← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း(61)

လင်းမိန်ဟွေ့ နေ့လယ်စာအတွက် ခေါက်ဆွဲ နည်းနည်းလောက်ပြန်စားပြီး ကောင်းကောင်းအနားယူရန် စဉ်းစားနေခဲ့သည်။

သူမ ဆိုင်တံခါးဝသို့ လျှောက်လာသည့်အချိန်တွင် အိမ်နီးချင်း ဆိုင်ငယ်လေးမှ အစ်ကိုကြီးက သူတို့၏ တံခါးကို ပိတ်ရပ်နေပြီး မျက်လုံးထဲတွင်လည်း မီးများဖြင့် တောက်လောင်နေသည်ကို မြင်လိုက်ရလေသည်။

လင်းမိန်ဟွေ့၏ နှလုံးသားက ထိတ်ခနဲ ခုန်သွားခဲ့ရသည်။

သူမက စက်ဘီးပေါ်မှ ရေခဲမုန့်သေတ္တာကို ကြည့်ပြီး အိမ်နီးချင်းဖြစ်သူကို စတင်နှုတ်ဆက်လိုက်လေသည်။

“အစ်ကိုကြီး၊ နေ့လယ်စာ စားချိန်ကိုရောက်နေပြီ၊ နေ့လယ်စာ သွားစားပြီး အနားမယူသေးဘူးလား။”

အိမ်နီးချင်း၏ မျက်လုံးများက အေးစက်ပြီး ပြတ်သားနေခဲ့ကာ လင်းမိန်ဟွေ့ကို အရှင်လတ်လတ် စားတော့မလိုပင် ဖြစ်နေလေ၏။

စုန့်ယီလည်း လင်းမိန်ဟွေ့၏ ဘေးနားသို့ ကပ်လာခဲ့ပြီး အိမ်နီးချင်းကို သတိပေးလိုက်သည်။

“ပြောစရာရှိရင် ပြောပါ၊ ဒီမှာ တံခါးစောင့်လိုမျိုး ရပ်မနေနဲ့၊ ကျွန်တော်တို့က ခင်ဗျားတို့ကို ပိုက်ဆံအကြွေးမတင်ထားဘူး”

“မင်းတို့က စာရွက်စာတမ်းနှင့် ရှင်းရှင်းလင်းလင်း ရေးထားပြီးသားလေ၊ အခုကျတော့ ဘာလို့ ရေခဲချောင်းတွေ ရောင်းနေတာလဲ”

“ကျွန်မတို့ ရောင်းတာက ရေခဲချောင်း မဟုတ်ပါဘူး၊ ရေခဲမုန့်ပါ”

လင်းမိန်ဟွေ့က ပြန်ပြောလိုက်သည်။

“ဒီလိုမျိုး စကားလုံးနှင့် လှည့်စားတဲ့နည်းလမ်းကိုသုံးပြီး ငါနဲ့ ကစားချင်နေတာလား.. ငါပြောလိုက်မယ်၊ ဒီကနေ မြန်မြန်ပြောင်းသွားလိုက်. မဟုတ်ရင်တော့ နောင်ကို အေးအေးချမ်းချမ်းနေရလိမ့်မယ်လို့ မထင်နဲ့”

အိမ်နီးချင်းက ခြိမ်းခြောက်လာခဲ့သည်။

လင်းမိန်ဟွေ့လည်း အိမ်နီးချင်း အစ်ကိုကြီး၏ မျက်နှာက ဒေါသကြောင်း ခရမ်းရောင်အဖြစ်ပြောင်းလဲနေသည်ကို မြင်လျှင် ကြည့်မနေနိုင် ဖြစ်လာခဲ့လေသည်။

ထိုသူက လူဆိုးတစ်ဦး မဟုတ်ကြောင်းကို သူမ သိပေသည်။

သိာ့မဟုတ်လျှင် သူတို့၏ဆိုင်ရှေ့မှ ပန်းအိုးငယ်လေးကို ဤမျှအထိ လှအောင် ပြုလုပ်ထားမည် မဟုတ်ချေ။ သူတို့၏ ဆိုင်ရှေ့ကို သန့်ရှင်းရေးပြုလုပ်ထားမည် မဟုတ်သကဲ့သို့ တံခါးကိုပါ ကူညီရှင်းလင်းပေးလိမ့်မည် မဟုတ်။

လင်းမိန်ဟွေ့က ရေခဲမုန့်သေတ္တာထဲမှ ရေခဲမုန့်တစ်ချောင်း ထုတ်ယူပြီး ပေးလိုက်သည်။

“အစ်ကိုကြီး၊ ဒါကို တစ်ချောင်း စားကြည့်ပါဦး၊ ဒါက ရေခဲချောင်း မဟုတ်ပါဘူး”

သူမ တစ်ဖက်လူ၏ လက်ထဲသို့ လှမ်းပေးလိုက်သော်လည်း အိမ်နီးချင်းဖြစ်သူကတော့ မြေကြီးပေါ်သို့ ပစ်ချလိုက်လေသည်။

ရေခဲမုန့်က အနည်းငယ် အရည်ပျော်နေပြီဖြစ်သောကြောင့် ဤသို့ အားနှင့် ပစ်ချလိုက်သည့်အချိန်တွင် မြေကြီးပေါ်တွင် တစ်စစီဖြစ်ကာ လွင့်စင်သွားတော့သည်။

