← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း(69)

လင်းမိန်ဟွေ့တစ်ယောက် ခြံထဲမှ ကြက်၊ ဘဲများ၏ အသံများကို ကြားနေရသော်လည်း သူမတွင် ဒဏ်ရာရရှိထားသည့်အပြင်၊ သူတို့ကို ကူညီရန်လည်း အချိန်မရှိသည့်အတွက် အပြင်သို့ ထွက်မလာဖြစ်ခဲ့ပါချေ။

သို့သော်လည်း စုန့်ယီနှင့် ချန်အန်းသယ်တို့မှ မည်သူ့ကို နှစ်သက်သည်၊ မနှစ်သက်သည်ဟူသော စကားများဖြင့် ငြင်းခုန်နေသည်ကို လေသံခပ်တိုးတိုးနှင့် ကြားလိုက်ရသည့်အချိန်တွင်တော့ လင်းမိန်ဟွေ့လည်း မနေသာတော့ဘဲ တံခါးဝသို့ လျှောက်သွားခဲ့လေ၏။

“ရှင်တို့ နှစ်ယောက် ဘာတွေပြောပြီး စနောက်ပျော်ရွှင်နေကြတာလဲ”

လင်းမိန်ဟွေ့ ခြံထဲသို့ လှမ်းကြည့်လိုက်လျှင် အမွေးများ တစ်ဝက်မျှ နုတ်ထားပြီးခံထားရသည့် ကြက်နှင့် ဘဲနှစ်ကောင်မှာ ချန်အန်းသယ်က ၎င်းတို့၏ အဝတ်များကို ဆုတ်ဖြဲပစ်လိုက်သည်ဟု တိုင်တန်းနေသည့်နှယ် မကျေနပ်သည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

လင်းမိန်ဟွေ့လည်း အခြေအနေများကိုကြည့်က် မထိန်းနိုင်ဘဲ ရယ်မောလိုက်မိပြီး အတန်ကြာမှ ရယ်မောမှုကို ရပ်တန့်နိုင်ခဲ့လေသည်။

စုန့်ယီလည်း နောက်ဆုံးတွင်တော့ ချန်အန်းသယ်၏ ဆိုလိုရင်းကို နားလည်သွားခဲ့ပြီဖြစ်ကာ သူ အထင်လွဲနေခဲ့ကြောင်းကို သဘောပေါက်လိုက်လေသည်။

လင်းမိန်ဟွေ့က ပြုံးရယ်နေသည်ကို မြင်လျှင် သူ မတိုင်ခင်က ပြောဆိုခဲ့သည့်စကားများကို ကြားသွားပြီလားဟု တွေးတောလိုက်မိသည်။

စုန့်ယီ၏ မျက်နှာက နီရဲသွားခဲ့ပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်မိသည်။

“ကိုယ် ဒီနေ့ ရောင်းမဲ့ ရေခဲမုန့်တွေကို သွားစီစဉ်လိုက်ဦးမယ်”

ချန်အန်းသယ်လည်း လင်းမိန်ဟွေ့ကို တစ်ချက်ကြည့်ပြီး အောက်ဘက်တွင် အလုပ်ရှုပ်နေသည့် စုန့်ယီကို ကြည့်ကာ ရင်းနှီးသည့်လေသံဖြင့် လှမ်းပြောခဲ့လေ၏။

“မိန်ဟွေ့.. စုန့်ယီက မင်းကို အတော်လေးဂရုစိုက်တာကိုတွေ့ရတယ်.. မင်းတို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့သံယောဇဉ်တွေ့ ရှိနေမှာပဲ”

လင်းမိန်ဟွေ့၏ မျက်နှာက ပူနွေးလာခဲ့လေ၏။ ချန်အန်းသယ်မှ ရုတ်တရက် ဤအကြောင်းကို အဘယ်ကြောင့် ပြောဆိုလာခဲ့ကြောင်းကို သူမ နားမလည်ခဲ့ပေ။ ထို့ကြောင့် ခေါင်းငုံ့ပြီး ပြန်ဖြေခဲ့သည်။

“အဆင်ပြေပါတယ်”

စုန့်ယီက ရေခဲမုန့်များကို သေတ္တာထဲ ထည့်လိုက်ပြီး အပြင်သို့ထွက်သွားရန်လုပ်နေခဲ့ပေပြီ။

သူက ခဏတာ တွေဝေပြီးနောက် ချန်အန်းသယ်ကို လှမ်းခေါ်လိုက်သည်။

“သူဌေးချန်.. ခဏလောက်လာကူပါဦး.. သေတ္တာကို ကြိုးချည်ဖို့က တစ်ယောက်တည်းလုပ်ရတာ နည်းနည်းခက်နေလို့”

ချန်အန်းသယ်လည်း စုန့်ယီ၏အတွေးကို သဘာဝအတိုင်းပင် သိရှိနေခဲ့သည်။ သူက လင်းမိန်ဟွေ့ကို မျက်ခုံးတစ်ချက်ပင့်ပြလိုက်ပြီး စုန့်ယီကို သွားရောက်ကူညီလိုက်သည်။

