← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း(65)

လင်းမိန်ဟွေ့၏စကားကို ကြားမှ ချန်အန်းသယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး စုန့်ယီနှင့် လင်းမိန်ဟွေ့အား ပြုံးပြလိုက်လေသည်။

“အစ်မလင်းက စိတ်သဘောထား ပြည့်ဝလွန်းတာပဲ၊ အစ်မတို့ဇနီးမောင်နှံရဲ့ဘဝက ပိုပြီး ပျော်ရွှင်စရာတွေကောင်းလာမှာ သေချာပါတယ်”

ဤကောင်းချီးစကားကိုကြားလိုက်ရလျှင် လင်းမိန်ဟွေ့၏မျက်နှာက ပိုမို ပူနွေးလာခဲ့သည်။ ယခုအချိန်ထိ သူတို့က အတုအယောင်ဇနီးမောင်နှံများသာ ဖြစ်နေသေးသည်ကို မည်သူမျှ မသိသေးပါချေ။

စုန့်ယီ လည်ချောင်းရှင်းလိုက်၍ လျို့ယွမ်နှင့် အာ့ယွမ်တို့ကို သတိပေးလိုသည့် အကြည့်နှင့် ကြည့်လိုက်လေသည်။

“မင်းတို့နှစ်ယောက် နောက်တစ်ကြိမ် ငါ့ရဲ့ဇနီးကို ထပ်ပြီး ဆန့်ကျင်တာကို ငါမမြင်ရစေနဲ့၊ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ နောက်တစ်ခါ ငါတကယ်ညှာတာတော့မှာမဟုတ်ဘူး”

လျို့ယွမ်နှင့် အာ့ယွမ်တို့လည်း နောက်ထပ် မည်သည့်အခါမျှ မလုပ်တော့ကြောင်းကို ကျိန်ဆိုလာခဲ့ကြသည်။

ချန်အန်းသယ်ကတော့ သူ၏ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံများစွာကို ထုတ်ယူလိုက်ကာ အာ့ယွမ်ကို ဆေးဖိုးရှင်းခိုင်းလိုက်သည်။ ပြီးနောက် လျို့ယွမ်၏လက်ထဲသို့ အသီးများ ထည့်ပေးလိုက်ပြီး ပြောလာလေ၏။

“မင်း ငါနဲ့အတူ သူတို့ကို အိမ်ပြန်လိုက်ပို့ပေးဖို့လုပ်ဦး”

*

နေရောင်ခြည်တောက်ပသည့် နေ့တွင် ချန်အန်းသယ်က လင်းမိန်ဟွေ့၏ဘေးမှ လျှောက်လာရင်းဖြင့် စကားပြောနေခဲ့သည်။

လင်းမိန်ဟွေ့ကလည်း သူ့ကို မကြာမကြာ ပြန်ကြည့်နေခဲ့ပြီး အချိန် ကြာမြင့်စွာခွဲခွာခဲ့ပြီးမှ ပြန်လည်ဆုံဆည်းရသည့်လူများကဲ့သို့ ထင်မြင်ရသည်။

အချိန်များက မမြင်ရသည့်ပုံစံဖြင့် ရှည်ကြာလာသကဲ့သို့ လင်းမိန်ဟွေ့၏ရင်ထဲ၌ ဖော်မပြနိုင်သည့်ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။

သူမအနေနဲ့ ဤကျေးဇူးရှင်ဖြစ်သူကို ကျေးဇူးတင်စကား ပြောချင်သည်။

“အစ်မလင်း၊ ကျွန်တော် ပြောပြမယ်.. ကျွန်တော့်ရဲ့အဖေက ကျွန်တော့်ကို အသုံးမကျဘူးလို့ ဆူငေါက်နေတတ်တယ်.. ကျွန်တော်က စီးပွားရေးကို သေသေချာချာအောင်မြင်အောင်လုပ်ပြီး ကျွန်တော်လည်း လုပ်နိုင်တယ်ဆိုတာကို သက်သေပြချင်တာ”

“လူတိုင်းမှာ ကြီးထွားလာဖို့အတွက် လိုအပ်တဲ့အချိန်ဆိုတာ ရှိတယ်.. ဝါးပင်လေးတွေလိုမျိုးလေ.. အချိန်တန်ရင် ရှင်က ရှင့်အဖေထင်ထားတာထက် ပိုပြီး လုပ်ကိုင်လာနိုင်မှာ သေချာတယ်”

လင်းမိန်ဟွေ့ကတော့ စိတ်သဘောထားကောင်းမွန်သည့်လူမျိုးက စီးပွားရေးကောင်းဘဲ နေလိမ့်မည်မဟုတ်ဟု ယုံကြည်သည်။

သူမ၏ ထိုကဲ့သို့ အားပေးလာသည့်စကားကို ကြားပြီးနောက်တွင် ချန်အန်းသယ်က သူမအပေါ် ကျေးဇူးတင်မိခဲ့လေ၏။

