← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း(73)

ချန်အန်းသယ်က လင်းမိန်ဟွေ့၏ စီစဥ်မှုများကိုနားထောင်ပြီးနောက် ချက်ချင်းပင် သဘောတူလိုက်လေ၏။

“လင်းမိန်ဟွေ့၊ ငါ မင်းပြောတဲ့အတိုင်း အကုန်လုပ်ပေးမယ်...”

“ဒါဆို ကျွန်မတို့တွေ အစ်ကိုစုန့်ယီဆီကို အတူသွားပြီး စုသူနဲ့ ဆွေးနွေးကြတာပေါ့.. သူ သဘောတူတယ်ဆိုရင် ဒီနေ့ကစပြီး စီးပွားရေး အတူလုပ်ကြမယ်”

လင်းမိန်ဟွေ့အနေဖြင့် ဤသို့ ဆုံးဖြတ်လုပ်ဆောင်ခြင်းသည်က ချန်အန်းသယ်၏ အကူအညီများကို ပြန်လည် ပေးဆပ်ချင်သက်သက်မဟုတ်ပါချေ။

အဓိကအားဖြင့် ချန်အန်းသယ်၏ စိတ်နေစိတ်ထားက အမှန်တကယ် ကောင်းမွန်ကြောင်းကို သူမ သိထား၍သာဖြစ်ပေသည်။

သာမန်လူများ၏ အတွေးအခေါ်အရဆိုလျှင် လက်အောက်ခံဝန်ထမ်းတစ်ယောက်က လူတစ်ယောက်ကို ဒဏ်ရာရစေမည်ဆိုပါက သူတို့ ပထမဆုံး လုပ်ကိုင်မည့်အရာမှာ တာဝန်မှရှောင်လွှဲခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် ထိုသူသည် တာဝန်မရှောင်ခဲ့ရုံသာမကဘဲ အာဟာရဖြည့်စွက်စာများနှင့်ပင် လာရောက်ခဲ့သည်။

သူက ကိစ္စကြီးများကို သေးငယ်အောင် ပြုလုပ်၍ ကိစ္စသေးများကို ပယ်ပျောက်သွားစေရန် မည်သို့ လုပ်ကိုင်ရမည်ကို သိနေခဲ့သည်။

ဤသို့သော လူမျိုးများက စီးပွားရေးလုပ်ငန်း၌လည်း ထူးချွန်ကြသည်။

သူတို့နှစ်ယောက် စုန့်ယီဆီသို့ ပြန်သွားခဲ့ကြသည်။ လင်းမိန်ဟွေ့က စုန့်ယီထံတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို အကျဉ်းချုပ် ပြောပြလိုက်လေသည်။ စုန့်ယီက ခဏတာလောင် ကြောင်သွားပြီးနောက် အပြုံးတစ်ခုနဲ့ပြောလာခဲ့သည်။

“ကိုယ်တို့အိမ်က ကိစ္စတွေအားလုံးအတွက် မိန်ဟွေ့ရဲ့ စကားကို နားထောင်တာပဲ.. မင်းပြောတဲ့ ဘယ်အရာကိုမဆို လုပ်လို့ရတယ်”

ချန်အန်းသယ်တစ်ယောက် သူ၏ စကားများကြောင့် အနည်းငယ်လောက်ကြည့်မရဖြစ်သွားကာ အထင်သေးစွာဖြင့် နှာမှုတ်လိုက်လေ၏။

စုန့်ယီက သူ့အား စိုက်ကြည့်လာချိန်တွင်တော့ ချန်အန်းသယ်က စုန့်ယီကို ပြုံးပြလိုက်သည်။

*

ထို့နောက်တွင်တော့ ချန်အန်းသယ်က သူ့၏စီးပွားရေးလုပ်ငန်းက အဆင်မပြေသည်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလာခဲ့ပြီး စုန့်ယီနှင့် ပူးပေါင်းလိုသည်ဟု ပြောခဲ့သည်။

ဤသည်မှာ အခွင့်အရေးယူရန် သက်သက်ဟု ထင်ရသော်လည်း လင်းမိန်ဟွေ့က သူတို့ကို နားလည်စေရန် ရှင်းပြခဲ့သည်။

“တစ်ယောက်တည်း နည်းလမ်းရှာနေမယ့်အစား ကျွန်မတို့တွေ အတူပူးပေါင်းပြီးလုပ်မယ်ဆိုရင်ဖြေရှင်းချက်တွေကိုလည်း အတူရှာနိုင်ပြီး အဆင်ပြေလာလိမ့်မယ်”

“အဖွဲ့အစည်းရဲ့ စွမ်းအားဆိုတာက ဘာလဲ”

“ကျွန်မတို့တွေပူးပေါင်းပြီး လုပ်ငန်းကို တိုးချဲ့ဖို့အတွက် နည်းလမ်းရှာကြမယ်၊ ပြီးရင် မြို့ထဲမှာ ရေခဲမုန့်စက်ရုံကြီးကို ဖွင့်ကြစို့၊ ဒါဆို ဘယ်သူကမှ ကျွန်မတို့နဲ့ ယှဉ်ပြိုင်နိုင်မှာမဟုတ်တော့ဘူး”

လင်းမိန်ဟွေ့က သူမ၏ အတွေးများကို ထုတ်ပြောလိုက်ချိန်တွင် စုန့်ယီနှင့် ချန်အန်းသယ်တို့ နှစ်ယောက်လုံး သဘောတူခဲ့ကြသည်။

“ချန်အန်းသယ် ရှင်က မြို့ထဲမှာ အဆက်အသွယ်တွေ အများကြီးရှိတာဆိုတော့ ကျွန်မတို့ရဲ့ ရေခဲမုန့်ကို စက်ရုံကြီးတွေမှာ ရောင်းနိုင်မလားဆိုတာ သွားကြည့်လိုက်မလား?

