← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း ၃၃ - စောင့်ဆိုင်းခြင်း

ဘုန်း

ဓားချက်တစ်ချက် ပြင်းထန်စွာ ကျဆင်းလာသည်။

သေရေးရှင်ရေး အရေးကြုံလာချိန်တွင် ဓားသမားသည် အခြားအရာအားလုံးကို ဂရုမစိုက်နိုင်တော့ဘဲ သူ၏ အဖိုးတန်ဓားအတွင်းသို့ ခွန်အားအားလုံး စုစည်းထည့်ဝင်ကာ ဓားသွားကို စောင်း၍ ခုခံလိုက်၏။ ဓားနှစ်လက် ပွတ်တိုက်မိသဖြင့် မီးပွားများ လွင့်စင်သွားသည်။

ပြင်းထန်သော အင်အားကြောင့် ဓားသမား၏ မျက်နှာမှာ ပို၍ဖြူလျော့သွားပြီး ပါးစပ်ထောင့်တွင်လည်း သွေးစအချို့ ထွက်ပေါ်လာသည်။

"ဟားဟား ဒါဟာ ငါ့ကို ငြင်းဆန်တဲ့အတွက် ပေးရတဲ့ တန်ဖိုးပဲ။"

လူသန်ကြီးသည် လက်တစ်ဖက်တည်းဖြင့် ဓားကို ဝှေ့ယမ်းလိုက်ရာ ရွှေကွင်းပါဓားပြားရှည်ကြီးမှာ ဘေးတိုက် ထပ်မံ ဝှေ့ယမ်းလာသဖြင့် ဓားသမားမှာ အကြိမ်ကြိမ် ဆုတ်ခွာရတော့သည်။ မကြာမီမှာပင် လူသန်ကြီးက သူ၏ရင်ဘတ်ကို ခြေထောက်ဖြင့် အားပါပါ ကန်လိုက်၏။

ချန်လော့သည် တိုက်ပွဲကို ဆက်မကြည့်တော့ဘဲ သူတို့နှစ်ဦး တိုက်ပွဲခဏရပ်နေစဉ်အတွင်း ထိုနေရာမှ အမြန်ဆုံး ဆုတ်ခွာခဲ့သည်။

လူသန်ကြီး၏ ပြင်းထန်သော တိုက်ကွက်မှာ ဓားသမား၏ ကိုယ်တွင်းအင်္ဂါများကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီ ဖြစ်သည်။ ဓားသမားသည် သေစေနိုင်သော ဒဏ်ရာမှ သီသီလေး လွတ်မြောက်ခဲ့သော်လည်း ကျရှုံးတော့မည့် အခြေအနေကိုတော့ မပြောင်းလဲနိုင်တော့ပေ။

ဆေးလုံးကြောင့် ရရှိလာသော ခွန်အားများမှာလည်း လျင်မြန်စွာကုန်ဆုံးနေပြီဖြစ်ရာ ရှုံးနိမ့်ရန်မှာ အချိန်ပိုင်းသာ လိုတော့၏။

တောင်ကြားထဲမှ ထွက်ခွာလာပြီးနောက် ချန်လော့သည် သူ၏ မှတ်ဉာဏ်ထဲရှိ သဲလွန်စများအတိုင်း စစ်သူကြီးဖန်း၏ တော်ဝင်မျိုးနွယ်ဦးနှောက်ကို အသက်သွင်းကာ ဝိညာဉ်သတ္တုတွင်းရှိရာသို့ အမြန်ဆုံး ဦးတည်သွားခဲ့သည်။

ရှေ့သို့ တိုးသွားလေလေ ပတ်ဝန်းကျင်မှာ ပို၍ တိတ်ဆိတ်လာလေလေ ဖြစ်သည်။ ညဖက် တောအုပ်မှာ အန္တရာယ်များလှသော်လည်း ချန်လော့အတွက်တော့ တကယ့်အန္တရာယ်မှာ သိုင်းပညာရှင်များသာ ဖြစ်သည်။

ကံကောင်းသည်မှာ ထိုလူများမှာ အစွန်အဖျားပိုင်းတွင်သာ ရှိနေကြသေးပြီး တကယ့်နေရာကို မရှာတွေ့ကြသေးခြင်းပင်။

နာရီဝက်ခန့် ကြာပြီးနောက် မိုးလင်းစပြုလာပြီ ဖြစ်၏။

ချန်လော့သည် တောင်ကြားတစ်ခုတွင် ရပ်လိုက်သည်။ သူ၏ မှတ်ဉာဏ်အရ ဤနေရာသည် ချင်းယာကောင်တီတရားသူကြီး ရှာတွေ့ခဲ့သော သတ္တုတွင်းဝပင်။

ထူးခြားသော ဝိညာဉ်သတ္တုတွင်း ပေါ်ထွက်လာမှုကြောင့် တရားသူကြီးသည် ထိုနေရာတွင် ရှိနေသူအားလုံးကို နှုတ်ပိတ်ခဲ့ပြီး မင်းသားနင်ထံသို့ ချက်ချင်း အစီရင်ခံခဲ့၏။ ထို့နောက်ပိုင်း ဘာဖြစ်ခဲ့သည်ကို သူတစ်ဦးတည်းသာ သိတော့သည်။

