← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း ၂၉ - ရှေ့ဆက်ရမည့်လမ်း

"ဦးလေးဝမ်"

အနောက်မှ လိုက်လာသည့် ဟယ်မင်သည် အဝင်ဝတွင် ဝမ်တာ့ကျန်း နှင့် တိုးမိသွား၏။ ရင်းနှီးသော မျက်နှာကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

အစောပိုင်းက အင်ပါယာပညာရှင်များ၏ ဖမ်းဆီးခြင်းကို ခံရစဉ်က သူမသည် သေချာပေါက် သေရတော့မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သူမသည် သတိလစ်သွားခဲ့ပြီး ပြန်နိုးလာချိန်တွင်တော့ အရာအားလုံးက ပြေလည်သွားခဲ့ပြီ ဖြစ်သည်။

သူမကို ဖမ်းထားသူများအားလုံး သေဆုံးသွားခဲ့ပြီး ၎င်းမှာ သူမ တစ်ခါသာ ဆုံဖူးသည့် စီနီယာအစ်ကို၏ လက်ချက်ပင် ဖြစ်သည်။ ဤစီနီယာအစ်ကိုမှာ မယုံနိုင်လောက်အောင် အစွမ်းထက်လွန်းသဖြင့် သူမမှာ ယခုအချိန်အထိ အိပ်မက်တစ်ခုလို ခံစားနေရဆဲပင်။

"ရှောင်မင် မင်း လွတ်လာပြီလား"

ဝမ်တာ့ကျန်းသည်လည်း ဟယ်မင်၏ အသံကို ကြားလိုက်ရသဖြင့် အလွန် ဝမ်းသာသွား၏။

"အထဲမှာ ဘယ်လိုလဲ ငါ့အစ်ကိုကြီးရော သူ ဘာလို့ မင်းနဲ့အတူ ထွက်မလာတာလဲ"

"အထဲမှာက..."

ဟယ်မင်သည် ခြံဝင်းထဲရှိ ငရဲခန်းကဲ့သို့ မြင်ကွင်းကို ပြန်လည် မြင်ယောင်လာပြီး စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲနေ၏။

"အစ်ကိုကြီး တစ်ခုခု ဖြစ်သွားလို့လား"

ဝမ်တာ့ကျန်းသည် ချက်ချင်းပင် စိုးရိမ်သွား၏။ ဟယ်မင်၏ မျက်နှာအမူအရာကို ကြည့်ပြီး သူ၏ အစ်ကိုကြီး အသတ်ခံလိုက်ရပြီဟု ထင်သွားခြင်း ဖြစ်သည်။

"မဟုတ်ပါဘူး၊ ကျွန်မအဖေ နေကောင်းပါတယ်။ သူက ထောင်ထဲမှာ အပိတ်ခံထားရတာပါ ဦးလေးဝမ်၊ ကျွန်မနဲ့ လိုက်ခဲ့ပါ"

ဟယ်မင် သတိဝင်လာပြီး ဝမ်တာ့ကျန်းကို ကောင်တီရုံးတော်၏ ထောင်ဆီသို့ ချက်ချင်း ခေါ်ဆောင်သွားသည်။ ထိုစဉ်မှာပင် အခြား အမျိုးသမီးများလည်း လိုက်လာကြ၏။ ဟယ်မင် ပြန်လှည့်သွားသည်ကို မြင်သောအခါ သူတို့မှာ ဇဝေဇဝါ ဖြစ်သွားကြသော်လည်း ဤအခြေအနေတွင် တစ်ယောက်တည်း မနေရဲကြသဖြင့် ဟယ်မင်တို့ နောက်သို့သာ ထောင်ဆီသို့ လိုက်လာခဲ့ကြတော့သည်။

ချန်လော့သည် သူ လူတစ်ယောက်ကို ကယ်ရန် မေ့သွားခဲ့သည်ကို မသိရှိသော်လည်း အတွင်းရှိ လူအများစုကို သူ သတ်ဖြတ်ခဲ့ပြီး ဖြစ်သဖြင့် ကျန်ရှိသည့် ကိစ္စအသေးအဖွဲများကို ရှဟူဂိုဏ်း ကသာ ကိုင်တွယ်ဖြေရှင်းခြင်းက အကောင်းဆုံးပင်။

ကောင်တီရုံးတော်မှ ထွက်လာပြီးနောက် သူသည် ဟယ်မိသားစု၏ ခြံဝင်းသို့ အမြန် ပြန်လာခဲ့၏။

"ပြန်ရောက်ပြီလား"

မာချွယ်ကျိသည် ခြံဝင်းထဲတွင် ထိုင်နေဆဲပင် ဖြစ်သည်။

အစောပိုင်းက သတ်ဖြတ်မှုများကြောင့် ဤပတ်ဝန်းကျင်မှာ ယခုအခါ အလွန်လုံခြုံနေပြီ ဖြစ်သည်။ လမ်းမပေါ်တွင် ရှာဖွေနေသည့် စစ်သားများပင်လျှင် လာရောက် ပြဿနာ မရှာကြပေ။

သူတို့သည် လူရှာသည့်အခါ ဤနေရာကို မသိမသာ ရှောင်ကွင်းသွားကြ၏။ ရှဟူဂိုဏ်းမှ အခြားအဖွဲ့ဝင်များမှာလည်း လုံခြုံပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် လူများကို ကယ်တင်ရန် ကောင်တီရုံးတော်သို့ အကုန်သွားကြပြီ ဖြစ်သည်။

ယခုအချိန်ဆိုလျှင် သူတို့ ရောက်ရှိနေလောက်ပြီ ဖြစ်လေ၏။

"ပြဿနာ အနည်းငယ် ကြုံခဲ့ပေမဲ့ ကံကောင်းစွာနဲ့ပဲ အားလုံး ပြေလည်သွားပါပြီ"

