အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း ၃၉ - အခွင့်အရေးကို စောင့်ဆိုင်းခြင်း
ချန်လော့၏ ရည်မှန်းချက်များက ရှင်းလင်းပြတ်သားနေသည်။ လက်ရှိအချိန်တွင် သူ့အတွက် အရေးအကြီးဆုံး ကိစ္စနှစ်ခုသာ ရှိ၏။
ပထမတစ်ခုမှာ မသေမျိုးတာအိုအတွက် ကျင့်စဉ်တစ်ခုကို ရှာဖွေရန် သို့မဟုတ် အနည်းဆုံးတော့ ထိပ်တန်း သိုင်းကျင့်စဉ်များ၊ လျှို့ဝှက်သိုင်းကျမ်းများကို ရှာဖွေရန်ဖြစ်သည်။
သို့မဟုတ်ပါက သူ၏ ခန္ဓာကိုယ်ထဲရှိ အပြာရောင်စွမ်းအင်များကိုလှုပ်ရှားစေရန် ကျားနက်လက်သီး ၏ ချီလှည့်ပတ်ခြင်းနည်းလမ်းကိုသာ အားကိုးနေရပါက အလွန်နှေးကွေးလွန်းလှပြီး သူ၏ နာလန်ထူနှုန်းနှင့် စွမ်းအားထုတ်ဖော်မှုတို့ကို ဆိုးရွားစွာ ထိခိုက်စေမည်။
ဒုတိယကိစ္စမှာ သူ၏အခြေခံအုတ်မြစ်ကို ဖြည့်တင်းရန် ဖြစ်သည်။
လက်ရှိတွင် တော်ဝင်မျိုးနွယ်ဦးနှောက် တစ်ခုတည်းကသာ ဤအပြာရောင် စွမ်းအင်ကို အသုံးပြုနိုင်စွမ်းရှိရာ လုံးဝ လုံလောက်မှု မရှိပေ။
၎င်းမှာ ရတနာတောင်ပုံပေါ်တွင် ထိုင်နေသော်လည်း မည်သို့သုံးရမည်ကို မသိခြင်းနှင့် တူနေသည်။ ထို့ကြောင့် ဒုတိယကိစ္စအနေဖြင့် သူ၏ ကျင့်ကြံခြင်းအရှိန်ကို တိုးမြှင့်ရာတွင် အထောက်အကူဖြစ်စေရန် တော်ဝင်မျိုးနွယ် ဦးနှောက်ကဲ့သို့သော ဦးနှောက်အချို့ကို ရှာဖွေရန် ဖြစ်သည်။
ဤကိစ္စနှစ်ခုစလုံးမှာ မလွယ်ကူလှဘဲ မည်သည့်နေရာမှ စတင်ရမည်ကို သူ အစအနပင် မသိသေးပေ။ ကျင့်စဉ်များ ရှာဖွေရမည့်ကိစ္စက အခက်ခဲဆုံးဖြစ်သည်။
လက်ရှိ ချန်လော့ ထိတွေ့နေရသော အသိုင်းအဝိုင်းများထဲတွင် မသေမျိုးတာအို ကျင့်စဉ်များကို မဆိုထားနှင့်၊ သာမန် သိုင်းတာအို ကျင့်စဉ်ကောင်းများကိုပင် လက်လှမ်းမီရန် ခက်ခဲလှသည်။
ဤသိုင်းလောကသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသော်လည်း နောက်ဆုံးတွင် လူတစ်စုလောက်ကသာ ထိပ်တန်းကျင့်စဉ်များကို အမှန်တကယ် သင်ယူနိုင်ပြီး သိုင်းပညာရှင်များ ဖြစ်လာကြသည်။ သာမန်လူများမှာ ထိပ်တန်းကျင့်စဉ်များကို မဆိုထားနှင့် သိုင်းတာအိုကိုပင် လက်လှမ်းမမီနိုင်ကြပေ။
သိုင်းတာအိုအပေါ် အင်ပါယာခုံရုံး၏ ကန့်သတ်ချက်များမှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။ အကယ်၍ ချန်လော့သာ မာချွယ်ကျိနှင့် တွေ့ဆုံရန် သူ၏ ဦးလေးစန်း အဆက်အသွယ်ကို အားမကိုးခဲ့ပါက သူလည်း သိုင်းတာအိုကို သင်ယူခွင့်ရခဲ့မည် မဟုတ်ပေ။
ထို့ကြောင့် သေချာစဉ်းစားပြီးနောက် ချန်လော့သည် ဒုတိယအလုပ်ကို အရင်စတင်ရန် ဆုံးဖြတ်လိုက်၏။
ပါရမီရှိသော ဦးနှောက်များကို ရှာဖွေခြင်း။
ဤသည်မှာ ကျင့်စဉ်များ ရှာဖွေခြင်းထက် ပို၍ လွယ်ကူ၏။ သေဆုံးသူများ ရှိနေသရွေ့ သူ့အတွက် အခွင့်အရေး ရှိသည်။
အကောင်းဆုံးနေရာမှာ ယခုအခါ နေ့စဉ်လူသေနေသောတောင်ကြားပင် ဖြစ်သည်။ ကံမကောင်းသည်မှာပြီးခဲ့သည့်အကြိမ်က တာအိုအဘိုးကြီး လီချန် အလွန်ဆိုးရွားစွာ သေဆုံးသွားပြီး သွေးအမြှုပ်များအဖြစ် အရည်ပျော်သွားခြင်း ဖြစ်သည်။
သို့မဟုတ်ပါက သူ၏ ဦးနှောက်ကို ငှားရမ်းအသုံးပြုပြီး သူလည်း ကျင့်ကြံနိုင်မည်။
"တိုက်ရိုက်သွားဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ပစ်မှတ်ကသိပ်သိသာလွန်းနေပြီး လမ်းမှာ ချုံခိုတိုက်ခိုက်ခံရပြီး သေသွားနိုင်တယ်။"
ချန်လော့သည် လမ်းလျှောက်ရင်း တန်ပြန်ဗျူဟာများကို စဉ်းစားနေခဲ့၏။
