အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း ၃၅ - အရာအားလုံးကား ကံကြမ္မာသာလျှင်
အချိန်တွေ တရွေ့ရွေ့ကုန်လွန်သွားခဲ့ပြီး နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ယနေ့သည် ၁၅ ရက်မြောက်နေ့ဖြစ်ကာ နေနှင့်လ အလှည့်အပြောင်းဖြစ်ပေါ်သော နေ့ပင်။ နံနက်အစောပိုင်းတွင် ချန်လော့သည် ကျောက်စိမ်းစာလိပ်ကို အသုံးပြု၍ ကျွမ်းကျင်စွာ ကျင့်ကြံနေခဲ့သည်။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်း၌ အမည်မသိ စွမ်းအင်ပေါင်း ၁၀ ခုခန့် စုစည်းမိနေပြီ ဖြစ်သည်။ ဤစွမ်းအင်များသည် မမြင်နိုင်၊ မထိတွေ့နိုင်ဘဲငြိမ်သက်နေကြကာ လောလောဆယ်တွင် မည်သည့် အကျိုးကျေးဇူးမျှ ပေးစွမ်းခြင်း မရှိသေးပေ။
ကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက် ချန်လော့သည် သူ၏မျက်စိကို ဖွင့်လိုက်ကာ အမြင့်ဆုံး ကျောက်တုံးပေါ်သို့ ပေါ့ပါးစွာ ခုန်တက်ပြီး တောင်ကြားတစ်ခုလုံးကို အပေါ်စီးမှ ကြည့်လိုက်၏။
"ဒီနေ့ည ဖြစ်မယ်။"
တောင်ကြား၏ အမြင့်ဆုံးနေရာတွင် ရပ်နေရင်း ချန်လော့သည် နောက်ဆုံးတွင် လျှို့ဝှက်ဆန်းပြားသော သတ္တုတွင်းကို အတိအကျ ရှာဖွေတွေ့ရှိသွားခဲ့သည်။ အောက်ရုံးတရားသူကြီး လို့ သည် အစအနများကို ဖျောက်ဖျက်ရန် ကျင်းဝကို ကျောက်တုံးကြီးတစ်တုံးဖြင့် ပိတ်ထားခဲ့သော်လည်း ယခုအခါ ထိုကျောက်တုံးကြီးမှာ ပုံမှန်မဟုတ်သော ထူးခြားမှုများကို မဖုံးကွယ်နိုင်တော့ပေ။
အထူးသဖြင့် ချန်လော့သည် အထူးအခြေအနေတစ်ခုသို့ ဝင်ရောက်လိုက်ပြီးနောက် တော်ဝင်မျိုးနွယ်ဦးနှောက်ကို အသုံးပြု၍ သတ္တုတွင်းကို ကြည့် လိုက်သောအခါ ရောင်စုံမြူခိုးများ စိမ့်ထွက်နေသည်ကို သူ မြင်လိုက်ရ၏။
သို့သော် ဤအရောင်များကို အထူးအခြေအနေတွင် ရှိနေသူများသာ မြင်နိုင်သည်။ ရိုးရိုးမျက်စိဖြင့် ကြည့်လျှင်မူ တောင်ကြားမှာ တောင်ကြားအတိုင်းပင် ဘာမှမထူးခြားပေ။
တစ်ခုတည်းသော ပြောင်းအလဲမှာ အပူချိန်သိသိသာသာ မြင့်တက်လာခြင်းဖြစ်ပြီး တောင်ကြားအတွင်းရှိ ပန်းကလေးအချို့မှာ အကြောင်းပြချက်မရှိဘဲ ပွင့်လန်းလာခြင်းပင်။
"သူရဲကောင်းကြီး၊ ကျုပ်တူလည်း အတော်လေး သက်သာနေပါပြီ။ မနက်ဖြန်မနက် အစောဆုံး ထွက်သွားဖို့ ပြင်နေပါတယ်။"
အဘိုးကြီးထျန်း သည် တောကြက်တစ်ကောင် ဖမ်းလာခဲ့ပြီး ချန်လော့ထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ရက်များအတွင်း ချန်လော့က မည်သည့် လက်ဆောင်မျှလက်မခံခဲ့သော်လည်း၊ ပေးသင့်ပေးထိုက်သော လက်ဆောင်များကို ပေးရမည်ဟု အဘိုးကြီးထျန်း ခံစားရသည်။ ၎င်းမှာ လေးစားမှုပြသသော ကိစ္စပင်။
အကယ်၍ ယခုတစ်ကြိမ် ချန်လော့နှင့်သာ မဆုံခဲ့လျှင် သူတို့အားလုံးတောင်ပေါ်မှာ သေဆုံးသွားကြမည်မှာ သေချာလှ၏။
အဆင့်မြင့် သိုင်းပညာရှင်များကို မဆိုထားနှင့်၊ တောင်ပေါ်ရှိ တောရိုင်းတိရစ္ဆာန်များကပင် သူတို့ကို သတ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ပြင်းထန်စွာ ဒဏ်ရာရထားသော ထျန်းတာ့နျူမှာ သားရဲများကို ဆွဲဆောင်သည့် အစာသဖွယ်ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်မှ သွေးနံ့များမှာ သေစေနိုင်သော အန္တရာယ်တစ်ခု ဖြစ်သည်။
ဖန့်ချွင်း နှင့် ဖန့်ရှန်း တို့မှာလည်း သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ ထိုညီအစ်ကိုနှစ်ဦးမှာ ခန္ဓာကိုယ်ထွားကျိုင်းသော်လည်း သိုင်းပညာကို အမှန်တကယ် ကျင့်ကြံထားသူများ မဟုတ်ကြပေ။