ချန်လော့သည် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် မပြောတော့ပေ။ မည်သို့ပင်ဖြစ်စေ သတ်သင့်သည့်လူကိုသတ်ခဲ့ပြီး ကယ်သင့်သည့်လူကို ကယ်ခဲ့ပြီဖြစ်ရာ ယနေ့၏ ရည်မှန်းချက်မှာ အောင်မြင်ခဲ့ပြီ ဖြစ်သည်။

"နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ"

မာချွယ်ကျိသည် သူ၏ တပည့်ကို ကြည့်ကာ မေးလိုက်၏။ ချန်လော့တွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေပါစေ မာချွယ်ကျိ၏ မျက်လုံးထဲတွင်တော့ သူသည် သူ၏ တပည့်သာ ဖြစ်သည်။

သိုင်းလောကမှ စီနီယာတစ်ဦးအနေဖြင့် သူ၏ တပည့်ကို အတွေ့အကြုံအရလမ်းညွှန်ပြသရန် လိုအပ်သည်ဟု သူ ခံစားရသည်။ သို့မှသာ သူ၏ တပည့်မှာ အရင်က အမှားဟောင်းများကို ထပ်မကျူးလွန်မိဘဲ အချိန်မဖြုန်းမိစေရန် ဖြစ်သည်။

"ကျွန်တော် မစဉ်းစားရသေးပါဘူး၊ ဒါပေမဲ့ ချင်းယာကောင်တီမှာတော့ ဆက်မနေတော့တာ သေချာပါတယ်"

ချန်လော့သည် အမှန်တကယ်ပင် သေချာ မစဉ်းစားရသေးပေ။ သူသည် ယခုအခါ ကျားနက်လက်သီးကို ကြီးမားသောအောင်မြင်မှု အထိ လေ့ကျင့်ပြီးပြီ ဖြစ်သည်။ မာချွယ်ကျိ သင်ပေးထားသည့် သိုင်းပညာမှာ ဤအထိသာ ရှိပြီး နောက်ထပ် အဆင့်များအကြောင်းကို သူ ဘာမှ မသိရှိသေးပေ။

ဆရာမာချွယ်ကျိ ကိုယ်တိုင်ပင်လျှင် ထိုအဆင့်များကို မမြင်ဖူးပေ။ ထိုထက် မြင့်မားသော အဆင့်များ ရှိကြောင်းသာ သူသိရှိပြီး ၎င်းမှာ ဆရာသခင်ကြီးများ အကြောင်း ကောလာဟလများကို ဝေဝေဝါးဝါးကြားဖူးရုံမျှသာ ရှိသည်။

အဆုံးစွန်တွင် ကျားနက်လက်သီးမှာ အခြေခံ သိုင်းပညာတစ်ခုသာ ဖြစ်သည်။ ကျားနက်လက်သီး တစ်ခုတည်းနှင့် တာအိုထဲသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။

ဤအဆင့်သို့ ရောက်ရှိလာချိန်တွင်တော့ ချန်လော့သည် ဆရာမာချွယ်ကျိ သင်ပေးစက ပြောခဲ့သော မသေမျိုးများအကြောင်းမှာ အားပေးစကားသက်သက်သာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

စစ်မှန်သော ကျားနက်လက်သီးသည် ထိုအဆင့်သို့ မရောက်နိုင်ပေ။

"ချင်းယာကောင်တီကနေ ထွက်သွားတာက မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ။ မင်း အခုရင်ဆိုင်ခဲ့ရတဲ့ ရန်သူတွေက အဲဒီလူယကြီးတွေ စိတ်ကူးပေါက်လို့ စီစဉ်ထားတာတွေပဲ ရှိပါသေးတယ်။ အကယ်၍ သူတို့သာ မင်းကို ယသတိထားမိသွားရင် နောက်လာမယ့် ရန်သူတွေက ရင်ဆိုင်ရတာ ဒီလောက် လွယ်မှာ မဟုတ်တော့ဘူး။ မင်းက အရိုးသန့်စင်ခြင်းအဆင့် ကို ဖောက်ထွက်နိုင်ခဲ့ပေမဲ့ ယွဲ့နိုင်ငံမှာတော့ ဒီအဆင့်က လွတ်လပ်စွာသွားလာနိုင်ဖို့ မလုံလောက်သေးပါဘူး။ ငါ သိရသလောက်ဆိုရင် မြို့တော်မှာ အရိုးသန့်စင်ခြင်းအဆင့်ထက် မြင့်တဲ့ ပညာရှင်တွေ ရှိတယ်"

ဤအကြောင်းကို ပြောသည့်အခါ မာချွယ်ကျိသည် သူ၏လူငယ်ဘဝမှ တစ်စုံတစ်ခုကို သတိရသွားပုံရ၏။ ထို့ကြောင့် သူသည် ခဏမျှ စဉ်းစားပြီး သူ ကြားဖူးသမျှ ကောလာဟလအားလုံးကို ချန်လော့ကို ပြောပြလိုက်သည်။

"ငါသာ လူငယ်ဘဝမှာ ဒါကိုနားလည်ခဲ့ရင် အခုလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး"

မာချွယ်ကျိသည် လူငယ်ဘဝက ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အရိုးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ကာ မာန်မာနနှင့် ရည်မှန်းချက်များ ကြီးမားခဲ့သူ ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူသည် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့သဖြင့် မစော်ကားသင့်သော သူများကို စော်ကားမိခဲ့ရာမှ သူ၏ ဆွေမျိုးအားလုံး သေဆုံးခဲ့ရပြီး သူကိုယ်တိုင်လည်း တောထဲတွင် သေလုနီးပါး ဖြစ်ခဲ့ရသည်။

အကယ်၍ ချန်လောင်စန်းသာ သတ္တိရှိရှိနှင့် သူ့ကို အလောင်းပုံကြားထဲမှ ဆွဲမထုတ်ခဲ့လျှင် သူ၏ အုတ်ဂူမှာ ယခုအချိန်တွင် မြက်ပင်များပင် ဖုံးနေလောက်ပြီ ဖြစ်သည်။

ထိုဖြစ်ရပ်ပြီးနောက် ထက်မြက်သော ပါရမီရှင် လူငယ်လေးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သည်မှာတော့ ကိုယ်လက်အင်္ဂါ မသန်စွမ်းသော လူအိုကြီးတစ်ဦးသာ ဖြစ်တော့သည်။