ဤအဆင့်တွင် အရေးအကြီးဆုံးမှာ တည်ငြိမ်မှုရှိရန် ဖြစ်သည်။
ယခင်က အခွင့်အရေး မရှိချိန်တွင် ထွက်ပေါက်တစ်ခုအတွက် တိုက်ခိုက်ခြင်းမှာ ရှေ့ဆက်ရန် လမ်းကြောင်း ဖောက်ခြင်းဖြစ်သည်။ ယခု လမ်းကြောင်း ပွင့်သွားပြီဖြစ်ရာ တည်ငြိမ်မှုကို ဦးစားပေးရမည်မှာ သဘာဝပင် ဖြစ်သည်။
ကျင့်ကြံခြင်းနှင့် လူလုပ်ခြင်းမှာ အတူတူပင် ဖြစ်သည်။ ရန်လိုသင့်သည့်အချိန်တွင် ရန်လိုရမည်ဖြစ်ပြီး တည်ငြိမ်သင့်သည့်အချိန်တွင် တည်ငြိမ်ရမည် ဖြစ်သည်။ ဤနှစ်ခုမှာ ဆန့်ကျင်ဘက် မဟုတ်ပေ။ (လူလုပ်ခြင်းဆိုတာ လူကိုလုပ်တာမဟုတ်ဘူးနော် တော်ကြာ လူလုပ်တာမှာဘာခက်လို့ ခါးကော့နေယုံဖြစ်နေမှာစိုးလို့)
မျက်ကန်းတစ္ဆေမကြောက် ရှေ့သို့ တိုးရန်သာ သိသူများသည် သေချာပေါက် ခရီးရောက်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင် ရည်မှန်းချက် ပျောက်ဆုံးနေသူများသည်လည်း နောက်ဆုံး အောင်နိုင်သူများ ဖြစ်လာမည် မဟုတ်ပေ။
"အရင်ဆုံး စောင့်ကြည့်ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်လူတွေသေရင် အလောင်းမြှုပ်နှံသူတွေက ကိုင်တွယ်ရတာပဲ။ အလွန်ဆုံး ကိုယ်ကျင့်တရား နည်းနည်း ထိခိုက်သွားရုံကလွဲလို့ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိပါဘူး။"
ချန်လော့သည် ရုံးတော်ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။
ချန်လောင်စန်း သည် ဤနေရာတွင် သူ၏ ဘဝတစ်ဝက်ကျော်ကို အလောင်းမြှုပ်နှံသူအဖြစ် လုပ်ကိုင်ခဲ့ပြီး သူ၏ အကျယ်ပြန့်ဆုံးသော အဆက်အသွယ်များမှာ ဤလမ်းကြောင်းပေါ်တွင် ရှိနေသည်။
ထို့ကြောင့် ချန်လော့အနေဖြင့် မျက်စိမှိတ် စွန့်စားမည့်အစား အားလုံးပြီးဆုံးသွားချိန်မှ သင်္ချိုင်းဂူများကို တူးဖော်ရန် စောင့်ဆိုင်းခြင်းက ပိုကောင်းပေသည်။
သူက ဤလမ်းကြောင်းကို ကျွမ်းကျင်ပြီးသား ဖြစ်သည်။
"ကျင့်စဉ်တွေကို ထည့်မစဉ်းစားဘူးဆိုရင် အခု ငါ့ကိုယ်ငါတိုးတက်အောင် လုပ်ဖို့ နည်းလမ်းတစ်ခုပဲ ကျန်တော့တယ်။"
သူ၏ အကြည့်များက ပတ်ဝန်းကျင်သို့ ဝေ့ဝဲသွားပြီး နောက်ဆုံးတွင် လမ်းအဆုံးရှိ ရှန့်အန်း ဆေးဆိုင်ပေါ်တွင် ကျရောက်သွား၏။
ဆေးနှစ်
ဆေးနှစ်အသစ်များကို ဖော်စပ်ရမည့်အချိန် ရောက်ပြီဖြစ်သည်။ မိမိကိုယ်ကို တိုးတက်စေရန်နှင့် အပြာရောင်စွမ်းအင်များကို ချေဖျက်ရာတွင် အရှိန်မြှင့်ရန်ပြင်ပပစ္စည်းများကို အသုံးပြုခြင်းကလည်း ဖြတ်လမ်းတစ်ခု ဖြစ်သည်။
ယခင်က သူသုံးခဲ့သော အဆင့်နိမ့် ဆေးရည်များကို ဖယ်ရှားပစ်ခဲ့ပြီ ဖြစ်ရာ ၎င်းတို့ကို တစ်ပေါင်းတည်းအဆင့်မြှင့်တင်ရန် ဤသည်မှာ အခွင့်အရေးကောင်း တစ်ခုဖြစ်သည်။
ဦးနှောက် တစ်ရာကျော်ထဲတွင် ဆေးပညာ ကျွမ်းကျင်သူတစ်ဦး အံကိုက် ပါဝင်နေသည်။
"သူဌေး၊ ဆေးဝယ်မယ်"
ချန်လော့သည် ဆိုင်ထဲသို့ ဝင်သွားပြီး ကောင်တာကို လက်ဖြင့် ခေါက်လိုက်၏။
"ဟိုအပေါ်ဆုံးတန်းက သက်တမ်းရင့် ဆေးမြစ်တွေ အားလုံး တစ်ထုပ်စီ ပေးပါ။"
"ဟုတ်ပါပြီခင်ဗျာ"
ငိုက်မျဉ်းနေသော ဆိုင်ရှင်မှာ ဤစကားကို ကြားသည်နှင့် ချက်ချင်း လန်းဆန်းသွားတော့သည်။
ဖောက်သည်ကြီးပဲ
ဆေးဝယ်ပြီးနောက် ချန်လော့သည် မြို့ထဲတွင် ကြာကြာမနေတော့ပေ။ သူသည် ထုပ်ပိုးထားသော ဆေးဘက်ဝင် အပင်များကို ယူကာ မြို့ထဲမှ ထွက်ခွာခဲ့သည်။
ချင်းယာကောင်တီ၏ လုံခြုံရေးမှာ အလွန် တင်းကျပ်နေဆဲ ဖြစ်သည်။ နေ့ဘက်တွင် အဆင်ပြေသော်လည်း ညဘက်တွင် စစ်သားများ ကင်းလှည့်နေသဖြင့် ပြဿနာတက်ရန် လွယ်ကူ၏။