ယာဉ်တန်းတွင် သူတို့သည် အောက်ခြေအလုပ်များကိုသာ လုပ်ကိုင်ကြပြီး ထျန်းတာ့နျူနောက်သို့လိုက်ကာ အသက်မွေးနေကြသူများသာ ဖြစ်သည်။
ဤကဲ့သို့သော အားအင်မှာ သာမန်လူများကို ရင်ဆိုင်နိုင်သော်လည်း တောရိုင်းသားရဲများ ရှေ့တွင်မူ အဆာပြေစားစရာမျှသာ ဖြစ်ပေလိမ့်မည်။
"ဒီနေ့ပဲ ထွက်သွားတော့။ မနက်ဖြန်ကျရင် ဒီမှာ တစ်ခုခု ဖြစ်နိုင်တယ်။"
ချန်လော့သည် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။
လွန်ခဲ့သည့် ခေတ္တခဏကပင် လက်နက်များ ထိခိုက်သံကို သူတစ်ဖန် ကြားလိုက်ရပြန်သည်။
အလှမ်းဝေးသေးသော်လည်း ထိုလူများ ရွေ့လျားလာသည့် ဦးတည်ချက်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
သူတို့သည် ဤတောင်ကြားဆီသို့ ဦးတည်နေကြခြင်းပင်။
အင်ပါယာခုံရုံးဘက်တွင် အရည်အချင်းရှိသူများစွာ ရှိနေကြပြီး မည်သည့် ထူးခြားမှုမျိုးမဆို သူတို့၏မျက်စိမှ လွတ်မည်မဟုတ်ပေ။ ဤသိုင်းလောကတွင် ကံကောင်းသော အခွင့်အရေးနှင့် ဆုံတွေ့သူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။
နှစ်ရက်ခန့် ကြိုတင်ရောက်ရှိနေခြင်းကပင် သူ၏ အားသာချက်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
"တစ်ခုခု ဖြစ်နိုင်တယ် ဟုတ်လား"
အဘိုးကြီးထျန်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွား၏။
ချန်လော့က ထပ်မံပြောဆိုရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သောအခါ သူသည် ပစ္စည်းများကို အမြန်ချထားခဲ့ပြီး သူ၏တူ ထျန်းတာ့နျူနှင့် တိုင်ပင်ရန် တောင်အောက်သို့ ဆင်းသွားတော့သည်။
အပြောင်းအလဲမှာ ချန်လော့ ခန့်မှန်းထားသည်ထက်ပင် ပိုမိုမြန်ဆန်နေခဲ့၏။
နေဝင်ရိုးရီ အချိန်တွင်၊ ကောင်းကင်ကြီး လုံးဝ မမှောင်မီမှာပင် တိုက်ခိုက်သံများမှာ တောင်ကြားအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
အဘိုးကြီးထျန်းနှင့် ထျန်းတာ့နျူတို့သည် သူ၏ အကြံပေးချက်ကို နားထောင်ပြီး တောင်ကြားမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
သို့သော် အခြေအနေအရကြည့်လျှင် သူတို့သည် အပြင်ဘက်မှ လူများနှင့် တိုးမိနိုင်ခြေ ရှိ၏။ သူတို့ လွတ်မြောက်နိုင်ခြင်းရှိမရှိမှာ သူတို့၏ ကံတရားပေါ်မှာသာ မူတည်တော့သည်။
သူတို့ ကံမဆိုးပါစေနှင့်ဟုသာ သူ မျှော်လင့်မိသည်။
ချန်လော့သည် သူ၏အရှိန်အဝါကို ဖုံးကွယ်ပြီးနောက် သစ်ကိုင်းများကို နင်းလျက် ပေါ့ပါးစွာ ခုန်တက်သွားကာ ဖုံးကွယ်ထားသော တောင်ကြားအတွင်းသို့ ဆင်းသက်လိုက်ပြီး အပေါက်ငယ်တစ်ခုမှတစ်ဆင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။
အောက်ဘက်တွင် လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး လိုက်လံ တိုက်ခိုက်နေကြ၏။ တစ်ဦးမှာ ချန်လော့ ရင်းနှီးနေသော ဓားသမားလူသန်ကြီးဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုဓားသမားကြီးမှာ ထွက်ပြေးနေရခြင်းဖြစ်ကာ ပိန်လှီလှသော တာအိုဆရာတစ်ဦးက နောက်မှ လိုက်လံ တိုက်ခိုက်နေခြင်း ဖြစ်သည်။
နှစ်ဦးစလုံးမှာ အလွန်လျင်မြန်ကြပြီး မျက်စိတစ်မှိတ်အတွင်း တောင်ကြားအဝင်ဝသို့ ရောက်ရှိလာကြဟ။
ထွက်ပြေး၍ မလွတ်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် ဓားသမားကြီး၏ မျက်နှာတွင် ကြမ်းတမ်းသောအမူအရာတစ်ခု ပေါ်လာပြီး မြေကြီးကို အားဖြင့် နင်းလိုက်သည်။
သဲများနှင့် ကျောက်ခဲများ လွင့်စင်သွားကာ နက်ရှိုင်းသောကျင်းတစ်ခု ဖြစ်ပေါ်သွား၏။