စုန့်ယီက စကားသိပ်မပြောတတ်ပါချေ။ ချန်အန်းသယ်နှင့်လည်း ပြောစရာ မည်သည်အကြောင်းမျှ ရှိမနေခဲ့သောကြောင့် လေထုက တိတ်ဆိတ်နေခဲ့သည်။

သူတို့ နှစ်ယောက် သေတ္တာကို ကြိုးချည်ပြီးနောက်မှသာ စုန့်ယီက ချန်အန်းသယ်ကို ကြည့်၍ ပြောလာသည်။

“မင်း အိမ်ကိုပြန်တော့မလား၊ ဒါမှမဟုတ် ငါနဲ့အတူ ရေခဲမုန့် ရောင်းဖို့ လိုက်ခဲ့မလား”

ချန်အန်းသယ်က စုန့်ယီတစ်ယောက် သူ့ကို သူခိုးတစ်ယောက်ထံမှ ကာကွယ်သကဲ့သို့ ကာကွယ်နေသည်ကို မြင်ရပြီးနောက် ခါးသက်စွာ ပြုံး၍ ပြောလိုက်သည်။

“ငါ့ဆီမှာ တတိယရွေးချယ်စရာ ရှိသေးလို့လား”

“ရှိတယ်.. ငါ မင်းရဲ့ရေခဲမုန့်တွေကို ရောင်းပေးမယ်”

“ရေခဲမုန့် ရောင်းဖို့အတွက် မလောပါနဲ့ဦး.. ငါ မင်းကို တစ်ယောက်ယောက်နဲ့ တွေ့ဖို့ခေါ်သွားပေးမယ်...”

ချန်အန်းသယ်က စုန့်ယီကို တွန်းထိုးဆွဲခေါ်ပြီး ကုန်တိုက်ဆိုင်တစ်ဆိုင်၏ တံခါးဝသို့ ရောက်ရှိလာခဲ့၏။

ဆိုင်ထဲ၌ အမျိုးသမီးတစ်ဦးတည်း ရှိနေပြီး အတော်လေး အလုပ်ရှုပ်နေပုံရသည်။ သူမက အနီရောင်ရဲရဲ ပိုးဖျင်အင်္ကျီကို ဝတ်ဆင်ထားပြီး လှိုင်းတွန့်ဆံပင်များကို ပိုင်ဆိုင်ထားကာ တောက်ပသည့် မိတ်ကပ်များကို လိမ်းချယ်ထား၏။

လင်းမိန်ဟွေ့နှင့် လုံးဝ မတူပါချေ။

လင်းမိန်ဟွေ့က သဘာဝအတိုင်း ဖြူစင်သည့် အလှမျိုးဖြစ်သည်ဟု ဆိုရလျှင် ထိုအမျိုးသမီးတွင်တော့ ဖော်ပြမရသည့် ဆွဲဆောင်မှုတစ်မျိုး ရှိနေခဲ့သည်။

စုန့်ယီသည်ကား သူ၏ အတွေ့အကြုံနည်းကြောင်းကို ဝန်ခံရပေလိမ့်မည်။ သို့သော်လည်း ဤရက်များအတွင်း မြို့ထဲတွင် ဤဆိုင်ဝန်ထမ်းကဲ့သို့ အလွန်အကဲပြင်ဆင်ချယ်သထားသည့် အမျိုးသမီးမျိုးကို မမြင်ဖူးခဲ့ပါချေ။

ရှင်းရှင်းပြောရမည်ဆိုလျှင် သူ့အနေဖြင့် အခင်အချိန်က လူများကို မြူဆွယ်တတ်သည့် အိမ်များမှ မိန်းမပျက်နှင့် အနည်းငယ် ဆင်တူသည်ဟု ခံစားရသည်။

သို့သော်လည်း သူ၏စိတ်ထဲမှ စကားများကို ချန်အန်းသယ်ဆီကို ပြောဆိုရဲသည့် သတ္တိမရှိပါချေ။

သူ ထိုအမျိုးသမီးကို ကြည့်ပြီးနောက် ချန်အန်းသယ်မှ ပြောလာသည်ကို ကြားလိုက်ရသည်။

“ဘယ်လိုလဲ လှတယ်မလား”

စုန့်ယီက စိတ်ထဲမှ ငြင်းဆန်လိုက်သော်လည်း ပါးစပ်ကတော့ စိတ်မပါစွာနှင့် လေသံပေါ့ပေါ့နဲ့ နှစ်ကြိမ်တုံ့ပြန်လိုက်သည်။

ချန်အန်းသယ် ဂုဏ်ယူစွာနှင့် ပြောလာခဲ့သည်။

“အဲဒါ ငါကြိုက်တဲ့ အမျိုးသမီးပဲ.. သူက ငါ့ရဲ့မွေးစားအစ်မလည်းဟုတ်ယ်.. သူက ငါ့အပေါ်ကို အမြဲတမ်း အရမ်းကောင်းတယ် ပြီးတော့.. သူက ရေခဲမုန့်လုပ်ငန်းကိုလည်း ကူညီပေးနေတာ.. မင်း အခု စိတ်ချလို့ရပြီ”