စက်ရုံတစ်ခုက ကျွန်မတို့ရဲ့ရေခဲမုန့်ကို မှာယူဖို့ သဘောတူပြီး သူတို့ရဲ့ အလုပ်သမားတွေကို ရေခဲမုန့်ကျွေးမယ်ဆိုရင် ကျွန်မတို့ရဲ့ရေခဲမုန့်ရောင်းအားက အခြေခံအားဖြင့် အာမခံနိုင်ပြီလို့ ပြောနိုင်တယ်”

လင်းမိန်ဟွေ့၏ ကနဦး အစီအစဉ်မှာ နေ့စဉ်ရောင်းအားကို သေချာစေရန်ဖြစ်ကာ ရေခဲမုန့်ရောင်းလိုအားကို ကြိုးကြိုးစားစား မြှင့်တင်ရန်သာ ဖြစ်သည်။

“ကောင်းပြီ၊ ပြဿနာမရှိဘူး၊ ငါ အခုပဲ သွားလိုက်မယ်.. စက်ရုံက အဝယ်ဌာနနဲ့ အဆက်အသွယ်ရတာနဲ့ လုပ်ငန်းက အောင်မြင်လုနီးပါးဖြစ်လာလိမ့်မယ်”

“ဒါဆို ရှင် အစ်ကိုစုန့်ယီနဲ့ အတူသွားပြီး ရေခဲမုန့်တွေကိုပါယူသွားလိုက်လေ.. သူတို့ကို အရင်ဆုံး အလကား မြည်းစမ်းခိုင်းလိုက်.. အရသာရှိတယ်လို့ထင်ရင် မှာယူလိမ့်မယ်”

လင်းမိန်ဟွေ့က သူမ ပြောသည့်အတိုင်းပင် လုပ်ဆောင်ခဲ့သည်။

သူမက ရေခဲမုန့်ပုံးများမှ ရေခဲမုန့်ချောင်း ၅၀ ကို ထုတ်ယူပြီး သယ်ရလွယ်ကူသော သေတ္တာငယ်လေးထဲသို့ ထည့်လိုက်သည်။

ချန်အန်းသယ်နှင့် စုန့်ယီတို့လည်း သေတ္တာများကို သယ်ဆောင်၍ ထွက်ခွာသွားခဲ့ကြလေသည်။

လျို့ယွမ်နှင့် အားယွမ်တို့လည်း စုန့်ယီက သူတို့၏သူဌေးကို ခေါ်သွားသည်ကို မြင်သော် မကျေမနပ်မျက်နှာများဖြင့် အသံကျယ်ကျယ်နှင့် မေးလိုက်သည်။

“သူဌေး၊ ကျွန်တော်တို့ရော ဘာလုပ်ရမလဲ”

လင်းမိန်ဟွေ့က သူတို့၏ အနီးသို့လျှောက်လာပြီး ပြောလိုက်လေ၏။

“ရှင်တို့နှစ်ယောက်က အရင်ဆုံး ဒီရက်တွေမှာ ထုတ်လုပ်ထားတဲ့ ရေခဲမုန့်တွေ အကုန်ရောင်းလိုက်၊ ပြီးရင် အဲဒါတွေကို ထပ်မလုပ်တော့ဘူးဆိုတော့ ကျွန်မတို့ရဲ့နောက်ကို လိုက်ခဲ့”

လျို့ယွမ်နှင့် အားယွမ်တို့လည်း ပျော်ရွှင်သွားပြီး ကျန်ရှိနေသော ရေခဲမုန့်များကို ရောင်းချရန် ပျော်ပျော်ရွှင်ရွှင်ဖြင့် ထွက်ခွာသွားကြသည်။

ချန်အန်းသယ်နှင့် စုန့်ယီတို့ စက်ရုံတစ်ခု၏ တံခါးဝသို့ ရောက်ရှိလာလျှင် စက်ရုံကတံခါး ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ ချန်အန်းသယ်က ဘေးဘက်ကိုလှည့်ပတ်ကြည့်ကာ တံခါးစောင့်ရှိရာသို့ သွားခဲ့သည်။

ထို့နောက့ သူကြိုတင်ဝယ်ယူထားသော စီးကရက်များကို ထုတ်ပြီး တစ်လိပ် ထုတ်ပေးလိုက်လေသည်။