စစ်သူကြီးဖန်းသည်လည်း ဤနေရာသို့ ရောက်ရှိလာပြီးမှသာ သူ၏ လျှို့ဝှက်ကင်းထောက်များမှတစ်ဆင့် ဤနေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ချန်လော့သည် တရားသူကြီးလို့ ချန်ထားခဲ့သော စာလွှာ၊ သူ၏ ဦးလေးစန့် ကူညီပေးခဲ့သော ဖုန်းရွှေ အတတ်ပညာနှင့် စစ်သူကြီးဖန်း၏ တော်ဝင်မျိုးနွယ်ဦးနှောက်တို့ကို ပေါင်းစပ်အသုံးပြုကာ ဤနေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် သူသည် အပြင်မှ လူများထက် ဦးအောင် ဤနေရာသို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်၏။

"နေနဲ့လ ဆုံစည်းချိန်။"

ချန်လော့သည် မြင့်မားသော စင်မြင့်တစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး သတ်မှတ်ထားသော အချိန်ကို စတင်စောင့်ဆိုင်းတော့သည်။

ဤဝိညာဉ်သတ္တုတွင်း၏ အဝင်ဝမှာ သာမန်တွင်းဝတစ်ခု မဟုတ်ပေ။ ၎င်းမှာ သတ်မှတ်ထားသော အချိန်ကာလတစ်ခုတွင်သာ ဝင်ရောက်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။

ဤအကြောင်းကို စတင်ကြားရစဉ်က ချန်လော့ကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရ၏။ သို့သော် သူ ပို၍ စိတ်လှုပ်ရှားလာမိသည်။

ဤကဲ့သို့သော ထူးခြားသည့် မြင်ကွင်းမျိုးမှာ ဒဏ္ဍာရီလာ ကျင့်ကြံသူများ နှင့် ပတ်သက်နေမည်မှာ သေချာသည်။

သူ၏ ရှာဖွေမှုလမ်းကြောင်း မှန်ကန်ခဲ့ပြီ။

ဂုဏ်ထူးဆောင်ဆရာသခင် ဖြစ်ရန် လမ်းစမှာ ရှာရခက်လှသော်လည်း ကျင့်ကြံခြင်းလမ်းစဉ်တွင်တော့ မျှော်လင့်ချက် ရှိနေသည်။

ဘေးပတ်ဝန်းကျင်တွင် လူသူမရှိသဖြင့် ချန်လော့သည် ကျောက်စိမ်းစာလိပ်ကို ထုတ်ကာ ထပ်မံလေ့လာ၏။

ကျောက်စိမ်းစာလိပ်ပေါ်ရှိ အကြောင်းအရာများကို အလွတ်ရနေပြီ ဖြစ်သော်လည်း လက်ထဲတွင် ကိုင်ထားရခြင်းက ထူးခြားသော ခံစားချက်ကို ပေးစွမ်းသည်။ အထူးသဖြင့် တော်ဝင်မျိုးနွယ်ဦးနှောက်ကို အသုံးပြုချိန်တွင် ထိုခံစားချက်က ပို၍ ထင်ရှားလာသည်။

'ကောင်းကင်ဘုံ၏ နိယာမသည် မစုစည်းဘဲ လည်ပတ်နေသဖြင့် အရာခပ်သိမ်းတို့သည် ဖြစ်တည်လာကြကုန်၏။'

ရင်းနှီးပြီးသား စာသားများက သူ၏ စိတ်ထဲတွင် ပြန်လည်ပေါ်ထွက်လာပြီး သူသည် ထူးခြားသော အခြေအနေတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ အိပ်မက်လည်းမဟုတ်၊ နိုးနေခြင်းလည်းမဟုတ်၊ အိပ်ပျော်နေခြင်းလည်း မဟုတ်သော အခြေအနေပင်။

ဤအခြေအနေတွင် ချန်လော့သည် အစောပိုင်းက လူသန်ကြီးနှင့် ဓားသမားတို့ တိုက်ခိုက်နေသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်လာပြီး နားမလည်နိုင်ခဲ့သော အချက်အချို့မှာ ချက်ချင်းပင် ရှင်းလင်းသွားတော့သည်။

ဂုဏ်ထူးဆောင်ဆရာသခင်

၎င်းမှာ အယူအဆတစ်ခုနှင့် ပိုတူသည်။ သူနှင့် သူတို့အကြား ကွာခြားချက်မှာ သွေးသားထဲတွင် ပုန်းကွယ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအား အယူအဆပင်။ ဂုဏ်ထူးဆောင်ဆရာသခင် တစ်ဦးတွင် ဤစွမ်းအားရှိသဖြင့် သူတို့၏ ကိုယ်တွင်းချီကို ရာနှုန်းပြည့် အသုံးချနိုင်ကာ အရိုးကျစ်လစ်ခြင်းအဆင့်ထက် များစွာသာလွန်သော ခွန်အားကို ထုတ်ဖော်နိုင်သည်။

အရိုးသန့်စင်ခြင်းအဆင့်၏ ကိုယ်တွင်းချီမှာ ငြိမ်သက်နေသော ရေကဲ့သို့ ဖြစ်သော်လည်း ဂုဏ်ထူးဆောင်ဆရာသခင်၏ ကိုယ်တွင်းချီမှာတော့ အသက်ဝင်နေ၏။ ၎င်းမှာ အလိုအလျောက်ပင် ခုခံကာကွယ်ပေးနိုင်သည်။

ဒါကို နားလည်သွားပြီးနောက် ချန်လော့သည် ဆရာသခင် ဖြစ်လာမည့် လမ်းစဉ်ကို စတင်တွေးတောမိ၏။ သို့သော် သူ စဉ်းစားနေရင်းနှင့်ပင် ပြန်လည်နိုးထလာရသည်။