"ကျွန်တော် အရင်ဆုံးချန်မိသားစုရွာကို ပြန်ဖို့ စဉ်းစားထားပါတယ်။ အရင်က မြောက်ဘက်ကို ထွက်ပြေးရတုန်းက အိမ်ကိုတောင် မဝင်ခဲ့ရဘူး။ ကျွန်တော့်အဖေတို့ ဘယ်လိုနေမလဲ မသိဘူး"

ချန်လော့သည် စကားပြောနေသော်လည်း စိတ်ထဲတွင်တော့ အခြားကိစ္စတစ်ခုကို စဉ်းစားနေ၏။ သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော သတ္တုတွင်း အကြောင်းကို စုံစမ်းရန် စီစဉ်ထားသည်။

မင်းသားများကိုပင် ရန်သူဖြစ်စေနိုင်သော အရာမှာ သေချာပေါက် ထူးခြားရပေမည်။ ချင်းယာကောင်တီရှိ စစ်တပ်မှာ သူ၏လက်ချက်ဖြင့် ပျက်စီးသွားပြီဖြစ်ရာ ဤအခွင့်အရေးကို အသုံးမချလျှင် နှမြောစရာပင် ဖြစ်လိမ့်မည်။

ထို့အပြင် စစ်သူကြီးဖန်းထံမှ ရယူခဲ့သော ကျောက်စိမ်းစာအုပ်ကိုလည်း လေ့လာရန် လိုအပ်သည်။

ချန်လော့သည် သူ၏ ဦးလေးစန်းကို သတိရလိုက်၏။

အတွေ့အကြုံရှိသော အလောင်းမြုပ်နှံသူ ပညာရှင်တစ်ဦးအနေဖြင့် သူသည် ချင်းယာကောင်တီ၏ လျှို့ဝှက်မြေပြင်အနေအထားနှင့် သတ္တုတွင်းရှိနိုင်မည့် နေရာများကို အသိဆုံး ဖြစ်ရပေမည်။

သူသည် ယခင်က သူ၏ ဦးလေးစန်းကို ဘေးကင်းကြောင်း သတင်းပို့ရန် ချန်မိသားစုရွာသို့ အရင် ပြန်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်မှာတော့ ချင်းယာကောင်တီမှ ကိစ္စများကို ရှင်းလင်းရန် ကျန်ခဲ့ခြင်း ဖြစ်သည်။

ယခု အားလုံး ပြီးဆုံးသွားပြီဖြစ်ရာ ပြန်သွားရန် အချိန်တန်ပြီဖြစ်ပြီး လမ်းခရီးတွင် သူ၏ ဦးလေးစန်းနှင့် တိုင်ပင်ဆွေးနွေးနိုင်မည်။

"သွားတော့လေ၊ ငါ ဒီမှာရှိတဲ့ ရှဟူဂိုဏ်းကို အကျိုးအကြောင်း ပြောပြလိုက်မယ်။ သူတို့ ကျန်တဲ့ ကိစ္စတွေကို ရှင်းလင်းလိုက်လိမ့်မယ်"

မာချွယ်ကျိသည် ချန်လော့၏ ပုခုံးကို ပုတ်ကာ အိမ်ထဲသို့ လျှောက်သွားတော့သည်။ ဆရာနှင့် တပည့်ကြား ပြောဆိုမှုမှာ ထိုနေရာတွင်ပင် အဆုံးသတ်သွား၏။

ချန်လော့သည်လည်း ကြာရှည် မနေတော့ပေ။ ခဏမျှ အနားယူပြီးနောက် ညတွင်းချင်းပင် မြို့ထဲမှ ထွက်ခွာခဲ့သည်။

ညတစ်ညလုံး အေးအေးချမ်းချမ်းပင် ကုန်ဆုံးသွားခဲ့၏။ လမ်းခရီးတွင် မည်သည့် ပြဿနာမျှ မရှိခဲ့ဘဲ မိုးလင်းသည့်အချိန်တွင် ချန်လော့သည် ချန်မိသားစုရွာသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ချန်မိသားစုရွာမှာ ချမ်းသာသော နေရာမဟုတ်ဘဲ ဆင်းရဲပြီး ဝေးလံခေါင်ဖျားသော နေရာတစ်ခု ဖြစ်သည်။ အရင်က သူတို့မှာ အသက်မွေးဝမ်းကျောင်းရန် ခက်ခဲသောကြောင့် သူ၏ အဖေဖြစ်သူက သူ့ကို မြို့ပေါ်ရှိ ဦးလေးစန်းထံ အကူအညီတောင်းရန် ပို့ခဲ့ခြင်း ဖြစ်သည်။

မြို့ပေါ်တွင် လူမှုအဆင့်အတန်း နိမ့်ကျသော ချန်လောင်စန်း မှာ ဤချို့တဲ့သော ချန်မိသားစုရွာတွင်တော့ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

"မင်း... နောက်ဆုံးတော့ ပြန်လာပြီပေါ့"

ရွာအဝင်သို့ ရောက်သည်နှင့် ချန်လော့သည် သူ၏ ဦးလေးစန်းကို တွေ့လိုက်ရ၏။ လွန်ခဲ့သော ရက်အနည်းငယ်က ချန်လောင်စန်းသည် နံနက်တိုင်း ဤနေရာတွင် စောင့်နေခဲ့ခြင်း ဖြစ်သည်။

ချန်လော့မှာ သူ၏ မျက်စိအောက်တွင် ပျောက်သွားခဲ့ခြင်း ဖြစ်ရာ သူသည် ချန်လော့ကို ပြန်ရှာရန် တာဝန်ရှိသည်ဟု ခံစားနေရခြင်း ဖြစ်သည်။

"ဦးလေးစန်း"

ချန်လော့၏ ရင်ထဲတွင် နွေးထွေးသွား၏။ တစ်စုံတစ်ယောက်က မိမိကို ဂရုစိုက်ပေးသည့် နေရာသည်သာ စစ်မှန်သော အိမ်ပင် ဖြစ်သည်။

