖဝါးမှတစ်ဆင့် မျက်ခုံးကြားသို့ စီးဝင်သွားသည်။ ခဏအကြာတွင် သူ၏ စိတ်ထဲရှိ အသုံးမဝင်တော့သော ဦးနှောက်နှစ်ခုမှာ ပျောက်ကွယ်သွားတော့သည်။
ခြံဝင်းထဲရှိ စစ်သူကြီးဖန်းနှင့် အပေါင်းအပါများကို ရှင်းလင်းပြီးနောက် ချန်လော့သည် နောက်ဆုံးတွင် စိတ်အေးသွားရ၏။ ဤမျှ ကြီးမားသော လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသော်လည်း အပြင်မှ မည်သူမျှ လာရောက် ကူညီခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် ရှာဖွေရေးထွက်သွားသည့် စစ်သားများမှာ ကိုယ့်လမ်းကိုယ်ရှာသွားကြပြီဖြစ်ကြောင်း ချန်လော့ သိလိုက်သည်။
ဤသည်မှာ သူ့အတွက်တော့ အကောင်းဆုံးဖြစ်ပြီး ပြဿနာ အပိုမတက်တော့ပေ။ တစ်ညတည်းနှင့် လူအများကြီးကို သတ်လိုက်ရသဖြင့် သူကိုယ်တိုင်ပင်အနည်းငယ် ထုံထိုင်းသလို ခံစားနေရသည်။
"ဂျူနီယာညီမလေး ဟယ်... ထတော့"
အသုံးဝင်သော ဦးနှောက်အချို့ကို ထပ်မံ စုဆောင်းပြီးနောက် ချန်လော့သည် ချည်နှောင်ခံထားရသည့် ဟယ်မင် နှင့် အခြားအမျိုးသမီးများထံ လျှောက်သွားကာ သူတို့၏ ကြိုးများကို ဖြည်ပေးလိုက်ပြီး ဟယ်မင်၏ ပါးကို အသာအယာ ပုတ်လိုက်၏။ သို့သော် ဟယ်မင်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသကဲ့သို့ ဖြစ်နေပြီး မည်သို့ ခေါ်ခေါ် နိုးမလာပေ။
"အားနည်းနေလို့လား"
ချန်လော့သည် သူ၏ လက်ဖဝါးကို ကြည့်ပြီးနောက် သတိမေ့နေသော ဟယ်မင်ကို ကြည့်လိုက်၏။ အချိန်အတော်ကြာ တွေဝေပြီးနောက်တွင်တော့ သူ၏ စိတ်ထဲရှိသော အတွေးများကို ဖျောက်ဖျက်လိုက်ရသည်။
အကယ်၍ သူမကို ဝက်မျက်နှာဖြစ်အောင် ရိုက်နှိုးပြီးမှ ခေါ်သွားလျှင် ရှင်းပြရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သူမကို ပြန်ခေါ်သွားပြီး ဆရာမာတို့အုပ်စုကိုသာ ဆက်လက် ကိုင်တွယ်ခိုင်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ချင်းယာကောင်တီ သို့ ပြန်လာရသည့်ရည်ရွယ်ချက်မှာ အောင်မြင်ခဲ့ပြီဖြစ်သည်။
နောက်တစ်ဆင့်မှာ ထွက်ပြေးရန် ပြင်ဆင်ခြင်းပင်။
ချင်းယာကောင်တီ အောက်ရုံးတရားသူကြီး ဖြစ်စေ၊ စစ်သူကြီးဖန်း ဖြစ်စေ သူတို့နောက်ကွယ်တွင် ရှိနေသည်မှာ နင်မင်းသား ပင် ဖြစ်သည်။ သူတို့အားလုံးမှာ ကြီးမားသော စီမံကိန်းတစ်ခု၏ အစိတ်အပိုင်းများဖြစ်ပြီး ချန်လော့က ဤလူများကို သတ်လိုက်ခြင်းမှာ နင်မင်းသားနှင့် ရန်သူဖြစ်သွားပြီဟု အဓိပ္ပာယ်ရပေ၏။
ကံကောင်းသည်မှာ ယခုအချိန်အထိ နင်မင်းသားသည် ချန်လော့၏ တည်ရှိမှုကို မသိရှိသေးခြင်းပင်။