“ဦးလေး၊ ကျွန်တော်တို့တွေ ဒီစက်ရုံရဲ့ ဝယ်ယူရေးဌာန အကြီးအကဲက ဘယ်သူလဲဆိုတာ သိချင်လို့ပါ”

“ဝယ်ယူရေးဌာနရဲ့ အကြီးအကဲ၊ မင်းတို့ မေးတာကို ငါမသိဘူး၊ ငါက တံခါးစောင့်ဖို့ပဲ တာဝန်ရှိတာ”

ထိုဦးလေးက ချန်အန်းသယ်၏လက်ထဲရှိ စီးကရက်ကို တစ်ချက်ကြည့်၍ လျစ်လျူရှုလိုက်လေသည်။

စုန့်ယီလည်း စားပွဲပေါ်၌ ပြာခံ မရှိသည်ကို မြင်လျှင် ထိုဦးလေးက ဆေးလိပ်မသောက်တတ်ခြင်းဖြစ်မည်ဟု တွေးလိုက်ပြီး သေတ္တာအတွင်းမှ ရေခဲမုန့်ချောင်းတစ်ချောင်းကို ထုတ်ပြီး ပေးလိုက်သည်။

“ဦးလေး၊ ဒီနေ့က တကယ်ကိုပူပြင်းတဲ့နေ့ပဲ.. ဒီရေခဲမုန့်လေး စားပြီး အပူလျှော့လိုက်ပါလား”

ရေခဲမုန့်ဟူသော စကားကို ကြားလျှင် ထိုဦးလေးက လှည့်ကြည့်လာခဲ့သည်။

သူက စုန့်ယီ၏ လက်ထဲရှိ ရေခဲမုန့်ကို ယူလိုက်ပြီး ထုပ်ပိုးထားသည်ကို ဖွင့်ကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

“အင်း၊ ဝယ်ယူရေးဌာနအကြီးအကဲက ဝမ်လို့ခေါ်တယ်၊ သူ့နာမည်က ဝမ်ကျစ်ကုန်း.. သူ မကြာခင် အလုပ်ဆင်းတော့မယ်.. မင်းတို့ ဒီမှာပဲ စောင့်နေကြ...”

“ဒါဆို ကျွန်တော်တို့ သူ့ကို ဘယ်လို သိရှိနိုင်မလဲ”

“သူ ဒီနေ့ မီးခိုးရောင်ရှပ်အင်္ကျီဝတ်ထားပြီး ဆံပင်ကို နောက်လှန်ဖြီးထားတယ်.. မှတ်မိရလွယ်ပါတယ်.. သူက သောက်ရတာကို ကြိုက်တယ်...”

ဤအဘိုးကြီးသည်က စက်ရုံအတွင်းမှ လူများကို အလွန် ရင်းနှီးသည်။

ချန်အန်းသယ်နှင့် စုန့်ယီတို့လည်း မျက်လုံးချင်းဆုံလိုက်ပြီး ယနေ့ လူမှန်ကို မေးမိပြီဟု တွေးလိုက်လေကြသည်။

နေ့လည် ၁၂ နာရီခွဲခန့်၌ စက်ရုံအတွင်းမှ အလုပ်သမားများလည်း တစ်ယောက်ပြီးတစ်ယောက် အလုပ်ဆင်းလာကြသည်။

ချန်အန်းသယ်နှင့် စုန့်ယီတို့လည်း မီးခိုးရောင်ရှပ်အင်္ကျီ ဝတ်ထားပြီး ဆံပင်ကို နောက်သို့လှန်ဖြီးထားသော လူကို ဂရုတစိုက် ရှာဖွေခဲ့ကြသည်။

မကြာမီပင် ဤပုံစံရှိသော လူတစ်ယောက် တံခါးမှ ထွက်လာခဲ့သည်။ သူာ သီချင်းတီးတိုးဆိုကာ စက်ဘီးစီးလျက် အိမ်သို့ ပြန်ရန် ပြင်ဆင်ခဲ့နေသည်။

ချန်အန်းသယ်လည်း အလောတကြီး ပြေးထွက်သွားပြီး စက်ဘီးလက်ကိုင်ကို ဆုတ်ကိုင်လိုက်သည်။

“ဌာနမှူးဝမ်၊ အလုပ်ဆင်းပြီလား”

ဝမ်ကျစ်ကုန်းတစ်ယောက် ချန်အန်းသယ်ကို မကျေမနပ်မျက်နှာဖြင့် ကြည့်၍ ပြောလိုက်လေ၏။

“မင်းက ဘာလို့ ရုတ်တရက်ကြီး ထွက်လာတာလဲ.. နှလုံးရောဂါရှိတဲ့သူတွေဆို မင်းကြောင့် လန့်ပြီးသေသွားနိုင်တယ်၊ ဖယ်စမ်းပါ.. ငါ အိမ်ပြန်ပြီးထမင်းစားဖို့ အလျင်လိုနေတာ”

ချန်အန်းသယ်က တောင်းပန်သော အပြုံးဖြင့် ပြောလိုက်လေ၏။

“မသွားပါနဲ့ဦး ဌာနမှူးဝမ် .. ကျွန်တော်တို့ ခင်ဗျားကို တောင်းဆိုစရာလေးတစ်ခုရှိနေလို့ပါ.. ကျွန်တော်တို့နဲ့ စားသောက်ဆိုင်ကို သွားရအောင်လေ”