လင်းမိန်ဟွေ့တစ်ယောက် အနည်းငယ် နှမြောသွားခဲ့ရပြီး အစအနများကို ကောက်သိမ်းကာ တံခါးဝရှိ အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။

ဤအချိန်တွင် ဆိုင်ထဲမှ အမျိုးသမီးတစ်ဦး ထွက်လာခဲ့လေသည်။ သူမတို့၏အခြေအနေကို မြင်သော် သူမက ခင်ပွန်းသည်ဖြစ်သူကို ဆွဲပြီး ပြောလာခဲ့သည်။

“လောင်ဝူ၊ ရှင့်မှာ ဒီလိုစွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး၊ ဘာလို့ တခြားသူတွေကို ဒီလောက် မိုက်ရိုင်းနေရတာလဲ. ကြည့်ပါဦး၊ ရှင်က လူငယ်မောင်နှံကို လန့်သွားအောင် လုပ်နေတာပဲ”

“မင်း စိတ်မပူဘူးလား.. ငါတို့တွေ နောက်ဆုံးတော့ ရေခဲချောင်းလေးတွေ ကိုယ်တိုင်လုပ်နိုင် ၊ ရောင်းနိုင်ပြီး ပိုက်ဆံရှာနိုင်ခဲ့ပြီ

တစ်ယောက်ယောက်က ငါတို့ရဲ့စီးပွားရေး လာခိုးရင် ဘယ်လိုလုပ်ပြီး စီးပွားရေး ဆက်လုပ်ရတော့မလဲ”

“ဒါဆို ရှသ့ သူတို့ကို မောင်းထုတ်လိုက်ရင် စီးပွားရေး လုပ်လို့ရပြီလား”

“ မဟုတ်ရင် ဘယ်လိုလုပ်ရမယ်လို့ ထင်လို့လဲ၊ သူတို့ကိုသာ ဒီအတိုင်း ရေခဲချောင်း ဆက်ရောင်းခိုင်းထားရင် ငါတို့မှာ ဖောက်သည်တွေ ရှိတော့မှာ မဟုတ်ဘူး”

အိမ်နီးချင်းအစ်ကိုကြီးက သူ၏ဇနီးနှင့် စကားပြောသည့်အချိန်တွင် ပို၍ လေသံနူးညံ့စွာ ပြောလာခဲ့သည်။

လင်းမိန်ဟွေ့သည် ဤဇနီးမောင်နှံက ဆက်ဆံရေးကောင်းမွန်ကြောင်းကို ခံစားရနိုင်ပြီး သူတို့ကို နည်းနည်းလောက် သဘောကျမိလာရသည်။

ထို့ကြောင့် သူမက ရေခဲမုန့်ကို သေတ္တာထဲမှ ထပ်မံထုတ်ယူလိုက်ပြီး ဇနီးမောင်နှံထံသို့ လျှောက်သွားခဲ့လေသည်။

“အစ်ကိုကြီး၊ အစ်မ၊ ဒါတွေကို မြည်းကြည့်ပါ၊ ဒီလုပ်ငန်းက မတူညီဘူး ၊ ရှင်တို့လည်း စိတ်ဝင်စားတယ်ဆိုရင် ကျွန်မ မူရင်းဈေးနဲ့ လက်ကားပေးလိုက်မယ်၊ ရှင်တို့လည်း စီးပွားရေး ဆက်လုပ်လို့ရပြီး အချင်းချင်း ရင်းရင်းနှီးနှီး နေလို့ရတာပေါ့၊ ဟုတ်တယ်မလား”

တစ်ဖက်မှအစ်မကြီးက ဤစကားကြားသည်နှင့် လင်းမိန်ဟွေ့၏လက်ထဲမှ ရေခဲမုန့်ကို ချက်ချင်းယူပြီး ခင်ပွန်းသည်ကို ပေးလိုက်လေ၏။ သို့သော်လည်း တစ်ဖက်လူကတော့ မယူပါချေ။

အစ်မကြီးက ပြုံးပြီး ပြောလာခဲ့သည်။

“မိမ်းကလေး၊ စိတ်မဆိုးပါနဲ့.. သူက သိပ်ပြီးစကားပြောတတ်တဲ့လူ မဟုတ်ဘူး၊ ဒါပေမယ့် အစ်မကတော့ ကောင်းတာနဲ့ မကောင်းတာကို ခွဲခြားသိတယ်”

အမျိုးသမီးက ထိုသို့ပြောပြီးသည်နှင့် ရေခဲမုန့်ကို တစ်ကိုက်စားလိုက်လေသည်။ သူ၏မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်တွင် ရှိနေသော သူမ၏ယောက်ျားကို တွန်း၍ ပြောလာလေ၏။

“စားကြည့်ပါဦး၊ ဒါက ကျွန်မတို့ရဲ့ ရေခဲချောင်းတွေထက် အဆတစ်ရာလောက် ကောင်းတယ်၊ ဒီလောက်ထိ ခေါင်းမာမနေပါနဲ့”

လောင်ဝူက ဇနီးသည်၏စကားကို ကြားလျှင် တစ်ကိုက် ကိုက်ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ မျက်မှောင်ကြုတ်ထားသည့် သူ၏ မျက်ခုံးများက လျော့ရဲသွားကာ တင်းမာနေသော မျက်နှာသွင်ပြင်များသည်လည်း နောက်ဆုံးတွင် ပြေလျော့သွားလေသည်။

