အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း(63)
လင်းမိန်ဟွေ့သည်ကား ဤကဲ့သို့ ကိစ္စများကို မြင်တွေ့နေကျ ဖြစ်သည်။ သူမ၏အရင်ဘဝတွင် ကျန်းကျစ်ကုန်းက သူမကို ထိုးကြိတ်ပြီး ဘဝကို ခက်ခဲအောင်လုပ်ခဲ့ရင်း လုပ်ငန်းထဲမှ မကျေနပ်ချက်များကိုပြောလေ့ရှိသည်။
လင်းမိန်ဟွေ့အနေဖြင့် ထိုသူမှ သူ၏ မကောင်းသော သူငယ်ချင်းများနှင့် စီးပွါးရေးအကြောင်းများကို ပြောသည်ကို မကြာခဏ နားထောင်ခဲ့ရသည်။
သူမ နေ့တိုင်းကြားရသည်မှာ ယနေ့ စီးပွားရေးကောင်း၊မကောင်း ဟူသော စကားသာ ဖြစ်ခဲ့ရသည်။
နောက်တစ်နေ့တွင် မည်သူ၏ အရောင်းစျေးက ပို၍များသည်ကို ကြည့်ပြီး ရှုံးနိမ့်မည်ဆိုလျှင် စျေးကွက်စစ်ပွဲများကို စလေ့ရှိကြသည်။
တချို့သည်က တခြားသူများ ရောင်းချသည့် ပစ္စည်းများကိုအတုအပများ ရောနှောခြင်း၊ အနည်းငယ် အဆိပ်ရှိသည့်ပစ္စည်းများ ထည့်သွင်းခြင်းမျိုးကိုပင် မတွန့်မဆုတ် ပြုလုပ်ကြပြီး မကောင်းမှုများကို တစ်ခုပြီးတစ်ခု လုပ်ဆောင်ကြသည်။
ထိုအချိန်က လင်းမိန်ဟွေ့မှာ မိသားစုထဲတွင် အပယ်ခံတစ်ယောက်သာ ဖြစ်သောကြောင့် မည်သည်ကိုမှ ဝင်မပြောရဲခဲ့ပေ။
သူမ၏စိတ်ထဲတွင်သာ မကောင်းမှုများကို အလွန်အကျွံလုပ်ပါက ကိုယ်တိုင်အတွက်လည်း ကောင်းကျိုးမရနိုင်ဟု တွေးတောနေခဲ့သည်။
ယခု လျို့ယွမ်နှင့် ထိုယွမ်မျိူးရိုးတို့ ဤကဲ့သို့ ရန်ဖြစ်နေကြသည်ကို မြင်လျှင် လင်းမိန်ဟွေ့၏ စိတ်ထဲတွင် ရှင်းလင်းသွားခဲ့သည်။
သူမ၏ ရည်ရွယ်ချက်မှာ မိမိ၏စီးပွါးရေးကိုသာ ကောင်းစွာလုပ်ဆောင်ရန်ဖြစ်သည်။ ထိုကဲ့သို့သော ကိစ္စများ၌ အချိန်ကုန်ခံကာ ဝင်ပါမည် မဟုတ်ပေ။
ထို့ကြောင့်သူမ လှည့်ထွက်သွားတော့မည့်အချိန်၌ ဘေးဘက်မှ လူတစ်ဦးက ရုတ်တရက် အော်လိုက်လေသည်။
“ဟေ့.. မင်းရဲ့ အဲဒီရေခဲမုန့်က ဘာလို့ ဒီလောက်တောင် ဈေးကြီးတာလဲ”
လျိုယွမ်နှင့် ယွမ်မျိုးရိုးတို့က ရန်ဖြစ်နေခြင်းကို ရပ်၍ လင်းမိန်ဟွေ့ဘက်သို့ လက်ညှိုးထိုးလာကြသည်။
“ဒီမြို့က မင်းရဲ့မိသားစု ပိုင်တာ မဟုတ်ဘူး.. မင်းတို့နှစ်ယောက် အခုလို လျှောက်အော်ပြီး ငါတို့ရဲ့စီးပွားရေးကို ခိုးယူနေတာ မသင့်တော်ဘူး မလား”
လင်းမိန်ဟွေ့မှာ မိမိ၏နားနှင့် ကြားလိုက်ရသည့်စကားများကို အံ့ဩသင့်သွားခဲ့ရကာ မယုံကြည်နိုင်ဖြစ်စွာဖြင့် ထိုလူနှစ်ဦးအား လှည့်ကြည့်လိုက်မိသည်။
ထိုလူနှစ်ယောက်သည်က မကြာခင်ကမှ မျက်နှာများ ညိုမဲကာ ရန်ဖြစ်ထိုးကြိတ်နေကြသော်လည်း၊ ယခုအချိန်တွင်တော့ ပြန်လည်သင့်မြတ်နေပြီဖြစ်ကာ သူမကို ပူးပေါင်း၍ တိုက်ခိုက်ရန်ကြံစည်နေခဲ့ကြသည်။
“ ရှင်တို့ပြောတဲ့အတိုင်း ကျွန်မ ပြန်ပြောရမယ်ဆိုရင် ဒီမြို့မှာ ရေခဲမုန့်ကို ကျွန်မ အရင်ဆုံး လုပ်ရောင်းတာ”
“မင်းတို့ ဒီမြို့ကို မလာခင်ကတည်းက ငါတို့မိသားစုနှစ်ခုက ရည်ရွယ်ချက်ရှိပြီးသားပဲ.. ငါတို့အိမ်မှာ ရေခဲသေတ္တာတောင် ဝယ်ပြီးသားဖြစ်နေပြီ...”