သူသည်က အမြဲတစေ တက်ကြွပြီး ပေါ့ပေါ့ပါးပါးနေတတ်သည့်လူတစ်ယောက်သာ ဖြစ်သည်။ သူက လင်းမိန်ဟွေ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် ပြောခဲ့လေ၏။

“ကျေးဇူးတင်ပါတယ်၊ ဒီလိုစကားမျိုး ကျွန်တော့်ကို ဘယ်သူကမှ မပြောဖူးဘူး.. ကြားရတာ တကယ်ကိုနွေးထွေးစေတယ်”

စုန့်ယီတစ်ယောက် ထိုနှစ်ဦးက အလွန်အမင်းရင်းရင်းနှီးနှီးပြောဆိုနေခဲ့ကြသည်ကို မြင်လျှင် အကြိမ်ကြိမ် ကြားဖြတ်ပြောချင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ကိုယ့်ကိုယ်ကိုထိန်းထားလိုက်လေသည်။

နောက်ဆုံး သူတို့၏ ဆိုင်တံခါးဝသို့ရောက်သည့်အချိန်တွင် လျို့ယွမ်က အသီးများကို ချလိုက်သော်လည်း ချန်အန်းသယ်ကတော့ ပြန်သွားဖို့ရန် အစီအစဉ်မရှိသေးပါချေ။

“အစ်မလင်း၊ ကျွန်တော် ဆိုင်ထဲကို ခဏလောက် ဝင်ကြည့်လို့ ရမလား”

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီ အနည်းငယ်လောက် မကျေမနပ်ဖြစ်နေသည်ကို သတိပြုမိနေသည်မှာ ကြာမြင့်နေပေပြီ။

သို့သော်လည်း သူမ ငြင်းဆန်တော့မည့်ဆဲဆဲတွင် ချန်အန်းသယ်က တံခါးဝ၌ ရပ်နေခဲ့ပြီးဖြစ်ကာ အပြုံးတစ်ခုဖြင့် လင်းမိန်ဟွေ့ တံခါးဖွင့်ပေးမည့်အချိန်ကို စောင့်နေခဲ့ပေပြီ။

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက သူမအား ကူညီခဲ့ဖူးသည့်အတွက် လင်းမိန်ဟွေ့သည် သူ့ကို မောင်းထုတ်ရန် မတတ်နိုင်ပါချေ။

လင်းမိန်ဟွေ့ တံခါးဖွင့်လိုက်ပြီး တစ်ဖက်လူကို ယဉ်ကျေးစွာ နေရာဖယ်ပေးလိုက်လေ၏။ ထို့နောက်တွင် စုန့်ယီဘက်သို့ လှည့်ကြည့်လိုက်သည်။

“အကိုစုန့်ယီ၊ သူတို့အတိက် ရေနည်းနည်းလောက် ထည့်ပေးလိုက်ပါဦး”

စုန့်ယီတစ်ယောက် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ ရေနှစ်ခွက်ယူလာပေးခဲ့သည်။

သူ ချန်အန်းသယ်ကို လှမ်းပေးသောအချိန်တွင် ရေများ လျှံကျသွားခဲ့ပြီး ချန်အန်းသယ် ကိုယ်ပေါ်တွင် ရေများဖြင့် စိုချွဲသွားစေသည်။

လင်းမိန်ဟွေ့တစ်ယောက် အလွန်အားနာသွားခဲ့ပြီး ဘေးဘက်တွင်ရှိနေသော သဘက်ကို အမြန်ယူ၍ သုတ်ပေးလိုက်လေသည်။

“တောင်းပန်ပါတယ်.. ပုံမှန်ဆိုရင် ဒီလိုအလုပ်တွေကို ကျွန်မပဲ လုပ်တတ်တာ၊ အစ်ကိုစုန့်ယီက ကြမ်းတမ်းပြီးလေးပင်တဲ့ အလုပ်တွေကိုပဲ လုပ်တတ်တော့ ဒီလို ပေါ့ပါးတဲ့ အလုပ်မျိုးနဲ့ နေသားမကျဖြစ်သွားတာ၊ စိတ်မရှိပါနဲ့ သူဌေးချန်”

စုန့်ယီကတော့ လင်းမိန်ဟွေ့ ထိုမျှစိတ်ပူပန်နေသည်ကို မြင်လျှင် အင်မတန်ပင်သက်သောင့်သက်သာမရှိ ဖြစ်သွားခဲ့ရသည်။

ဒီချန်အန်းသယ်က သူ့ထက်ပိုချောနေလို့လား?