သူက လင်းမိန်ဟွေ့ကို ကြည့်ပြီး မေးလာခဲ့သည်။

“ဒီရေခဲမုန့်ကို ဘယ်လိုခေါ်တာလဲ”

လင်းမိန်ဟွေ့က နှလုံးအနီရောင်ငယ်လေးပါသည့် ရေခဲမုန့်ကို ကြည့်ပြီး ပြောလိုက်သည်။

“စတော်ဘယ်ရီအရသာပါ၊ စတော်ဘယ်ရီက လတ်ဆတ်တဲ့ သစ်သီးလေ၊ ဒီရေခဲမုန့်ထဲမှာ နို့မှုန့်၊ သကြားနဲ့ တခြားပါဝင်ပစ္စည်းတွေ အများကြီးပါသေးတယ်”

ဤစကားကြားသည့်နောက်တွင် လောင်ဝူတစ်ယောကာ အပြစ်ရှိသကဲ့သို့ ခံစားရပြီး ထုံထိုင်းစွာ ပြောလိုက်သည်။

“တကယ်တော့ သူများတွေက စီးပွားရေးကို လုသွားတာ မဟုတ်ဘူး၊ ငါတို့ ရေခဲချောင်းတွေက ဈေးကွက်ရှုံးသွားတာပဲ”

အမျိုးသမီးကတော့ အနီးသို့ကပ်လာပြီး လင်းမိန်ဟွေ့ကို ကြင်နာစွာနှင့် ပြောလာလေ၏။

“စိတ်မကောင်းပါဘူး၊ လောင်ဝူက အစတုန်းက ဒီလိုလုပ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး၊ ဒါက ဒီမြို့ရဲ့ ထုံးစံပဲ၊

တစ်ယောက်ယောက်က စီးပွားရေးစလုပ်ရင် တခြားလူတွေက ချက်ချင်း လိုက်လုပ်ကြတယ်၊ ဒီလိုဆိုရင်တော့ လူတိုင်းအတွက် ခက်ခဲတာပေါ့”

လင်းမိန်ဟွေ့က နားလည်ကြောင်း ပြသပြီး ဇနီးမောင်နှံကို ပြုံးပြလိုက်သည်။

“ကောင်းပါပြီ၊ ဒါဆို ကျွန်မတို့ အထဲကို အရင်ဝင်လိိုက်ဦးမယ်၊ ရေခဲမုန့်တွေ နေပူထဲမှာ အရည်ပျော်တော့မှာမလို့ပါ”

လောင်ဝူလည်း ဤစကားကြားသည့်အခါ ချက်ချင်းပင် တံခါးဖွင့်လိုက်သည်။

အမျိုးသမီးက သူ့ကိုတွန်းထုတ်ပြီး ပြောလာလေ၏။

“ဘာလို့ ဝင်မကူတာလဲ၊ မြန်မြန် ကူပေးလိုက်လေ၊ ဘာလုပ်နေတာလဲ”

လောင်ဝူက သူ၏ဇနီးစကားကို နားထောင်ပြီး ချက်ချင်းပြေးဝင်လာခဲ့ကာ စုန့်ယီနှင့်အတူ သေတ္တာကို ရွှေ့ပြောင်းလိုက်သည်။ စုန့်ယီက ငြင်းဆန်လိုသော်လည်း လင်းမိန်ဟွေ့က တားဆီးလိုက်လေသည်။

နေ့လယ်စာစားချိန်တွင်တော့ ထိုအမျိုးသမီးက လင်းမိန်ဟွေ့နှင့် စုန့်ယီကို သူတို့၏အိမ်၌ ခေါက်ဆွဲကြော် လာစားရန် အတင်းအကြပ်ဖိတ်ခေါ်ခဲ့သည်။

စုန့်ယီက အစပိုင်းတွင် ငြင်းဆန်လိုသော်လည်း လင်းမိန်ဟွေ့က အိမ်နီးချင်းများကြားတွင် အချင်းချင်း ကူညီစောင့်ရှောက်သည်က ကောင်းသည်ဟု ခံစားရသောကြောင့် ရိုင်းပြမနေဘဲ စုန့်ယီကိုပါ ခေါ်ပြီး သွားစားလိုက်ကြလေသည်။

လင်းမိန်ဟွေ့ ထိုဆိုင်လေးထဲသို့ ဝင်ရောက်လိုက်သည်နှင့် တခြားသူများ၏ဘဝသည်လည်း ဤကဲ့သို့ ဖြစ်နိုင်ကြောင်းကို သဘောပေါက်သွားလေသည်။

အိမ်၏နေရာအများစုသည်က ဆိုင်

အတွက်သာဖြစ်၍ သူတို့နေထိုင်သည့် နေရာလေးမှာ ဆယ်စတုရန်းမီတာခန့်သာ ရှိသည်။

အိမ်အတွင်း၌ ပန်းများ၊ အပင်များ၊ ဓာတ်ပုံများ၊ လှပသည့် ဗီရိုများရှိသည်။ ထိုအိမ်လေးမှာ သန့်ရှင်းသပ်ရပ်၍ ရိုးရှင်းသော်လည်း နွေးထွေးမှုအပြည့်ရှိသည်။

လင်းမိန်ဟွေ့ နံရံတွင် ချိတ်ဆွဲထားသည့် မင်္ဂလာဓာတ်ပုံများကို ငေးကြည့်နေစဥ် ဘေးမှအစ်မကြီးက သူမအားပြောပြလာခဲ့သည်။