စုန့်ယီအနေဖြင့် ချန်အန်းသယ်က သူ့အပေါ် ဤမျှ ရင်းနှီးစွာ ဆက်ဆံပြီး သူ နှစ်သက်သဘောကျသည့်သူကိုပင် ခေါ်ဆောင်ပြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

ဤအခြေအနေက စုန့်ယီကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။

ဤသည်က အရောင်းအဝယ် လုပ်နေသကဲ့သို့ပင်။

ချန်အန်းသယ်က လင်းမိန်ဟွေ့ကို ကြည့်ခဲ့သောကြောင့် သူကလည်း မိမိ၏ မွေးစားညီမကို ကြည့်ရမည်ဟု ဖြစ်နေသည် မဟုတ်ပါလား။

“ငါ ရေခဲမုန့်သွားရောင်းတော့မယ်၊ မင်း မင်းရဲ့မွေးစားအစ်မနဲ့ နေခဲ့တော့”

“ဟေး၊ ငါက မင်းကို အထင်လွဲမှုတွေကို ရှင်းလင်းဖို့အတွက် ဒီကိုခေါ်လာတာ.. ငါ့ကို အချိန်တိုင်း အဲဒီ သုန်မှုန်နေတါ့မျက်နှာမျိုး လုပ်မပြနဲ့တော့.. ငါရဲ့ဘဝတစ်လျှောက်လုံး ငါ့ကို အဲဒီလိုမျက်နှာလုပ်ရဲတဲ့သူ သိပ်မရှိဘူး”

စုန့်ယီကတော့ မည်သည့်အလုပ်မှ လုပ်စရာ ရှိပုံမရသည့် ဤချောမောသော လူပျိုတစ်ယောက်ကို ဂရုစိုက်ရန်ပင် ပျင်းရိနေပြီ။

သူက လှည်းကို တွန်းပြီး ထွက်သွားတော့မည့်အချိန်တွင် ချန်အန်းသယ်ကသူကို ပြန်ဆွဲထားပြန်သည်။

စုန့်ယီက သူ့ကို စိုက်ကြည့်လိုက်သည်။ သို့သော် ချန်အန်းသယ်က ဂရုမစိုက်စွာနှင့် စုန့်ယီ၏ ပခုံးပေါ်သို့ လက်ကိုတင်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလာခဲ့လေသည်။

“ပြောပါဦး၊ မင်းနဲ့ လင်းမိန်ဟွေ့ ခုထိ အတူမရှိရသေးဘူးမလား”

“ဘာလို့ မဆိုင်တာတွေ ပြောနေတာလဲ ၊ ကိုယ့်ကိစ္စကိုယ်ပဲ ဂရုစိုက်စမ်းပါ”

စုန့်ယီ စိတ်ပူသွားရသည်။ ချန်အန်းသယ်က သူ တစ်ယောက်တည်း အပြင်ဘက်တွင် အိပ်နေသည်ကို မြင်လိုက်ရသောကြောင့် ဤသို့ပြောဆိုလာခြင်းဖြစ်ပေမည်။

“ငါ့ကို မဖုံးကွယ်နေနဲ့တော့.. မင်းတို့တွေ တစ်ယောက်ကိုတစ်ယောက် ရှက်ပြီး ရှောင်ဖယ်နေတာကို မြင်တာနဲ့ ငါ ချက်ချင်းသိနိုင်တယ်..

ငါပြောမယ်၊ လင်းမိန်ဟွေ့က မိန်းမကောင်းလေးတစ်ယောက်ပဲ.. မင်း သူမကို ဆက်ပြီး အချိန်ဆွဲထားလို့ မရဘူး.. တခြားလူတစ်ယောက်က လုယူပြီး ထွက်ပြေးသွားမှာကို သတိထားဦး”

စုန့်ယီက စိတ်ထဲမှတွေးလိုက်လဆသည်။

“အန္တရာယ်အရှိဆုံးလူက မင်းပဲလေ”

“မင်းမှာ ချစ်သူရှိနေပြီဆိုရင်တော့ မိန်ဟွေ့ကို ပြန်ပေးဆွဲချင်တဲ့ တခြားလူတွေက မွေးတောင် မွေးလောက်သေးဘူး”

သို့သော်လည်း သူ့အနေဖြင့် ချန်အန်းသယ်က မည်သို့သိနေခဲ့သည်ကိုလည်း မေးမြန်းချင်ခဲ့သည်။

ချန်အန်းသယ်ကလည်း သူ၏ အတွေးများကို နားလည်သကဲ့သို့ပင်။

သူက စုန့်ယီနှင့်အတူ ရေခဲမုန့် ရောင်းနေကျနေရာသို့ လိုက်ပါလျှောက်လာရင်း ပြောလာလေသည်။

“မနက်တုန်းက မင်း ခြံထဲမှာ ပြောခဲ့တဲ့ စကားတွေက မင်းတို့ရဲ့ ဆက်ဆံရေးကို ဖော်ထုတ်လိုက်တာပဲလေ

မင်းက လင်းမိန်ဟွေ့သာ ငါ့ကို ကြိုက်ရင် မတားဘူးလို့ ပြောခဲ့တယ်...”