ထိုအခါမှ လင်းမိန်ဟွေ့ သူတို့နှစ်ဦး၏ ကြားထဲသို့ ရောက်သွားမှန်း သဘောပေါက်လိုက်သည်။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူမသည် ပြတ်သားစွာပြောလိုက်သည်။
“လူတိုင်း ကိုယ့်အရည်အချင်းနဲ့ကိုယ် စီးပွားရေးလုပ်ကြတာပေါ့.. ရှင်တို့တွေ ဈေးပေါတဲ့ ကုန်ကြမ်းတွေနဲ့ လုပ်ထားတဲ့ ရေခဲမုန့် ရောင်းတာကို ကျွန်မ မတားဘူး.. ဒါပေမဲ့ ကျွန်မရောင်းတဲ့ ရေခဲမုန့်ကတော့ ကုန်ကြမ်းကောင်းကောင်းကိုသုံးထားတာဖြစ်လို့အရသာကို အာမခံနိုင်ပြီး ဒီစျေးနဲ့ရောင်းမှဖြစ်လိမ့်မယ်”
“မင်း ပြောတဲ့စကားက ဘာအဓိပ္ပာယ်လဲ၊ မင်းက ငါတို့ရဲ့ရေခဲမုန့်တွေကိာ အတုလို့ ပြောနေတာလား”
အားယွမ်က လင်းမိန်ဟွေ့၏ရှေ့၌ ပိတ်ရပ်လိုက်ပြီး အလျှော့မပေးဘဲ လင်းမိန်ဟွေ့ကို ခပ်ပြင်းပြင်း တွန်းထုတ်လိုက်သည်။
ဤခဏအတွင်း၌ပင် ရန်ပွဲကိုကြည့်နေသည့်လူများက ပို၍များလာခဲ့သည်။ အများစုက လင်းမိန်ဟွေ့ကို လက်ညှိုးထိုး၍ ဤတစ်နယ်ခြားမှရောက်လာသည့် လင်းမိန်ဟွေ့က သူတို့မြို့၏ စီးပွားရေးကို လုယက်လာသည်ဟု စွပ်စွဲကြသသည်။
တချို့လူများကလည်း သူတို့မြို့၏ စီးပွါးရေးကို တခြားနေရာမှ လူများက လာရောက်ကြီးစိုးနေသည်ကို မကြိုက်သောကြောင့် ထွက်သွားရန်ပြောဆိုနေခဲ့ကြသည်။
လင်းမိန်ဟွေ့တစ်ယောက် ပဋိပက္ခပြဿနာများ ပို၍ ကြီးလာသည်ကိုမြင်လျှင် ဤနေရာ၌ ဆက်နေပါက အခြေအနေမကောင်းလောက်ကြောင်းကို သဘောပေါက်သည့်အတွက် စက်ဘီးနှင့် အမြန်ထွက်သွားခဲ့လေသည်။
မမျှော်လင့်ဘဲ အားယွမ်က အလျှော့မပေးသေးဘဲသူ၏ စက်ဘီးနှင့် လင်းမိန်ဟွေ့၏နောက်မှ လိုက်လာခဲ့သည်။
ထိုအချိန်၌တွင် တာယာလှည်းတစ်စီးက မျက်နှာချင်းဆိုင်မှ လာနေခဲ့သောကြောင့် လင်းမိန်ဟွေ့ ချက်ချင်းပင် စက်ဘီးကိုဘယ်ဘက်သို့ ကွေ့၍ ရှောင်တိမ်းလိုက်သည်။
အာ့ယွမ်၏ စက်ဘီးက အရှိန်မထိန်းနိုင်ပဲ လင်းမိန်ဟွေ့အကို ရုတ်တရက် ဝင်တိုက်မိသွားခဲ့တော့သည်။
လင်းမိန်ဟွေ့မှာ အတိုက်ခံလိုက်ရသောကြောင့် အရှိန်ကိုမထိန်းနိုင်ခဲ့ဘဲ လဲသွားရကာ ရေခဲပုံးကလည်း မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ရေခဲမုန့် ဆယ်ချောင်းကျော်ခန့် ပြုတ်ကျသွားခဲ့သည်။
လင်းမိန်ဟွေ့ အလွန်နှမျောသွားခဲ့ရကာ ရေခဲမုန််များကို အမြန်ကောက်ထည့်လိုက်သည်။
ဘေးဘက်မှ လူများမှာလည်း လင်းမိန်ဟွေ့ ဒဏ်ရာရသည်ကို မြင်လျှင် ထိတ်လန့်သွားကွပြီး အမြန်ထွက်သွားကြလေ၏။
လျိုယွမ်လည်း ကြောင်အမ်းသွားသည်။ သူက လင်းမိန်ဟွေ့၏ လက်မောင်းပေါ်မှ သွေးများ စီးကျနေသည်ကိုမြင်လျှင် စိုးရိမ်တကြီး လက်ညှိုးထိုးပြလိုက်သည်။