“ဒါက အစ်မနဲ့ လောင်ဝူ လက်ထပ်တုန်းက ရိုက်ထားတာလေ၊ အခုဆိုရင် ဆယ်နှစ်လောက်တောင် ရှိရောပေါ့၊ အစ်မတို့လည်း အစတုန်းက မင်းတို့နှစ်ယောက်လိုပါပဲ၊ ဘာမှမရှိဘဲ ရုန်းကန်ခဲ့ရတာ”

“ကလေးတွေရော”

“ကလေးက အခုရက်ပိုင်း ကျောင်းနဲ့ပိုနီးတဲ့ သူတို့ရဲ့အဘွားအိမ်မှာ နေကြတယ်လေ”

လင်းမိန်ဟွေ့ ထိုအမကြီးကိုအနည်းငယ် အားကျမိသည်။ သူမတွင် မိသားစုရှိသည်၊ ကလေးများလည်းရှိနေခဲ့ပြီး၊ စားဝတ်နေရေးအတွက် ကိုယ်ပိုင်းစီးပွါးရေးလုပ်ငန်းငယ်လေးလည်း ရှိနေခဲ့သည်။

သူမလည်း ထိုကဲ့သို့ဘဝကို ပိုင်ဆိုင်ရမည်ဆိုလျှင် အလွန်ပျော်ရွှင်နေမိပေလိမ့်မည်။

ဘေးနားတွင်ရှိနေသော စုန့်ယီက လင်းမိန်ဟွေ့၏ မျက်နှာပေါ်မှ လိုလားတောင့်တသည့် အကြည့်ကို မြင်လိုက်ရလျှင် သူ၏မျက်လုံးများက အနည်းငယ် မှေးစင်းသွားခဲ့ပြီး စကားမဆိုတော့ဘဲ တိတ်တဆိတ်သာ နေခဲ့လေသည်။

အစ်မကြီးက လင်းမိန်ဟွေ့ကို စားပွဲဝိုင်းတွင် ထိုင်ရန် ဆွဲခေါ်သွားခဲ့သည်။ လောင်ဝူတစ်ဦးတည်းသာ ထိုနေရာ၌ အလုပ်ရှုပ်နေခဲ့လေ၏။

သူ၏ဇနီးသည်ကတော့ လင်းမိန်ဟွေ့နှင့် စီးပွါးရေးစကားပြောရန်အတွက် စီစဉ်နေခဲ့သည်။

“မိန်ဟွေ့၊ ခုနက မင်းရဲ့အစ်ကိုက နည်းနည်းလောက် စိတ်ဆိုးနေလို့ အဲဒီလိုပြောမိသွားတာပါ၊ မင်း ခုနကပြောသလိုမျိုး နောက်ဆိုရင် မင်းတို့ရဲ့ ရေခဲမုန့်တွေကို အစ်မတို့ လက်ကားယူပြီး ပြန်ရောင်းလို့ ရမလား”

လင်းမိန်ဟွေ့လည်း ထိုအစ်မကြီးက စီးပွားရေးကို စိတ်ဝင်စားမှန်း သိရှိသွားခဲ့သောကြောင့် ပြန်ပြောခဲ်သည်။

“အစ်မ၊ အစ်မတို့ စိတ်ဝင်စားရင် ကျွန်မတို့ရဲ့ရေခဲမုန့်ကို မူရင်းဈေးနဲ့ပဲ ရောင်းပေးပါ့မယ်၊ အမြတ်အားလုံးကိုလည်း အစ်မတို့ပဲ ယူလို့ရတယ်”

တစ်ဖက်မှဆိုင်ရှင်အစ်မသည်လည်း လင်းမိန်ဟွေ့၏အကြည့်တို့ကိုမြင်လျှင် သူမ၏ စေတနာကို ခံစားမိလေသည်။

သူတို့ နေ့လည်စာစားပြီးနောက် လူတိုင်းက ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားပြောဆို ရယ်မောခဲ့ကြသည်။

သူတို့ အိမ်သို့မပြန်ခင်တွင် လင်းမိန်ဟွေ့နှင့် ထိုဆိုင်ရှင်အစ်မက စကားများစွာပြောခဲ့ကြပြီး အချင်းချင်းရင်းနှီးလာခဲ့ကြကာ ခင်မင်သည့် သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။

ထို့အပြင် ဆိုင်ရှင်အစ်မက သူတို့ထံတွင် စိတ်ပူပန်စရာများရှိပါက ကူညီရန်အသင့်ရှိကြောင်းကို ပြောပြခဲ့ပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်ကြလေ၏။

*

အခန်း(62)

အိမ်သို့ ပြန်ရောက်ပြီးနောက်တွင်လင်းမိန်ဟွေ့လည်း ကုတင်ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းပြီး မျက်နှာကျက်ကို ငေးကြည့်နေခဲ့လေသည်။

သူမ၏မျက်နှာလေးတွင်လည်း အပြုံးပန်းများဖြင့် ဝေဆာနေခဲ့သည်။ သူမ၏ ထိုကဲ့သို့မျက်နှာအမူအရာကို တွေ့လိုက်ရလျှင် စုန့်ယီလည်း စိတ်ပျော်ရွှင်နေခဲ့ရပြီး သူမ၏ဘေးနားတွင် လှဲချလိုက်သည်။

“ဘာတွေများ တွေးနေလို့ ဒီလောက်ထိ တစ်ယောက်တည်း ပြုံးရယ်နေတာလဲ?”