အကြောင်းမှာ ရှေ့ဆက်ရန် လမ်းစမရှိသောကြောင့်ပင်။

ဘာမှမရှိရာမှ အသစ်ဖန်တီးရန်မှာ သူ၏ အဆင့်နှင့် မဖြစ်နိုင်သေးပေ။

ဆရာသခင်၏ လမ်းစဉ်ကို နားလည်ရန်မှာ သူကိုယ်တိုင် ဆရာသခင် အရင်ဖြစ်ရန် လိုအပ်နေသည်။ ၎င်းမှာ ကြက်က အရင်လာလား၊ ဥက အရင်ဥလားဆိုသည့် မေးခွန်းကဲ့သို့ပင်။

ဤရလဒ်ကြောင့် ချန်လော့မှာ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။ သံသရာ လည်နေတာလား။

"နျူဝါကျိ... တောင့်ခံထားစမ်း၊ မသေစေနဲ့ဦး"

အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ချန်လော့၏ အတွေးများကို ဖြတ်တောက်လိုက်၏။ အသံလာရာသို့ ကြည့်လိုက်ရာ အဘိုးထျန်းမှာ စိုးရိမ်တကြီးဖြင့် သူ၏တူကို တောင်ပေါ်သို့ ဆွဲခေါ်လာသည်ကို တွေ့ရသည်။

အခြားလူများ အသည်းအသန် ရှာနေသော တောင်ကြားထဲသို့ ဤလူများက မတော်တဆ ရောက်လာကြခြင်းပင်။

"ဦးလေးငါး... ကျွန်တော့်အတွက် စိတ်မပူပါနဲ့။"

"လျှောက်မပြောနဲ့၊ မင်းကို ဒီမှာ ထားခဲ့ရင် ငါပြန်ရောက်တဲ့အခါ မင်းအဖေက ငါ့အရေခွံကို ခွာလိမ့်မယ်။" အဘိုးထျန်းက ဒေါသတကြီးဖြင့် သူ၏တူကို အော်ဟစ်လိုက်သည်။

အကယ်၍ တစ်ဖက်လူက ဒဏ်ရာမရထားလျှင် သူ ခေါင်းကိုပါ ရိုက်မိလိမ့်မည်။

"ဖန့်ချွင်း ၊ ဖန့်ရှန်း ... မင်းတို့နှစ်ယောက် ဦးလေးငါးကို မြန်မြန်ကူပြီး သွားကြတော့။ ဒီတစ်ခါတော့ ငါ့ကြောင့် သူတို့ ဒုက္ခရောက်ရပြီ။ အစကတည်းက သူ့စကားကို နားထောင်ခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။" ထျန်းတျာနျူမှာ အသက်ကို ပြင်းပြင်းရှူနေရ၏။

သူ၏ ဦးလေးကို ဖျောင်းဖျ၍ မရနိုင်မှန်း သိသဖြင့် သူ၏ ညီအစ်ကို နှစ်ယောက်ထံသို့ ဦးတည်ပြောလိုက်ခြင်း ဖြစ်သည်။

စင်မြင့်ပေါ်တွင် ပုန်းနေသော ချန်လော့သည် အခြေအနေကို ရှင်းလင်းစွာ မြင်နေရသည်။ ထျန်းတာ့နျူ၏ ခြေထောက်တွင် မြားတစ်စင်း စိုက်နေပြီး သွေးများမှာလည်း တသွင်သွင် စီးကျနေသည်။

သူသည် ကိုယ်ခန္ဓာ တောင့်တင်းသူဖြစ်သဖြင့်သာ တောင့်ခံနိုင်ခြင်းဖြစ်ပြီး အခြားလူဆိုလျှင် မေ့လဲနေလောက်ပြီ ဖြစ်၏။

"ခေါင်းဆောင်..."

ထျန်းတာ့နျူ ခိုင်းစေသော အစောင့်နှစ်ဦးမှာ တုံ့ဆိုင်းနေကြ၏။ သူတို့နှစ်ဦးစလုံးမှာ ထျန်းတာ့နျူနှင့် ရွာတူသူများ ဖြစ်ကြသဖြင့် အဘိုးထျန်းကို အတင်းအဓမ္မ ခေါ်ဆောင်သွားရန် မဝံ့မရဲ ဖြစ်နေကြသည်။

"ဘာတွေ လျှောက်ပြောနေတာလဲ မြန်မြန်ကူစမ်းပါ၊ဟို သေမင်းနှစ်ကောင် တိုက်လို့ ပြီးသွားရင် ငါတို့အားလုံး အသက်ရှင်မှာ မဟုတ်ဘူး။" အဘိုးထျန်းက စိတ်မရှည်စွာဖြင့် လူငယ်နှစ်ဦးကို ကန်ကျောက်ကာ မြန်မြန်လုပ်ရန် ခိုင်းစေနေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ချန်လော့ သဘောကျမိသည်။

နဂါးမှာလည်း နဂါးလမ်း ရှိသကဲ့သို့ ကြွက်မှာလည်း ကြွက်လမ်း ရှိပေသည်။

အခြားအရာများကို ဖယ်ထားလျှင်ပင် အဘိုးထျန်း၏ အသက်ရှင်သန်နိုင်စွမ်းမှာ သူ၏တူ ထျန်းတာ့နျူထက် များစွာ သာလွန်သည်။ ထို့ကြောင့်ပင် သူသည် ဤလမ်းခရီးတွင် အလုပ်လက်ခံဝံ့ခြင်း ဖြစ်မည်။