ဓားသမားကြီးသည် ထိုအရှိန်ကို အသုံးပြု၍ ရုတ်တရက် လှည့်လိုက်ပြီး သူ၏ ရွှေကွင်းပါဓားရှည်ကြီးကို နောက်မှလိုက်လာသော တာအိုဆရာထံသို့ ဘေးတိုက်ခုတ်ပိုင်းလိုက်သည်။
ဓားချီများသည် ကောင်းကင်သို့ ထိုးတက်သွားကာ ငှက်အုပ်များစွာကို လန့်ဖျန့်သွားစေ၏။
သို့သော် နောက်မှလိုက်လာသော တာအိုဆရာမှာမူ ၎င်းကို ကြိုတင်ခန့်မှန်းထားပုံရသည်။
ဓားသမားကြီး လှည့်လိုက်သည့် ခဏမှာပင် သူက ရပ်လိုက်သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်မှာ သစ်ရွက်တစ်ရွက်ကဲ့သို့လွင့်မျောသွားကာ ထိုသေစေနိုင်သော ဓားချက်ကို မယုံနိုင်စရာကောင်းလောက်အောင် ရှောင်တိမ်းလိုက်၏။
တစ်ချိန်တည်းမှာပင် သူက သူ၏ လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး ဓားသွားကို တောက်လိုက်၏။
ဂလောင်
ကြည်လင်သော အသံတစ်ခုနှင့်အတူ အရှိန်အဝါ နှစ်ခုမှာ နေရာမှာတင်ပေါက်ကွဲသွားပြီး သစ်ရွက်များ ပြန့်ကျဲသွား၏။ ဤတိုက်ခိုက်မှုအပြီးတွင် နှစ်ဦးစလုံး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။
ဆရာသခင်အဆင့် နောက်ထပ် ဆရာသခင်တစ်ဦး။
ချန်လော့မှာ အံ့အားသင့်သွား၏။ လွန်ခဲ့သည့် ရက်များအတွင်းကျင့်ကြံနေခဲ့သဖြင့် သူ၏ အကဲခတ်နိုင်စွမ်းမှာ ပိုမို ထက်မြက်လာခဲ့သည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုနှစ်ဦးတိုက်ခိုက်ရာတွင် အသုံးပြုသော စွမ်းအားမှာ ဆရာသခင်အဆင့် စွမ်းအားဖြစ်ကြောင်း သူ သိလိုက်ပေ၏။
'ဘယ်လိုတောင် အစွမ်းထက်တဲ့ တာအိုဆရာလဲ၊ သူ၏လှုပ်ရှားမှုတွေက တကယ်ကို ဆန်းကြယ်လှတယ်'
သူ၏ အကြည့်မှာ ဓားသမားကြီးကို ကျော်ဖြတ်ကာ တာအိုဆရာထံသို့ အာရုံစိုက်လိုက်၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဓားသမားကြီး၏ အစွမ်းကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ထိုသူမှာ ဆရာသခင်များအကြားတွင် အစွမ်းထက်သူတစ်ဦး ဖြစ်မှာ သေချာသည်။ သို့သော် ယခု တာအိုဆရာရှေ့တွင်မူ သူသည် အကူအညီမဲ့နေပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် မရှိတော့ပေ။
ဤပိန်လှီသော တာအိုဆရာမှာ ပထမအမြင်တွင် သာမန်လူတစ်ယောက်ကဲ့သို့ ဘာမှမထူးခြားသော်လည်း၊ သူ လှုပ်ရှားလိုက်ချိန်တွင်မူ အလွန် ကြမ်းတမ်းလှပြီး သူ၏တိုက်ခိုက်မှုများမှာ တစ်ခါတစ်ရံမြန်ဆန်ကာ တစ်ခါတစ်ရံ နှေးကွေးနေသည်။ သို့သော် တိုက်ခိုက်မှုတိုင်းမှာ ဓားသမားကြီး၏ အားနည်းချက်ကို တိကျစွာ ထိမှန်စေသဖြင့် ထိုသူမှာ သွေးများအကြိမ်ကြိမ် အန်နေရ၏။
"တာအိုအဘိုးကြီး လီချန်၊ ခင်ဗျား ကျုပ်ကို ချောင်ပိတ်ရိုက်နေတာပဲ"
နောက်ထပ်တိုက်ခိုက်မှုတစ်ခုတွင် နောက်သို့ ဆုတ်သွားပြီးနောက် ဓားသမားကြီး၏ မျက်လုံးများမှာ သွေးရောင်လွှမ်းလာသည်။
"မင်းခုခံတာကိုလည်း လက်လျှော့လို့ ရပါတယ်"
တာအိုအဘိုးကြီး လီချန်ကလည်း သူ၏လက်ကို ရပ်လိုက်ကာ တည်ငြိမ်စွာပြောလိုက်၏။
သူ၏ ဝတ်စုံစမှာ အနည်းငယ်မျှပင် ဖရိုဖရဲဖြစ်မနေခြင်းက ခုနကဓားသမားကြီးကို ဖိနှိပ်ရာတွင် သူ၏ အစွမ်းကုန် မသုံးခဲ့ကြောင်း ပြသနေသည်။
"ဒီလောကက ဒီလိုပါပဲ။ အရာများစွာက မွေးကတည်းက သတ်မှတ်ပြီးသားပါ။ ဒါက ကံကြမ္မာပဲ"
"ခင်ဗျားရဲ့ သောက်ချိုးနည်းကံကြမ္မာကိုပဲ ချေးသွားကျွေးလိုက် သေစမ်း"
ဓားသမားကြီးသည် စွမ်းအားများ စုစည်းပြီးနောက် လေထဲသို့ခုန်တက်လိုက်၏။ သူ၏ ဓားကြီးဆီမှ သွေးရောင်လွှမ်းသော ချီများ ပေါက်ကွဲထွက်လာသည်။