သူက ဒုတိယမျိုးဆက် သူဌေးသားဖြစ်နေလို့လား။

လင်းမိန်ဟွေ့ သူ့ကို ကြည့်နေတဲ့မျက်လုံးတွေက ပြောင်းလဲနေတယ်။ သူ တကယ်ကို သည်းမခံနိုင်ဘူး။

ချန်အန်းသယ်ကတော့ သိပ်ပြီး ဂရုမစိုက်ပါချေ။ သူက ရေစိုသွားသော မင်္ကျီ၏ အပေါ်ကြယ်သီးအနည်းငယ်ကို ဖြုတ်လိုက်ကာ အဝတ်အစားအား ဆွဲလှုပ်၍ လေဝင်အောင် လုပ်လိုက်သည်။

“ရပါတယ်.. ဒီလိုဆိုရင် ပိုပြီး အေးသွားတာပေါ့”

လင်းမိန်ဟွေ့တစ်ယောက် ဤကဲ့သို့ဟာသမျိုးကိုသိပ်ပြီး မကြားခဲ့ရဖူးသည့်အတွက် မထိန်းနိုင်ဘဲ ရယ်မောမိသွားခဲ့သည်။

ဘေးနားတွင်ရှိနေသော စုန့်ယီကတော့ မျက်နှာပျက်သွားခဲ့ရကာ ကျောခိုင်းလိုက်ပြီး ခြံထဲမှ ရေခဲမုန့်များ သိမ်းဆည်းနေခဲ့သည်။

သူတို့အနေဖြင့် အရှုပ်အထွေးများဖြစ်ခဲ့ပြီး ဆေးရုံကိုလည်း သွားလိုက်လာလိုက်လုပ်ခဲ့ရတဲ့အတွက် အချိန် သုံးနာရီနီးပါးကြာမြင့်သွားခဲ့ရသည်။

ထို့ကြောင့် ရေခဲမုန့်များက အရည်မပျော်သွားသေးသော်လည်း ပျော့နေပြီဖြစ်သည့်အတွက် ရေခဲသေတ္တာထဲသို့ ဂရုတစိုက် ပြန်ထည့်လိုက်ရသည်။

“အစ်မလင်း၊ ခင်ဗျားက ဒီလောက်အသက်အရွယ်နဲ့ အခုလို လုပ်ရဲကိုင်ရဲလိမ့်မယ်လို့ မထင်ထားဘူး… ရေခဲမုန့်လုပာမဲ့ စိတ်ကူးက ခင်ဗျားရဲ့ စိတ်ကူးပဲမလား”

ချန်အန်းသယ်၏ ပွင့်ပွင့်လင်းလင်း ချီးမွမ်းမှုလာကြောင့် လင်းမိန်ဟွေ့တစ်ဦး ကောင်းကင်ဘုံသို့ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လင်းမိန်ဟွေ့အနေဖြင်် သူ၏ချီးမွမ်းမှုကြောင့် ရှက်ရွံ့သွားက် ပြုံးလိုက်ရုံသာ တတ်နိုင်လေသည်။

“အစ်ကိုစုန့်ယီက ကျွန်မကို အများကြီး ကူညီပေးတာပါ.. မဟုတ်ရင် ကျွန်မတစ်ယောက်တည်း ဒီဆိုင်ကို ထိန်းနိုင်မှာ မဟုတ်ဘူး.. သူက အလုပ်မှာ အပင်ပန်းဆုံးပဲ၊ ကျွန်မက သူ့ကို စိတ်ကူးလေးပဲ ပေးခဲ့တာ”

“တီထွင်ဖန်တီးနိုင်မှုဆိုတာက အံ့သြစရာအကောင်းဆုံးပဲလဆ၊ လူတိုင်းက အလုပ်ကြမ်းကိုတော့ လုပ်နိုင်ပေမဲ့ ဒါမျိုးကတော့ ခက်ခဲတယ်”

ချန်အန်းသယ်ကတော့ လင်းမိန်ဟွေ့အား ပါရမီရှင်တစ်ဦး တွေ့ရှိလိုက်သကဲ့သို့ပင် ဆက်လက်ပြီး ချီးမွမ်းနေခဲ့သည်။

လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီ၏မျက်လုံးများတွင် မကျေနပ်မှုအရိပ်အယောင်များကို မြင်တွေလာရသည်ဟု ခံစားမိခဲ့သည်။

သူ ခဏလောက် စဉ်းစားပြီးနောက်တွင် တစ်ဖက်လူ မည်သည့်အရာကို စိုးရိမ်နေကြောင်းကို နားလည်သွားသောကြောင့် ထရပ်၍ ပြောလိုက်လေ၏။

“သူဌေးချန်.. ကျွန်မလည်း ဒဏ်ရာရထားတာဆိုတော့ ရှင့်ကို ဒီမှာ ထမင်း စားဖို့မဖိတ်ခေါ်နိုင်လောက်တော့ဘူး၊ ရှင် စောစောပြန်နားလိုက်တော့လေ”

ဤသည်က သူ့ကို ထွက်သွားခိုင်းနေသည့် စကားဖြစ်ကြောင်းကို ချန်အန်းသယ် အဘယ်ကြောင့် မသိဘဲနေမည်နည်း။

သူ်အတွက် ယနေ့ လင်းမိန်ဟွေ့နှင့်တွေ့ရခြင်းကို သူငယ်ချင်းဟောင်းတစ်ဦးနှင့် ပြန်ဆုံရသည်နှယ်ခံစားမိနေခဲ့ကာ ပြောစရာစကားများ မကုန်နိုင်ဖြစ်နေခဲ့ရသည်။