“လင်းမိန်ဟွေ့၊ မင်း... မင်းလက်မောင်းမှာ ဒဏ်ရာရသွားပြီ.. အဆင်ပြေရဲ့လား ဆေးရုံသွားချင်လား”
အာ့ယွမ်လည်း လန့်သွားခဲ့လေသည်။ သူ ကြောင်အမ်းစွာနှင့် ရပ်နေခဲ့ပြီး လက်ရှိအခြေအနေကိုပင် မေ့သွားခဲ့သည်။
စုန့်ယီမှာ လင်းမိန်ဟွေ့ ပစ္စည်းယူလာပေးသည်ကို မစောင့်နိုင်တော့သည့်အတွက် ဗလာကျင်းနေသော လှည်းကို တွန်းပြီး ပြန်လာချိန်တွင် မြေကြီးပေါ်သို့ ပြုတ်ကျ၍ ပြန့်ကျဲနေသော ရေခဲမုန့်များနှင့် လက်မောင်းပေါ်တွင် သွေးထွက်နေသော လင်းမိန်ဟွေ့ကိုတွေ့လိုက်ရလေသည်။
သူ အလွန်ပင် စိတ်ပူသွားရပြီး အမြန်ပြေးလွှားရောက်လာကာ မေးလိုက်သည်။
“မိန့်ဟွေ့ .. ဘာဖြစ်သွားတာလဲ”
လင်းမိန်ဟွေ့က လက်ကို ဖုံးကွယ်၍ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ ကျွန်မ ဒီအတိုင်း လဲကျသွားတာ”
စုန့်ယီက အရူးမဟုတ်ပေ။ သူက အာ့ယွမ်၏ စိုးရိမ်တကြီးအကြည့်နှင့် လျိုယွမ်၏ ကြောင်အမ်းနေသည့်မျက်နှာကို တွေ့မြင်ပြီးနောက် အခြေအနေကို နားလည်လိုက်သည်။
ထို့အပြင် နှစ်ဦးလုံး၏ စက်ဘီးများတွင်လည်း ရေခဲမုန့်ပုံးများ ရှိနေခဲ့သေးသည်။
“ဘယ်သူ တိုက်လိုက်တာလဲ”
စုန့်ယီ ထရပ်လိုက်ပြီး ဘေးဘက်ကိုဘယ်ညာ တစ်
ချက်စီကို ကြည့်လိုက်လေ၏။
သူ၏အမူအရာက အလွန်ပင် အေးစက်နေခဲ့ကာ လူအများကို ထိတ်လန့်စေခဲ့ခဲ့သည်။ ပုံမှန်ဆိုလျှင် စုန့်ယီမှာ ရိုးသားဖြောင့်မတ်သည့် စိတ်ဓာတ်ရှိပြီး အလွယ်တကူ ဒေါသမထွက်တတ်ပေ။
သို့သော်လည်း သူ၏ ထိုသို့စိတ်ဓာတ်နှင့် ဒေါသထွက်မိပြီဆိုလျှင်တော့ ထိန်းချုပ်၍ မရသောမီးကဲ့သို့ ဖြစ်လာတတ်သည်။
လူတိုင်းက စုန့်ယီဆီမှ ထွက်လာသည့် ဒေါသကို ခံစားမိကြပြီး လျိုယွမ်လည်း မသိစိတ်အရ နောက်သို့တစ်လှမ်းဆုတ်သွားခဲ့မိသည်။
အာ့ယွမ်က သူ၏ပါးစပ်ထောင့်ကို ဖိကာ ကြောက်စိတ်ကို မြိုချလိုက်သည်။
“ကျွန် …ကျွန်တော်လည်း ခုနက သတိမထားမိဖြစ်သွားတာ.. သူမ.. သူမက ရုတ်တရက် လမ်းပြောင်းလိုက်တာလေ၊ ဒါကြောင့် ကျွန်တော် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ”
စုန့်ယီက သူ၏အနီးသို့ လျှောက်သွားခဲ့ပြီး အာ့ယွမ်၏ အင်္ကျီကော်လံကို လက်တစ်ဖက်တည်းနှင့် ဆွဲကိုင်လိုက်သည်။ အာ့ယွမ်မှ မြေကြီးပေါ်မှ ခြေထောက် ကြွလုနီးပါး အဆွဲခံလိုက်ရသောကြောင့် ထိတာလန့်လွန်း၍ သတိပင် လစ်သွားချင်ခဲ့လေသည်။
“မင်းပြောချင်တာက ငါ့ဇနီးက အရှေ့ကလာတဲ့သူကို မမြင်ဘဲ မင်းဆီက တမင်အတိုက်ခံတယ်လို့ ပြောချင်တာလား ဟမ်?”