လင်းမိန်ဟွေ့ လှည့်ကြည့်ချိန်တွင် စုန့်ယီ၏မျက်နှာက သူမ၏လက်အနီးတွင် ရှိနေကြောင်းကို တွေ့လိုက်ရလေ၏။

နေ့ညမပြတ် အတူရှိလာသည့် ဤရက်များအတွင်းတွင် လင်းမိန်ဟွေ့အနေဖြင့် သူမ၏ဘေးမှ ဤလူနှင့် ပို၍ရင်းနှီးလာသကဲ့သို့၊ ထိုသူ့အပေါ်တွင်လည်း ပို၍မှီခိုအားကိုးချင်လာခဲ့သည်။

“ဆိုင်ရှင် အစ်မရဲ့အိမ်က အပြင်အဆင်ကို ပြန်စဉ်းစားနေတာ၊ သူတို့ရဲ့အိမ်က အရမ်းနွေးထွေးပြီး စိတ်ကို သက်သောင့်သက်သာရှိစေတာပဲ”

“ကိုယ်တို့လည်း အဲဒီလိုမျိုး ပြင်ဆင်လို့ရတာပဲ!”

လင်းမိန်ဟွေ့ ကြိုက်နှစ်သက်သည့် မည်သည့်အရာကိုမဆို စုန့်ယီက တတ်နိုင်သမျှ မငြီးမငြူနှင့် လုပ်ပေးလိမ့်မည်ဖြစ်သည်။

လင်းမိန်ဟွေ့က ပြုံးရုံသာ ပြုံးလိုက်ပြီး မည်သည့်အရာကိုမှ ထပ်မပြောခဲ့ပေ။ သို့သော်လည်း သူမ၏စိတ်ထဲတွင်တော့ သူမတို့နှစ်ယောက်၏ မင်္ဂလာဓာတ်ပုံများနှင့် ကလေးများအကြောင်းကိုတွေးတောနေခဲ့သည်။

သူမနှင့် စုန့်ယီက အဲဒီလိုအရာမျိုးကို ဘယ်လိုများ စီစဉ်နိုင်မှာတဲ့လဲ။

အိမ်၏ နွေးထွေးမှုသည်က ပန်းပင်များ၊ သစ်ပင်များ၊ ပရိဘောဂများအပေါ်တွင် မူတည်ခြင်းမဟုတ်ပါချေ။

အိမ်တွင်နေထိုင်သော မိသားစုဝင်များ၏ စည်းလုံးမှု၊ ဂရုစိုက်မှု၊ ကူညီရိုင်းပင်းမှုများ ရှိမှသာလျှင် အိမ်တစ်အိမ်၏ နွေးထွေးမှုက ပြီးပြည့်စုံနေလိမ့်မည်။

“မိန်ဟွေ့၊ ကိုယ်တို့လည်း မင်္ဂလာဓာတ်ပုံရိုက်ရအောင်၊ အဲဒီလိုမဟုတ်ရင် ကိုယ်တို့တွေက ဇနီးမောင်နှံတွေဆိုတဲ့အကြောင်းကို သူများတွေဆီမှာ ဘယ်လိုများ သက်သေပြနိုင်မှာလဲ?”

“အကိုစုန့်ယီ ကျွန်မတို့က လက်ထပ်မှတ်ပုံတင်ပြီးသားပဲလေ၊ ဘာလို့ ထပ်ပြီး သက်သေပြနေဖို့လိုမှာလဲ”

လင်းမိန်ဟွေ့က စုန့်ယီတစ်ယောက် ထူးဆန်းသည်ဟု တွေးတောနေချိန်တွင် စုန့်ယီက ထရပ်လိုက်ပြီး လင်းမိန်ဟွေ့ကို စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

“ဒါက ကိုယ်တို့ရဲ့အိမ်ပဲလေ၊ ကိုယ်တို့လည်း ဓာတ်ပုံတွေနဲ့ အလှဆင်ပြီး အိမ်လေးကိုပိုနွေးထွေးအောင် လုပ်ကြရအောင်”

“အိမ်” ဟူသည့်စကားလုံးက လင်းမိန်ဟွေ့၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

သူမသည်လည်း ကိုယ်ပိုင်အိမ်ကလေးတစ်လုံးရှိရန် အလွန်တောင့်တခဲ့မိဖူးသည်။

လင်းမိသားစုထဲတွင် နေထိုင်စဥ်က ကျိုးချွေ့ဟွားက လင်းမိသားစုမှာ သူမ၏အိမ်မဟုတ်ကြောင်းကို အမြဲတစေ သတိပေးနေခဲ့သည်။

ထိုစဉ်က သူမ တောင့်တခဲ့သည့် တစ်ခုတည်းသောအရာမှာ သူမတွင် ကိုယ်ပိုင် အိမ်လေးတစ်လုံးရှိလာဖို့ကိုပင်။ သူမတွင် အိမ်တစ်လုံးရှိလာပါက သေချာပေါက် တန်ဖိုးထားမည်ဟူ၍ တွေးထားခဲ့ဖူးသည်။