အကယ်၍ ကောင်းမွန်စွာ ကိုင်တွယ်နိုင်လျှင် ဤကိစ္စမှာ ဤနေရာ၌တင် ပြီးဆုံးသွားပေလိမ့်မည်။ နင်မင်းသားကို လက်စားချေရန်အတွက်မူ ချန်လော့က မိမိကိုယ်ကိုယ် ထိုမျှအထိ အစွမ်းထက်သည်ဟု မယူဆသေးပေ။
သူသည် ဤကိစ္စတွင် မည်သည့် ဆုံးရှုံးမှုမျှ မရှိခဲ့သဖြင့် အသေအလဲတိုက်ခိုက်နေရန် မလိုပေ။ အကယ်၍ လက်စားချေချင်လျှင်ပင် မိမိ၏ အင်အား တိုးတက်လာသည်အထိ စောင့်ရပေမည်။
မင်းသားတစ်ပါး၏ အဆင့်အတန်းမှာ မြို့အုပ်ချုပ်သောတရားသူကြီးနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရပေ။ ယနေ့ည သူ သတ်လိုက်သည့် စစ်သူကြီးဖန်းမှာ နင်မင်းသားအတွက်တော့ နာမည်ပင် မမှတ်မိနိုင်သည့် အသုံးတော်ခံ ခွေးတစ်ကောင်သာ ဖြစ်နိုင်ပေသည်။
"ဟင်"
ချန်လော့သည် ရေအေးပုံးရှာရန် ပြင်ဆင်နေစဉ် အနီးနားရှိ ကျောက်စိမ်းစာအုပ် တစ်အုပ်က သူ၏ အာရုံကို ဆွဲဆောင်သွား၏။ သူ၏ စိတ်ထဲတွင် ငြိမ်သက်နေသော တော်ဝင်မျိုးနွယ် ဦးနှောက်မှာ ထိုကျောက်စိမ်းစာအုပ်ကို မြင်လိုက်သည်နှင့် ရုတ်တရက် လှုပ်ရှားလာသည်။
'ဒါက တော်ဝင်မျိုးနွယ် ဦးနှောက်က သိကျွမ်းခဲ့တဲ့ စာအုပ်ပဲ။'
ချန်လော့၏ စိတ်ထဲတွင် အတွေးတစ်ခု ချက်ချင်း ပေါ်လာသည်။ ပုန်းကွယ်နေသော တော်ဝင်မျိုးနွယ်ဝင် တစ်ဦးသည် သူ၏ ဦးလေးတော်စပ်သူ မင်းသား၏ အကူအညီဖြင့် လျှို့ဝှက်နယ်မြေ တစ်ခုသို့ သွားရောက်ကာ ဤလျှို့ဝှက်ကျောက်စိမ်းစာအုပ်ကို ရယူခဲ့ခြင်း ဖြစ်သည်။
သူသည် ဤစာအုပ်ကို အသုံးချကာ သူ၏ အခြေအနေကိုပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း သူ အယုံကြည်ရဆုံးသော ဦးလေးဖြစ်သူ၏ သစ္စာဖောက်မှုကို ခံခဲ့ရပြီး အမည်မသိ တောင်ကုန်းတစ်ခုတွင် သနားစရာကောင်းစွာ သေဆုံးခဲ့ရလေ၏။ သူ အသက်နှင့်လဲ၍ ရယူခဲ့သော စာအုပ်မှာလည်း မင်းသား၏ လူများလက်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ချန်လော့သာ ဝင်မပါခဲ့လျှင် ချင်းယာကောင်တီ၏ပုန်ကန်မှုမှာ အောင်မြင်စွာ နှိမ်နင်းခံရပြီး၊ တော်ဝင်မျိုးနွယ်ဝင်၏ လက်စားချေမှုမှာလည်း ပြီးဆုံးကာ ဤစာအုပ်မှာ မင်းသား၏ လက်ထဲသို့ ရောက်ရှိသွားပေလိမ့်မည်။
ပါဝင်ပတ်သက်သူအားလုံးမှာလည်း သူပုန်နှိမ်နင်းခြင်းအောင်မြင်မှုအတွက် ဂုဏ်ပြုခံရမည် ဖြစ်သည်။
တစ်ခုတည်းသော ဆုံးရှုံးမှုမှာ ချင်းယာကောင်တီမှ ပြည်သူများပင်။ သို့သော် အာဏာရှိသူများ၏ မျက်လုံးထဲတွင်တော့ သာမန်ပြည်သူများ၏ အသက်မှာ ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်သည်။
"စီနီယာအစ်ကို"