သူ၏ အရှိန်အဝါမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ခဏချင်းမှာပင် ဧရာမသွေးဓားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လီချန် တာအိုအဘိုးကြီးထံသို့ တောင်ပင်ဖြိုနိုင်သည့် အရှိန်ဖြင့် ခုတ်ချလိုက်သည်။
"မင်း ခုထိ နားမလည်သေးဘူးပဲ"
တာအိုအဘိုးကြီး လီချန်သည် ကျဆင်းလာသော ဓားကို ကြည့်လိုက်၏။ ယခုတစ်ကြိမ်တွင် သူ ရှောင်တိမ်းရန်ပင် မကြိုးစားတော့ပေ။
ဝေါ့
ဓား၏အရှိန်ကျရောက်ခါနီးမှာပင် ဓားသမားကြီး၏ခန္ဓာကိုယ်မှာ ရုတ်တရက် ဆက်မ မထားနိုင်တော့ဘဲ သွေးစိမ်းရှင်ရှင်အန်ထုတ်လိုက်ရ၏။ ကြီးမားလှသော ဓားအရှိန်မှာလည်း လေထဲတွင် ချက်ချင်းပျောက်ကွယ်သွားပြီး သူသည် လေထဲမှ ပြုတ်ကျလာကာ ခုခံနိုင်စွမ်း လုံးဝပျောက်ဆုံးသွားတော့သည်။
"ခင်ဗျား ကျုပ်ကို အဆိပ်ခတ်ထားတာလား"
"ဒါက အဆိပ်မဟုတ်ဘူး၊ ဒါက နည်းပညာတစ်ခုပဲ"
တာအိုအဘိုးကြီး လီချန်သည် လျှောက်လာပြီး မြေပြင်ပေါ်သို့ ကျသွားသော ဓားကြီးကို ကောက်ယူလိုက်၏။ ထို့နောက် သူ၏ ခေါင်းကို မော့လိုက်ကာ ချန်လော့ပုန်းအောင်းနေသော နေရာသို့ ဘေးတိုက် လှမ်းကြည့်လိုက်သည်။
"အရာအားလုံး၊ အားလုံးဟာ ကံကြမ္မာပဲ"
သူ့ကို တွေ့သွားပြီလား။
မှောင်ရိပ်ထဲတွင် ပုန်းနေသော ချန်လော့မှာ ထိတ်လန့်သွား၏။ သူသည် ဘယ်ဘက်သို့ အလိုအလျောက် ရှောင်တိမ်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ညာဘက်လက်မောင်းမှာ ထုံကျဉ်သွားသည်ကို ခံစားလိုက်ရ၏။
မသိလိုက်သောအချိန်တစ်ခုတွင် စိန်ပွင့်ပုံစံမြှားတို တစ်စင်းက သူ၏လက်မောင်းကို ဖောက်ဝင်သွားခြင်း ဖြစ်သည်။
ထိုမြှားတိုမှာ ကျောက်တုံးထဲတွင် စိုက်ဝင်သွားပြီး ၎င်း၏ အနားတစ်လျှောက်မှ သွေးများစီးကျလာ၏။
"လက်နက်ပုန်း"
ချန်လော့သည် နောက်သို့ လှည့်ကြည့်လိုက်ပြီး နောက်ထပ်မစဉ်းစားတော့ဘဲ မြေပြင်ပေါ်တွင် လှိမ့်ကာ ဘေးသို့ ရှောင်လိုက်သည်။
ဤအရာက ရက်အတော်ကြာကျင့်ကြံခဲ့ပြီး သူ၏ အာရုံခံနိုင်စွမ်း တိုးတက်လာခဲ့သောကြောင့်ပင်။ အကယ်၍ ယခင်ကဆိုလျှင် သူသည် အခုလောက်ဆို အလောင်းဖြစ်နေလောက်ပြီ ဖြစ်သည်။
အရိုးသန့်စင်ခြင်းအဆင့် အစောပိုင်းနှင့် ဆရာသခင်အဆင့်ကြားက ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသည်။
တာအိုအဘိုးကြီး လီချန်ကဲ့သို့ ထိပ်တန်း ဆရာသခင်တစ်ဦးနှင့် ဆိုလျှင် ပို၍ပင် ဆိုးရွားလှ၏။
အောက်ဘက်တွင် လီချန် တာအိုအဘိုးကြီးသည် ဓားသမားကြီး၏ ဓားကို အသုံးပြု၍ သူ၏ခေါင်းကိုဖြတ်လိုက်ပြီး ဖြစ်ကာ သွေးများ နေရာအနှံ့ စင်သွားသည်။
အစွမ်းထက်လှသော ဆရာသခင်တစ်ဦးမှာ ယခင်က ချန်လောင်စန်းမြှုပ်နှံပေးခဲ့သော သိုင်းသမားကဲ့သို့ပင် ဤအမည်မသိ တောင်ကြားလေးထဲမှာ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
သူ့နာမည်ကို မည်သူမျှမသိ၊ သူ ဘယ်ကလာသည်ကိုလည်း မည်သူမျှ မသိနိုင်တော့ပေ။
"ဒါက မင်းရဲ့ကံကြမ္မာပဲ၊ ဘာလို့ ပုန်းနေတာလဲ"
လူသတ်ပြီးနောက် တာအိုအဘိုးကြီး လီချန်သည် သူ၏ခေါင်းကို မော့လိုက်ကာ ထွက်ပြေးနေသော ချန်လော့ကို အေးစက်စွာပြောလိုက်၏။
ဤတာအိုအဘိုးကြီးမှာ သတ္တဝါအားလုံးအပေါ် ကရုဏာရှိပုံရသော်လည်း၊ လူသတ်ရာတွင်မူ အနည်းငယ်မျှညှာတာမှု မရှိပေ။
အခန်း ၃၆ - မသေမျိုးအက္ခရာ
ချန်လော့သည် ထိုအဘိုးကြီး၏ အဓိပ္ပာယ်မရှိသော စကားများကို ယုံကြည်မည်မဟုတ်ပေ။ သူသည် ကိုယ်ကိုလှည့်လိုက်ပြီး မြေပြင်မှ ကျောက်စရစ်ခဲများရောနှောနေသော မြေကြီးတစ်ဆုပ်ကို ဆုပ်ယူကာ သူ၏အနောက်ဘက်သို့ ပစ်ပေါက်လိုက်၏။