ရွာသို့ ပြန်ရောက်ပြီးနောက် ချန်လော့သည် သူ၏ ယခင်ဘဝအတိုင်း ပြန်လည် နေထိုင်ခဲ့သည်။ နေ့ဘက်တွင် ဆေးကျိုကာ သူ၏ကျားနက်လက်သီးကို လေ့ကျင့်ပြီးညဘက်တွင် ဦးနှောက် တစ်ရာကျော်ကို အလှည့်ကျ အသုံးပြု၍ကျင့်ကြံခဲ့သည်။
ဘဝမှာ ဤကဲ့သို့ ငြိမ်းချမ်းစွာ အခြေကျသွားခဲ့၏။ ကျင့်စဉ်များ ရှာဖွေခြင်းနှင့် ဦးနှောက်များအတွက် အစီအစဉ်ဆွဲခြင်းတို့မှာ ရုတ်တရက် အရေးမကြီးတော့သလို ဖြစ်သွားသည်။
ယခု ချင်းယာကောင်တီ၏ အခြေအနေမှာ မတည်မငြိမ်ဖြစ်နေပြီး သူသည် အကြီးမားဆုံး အကျိုးအမြတ်များကို ရရှိထားပြီး ဖြစ်ရာ လှုပ်ရှားခြင်းထက် ငြိမ်သက်နေခြင်းက ပိုကောင်းပေသည်။
ချန်လောင်စန်းသည် နှစ်ကြိမ် ပြန်ရောက်လာခဲ့ပြီး သူ ထပ်မံ စွန့်စားရန် မထွက်သွားသည်ကို မြင်သောအခါ စိတ်သက်သာရာ ရသွားခဲ့၏။ ကြားထဲတွင် မာချွယ်ကျိနှင့် ဂျူနီယာညီမ ဟယ်မင်တို့ အကြောင်းကိုလည်း သတင်းပါလာခဲ့ပြီး သူတို့သည် ယန်ဟိုင်ကောင်တီတွင် အခြေချနေထိုင်နေကြကြောင်း ကြားသိရသည်။
ရှဟူဂိုဏ်း၏ သြဇာလွှမ်းမိုးမှုဖြင့် နေရာသစ်တွင်ပင် သူတို့သည် အလျင်အမြန် အခြေချနိုင်ခဲ့၏။ ကျန်သည်မှာ တိုးတက်မှု အပိုင်းသာ ဖြစ်သည်။
လဝက်ကြာပြီးနောက်ကျေးလက်ရှိ ခြံဝင်းငယ်လေးတစ်ခုတွင်..
ချန်လော့သည် သက်တမ်းရင့် ဆေးမြစ် တစ်ပိုင်းကို ဖြတ်တောက်လိုက်ပြီး သူ၏ လက်ညှိုးဖြင့် ကောက်ယူကာ လျှာပေါ်တွင် အရသာခံကြည့်လိုက်၏။ ချဉ်ပြီး ဖန်သော အရသာကြောင့် သူ အလိုအလျောက် မျက်လုံးမှိတ်သွားမိသည်။
သက်တမ်း မှန်ကန်သည်။
သက်တမ်းရင့်ဆေးမြစ်ကို သိမ်းဆည်းပြီးနောက် အနီးရှိ လှောင်အိမ်ထဲမှ ခရမ်းရောင်သန်းနေသော အနက်ရောင် ကင်းခြေများ အကောင်ငယ် နှစ်ကောင်ကို သူ ထုတ်ယူလိုက်သည်။ ဤအကောင်များမှာ အလွန်အဆိပ်ပြင်းသော ကင်းခြေများ အမျိုးအစားဖြစ်သည်။
ချန်လော့ စုဆောင်းထားသော ဦးနှောက် တစ်ရာကျော်ထဲတွင် ဤအရာများကို ကျွမ်းကျင်သော ပါရမီရှင်တစ်ဦး အံကိုက် ပါဝင်နေခဲ့သည်။ စာအုပ်အနည်းငယ်ဖတ်ပြီး သူ၏ အခြေခံ ဗဟုသုတများကို ဖြည့်တင်းပြီးနောက်တွင် သူသည် ဆေးဖော်စပ်ခြင်းကို စတင်နိုင်ပြီ ဖြစ်သည်။
သူသည် အဆိပ်ပြင်းသော အင်းဆက်များနှင့် သက်တမ်းရင့် ဆေးမြစ်များကို ကျောက်ဆုံထဲသို့ ထည့်လိုက်၏။
ထို့နောက် အနီးရှိ မီးဖိုပေါ်တွင် အပူပေးထားသော အမည်းရောင်ဆေးနှစ်များကို ၎င်းထဲသို့ လောင်းထည့်ကာ ကျောက်ကျည်ပွေ့ဖြင့် ဖြည်းဖြည်းချင်း ထောင်းလိုက်သည်။
ပြင်းထန်သော အနံ့တစ်ခု တစ်ဖန် ထွက်ပေါ်လာသော်လည်း ချန်လော့မှာ ယခုအခါ ယဉ်ပါးနေပြီ ဖြစ်သည်။ သူသည် မျက်နှာသေဖြင့် ဆေးနှစ်များကို အားလုံးကြေသွားအောင် ထောင်းပြီးနောက် လေညှင်းခံရန် အပြင်သို့ ထွက်သွား၏။
ဆေးနှစ်များ အေးသွားပြီးနောက် ဆေးကပ်ခွာများ ပြုလုပ်ရန် သူ ပြန်လာခဲ့သည်။
"အာနိသင်တွေ ထပ်ပြီး အားနည်းသွားပြန်ပြီ။"
ဖော်စပ်ပြီးစ ဆေးကပ်ခွာသစ်ကို သူ၏ ဒန်ထျန်း ပေါ်တွင် ကပ်လိုက်ပြီး ဂရုတစိုက် ခံစားကြည့်လိုက်သည်။ ဆေးနှစ်မှ ထုတ်လွှတ်သော အပူရှိန်မှာ အလွန်လျော့နည်းသွားပြီး သိုင်းတာအို တိုးတက်မှုအပေါ် သက်ရောက်မှုမှာလည်း ယခင်ကလဲ့သို့ သိသိသာသာ မရှိတော့ကြောင်း သူ တွေ့ရှိလိုက်ရသည်။
ခွန်အားနှင့် ပတ်သက်လျှင်မူ ချီကို ကျင့်ကြံပြီးနောက်ပိုင်းတွင် ပို၍ပင် အာနိသင် နည်းပါးသွားတော့သည်။