သူ၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှ၏။ အစောပိုင်းက ထျန်းတာ့နျူကို အားနာနေ၍သာ ဖြစ်သည်၊ မဟုတ်ပါက သူသည် ချန်လော့နှင့်အတူ စောစောစီးစီး ထွက်ပြေးပြီးလောက်ပြီ ဖြစ်သည်။

"တော်တော်လေး ဇွဲရှိကြတာပဲ။"

ချန်လော့ မပြုံးဘဲ မနေနိုင်တော့ပေ။ ဂုဏ်ထူးဆောင်ဆရာသခင်၏ လမ်းစဉ်မှာ လောလောဆယ် နားမလည်နိုင်သေးသဖြင့် သူ ဆက်လက် မစဉ်းစားတော့ပေ။ မည်သို့ပင်ဆိုစေ သူသည် ဤလမ်းကြောင်းအတိုင်း အဆုံးထိ သွားရန် ရည်ရွယ်ထားသူ မဟုတ်ပေ။

ဖြစ်နိုင်သည်မှာ ယခုတစ်ကြိမ်တွင် သူ ကံကောင်းပြီး သိုင်းပညာကျင့်ကြံခြင်းကို ကျော်ဖြတ်ကာ ကျင့်ကြံသူတိုက်ရိုက် ဖြစ်လာနိုင်ပေသည်။

"ဘယ်သူလဲ"

ချန်လော့၏ အသံကြောင့် အောက်ရှိ လူများမှာ လန့်ဖျပ်သွားကြသည်။ ဖန့်ချွင်းနှင့် ဖန့်ရှန်းတို့ဆိုလျှင် ဓားများကိုပင် ဆွဲထုတ်လိုက်ကြသည်။

သို့သော် ချန်လော့က သူတို့ကို ဂရုမစိုက်တော့ပေ။ စကားတစ်ခွန်း ပြောပြီးနောက် သူတို့ကို လျစ်လျူရှုကာ ကျောက်စိမ်းစာလိပ်ကိုသာ ဆက်လက် လေ့လာနေသည်။

နားမလည်နိုင်သော်လည်း ဆင်ခြင်တွေးတောနေခြင်းက အကျိုးရှိမည်မှာ အမှန်ပင်။ မည်သို့ပင်ဆိုစေ သူသည် ကျားနက်လက်သီးကို ကျွမ်းကျင်ပြီးသား ဖြစ်ရာ ယခုအချိန်တွင် အခြားလုပ်စရာလည်း မရှိပေ။

သူ စကားဆက်မပြောတော့သော်လည်း အောက်ရှိလူများက သူ့ကို ရှာတွေ့သွားကြ၏။ အထူးသဖြင့် အဘိုးထျန်းမှာ ချန်လော့ကို မြင်လိုက်ရသောအခါ သူ၏ အဖေအရင်းကို တွေ့လိုက်ရသကဲ့သို့ ဝမ်းသာအားရ ဖြစ်သွားပြီး ဒူးထောက်ချလိုက်တော့သည်။

"သူရဲကောင်းကြီး... ကျွန်တော်တို့ကို ကယ်ပါဦး"

လမ်းတစ်လျှောက်တွင် အဘိုးထျန်းမှာ အန္တရာယ်များနှင့် အကြိမ်ကြိမ် ကြုံခဲ့ရပြီး ချန်လော့ကသာ ကူညီပေးခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း ယာဉ်တန်းမှ ထွက်လာချိန်တွင်လည်း ချန်လော့က သူ့ကို သတိပေးခဲ့သေးသည်။

သို့သော် သူသည် ထိုအချိန်က လောဘဇော တက်နေခဲ့ပြီး သူ၏တူ၏ စကားကို ယုံကြည်မိခဲ့သဖြင့် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။

"ဒီနေရာကလည်း လုံခြုံချင်မှ လုံခြုံမှာနော်။"

ချန်လော့သည် လက်ထဲမှ ကျောက်စိမ်းစာလိပ်ကို ချလိုက်ပြီး သူတို့လေးဦးကို စေတနာနှင့် သတိပေးလိုက်သည်။ သူ ပြောသည်မှာ အမှန်ပင်။

ဤနေရာမှာ ဝိညာဉ်သတ္တုတွင်း၏ အဝင်ဝ ဖြစ်သည်။ အချိန်တန်လျှင် ထူးခြားသော နိမိတ်များ ပေါ်ထွက်လာမည် ဖြစ်ပြီး ထိုအခါ ပညာရှင်များ ရောက်ရှိလာကြပေလိမ့်မည်။

ထိုအချိန်တွင် ဤနေရာမှာ သတ်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားမည်မှာ သေချာလှ၏။

အခန်း (၃၄) နားလည်သဘောပေါက်ခြင်း

အဘိုးကြီးထျန်း နှင့် အခြားသူများသည် နောက်ဆုံးတွင် ဆက်နေရန် ဆုံးဖြတ်လိုက်ကြ၏။

အဓိကအကြောင်းရင်းမှာ ထျန်းတာ့နျူဒဏ်ရာရထားသဖြင့် လောလောဆယ် ထွက်မသွားနိုင်ခြင်းကြောင့် ဖြစ်သည်။ အပြင်ဘက်တွင် အန္တရာယ်များ ပိုမိုများပြားလာပြီး သူ၏နွားလှည်းမှာလည်း ပျက်စီးသွားပြီဖြစ်ရာ အဘိုးကြီးထျန်းအနေဖြင့် သူ၏တူကို အတင်းအကျပ် ထွက်ပြေးခိုင်း၍ မရပေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မျက်စိမှိတ် ထွက်ပြေးခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် တူပေလိမ့်မည်။