ချန်လော့က ထိုစာအုပ်ကို ထပ်မံစစ်ဆေးရန် ပြင်နေစဉ်မှာပင် သတိမေ့နေသော ဟယ်မင်မှာ နိုးလာခဲ့ပြီး အခြားအမျိုးသမီးများလည်း နိုးလာကြ၏။
သူတို့သည် ပတ်ဝန်းကျင်ရှိ အလောင်းများကို မြင်လျှင်မြင်ချင်း ထိတ်လန့်သွားကြတော့သည်။
"မင်းတို့ နိုးလာတာ ကောင်းပါတယ်။ ဒီမှာရှိတဲ့လူတွေအားလုံးကို ငါ သတ်လိုက်ပြီ။ သူတို့ကို နှစ်သိမ့်ပေးပြီး ထွက်ခွာဖို့ ပြင်ဆင်ကြ"
ချန်လော့သည် ကျောက်စိမ်းစာအုပ်ကို သူ၏ ရင်ဘတ်ထဲသို့ သိမ်းဆည်းလိုက်ပြီး ဟယ်မင်ကို ညွှန်ကြားလိုက်လေ၏။ အရေးကြီးဆုံးမှာ လွတ်မြောက်ရန်ဖြစ်ပြီး စာအုပ်ကိုတော့ လုံခြုံသည့်နေရာ ရောက်မှသာ လေ့လာနိုင်မည်ဖြစ်သည်။
"အားလုံးကို သတ်လိုက်တာလား" ဟယ်မင်သည် ကြောင်တောင်တောင်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေမိသည်။ စစ်သူကြီးဖန်း၏ မျက်လုံးအပြူးသားဖြင့် သေဆုံးနေသော မျက်နှာကို မြင်မှသာ အားလုံးကို သတ်လိုက်သည်ဆိုသည့် အဓိပ္ပာယ်ကို သူမ အမှန်တကယ် နားလည်သွားတော့သည်။
ဤလူများအားလုံး အမှန်တကယ် သေဆုံးသွားပြီဖြစ်ပြီး ၎င်းမှာ သူမ၏ စီနီယာအစ်ကို၏ လက်ချက်ပင် ဖြစ်သည်။ သို့သော် ဆရာမာပြောခဲ့သည်မှာ စီနီယာအစ်ကိုသည် လွန်ခဲ့သော တစ်လခန့်ကမှ သိုင်းပညာ စသင်ခဲ့သည် မဟုတ်ပါလော။
ဆရာမာ မှားသွားခြင်းလော။
"စီနီယာအစ်ကို နေပါဦး" ဟယ်မင် သတိဝင်လာချိန်တွင် ချန်လော့မှာ ခြံဝင်းတံခါးသို့ ရောက်နေပြီဖြစ်၏။ သူမသည် အမြန်ထကာ ချန်လော့နောက်သို့ လိုက်သွားတော့သည်။
အခြားအမျိုးသမီးများလည်း အလောင်းများ ပြည့်နေသည့် ခြံဝင်းထဲတွင် မနေလိုသဖြင့် အလျင်အမြန် လိုက်လာကြသည်။
"ပညာရှင်"
ခြံဝင်းပြင်သို့ ထွက်လိုက်သည်နှင့် အပြင်တွင် အသင့်စောင့်နေသော ဝမ်တာ့ကျန်း ကို တွေ့လိုက်ရ၏။
"အတော်ပဲ၊ ညီမလေးဟယ်နဲ့ တခြား အမျိုးသမီးတွေကို ကယ်လာခဲ့ပြီ။ ခင်ဗျား သူတို့ကို ခေါ်သွားလိုက်" ချန်လော့သည် စာအုပ်ကို လေ့လာချင်နေပြီ ဖြစ်သဖြင့် လူများကို ဝမ်တာ့ကျန်းထံသို့ အမြန် လွှဲပြောင်းပေးလိုက်၏။
"ကယ်လာခဲ့ပြီလား ပညာရှင်ဆိုတာ တကယ်ကို မမှားဘူး"
ဝမ်တာ့ကျန်းသည် စိတ်လှုပ်ရှားစွာဖြင့် သူတို့ကို သွားရောက် ကြိုဆိုရန် ပြင်လိုက်သော်လည်း ခြေလှမ်းအနည်းငယ်အကြာတွင် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ နောက်လှည့်ကာ မေးလိုက်၏။
"ဒါနဲ့... ကျုပ်အစ်ကိုကြီးရော"
ဝမ်တာ့ကျန်း နောက်လှည့်ကြည့်လိုက်သော်လည်း ချန်လော့မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
'ပညာရှင်... သူ ငါ့အစ်ကိုကြီးကို မေ့သွားတာတော့ မဟုတ်ပါဘူးနော်။'