သူ့အနေဖြင့် သူ၏ စီးပွားရေး အတွေးအခေါ်များအကြောင်းကို လင်းမိန်ဟွေ့ဆီသို့ အကုန်ပြောပြကာ သူမနှင့် စကားပြောဆို ဆွေးနွေးချင်နေခဲ့သည်။

သို့ဆိုပါက သူ့ တစ်ဦးတည်း စီးပွားရေးလမ်းစကို လိုက် ရှာနေစရာ မလိုလောက်တော့ချေ။

“အစ်မလင်း၊ ကျွန်တော် ခင်ဗျားကို အပြင်မှာ နေ့လည်စာစားဖို့ ဖိတ်ခေါ်လို့ရမလား.. ကျွန်တော် စီးပွားရေးကိစ္စတွေအကြောင်းကို ခင်ဗျားနဲ့ ဆွေးနွေးချင်သေးတယ်”

ချန်အန်းသယွ နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

စုန့်ယီက ခေါင်းမော့၍ ချွေးသုတ်ရင်း ပြောလာလေ၏။

“မရဘူး၊ အိမ်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်.. အပြင်ထွက်စားရင် အချိန်ကုန်လိမ့်မယ်..

ပြီးတော့ မိန်ဟွေ့ရဲ့ လက်မောင်းက ဒဏ်ရာရထားတာ၊ မသန့်ရှင်းတဲ့အစားအစာတွေ ရှောင်ရမယ်”

လျို့ယွမ်သည်ပင် စုန့်ယီ၏စကားထဲမှ စိတ်အခြေအနေမကောင်းဖြစ်နေသည်ကို ကြားလိုက်ရသည်။

ချန်အန်းသယ်က ဤအချိန်ထိ ပြန်သွားချင်သည့် စိတ်မရှိသေးသည့်အတွက် လျို့ယွမ် သူ့ကို တိုက်တွန်းလိုက်လေသည်။

“သူဌေး၊ ကျွန်တော်တို့လည်း ရေခဲမုန့်တွေကို ပြန်သွားသိမ်းဖို့ အချိန်ရောက်ပြီ၊ မဟုတ်ရင် အကုန်လုံးပျက်စီးကုန်ရင် အရှုံးတွေ ပိုများသွားလိမ့်မယ်”

ချန်အန်းသယ်က ရေခဲသေတ္တာဘေးသို့ လျှောက်သွားခဲ့ပြီး အတွင်းမှ ရေခဲမုန့်များအား ကြည့်လိုက်သည်။

ထိုအချိန်၌ သူ၏မျက်လုံးများက နံရံပေါ်မှ လက်လုပ်ရေခဲမုန့်ပုံစံခွက်များသို့ ရွေ့သွားခဲ့ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

“အစ်မလင်း၊ ခင်ဗျား ဒီလိုကြမ်းတမ်းတဲ့ပုံစံခွက်တွေနဲ့ ဒီလို… အရသာရှိတဲ့ ရေခဲမုန့်တွေကို လုပ်နိုင်ခဲ့တာပေါ့!”

နံရံပေါ်မှ သစ်သားနှင့် ပလတ်စတစ်တို့ဖြင့် လုပ်ထားသည့် ပုံစံခွက်များကို မြင်လျှင် လင်းမိန်ဟွေ့၏ မျက်နှာနီမြန်းသွားခဲ့လေသည်။

သူမအနေဖြင့် သူမ၏အရင်ဘဝ၌ စက်ရုံများစွာမှ ပုံစံခွက်များကို မြင်ဖူးသည်။ ၎င်းတို့သည်က စက်နှင့်လုပ်ထား၍ ပြီးပြည့်စုံပြီး လုံးဝကို အံဝင်ခွင်ကျ ဖြစ်နေပေသည်။

သူမ၏ လက်ရှိပုံစံခွက်များနှင့် မတူပါချေ။ သူမ၏ ပုံစံခွက်များမှ် အကုန်လုံးကို သစ်သားစများနှင့်လုပ်ထား၍ အသေးစိတ်များ ထည့်ရန်အတွက် ပလတ်စတစ်အချိုရည်ပုလင်းများမှ အပိုင်းအချို့ကို ဖြတ်ယူရသည်။ ထိုပုံစံခွက်များသည်က နည်းနည်းလောက် စုတ်ချာနေပုံရသည်။

“ကျွန်မတို့တွေ ပုံစံခွက် ဝယ်လို့ရတဲ့နေရာကိုရှာမတွေ့ခဲ့ဘူးလေ၊ ရေခဲမုန့်စက်ရုံအကြောင်းကိုလည်း ဘယ်သူမှ မပြောပြခဲ့ဘူး၊ ဒါကြောင့် ကျွန်မတို့တွေ လက်နဲ့ပဲ လုပ်ရတာ”

“ဒါက ကိစ္စအသေးလေးပါ၊ ကျွန်တော် ကူညီဖြေရှင်းပေးပါ့မယ်”

ချန်အန်းသယ် ကတိပေးလိုက်သည်။

*

အခန်း(66)

ချန်အန်းသယ်၏ အလွန်အမင်း စိတ်အားထက်သန်မှုက ဘေးနားတွင်ရှိနေသော လျို့ယွမ်အား အံ့အားသင့်စေသည်။

သူတို့က ဒီလုပ်ငန်းကို နောက်လည်း ဆက်လုပ်ကြဦးမှာ မဟုတ်ဘူးလား။ ဘာလို့ သူများအတွက်ကူညီပေးနေရတာလဲ?