စုန့်ယီ၏ အမေးစကားကိုကြားလိုက်ရမှ အာ့ယွမ်တစ်ယောက် ချက်ချင်းပင်သူ စကားမှားသွားကြောင်းကို သိလိုက်ပြီး လက်များကို အမြန်မြှောက်၍ တောင်းပန်လိုက်သည်။
“အစ်ကိုစုန့်၊ လင်းမိန်ဟွေ့ကို မြို့ဆေးရုံဆီ အရင်ခေါ်သွားရအောင်လေ.. သူမရဲ့ ဒဏ်ရာကို ကုသဖို့က ပိုအရေးကြီးတယ်မလား”
စုန့်ယီက သူ၏လက်သီးကို မြှောက်၍ အာ့ယွမ်၏မျက်နှာကို ထိုးလိုက်လေသည်။
ရန်ပွဲစတင်ခါနီးဖြစ်နေသည်ကို မြင်လျှင် လင်းမိန်ဟွေ့လည်း အမြန် ပြေးဝင်သွားကာ စုန့်ယီကို ဆွဲဖမ်းလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မ ဘာမှမဖြစ်ပါဘူး.. အရေပြားလောက်ပဲ နည်းနည်းပွန်းသွားတာပါ.. ဘာမှ မလုပ်ပါနဲ့...”
“မိန်ဟွေ့၊ ကိုယ် သူတို့ကို ဒီအတိုင်း မထားနိုင်ဘူး.. သူတို့က မင်းကို အမြဲတမ်း အနိုင်ကျင့်နေကြတာ၊ နေ့တိုင်း သူတို့နဲ့တွေ့တဲ့အချိန်တိုင်း မင်းတစ်ခုမဟုတ်တစ်ခု အနိုင်ကျင့်ခံနေရတယ်”
စုန့်ယီမှာ အာ့ယွမ်ကို သင်ခန်းစာပေးလိုသော်လည်း လင်းမိန်ဟွေ့တစ်ယောက် နာကျင်၍ မျက်နှာဖြူဖျော့နေသည်ကို မြင်လိုက်ရသည့်အတွက် အာ့ယွမ်မ်ကို လွှတ်ပေးလိုက်ပြီး လေးနက်တင်းမာသည့်လေသံနှင့် ပြောလိုက်သည်။
“ငါ နဲ့ ဆေးရုံကိုလိုက်လာခဲ့၊ မိန်ဟွေ့ဆီမှာသာ ဆိုးဆိုးရွားရွား ဒဏ်ရာဖြစ်လို့ကတော့ ငါ မင်းတို့နှစ်ယောက်လုံးကို လွှတ်ထားမှာမဟုတ်ဘူးဆိုတာ မှတ်ထားလိုက်”
သို့နှင့် လူတစ်စုက လင်းမိန်ဟွေ့အား ဆေးရုံသို့ ပို့ပေးခဲ့ကြသည်။
ဆရာဝန်က လင်းမိန်ဟွေ့၏ဒဏ်ရာများကို ကုသပေးနေခဲ့ချိန်တွင် စုန့်ယီက အာ့ယွမ်နှင့် လျို့ယွမ်ကို စောင့်ကြည့်နေခဲ့သည်။
စုန့်ယီအနေဖြင့် ယနေ့ကိစ္စကို သူတို့နှင့် ရှင်းလင်း၍ မပြီးမချင်း အလျှော့ပေးမည်မဟုတ်ဟု ဆုံးဖြတ်ထားခဲ့သည်။
လျို့ယွမ်ကတော့ အကြီးအကျယ်စိတ်ဓာတ်ကျနေပေပြီ။ သူက ဤကိစ္စ၌ အမှန်တကယ်ပင် အပြစ်အကင်းဆုံးလူပင်။
“စုန့်ယီ၊ ကျွန်တော်က ကိုယ့်ဘာသာကိုယ် ရေခဲမုန့်ရောင်းပြီး ပိုက်ဆံရှာနေတာ ... အာ့ယွမ်ကသာ လင်းမိန်ဟွေ့က စီးပွားရေးကို လာခိုးတယ်လို့ စွပ်စွဲနေခဲ့တာ”
“ငါတို့က မင်းတို့ရဲ့ စီးပွားရေးကို ခိုးတာလား?”