"ကလေးကလား အကွက်တွေပါကွာ။"
တာအိုအဘိုးကြီး လီချန်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ဖုန်မှုန့်များငြိမ်သက်သွားမှသာ ဆက်လက်လိုက်လံရန် ခြေလှမ်းကို ပြန်လှမ်းလိုက်သည်။
သူသည် ယုံကြည်မှုအပြည့်ရှိနေပြီး သူဖမ်းမိထားသော ဤပိုးကောင်လေး ချန်လော့သည် မည်သည့် လှည့်ကွက်မျှ သုံးနိုင်မည်မဟုတ်ကြောင်း လုံးဝ မကြောက်ရွံ့ပေ။ ပကတိအစွမ်းခွန်အား ရှိနေသည့်အခါ မည်သည့် ကြံစည်မှု၊ လှည့်စားမှုမျိုးကမျှ နောက်ဆုံးရလဒ်ကို သက်ရောက်နိုင်မည် မဟုတ်ပေ။
အကယ်၍ ချန်လော့သာ ဆရာသခင်တစ်ဦးဖြစ်လျှင် သူ အနည်းငယ် ဂရုစိုက်မိမည် ဖြစ်သော်လည်း အရိုးသန့်စင်ခြင်းအဆင့် အစောအဆင့်မျှသာ ရှိသေးသော လူသေးသေးလေးတစ်ယောက်မှာ သူ၏ သတိထားမှုနှင့် လုံးဝ မထိုက်တန်ပေ။
ချန်လော့၏ မျက်နှာမှာ ဖြူလျော့နေ၏။ သူသည် ဆရာသခင်တစ်ဦးနှင့် တွေ့ဆုံရမည်ကို တွေးတောထားခဲ့ပြီး ဓားကိုင်ဆောင်ထားသော လူသန်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အစီအစဉ်ပင်ရှိခဲ့သော်လည်း အပြောင်းအလဲက ဤမျှမြန်ဆန်စွာ ရောက်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။
လီချန် တာအိုအဘိုးကြီး အဆင့်ရှိသော ရန်သူတစ်ဦး ရုတ်တရက် ပေါ်လာ၏။ ၎င်းမှာ အစီအစဉ်ပြင်ပသို့ လုံးဝ ရောက်ရှိသွားပြီး တော်ဝင်မျိုးနွယ်ဦးနှောက်နှင့် စစ်သူကြီးဖန်းပင်လျှင် မှင်သက်သွားခဲ့သည်။
မင်းသားနင်ဘက်မှ လူများ ရောက်လာရန် အချိန်အနည်းငယ် ကြာဦးမည် မဟုတ်လော။
ကံဆိုးစွာဖြင့် မည်သူကမျှ သူ့ကို ရှင်းမပြခဲ့ပေ။
သေဆုံးသွားသော လောကသိုင်းသမားများတွင်လည်း တစ်ချိန်က အလားတူ မေးခွန်းများ ရှိခဲ့ဖူးသည်။
သူတို့ ဘာကြောင့် သေခဲ့ရတာလဲ။
သိုင်းလောကလူတွေက ဘာလို့ သူတို့နဲ့မှ တိုက်ဆိုင်စွာ လာဆုံရတာလဲ။
သူ၏ လက်ဖမိုးကို ဆုပ်ကိုင်ထားရင်း ချန်လော့၏ တော်ဝင်မျိုးနွယ်ဦးနှောက်သည် အရှိန်အဟုန်ဖြင့် အလုပ်လုပ်နေ၏။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသော ဦးနှောက်တစ်ရာကျော်ကလည်း အကြံပြုချက်များကို ပေးနေကြသည်။
'လမ်းဆုံးသွားပြီ။'
'ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်လိုက်ပါ။'
'သူ့ကို အဘိုးလို့ ခေါ်လိုက်ပါ။'
ဦးနှောက်များထံမှ အကြံပြုချက်များ တစ်ခုပြီးတစ်ခုပြန်ဝင်လာသော်လည်း အားလုံးနီးပါးမှာ မျှော်လင့်ချက်မဲ့နေသည်။ ဒူးထောက်၍ အဘိုးဟု ခေါ်ရန် အတွေးပင် ပေါ်လာခဲ့၏။
ဤတုံ့ပြန်မှုများကို မြင်လိုက်ရသောအခါ ချန်လော့သည် ဒေါသကြောင့် သွေးကြောများပင် ထောင်လာခဲ့သည်။ ဤဘေးအန္တရာယ်မှ လွတ်မြောက်သည်နှင့် ဤ ဦးနှောက်များကို လွှင့်ပစ်မည်ဟု သူ ဆုံးဖြတ်ထားလိုက်၏။
"တကယ်ပဲ လမ်းမရှိတော့ဘူးလား"
ချန်လော့သည် သူ၏ အာရုံကို တော်ဝင်မျိုးနွယ်ဦးနှောက်နှင့် စစ်သူကြီးဖန်း၏ဦးနှောက်များအပေါ်သို့ စုစည်းလိုက်၏။ ၎င်းတို့သည် လောလောဆယ် သူပိုင်ဆိုင်ထားသော အရေးပါဆုံး ဦးနှောက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။
ကံမကောင်းစွာဖြင့် တော်ဝင်မျိုးနွယ်ဦးနှောက်နှင့် စစ်သူကြီးဖန်း၏ ဦးနှောက်များတွင်ပင် ဖြေရှင်းနည်း မရှိပေ။
ခွန်အား ကွာဟချက်မှာ ကြီးမားလွန်းလှသည်။ တိုက်ခိုက်ရန်မဆိုထားနှင့်၊ ထိပ်တိုက်ရင်ဆိုင်ပါက တစ်ကွက်တည်းဖြင့် အဆုံးသတ်သွားဖွယ် ရှိသည်။