ဝမ်ကျစ်ကုန်းသည်ကား ဤသို့သော ကိစ္စမျိုးကို မကြာခဏ ကြုံဖူးဟန် ရသည်။ သူက ယတိပြတ် ငြင်းဆန်ခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

“ငါ့ရဲ့ဇနီးက အိမ်မှာ စောင့်နေတုန်းပဲ.. ငါသာ အိမ်ပြန်နောက်ကျရင် အဆူခံရလိမ့်မယ်”

“စိတ်မပူပါနဲ့.. ခဏနေလို့ ခင်ဗျား မူးသွားရင်တောင် ကျွန်တော်တို့အစ်မကြီးဆီကနေ ခွင့်တောင်းပေးပါးမယ်”

ချန်အန်းသယ်မှာ မူလကတည်းက လူချမ်းသာ ဒုတိယမျိုးဆက် သူဌေးသားဖြစ်သောကြောင့် လူအများကြားရှိ ဤသို့သော မရိုးသားမှုများအား မြင်ဖူးနေကျပင်။

သူက စကားအနည်းငယ်လောက်ဖြင့် ဝမ်ကျစ်ကုန်းအား စိတ်ကောင်းဝင်စေပြီး သူတို့နှင့်အတူ စားသောက်ဆိုင်သို့ လိုက်ပါစေခဲ့သည်။

ဝမ်ကျစ်ကုန်းက ဝိုင်နှစ်ခွက်ခန့် သောက်သုံးပြီးနောက်တွင် အနည်းငယ်မူးယစ်လာကာ အလုပ်နဲ့ပတ်သက်သော စကားများကို စတင်ပြောဆိုလာသည်။

“ငါက ဝယ်ယူရေးဌာနလေးရဲ့ အကြီးအကဲဆိုတာ မမေ့နဲ့.. စက်ရုံမှာလိုအပ်တဲ့ ပစ္စည်းတွေအားလုံးကို ငါပဲဆုံးဖြတ်တာ.. ဒါကို ရါထူးငယ်ပေမဲ့ အာဏာကြီးတယ်လို့ ခေါ်တယ်.. မင်းတိား နားလည်လား”

အချိန်ရောက်လာပြီကို သိသည့်အတွက် ချန်အန်းသယ်လည်း ဝမ်ကျစ်ကုန်းဆီသို့ ဝိုင်ထပ်မံဖြည့်ပေးရင်း ပြောလိုက်ပြန်သည်။

“အစ်ကိုဝမ်.. ကျွန်တော်တို့တွေ ဒီနေ့ အစ်ကို့ဆီကို လာတာက အစ်ကို့မှာ ကျွန်တော်တို့ကို ကူညီပေးနိုင်တဲ့ အခွင့်အာဏာ ရှိတယ်လို့ ထင်လို့ပဲလေ.. ဒီလိုဆိုရင် ကျွန်တော်တို့လည်း စိတ်ပူစရာမလိုတော့ဘူးမလား”

ဤသည်ကို ကြားလျှင် ဝမ်ကျစ်ကုန်းက မျက်ခွံများကို ပျင်းရိစွာ ပင့်မ၍ ပြောလာသည်။

“ကောင်းပြီ ရှုန်းတိ .. မင်းတို့ ပြောလိုက်၊ ငါကူညီနိုင်မယ်ဆိုရင် အစွမ်းကုန်ကူညီပေးမယ်”

ချန်အန်းသယ်က ရေခဲမုန့်အကြောင်းကို တိုက်ရိုက်မပြောဘဲ အဆင်မပြေမှုများအကြောင်းကို စတင်ညည်းညူခဲ့တော့သည်။

ဘေးနားတွင်ရှိနေသော စုန့်ယီမှာ ထိုသူက ဤမျှလောက် ဟန်ဆောင်ကောင်းနေသည်ကို မြင်သည့်အခိုက်တွင် တိတ်တဆိတ်မရယ်မောဘဲ မနေနိုင်ခဲ့ချေ။

သို့သော်လည်း နောက်ဆုံးတွင်တော့ ချန်အန်းသယ်က ပုံပြင်ဇာတ်လမ်းတစ်ပုဒ်ကို တီထွင်၍ ပြောဆိုနေကြောင်းကို ကြားလိုက်ရပြန်သည်။

သူ့ထံတွင် ကြိုက်နှစ်သက်သော လူတစ်ဦးရှိသော်လည်း သ့၏အလုပ်အကိုင်က မကောင်းမွန်သည့်အတွက် အတားအဆီးများနှင့် ကြုံတွေ့နေရပြီး ယခုအချိန်တွင် အလွန်အမင်း အသည်းကွဲခံစားနေရသည်ဟူ၏။

စုန့်ယီတစ်ယောက် လွန်ခဲ့သည့် ရက်အနည်းငယ်က ချန်အန်းသယ် သူ၏ မွေးစားအစ်မဖြစ်သူနှင့် ရယ်မောပြောဆိုနေသည်ကို မြင်ယောင်ရင်း ရယ်မောချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