ယခုအချိန်တွင် စုန့်ယီက သူမကို အလွန် ဂရုစိုက်ပြီး၊ စိတ်ပူပန်ပေးကာ အိမ်ကဲ့သို့ နွေးထွေးမှုမျိုးကို ပေးနေခဲ့သည်။ လင်းမိန်ဟွေ့ စုန့်ယီ၏စကားကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့ရကာ ထထိုင်လိုက်မိသည်။

“ကောင်းပြီလေ၊ ဒါဆို ကျွန်မတို့ ဒီနေ့ ပိုက်ဆံရထားတာပဲဆိုတော့ ဒီနေ့ပဲ ဓာတ်ပုံသွားရိုက်ပြီး ဒီအခန်းထဲမှာ ချိတ်ထားရအောင်”

သို့နှင့် နှစ်ယောက်သား ချက်ချင်းပင် စတင်လုပ်ဆောင်ခဲ့ကြသည်။

သူတို့က အဝတ်အစားကိုလဲလှယ်ပြီး၊ မျက်နှာသစ်လိုက်ကြကာ ဓာတ်ပုံဆိုင်သို့ သွားခဲ့ကြလေ၏။

ဓာတ်ပုံဆရာ၏ မှန်ဘီလူးအောက်တွင် သူတို့နှစ််ယောကာ ရိုးသားဖြူစင်စွာနှင့် ယဥ်ကျေးစွာ ပြုံးနေခဲ့ကြသည်။

“ပိုပြီး ကပ်လိုက်ပါဦး၊ အဲဒီလောက် အဝေးကြီး မနေကြနဲ့လေ”

လင်းမိန်ဟွေ့က စုန့်ယီကို ကြည့်လိုက်လျှင် စုန့်ယီက သူမ၏ဘက်သို့ အသာတိုးကပ်လာသည်ကို တွေ့လိုက်ရသည်။ လင်းမိန်ဟွေ့လည်း စုန့်ယီနှင့် ပို၍တိုးကပ်လိုက်သည်။

ထို့နောက်တွင် မီးရောင် တစ်ချက် လင်းလာခဲ့ပြီး ထိုအခိုက်အတန့်မှ သူတို့နှစ်ယောက်၏ ပုံရိပ်က ကင်မရာထဲ၌ ထာဝရ မှတ်တမ်းတင်သွားခဲ့လေတော့သည်။

ဓာတ်ပုံများက နောက်တစ်နေ့တွင်ပင် ထွက်လာခဲ့သည်။ လင်းမိန်ဟွေ့က ဆံပင်ကိုနှစ်ဖက်ခွဲ ကျစ်ထားခဲ့သည်။

သူမ၏ နှုတာခမ်းပေါ်တွင် ချိုသာသည့်အပြုံးတစ်ခုရှိနေခဲ့ပြီး သူမ၏မျက်လုံးများက လခြမ်းကွေးလေးများကဲ့သို့ ကွေးညွတ်နေခဲ့လေ၏။

စုန့်ယီကတော့ အဖြူရောင်

ရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ အနက်ရောင်ဆံပင်တိုကို ပိုင်ဆိုင်ထားလေ၏။ သူ၏မျက်နှာက ဂျုံရောင်သန်းနေခဲ့ပြီး အလွန်ပင် ခန့်ညားနေခဲ့သည်။

သူတို့ နှစ်ယောက် ဘေးချင်းကပ်လျှက် ထိုင်နေခဲ့ကြပြီး ညားကာစချစ်သူစုံတွဲလေးများကဲ့သို့ ကိုယ်စီအပြုံးလေးများနှင့် သက်ဝင်နေခဲ့သည်။

လင်းမိန်ဟွေ့ ထိုဓာတ်ပုံကို အလွန်သဘောကျနေခဲ့သည်။ ထို့ကြောင့် ပုံကြီးချဲ့၍ သူမ၏ဆိုင်နံရံတွင် ချိတ်ဆွဲလိုက်တော့သည်။

လက်ရှိတွင် သူတို့၏ဘဝက ပို၍ကောင်းလာပြီဖြစ်ကာ လင်းမိန်ဟွေ့၏ ရေခဲမုန့်ဆိုင်တွင်လည်း လက်ကားယူသူများက တဖြည်းဖြည်း များလာခဲ့သည်။

တချို့ဆိုင်များမှာ ဤဆိုင်မှရေခဲမုန့်ကို ရောင်းချရန်အတွက် ရေခဲသေတ္တာဝယ်ယူရန် ချေးငွေများပင် ယူလာခဲ့ကြသည်။

ဤသို့ဖြင့် လင်းမိန်ဟွေ့၏ ရေခဲမုန့်က တစ်မြို့လုံးတွင် နာမည်ကြီးလာခဲ့သည်။

ဘေးဘက်အိမ်မှ ဆိုင်ရှင်အစ်မ၏လုပ်ငန်းကလည်း အဆင်ပြေလာခဲ့သည်။

သူမက လင်းမိန်ဟွေ့နှင့် စုန့်ယီကိုတွေ့လျှင် အလွန်ရွှင်လန်းစွာ ပြုံးပြတတ်လေ၏။ ဆိုင်ရှင်အစ်ကိုကြီးသည်လည်း စုန့်ယီ ကုန်ချကုန်တင်လုပ်သည့်အချိန်မျိုးတွင် မကြာခဏ ကူညီပေးတတ်သည်။