မူလကတည်းက သူတို့အနေဖြင်် အရသာအရ လင်းမိန်ဟွေ့၏ ရေခဲမုန့်ကို ရှုံးနိမ့်ပြီးသား ဖြစ်ပေသည်။ ယခု လင်းမိန်ဟွေ့ထံသို့ ပုံစံခွက်များပါ ပေးလိုက်ပြီဆိုပါက သူတို့ ဒေဝါလီခံရတော့မည် မဟုတ်ပါလား။

“သူဌေး.. ကျွန်တော်တို့မှာ ပုံစံခွက်တွေ လုံလောက်ရုံပဲရှိတာလေ.. အစ်မလင်းကို ပေးလိုက်ရင် ဘာဆက်လုပ်မှာလဲ”

လျို့ယွမ်၏စကားထဲတွင် ရှင်းလင်းသည့် ရည်ရွယ်ချက်ရှိသည်။

သူက ချန်အန်းသယ်ကို သိပ်ပြီး စိတ်အားထက်သန်မနေရန်၊ စီးပွားရေးက ပြိုင်ဆိုင်မှု ရှိနေဆဲဖြစ်ကြောင်းကို သတိပေးခြင်း ဖြစ်ပေသည်။

စုန့်ယီလည်း ချန်အန်းသယ်တစ်ယောက် အကြောင်းပြချက်များ ရှာပြီး လင်းမိန်ဟွေ့နှင့် ထပ်တွေ့ချင်နေသည်ကို ကြားလိုက်ရလျှင် အေးစက်စွာ ငြင်းလိုက်လေသည်။

“မလိုပါဘူး သူဌေးချန်၊ ကျွန်တော်တို့က လက်ဖြစ်အလုပ်ရုံလေးပါပဲ.. ဒီပုံစံခွက်တွေက လုံလောက်နေပါပြီ၊ လက်နဲ့လုပ်တာက စက်နဲ့လုပ်ထားတဲ့အရသာနဲ့ မတူပါဘူး”

လင်းမိန်ဟွေ့သည်ကား စီးပွားရေးအားသာချက်များကိသာ စဉ်းစားနေသည့်အတွက် ဤသို့အခွင့်အရေးကောင်းအား လက်လွတ်ခံချင်စိတ် မရှိနေခဲ့ပေ။

သူမ ခဏလောက်စဉ်းစားပြီးနောက် ချန်အန်းသယ်အား ကြည့်ကာ မေးလိုက်လေ၏။

“သူဌေးချန်၊ ပုံစံခွက်တွေကို ဘယ်မှာရောင်းလဲဆိုတာ ပြောပြပေးပါလား၊ အစ်ကိုစုန့်ယီနဲ့ ကျွန်မတို့ပဲ သွားပြီးဝယ်လိုက်ပါ့မယ်.. ရှင်တို့ရဲ့ ပုံစံခွက်တွေကို ပေးစရာမလိုပါဘူး”

“ပုံစံခွက်တွေ ရောင်းတဲ့နေရာက တခြားမြို့မှာ.. လမ်းက အရမ်းဝေးလွန်းတယ်.. ပုံစံခွက်တွေအတွက်လောက်နဲ့ အဲဒီလောက်ဝေးတဲ့နေရာကို သွားမယ်ဆိုရင် ခရီးအတွက်နဲ့ တန်လောက်မှာမဟုတ်ဘူး”

ချန်အန်းသယ်က ဒဏ်ရာရနေသည့် လင်းမိန်ဟွေ့ကို ကြည့်လိုက်ပြီး စိုးရိမ်စွာဖြင့် ပြောလာလေသည်။

စုန့်ယီ ရေခဲမုန့်များကို ရွှေ့ပြီးသွားသည့်နောက်တွင် ရုတ်တရက်ပေါ်လာသည့် ချန်အန်းသယ်အပေါ် စိတ်မရှည်တော့ပေ။

သူ ချွေးသုတ်လိုက်ပြီး သဘက်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ ကြမ်းတမ်းသည့်အသံနှင့် ပြောလိုက်သည်။