အရိုးသန့်စင်ခြင်းအဆင့် အပြီးတွင် တိုးတက်ရန် အလွန် ခက်ခဲလာသည်။ ချန်လော့သည် နည်းလမ်းများစွာကြိုးစားခဲ့သော်လည်း ဤအခြေအနေကို မပြောင်းလဲနိုင်ခဲ့ပေ။ ဤအဆိပ်ပြင်းသော အင်းဆက် ဆေးနှစ်ကို ဖော်စပ်နိုင်ခြင်းကပင် ပါရမီရှင်တစ်ဦး၏ အကြံဉာဏ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"အဆိပ်ပြင်း အင်းဆက်ဆေးနှစ်ကလည်း မကြာခင် အသုံးမဝင်တော့ဘူး။"
ချန်လော့၏ မျက်လုံးများတွင် စိတ်ပျက်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။
မူလက သူသည် ဤနေရာတွင် ခြောက်လခန့် ငြိမ်းချမ်းစွာ နေထိုင်ရန်နှင့် တောင်ကြားအတွင်းရှိ ဆူပူအုံကြွမှုများ လုံးဝ ငြိမ်သက်သွားချိန်မှ သင်္ချိုင်းဂူများသွားတူးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ယခု ကြည့်ရသည်မှာ အရိုးသန့်စင်ခြင်းအဆင့်တွင် တိုးတက်ရန် ခက်ခဲမှုနှင့် သူ၏ ကိုယ်ပိုင် ပါရမီကို အထင်သေးကာ အနည်းငယ် ရိုးအလွန်းသွားပုံရသည်။
"လုံးဝ အကျိုးအမြတ်မရှိတာတော့ မဟုတ်ပါဘူး။"
သူသည် စားပွဲပေါ်ရှိ ကြီးမားသော ဆေးပညာ စွယ်စုံကျမ်းကို လှမ်းကြည့်လိုက်သည်။ ချန်လော့၏ စိတ်ထဲတွင် ဆေးဘက်ဝင်အပင် ရာပေါင်းများစွာ၏ ဆေးစွမ်းများနှင့် သက်ဆိုင်ရာ အဆိပ်သင့်မှု မှတ်စုများက ကျွမ်းကျင်စွာ ဖြတ်သန်းသွားသည်။
ယခု သူသည် သမားတော်တစ်ပိုင်း ဖြစ်နေပြီဖြစ်သည်။ သက်ဆိုင်ရာ ဦးနှောက်ရှိနေသဖြင့် ဤအရာများကို သင်ယူခြင်းမှာ လိမ်လည်လှည့်ဖြားနေသကဲ့သို့ပင် ဖြစ်သည်။
သူမြင်သမျှကို ဘယ်တော့မှ မမေ့တော့ဘဲ ချက်ချင်း တတ်မြောက်သွားခြင်း ဖြစ်သည်။
ညဉ့်မှောင်လာသောအခါ
ချန်လော့သည် အဆိပ်ပြင်းအင်းဆက် ဆေးနှစ်၏ စွမ်းအင်များကို စုပ်ယူပြီးစီးသွားပြီး သူ၏ နေ့စဉ် ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်၏။ သူသည် မျက်လုံးများကို ဖွင့်ကာ အပြင်ဘက် ကောင်းကင်ကို ကြည့်လိုက်ပြီး သူ၏ ပစ္စည်းများကို သော့ခတ်ရန် အခန်းထဲသို့ ပြန်သွားသည်။
သန်းခေါင်ယံအချိန်သို့ နီးကပ်လာသောအခါ သူသည် ညဝတ်စုံကို လဲလှယ်ကာ ရွာထဲမှ ထွက်ခွာလာခဲ့သည်။
ရှေ့ဆက်ရန် နေရာမရှိတော့ချိန်တွင် သူသည် စွန့်စားရတော့မည်။
ယနေ့ညတွင် ဦးနှောက်နှစ်ခုလောက် ငှားရန် အခွင့်အရေး ရှိမရှိ သိနိုင်ရန် ထိုနေရာကို အရင်ဆုံး ကင်းထောက်မည် ဖြစ်သည်။
သူ အမြန်သွားလိုက်ရာ မကြာမီပင် ချန်လော့သည် တောင်ကြားအစွန်သို့ ရောက်ရှိသွား၏။
သို့သော် သူ တောင်ကြားထဲသို့ မဝင်ရသေးမီမှာပင် လက်နက်များထိခိုက်သံကို သူ ကြားလိုက်ရသည်။
သူသည် သူ၏ အရှိန်အဝါကို ချက်ချင်း ဖုံးကွယ်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ပျံတက်ကာ သစ်ရွက်စိမ်းများကြားတွင် သူ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်လိုက်၏။
တိုက်ခိုက်သံများမှာ လျင်မြန်စွာ ပေါ်ထွက်လာသည်။
ထို့နောက် ပို၍ပင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ချန်လော့ အနီးသို့ မရောက်မီမှာပင် ထိုနေရာရှိ တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သွေးနံ့များမှာ သစ်တောအုပ်ထဲသို့ လွင့်ပျံလာပြီး ရှင်းလင်းစွာ သိသာနေသည်။
'ဒီလောက် မြန်တာလား'
ချန်လော့၏ သူငယ်အိမ်များ ကျုံ့သွား၏။ သူသည် သစ်ပင်ထိပ်ဖျားမှ ကွက်လပ်များကြားမှတစ်ဆင့်ကြည့်လိုက်ရာ အင်ပါယာခုံရုံးမှ စစ်သားတစ်စု နေရာရှင်းလင်းနေသည်ကို မြင်လိုက်ရသည်။