ဤသို့ဖြင့်မိသားစုနှစ်ခုက မောင်နှမများကဲ့သိုပင် ခင်မင်ရင်းနီးလာခဲ့ကြသည်။

ယနေ့တွင်တော့ မနက်စောစောအချိန် ထွက်လာသော နေမင်းကြီးမှာ မီးလုံးကြီးတစ်လုံးကဲ့သို့ပင် တောက်ပနေခဲ့လေ၏။

လင်းမိန်ဟွေ့က စုန့်ယီ၏ပခုံးပေါ်သို့ မျက်နှာသုတ်ပဝါ တင်ပေးလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ဒီနေ့လည်း ရာသီဥတုကပူပြင်းနေတာဆိုတော့ ရေခဲမုန့်ရောင်းကောင်းမှာ သေချာတယ်၊ စောစောပြန်လာနော်၊ ဒီနေ့ ကျွန်မ ဖက်ထုပ်လုပ်ထားမယ်”

“ကောင်းပြီ ၊ မင်း ကိုယ့်ဆီကို မနက်ပိုင်းလောက်မှာ ပစ္စည်း ထပ်ပို့ပေးရလိမ့်မယ်၊ ကိုယ် မင်းကို မြို့အစိုးရရုံးရှေ့က မဟာမိတ်ပင်ကြီးအောက်မှာ စောင့်နေမယ်”

စုန့်ယီက ရေခဲမုန့်ပုံးကို ချည်နှောင်လိုက်ပြီး လင်းမိန်ဟွေ့ကို ပစ္စည်းထပ်မပြန်လည်ဖြည့်မည့်အကြောင်းကို ပြောလိုက်လေသည်။

ဤရက်များ၌ သူတို့၏လုပ်ငန်းမှာ အလွန်ပင်ချောမွေ့နေခဲ့သည်။

စုန့်ယီ မနက်ပိုင်း သယ်ဆောင်သွားသည့် ရေခဲမုန့်ပုံးက ရောင်းချရန်အတွက် မလုံလောက်တော့သည့်အတွက် လင်းမိန်ဟွေ့က မွန်းတည့်ချိန်မတိုင်တွင် အမြဲတစေ ပစ္စည်းနောက်တစ်သုတ်ကို ထပ်မံပို့ပေးရလေ့ရှိသည်။

လင်းမိန်ဟွေ့လည်း အိမ်တွင်ကျန်ရစ်ခဲ့ပြီး ဂျုံများကိုနယ်ကာ ဖက်ထုပ်အစာသွပ်ရန် ပြင်ဆင်ခဲ့သည်။

အရာအားလုံးပြီးသွားချိန်တွင်တော့ စုန့်ယီဆီသို့ ပစ္စည်းပို့ရန် ထွက်လာခဲ့လေသည်။ ထိုသူဆီသို့ မရောက်မီ လမ်းခုလတ်၌ သူမဆီတွင် ရေခဲမုန့်ဝယ်ယူနေကျဖြစ်သည့် လူငယ်စုံတွဲနှစ်ဦးနှင့် ရုတ်တရက် ဆုံခဲ့လေသည်။

သူတို့က လင်းမိန်ဟွေ့ကို မြင်သည်နှင့် ရေခဲမုန့်ဝယ်ယူရန် စိတ်အားထက်သန်နေခဲ့ကြသည်။

သို့နှင့် လင်းမိန်ဟွေ့လည်း စက်ဘီးကိုရပ်တန့်လိုက်ပြီး ပုံးအဖုံးကို ဖွင့်လိုက်လေ၏။ သူမ ရေခဲမုန့်ယူပေးရန် ပြင်နေစဥ် သူတို့၏အနီးသို့ စက်ဘီးကိုတွန်းလာသည့် လူတစ်ဦး ရောက်လာကာ အော်ဟစ်လာလေ၏။

“ရေခဲမုန့်တွေရမယ် .. တစ်ခုမှ ဆယ်ဆင့်ပဲ ကျမယ်နော်၊ မွှေးလည်းမွှေးပြီးတော့ ချိုတယ်... အေးလည်းအေးမြနေသေးတယ်”

“အစ်မ၊ အဲဒီတစ်ယောက်က အစ်မရဲ့စီးပွါးရေးကို လုယူဖို့ကြံစည်နေတာလား မသိဘူး”

တစ်ဖက်မှ မိန်းကလေးက လင်းမိန်ဟွေ့ကို သတိပေးလာသည်။ သို့သော်လည်း လင်းမိန်ဟွေ့က ထိုကိစ္စနှင့်ပက်သက်၍ စိတ်မပူပန်ခဲ့ပေ။

စီးပွားရေးလုပ်ဆောင်ရာ၌ သမာဓိရှိရမည်။ သူမ၏ ရေခဲမုန့်သာ ကောင်းမွန်ပါက နှစ်သက်သည့်ဖောက်သည်များ အမြဲရှိနေမည်ဟု သူမ ယုံကြည်သည်။

“ကိစ္စမရှိပါဘူး၊ လူတိုင်းက စီးပွားလုပ်တာပဲလေ၊ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပါပဲ”

လင်းမိန်ဟွေ့က ထိုကောင်မလေးကို ရေခဲမုန့်ပေးလိုက်ပြီး လှည်းကို တွန်းထွက်တော့မည့်အချိန်တွင် တစ်ဖက်လူ၏ စက်ဘီးရှေ့၌ ရေခဲမုန့်ဝယ်ယူရန် လူများစွာ စုဝေးနေသည်ကို တွေ့လိုက်ရသည်။