ချန်လောင်စန်းမှာ စကားပြောရာတွင် အားမကိုးရသော်လည်း သူ၏ တူဖြစ်သူ ချန်လော့အပေါ် ထားရှိသည့် သံယောဇဉ်မှာ အစစ်အမှန်ပင်။

"ဒဏ်ရာရသေးလား"

ချန်လောင်စန်းသည် ချန်လော့ကို ခြေဆုံးခေါင်းဆုံး စစ်ဆေးလိုက်၏။ ဒဏ်ရာမရသည်ကို အတည်ပြုပြီးမှသာ သူသည် သက်ပြင်းချနိုင်တော့သည်။

ချန်လော့နှင့် လမ်းခွဲခဲ့ရသည့် နောက်ဆုံးအကြိမ်ကတည်းက သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူ၏ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားခဲ့ပြီ ဖြစ်သည်။

မြို့ပေါ်ရှိ ကိစ္စများကို ရှဟူဂိုဏ်းက ကိုင်တွယ်ဖြေရှင်းပြီးလျှင် ဤကိစ္စမှာ ပြီးဆုံးသွားပေလိမ့်မည်။

မိန်းမစိုးဝေ ကဲ့သို့သော လူကြီးလူကောင်းများမှာ နင်မင်းသားထံ သတင်းပို့သည့်အခါ ချန်လောင်စန်းကဲ့သို့သော လူများအကြောင်းကို ထည့်ပြောမည်မဟုတ်ဟု သူ ယုံကြည်သည်။ အကယ်၍ ထိုသို့ သတင်းပို့ပါက သူတို့မှာ မင်းသားအောက်တွင် အလုပ်ဆက်လုပ်ရန် မလွယ်ကူတော့ပေ။

သို့သော်လည်း သတိထားသည့်အနေဖြင့် ချန်လော့သည် ချန်လောင်စန်းကို အခြားတစ်နေရာသို့ ပြောင်းရွှေ့ရန် အကြံပေးလိုက်၏။

အရင်က သူတို့ ထွက်ပြေးခဲ့သည့် ယန်ဟိုင်ကောင်တီမှာ တော်တော်လေး ကောင်းမွန်သည်။ ထိုနေရာတွင် ထူးခြားသောသတ္တုတွင်းများ မရှိသလို နေရာအကျယ်အဝန်းလည်း သိပ်မကြီးပေ။

ထို့အပြင် တောင်ပေါ်မှ ခေါင်းဆောင်ချိုက်တို့၏ အကူအညီလည်း ရှိရာ ချင်းယာကောင်တီထက် ပို၍ လုံခြုံပေလိမ့်မည်။

မိုးလင်းသွားသည့်အခါ၊ချန်လော့ ရွာသို့ ပြန်ရောက်လာသည့် သတင်းမှာ ရွာတစ်ရွာလုံးကို ဟိုးဟိုးကျော် သွားစေသည်။ သူ၏ အဖေ ချန်တာ့ချွမ်းမှာ ပို၍ပင် ဝမ်းသာနေပြီး ဝိုင်တစ်ခွက် ပိုသောက်ခဲ့သလို သူ၏ အမေဖြစ်သူမှာလည်း သူ့ကို ဘေးသို့ ခေါ်ကာ စကားတွေ အများကြီး ပြောခဲ့သည်။

သူ၏ ညီမလေးမှာမူ ဘာမှ နားမလည်သေးဘဲ အိမ်ထဲရှိ လူစိမ်းများကိုကြည့်ကာ လန့်ပြီး ငိုနေရှာ၏။

ချန်လော့သည် ရွာတွင် သုံးရက်တိတိ နေထိုင်ခဲ့သည်။

ရှဟူဂိုဏ်းထံမှ အရာအားလုံး အေးချမ်းသွားပြီဖြစ်ကြောင်း သတင်းရရှိပြီးမှသာ သူသည် ရွာမှ ထွက်ခွာရန် ရွေးချယ်ခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ သူသည် စစ်သူကြီးဖန်းထံမှ ရရှိခဲ့သော ကျောက်စိမ်းပြားကို သေချာ လေ့လာရန်နှင့် ထိုလျှို့ဝှက်သတ္တုတွင်းကို တူးဖော်ရန် စီစဉ်ထားသည်။

ဤသုံးရက်အတွင်း သူသည် သူ၏ ဦးလေးစန်းထံမှ သံသယရှိဖွယ် နေရာအချို့ကို သိရှိခဲ့ရပြီး စစ်သူကြီးဖန်း၏ စဉ်းစားပုံကို အသုံးချကာ ပတ်ဝန်းကျင်ကို စူးစမ်းခဲ့ပြီးနောက် အားလုံး မှန်ကန်ကြောင်း အတည်ပြုပြီးမှ ခရီးစတင်ခဲ့သည်။

ယခုအချိန်တွင် နင်မင်းသား၏ နောက်ထပ် အင်အားစုများ မရောက်လာသေးဘဲ ချင်းယာကောင်တီမှာ အာဏာ လစ်ဟင်းနေကာ အတွင်းပိုင်းတွင်လည်း ဖရိုဖရဲ ဖြစ်နေသည်။

ချန်မိသားစုရွာမှ ထွက်ခွာလာစဉ် ချန်လော့သည် သူ၏ ရင်ဘတ်ထဲရှိ ကျောက်စိမ်းပြားကို စမ်းကြည့်လိုက်သည်။ ဤကျောက်စိမ်းပြားမှာ သူ၏ ဘဝကို ပြောင်းလဲပေးမည့် အခွင့်အရေး ဖြစ်လာလိမ့်မည်ဟု သူ ကြိုတင် ခံစားနေရပေ၏။

အခန်း ၃၀ - လမ်းခုလတ်မှ ဆုံတွေ့ခြင်း

ချန်လော့် သည် ချန်မျိုးနွယ်ကျေးရွာတွင် သိမ်းကျုံးယူခဲ့သော ငွေစက္ကူအများစုကို ထားရစ်ခဲ့ပြီးသူကိုယ်တိုင်အတွက်မူ အနည်းငယ်သာ ယူဆောင်လာခဲ့သည်။