အသိအကျွမ်း တစ်ဦးဖြစ်သူ ချန်လော့ကို အမှီပြုနေခြင်းက ပို၍ လက်တွေ့ကျပေ၏။ အနည်းဆုံးတော့ ချန်လော့သည် သူတို့ကို သတ်မည်မဟုတ်ပေ။

ချန်လော့သည် သူတို့၏ ဆုံးဖြတ်ချက်ကို ဂရုမစိုက်ပေ။ ဤတောင်ကြားမှာ အလွန်ကျယ်ပြောပြီး သူတစ်ယောက်တည်း ပိုင်သည်လည်း မဟုတ်ပါဘူး။ အချိန်စေ့ခါနီးလျှင် သူတို့ကို သတိပေးရုံသာ ရှိသည်။

မကြာမီ မိုးသောက်အလင်းသို့ ရောက်လာ၏။

တက်သစ်စနေမင်းသည် ကောင်းကင်ယံတွင် မျက်နှာတစ်ဝက် ဖော်ပြလာသည်။

ချန်လော့သည် မြင့်မားသော စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ပြီးလွန်ခဲ့သည့်ရက်များက စစ်သူကြီးဖန်း၏ တော်ဝင်မျိုးနွယ် ဦးနှောက်ကို အသုံးပြု၍ ရှာဖွေထားသော နည်းလမ်းအတိုင်း သူ၏ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းချီများကို စတင် လှုပ်ရှားစေလိုက်သည်။

တက်သစ်စ နေရောင်ခြည်သည် အမည်မသိ အစွမ်းတစ်ခုနှင့် ရောယှက်ကာ ချန်လော့၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွား၏။

၎င်းမှာ မမြင်နိုင်၊ မထိတွေ့နိုင်သော အရပင်။

ယခင်က မည်သို့ပင်ကြိုးစားစေကာမူ နားမလည်နိုင်ခဲ့သော ကျောက်စိမ်းစာလိပ် သည် ပူနွေးသော စွမ်းအင်များကို တစ်ဖန်ပြန်လည် ထုတ်လွှတ်လိုက်သည်။

ဤပြောင်းအလဲက ချန်လော့ကို လန်းဆန်းသွားစေပြီး သူ၏ ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို ချက်ချင်း လိုက်လံရှာဖွေတော့သည်။ ကံမကောင်းစွာဖြင့် ဤအစွမ်းသည် ဝင်လာသည်နှင့် လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ပတ်ဝန်းကျင်တွင်လည်း မည်သည့် ထူးခြားသော ဖြစ်စဉ်မျှ ပေါ်ပေါက်မလာခဲ့ပေ။

'ငါ နေရာမှားရှာမိတာလား'

ချန်လော့သည် အဘိုးကြီးထျန်းနှင့် အခြားသူများ၏ ကြောင်တောင်တောင် အကြည့်များကို လျစ်လျူရှုကာ ချက်ချင်း မတ်တပ်ရပ်လိုက်၏။ သူသည် အမြင့်ဆုံးနေရာသို့ ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး တောင်ကြား၏ မြေမျက်နှာသွင်ပြင်ကို ဂရုတစိုက် လေ့လာတော့သည်။

ချန်လော့သည် မြေမျက်နှာသွင်ပြင်နှင့် နက္ခတ္တဗေဒ ပညာရပ်များတွင် မကျွမ်းကျင်သော်လည်း သူ၏ ဦးလေးစန်းကို တိုင်ပင်ခဲ့ပြီးဖြစ်ရာ နေရာမှားရန် အကြောင်းမရှိပေ။

အထူးသဖြင့် စစ်သူကြီးဖန်းနှင့် တော်ဝင်မျိုးနွယ် ဦးနှောက်က ကူညီပေးနေခြင်း ဖြစ်သည်။

အကယ်၍ သူနှင့် စစ်သူကြီးဖန်း၏ ဦးနှောက် နှစ်ခုစလုံး မှားနေခဲ့လျှင်တောင် အခြားသော ဦးနှောက် ကိုးဆယ်ကျော်မှာလည်း တုံ့ပြန်မှု မရှိဘဲ နေမည်မဟုတ်ပေ။

ဤ ဦးနှောက်များ အားလုံး အတူတူ မှားယွင်းရန်မှာ မဖြစ်နိုင်ပေ။

"နေရာမမှားဘူးဆိုရင် အချိန်မှားနေတာ ဖြစ်မယ်။"

စင်မြင့်ပေါ်သို့ ပြန်ရောက်သောအခါ ချန်လော့သည် အောက်ရုံးတရားသူကြီး လို့၏ လျှို့ဝှက်စာပါ အကြောင်းအရာများကို ပြန်လည် စဉ်းစားနေ၏။

စကားလုံးများစွာ မပါဝင်ပေ။ စိတ်ဝိညာဉ်သတ္ထုတွင်း၏ ထူးခြားချက်များကို ဖော်ပြထားသည့်အပြင် ကျန်သည်မှာ ရှာဖွေတွေ့ရှိမှု အစီရင်ခံစာသာ ဖြစ်သည်။ နမူနာတစ်ခုကိုလည်း ပေးပို့ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူသည် စိတ်ဝိညာဉ်ရင်းမြစ်နမူနာကိုတော့ မတွေ့ရပေ။