သူ၏ပါးစပ်က ဝိုင်တစ်ငုံစာက ဖူးခနဲပင် ပန်းထွက်သွားရလေသည်။

ကံကောင်းစွာဖြင့် သူ မျက်နှာလွှဲလိုက်မိခဲ့သည်။ သို့မဟုတ်လျှင် စားပွဲတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

သို့သော်လည်း ချန်အန်းသယ်ပြောနေသည်း ဇာတ်လမ်းကို စိတ်ဝင်စားနေသော ဝမ်ကျစ်ကုန်းသည်ကတော့ စုန့်ယီ၏ အမူအရာကို ဂရုမစိုက်မိပေ။

*

အခန်း(74)

ဝမ်ကျစ်ကုန်းက ချန်အန်းသယ်ကို သနားဂရုဏာသက်စွာ ကြည့်ရင်း ပြောလာခဲ့သည်။

“ရှုန်းတိ.. ယောကျ်ားတစ်ယောက်က လေးစားခံရချင်ရင် အလုပ်အကိုင်မှာ တစ်ခုခု အောင်မြင်ရမယ်.. မဟုတ်ရင် မင်းမိန်းမကို လက်ထပ်ပြီးတဲ့အချိန်မှာတောင် မင်းရဲ့ယောက္ခမတွေက မင်းကို အထင်သေးကြလိမ့်မယ်”

ချန်အန်းသယ်လည်း ဝမ်ကျစ်ကုန်းက သူ၏ ခံစားချက်များကို နားလည်သည့်အတွက် ခံစားနေရကြောင်း ပြသရန် ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြသည်။

သူက ဝိုင်ခွက်ကို ကောက်ယူပြီး ဝမ်ကျစ်ကုန်းအား ထပ်မံပြီးအရက်တိုက်လိုက်ပြန်သည်။

“အစ်ကိုကြီး.. ဒီအရက်က ကျွန်တော်ရဲ့ အစ်ကိုကြီးအတွက်ပဲ.. အစ်ကိုကြီးက ကျွန်တော့်ရဲ့ခံစားချက်ကို နားအလည်ဆုံးပဲဆိုတာ သိလိုက်ပြီ”

ဝမ်ကျစ်ကုန်းက ဝိုင်ခွက်ကို သောက်ပြီး ပါးစပ်ကို သုတ်ကာ ချန်အန်းသယ်၏ အလုပ်အကိုင်ငယ်လေးကို စတင် မေးမြန်းလာခဲ့တော့သည်။

ချန်အန်းသယ်က သူ၏ ရေခဲမုန့်လုပ်ငန်းအကြောင်းကို ပြောပြသည်။

“အစ်ကိုကြီး၊ ဒီရေခဲမုန့်က အရသာကောင်းပေမဲ့ မြို့ကသေးတော့ သိပ်ပြီး ရောင်းချနိုင်စွမ်း မရှိခဲ့ဘူး.. အစ်ကိုကြီးရဲ့စက်ရုံမှာ ဝန်ထမ်းတစ်ရာလောက်ရှိတယ်လေ

ကျွန်တော်တို့တွေ အစ်ကိုကြီးတို့ စက်ရုံက တစ်ယောက်ချင်းစီအတွက် ရေခဲမုန့်တစ်ခုစီလောက် ရောင်းရရင်တောင် ကျွန်တော် စိတ်မပူရတော့ဘူး”

ဝမ်ကျစ်ကုန်းလည်း ခဏမျှ စဉ်းစားပြီး ဤညီလေးကို ကူညီချင်လာခဲ့သည်။

“ဟုတ်တယ်၊ ဒါက အတော်လေးကောင်းတဲ့စိတ်ကူးပဲ.. ဘယ်လိုပဲဖြစ်ဖြစ် နွေရာသီမှာ သူတို့ကို အေးမြသွားစေဖို့ ဆိုဒါပေးရတယ်လေ.. နောက်ဆို ရေခဲမုန့်နဲ့ ပြောင်းပေးလိုက်ရင် ကောင်းမယ်”

“အစ်ကိုကြီး သဘောတူလား”

“ဒီကိစ္စမှာ နောက်ထပ်ပြဿနာတစ်ခုပဲရှိတော့တယ်.. အရင်က ဆိုဒါကို စက်ရုံဒုတိယညွှန်ကြားရေးမှူးနဲ့ ချိတ်ဆက်ထားတာလေ.. သူ့ဆွေမျိုးတွေနဲ့ တိုက်ရိုက်ပတ်သက်နေမယ်ဆိုရင် မကောင်းဘူး”

ဝမ်ကျစ်ကုန်း လေချဥ်တစ်ချက်တက်လိုက်ပြီးမှ ဆုံးဖြတ်ချက်ချသည်မှာ သူတစ်ဦးတည်းမဟုတ်ကြောင်းကို ပြန်လည်သတိရသွားခဲ့သည်။

စုန့်ယီလည်း အနည်းငယ် စိတ်ပူပန်လာခဲ့ရသည်။ ချန်အန်းသယ်လည်း ဝမ်ကျစ်ကုန်းအား ရုံးကိစ္စတွေဖြစ်တတ်သည်များကို ရုတ်တရက် ပြောပြလိုက်သည်။