ဤငွေစက္ကူများကို အရင်းအနှီးပြု၍ ချန်မျိုးနွယ်ကျေးရွာ၏နောင်လာမည့်နေ့ရက်များသည် ထိုမျှလောက် ခက်ခဲတော့မည် မဟုတ်ပေ။ မြို့ထဲတွင် နှစ်ပေါင်းများစွာရုန်းကန်ခဲ့ရသော သူ၏ဦးလေးစန်းသည် ဤငွေစက္ကူများကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်မည့် နည်းလမ်းကို လူတိုင်းအတွက် ရှာဖွေပေးနိုင်မည်ဟု ချန်လော့ ယုံကြည်၏။

လူငယ်များကြီးပြင်းလာလျှင် လူကြီးများက အသုံးမဝင်တော့ဘူးဆိုသည့်အရာမျိုး မရှိပေ။

အနည်းဆုံးတော့ ချန်လော့က ထိုသို့ မတွေးမိပေ။

သူ၏ဦးလေးစန်းသည် အမြဲတစေလိမ္မာပါးနပ်သူဖြစ်ရာ သူရှိနေသရွေ့ ချန်မျိုးနွယ်ကျေးရွာမှ လူများ လိမ်လည်လှည့်ဖြားခံရမည် မဟုတ်ပေ။

ထို့အပြင် အစ်ကိုကြီးချိုက် နှင့် ရှဟူဂိုဏ်းတို့၏ အကူအညီပါရှိသဖြင့် သူသည် လုံးဝ စိတ်အေးလက်အေး ဖြစ်နေခဲ့သည်။

ကွေ့ကောက်နေသော လမ်းကလေးပေါ်တွင်

ချန်လော့သည် နွားလှည်းပေါ်၌ ငိုက်မြည်းနေသည်။

ချန်မျိုးနွယ်ကျေးရွာမှ ထွက်လာပြီးနောက် သူသည် နွားလှည်းတစ်စီး ငှားရမ်းခဲ့၏။ အစပိုင်းတွင် နွားလှည်းမောင်းသည့် လယ်သမားကြီးမှာ ငှားရန် ဝန်လေးနေသော်လည်း ချန်လော့က ငွေအမြောက်အမြား ပေးခဲ့ခြင်းကြောင့် လက်ခံခဲ့ခြင်းဖြစ်သည်။

သူ့ရင်ဘက်ထဲရှိ ကျောက်စိမ်းစာလိပ်မှာ သူတလှန်လှန်ဖတ်လွန်းသဖြင့် ဟောင်းနွမ်းနေပြီ ဖြစ်သည်။ သူသည် ၎င်း၏အကြောင်းအရာများကို တစ်လုံးမကျန် အလွတ်ရနေပြီ ဖြစ်သော်လည်း ၎င်းက ဘာကိုဆိုလိုသည်ကိုမူ လုံးဝ နားမလည်နိုင်သေးပေ။

အားလုံးမှာ နက်နဲလှသော ပညာရပ်ဆိုင်ရာ ဝေါဟာရများဖြစ်နေ၏။ ကမ္ဘာနှစ်ခုမှ သူ၏ အသိပညာများကို ပေါင်းစပ်လိုက်လျှင်ပင် သူ နားမလည်နိုင်ခဲ့ပေ။

တစ်ခုတည်းသော အကျိုးကျေးဇူးမှာ သူ၏ တော်ဝင်မျိုးနွယ် ဦးနှောက်ကို အသက်သွင်းလိုက်သောအခါ ကျောက်စိမ်းစာလိပ်၏ အကြောင်းအရာများက အနည်းငယ်သော တုံ့ပြန်မှုကိုပေးစွမ်းနိုင်ခြင်း ဖြစ်သည်။

သို့သော် ထိုမျှသာ ဖြစ်သည်။ ၎င်းကို မည်သို့ အသုံးချရမည်ကိုမူ သူ လုံးဝ မသိရှိသေးပေ။

သူ၏ ကျားနက်လက်သီးသည်လည်း ၎င်း၏ အကန့်အသတ်သို့ရောက်ရှိနေပြီဖြစ်ကာ ယခုရရှိသောတိုးတက်မှုများမှာ မပြောပလောက်တော့ပေ။

ဆေးညွှန်း၏ အာနိသင်များသည်လည်း ကျဆင်းလာခဲ့သည်။ ချန်လော့သည် သူ၏ ကျင့်ကြံခြင်းမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဟု ခံစားရပြီး ဦးနှောက်ပေါင်း တစ်ရာကျော်၏ ပေါင်းစပ်မှုကပင် အထောက်အကူ မပြုနိုင်တော့ပေ။

"သခင်လေး... သခင်လေး"

နက်ရှိုင်းစွာအိပ်မပျော်ခင်မှာပင် ချန်လော့ အနှိုးခံလိုက်ရ၏။

လှည်းမောင်းသည့် အဘိုးကြီးပင်။

သူသည် နွားလှည်းကို ရပ်လိုက်ပြီး ချန်လော့ကို ဘေးမှနေ၍ စိုးရိမ်တကြီးဖြင့် ဖြည်းဖြည်းချင်း တွန်းနှိုးနေခြင်းဖြစ်သည်။

"ဘာဖြစ်လို့လဲ"

ချန်လော့က သူ့ကို လှမ်းကြည့်လိုက်၏။

နွားလှည်းငှားရန် ဆုံးဖြတ်ခြင်းမှာ သေချာစဉ်းစားပြီးမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပထမအချက်မှာ ဒုက္ခကင်းဝေးစေပြီး လမ်းတစ်လျှောက် ကျောက်စိမ်းစာလိပ်ကို လေ့လာနိုင်သည်။