“သူဌေးချန် .. ကျွန်တော်တို့ ဘာတွေပဲလုပ်ပါစေ ခင်ဗျား စိတ်ပူစရာမလိုပါဘူး.. သူဌေးချန် အခု ရေခဲမုန့်တွေကို သွားကြည့်သင့်ပြီထင်တယ်.. ရေခဲမုန့်တွေ အကုန်လုံးအရည်ပျော်သွားပြီဆိုရင် ခင်ဗျား ရှုံးနေလိမ့်မယ်”

လေထုက နည်းနည်းလောက် တင်းမာသွားခဲ့ပြီး ချန်အန်းသယ်လည်း အဆုံးတွင်တော့ စိတ်မရှည်တော့ပေ။

သူက သူ၏အိတ်ကပ်ထဲမှ နာမည်ကတ်ပြားတစ်ခု ထုတ်လိုက်ပြီး လင်းမိန်ဟွေ့ဆီသို့ ပေးလာခဲ့သည်။

“အစ်မမလင်း၊ ဒါက ကျွန်တော့်ရဲ့လိပ်စာကတ်ပြားပါ.. ဘယ်လိုပုံစံခွက်မျိုးကို သုံးရမလဲဆိုတာကို သိချင်ရင် ကျွန်တော့်ရဲ့စက်ရုံဆီကို လာခဲ့လေ

ကျွန်တော် တခြားမြို့ကိုသွားတဲ့အချိန်ကျရင် ခင်ဗျားအတွက် ပြန်ယူလာပေးပါ့မယ်”

လင်းမိန်ဟွေ့လည်း နာမည်ကတ်ပြားကိုယူပြီး တစ်ချက်ကြည့်လိုက်လေသည်။ ၎င်းကတ်ပြားပေါ်၌ ချန်အန်းသယ်ဟူသည့် စာလုံးသုံးလုံးကို ရိုက်နှိပ်ထားခဲ့သည်။

သူမ ရုတ်တရက် ၎င်းသည်က ဘုရားသခင်မှ သူမကို ကျေးဇူးဆပ်ရန် အခွင့်အရေးပေးလာခြင်း ဖြစ်မည်ဟု ခံစားမိခဲ့ပြီး နာမည်ကတ်ပြားကို မသိစိတ်အရ သူမ၏ရင်ဘတ်ပေါ် တင်လိုက်မိသည်။

“အင်း.. ကျွန်မ နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ် သူဌေးချန်”

ချန်အန်းသယ်လည်း အနောက်ဘက်ကို လှည့်၍ လျို့ ယွမ်နှင့်အတူ ထွက်သွားခဲ့လေသည်။

သူ အပြင်ထွက်သည့်လမ်းတွင် တံခါးနားမှ သေတ္တာတစ်ခုကို တိုက်မိသွားခဲ့သောပြောင့် လင်းမိန်ဟွေ့ဘက်ကို လှည့်ပြီး ရယ်ပြလိုက်သေးသည်။

လူတိုင်း ထွက်ခွာသွားပြီကို မြင်လိုက်ရမှသာ စုန့်ယီတစ်ယောက် အမူအရာကင်းမဲ့နေသော မျက်နှာသေနှင့် ပြောလိုက်မိသည်။

“ဒီတစ်ယောက်က ဘာဖြစ်နေတာလဲ.. သူက ဒီမှာပဲ ထိုင်ပြီး အိမ်ကိုတောင်မပြန်ချင်သလိုလုပ်နေတယ်.. ဒါကို သူ့ရဲ့အိမ်လို့ထင်နေလားမသိဘူး”

လင်းမိန်ဟွေ့လည်း စုန့်ယီကို ပြန်ကြည့်လိုက်မိပြီး တစ်ဖက်လူ၏မျက်နှာပေါ်မှ မကျေမနပ်ဖြစ်နေသည့်အမူအရာကို တွေ့လိုက်ရလျှင် နာမည်ကတ်ပြားကို ဂရုတစိုက် သိမ်းလိုက်ပြီး ပြောခဲ့လေသည်။

“အကိုစုန့်ယီ၊ သူက စကားနည်းနည်းများတတ်ရုံလောက်ပါပဲ.. အများကြီး ဂရုမစိုက်ပါနဲ့! သူဌေးချန်က လူကောင်းတစ်ယောက်ပါ.. နောင်ဆိုရင် ရှင် သူနဲ့ စကားပြောတဲ့အချိန် နည်းနည်းလောက် ပိုပြီးယဉ်ကျေးသင့်တယ်”

“မင်းက ကိုယ် သူ့ကို ရိုင်းတယ်လို့ပြောချင်တာလား”

“မဟုတ်ပါဘူး၊ အဲဒီလိုပြောတာ မဟုတ်ဘူး.. နောင်ပိုင်း သူနဲ့တွေ့ရင် သူ ဒီတစ်ကြိမ် ကျွန်မကို ဒဏ်ရာရအောင်လုပ်တဲ့အပေါ်ကို စိတ်ထဲကိုထည့်ထားစရာမလိုဘူးလို့ ပြောချင်တာ”