“အစ်ကိုကြီး၊ ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးက သူ့ဆွေမျိုးတွေကို ဂရုစိုက်တယ်ဆိုရင် သူ့မှာ ဆက်ဆံရေးကွန်ရက်ကျယ်ပြန့်လာမှာပဲ.. အစ်ကိုကြီးကလည်း ဌာနခွဲမှူးပဲ မဟုတ်လား.. အစ်ကိုကြီးကသာ လူတွေကို ဂရုစိုက်ရင် အစ်ကိုကြီးရဲ့ ကွန်ရက်ဖြစ်လာလိမ့်မယ်…”

“ဘယ်လိုမျိုးကို ပြောတာလဲ”

“ကျွန်တော့်ရဲ့အဖေက စီးပွားရေးလုပ်တယ်လေ.. နောက်ဆို ကျွန်တော်တို့စက်ရုံရဲ့ စီးပွားရေးကိုလည်း သူက ဂရုစိုက်ရမှာပဲ…”

ဝမ်ကျစ်ကုန်းလည်း ချန်အန်းသယ်ကို ကြည့်လိုက်ပြီး ချန်အန်းသယ်က ဤစားသောက်ဝိုင်း၌ သူအား လှည့်စားနေသည်ဟု တွေးလိုက်ပုံရလေ၏။

သူ အနည်းငယ် မပျော်မရွှင်ဖြစ်သွားခဲ့သည်။

“ညီလေး၊ မင်းက တကယ်ကိုမကောင်းဘူးပဲ.. မင်းအဖေက စီးပွားရေးလုပ်နေတယ်ဆိုမှတော့ ဘာလို့ ဒီလိုတွေလုပ်နေမှာလဲ.. မင်းအဖေကိုပဲ မင်းရဲ့ ရေခဲမုန့်ကိုရောင်းဖို့ မကူညီစေချင်ဘူးလား”

ချန်အန်းသယ်၏ မျက်နှာက ညိုမှောင်သွားပြီး စိတ်အားထက်သန်သော လူငယ်တစ်ဦးကဲ့သို့ ပြောလာခဲ့သည်။

“ ကျွန်တော်က အဖေ့ကို ဂုဏ်ယူစရာတစ်ခု ပြချင်နေတာ.. အဖေက ကျွန်တော့်ကို သူနဲ့မတူဘူးလို့ အမြဲလှောင်နေတယ်လေ! ပြောပါဦး အစ်ကိုကြီး.. ကျွန်တော်က ဘယ်လိုလုပ်ပြီး အဖေ့ကို ရေခဲမုန့်ရောင်းပေးဖို့ ကူညီခိုင်းရမလဲ.. နောက်ဆိုရင် သူက ကျွန်တော်လုပ်စမျှက အပြစ်လို့ ပြောနေမှာပဲ”

“ဒါလည်း ဟုတ်တာပဲ”

“အစ်ကိုကြီး၊ ဒီတစ်ခါ ကျွန်တော်တို့ကို ကူညီပေးပါ.. ဒုတိယညွှန်ကြားရေးမှူးပါဝင်ဘာရင်တောင် အစ်ကိုကြီးကို ဒုက္ခပေးလာမှကို မကြောက်ပါနဲ့.. ကျွန်တော်တို့ ညွှန်ကြားရေးမှူးနဲ့ သွားပြောလိုက်မယ်”

စက်ရုံညွှန်ကြားရေးမှူးအကြောင်းကို ပြောဆိုသည့်အချိန်တွင် ဝမ်ကျစ်ကုန်းက ချန်အန်းသယ်မှ သူ၏အခွင့်အရေးများကို လျှော့တွက်နေသည်ဟု ခံစားလိုက်ရသည်။

သူက စားပွဲကို ချက်ချင်းရိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ၊ ဒီကိစ္စကို ငါပဲ အပြီးသတ် ဆုံးဖြတ်မယ်.. မနက်ဖြန်ကစပြီး နေ့တိုင်း ရေခဲမုန့်ချောင်း ၁၂၀ စက်ရုံကို ပို့ပေးလိုက်တော့.. တစ်လတစ်ခါ စာရင်းရှင်းမယ်”

“မဟုတ်ဘူး၊ ဒီနေ့ကစပြီး လုပ်ကြရအောင်.. ကျွန်တော်တို့မှာ ရေခဲမုန့်တွေ ပါလာတယ်.. အစ်ကိုကြီး၊ တစ်ခုလောက် စမ်းကြည့်ပါဦး”

ချန်အန်းသယ်က စုန့်ယီကို ကြည့်လိုက်လျှင် စုန့်ယီသည်လည်း ချက်ချင်းပင် လိမ္မော်အရသာ ရေခဲမုန့်ချောင်းကို ဘူးထဲက ထုတ်ပြီး ပေးလိုက်သည်။

“ဌာနမှူးဝမ်၊ ဒါက လိမ္မော်အရသာပါ.. အပူဒဏ်ကို သက်သာစေပြီး အမူးလည်းပြေတယ်..စမ်းကြည့်ပါလား”