လူငယ် သိုင်လောကသား အများအပြားသည် လမ်းဘေးတွင်မြှားများ စိုက်ဝင်ကာ သေဆုံးနေကြပြီး၊ တစ်ယောက်မှာမူ ကျောကုန်းတွင် သံလက်ဝါးရာကြီး ထင်နေကာ အလွန် ဆိုးရွားစွာ သေဆုံးနေသည်ကို တွေ့ရသည်။
စစ်တပ်၏ ဝိုင်းဝန်းပိတ်ဆို့မှုနှင့် သိုင်းပညာရှင်တစ်ဦး၏ချုံခိုတိုက်ခိုက်မှု ပေါင်းစပ်ထားခြင်းပင်။
ဤလူငယ်သိုင်းသမားများ ဤမျှ မြန်မြန်ဆန်ဆန် သေဆုံးသွားရသည်မှာ မဆန်းတော့ပေ။
အခန်း ၄၀ - ဖြေရှင်းနည်း
"တကယ်ကို ပိတ်ဆို့ထားတာပဲ"
ချန်လော့သည် အချိန်အတော်ကြာအောင် လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့ပြီးနောက် အဆုံးတွင် လှုပ်ရှားလာသူကို တွေ့ရှိသွားသည်။
ခြောက်သွေ့နေသောမျက်နှာနှင့် အဘိုးအိုတစ်ဦးပင်။
ထိုသူသည် သူကဲ့သို့ပင် သစ်ပင်ပေါ်တွင် ပုန်းအောင်းနေပြီး သူ၏ အဝတ်အစားအရောင်ဖြင့် ရောနှောကာပုန်းကွယ်နေသဖြင့် သာမန်လူများအတွက် သူ့ကို ရှာတွေ့ရန်မဖြစ်နိုင်ပေ။ ချန်လော့၏ လက်ရှိ အဆင့်မှာ အရိုးသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသော်လည်း အပြာရောင် စွမ်းအားများကို စုပ်ယူပြီးနောက် သူ၏ ခွန်အားမှာ သာမန် ဆရာသခင်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်သည်။
ထိုအဘိုးအိုမှာ ဆရာသခင်အဆင့်သို့ မရောက်သေးသဖြင့် ချန်လော့၏ အာရုံခံနိုင်စွမ်းမှ သဘာဝကျစွာပင် မလွတ်မြောက်နိုင်ခဲ့ပေ။
အဝင်ဝတွင် ကင်းစောင့်နေသူရှိကြောင်း အတည်ပြုပြီးနောက် ချန်လော့သည် လမ်းကြောင်း ထပ်ပြောင်းလိုက်၏။
ဤနေရာတွင်လည်း ကင်းစောင့်များ ရှိနေပြီး အဝင်ဝကို စစ်တပ်ကြီးတစ်ခုက ပိတ်ဆို့ထားကာ အရိပ်ထဲတွင် ကျွမ်းကျင်သူများပုန်းအောင်းနေကြသည်ကို သူ တွေ့ရှိခဲ့သည်။
ဤသည်မှာ တောင်ကြား၏ အဝင်ဝမျှသာ ရှိသေးသည်။ အတွင်းပိုင်း အခြေအနေမှာ မည်သို့ရှိမည်ကို ပို၍ပင် မသိနိုင်ပေ။ အဆင်ခြင်မဲ့စွာ အတင်းဝင်ရောက်ခြင်းမှာ ပညာရှိရာမရောက်ပါဘူး။
တစ်ညလုံး စောင့်ကြည့်ပြီးနောက် ချန်လော့သည် လျှို့ဝှက်ကင်းစောင့် ဆယ်ယောက်ကျော်ကို တွေ့ရှိခဲ့၏။
ဤလူများအားလုံးမှာ သိုင်းလောကမှ ကျွမ်းကျင်သူများ ဖြစ်ကြပြီး ကိုယ်တွင်းချီ ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သော ခွန်အားကြီးသူများ ဖြစ်ကြသည်။
အရိုးသန့်စင်ခြင်းအဆင့် ရှိသူ သုံးဦးပင် ပါဝင်သည်။ ဤသည်မှာ သူ အာရုံခံမိသလောက်သာ ရှိသေးပြီး အမှောင်ထဲတွင် ပုန်းအောင်းနေသော ပို၍စွမ်းအားကြီးသည့် ဆရာသခင်အဆင့် ကျွမ်းကျင်သူများလည်း ရှိနေနိုင်သေးသည်။
ဤသည်မှာ အင်ပါယာနန်းတော်၏ စွမ်းအားပင်ဖြစ်သည်။ ကျွမ်းကျင်သူများ၏ အရေအတွက်မှာ သာမန်ပြည်သူများ နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်ပေ။
ယခင်က ချင်းယာကောင်တီတွင် တွေ့ရခဲသော ကျွမ်းကျင်သူများသည် ယခုအခါ တောင်ကြားထဲတွင် ခွေးများကဲ့သို့ နေရာအနှံ့ ရှိနေကြ၏။
တောင်ကြားထဲသို့ ခိုးဝင်၍မရနိုင်ကြောင်း အတည်ပြုပြီးနောက် ချန်လော့မှာ အိမ်ပြန်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
'ဟို ခေါင်းအနည်းငယ်အတွက်တော့ နှမြောစရာပဲ။'
သူ ထွက်ခွာသွားစဉ် ချန်လော့သည် နောက်သို့ လှည့်ကြည့်လိုက်၏။ အောက်ဘက်ရှိ သိုင်းလောကသားများ၏ အလောင်းများကို ရှင်းလင်းပြီးဖြစ်ရာ သူ့အတွက် အကြွင်းအကျန်များကို ကောက်ယူရန် အခွင့်အရေး မရှိတော့ပေ။
ရွာသို့ ပြန်ရောက်သောအခါ...