စုန့်ယီ သူ၏မျက်ခုံးများကို ပင့်မ,လိုက်ပြီး လျို့ယွမ်ကို စူးရဲသည့်အကြည့်နှင့် ကြည့်လိုက်လေသည်။
လျို့ယွမ်လည်း ချက်ချင်းပင် ခေါင်းငုံ့သွားခဲ့ကာ မည်သည့်စကားကိုမှ ထပ်မံမပြောရဲတော့ပေ။
အာ့ယွမ်ကတော့ လျို့ယွမ်ကို စိုက်ကြည့်နေခဲ့ပြီး စိတ်ထဲ၌ ဒေါသထွက်နေလေသည်။
“မင်း ပါးစပ်ဖွင့်မယ်ဆိုရင် စကားအကောင်း မပြောတတ်တော့ဘူးလား.. ဘာလို့လူတစ်ယောက်နဲ့ တွေ့တိုင်း အမြဲတမ်း လှောင်ပြောင်ပြောဆိုနေတာလဲ.. မင်းတို့ရဲ့ ဘိုးဘွားစဉ်ဆက် အဲဒီလို အမွေမျိုးကို လက်ဆင့်ကမ်းခဲ့တာလား? ပြောလိုက်တဲ့စကားထဲမှာ ကောင်းတဲ့စကားတစ်ခွန်းမှမပါဘူး”
*
အခန်း(64)
လျို့ယွမ်နှင့် အာ့ယွမ်တို့ စကားများနေချိန်တွင် ပန်းပွင့်ရှပ်အင်္ကျီကိုဝတ်ဆင်ထားသော အသားဖြူသည့် လူငယ်လေးတစ်ဦး ဝင်လာခဲ့သည်။
သူ့လက်ထဲတွင်တော့ ပိုက်ကွန်အိတ်တစ်အိတ်ကိုကိုင်ထားပြီး အထဲတွင် အာဟာရစာဘူးများနှင့် ပန်းသီးအချို့ကိုထည့်ထားလေသည်။
သူက လျို့ယွမ်နှင့် အာ့ယွမ်ကို မြင်ပြီးနောက် အနားသို့ အမြန်ရောက်လာကာ အလျင်စလို မေးလိုက်သည်။
“မင်းတို့နှစ်ယောက်.. ဒဏ်ရာရတဲ့လူတွေက ဘယ်မှာလဲ”
“ဆရာဝန်ရဲ့အခန်းထဲမှာ၊ ဒဏ်ရာကို ကုသနေတယ်”
အာ့ယွမ်က မှုန်မှိုင်းစွာနှင့် ပြောလိုက်သည်။
စုန့်ယီက ထိုလူအား ကြည့်၍ လျို့ယွမ်နှင့် အာ့ယွမ်အား မေးလိုက်လေသည်။
“ဒါက ဘယ်သူလဲ”
လျို့ယွမ်က အမြန် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ကျွန်တော့်တို့ရဲ့ သူဌေး ချန်အန်းသယ်ပါ.. သူ မြို့ထဲမှာ ရေခဲမုန့်ထုတ်လုပ်ရေးစက်ရုံ ဖွင့်ထားတယ်.. ကျွန်တော်က သူ့အတွက် အလုပ်လုပ်ပြီး ပိုက်ဆံရှာနေတာ”
အာ့ယွမ်က ၎င်းကိုကြားပြီးနောက်တွင် ကြောင်အ,သွားခဲ့သည်။
“မင်းလည်း သူဌေးချန်အတွက် အလုပ်လုပ်တာပဲလား၊ ဒါဆို ခုနတုန်က ဘာလို့ ငါနဲ့ရန်ဖြစ်နေတာလဲ.. ငါတို့နှစ်ယောက်လုံး အချိန်ပိုင်းအလုပ်သမားတွေပဲ မဟုတ်ဘူးလား
ရေကြီးပြီး နဂါးဘုရားကျောင်းကို ဖျက်ဆီးလိုက်သလိုပဲ၊ အတူတူလုပ်ကြပြီး တစ်ယောက်ကိုတစ်ယောက်တောင် မမှတ်မိကြဘူး”
ချန်အန်းသယ်က သူ၏မျက်ခုံးများကို ပင့်မ,လိုက်မိကာ သူတို့ပြောသည့်စကားများကို နားထောင်လိုက်ပြီး မည်သည့်အရာများဖြစ်ခဲ့သည်ကို အကြမ်းဖျင်း သဘောပေါက်သွားသည်။
သူက သူ၏ပစ္စည်းများကို သယ်၍ စုန့်ယီဆီသို့ လျှောက်သွားခဲ့သည်။
ထို့နောက်ခေါင်းငုံ့ပြီး ခါးကို ကိုင်းညွတ်ကာ အလေးအနက်တောင်းပန်သည့်လေသံနှင့် ပြောလာသည်။
“ဖြစ်သွားခဲ့ရတာတွေအတွက် ကျွန်တော် တကယ်ကို စိတ်မကောင်းပါဘူး.. ဒီနှစ်ယောက်က ကျွန်တော့်ဝန်ထမ်းတွေပါ၊ ကျွန်တော်က စီးပွားရေးကို ကောင်းကောင်းလေးပဲ လုပ်ချင်ခဲ့တာ၊ သူတို့တွေ ရန်ဖြစ်ပြီး ခင်ဗျားရဲ့ဇနီးကို ထိခိုက်စေမိမယ်လို့ မထင်ထားမိဘူး”
ချန်အန်းသယ်က ငယ်ရွယ်သေးပုံရပြီး ယခုကဲ့သို့ အလေးအနက် ပြောဆိုပြုမူလာသောကြောင့် စုန့်ယီအနေဖြင့် သူကို ဒေါသမထွက်နိုင်တော့ပေ။