'ထွက်ပေါက်ရှာဖို့ ကိုယ့်ကိုယ်ကိုယ် အသေခံအကျပ်အတည်းထဲတွန်းပို့လိုက်ပါ။ အချိန်ပြည့်တော့မယ်၊ သတ္တုတွင်းထဲကို ဝင်ရောက်စိမ့်ဝင်လိုက်၊ တကယ်လို့ မင်း မတောင့်ခံနိုင်တော့ဘူးဆိုရင်တောင် သူ့ကိုပါ အတူတူဆွဲခေါ်သွားလိုက်။ ငါ မရနိုင်တဲ့အရာကို ဘယ်သူမှ ရဖို့အိပ်မက်တောင် မမက်စေရဘူး ငါသေရင်တောင်တစ်ယောက်ယောက်ကို အတူတူ ဆွဲခေါ်သွားမယ်။'
ချန်လော့ တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးသော သိုင်းလောကသားတစ်ဦး၏ ဦးနှောက်က ကွဲပြားသော အကြံပြုချက်တစ်ခုကို ပေးလာ၏။
ဒီကောင်က ရက်စက်တဲ့သူတွေကြားထဲမှာတောင် သေချာပေါက် အရမ်းရက်စက်တဲ့သူပဲ။
ဤအချက်အလက်ကို မြင်လိုက်ရသည်နှင့် ချန်လော့သည် ဤဦးနှောက်ကို ပြတ်သားစွာ အသက်သွင်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အတွေးများ အလွန်အမင်း တည်ငြိမ်သွားသည်ကို သူ ခံစားလိုက်ရ၏။
စိတ်ခံစားမှုများအားလုံး ဖယ်ရှားခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ကြောက်ရွံ့မှုနှင့် အကူအညီမဲ့မှုတို့ အားလုံးပျောက်ကွယ်သွားပြီး သတ္တုတွင်းထဲသို့ ဝင်ရောက်ရန်ဟူသော အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။
ဤပြင်ပသိုင်းလောကသား ဦးနှောက်၏ အကူအညီဖြင့် ချန်လော့သည် လေကဲ့သို့ လှုပ်ရှားကာနောက်ကျောမှ တိုက်ခိုက်မှုများစွာကို အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့သည်။
အကြိမ်အနည်းငယ် ခုန်ပျံကျော်လွှားပြီးနောက် သူသည် သတ္တုတွင်းအဝင်ဝသို့ ခုန်ဆင်းသွား၏။ ဤအချိန်တွင် အနီးကပ်လိုက်ပါလာသော တာအိုအဘိုးကြီး လီချန်သည်လည်း မီလာခဲ့၏။
စူးရှသော သတ်ဖြတ်ခြင်းဆန္ဒက သူ၏ အရေပြားကိုပင် ကျိန်းစပ်နေစေသည်။
"အချိန်ကျပြီ။"
ချန်လော့သည် နေဝင်ချိန်နှင့် လထွက်ချိန်ဖြစ်သော အဝေးမှ မိုးကုတ်စက်ဝိုင်းဆီသို့ ဘေးတိုက် တစ်ချက်ကြည့်လိုက်၏။
မိုးကုတ်စက်ဝိုင်း။
ယင် နှင့် ယန် ကွဲကွာပြီး၊ နေနှင့် လ လည်ပတ်ကြသည်။
"အသက်သွင်းလိုက်"
ချန်လော့သည် ဂူအဝင်ဝတွင် ရပ်နေ၏။ ရင်းနှီးနေသောခွာချခံရသည့် ခံစားချက်တစ်ခုက သူ၏ ခန္ဓာကိုယ်အနှံ့ ချက်ချင်းပျံ့နှံ့သွားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က စုဆောင်းထားခဲ့သောစွမ်းအင်များသည် ရုတ်တရက် အသက်ဝင်လာပြီး အသက်သွင်းရန် သော့ချက်အဖြစ် ဆောင်ရွက်ပေးသည်။
ထို့နောက် ချက်ချင်းပင် သူ၏ ကိုယ်ရိပ်မှာ ယိမ်းယိုင်သွားပြီး သူသည် အရည်ပျော်ကျသွားသကဲ့သို့ ကျောက်တုံးကိုဖြတ်သန်းကာ အောက်သို့ ကျဆင်းသွားတော့၏။
"ဟင်"
ဤမြင်ကွင်းကြောင့် အနီးကပ်လိုက်လာသော တာအိုအဘိုးကြီး လီချန်မှာ အနည်းငယ် မှင်သက်သွားသော်လည်း ထို့နောက်တွင်တော့ အတိုင်းမသိ ဝမ်းသာသွားသော အမူအရာပေါ်ထွက်လာသည်။
"ဒါဆို ဒီနေရာပဲပေါ့။ ဒီတာအိုအဘိုးကြီးက ဒီအခွင့်အရေးကို အလကားရလိုက်တာ အင်မတန်ကို မှန်ကန်သွားတာပေါ့။"
ထို့ကြောင့် နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သူသည်လည်း ကျောက်တုံးပေါ်သို့ ခြေချလိုက်၏။
ချန်လော့ မျက်လုံးဖွင့်လိုက်ရာ ပတ်ဝန်းကျင်မှာ အထူးတလည် လင်းထိန်နေပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမှာ ပို၍ပင်အသက်ဝင်နေကြောင်း ခံစားလိုက်ရသည်။
သူသည် ယခင်က နေထွက်ချိန်နှင့် လဝင်ချိန်များတွင် ကျောက်စိမ်းစာလိပ်ကို အသုံးပြု၍ ချီအငွေ့အသက် အချို့ကို စုပ်ယူခဲ့ဖူးသဖြင့် ယခု သူတို့ကို မြင်တွေ့နေရပြီ ဖြစ်သည်။
ယခုလေးတင် ၎င်းတို့သည် သူ့ကိုသတ္တုတွင်းအဝင်ဝ ဖွင့်ရန် ကူညီပေးခဲ့ကြ၏။