ဝမ်ကျစ်ကုန်းလည်း သူတို့နှစ်ဦး၏ လုပ်ပုံကိုင်ပုံကို များစွာ ကျေနပ်နေခဲ့သည်။ တစ်ဦးက စိတ်အားထက်သန်သော လူငယ်လေးဖြစ်ပြီး နောက်တစ်ဦးက ရိုးသားဖြောင့်မတ်သည်။

သူက ရေခဲမုန့်ကို လှမ်းယူပြီး တစ်ကိုက် ကိုက်လိုက်လေသည်။ ထို့နောက် ချက်ချင်းပင် ခေါင်းငြိမ့်ပြီး ချီးကျူးလိုက်သည်။

“ဒီရေခဲမုန့်က ဆိုဒါထက် တကယ်ကောင်းတယ်.. ကောင်းပြီ၊ ဒီမွန်းလွဲပိုင်းမှာ ပို့လိုက်တော့”

ဤအချိန်တွင် ချန်အန်းသယ်က ဝမ်ကျစ်ကုန်းအား ကျေးဇူးတင်စကားဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

“အစ်ကိုကြီး၊ ဒီနေ့ ရေခဲမုန့်က အခမဲ့ပါ.. စက်ရုံထဲက ခေါင်းဆောင်တွေနဲ့ ဝန်ထမ်းတွေကို စမ်းသောက်ဖို့ ကျွန်တော် ကျွေးမယ်…”

ဝမ်ကျစ်ကုန်းက ဤစကားကိုကြားလျှင် ချက်ချင်းပင် မျက်နှာတည်သွားသည်။

“ဒါတော့မရဘူး.. ဒါက ငါ့ကို အထင်မှားစေလိမ့်မယ်.. ဒါ့အပြင် မင်းတို့တွေ ရေခဲမုန့်လုပ်ရတာလည်း မလွယ်ဘူးမလား.. ငါက အလကားစားပြီး ပြန်ယူသွားရင် ဒါက နည်းနည်းတော့ မျက်နှာပြောင်တိုက်တာပဲ မဟုတ်ဘူးလား”

“အစ်ကိုကြီး၊ ကျွန်တော်ပြောတဲ့ အဓိပ္ပာယ်ကို နားမလည်ဘူးပဲ.. ဒီညီလေးက အစ်ကိုကြီးကို လူကြိုက်များအောင် ကူညီပေးနေတာပါ..

အချိန်တန်ရင် ကျွန်တော်က အစ်ကိုကြီးကျွေးခဲ့တာလို့ ပြောလိုက်မယ်.. ဘယ်သူကများ ကျွန်တော်တို့ကို စုံစမ်းဖို့ ထွက်လာနိုင်မှာလဲ”

ချန်အန်းသယ်၏ စကားများက ဝမ်ကျစ်ကုန်း၏ နှလုံးသားကို ထိမိသွားသည်။

ဤနှစ်များ တလျှောက်လုံး စက်ရုံ၌ သူ့ကို ကူညီပေးခဲ့သူဟူ၍ မရှိခဲ့ပေ။ ဌာနခွဲမှူး ရာထူးသည်က သူ၏ ကြိုးစားမှုကြောင့်ပင်ဖြစ်ခဲ့သည်။

ယခုတွင်တော့ သူ၏အတွက် တွေးပေးသော လူတစ်ဦးရှိလာသည့်အတွက် ဝမ်ကျစ်ကုန်း၏ လည်ချောင်းက အနည်းငယ် ပိတ်ဆို့ပြီး ရင်ဘတ်ကလည်း တင်းကျပ်လာသည်။

“ညီလေး၊ မင်းက ရာထူးကြီးရဖို့ ကံပါလာတဲ့သူမျိုးပဲ.. ရာထူးမရှိတာ စိတ်မကောင်းစရာပဲ”

“အစ်ကိုကြီး၊ ကျွန်တော်က စီးပွားရေးမှာလည်း တော်ပါတယ်.. မယုံရင် စောင့်ကြည့်ပါဦး”

သူတို့နှစ်ယောက် အပြန်အလှန် နှုတ်ဆက်စကားပြောဆိုပြီးနောက် ချန်အန်းသယ်နှင့် စုန့်ယီတို့လည်း ဝမ်ကျစ်ကုန်းအား အိမ်သို့ပြန်ပို့ပြီး ဝမ်ကျစ်ကုန်း၏ ဇနီးသည်ကို စကားအနည်းငယ် ပြောပြခဲ့သည်။

ချန်အန်းသယ်က စက်ရုံ၌ အရေးကြီးကိစ္စများ ပြောဆိုနေသည်ဟု ပြောခဲ့သောကြောင့် တစ်ဖက်လူ၏ ဇနီးသည်က ချက်ချင်းပင် နားလည်ပေးခဲ့သည်။

ဝမ်ကျစ်ကုန်း၏ အိမ်မှ ထွက်လာသည့်အချိန်တွင် စုန့်ယီက ချန်အန်းသယ်၏ နံရိုးများကို လက်ချောင်းများဖြင့် ထိုးလိုက်လေသည်။