တရားသူကြီးလို့ ရုံးခန်းတွင် ထားခဲ့သော စာများမှာ သူကိုယ်တိုင်မိတ္တူကူးထားသော အရန်စာများသာ ဖြစ်သည်။ ထိုလူမှာ မကောင်းမှုများစွာ လုပ်ခဲ့သူဖြစ်ရာလုပ်သမျှကို အရန်သိမ်းထားလေ့ရှိသည့် အကျင့်ရှိသည်။

"နေ့စဉ်တိကျတဲ့ အချိန်တစ်ခု မဟုတ်ဘဲ၊ လစဉ် တိကျတဲ့ အချိန်တစ်ခု ဖြစ်နေတာလား မသိဘူး။"

အချိန်အတော်ကြာပြီးနောက် ချန်လော့သည် ကောက်ချက်တစ်ခု ချလိုက်၏။

ကျင့်ကြံသူများနှင့် သက်ဆိုင်သော အရာများသည် အမှန်တကယ်ပင် နက်နဲလှသည်။

ကောင်းကင်နှင့် မြေပြင်၏ အပြောင်းအလဲများ၊ နေ၊ လနှင့် ကြယ်တာရာများနှင့်ပင် ဆက်စပ်နေသည်။ ဤရလဒ်ကြောင့် ချန်လော့သည် မျှော်လင့်ချက်အသစ်များ ရရှိလာပြီး သူ၏ စိတ်နှလုံးမှာ ပြန်လည်တည်ငြိမ်သွား၏။

ဤမျှလောက် ဒုက္ခခံခဲ့ပြီးမှ လက်လျှော့ထွက်ခွာရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

အကယ်၍ ဤအခွင့်အလမ်းကို လက်လွတ်ခံလိုက်ပါက နောက်တစ်ကြိမ် ထပ်တွေ့ရန်မှာ ခက်ခဲပေလိမ့်မည်။

တစ်သက်လုံး မသေမျိုး အခွင့်အလမ်းနှင့် မဆုံတွေ့ခဲ့သော သိုင်းသမားများစွာ ရှိသည်။ သူ၏ ဆံပင်များဖြူလာချိန်တွင် နောင်တများဖြင့် ခြံဝင်းထဲ၌ ထိုင်မနေချင်ပေ။

ရလဒ်ကို အတည်ပြုပြီးနောက် ချန်လော့သည် စင်မြင့်သို့ ပြန်သွားပြီး ကျင့်ကြံခြင်းကို စတင်လိုက်၏။

သူ၏ခန္ဓာကိုယ်တွင် ဆေးညွှန်းနှစ်မျိုးကို လိမ်းကျံလိုက်ပြီး လက်ဝှေ့သိုင်းကို ဖြည်းဖြည်းချင်း လေ့ကျင့်တော့သည်။

၎င်းမှာ ကျားနက်လက်သီးပင်။

သို့သော် ယခုအခါ မည်သည့် တိုးတက်မှုမျှ မရှိတော့ပေ။

ဆေးညွှန်း ၁၂ မျိုးခန့် ပေါင်းစပ်လိုက်မှသာ အပူရှိန် အနည်းငယ် ခံစားရသည်။ ဤဆေးညွှန်းများသည် မကြာမီ အသုံးမဝင်တော့မည်ကို သူ ခန့်မှန်းမိ၏။

"ငါ လမ်းကြောင်းသစ်တစ်ခု ရှာရမယ်။"

သူ၏ သိုင်းပညာကို ဤအဆင့်အထိ ကျင့်ကြံပြီးနောက် ချန်လော့သည် ရှေ့သို့ ထပ်တက်၍ မရတော့ဟု ခံစားနေရသည်။

အထက်တွင် ဆရာသခင်အဆင့် ရှိနေသေးသည်ကို သူ သိသော်လည်း ၎င်းထဲသို့ မဝင်ရောက်နိုင်ပေ။ ထို့အပြင် ဆရာသခင်အဆင့်၏ ကန့်သတ်ချက်မှာ ကျင့်စဉ်ကြောင့်သာမက သူ၏ ကိုယ်ပိုင်ပါရမီ ကြောင့်လည်း ဖြစ်နိုင်သည်ဟု သူ ခံစားရ၏။

သူကိုယ်သူ ကောင်းကောင်းသိသည်။ သိုင်းစတင်သင်သည့်နေ့ကပင် မာချွယ်ကျိက သူ၏ပါရမီမှာ အမှိုက်ထဲက အမှိုက်ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။

အကယ်၍ သူငယ်ချင်း၁၀၀ ကျော်၏ အကူအညီသာ မပါခဲ့လျှင် သူသည် ကျားနက်လက်သီး ပထမအဆင့်မှာပင် ရှိနေဦးမည်။ ယခုအဆင့်သို့ ရောက်ရန်မှာ သူ သေသည်အထိ ကျင့်လျှင်ပင် မဖြစ်နိုင်ပေ။

ကျောက်စိမ်းစာလိပ်ကို နှစ်ကြိမ်တိုင်တိုင် နားလည်သဘောပေါက်ပြီးနောက် ဤခံစားချက်မှာ ပိုမို ပြင်းထန်လာ၏။

အကယ်၍ သူသည် ဆရာသခင်အဆင့် ကျင့်စဉ်ကို ရရှိခဲ့လျှင်ပင် အဆင့်တက်နိုင်မည်မဟုတ်ဘဲ အလွန်ဆုံး ဆရာသခင်တစ်ပိုင်းအဆင့်အထိသာ ရောက်နိုင်မည်ဟု သူ ကြိုတင် သိမြင်နေသည်။