“ဒါက ယုံကြည်မှု ကင်းမဲ့တဲ့ လက္ခဏာပဲ.. ဘာလို့ ယုံကြည်မှု မရှိရတာလဲဆိုတော့ ဒါက မင်း တစ်ဖက်လူရဲ့ နှလုံးသားကို မရသေးဘူးလို့ ဆိုလိုတာပဲ.. ဒီတော့ ငါထင်တာက အမှန်ပဲဆိုတာ သေချာတယ်”

“မင်းက အရာအားလုံးကို သိနေတဲ့ပုံစံနဲ့ မပြောစမ်းနဲ့”

မတိုင်ခင်က ချန်အန်းသယ်မှ စုန့်ယီနှင့် လင်းမိန်ဟွေ့၏ ဆက်ဆံရေးကို မှန်ကန်စွာ မှန်းဆနိုင်ခဲ့သော်လည်း စုန့်ယီကတော့ ၎င်း၏ အဓိပ္ပါယ်မဲ့သည့် စကားများကို နားထောင်ရန်ပင် ပျင်းရိနေပြီ။

ဤရက်များအတွင်း လင်းမိန်ဟွေ့နှင့် နေ့ရောညပါ အတူနေရင်းဖြင့် လင်းမိန်ဟွေ့ကလည်း သူ့ကို နှစ်သက်သဘောကျကြောင်းကို သိခဲ့သည်။

သို့သော်လည်း အစ်ကိုတစ်ယောက်ကဲ့သို့ နှစ်သက်သည်လား၊ သို့တည်းမဟုတ် ခင်ပွန်းတစ်ဦးကဲ့သို့ နှစ်သက်သည်လားဆိုသည်ကိုတော့ သူ သေသေချာချာမသိသေးပေ။

စုန့်ယီတစ်ယောက် အတွေးထဲတွင် နစ်မြောနေသည်ကို မြင်လျှင် ချန်အန်းသယ်က သူ့ကို တွန်းတိုက်ပြီး ပြောလာပြန်သည်။

“ငါ့စကား နားထောင်.. မင်း ပြန်ရောက်တာနဲ့ မင်းရဲ့ခံစားချက်တွေကို ဝန်ခံလိုက်တော့.. တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးနေတဲ့ နေ့ရက်တွေ ဘယ်လောက်တောင်လှပလိုက်သလဲဆိုတာ မင်း မသိလောက်ဘူး၊ ငါ ဒီလောက်ပဲ ပြောမယ်.. ဆန္ဒရှိမရှိကတော့ မင်းအပေါ်မှာပဲ မူတည်တယ်”

ချန်အန်းသယ် ထွက်သွားပြီးနောက် စုန့်ယီ အချိန်အတန်ကြာအောင် စိတ်လွင့်နေခဲ့သည်။ ရေခဲမုန့်ဝယ်ယူသူများ ရောက်ရှိလာသည့်အချိန်မှသာ အလုပ်ရှုပ်ရင်း မော့လျော့သွားခဲ့လေသည်။

နေ့လယ်ဘက်တွင်လည်း စုန့်ယီ အိမ်သို့ပြန်ရောက်လာပြီး အနည်းငယ် စိတ်အာရုံထွေပြားနေခဲ့သည်။

လင်းမိန်ဟွေ့က သူ့ကို အကြိမ်ကြိမ် ခေါ်သော်လည်း မကြားခဲ့ပါချေ။ လင်းမိန်ဟွေ့လည်း သူ့ဆီသို့ လျှောက်သွားပြီး ပခုံးကို ပုတ်ကာ ပြောလိုက်မိသည်။

“အစ်ကိုစုန့်ယီ၊ ထမင်းစားဖို့ အချိန်ရောက်ပြီ”

စုန့်ယီ ထိတ်လန့်သွားသည်မှာ သိသာပေသည်။ သူက လင်းမိန်ဟွေ့၏ မျက်လုံးများ လွှဲရှောင်နေခဲ့ပြီး ထမင်းစားရန် ထလာသောအချိန်တွင်လည်း ခေါင်းငုံ့လျက်ပင် စားပွဲတွင် ဝင်၍ ထိုင်စားလိုက်သည်။

လင်းမိန်ဟွေ့ သူ့ကို အနည်းငယ် ထူးဆန်းစွာ ကြည့်နေမိသည်။ သူမအနေဖျင့် တစ်ဖက်လူက ချန်အန်းသယ်ကြောင့် ဒေါသထွက်နေဆဲဖြစ်မည်ဟု ထင်ခဲ့သည်။

သူမ ရှင်းပြရန် ပြင်ဆင်နေစဉ်ပင် စုန့်ယီက ပြောလာခဲ့သည်။

“ချန်အန်းသယ်မှာ ကြိက်တဲ့သူရှိတယ်၊ အဲဒါက သူ့ရဲ့ မွေးစားအစ်မပဲ.. ရုပ်လည်းမဆိုးဘူး ... ဒါပေမဲ့ ဝတ်စားဆင်ယင်မှုကတော့ နည်းနည်းလောက် ချဲ့ကားလွန်းတယ်”

*

အခန်း(70)

စုန့်ယီ၏စကားများကြောင့် လင်းမိန်ဟွေ့ အနည်းငယ် ဝေခွဲမရဖြစ်သွားရသည်။

“ရှင် ဘာလို့ ကျွန်မကို ဒီအကြောင်းတွေကို ပြောနေတာလဲ .. ကျွန်မ သူ့ရဲ့မွေးစားအစ်မကို မသိဘူးလေ”