'မြန်မြန်လုပ်'
သတိပေးချက် အတွေးတစ်ခု ဝင်လာသဖြင့် ချန်လော့ ချက်ချင်းသတိဝင်လာကာ သူ၏ ကိုယ်တွင်းချီကို လည်ပတ်စေပြီး ရှေ့သို့ အမြန်ပြေးလွှားတော့သည်။
သူ၏နောက်တွင် ဂူအဝင်ဝမှာ ထပ်မံလှုပ်ခတ်သွားပြီး တာအိုအဘိုးကြီး လီချန်၏ ကိုယ်ရိပ်က အနီးကပ် လိုက်ပါလာကာ အထဲသို့ ဝင်ရောက်လာ၏။ ဂူအတွင်းရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့ပြီးနောက် သူသည် ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့ပေ။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ် တကယ်ပဲ နေရာအနှံ့အပင်ပန်းခံ ရှာနေစရာ မလိုဘဲ အလွယ်တကူ ရှာတွေ့သွားတာပဲ။"
ပတ်ဝန်းကျင်ကို အကဲခတ်ပြီးသော တာအိုအဘိုးကြီး လီချန်သည် ရှေ့သို့ ကြည့်လိုက်ရာ ချန်လော့မှာ အလွန်ဝေးကွာသော နေရာသို့ ပြေးသွားပြီဖြစ်ပြီး ကျောပြင်ကိုသာ မြင်ရတော့သည်ကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်း လက်ကိုမြှောက်ကာ ရှေ့သို့ ကိုယ်တွင်းချီလှိုင်းတစ်ခု ပစ်လွှတ်လိုက်၏။
"လမ်းပြပေးတဲ့ ဆုလာဘ်အနေနဲ့၊ ဒီတာအိုအဘိုးကြီးက မင်းကိုမြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်ပေးလိုက်ပါ့မယ်။"
သူ၏ လက်သည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး အောက်သို့ ဒေါင်လိုက် ခုတ်ချလိုက်၏။
ဆရာသခင်၏ ကိုယ်တွင်းချီများ ချက်ချင်း ရုပ်လုံးပေါ်လာပြီး ရှေ့ရှိ ချန်လော့ဆီသို့ ခုတ်ချမည့် ထက်မြက်သော ဓားအလင်းတန်းအဖြစ် စုစည်းသွားသည်။
'ဘယ်ဘက်၊ လိမ့်လိုက်'
တည်ငြိမ်နေသော သိုင်းလောကသား၏ အသိစိတ်မှာ သူ၏စိတ်ထဲတွင် ချက်ချင်း ပေါ်လာ၏။
ချန်လော့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဘယ်ဘက်သို့ လိမ့်ချလိုက်သဖြင့် ကိုယ်တွင်းချီလှိုင်းကို သီသီလေး ရှောင်လွှဲနိုင်ခဲ့ပြီး အရှိန်မပျက်ဘဲ အတွင်းပိုင်းသို့ ဆက်လက်ပြေးဝင်သွားသည်။
"အို မင်းကံ မဆိုးပါလား။"
တာအိုအဘိုးကြီး လီချန်သည် မျက်မှောင်ကြုတ်သွားပြီး သူ၏ တိုက်ခိုက်မှုကို ချန်လော့ ရှောင်တိမ်းနိုင်ခြင်းမှာ ကံကောင်းခြင်းကြောင့်ဟုသာ သတ်မှတ်လိုက်၏။ သူ့ထက် အဆင့်များစွာ နိမ့်ကျနေသော ပုရွက်ဆိတ်တစ်ကောင်က ကိုယ်ပိုင်အစွမ်းအစဖြင့် မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။
ဤတိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် ချန်လော့သည် တာအိုအဘိုးကြီး လီချန်၏ မြင်ကွင်းမှ လုံးဝ လွတ်မြောက်သွားတော့သည်။
ဤသည်ကို မြင်လိုက်ရသောအခါ တာအိုအဘိုးကြီး လီချန်သည် သူ၏ ခြေလှမ်းသိုင်းပညာကို အသက်သွင်းကာ အနောက်မှ လိုက်လံရတော့သည်။
သူတို့နှစ်ဦး၊ တစ်ယောက်က ပြေး၊ တစ်ယောက်က လိုက်ဖြင့် သတ္တုတွင်း၏ နက်ရှိုင်းသော အပိုင်းသို့ လျင်မြန်စွာဝင်ရောက်သွားကြ၏။
မကြာမီမှာပင် သူတို့နှစ်ဦးသည် သတ္တုတွင်း၏ အောက်ခြေသို့ ရောက်ရှိသွားကြသည်။ ရောက်ရောက်ချင်းမှာပင် သူတို့၏အာရုံစိုက်မှုသည် အဆုံးဘက်ရှိ ကျောက်မျက်ရတနာတစ်ခုထံသို့ ချက်ချင်း ဆွဲဆောင်ခံလိုက်ရဟ။
ဤကျောက်မျက်ရတနာသည် လုံးဝ ပြာလဲ့နေပြီး ၎င်း၏မျက်နှာပြင်မှ နူးညံ့သော အလင်းရောင်များ ထွက်ပေါ်နေကာ အားသွင်းထားသော ကျောက်မျက်တစ်ခုကဲ့သို့ ဆွဲဆောင်မှုရှိသော အရောင်အဝါကို ထုတ်လွှတ်နေသည်။
"စိတ်ဝိညာဉ်သတ္တု"
သူ၏အနောက်မှ တာအိုအဘိုးကြီး လီချန်မှာ စိတ်လှုပ်ရှားလာသည်။ သို့သော် ချန်လော့က ပိုမြန်ပြီး အပြာရောင်ကျောက်မျက်ရတနာကို လှမ်းယူရန် အရင်ဦးဆုံး လက်လှမ်းလိုက်၏။