မိုးလင်းခါနီးပြီ ဖြစ်၏။ ချန်လော့သည် ထုံးစံအတိုင်းနေထွက်ချိန်တွင် ကျင့်ကြံခြင်း တစ်ကျော့ကို စတင်လိုက်သည်။
မျက်စိဖြင့်မမြင်နိုင်သော စွမ်းအင် နောက်တစ်မျှင် သူ၏ခန္ဓာကိုယ်ထဲတွင် စုပုံလာသည်။ ရက်ပေါင်းများစွာအသက်ရှူကျင့်စဉ်များကို လေ့ကျင့်ပြီးနောက် ဤနည်းလမ်းမှ ရရှိလာသော အားနည်းသည့် တိုးတက်မှုမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
အပြာရောင်စွမ်းအားကို ချေဖျက်သည့်နှုန်းမှာလည်း ပိုပိုပြီးနှေးကွေးလာကာ ယခုအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် စုပုံနေပြီး သွေးကြောအများအပြားကို ပိတ်ဆို့နေသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
"ဒါတော့ အဆင်မပြေဘူး။"
ချန်လော့သည် ထွက်ပေါက်တစ်ခုကို တွေးတောနေခဲ့သည်။ တော်ဝင်မျိုးနွယ်ဦးနှောက် တစ်ခုတည်းက သေချာပေါက် အလုပ်မဖြစ်နိုင်ပေ။
တစ်ရက်အတွင်း ၎င်းကို အသုံးပြုနိုင်သည့် အချိန်မှာ ခဏတာမျှသာဖြစ်သည်။ အကယ်၍ အလွန်အကျွံ အသုံးပြုပါက ဦးနှောက်မှာ ပင်ပန်းနွမ်းနယ်သွားပြီး အလိုအလျောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားမည်။
ဤအားနည်းသော ဂုဏ်သတ္တိသည် ချန်လော့၏ မသေမျိုး ကျင့်ကြံခြင်း အစီအစဉ် ကို ပြင်းထန်စွာ ထိခိုက်စေ၏။
"ထွက်ပေါက်တစ်ခု ရှာမှရမယ်။"
ခဏတာ တွေးတောပြီးနောက် ချန်လော့၏ အကြည့်မှာ ချင်းယာကောင်တီရှိရာဘက်သို့ လှည့်သွားသည်။
ခိုးကြောင်ခိုးဝှက် သွားလို့မရရင်... ပေါ်ပေါ်ထင်ထင်ပဲ သွားရတော့မှာပေါ့။
ချန်လော့၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာ၏။
နေမင်းကြီးမှာ ကောင်းကင်ယံတွင် မြင့်တက်နေပြီဖြစ်သည်။
ချင်းယာကောင်တီ ရုံးတော်အဝင်ဝတွင် ကျန်းတာ့နျူ သည် အိပ်ချင်မူးတူးဖြင့် သန်းဝေနေ၏။ အထက်လူကြီးများ မည်သို့ပင် ပြောင်းလဲသွားစေကာမူသူတို့ကဲ့သို့ အောက်ခြေလူတန်းစားများမှာ များစွာ ပြောင်းလဲသွားမည် မဟုတ်ပေ။
ကောင်တီအုပ်ချုပ်ရေးမှူးများ အလှည့်ကျ ပြောင်းလဲခြင်းက သူတို့၏ပျင်းရိမှုကို မထိခိုက်စေပေ။ မည်သူပဲလာလာ အလုပ်လုပ်ရမည်မှာ သူတို့သာလျှင် ဖြစ်သည်။
ကျန်းတာ့နျူသည် ယခုအခါ ဤအခြေအနေတွင် ရှိနေသည်။ သူသည် တစ်လလျှင် ဤမျှလောက်သာ ငွေရသဖြင့် အလုပ်ကို အရမ်းကြိုးစားလုပ်ရန် မလိုအပ်ပေ။
သူသည် ဘဝကို တတ်နိုင်သမျှ ပြီးစလွယ်သာ ဖြတ်သန်းနေခြင်း ဖြစ်သည်။
ယခင်က ချင်းယာကောင်တီ ဘေးဒုက္ခ ကြုံတွေ့ခဲ့ရစဉ်က သူ သေလုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် မုဆိုးမတစ်ဦး၏မြေအောက်ခန်းတွင် ပုန်းအောင်းနေခြင်းဖြင့် အသက်ရှင်လျက် လွတ်မြောက်ခဲ့သည်။
နောက်ပိုင်းတွင် အင်ပါယာနန်းတော်မှ စေလွှတ်လိုက်သော အရာရှိသစ်ရာထူးတက်လာသောအခါ အသက်ရှင်ကျန်ရစ်သော ရုံးတော်အမှုထမ်းများမှာ သူတို့၏ ရာထူးများထံသို့ ပြန်လည်ရောက်ရှိလာကြ၏။
ယခုအခါ စစ်တပ် တပ်စွဲထားသဖြင့် ချင်းယာကောင်တီ၏ အများပြည်သူ လုံခြုံရေးမှာ လုံးဝ တည်ငြိမ်သွားပြီဖြစ်သည်။
တစ်ခုတည်းသော နောင်တရစရာမှာ ရင်းနှီးသော မျက်နှာများစွာပျောက်ကွယ်သွားခြင်းဖြစ်သည်။
သူ၏ ဖောက်သည်မလေး ရှောင်ထောင်ဟုန် လည်း မရှိတော့ပေ။ ထိုညက သူပုန်များ၏ လက်ချက်ဖြင့် သူမ သေဆုံးသွားသည်ဟု သူ ကြားသိရသည်။
ဤအတွက် ကျန်းတာ့နျူ မျက်ရည်အနည်းငယ်ပင် ကျခဲ့ရ၏။
ထိုကဲ့သို့ စျေးပေါသောပြည့်တန်ဆာများကို ရှာတွေ့ရန် မလွယ်ကူတော့ပေ။
အသစ်ပေါ်လာသော မိန်းကလေးများမှာ စျေးကြီးလွန်းလှသည်။ သူ တစ်ကြိမ်သာ သွားခဲ့ဖူးပြီး ထိုအကြောင်းကြောင့် ယခုအခါ အရည်ကျဲကျဲ အစားအစာများကိုသာ စားနေရတော့သည်။