စုန့်ယီတစ်ယောက် ထမင်းစားနေသော်လည်း အစားအသောက်များက အရသာမရှိဟု ခံစားရသည်။

သူ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သတ္တိကို မွေးပြီး ပြောလိုက်လေ၏။

“ချန်အန်းသယ် ဒီရက်ပိုင်း မင်းအနားကို လိုက်ကပ်နေတာက မင်းကို ကြိုက်နေလို့ဖြစ်မယ်လို့ ကိုယ် ထင်ခဲ့တာ”

“ဘာလဲ”

လင်းမိန်ဟွေ့ အသံတိတ် ရယ်မောလိုက်သည်။

သို့သော်လည်း ချန်အန်းသယ်၏ အပေါ် သူမ၏ သဘောထားကို ပြန်တွေးကြည့်လိုက်ချိန်တွင် ဤသည်က အမှန်တကယ်ပင် အထင်လွဲရန် လွယ်ကူကြောင်း သတိပြုမိသွားခဲ့ရသည်။

သူမ၏အရှေ့မှ အနည်းငယ်လောက် သဘာဝမကျသည့်အမူအရာဖြစ်နေသည့် စုန့်ယီကို ကြည့်ပြီး တစ်ဖက်လူက ဤတစ်မနက်လုံး စိတ်မသက်မသာ ဖြစ်နေခြင်းဖြစ်ကြောင်း သေချာသွားခဲ့ရသည်။

သူမ စဉ်းစားတွေးတောရင်း ဖြစ်နိုင်ချေတစ်ခုကို တွေးလိုက်မိလေသည်။

လင်းမိန်ဟွေ့ စုန့်ယီကို စိုက်ကြည့်၍ မေးလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ရှင် မနာလိုဖြစ်နေတာများလား .. မနက်စောစောကတည်းက ရှင် ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲလို့ ကျွန်မ တွေးတောနေခဲ့တာ.. ရှင် ချန်အန်းသယ်ကိုတောင် လိုက်ဖမ်းပြီး အော်ဟစ်နေသေးတယ်လေ”

စုန့်ယီတစ်ယောက် သူ့ကိုယ်သူ ခုခံကာကွယ်ခဲ့ ချင်သော်လည်း ရှင်းပြ၍မရနိုင်သည့် အားနည်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

သူသည်က အမှန်တကယ်ပင် မနာလိုဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ လင်းမိန်ဟွေ့က ချန်အန်းသယ်ကို ထိုကဲ့သို့ စိတ်အားထက်သန်စွာ ဆက်ဆံနေခဲ့သည်။

သူမက မည်သူ့ကိုမျှ ဤကဲ့သို့ စိတ်အားထက်သန်စွာ ဆက်ဆံဖူးခြင်း မရှိခဲ့ပါချေ။

စုန့်ယီတစ်ယောက် မနက်ပိုင်းက ချန်အန်းသယ် ပြောဆိုခဲ့သည်များကို သတိရသွားပြီး လင်းမိန်ဟွေ့ကို စိတ်လှုပ်ရှားစွာနှင့် မော့ကြည့်ကာ မေးလိုက်လေ၏။

“မိန်ဟွေ့၊ မင်း သူ့ကို ကောင်းကောင်းဆက်ဆံနေတာကို မြင်တော့ ကိုယ် တကယ်မပျော်နိုင်ဘူး.. အတွေးတွေလည်း ရှုပ်ထွေးနေတယ်... မိန်ဟွေ့.. မင်း ကိုယ့်ကိုအစ်ကိုတစ်ယောက်လို ဆက်ပြီး မတွေးတောဘဲ ချစ်ဖို့ ကြိုးစားကြည့်ပါလား”

စုန့်ယီ၏ စကားများက နှိမ့်ချပြီး တစ်နည်းအားဖြင့် ရဲရင့်နေခဲ့သည်။

ဤကဲ့သို့လေသံက လူများ၏ နှလုံးသားကို ဖော်ပြမရသည့် ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။

မူလက လင်းမိန်ဟွေ့အနေဖြင့် ရယ်မောစရာအဖြစ် စနောက်ပြောဆိုလိုက်ခြင်းသာဖြစ်ပေသည်။

သို့သော်လည်း စုန့်ယီက အလေးအနက်ထား၍ ပြောလာခဲ့သည်ကို မြင်လိုက်ရလျှင် သူမသည်လည်း အံ့သြထိတ်လန့်သွားခဲ့ရသည်။

သူမ ပြန်လည်မွေးဖွားပြီးနောက်တွင် လင်းမိသားစုမှ ထွက်ပြေးခဲ့ပြီး စုန့်ယီနှင့် လက်ထပ်ခဲ့သည်။