"ရပ်လိုက်စမ်း"
ဒေါသထွက်နေသော တာအိုအဘိုးကြီး လီချန်မှာ ဆက်လက်၍ မထိန်းချုပ်နိုင်တော့ပေ။ သူသည် အနီးရှိ ကျောက်နံရံကိုကန်လိုက်ရာ အပိုင်းပိုင်း ကွဲထွက်သွားသော ကျောက်စအမြောက်အမြားသည် လျှို့ဝှက်လက်နက်များကဲ့သို့ လွင့်စင်ထွက်လာပြီး ရှေ့ရှိ ချန်လော့ဆီသို့ တိုက်ခတ်သွားသည်။
ဤမျှ သိပ်သည်းသော တိုက်ခိုက်မှုများဖြင့် ရှောင်တိမ်းရန် နေရာပင် မရှိတော့ပေ။
ဤတစ်ကြိမ်တွင် တာအိုအဘိုးကြီး လီချန်သည် ပြတ်သားစွာ ဆုံးဖြတ်ထားပြီး အစွမ်းကုန် တိုက်ခိုက်ကာ တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။
သူ၏နောက်တွင် သတ်ဖြတ်လိုစိတ်များ နီးကပ်လာသည်ကို ခံစားလိုက်ရသဖြင့် ချန်လော့သည် သူ၏စိတ်ကို တင်းတင်းချလိုက်၏။ သူသည် အခြားအရာအားလုံးကို လျစ်လျူရှုကာ အပြာရောင်ကျောက်မျက်ရတနာကိုသာ ဆုပ်ကိုင်လိုက်သည်။
"ဒီသူခိုးအိုကြီးကို အခွင့်အရေး လုံးဝ ပေးလို့ မဖြစ်ဘူး"
ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ချန်လော့၏အသည်းအသန် ဆုပ်ကိုင်မှုက ကျောက်မျက်ရတနာကို မဖျက်ဆီးပစ်ခဲ့ပေ။
ယင်းအစား ယန္တရားတစ်ခုကို အသက်သွင်းလိုက်သကဲ့သို့ ဖြစ်သွား၏။ သူ၏ လက်ဖဝါးက အပြာရောင်ကျောက်မျက်ရတနာကို ထိမိသည်နှင့် တပြိုင်နက် တောက်ပသော အပြာရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အလွှာတစ်ခု ပျံ့နှံ့သွားကာ ဂူတစ်ခုလုံး အသက်ဝင်လာသကဲ့သို့ ဖြစ်သွားသည်။
ချန်လော့၏ရင်ဘတ်ထဲမှ စာလိပ်တစ်ခု အလိုအလျောက် ပျံထွက်လာပြီး သူ၏ ပတ်လည်တွင် အပြာနုရောင် အလင်းဒိုင်းလွှားတစ်ခုကို ဖန်တီးလိုက်သည်။
ဘုန်း... ဘုန်း... ဘုန်း...
တိုးညင်းပြီး လေးလံသော မြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ တာအိုအဘိုးကြီး လီချန်၏ သေချာပေါက် သတ်နိုင်မည့် တိုက်ကွက်ကို အပြာရောင် အလင်းဒိုင်းလွှားက အလွယ်တကူ ကာကွယ်ပေးလိုက်သည်။
"မသေမျိုးအက္ခရာ"
ဤသည်ကို မြင်လိုက်ရသောအခါ တာအိုအဘိုးကြီး လီချန်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို သတိရသွားသကဲ့သို့ သိသိသာသာ ပြောင်းလဲသွား၏။ သူသည် လေထဲတွင်ပင် ကိုယ်ကိုလှည့်ကာ နောက်သို့လှည့်မကြည့်တော့ဘဲ လာရာလမ်းအတိုင်း ပြန်ပြေးတော့သည်။
သို့သော် သူ မည်မျှပင် မြန်စေကာမူ၊ အလင်းထက် မည်သို့ မြန်နိုင်မည်နည်း။
ဝုန်း
အပြာရောင် အလင်းကန့်လန့်ကာသည် ဒီရေကဲ့သို့ ရိုက်ခတ်လာပြီး တာအိုအဘိုးကြီး လီချန်ကို ချက်ချင်းပင် လွှမ်းခြုံမျိုချသွားသည်။
ဂူ
ထဲရှိ အရာအားလုံးသည် ဤထူးဆန်းသော စွမ်းအင်ဖြင့် ဖုံးလွှမ်းသွား၏။ ယခင်က ဟာလာဟင်းလင်းဖြစ်နေသော သတ္တုတွင်းသည် ယခုအခါ အဆုံးအစမဲ့ ရေဖိအားများစီးကျနေသော နက်ရှိုင်းလှသည့် သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင်။
ထွက်ပြေးနေသော တာအိုအဘိုးကြီး လီချန်သည် တိုးညင်းသော ညည်းတွားသံတစ်ချက်သာ ပြုလုပ်နိုင်ချိန်ရလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြီးမားလှသော ဖိအားကြီးကြောင့် ပိုးကောင်လေးတစ်ကောင်ကဲ့သို့ ချေမွခံလိုက်ရသည်။
သူ၏ ရင်ဘတ်ထဲရှိ နံရိုးအများအပြားမှာ အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး ကြွပ်ကြွပ် ဟူသော အသံများ ထွက်ပေါ်လာ၏။
သူ၏ ပါးစပ်မှ သွေးများ အများအပြား ပန်းထွက်လာပြီးနောက် မည်သည့်အသံမျှမကြားရတော့ပေ။