ဤလူငယ်လေး၏ အမူအကျင့်က ကောင်းမွန်သည်ဟုတွေးတောလိုက်မိသည်။
ချန်အန်းသယ်မှ စိတ်ရင်းနှင့် တောင်းပန်သည်ကို မြင်သောအခါ စုန့်ယီ၏ဒေါသကလည်း တစ်ဝက်လောက် လျော့နည်းသွားခဲ့သည်။
“ဒါဆိုလည်း မင်းတို့တွေ စက်ဘီးတွေနဲ့ လူကို လိုက်မတိုက်သင့်ဘူး.. တကယ်လိုး အရိုးကျိုးသွားရင် ဘယ်သူက တာဝန်ယူပေးမှာလဲ”
ချန်အန်းသယ်က ချက်ချင်းပင် တောင်းပန်လိုဟန် ပြုံးပြလာသည်။
“တောင်းပန်ပါတယ်.. ဒီဆေးရုံစရိတ်တွေအားလုံးကို ကျွန်တော် အကုန်အကျခံပါ့မယ်”
စုန့်ယီက လင်းမိန်ဟွေ့အတွက် စိတ်ပူနေခဲ့သည်။ ချန်အန်းသယ်၏တောင်းပန်မှုများက မိန်ဟွေ့၏ဒဏ်ရာကို ကုစားပေးနိုင်မည်
မဟုတ်ပေ။
“ခနနေလို့ လင်းမိန်ဟွေ့ ထွက်လာတဲ့အချိန် မင်း သူမကိုတောင်းပန်လိုက်.. သူမဘက်က မင်းကို ခွင့်မလွှတ်နိုင်ဘူးဆိုရင်တော့ ငါ မင်းကို တရားစွဲရမှာပဲ... တရားရုံးမှာပဲတွေ့မယ်”
မကြာခင်ပင် ဆရာဝန်က လင်းမိန်ဟွေ့ကို ကူညီတွဲခေါ်၍ ထွက်လာခဲ့သည်။
သူက လင်းမိန်ဟွေ့၏ လက်မောင်းတွင် ပတ်တီးတစ်ထပ်ပတ်ပေးထားခဲ့ပြီး လူများကို ကြည့်၍ ပြောလာခဲ့သည်။
“သူမရဲ့ဒဏ်ရာက ရေမထိစေရဘူး၊ လှုပ်ရှားလို့လည်း မရဘူး.. မင်းတို့ မိသားစုဝင်တွေ သူမကို ပိုပြီး ဂရုစိုက်ပေးရလိမ့်မယ်၊ မဟုတ်ရင် ဒဏ်ရာက ပျောက်သွားပေမယ့် အမာရွတ်တွေ ကျန်ခဲ့လိမ့်မယ်”
ဆရာဝန်၏ မှာကြားချက်များကို နားထောင်ပြီးနောက် စုန့်ယီက ချက်ချင်း အရှေ့သို့တိုး၍ လင်းမိန်ဟွေ့အား တွဲကူလိုက်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
“ဘယ်လိုနေသေလဲ.. နာနေသေးလား”
သူ့၏မျက်လုံးများက လင်းမိန်ဟွေ့၏ လက်မောင်းပေါ်သို့ ရောက်ရှိနေခဲ့ကာ နှလုံးသားက နာကျင်လာခဲ့ရသည်။
သူ့အနေဖြင့် သူမကို တွဲခေါ်ချင်နေခဲ့သော်လည်း သူမ၏ လက်ပေါ်မှဒဏ်ရာကို ထိတွေ့မိမည်ကိုလည်း စိုးရိမ်သည့်အတွက် ခဏတာလောက် မည်သည့်အရာကို လုပ်ရမှန်းမသိဖြစ်နေခဲ့သည်။
လင်းမိန်ဟွေ့သည် ခေါင်းခါရမ်းပြလိုက်လေ၏။ သူမက နည်းနည်းလောက် စိတ်ပျက်မိနေဆဲပင်။
သူမက တစ်ဖက်လူကို ရေခဲမုန့် ပို့ပေးမည်ဟု ကတိပေးထားသော်လည်း ယခုကဲ့သို့ ဖြစ်သွားခဲ့ရသည်။ အချိန်က အတော်လေး လင့်သွားသည့်အတွက် ရေခဲမုန့် ရောင်းချခြင်းကလည်း နောက်ကျသွားလောက်ပေပြီ။
စုန့်ယီဘက်မှ အလွန်အမင်း စိတ်ပူနေသည်ကို မြင်လျှင် လင်းမိန်ဟွေ့ ပြောလိုက်မိသည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ရဲ့ ရေခဲမုန့်…”
“အဲဒါတွေက ဘယ်လောက်အရေးကြီးနေလို့လဲ ၊ မင်းက ရေခဲမုန့်ကိုပဲ စိတ်ပူနေတုန်းပဲ.. အချိန်ချိန်မှာ မင်းရဲ့ဒဏ်ရာက အရေးကြီးဆုံးပဲဆိုတ်ာ မသိဘူးလား၊ ကိုယ်ပြောတာကို နားထောင်စမ်းပါ.. ကောင်းကောင်းလေး နေပြီး အနားယူရမယ်”
စုန့်ယီ ဆူပူလိုက်သည်။ သူ၏ ပုံမှန်တည်ငြိမ်အေးဆေးသည့် စိတ်နေစိတ်ထားက ယခုအချိန်တွင်တော့ ပျက်ပြယ်နေခဲ့ရကာ အလွန်ပင် ပူပန်နေခဲ့ရပေပြီ။