လင်းမိန်ဟွေ့သည်က ချန်အန်းသယ်၏ ကြင်နာမှုကို စွတ်နှလုံးထဲတွင် မှတ်ထားခဲ့သော်လည်း စုန့်ယီကို ပွင့်ပွင့်လင်းလင်း ပြောပြ၍မရသည့်အတွက် ဤသို့သာ အရိပ်အမြွက် ပြောပြလိုက်ရလေသည်။

သို့သော်လည်း စုန့်ယီက သူမ၏စကားကို လုံးဝကို အထင်လွဲသွားခဲ့သည်။ လင်းမိန်ဟွေ့က ချန်အန်းသယ်ကို စိတ်ဝင်စားနေပြီဟု ထင်လိုက်မိကာ သူ၏ရင်ဘတ်ထဲတွင် ပို၍လေးလံလာခဲ့သည်။

“မိန်‌ဟွေ့၊ ကိုယ်တို့တွေက လက်မှတ်ထိုးထားပေမဲ့ တကယ်တမ်းကျတော့ ဇနီးမောင်နှံမဟုတ်သေးဘူး.. နောင်ကို မင်းကြိုက်တဲ့လူကို တွေ့လာရင် ရွေးချယ်လို့ရသေးတယ်”

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီ အဘယ်ကြောင့် ထိုစကားကို ပြောလာကြောင်းကို နားမလည်ခဲ့ချေ။ တစ်ဖက်လူက စိတ်ဆိုးနေသောကြောင့် ထိုစကားများကို ပြောနေသည်ဟု တွေးလိုက်မိသည်။

လင်းမိန်ဟွေ့ ရေခဲသေတ္တာဆီသို့ လျှောက်သွားခဲ့ပြီးရေခဲသေတ္တာထဲမှ ရှုပ်ပွနေသည့် ရေခဲမုန့်များကို စီလိုက်ပြန်သည်။

ယနေ့တွင် စုန့်ယီက မည်သည့်အရာများကိုတွေးတောနေမှန်း မသိရဘဲ လုပ်သမျှ အရာအားလုံးက ဂရုတစိုက်မရှိဘဲ ဖြစ်နေခဲ့သည်။

ပုံမှန်အတိုင်းသာဆိုပါက တစ်ဖက်လူမှာ သူမထက်ပင် များစွာပိုပြီး သပ်ရပ်နေတတ်သည်ပင့။

“အကိုစုန့်ယီ၊ ရှင် စိတ်အခြေအနေမကောင်းဖြစ်နေတာကို ကျွန်မ သိပါတယ်.. ခဏလောက်နေရင် အပြင်ထွက်ပြီး ဆိုင်မှာသွားစားကြမလား”

လင်းမိန်ဟွေ့က ဤအချိန်မှသာ စိတ်ကူးပေါက်ပြီး ပြောလာခြင်းမဟုတ်ပါချေ။

အဓိကအားဖြင့် စုန့်ယီက ယနေ့တွင် အလွန်ပင်ပန်းနေသည့်အတွက် အပြင်သို့ ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုချရန် အချိန်တန်ပြီဟု ခံစားမိခဲ့ခြင်းသာ ဖြစ်သည်။

စုန့်ယီသည်လည်း လင်းမိန်ဟွေ့ ဒဏ်ရာရသည့်အပေါ်တွင် သနားနေခဲ့သောကြောင့် စဥ်းပင် မစဉ်းစားဘဲ ချက်ချင်းသဘောတူလိုက်လေသည်။

“ကောင်းပြီ၊ မင်းဘာစားချင်လဲ.. ကိုယ် ဒီမြို့ထဲမှာ စားသောက်ဆိုင်တွေ အများကြီးတွေ့ခဲ့တယ်.. ဆိုင်ပြင်ဘက်ကနေ ဖြတ်သွားတာတောင် အနံ့တွေက အတော်လေး ကောင်းတယ်”

“ငါးပေါင်းစားရင်ရော ဘယ်လိုလဲ”

လင်းမိန်ဟွေ့တစ်ယောက် ငါး၏လတ်ဆတ်မှုကို စဉ်းစားလိုက်ချိန်တွင် ပါးစပ်ထဲ၌ သွားရည်များဖြင့် ပြည့်လာခဲ့ရသည်။

စုန့်ယီလည်း ယခင်တစ်ကြိမ်က သူဒဏ်ရာရနေချိန်တွင် လင်းမိန်ဟွေ့မှ သူ့ စားသောရန်အတွက် မြစ်ထဲမှ ငါးဖမ်းပေးလာသည်ကို ပြန်တွေးမိပြီး ခေါင်းညိတ်လိုက်လေသည်။

“ကောင်းပြီ၊ ကိုယ်တို့ အပြင်ကိုသွားပြီး ငါးကြင်းကြီးတစ်ကောင် မှာစားကြမယ်၊ မင်းရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ရအောင်”

သူတို့နှစ်ယောက် ဆိုင်အား ရှင်းလင်းပြီး စားသောက်ဆိုင်သို့ ထမင်းစားရန်သွားကြခဲ့သည်။