“ခင်ဗျားတို့ မိသားစုကတော့ စရောင်းကတည်းက အကျိုးအမြတ်တွေ အများကြီးရနေပြီပဲ၊ အစ်ကိုလျို့ယွမ်”

“ဟေ့.. စီးပွားလုပ်ရင် ပိုပြီး စျေးသက်သာအောင်လုပ်ရမယ်၊ ဒါမှ ဖောက်သည်တွေက ဝယ်ချင်ကြမှာပေါ့”

လျို့ယွမ်က လင်းမိန်ဟွေ့ကို တစ်ချက်ကြည့်လိုက်ပြီး ဖော်ပြနိုင်စွမ်းမရှိသည့် အောင့်သက်သက် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။

လင်းမိန်ဟွေ့ကတော့ ထိုသူအား ဂရုမစိုက်ပါချေ။ ဤမြို့သည်က မြို့ကြီးတစ်ခုဖြစ်သောကြောင့် သူတို့၏မိသားစုတစ်ခုတည်းမှ မြို့ထဲရှိ လူတိုင်းကို လိုက်ရောင်းနိုင်လိမ့်မည်မဟုတ်ချေ။

သူမ၏စိတ်ထဲတွင်တော့ ဆိုင်ခွဲများများရှိပါက ပို၍ကောင်းလိမ့်မည်ဟု တွေးမိခဲ့သည်။ ထိုအချိန်တွင် စျေးကွက်လည်း ပို၍ကျယ်ပြန့်ကာစည်ကားလာလိမ့်မည်။

လျို့ယွမ်က အဓိပ္ပာယ်ရှိရှိနှင့် ပြောလိုက်လေသည်။

“ရေခဲမုန့်လုပ်တာက ကြီးကျယ်တဲ့ကိစ္စလည်း မဟုတ်ပါဘူး.. ဒါက သေးသေးမွှားမွှား အရည်အချင်းလေးလောက်ပါပဲ၊ ရေခဲမုန့်အတွပ်ကုန်ကျစရိတ်ကို လျှော့ချပြီး လူတိုင်းကို ကူညီပေးနိုင်တာကတော့ အရည်အချင်းပဲလို့ ဆိုရမှာပေါ့”

လင်းမိန်ဟွေ့ကတော့ မိမိကိုယ့်ကိုယ် လိပ်ပြာလုံသည့်အတွက် စိတ်က ရှင်းလင်းပေသည်။ ထိုကဲ့သို့ လူမျိုးကို အဖက်လုပ်၍ ပြောနေရန် မလိုအပ်ဟုသာ တွေးတောခဲ့ပြီး လှည့်ထွက်သွားလိုက်လေသည်။

ဤအချိန်တွင် နောက်ထပ်လူတစ်ယောက်ကလည်း စက်ဘီးတစ်စီးနှင့် ရေခဲမုန့်ပုံးကို တွန်းလာခဲ့ပြီး လမ်းတစ်လျှောက်တွင် အော်ကာ ရေခဲမုန့်ကို ရောင်းချနေခဲ့သည်။

“ရေခဲမုန့်တွေရမယ်နော်.. လက်ကားက ဆယ်ဆင့်ပဲကျမယ်၊ လက်လီဆိုရင် ဆယ့်ငါးဆင့်ပါပဲ... လက်ကားဆိုရင်တော့ အနိမ့်ဆုံး ဆယ်ချောင်းယူရမယ်”

လျိုယွမ် ထိုအသံဘက်ကို လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင်တော့ အထင်သေးသည့်အကြည့်များနှင့် ပြည့်နေခဲ့သည်။

“ အာ့ယွမ် မင်းတို့မိသားစုက ဝက်မွေးမြူရေးသမားတွေမဟုတ်ဘူးလား၊ ဘယ်တုန်းက ရေခဲမုန့်တွေ လုပာပြီး ရောင်းနေတာလဲ၊ မင်းတို့က ဘယ်လိုလုပ်ပြီး ရေခဲမုန့် လုပ်တတ်မှာလဲ”

ထိုယွမ်မျိုးရိုးက လျို့ယွမ်အား မြင်သော် နှုတ်ခမ်းများကိုကွေးကာ ပြုံးလာခဲ့သော်လည်း မျက်လုံးများကတော့ အထင်သေးမှုများ ပြည့်နေခဲ့သည်။

“လျို့ယွမ်၊ မင်းတို့ရဲ့မိသားစုကလည်း ဓာတ်မြေဩဇာ ရောင်းတဲ့သူတွေမဟုတ်ဘူးလား.. ဘာလဲ မင်းရဲ့ရေခဲမုန့်က ဓာတ်မြေဩဇာတွေနှင့် ရောထားလား၊ ဘယ်လိုလုပ်ပြီး ရေခဲမုန့်နဲ့ အရသာတူနိုင်မှာလဲ”

ဤသို့ဖြင့် လူနှစ်ယောက်က စတင်စကားများ ရန်ဖြစ်ကြလေတော့သည်။

သို့သော်လည်း လင်းမိန်ဟွေ့ကတော့ ထိုသို့သော ဒရာမာဇာတ်လမ်းကို မကြည့်ချင်သောကြောင့် ရှောင်ထွက်သွားရန် စီစဥ်လိုက်လေသည်။

All Chapters