"ဦးလေးကျန်း ကျွန်တော် ဦးလေးဆီ လာလည်တာ။"
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ကျန်းတာ့နျူ လန့်သွားသည်။
"ချန်လောင်စန်းရဲ့ အကြီးဆုံးတူလား" ကျန်းတာ့နျူသည် ချန်လော့၏ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားသည်။
သူ့တွင် သောက်ဖော်သောက်ဖက် များများစားစား မရှိဘဲ ချန်လောင်စန်းမှာ ထိုအထဲမှ တစ်ဦးဖြစ်သည်။
ကျန်းတာ့နျူ ပြည့်တန်ဆာအိမ်များသို့ သွားလေ့ရှိစဉ်က ချန်လောင်စန်းကို မကြာခဏ ခေါ်သွားလေ့ရှိသည်။ သူတို့သည် အတူတကွ ရန်ဖြစ်၊ အတူတကွ အလုပ်လုပ်ကြပြီး ပျော်ရွှင်စရာ အချိန်များကို ဖြတ်သန်းခဲ့ကြ၏။
ချင်းယာကောင်တီတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များပြီးနောက် ချန်လောင်စန်း ပျောက်ကွယ်သွားခဲ့သည်။ ယခုအခါ သူ ပြည့်တန်ဆာအိမ်များသို့ တစ်ယောက်တည်း သွားသောအခါအရက်မှာ အရသာမရှိသကဲ့သို့ ခံစားရပြီး ငွေရှင်းရာတွင် ခွဲရှင်းရန်သူငယ်ချင်းပင် မရှိတော့ပေ။
တူညီသောအကျင့်ဆိုးများရှိသည့် သူငယ်ချင်းများကို ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။
"မင်း ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ မင်းရဲ့ ဦးလေးစန်းရော ဘယ်မှာလဲ"
ထိုသို့ပြောရင်း ကျန်းတာ့နျူသည် ချန်လော့၏ အနောက်ဘက်သို့ အထူးတလည် ကြည့်လိုက်သော်လည်း ချန်လောင်စန်း၏ အရိပ်အယောင်ကို မတွေ့ရပေ။
"ကျွန်တော့် ဦးလေးစန်းက ယန်ဟိုင်ကောင်တီကို သွားတယ်။ ဒီနေ့ ကျွန်တော် တစ်ယောက်တည်း အခြေအနေလာကြည့်တာ။"
ချန်လော့က အပြုံးဖြင့် ရှင်းပြလိုက်၏။
ကျန်းတာ့နျူထံ လာရသည့် သူ၏ ရည်ရွယ်ချက်မှာ ရိုးရှင်းပါသည်။
သူ့မှတစ်ဆင့် ချင်းယာကောင်တီရှိ အလောင်းမြှုပ်နှံသူ ရာထူးအတွက် လျှောက်ထားရန် ဖြစ်သည်။
ခိုးကြောင်ခိုးဝှက် သွားလို့မရရင်... ဘာလို့ ပေါ်ပေါ်ထင်ထင် မသွားရမှာလဲ။
အကယ်၍ အခြားနေရာ တစ်ခုခုဆိုလျှင် သူ အနည်းငယ်စဉ်းစားရနိုင်သော်လည်း ဤနေရာမှာ ချင်းယာကောင်တီဖြစ်ပြီး သူတို့ ဦးလေးနှင့်တူ နှစ်ယောက်မှာ ဒေသခံလူမိုက်ကြီးများ ဖြစ်ကြသည်။
မနက်ပိုင်းက သူ လာစဉ်ကပင် စုံစမ်းပြီးဖြစ်သည်။ ပိတ်ဆို့ထားသော နယ်မြေတွင် အလုပ်လုပ်နေသော အလောင်းမြှုပ်နှံသူများကို ချင်းယာကောင်တီမှ ပြောင်းရွှေ့ထားခြင်းဖြစ်သည်။
"ယန်ဟိုင်ကောင်တီကို သွားတယ်၊ သူ ဘာလို့ ချင်းယာကောင်တီကို ပြန်မလာတာလဲ။ အခု စစ်တပ် တပ်စွဲထားလို့ ဒီမှာ အရမ်းလုံခြုံနေပြီကို။" ကျန်းတာ့နျူက အနည်းငယ် မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။
အကယ်၍ ချန်လောင်စန်းသာ ယန်ဟိုင်ကောင်တီသို့ သွားခဲ့ပါက သူ နောက်ထပ် သောက်ဖော်သောက်ဖက်ရတော့မည် မဟုတ်ဘူးဆိုသည့် အဓိပ္ပာယ်မဟုတ်လော့။
"ဦးလေးစန်းက အသက်ကြီးပြီလေ၊ ပြီးတော့ ပြီးခဲ့တဲ့အဖြစ်အပျက်ကြောင့် တော်တော်လေး လန့်သွားလို့ စောစော အနားယူသွားတာ။" ချန်လော့က ချန်လောင်စန်းအတွက် အကြောင်းပြချက်တစ်ခုကို ပေါ့ပေါ့ပါးပါး ဖန်တီးလိုက်၏။
မည်သို့ပင်ဆိုစေကာမူ လက်ထဲတွင် ငွေအမြောက်အမြားရှိနေသဖြင့် ချန်လောင်စန်းသည် နောင်တွင် အလောင်းမြှုပ်နှံသူအဖြစ် ပြန်လာလုပ်တော့မည် မဟုတ်ပေ။
"အနားယူသွားတာပေါ့၊ နှမြောစရာပဲ။"
ကျန်းတာ့နျူ အနည်းငယ် နောင်တရသကဲ့သို့ ခံစားရသော်လည်း သူ နားလည်နိုင်ပါသည်။ အလောင်းမြှုပ်နှံသူများသည် အုပ်ချုပ်ရေးရုံးအမှုထမ်းများဖြစ်သည့် သူတို့နှင့် မတူပေ၊ အန္တရာယ်က အရမ်းများသည်။
ဝမ်လောင်ရွှမ်း မိသားစု၏ အလောင်းများကို ကောက်ယူရန် ချန်လောင်စန်းကို အသိပေးဖို့ ကောင်တီအုပ်ချုပ်ရေးမှူး လုံ က သူ့ကို ခိုင်းခဲ့စဉ်က အချိန်ကို သူမှတ်မိနေသေးသည်။