ဒုတိယအချက်မှာ ဘေးကင်းပြီး မကောင်းသော ရည်ရွယ်ချက်ရှိသူများ၏ အာရုံစိုက်မှုကို မခံရစေရန် ဖြစ်သည်။ စစ်သူကြီးဖန်း နှင့် သူ၏လူများ သေဆုံးသွားပြီးနောက် ချင်းယာကောင်တီရှိ လူအများအပြားမှာ အကြံအစည်များ ရှိနေကြ၏။

လွန်ခဲ့သည့် သုံးရက်အတွင်း သူစုဆောင်းထားသော သတင်းများအရ စစ်သူကြီးဖန်း၏ လက်အောက်ငယ်သား တပ်ဖွဲ့ခေါင်းဆောင်ကျူး အပါအဝင် အင်အားစုအချို့သည် သတ္တုတွင်းအကြောင်းကို လျှို့ဝှက်စုံစမ်းနေကြလေ၏။

ထိုသူသည် စစ်သူကြီးဖန်း၏ သြဇာအာဏာကို ဆက်ခံထားသူဖြစ်ပြီး ယခုအခါ ချင်းယာကောင်တီတွင် သြဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်။

"ရှေ့မှာကုန်သည်ယာဉ်တန်းတစ်ခု ရှိတယ်ဗျ။ သူတို့နဲ့အတူ သွားကြမလား။ ဒါဆိုရင် ပိုပြီး ဘေးကင်းမှာပါ" အဘိုးကြီးက အားနာစွာ မေးလိုက်၏။

အသံလာရာသို့ ကြည့်လိုက်သောအခါ ရှေ့တွင် ကြီးမားသော ကုန်သည်ယာဉ်တန်းတစ်ခုကို မြင်လိုက်ရသည်။ မီးတုတ်များက ညအမှောင်ကို လင်းထိန်နေစေကာ ပတ်လည်တစ်ခုလုံးကို အလင်းပေးထား၏။

ပတ်ပတ်လည်တွင်လည်း ရှေ့နှင့် နောက်မှ စောင့်ကြပ်နေသော လက်နက်ကိုင် အစောင့်အကြပ် ခုနစ်ဦး၊ ရှစ်ဦးခန့် ရှိနေသည်။

အဘိုးကြီးမှာလည်း ကြောက်နေခြင်း ဖြစ်သည်။

သူသည် ဤအလုပ်ကို လုပ်ကိုင်နေသည်မှာ မှန်သော်လည်း ယခင်က နေ့ဘက်တွင် ခရီးသွားပြီး ညဘက်တွင် အနားယူလေ့ရှိသည်။

ညဘက်တွင် အန္တရာယ်များလွန်းသောကြောင့် ဖြစ်သည်။ ယခုမူ ချန်လော့၏ ငွေကို ယူထားပြီးဖြစ်၍ တောင်းဆိုသည့်အတိုင်း ညဘက် ခရီးသွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

သို့သော် ထိုအဘိုးကြီးမှာ ချန်လော့ မဟုတ်ပေ။ သူ့တွင် မြင့်မားသော သိုင်းပညာ မရှိပါဘူး။

ညဉ့်နက်သန်းခေါင်တွင် နွားလှည်းတစ်စီးတည်း ခရီးသွားရခြင်းမှာ နေရာတိုင်းတွင် မလုံခြုံသလို ခံစားနေရ၏။ အနီးနားရှိ မှောင်မည်းနေသော တောအုပ်ထဲမှ တောရိုင်းတိရစ္ဆာန်များ အချိန်မရွေး ခုန်ထွက်လာနိုင်သကဲ့သို့ ခံစားနေရသည်။

"သူတို့က မင်းကို လက်ခံပါ့မလား"

ချန်လော့က အကောင်းမြင်စိတ် သိပ်မရှိပေ။

သူသည် လမ်းကြောင်းမှန်နေသရွေ့ မည်သူနှင့် ခရီးသွားရသည်ကို ဂရုမစိုက်သော်လည်း အဓိကပြဿနာမှာ ပုံမှန်အားဖြင့် ကုန်သည်ယာဉ်တန်းများသည် သူစိမ်းများကို အတူလိုက်ခွင့် မပြုခြင်းဖြစ်သည်။

ညဘက် ခရီးသွားသူများသည် အလွန် သတိကြီးကြ၏။ အတင်းအကျပ် သွားပူးပေါင်းခြင်းက ငွေပေးလျှင်ပင် လက်ခံဖို့ထက် နှင်ထုတ်ခံရဖို့သာ သေချာသည်။ တောင်ပေါ်လမ်းများတွင် ခရီးသွားသောအခါ အရေးကြီးဆုံး သတိထားရမည့်အရာမှာ မရင်းနှီးသော မျက်နှာသစ်များ၊ အထူးသဖြင့် ရိုးသားပုံပေါက်သော ရွာသားများ ဖြစ်သည်။

သူတို့ထဲမှ အများစုမှာ တောင်ဓားပြများ၏ ကင်းထောက်များ ဖြစ်ကြ၏။ အကယ်၍ သင်က စိတ်ပျော့ပြီး ထိုသူများကို ယာဉ်တန်းထဲ ပေးဝင်လိုက်ပါက ဓားပြများ လာရောက်ခေါက်မည့်အချိန်ကိုသာ စောင့်နေပေတော့။

"ဟိုက အစောင့်အကြပ်ခေါင်းဆောင်က ကျွန်တော့်ရဲ့ တူအရင်းဗျ"

လယ်သမားအိုကြီးက ရှက်ကိုးရှက်ကန်းဖြင့် သူ၏လက်များကို ပွတ်နေသည်။ အသိအကျွမ်းနှင့် ဆုံတွေ့ခြင်း ဖြစ်နေ၏။

"ထားလိုက်ပါ၊ ခင်ဗျားပဲ ဆုံးဖြတ်တော့"

ချန်လော့က လက်ယမ်းပြလိုက်ပြီး မျက်စိကို ပြန်မှိတ်ကာ ကျောက်စိမ်းစာလိပ်ထဲမှ အကြောင်းအရာများကို ပြန်လည် စဉ်းစားနေလိုက်သည်။