ဓားသမားနှစ်ဦး၏ တိုက်ပွဲကို ပြန်လည်စဉ်းစားကြည့်လျှင် ဤယူဆချက်မှာ ပို၍ သေချာသွား၏။

ထိုနှစ်ဦးနှင့် နှိုင်းယှဉ်လျှင် သူ၏ မွေးရာပါ အခြေခံအုတ်မြစ်မှာ အလွန် အားနည်းလွန်းသည်။

အထူးသဖြင့် သွေးနှင့်ချီ စုဆောင်းမှုပင်။

သန်မာသောကျင့်ကြံသူတစ်ဦး ဆရာသခင်အဆင့် ဖြစ်လာရန်မှာ ပါရမီနှင့် နားလည်နိုင်စွမ်းအပြင် ချီနှင့် သွေး စုဆောင်းမှုမှာ အရေးကြီးဆုံး ဖြစ်သည်။

ထိုနှစ်ဦး လှုပ်ရှားလိုက်ချိန်တွင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့် သွေးများသည် ဒီရေအလား တိုးဝှေ့လာပြီး အဆက်မပြတ် စီးဆင်းနေ၏။

ထိုကြီးမားသော စွမ်းအားများသည် သိုင်းသမား၏ ကိုယ်တွင်းမှ မြစ်ဖျားခံခြင်း ဖြစ်ကာ ၎င်းမှာ မွေးကတည်းက စုဆောင်းလာခဲ့သော အရင်းအမြစ် ပင် ဖြစ်သည်။

ယခင်က သိုင်းလေ့ကျင့်စဉ် ချန်လော့သည် မာချွယ်ကျိကို မေးမြန်းခဲ့ဖူး၏။

ထိုကဲ့သို့သော လူများသည် ငယ်စဉ်ကတည်းက မိုးမြေမှ ရတနာများကို အမြောက်အမြား စားသုံးကြပြီး ဆေးရည်ချိုးခြင်းများကို ပြုလုပ်ကြသည်ဟု သိရသည်။

ဟယ်မင်လည်း ထိုနည်းတူပင်ဖြစ်ကာ သူ၏ မိခင်သည် ကိုယ်ဝန်ဆောင်စဉ် ကတည်းက အားဆေးများနှင့် ဂျင်ဆင်းစွပ်ပြုတ်များကို သောက်သုံးခဲ့သဖြင့် မွေးရာပါ အားအင်မှာ သာမန်ထက် သာလွန်နေခြင်း ဖြစ်သည်။

ဤအရာက မာချွယ်ကျိနှင့် ဟယ်မင်တို့သာ ရှိသေးပြီး ဆရာသခင်အဆင့် ကျင့်ကြံသူများ၏ စုဆောင်းမှုမှာမူ ဤထက်မက ကြီးမားပေလိမ့်မည်။

စာပေသင်လျှင် ဆင်းရဲပြီး၊ သိုင်းသင်လျှင် ချမ်းသာရမည်ဟူသော စကားအတိုင်း အရာအများစုမှာ မွေးကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်နေသည်။

ချန်လော့ သတ်ခဲ့သော စစ်သူကြီးဖန်းသည်လည်း သူနှင့်အတူတူပင် မွေးရာပါ အခြေခံအားနည်းခြင်းဟူသော အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ထို့ကြောင့် သူသည် ကျောက်စိမ်းစာလိပ်ကို မျှော်လင့်ချက်ထားခဲ့ကာ နင်မင်းသားကိုပင် သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် စစ်သူကြီးဖန်း၏ အမြင်မှာ ကျဉ်းမြောင်းလှ၏။

ကျောက်စိမ်းလိပ်ကို ဖတ်ပြီးနောက်တွင် သူသည် အမျိုးသမီးများ၏ သွေးဖြင့် ကျင့်ကြံသော ယုတ်ညံ့သည့် နည်းလမ်းကို တီထွင်ခဲ့သည်။

ချန်လော့က သူ့ကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းခဲ့သည်မှာ မထူးဆန်းတော့ပေ။

"မသေမျိုးတာအို..."

ချန်လော့သည် သူ၏ လက်ထဲရှိ ကျောက်စိမ်းစာလိပ်ကို မသိမသာတင်းတင်းဆုပ်လိုက်ပြီး စိတ်ကူးယဉ်မှုများကို ဖယ်ရှားကာ ကျင့်ကြံခြင်းနေ့သစ်ကို စတင်လိုက်၏။

တစ်ရက်ကုန်လွန်သွားသည်။

ညဉ့်မှောင်လာပြီး နေနှင့် လ ဆုံစည်းသော အချိန်သို့ တစ်ဖန် ရောက်ရှိလာပြန်၏။

ချန်လော့သည် ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်၍ တိတ်ဆိတ်စွာ နားလည်အောင် ကြိုးစားနေသည်။

ကျောက်စိမ်းစာလိပ်သည် တစ်ဖန် ပူနွေးသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး ရင်းနှီးသော ခံစားချက်မှာ သူ၏ စိတ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာသည်။

ဤတစ်ကြိမ် ပြောင်းအလဲမှာ ယခင် နှစ်ကြိမ်ထက် ပို၍ သိသာထင်ရှား၏။

တော်ဝင်မျိုးနွယ်ဦးနှောက်သည် ဤအခြေအနေတွင် ဝိညာဉ်လွင့်ခြင်းကဲ့သို့ ပြုလုပ်နေပြီး ချန်လော့ကို လုံးဝမတူညီသော မြင်ကွင်းတစ်ခုသို့ ပို့ဆောင်ပေးလိုက်သည်။