လင်းမိန်ဟွေ့သည်လည်း စုန့်ယီမှ သူ့မအတွက် ဤမျှလောက် စိတ်ပူနေသည်ကို တွေ့လိုက်ရလျှင်ဖော်ပြ၍မရနိုင်လောက်အောင် စိတ်လှုပ်ရှားသွားရသည်။ ဤအချိန်တွင် သူမက သူ့၏အစစ်အမှန်ဇနီးသည်ကဲ့သို့ ခံစားရသည်။
ချန်အန်းသယ်နှင့် လျို့ယွမ်တို့ကတော့ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့၏ ချိုသာသည့် စကားပြောဆိုမှုများကို ကြည့်နေခဲ့ကာ ကြားဝင်ပြောခဲ့ခြင်း မရှိကြပေ။
သူတို့နှစ်ဦး၏ ရှေ့၌ ရပ်နေရခြင်းကအနည်းငယ်လောက် ရှက်စရာကောင်းသကဲ့သို့သာ ခံစားရသည်။
စင်္ကြံလမ်းပေါ်တွင် လူများက သွားလိုက်လာလိုက်ရှိနေခဲ့ပြီး တိတ်ဆိတ်နေခြင်းမရှိပါချေ။
လင်းမိန်ဟွေ့ စုန့်ယီနှင့် စကားပြောဆိုနေရင်းဖြင့် ချန်အန်းသယ်ဘက်သို့ တစ်ချက်ကြည့်လိုက်မိချိန်တွင် သူမ၏အတိတ်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်သွားရပေသည်။
သူမ၏အတိတ်ဘဝ၌ ချန်အန်းသယ်နှင့် တစ်ကြိမ်ဆုံဖူးသည်။
၎င်းက ဆောင်းရာသီအတွင်းမှ နေ့တစ်နေ့ ဖြစ်ပေသည်။
ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့ကို သူ့နှင့်အတူ ဈေးဝယ်ထွက်ရန် ခေါ်လာခဲ့သည်။ ရာသီဥတုက အလွန်အေးစက်လွန်းသော်လည်း လင်းမိန်ဟွေ့တွင်တော့ ပါးလွှာသည့် အဝတ်အစားများကိုသာ ဝတ်ဆင်ခဲ့ထားသည်။
လမ်းတစ်ဝက်သို့ ရောက်လာချိန်တွင် သူမ၏ လက်များက အေးစက်လွန်းပြီး ကျဉ်လွန်းသဖြင့် သူမ သယ်လာသည့် ပစ္စည်းများက မြေပြင်ပေါ်ပြုတ်ကျသွားခဲ့လေသည်။
ယွမ်ရာချီတန်ကြေးရှိသည့် ဝိုင်ပုလင်းများက ပျက်စီးသွားခဲ့သည်။
ကျန်းကျစ်ကုန်းက သူမကို လက်သီးနှင့်ထိုးကြိတ်ခြင်း ၊ခြေထောက်နှင့် ကန်ခြင်းများပြုလုပ်ကာ မြေပေါ်မှ ညစ်ပတ်သည့်အရာများကိုလည်း လင်းမိန်ဟွေ့၏ ပါးစပ်ထဲသို့ အတင်းအကြပ် ထိုးထည့်ခဲ့ သည်။
လမ်းဘေးတွင်ရှိနေသော လူများက သူမဘက်သို့ လက်ညှိုးထိုး၍ ရယ်မောနေခဲ့ကြသည်။
ထိုအချိန်၌ ချန်အန်းသယ် တစ်ဦးတည်းကသာ ကျန်းကျစ်ကုန်းအား လူမဆန်လွန်းကြောင်း၊ သူ့၏ဇနီးကို ဤသို့ ကြမ်းတမ်းစွာ ဆက်ဆံခြင်းက ဝက်နှင့်ခွေးထက် ဆိုးရွားကြောင်းစသည်ဖြင့် ပြတ်ပြတ်သားသား စွပ်စွဲခဲ့သည်။
ဆီးနှင်းများ ကျနေသည့် ရာသီဥတုတွင် ချန်အန်းသယ်က သူမကို ဆေးရုံသို့ ပို့ပေးခဲ့ပြီး ယွမ် ၃၀ ချန်ထားပေးခဲ့သည်။
ထိုအချိန်၌ သူသည်က အနက်ရောင် သိုးမွှေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အသားအရည်ကလည်း အင်မတန် ချောမွတ်ကောင်းမွန်နေခဲ့သည်။
သူ၏ မျက်နှာသွင်ပြင်သည်လည်း ထိုခေတ်ကာလမှ လူတစ်ဦးနှင့် မတူလောက်အောင် ခန့်ညားလေသည်။
ထို့ကြောင့် လင်းမိန်ဟွေ့အနေဖြင့် ထိုအသက်ကိုကယ်တင်ခဲ့သည့် ကယ်တင်ရှင်ကို မည်သည့်အချိန်ကမျှ မမေ့ခဲ့ပါချေ။
ယခုအချိန်တွင် သူနှင့် ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
လင်းမိန်ဟွေ့အနေဖြင့် ထိုသူ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေသည်ကို မသိသည့်အတွက် စုန့်ယီဆီသို့ သိချင်စိတ်များပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