သူ၏ ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ ရိုးရှင်းပါသည်။ ချင်းယာကောင်တီရှိ သတ္တုတွင်းပင်။

နင်မင်းသားကိုပင် ဆွဲဆောင်နိုင်သော အထူးသတ္တုတွင်းသည် တန်ဖိုးကြီးမားလှပေမည်။ ထို့အပြင် ၎င်းက သူ့အား ကျောက်စိမ်းစာလိပ်ကို ကျင့်ကြံရာတွင်လည်း အထောက်အကူ ပြုနိုင်ပေမည်။

ဤနည်းလမ်းကို စစ်သူကြီးဖန်း၏ တော်ဝင်မျိုးနွယ်ဦးနှောက်မှ အကြံပြုခဲ့ခြင်း ဖြစ်သည်။ ချန်လော့သည် ၎င်းကို ယုံကြည်စိတ်ချရသည်ဟု ယူဆကာ လက်ခံခဲ့ခြင်းဖြစ်သည်။

ချန်လော့၏ သဘောတူညီချက်ကို ရရှိပြီးနောက် လယ်သမားအိုကြီးမှာ ယာဉ်တန်း၏ အကူအညီကို ရယူရန် ချက်ချင်း ပြေးသွားတော့သည်။

"အဲဒီမှာ ဘယ်သူလဲ"

"ငါက ထျန်းတာ့နျူရဲ့ ပဉ္စမမြောက် ဦးလေးပါ၊ မယုံရင် သူ့ကို မေးကြည့်ပါ" လယ်သမားအိုကြီးသည် သူ၏လက်များကို လျှင်မြန်စွာပင် မြှောက်ထားလိုက်သည်။ သူ၏ ပုံစံနှင့် အသိအကျွမ်း၏ အမည်ကို ပြောလိုက်ခြင်းကြောင့် ထိုလူစုမှာ တင်းမာမှု လျော့ကျသွားသော်လည်း သတိထားနေဆဲ ဖြစ်သည်။

အကယ်၍ လယ်သမားအိုကြီးသာ တစ်စုံတစ်ရာ မှားယွင်းလုပ်ဆောင်ပါက သူတို့သည် ချက်ချင်း သတ်ပစ်ကြလိမ့်မည်။

ဤကဲ့သို့ လူသူကင်းမဲ့သော တောင်တန်းတောအုပ်ထဲတွင် လူသတ်ပြီး အလောင်းဖျောက်ခြင်းမှာ ပုံမှန်ကိစ္စသာ ဖြစ်သည်။ အင်ပါယာခုံရုံး ကပင် ဂရုစိုက်မည် မဟုတ်ပေ။

"ဦးလေးငါး ဦးလေးက ဘာလို့ ယန်ဇီတောင်ကြောကို ရောက်လာတာလဲ၊အိမ်မှာ တစ်ခုခု ဖြစ်လို့လား"

မကြာမီ လယ်သမားအိုကြီး၏ တူဖြစ်သူ ရောက်လာပြီး လယ်သမားအိုကြီးကို မြင်သောအခါ အိမ်တွင် တစ်ခုခု ဖြစ်နေသည်ဟု ထင်မှတ်ကာ စိုးရိမ်တကြီး မေးမြန်းတော့သည်။

"အိမ်မှာ ဘာမှမဖြစ်ပါဘူး၊ မင်းရဲ့ဦးလေးငါးက အပိုဝင်ငွေရအောင် အလုပ်လက်ခံထားလို့ပါ"

လယ်သမားအိုကြီးက အနည်းငယ် ရှက်ရွံ့စွာဖြင့် သူ၏လက်များကို ပွတ်နေသည်။

နောက်ဆုံးတော့ သူသည် သူ၏တူကို ဒုက္ခပေးနေခြင်း ဖြစ်၏။

အကယ်၍ ဤခရီးစဉ်က သူ့အား ဤမျှလောက် ငွေမရစေခဲ့ပါက သူသည် ဤကဲ့သို့ လာရောက် တောင်းပန်မည် မဟုတ်ပေ။

"ဒါဆိုရင်တော့ တော်သေးတာပေါ့"

ထျန်းတာ့နျူလည်း သက်ပြင်းချနိုင်သွား၏။ သူ၏ ဦးလေးငါးမှာ ငွေရရန်အတွက် ကြုံရာကျပန်း အလုပ်များကို မကြာခဏလုပ်ကိုင်တတ်သည်ကို သိရှိထားသဖြင့် သူ မအံ့သြပေ။

ထိုသို့ ပြောနေစဉ်အတွင်း သူသည် နွားလှည်းပေါ်တွင်ငိုင်နေသော ချန်လော့ကို လှမ်းကြည့်လိုက်ပြီး ဘေးကင်းပုံရသော လူငယ်တစ်ဦးဖြစ်ကြောင်း အတည်ပြုပြီးနောက် ထပ်မကြည့်တော့ပေ။

နှစ်ပေါင်းများစွာ သိုင်းလောကတွင် ကျင်လည်ခဲ့သော သူ၏ အတွေ့အကြုံအရ တစ်စုံတစ်ဦးမှာ ဓားပြဖြစ်မဖြစ်ကို တစ်ချက်ကြည့်ရုံဖြင့် သူ သိနိုင်သည်။

'သူက ဆွေမျိုးတွေဆီ သွားလည်တာဖြစ်မှာပါ' ဟု ထျန်းတာ့နျူက သူ့ဘာသာ တွေးလိုက်၏။

လွန်ခဲ့သည့် အတောအတွင်း ချင်းယာကောင်တီတွင် အပြောင်းအလဲတစ်ခု ရှိခဲ့ပြီး လူအများအပြားမှာ ဆွေမျိုးများဆီသို့ ထွက်ခွာသွားကြသည်။

ဤကာလအတွင်း သူတို့သည် ထိုကဲ့သို့သော အုပ်စုအချို့နှင့် ဆုံတွေ့ခဲ့ဖူးသဖြင့် မထူးဆန်းတော့ပေ။