အချိန်က နေ့လည်စာစားချိန် ကျော်လွန်နေပြီဖြစ်သည့်အတွက် စားသောက်ဆိုင်အတွင်း မည်သူမျှ မရှိတော့ပါချေ။

စုန့်ယီနှင့် လင်းမိန်ဟွေ့တို့ကို ရောက်လာသည်ကိုမြင်သော် စားသောက်ဆိုင်ပိုင်ရှင်က အနည်းငယ် ပျင်းရိသောဟန်ဖြင့်မေးလာသည်။

“မင်းတို့နှစ်ယောက် ဘာစားချင်လဲ”

လင်းမိန်ဟွေ့လည်း ထမင်းစားချိန် ကျော်လွန်နေပြီကို သိသောကြောင့် အနည်းငယ် ရှက်ရွံ့စွာဖြင့်မေးသည်။

“သူဌေး၊ ကျွန်မတို့အတွက် ငါးပေါင်းတစ်ပွဲနှင့် ထမင်းနှစ်ပန်းကန်လောက် ပြင်ဆင်ပေးနိုင်မလား”

စားသောက်ဆိုင်ပိုင်ရှင်က သူမ၏စကားကို ခေါင်းညိတ်လိုက်ပြီး ဟင်းချက်ရန် ဝင်သွားခဲ့လေ၏။

ဆယ်မိနစ်အကြာတွင်တော့ တစ်ပေါင်ပင် မပြည့်လောက်သည့် ငါးကြင်းပေါင်းတစ်ကောင် ရောက်ရှိလာခဲ့သည်။ စုန့်ယီသည်လည်း ငါးက အလွန် သေးငယ်သည်ကို မြင်လျှင် မျက်မှောင်ကြုတ်၍ မေးလိုက်မိသည်။

“သူဌေး.. ဒီထက်ကြီးတဲ့ငါး မရှိတော့ဘူးလား.. ဒီလောက်အရွယ်ငါးက အရိုးပဲ များမှာ”

သူဌေးက ကောင်တာနောက်တွင် ဆေးလိပ်သောက်ရင်း ပြောလာသည်။

“ဒီလိုအချိန်မျိုး မှာ ငါးရတာတောင် ကံကောင်းလှပြီ.. ချေး(ဂျီး)များ မနေနဲ့တော့ .. ငါးကလည်း ကျက်ပြီးပြီဆိုတော့ ပြန်လဲလို့ မရတော့ဘူး”

စုန့်ယီသည်ကား ငါးက အလွန်သေးငယ်သောကြောင့် သိသိသာသာပင် မပျော်မရွှင်ဖြစ်နေခဲ့ပေ၏။

လင်းမိန်ဟွေ့က အသာပြုံးပြီး ငါးအသားတစ်တုံးကို ယူကာ စုန့်ယီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

“ငါးက သေးပေမဲ့ အသားက လတ်ဆတ်သေးတယ်.. အစ်ကိုစုန့်ယီ၊ မြန်မြန်စားလိုက်တော့.. နောက်တစ်ခါ စောစောလာပြီး ငါးအကောင်ကြီးတာလေး စားကြတာပေါ့”

လင်းမိန်ဟွေ့က စုန့်ယီတစ်ယောက် မစားသေးဘဲ ငါးအရိုးများကို တူဖြင့် ဖြည်းညှင်းစွာ နွှင်နေသည်ကို မြင်လိုက်ရသည်။

သို့သော်လည်း လင်းမိန်ဟွေ့ မည်သည်ကိုမျှ မပြောခဲ့ပေ။

စုန့်ယီက သူမအတွက် ငါးအကောင်ကြီးကိုမကျွေးနိုင်သောကြောင့် စိတ်မကောင်းဖြစ်နေခြင်းဖြစ်ကြောင်းကို သိသောကြောင့် ခေါင်းငုံ့ကာ ထမင်းကိုသာ စားသုံးနေလိုက်သည်။

သူမ စားသုံးနေချိန်တွင် စုန့်ယီက ငါးတစ်တုံးကိုယူကာ ငါးအရိုးများ အားလုံးကိုနွှင်ပြီး ငါးအသားနုနုများကို သူမ၏ ပန်းကန်ဘေး၌ ချထားပေးလိုက်လေသည်။ ထမင်းနှင့် တွဲဖက်စားသုံးလိုက်ပါက အမှန်တကယ်ကို စားချင်စဖွယ်ပင်။

လင်းမိန်ဟွေ့၏နှလုံးသားက အကြိမ်ပေါင်းများစွာ တုန်လှုပ်သွားခဲ့ပြီး တိတ်တဆိတ်ပုန်းကွယ်နေသည့် ခံစားချက်တစ်ခုက ပျံ့နှံ့သွားခဲ့ကာ နောက်ဆုံးတွင်တော့ သူမ၏ ကိုယ်လက်အင်္ဂါများနှင့် အရိုးများအတွင်းသို့ပင် စီးဆင်းသွားခဲ့သည်။

All Chapters