စုန့်ယီက ချက်ချင်း ရှင်းပြခဲ့သည်။
“ဒါက လျို့ယွမ်နဲ့ အာ့ယွမ်တို့ရဲ့ သူဌေးပဲ၊ သူက မင်းကို လာကြည့်ပြီးတော့ ပစ္စည်းတွေယူလာပေးတာ”
လင်းမိန်ဟွေ့လည်း သူမ၏ လက်မောင်းကို မြှောက်လိုက်ပြီး ပတ်တီးပတ်ထားသည့်နေရာကို ညင်သာစွာ ထိလိုက်သည်။
ထို့နောက် သူမ၏ခံစားချက်များကို ဖုံးကွယ်လိုက်ကာ ချန်အန်းသယ်ကို ပြောလိုက်လေသည်။
“ဒဏ်ရာက သိပ်ပြီးမစိုးရိမ်ရပါဘူး၊ အရေပြားပဲ နည်းနည်းလောက် ပွန်းသွားတာပါ.. အိမ်ပြန်ရောက်ရင် ရေမထိအောင် ဂရုစိုက်ရင်ရပြီ.. သူဌေးချန် ဒီလောက်ထိ ဒုက္ခခံစရာမလိုပါဘူး”
“ကျွန်တော် တကယ်တောင်းပန်ပါတယ်.. သူတို့နှစ်ယောက်လုံးက ဒီနေ့မှ အသစ်ရောက်တာလေ.. ကျွန်တော်လည်း သူတို့ကို အလုပ်စည်းကမ်းတွေအကြောင်းကို မပြောလိုက်မိဘူး၊ ဒါကြောင့် အခုလိုမျိုး တိုက်ခိုက်မိကြတာ”
“စီးပွားရေးလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးက အရေးကြီးဆုံးပဲ.. အခုကစပြီး ကျွန်မတို့တွေ ကိုယ့်စီးပွားရေးကို ကိုယ်လုပ်ကြတာပေါ့.. တစ်ယောက်နဲ့တစ်ယောက် ဝင်မပါကြရအောင်..
ကျွန်မ ဒီလောက်ပဲလိုချင်ပါတယ်.. ရှင်တို့လည်း ပြန်လိုက်ကြပါဦး၊ အစ်ကိုစုန့်ယီနဲ့ ကျွန်မလည်း အိမ်ကိုပြန်တော့မယ်၊ မဟုတ်ရင် ကျွန်မတို့ရဲ့ ရေခဲမုန့်တွေ အကုန်အရည်ပျော်ကုန်တော့မှာ”
ချန်အန်းသယ် အံ့အားသင့်သွားရသည်။ သူ့၏ရှေ့မှ မိန်းကလေးက ငယ်ရွယ်သော်လည်း သူမ၏စကားများက အတော်လေး တရားမျှတမှုရှိသည်။
သူ အနီးကပ် ထပ်ကြည့်မိလျှင် ထိုမိန်းကလေးမှာ ထက်မြက်၍ အရည်အချင်းရှိရုံသာမက ရုပ်ရည်လည်းလှပသည်ကိုတွေ့လိုက်ရသည်။
တစ်ဖက်မှ အရပ်ရှည်၍ ခန္ဓာကိုယ်သန်မာသည့် စုန့်ယီနှင့်လည်း အင်မတန်လိုက်ဖက်ပြီး အားကျမိလောက်စရာစုံတွဲမျိုးပင်။
“သူတို့နှစ်ယောက်သာ ခင်ဗျားတို့လို အသိတရားရှိရင် ဒီနေ့လိုကိစ္စမျိုး ဖြစ်လာမှာမဟုတ်ဘူး... ဒီအားဖြည့်အာဟာရတွေကို ယူထားလိုက်ကြပါ၊ ဆေးရုံစရိတ်တွေကိုလည်း ကျွန်တော်ရှင်းပေးပါ့မယ်
တခြားလုပ်ပေးဖို့ လိုအပ်တာရှိရင်လည်း ကျွန်တော် လိုအပ်တဲ့အတိုင်း လုပ်ပေးပါ့မယ်.. ခင်ဗျားရဲ့ ခင်ပွန်းသည်ပဲကို ကျွန်တော်တို့ကို တရားမစွဲဖို့ တားပေးလို့ ရမလား”
ချန်အန်းသယ်က စုန့်ယီ တရားရုံးသို့ သွားမည်ကို စိုးရိမ်နေဆဲပင်။
လင်းမိန်ဟွေ့လည်း စုန့်ယီဆီသို့ မေးခွန်းထုတ်လိုသည့်အကြည့်နှင့် ကြည့်လိုက်မိပြီး တစ်ဖက်လူ၏ မျက်နှာပေါ်မှ အေးစက်သည့်အမူအရာကို မြင်တွေ့ရကာ နားလည်သွားခဲ့လေသည်။
သူမ နှုတ်ခမ်းကို တွန့်ကွေးပြီး ပြုံးလိုက်သည်။
“အကိုစုန့်ယီက ကျွန်မကို သနားလို့ပြောလိုက်မိတာ နေမှာပါ၊ သူက အဲဒီလိုမျိုး စိတ်လိုက်မာန်ပါလုပ်တဲ့သူမျိုး မဟုတ်ပါဘူး .. သူဌေးချန် ရှင်တို့ပစ္စည်းတွေကို ယူပြီး မြန်မြန်ပြန်လိုက်တော့လေ၊ ဘာကိစ္စမှ ဖြစ်မှာ မဟုတ်ပါဘူး…”