လင်းမိန်ဟွေ့အနေနဲ့ မည်သူတစ်ဦးနှင့်မျှ ထပ်မံပြီး ချစ်ကြိုက်ရန် မစဉ်းစားခဲ့ပါချေ။

အချစ်ဆိုသည်မှာ သူမအတွက်တော့ ဇိမ်ခံပစ္စည်းသက်သက်သာ ဖြစ်နေခဲ့သည်။

ယခုအချိန်တွင်လည်း သူမက ပုံမှန်ဘဝလေးကိုသာ ဖြတ်သန်းချင်နေခဲ့သည်။ ဘဝတွင် အခက်အခဲများ လျော့ပါးသွားပြီး ဆင်းရဲဒုက္ခ မရောက်တော့လျှင်ပင် ကျေနပ်နေပေပြီ။

ယခုအချိန်တွင် စုန့်ယီက သူ့ကို ချစ်ရန် ကြိုးစားကြည့်ပါဟု ဆိုလာခဲ့သည်ကိုကြားလျှင် လင်းမိန်ဟွေ့တစ်ယောက် နှလုံးသားထဲ၌ မုန်တိုင်းကြီး တစ်ခု တိုက်ခတ်နေသကဲ့သို့ပင် ခံစားခဲ့ရသည်။

သူမ၏ တွေးတောဆင်ခြင်တုံတရားများ အားလုံးက လွင့်စင်သွားပြီး မည်သည့်အရာကို လုပ်၍ မည်သည်ကို ကိုင်ရမှန်းပင် မသိတော့ပါချေ။

“အစ်ကိုစုန့်ယီ၊ ကျွန်မ အိပ်ချင်နေပြီ.. အခန်းကိုပြန်ပြီး နားလိုက်တော့မယ်”

လင်းမိန်ဟွေ့ အကြောင်းပြချက်တစ်ခု ပေးပြီး စားပွဲမှ ထွက်သွားခဲ့သည်။

လက်ရှိတွင် သူမ၏ နှလုံးသားက ခုန်ပေါက်နေသည်ကို ခံစားရသည်။ အပြင်ဘက်သို့ပင် ပေါက်ထွက်လာတော့မလိုပင်။

သူမ အခန်းထဲသို့ ရောက်သည်နှင့် အနောက်ဘက်မှ တံခါးဖွင့်သံကို ကြားလိုက်ရလေသည်။

လင်းမိန်ဟွေ့၏ နောက်ကျောက တောင့်တင်းသွားပြီး တုန်ရင်သွားခဲ့လေသည်။

စုန့်ယီ၏ ခြေသံများက တဖြည်းဖြည်း ပို၍ နီးကပ်လာသည်ကို နားထောင်ရင်း သူက တုန်ရီစွာဖြင့် အိပ်ရာပြင်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများကတော့ ပုံမှန်ကဲ့သို့ ရှင်းလင်းနေခြင်းမရှိတော့ပေ။

ခေါင်းအုံးကိုပင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျမလို ဖြစ်သွားရသည်။

“မိန်ဟွေ့၊ ကိုယ် မင်းကို တစ်သက်လုံး ဂရုစိုက်ချင်တယ်...”

စုန့်ယီက လင်းမိန်ဟွေ့ မလှုပ်ဘဲ ရပ်နေသည်ကို မြင်လိုက်ရလျှင် သူမဘက်မှ သဘောတူလိုက်ပြီဟု အထင်မှားသွားခဲ့လေ၏။

သူက လင်းမိန်ဟွေ့ကို နောက်ဘက်မှ စိတ်လှုပ်ရှားစွာ ဖက်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ညင်သာစွာ လှည့်လိုက်ကာ မျက်နှာချင်းဆိုင် ဖြစ်သွားစေခဲ့သည်။

စုန့်ယီက ခေါင်းငုံ့၍ ထပ်မံ ပြောလိုက်သည်။

“မိန်ဟွေ့၊ ကိုယ့်ကို ချစ်ဖို့ ကြိုးစားကြည့်ပါလား.. ကိုယ် မင်းကို စိတ်ပျက်အောင် မလုပ်ပါဘူး...”

လင်းမိန်ဟွေ့က စုန့်ယီ၏ အင်္ကျီကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

သူမ၏ လည်ပင်းက တစ်ခုခုဖြင့် ပိတ်ဆို့နေသကဲ့သို့ဖြစ်နေခဲ့ကာ စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပါချေ။

သူမ စုန့်ယီ၏ မျက်လုံးများကို မကြည့်ရဲဘဲ ခေါင်းငုံ့၍ ပြောလိုကက်မိသည်။

“အစ်ကိုစုန့်ယီ... ကျွန်မ.. ကျွန်မ...”