"ဦးလေးငါး၊ ခဏစောင့်ဦးနော်။ ကျွန်တော် သူဌေးကိုသွားပြောလိုက်ဦးမယ်။ စိတ်မပူနဲ့ ကျွန်တော် အာမခံလိုက်ရင် သူဌေးက ဦးလေးတို့ကို အတူလိုက်ခွင့် ပေးမှာပါ"

ထျန်းတာ့နျူက သူ၏ ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်၏။

ဤကဲ့သို့ လူသူကင်းမဲ့သော တောတောင်ထဲတွင် သူ၏ဦးလေးငါးကို တစ်ယောက်တည်း သွားခွင့်ပြုရန် သူ စိတ်မအေးပေ။

"ကောင်းပြီ ကောင်းပါပြီ"

လယ်သမားအိုကြီးက သူ၏လက်များကို ပွတ်လိုက်ပြီး ချက်ချင်းပင် သူ၏ ရင်ဘက်ထဲမှ ကြေးပြားအချို့ကို ထုတ်ယူကာ ထျန်းတာ့နျူအား သူ၏ ညီအစ်ကိုများကို အရက်တိုက်ရန် ပြောလိုက်သည်။

ထျန်းတာ့နျူမှာ အလိုက်သိတတ်သည်ကို မြင်သောအခါ အခြားသူများလည်း သတိလက်လွတ် ဖြစ်သွားကြ၏။ သူတို့က 'အဘိုးကြီးထျန်း၊ဦးလေးငါး' ဟု စတင် ခေါ်ဝေါ်ကြတော့သည်။

အသိအကျွမ်းတစ်ဦးက အာမခံပေးခြင်းမှာ ကောင်းမွန်လှသည်။

မကြာမီ ယာဉ်တန်းသူဌေးက အဘိုးကြီးထျန်း၏ တောင်းဆိုချက်ကို သဘောတူလိုက်သော်လည်း ၎င်းတို့သည် ယာဉ်တန်း၏ နောက်ကွယ်မှသာ လိုက်ရမည်ဖြစ်ပြီး အလယ်သို့ မဝင်ရကြောင်းနှင့် အထူးသဖြင့် အလယ်ရှိ ရထားလုံးရှိရာ ဧရိယာသို့ မချဉ်းကပ်ရကြောင်း တောင်းဆိုခဲ့သည်

ထျန်းတာ့နျူကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်၏။

အင်အားကြီးမားသော အဖော်တစ်ဦးနှင့်အတူ ကျန်ရှိသော ခရီးစဉ်အတွက် စိတ်ပူစရာ မလိုတော့ဘဲ ငွေကိုလည်း ရှာဖွေနိုင်တော့မည်။

ဤခရီးစဉ်မှ ရရှိမည့် အကျိုးအမြတ်ကို တွေးတောရင်း အဘိုးကြီးထျန်း၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ပွင့်လန်းနေတော့သည်။

မီးပုံဘေးတွင်။

ယာဉ်တန်းသူဌေးသည် ရထားလုံးရှေ့သို့ ဂရုတစိုက်လျှောက်သွားပြီး အတွင်းရှိ မြင့်မြတ်သောသူကို ထိုအကြောင်း ပြောပြလိုက်သည်။

၎င်းတို့ကဲ့သို့ ကုန်သည်ယာဉ်တန်းများအတွက် အရာအားလုံးကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်ကြ၏။ အကယ်၍ အတွင်းရှိ ထိုမြင့်မြတ်သောသူက သဘောမတူပါက သူတို့သည် ဤမျက်နှာသာပေးမှုကို လုပ်ဆောင်ကြမည် မဟုတ်ပေ။

"ဒီလိုသေးဖွဲတဲ့ ကိစ္စမျိုးကို ငါ့ကို မေးဖို့ လိုလို့လား"

အေးစက်သော အသံတစ်ခု ရထားလုံးအတွင်းမှ ထွက်ပေါ်လာပြီး လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေသည်။ အခြားသူများအားလုံးမှာ သူ့ရှေ့တွင် ပုရွက်ဆိတ်ငယ်များကဲ့သို့ပင်။

ညလေပြင်း တိုက်ခတ်လိုက်သဖြင့် လိုက်ကာမှာ လွင့်တက်သွားပြီး အတွင်းရှိ လူ၏ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရသည်။

စိမ်းလဲ့သောဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်ပြီး တင်းမာသော မျက်နှာရှိကာ ရှည်လျားသော ဆံပင်နက်များက ပုခုံးပေါ်သို့ ဝဲကျနေ၏။ တောက်ပသော ဓားတစ်ခုသည် သူ၏ တင်ပျဉ်ခွေထားသော ပေါင်ပေါ်တွင် တည်ရှိနေသည်။

အကယ်၍ ချန်လော့၏ ဦးလေးစန်းသာ ဤနေရာတွင် ရှိနေပါက ဤလူငယ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိပေလိမ့်မည်။

ဤသူမှာ ထိုနေ့က မိန်းမစိုးဝေ နှင့်အတူ ငွေများ သိမ်းဆည်းခဲ့သော၊ တော်ဝင်မျိုးနွယ်ဝင် အခြွေအရံများကို သတ်ဖြတ်ခဲ့သော လျှို့ဝှက်ဆန်းပြားသည့် လူငယ်သိုင်းပညာရှင်ပင် ဖြစ်သည်။

"ဒါ ကျွန်တော့်ရဲ့ မဆင်မခြင်မှုပါ"

မြင့်မြတ်သောသူက ကန့်ကွက်မှု မရှိသည်ကို မြင်သောအခါ ယာဉ်တန်းသူဌေးက သက်ပြင်းချနိုင်သွားသည်။ မည်သို့ပင်ဆိုစေ သူသည် ထျန်းတာ့နျူကို ဤမျက်နှာသာပေးမှုဖြင့် ကူညီပေးခဲ့ပြီးဖြစ်ရာ ထျန်းတာ့နျူသည် သူဌေးကို စွေဟွားလို့ ရှိ ရှောင်ဟုန် နှင့် ပတ်သက်၍ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

All Chapters