သူသည် သူ၏ ဦးခေါင်းနောက်ဘက်ရှိ မြင်ကွင်းကိုပင် မြင်နေရ၏။ မိမိကိုယ်ကို ဗဟိုပြု၍ တောင်ကြားတစ်ခုလုံး၏ မြင်ကွင်းမှာ သူ၏ စိတ်ထဲတွင် ပေါ်လာသည်။

အောက်ဘက် တောင်ကြားတွင် ပြန်လည် လှုပ်ရှားနိုင်စွမ်းရှိလာသော ထျန်းတာ့နျူမှာ အဘိုးကြီးထျန်း၏ ဆူပူကြိမ်းမောင်းခြင်းကို ခံနေရပြီး၊ ဖန့်ချွင်းနှင့် ဖန့်ရှန်းညီအစ်ကို နှစ်ဦးမှာမူ ဘေးတွင် ငြိမ်ကုပ်၍ ရပ်နေကြ၏။

ဤလူများသည် သူ၏ နောက်ကျောဘက်တွင် ရှိနေကြသော်လည်း ချန်လော့ကမူ သူတို့ကို မြင်နေရသည်။

ညဉ့်နက်လာပြီး နေဝင်သွားသောအခါ ထိုလျှို့ဝှက်ဆန်းပြားသော အရှိန်အဝါများ ပျောက်ကွယ်သွား၏။

တော်ဝင်မျိုးနွယ်ဦးနှောက်သည်လည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။

ချန်လော့သည် သူ၏မျက်စိကို ဖွင့်လိုက်ပြီး မပြောင်းလဲဘဲ ရှိနေသော ကျောက်စိမ်းစာလိပ်ကို ကြည့်ကာ အတွေးနက်နေမိသည်။

ဤကျောက်စိမ်းစာလိပ်၏ ကုန်ကြမ်းမှာလည်း ထူးခြားလှပေမည်၊ မဟုတ်လျှင် ခုနက မြင်ကွင်းကို ရှင်းပြရန် မဖြစ်နိုင်ပေ။

သူ၏ ကိုယ်တွင်းချီပြင်းအားကို စမ်းသပ်ကြည့်ရာ အရိုးသန့်စင်ခြင်းအဆင့်၏ အစောပိုင်း အဆင့်တွင်ပင် ရှိနေသေးသော်လည်း ယခင်ကထက် များစွာ ပိုမို အားကောင်းလာခဲ့၏။

ဤနက်နဲသောအရာသည် သူ၏ ကိုယ်တွင်းချီကို တိုးတက်စေသော်လည်း ထူးထူးခြားခြားတော့ မဟုတ်ပေ။

"သူရဲကောင်းကြီး၊ ကျွန်တော်တို့ တောကြက်နှစ်ကောင် ကင်ထားပါတယ်။ ဆင်းပြီး စားပါဦးလား"

အဘိုးကြီးထျန်းသည် သူ၏တူကို ဆူပူပြီးနောက် မီးဖိုကာ ချက်ပြုတ်နေခြင်း ဖြစ်သည်။ ချန်လော့ တရားထိုင်ရာမှ နိုးလာသည်ကို မြင်သောအခါ သူက ချက်ချင်း လက်ယမ်းခေါ်လိုက်၏။

"မလိုပါဘူး။"

ချန်လော့သည် အောက်သို့ ဆင်းမသွားဘဲ သူ၏ ရိက္ခာခြောက်များကိုသာ ထုတ်ယူပြီး ဖြည်းဖြည်းချင်း စားနေလိုက်၏။

ရိက္ခာများမှာ အရသာမရှိဘဲ ခြောက်သွေ့မာကျောလှသည်။

သို့သော် ဗိုက်ဝစေပါသည်။တစ်ယောက်တည်း ခရီးသွားသောအခါ ချန်လော့သည် မိမိဘာသာ ပြင်ဆင်လာသည်ကိုသာ စားလေ့ရှိ၏။ အဘိုးကြီးထျန်းတို့နှင့် ရက်အနည်းငယ်ကြာ အတူရှိခဲ့သော်လည်း သူတို့မှာ ဆွေမျိုးများ မဟုတ်ကြသဖြင့် သတိထားရန် လိုအပ်ဆဲပင်။

ထိုညသည် တိတ်ဆိတ်စွာ ကုန်လွန်သွား၏။

နောက်တစ်နေ့ နံနက်တွင် ချန်လော့သည် ထိုနက်နဲသော အခြေအနေသို့ တစ်ဖန် ဝင်ရောက်သွားပြန်သည်။

အကြိမ်ရေများလာသည်နှင့်အမျှ သူသည် ထိုအဆင့်ကို နားလည်နိုင်စွမ်း ပိုမိုကျွမ်းကျင်လာသည်ဟု သိသိသာသာ ခံစားရ၏။ သို့သော် တောင်ကြားအတွင်း၌လည်း သိမ်မွေ့သော ပြောင်းအလဲအချို့ ပေါ်ပေါက်လာပြီး သတ်မှတ်ထားသော အချိန်ကာလသို့ နီးကပ်လာပြီဖြစ်ကြောင်း သူ သိလိုက်သည်။

ကြာရှည်စွာ စောင့်မျှော်ခဲ့သောစိတ်ဝိညာဉ်ရင်းမြစ် ရိတ်သိမ်းရမည့်နေ့မှာ မကြာမီ ရောက်ရှိလာတော့မည်။

All Chapters