စုန့်ယီတစ်ယောက် နှလုံးသားထဲတွင် ပူနွေးလာပြီး သွေးများလည်း ဦးနှောက်ထဲသို့ စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။

ရှက်ရွံ့ပြီး တိတ်ဆိတ်နေသည့် လင်းမိန်ဟွေ့ကို မြင်လျှင် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့ကာ သူမကို ရင်ခွင်ထဲသို့ တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီး ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းများကို နမ်းလိုက်လေသည်။

လင်းမိန်ဟွေ့က စိတ်ထဲတွင့ အော်ဟစ်လိုက်မိိသည်။

“အစ်ကိုစုန့်ယီ.. ဒီလိုမျိုး မလုပ်ပါနဲ့”

သို့သော်လည်း သူမ အော်ဟစ်၍ မရနိုုင်ခဲ့ချေ။ စုန့်ယီ၏ နွေးထွေးသည့် အသက်ရှူငွေ့များက သူမ၏မျက်နှာပေါ်သို့ ကျရောက်နေခဲ့ပြီး သူ၏ နှုတ်ခမ်းများက လင်းမိန်ဟွေ့၏ နှုတ်ခမ်းများကို ထိမိလိုက်သည့်အချိန်တွင် လင်းမိန်ဟွေ့တစ်ယောက် ရုတ်တရက် သတ္တိရှိလာသကဲ့သို့ ခံစားရပြီး စုန့်ယီကို တွန်းထုတ်လိုက်မိသည်။

သူမ၏ မျက်လုံးများက နီရဲနေခဲ့လေသည်။

“အစ်ကိုစုန့်ယီ.. ဒီလိုမလုပ်ပါနဲ့”

လင်းမိန်ဟွေ့၏ စိတ်ထဲတွင် ကျန်းကျစ်ကုန်း အရက်မူးပြီး သူမ၏ အဝတ်အစားများကို ဆုတ်ဖြဲနေသည့် ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။

၎င်း၏ အရက်နံ့များ နံစော်နေသည့် ပါးစပ်က သူမဆီသို့ ရောက်လာသည့်အခိုက်တိင် လင်းမိန်ဟွေ့တစ်ယောက် ပျို့အန်ချင်စိတ်ကို မဖုံးကွယ်နိုင်တော့ချေ။

လင်းမိန်ဟွေ့ ကျန်းကျစ်ကုန်းကို မုန်းတီးရွံ့ရှာခဲ့သည်။ ထိုသူ၏ ကြမ်းတမ်းမှုနှင့် ရက်စက်မှုများက သူမ၏ ချစ်ခြင်းမေတ္တာကို လိုချင်တောင့်တမှုနှင့် စိတ်ဆန္ဒများကို လုံးလုံးလျားလျား နင်းချေ ဆုတ်ဖြဲပစ်ခဲ့သည်။

ဤကဲ့သို့ မှောင်မိုက်သည့် အလွှာများက သူမ၏ နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း ဝှက်ထားခြင်းကို ခံထားခဲ့ရသည်။

စုန့်ယီ သူမအနီးသို့ ချဉ်းကပ်လိုက်သည့် အချိန်၌ပင် ထို နက်ရှိုင်းစွာဖုံးကွယ်ခံထားရသော ခံစားချက်များက ခုန်ထွက်လာခဲ့သည်။

လင်းမိန်ဟွေ့ အလွန်ပင် တုန်လှုပ်သွားခဲ့လေသည်။ သူမအနေဖြင့် စုန့်ယီသည်က ကျန်းကျစ်ကုန်း မဟုတ်ကြောင်းကို သိသည်။

သူ့ကို ကျန်းကျစ်ကုန်းကဲ့သို့ သဘောထားမျိုးနှင့် ဆက်ဆံ၍ မရပါချေ။

သူမ၏ ပြတ်သားသည့် အော်ဟစ်သံကြောင့် စုန့်ယီလည်း ချက်ချင်းပင် သတိဝင်လာခဲ့ပြီး လင်းမိန်ဟွေ့ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

သူမက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူမ၏ မျက်ဝန်းများမှ ကြောက်ရွံ့မှုနှင့် ကာကွယ်မှုက ပို၍ များနေခဲ့သည်။

စုန့်ယီတစ်ယောက် ရုတ်တရက် တစ်ခုခု မှားယွင်းသွားရသည့် ကလေးတစ်ဦးသကဲ့သို့ ဖြစ်သွားပြီး စကားလုံးများကို ရှာမရတော့ပါချေ။

“မိန်ဟွေ့.. ကိုယ် တောင်းပန်ပါတယ်၊ ကိုယ် မင်းကို အတင်းအကျပ် မလုပ်ပါဘူး.. ကိုယ် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့မိဘူး.. ကျေးဇူးပြုပြီး ကိုယ့်ကို ခွင့်လွှတ်ပါ”

လင်းမိန်ဟွေ့အနေဖြင့် မတိုင်ခင်က သူမ၏ အမူအရာများကြောင့် စုန့်ယီ ကြောက်လန့်သွားမည်ကို သိပေသည်။ သူမအနေဖြင့် ရှင်းပြချင်သော်လည်း မည်သည့်နေရာက စရမှန်းကို မသိခဲ့တော့ချေ။

စကားလုံးများက ထွက်မလာခင် မျက်ရည်များကသာ အရင်ဆုံး စီးကျလာခဲ့သည်။

စုန့်ယီ၏ မျက်နှာက ဖြူဖျော့သွားသည်ကို မြင်လိုက်ရသောကြောင့် လင်းမိန်ဟွေ့ ညင်သာစွာ ရှင်းပြလိုက်လေသည်။

“အစ်ကိုစုန့်ယီ.. ကျွန်မ .. ခုနက ရှင့်ကို ဒီလိုမျိုး လုပ်ချင်ခဲ့တာ မဟုတ်ပါဘူး.. ကျွန်မ ပြင်ဆင်မထားခဲ့ မိလို့ပါ...”