ထိုအချိန်က ချန်လောင်စန်း ထိုအကျပ်အတည်းမှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည် မဟုတ်ဟု သူ ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ထိုကောင်သည် ကံကောင်းပြီး အသက်ရှင်လျက် လွတ်မြောက်လာခဲ့သည်။
"မင်း ငါ့ကို ဘာအတွက် လိုအပ်လို့လဲ"
"ဒီလိုပါ၊ ကျွန်တော့် ဦးလေးစန်းက ကောင်တီအုပ်ချုပ်ရေးရုံးမှာ နေရာလွတ်တစ်ခု ရှိခဲ့တယ်မလား၊ ကျွန်တော် တွေးကြည့်တာ၊ ဒီနေရာလွတ်က ဘယ်လိုပဲဖြစ်ဖြစ် လွတ်နေတာဆိုတော့ အပြင်လူလက်ထဲမရောက်သွားအောင် ကျွန်တော်ကိုယ်တိုင် ဝင်လုပ်ရင်ကောင်းမလားလို့။"
ထိုသို့ပြောရင်း ချန်လော့သည် သူ၏ အိတ်ကပ်ထဲမှ ငွေစအနည်းငယ်ကို ထုတ်ယူကာ ကျန်းတာ့နျူကို ပေးလိုက်၏။
"မင်းပိုက်ဆံကို ငါ ဘယ်လိုလုပ် ယူလို့ရမှာလဲ"
ကျန်းတာ့နျူသည် ငွေကို ပြန်တွန်းပေးလိုက်ပြီး ချန်လော့ကို အကဲခတ်ကာ စကားတစ်ခွန်း ချန်ထားခဲ့သည်။
"မင်း ဒီမှာ စောင့်နေ။ ငါ အထဲဝင်ပြီး မင်းအတွက် သွားပြောပေးမယ်။ ကောင်တီအုပ်ချုပ်ရေးရုံးမှာ လောလောဆယ် အလောင်းမြှုပ်နှံသူတွေ လိုအပ်နေတာဆိုတော့ ပြဿနာမရှိလောက်ပါဘူး။"
ကျန်းတာ့နျူသည် ဤကိစ္စနှင့် ပတ်သက်၍ အများကြီး မစဉ်းစားခဲ့ပေ။ အလောင်းမြှုပ်နှံသူ၏ အလုပ်မှာ မည်မျှပင် ဆိုးရွားပါစေ ၎င်းသည် အစိုးရအလုပ်တစ်ခု ဖြစ်နေဆဲပင်။
အောက်ခြေလူတန်းစား အများအပြားအတွက် ထိုကဲ့သို့သော နေရာလွတ်မျိုးမှာ အလွန် အလိုရှိကြသည်။ သူငယ်ချင်းဟောင်းတစ်ဦး၏ တူတစ်ယောက်အနေဖြင့် သူ ကူညီနိုင်လျှင် ကူညီပေးမည်ဖြစ်သည်။
ကျန်းတာ့နျူ၏ အလုပ်လုပ်ပုံမှာ အလွန် မြန်ဆန်၏။ ခဏအကြာတွင် သူသည် အတွင်းရေးမှူးသစ်ရေးသားထားသော ခန့်အပ်လွှာကို ကိုင်ဆောင်ကာ အုပ်ချုပ်ရေးရုံးမှ ထွက်လာခဲ့သည်။
အလောင်းမြှုပ်နှံသူကဲ့သို့ အောက်ခြေအလုပ်မျိုးအတွက် ကောင်တီအုပ်ချုပ်ရေးမှူး၏ ကိုယ်တိုင်လက်မှတ်မလိုအပ်ဘဲ အတွင်းရေးမှူးက စီစဉ်ပေးနိုင်သည်။
"ရပြီ။"
ကျန်းတာ့နျူက စာရွက်စာတမ်းသစ်ကို ကမ်းပေးလိုက်၏။
ဤအရာဖြင့် ချန်လော့သည် တရားဝင် ဝန်ထမ်းတစ်ဦးဖြစ်လာပြီး ချင်းယာကောင်တီ၏ တရားဝင် အလုပ်သမားတစ်ဦးအဖြစ် သတ်မှတ်ခံရပြီဖြစ်သည်။
သူ၏ မည်သူမည်ဝါဖြစ်မှုနှင့် နောက်ခံမှာ သန့်ရှင်းနေပြီး ချင်းယာကောင်တီတွင် မှတ်တမ်းရှိနေသောကြောင့်လည်း ပါဝင်သည်။ မဟုတ်ပါက ဤအချိန်တွင် ကောင်တီအုပ်ချုပ်ရေးရုံး၌ အလုပ်ရရန် အနည်းငယ် ခက်ခဲပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် ဦးလေးကျန်း"
ချန်လော့ ချက်ချင်း ကျေးဇူးတင်စကား ဆိုလိုက်၏။
မည်သူမည်ဝါဖြစ်မှု ပြဿနာ ပြေလည်သွားသည်နှင့် သူသည် ပေါ်ပေါ်ထင်ထင် ဦးနှောက်များကို ငှားရမ်းနိုင်ပြီဖြစ်သည်။
အမှန်တကယ်ပင် နည်းလမ်းများဆိုသည်မှာ အသေဖြစ်သော်လည်း လူများကမူရှင်သန်နေကြသည်။
သင့်အနေဖြင့် ဦးနှောက်ကို အသုံးပြုရန် ဆန္ဒရှိနေသရွေ့အခက်အခဲများထက် ဖြေရှင်းနည်းများက အမြဲတမ်း ပိုများနေတတ်၏။
"မင်းက ငါ့ကိုဦးလေးကျန်းလို့ ခေါ်မှတော့ ငါက သဘာဝကျကျ မင်းကို ကူညီရမှာပေါ့။ နောက်ပိုင်း အချိန်ရရင် မင်းရဲ့ ဦးလေးစန်းကို ငါနဲ့ လာသောက်ဖို့ ပြန်လာခဲ့လို့ ပြောဖို့ မမေ့နဲ့နော်။"
ကျန်းတာ့နျူသည် ချန်လော့၏ ပခုံးကို ပုတ်ကာ ကောင်တီအုပ်ချုပ်ရေးရုံးထဲသို့ ပြန်ဝင်သွားခဲ့သည်။
သူ၏ ရာထူးမှာ ဂိတ်ပေါက်စောင့်သော အမှုထမ်းတစ်ဦးမဟုတ်ဘဲ ရဲမက်တစ်ဦးဖြစ်သည်။
အစောပိုင်းက ဂိတ်ပေါက်တွင် သူ သန်းဝေနေခြင်းမှာပျင်းရိခြင်းမျှသာ ဖြစ်ပြီး ယခု မျိုးဆက်သစ်လူငယ်တစ်ဦး ရောက်လာပြီဖြစ်ရာ သူ၏ ပုံရိပ်ကို သဘာဝကျကျပင် ပြန်လည် မတ်မတ်ထားရမည် ဖြစ်သည်။