“မင်းရဲ့နှလုံးသားထဲမှာ ကိုယ့်အတိက် နေရာ လုံးဝမရှိဘူးလား”

“မဟုတ်ဘူး.. အစ်ကိုစုန့်ယီ၊ ကျွန်မ ရှင့်ကို အမြဲတမ်းအစ်ကိုတစ်ယောက်လိုပဲ သဘောထားခဲ့တာ.. ကျွန်မတို့က အိမ်တစ်အိမ်တည်းမှာ နေတာလေ၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နောက်ထပ်အခြေအနေမျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်လာကြလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးဖူးဘူး”

“တစ်နည်းအားဖြင့် ပြောရရင် မင်းက ကိုယ်နဲ့ တကယ့် စုံတွဲဖြစ်ချင်တာ မဟုတ်ဘူးပေါ့”

စုန့်ယီ အနည်းငယ် စိတ်ပျက်သွားခဲ့ပြီး သူ့၏ အသံကလည်း နှိမ့်ကျသွားခဲ့ လေသည်။

စုန့်ယီ၏ အမူအရာကို မြင်လျှင် လင်းမိန်ဟွေ့သည်လည်း အလွန်နောင်တရပြီး ဝမ်းနည်းသွားခဲ့လေသည်။

လင်းမိန်ဟွေ့က စုန့်ယီ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မ ဒီအကြောင်းတွေကို မစဉ်းစားဖူးသေးတာပါ.. ဖြစ်နိုင်တာက... ကျွန်မရဲ့ ရင်ထဲမှာ ရှင့်ကို အစ်ကိုတစ်ယောက်လိုမျိုး သဘောထားနေခဲ့တာ ဖြစ်မယ်”

စုန့်ယီသည်ကား မည်သည့်စကားကိုမှ ထပ်မံ ပြောဆိုချင်စိတ်မရှိတော့ချေ။

သို့သော်လည်း မတိုင်ခင်က စားသောက်ဆိုင်တွင် ထမင်းသွားစားစဉ်က လင်းမိန်ဟွေ့မှ သူတို့နှစ်ယောက် တစ်သက်တာလုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြလိမ့်မည်ဟု ပြောဆိုခဲ့သည်ကို သတိရသွားသည်။

သူ့အနေဖြင့်သူမ၏ ဆိုလိုရင်းကို မှားယွင်းစွာ နားလည်ခဲ့သည်များလား ။

“မိန်ဟွေ့.. မင်း ကိုယ့်ကို အမှန်အတိုင်း ပြောလို့ရတယ်.. မင်းရဲ့ ရင်ထဲမှာ တခြားလူတစ်ယောက် ရှိနေတာလား”

စုန့်ယီတစ်ယောက် ဤရက်များအတွင်း ဖြစ်ပျက်ခဲ့သည့် အရာများကိုအားလုံးကို ပြန်စဉ်းစားလိုက်သည်။

လင်းမိန်ဟွေ့က မင်္ဂလာပွဲမှ ထွက်ပြေးပြီး ရုတ်တရက် သူ့၏ အိမ်သို့ ရောက်ရှိလာခြင်းသာဖြစ်ပြီး ဤကိစ္စများမှာ မမျှော်လင့်ထားဘဲ ဖြစ်ခဲ့သည်များသာ ဖြစ်ပေ၏။

လင်းမိန်ဟွေ့တွင် နှစ်သက်သဘောကျသည့်လူတစ်ယောက် ရှိနေပြီး ကျန်းကျစ်ကုန်းကို လက်မထပ်ချင်သောကြောင့်သာ သူ့ကို လက်ထပ်ရန် စဉ်းစားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

လင်းမိန်ဟွေ့ တစ်ဖက်လူ၏စကားကို ကြားရလျှင် ပို၍ပင် စိတ်ပူလာခဲ့သည်။ သူမက ခေါင်းကို အားကုန်ခါပြီး ပြောလိုက်လေ၏။

“အစ်ကိုစုန့်ယီ၊ ကျေးဇူးပြုပြီး အဲဒီလို မခန့်မှန်းပါနဲ့တော့.. ကျွန်မ ဘယ်သူ့ကိုမှ မကြိုက်ပါဘူး.. ကျွန်မက စီးပွားရေးကို ကောင်းကောင်းလုပ်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်ချင်ရုံပါပဲ...”

စုန့်ယီ ခဏလောက်အံ့သြသွားပြီး အသံကျယ်ကျယ်နှင့် ပြောလိုက်လေသည်။

“ကိုယ် နားလည်ပြီ”

သူတို့ စကားပြောဆိုပြီးနောက်တွင် စုန့်ယီက အခန်းထဲမှ ထွက်သွားပြီး စိတ်ပြေလက်ပျောက်အဖြစ် အပြင်ထွက်ချင်ခဲ့သည်။

သို့သော်လည်း သူ မထွက်ခွာမီတွင် မိန်ဟွေ့ စိတ်ပူမည်ကို စိုးရိမ်ဆဲပင်။ ထို့ကြောင့် မထွက်ခွာသေးခင် မိန်ဟွေ့ကို နှုတ်ဆက်ခဲ့လေသည်။

All Chapters