“မင်းက တကယ်ကိုလုပ်နိုင်တာပဲ၊ မင်းမှာ စီးပွားရေးလုပ်နိုင်တဲ့စွမ်းရည်ကောင်းတွေ ရှိတဲ့ပုံရတယ်”

သို့သော်လည်း ချန်အန်းသယ်ကတော့ သဘောမတူပေ။ ဤစီးပွားရေးသင်ခန်းစာများကို သူ၏ မိသားစု၏ နေ့စဉ်ဘဝမှ လေ့လာထားခြင်းဖြစ်သည်။

“အတော်ဆုံးလူကတော့ လင်းမိန်ဟွေ့ပဲလေ.. သူမက အရသာရှိတဲ့ ရေခဲမုန့်လုပ်နိုင်ရုံတင်မကဘူး၊ ကျွန်တော့်တိုးကို စီးပွားရေးဘယ်လိုလုပ်သင့်လဲဆိုတာ ခန့်ခွဲဖို့အတွက် စူးရှတဲ့အမြင်လည်း ရှိတယ်…”

စုန့်ယီလည်း ဤစကားကိုကြားလျှင် ရယ်မောလိုက်မိသည်။

ချန်အန်းသယ်ကဲ့သို့ စိတ်လွတ်လက်လွတ်နေသည့် လူငယ်မျိုးက တကယ်တမ်းတွင် အတော်လေး ကောင်းသည်ဟု ထပ်မံခံစားမိပြန်သည်။

သူက ရယ်မောပျော်ရွှင်နေတတ်သော သဘောရှိပြီး စကားပြောလည်း ကောင်းမွန်သည်။ သူတစ်ပါးအပေါ်လည်း ရိုးသားသည်။

ချန်အန်းသယ်က မတိုင်ခင်က စားပွဲဝိုင်းတွင် အတော်လေးသောက်ထားသည့်အတွက် အနည်းငယ် မူးယစ်နေခဲ့သည်။

စုန့်ယီလည်း သူကို လမ်းတစ်လျှောက်လုံး ကာကွယ်ထိန်းပေးခဲ့ရပြီး လှည်းကိုပါ ဆိုင်သို့ ပြန်တွန်းသွားရလေ၏။

လင်းမိန်ဟွေ့တစ်ယောက် ထမင်းချက်နေစဥ် စုန့်ယီနှင့် ချန်အန်းသယ်သို့ ပြန်လာသည်ကိုမြင်လျှင် လက်များကိုသုတ်ပြီး စီးပွားရေးအကြောင်း မေးရန် ထွက်လာသည်။

“ဘယ်လိုနေလဲ..အဆင်ပြေခဲ့လား”

စုန့်ယီလည်း ခေါင်းညိတ်လိုက်ပြီး အလွန် မူးယစ်နေသော ချန်အန်းသယ်ကို ကြည့်လိုက်သည်။

“ဒီကောင်လေးက ခဏလောက်နဲ့ စကားပြောလိုက်တာနဲ့ ဌာနမှူးက သူ့ကို သနားပြီး နေ့တိုင်း ရေခဲမုန့်အချောင်း ၁၂၀ ယူဖို့မှာလိုက်တယ်.. ဆောင်းဦးအစလောက်အထိ ရောင်းနိုင်မယ်ထင်တယ်”

လင်းမိန်ဟွေ့လည်း ဤစကားကိုကြားလျှင် အလွန် ဝမ်းသာသွားခဲ့သည်။ ဤရောင်ချနိုင်သည့်ပမာဏက သူတို့တစ်နေကုန် ရောင်းနိုင်သော အရေအတွက်လောက်ရှိပေသည်။

ချန်အန်းသယ်၏ စကားအနည်းငယ်လောက်နှင့် ရေခဲမုန့် များစွာ တစ်ခါတည်း ရောင်းလိုက်ရမည်ဟု မထင်မှတ်ထားခဲ့ပါချေ။

သူမ သကြားရေ တစ်ပန်းကန် လုပ်ပြီး စုန့်ယီဆီသို့ ပေးလိုက်သည်။

“သူ့ကို အမူးပြေအောင် နည်းနည်းတိုက်လိုက်ပါဦး”

စုန့်ယီနှင့်ချန်အန်းသယ်တို့ ထမင်းစားသောက်ပြီးကြောင်းကို သိသည့်အတွက် လင်းမိန်ဟွေ့လည်း တစ်ယောက်တည်းစားသောက်လိုက်လေ၏။

“ဒီနေ့ ဆိုင်စီးပွားရေး ဘယ်လိုလဲ”

“မြို့ထဲမှာ ရေခဲမုန့်လုပ်ငန်းအသစ်တွေ အများကြီးဖွင့်လာတယ်.. သူတို့က ဈေးပေါပေါနဲ့ ဈေးကွက်လုနေကြတုန်းပဲ.. ကျွန်မတို့ရဲ့ ရေခဲမုန့်က အရည်အသွေးရော ပမာဏရော အကောင်းဆုံးဖြစ်နေတုန်းပဲ.. အမြဲတမ်း တစ်ချောင်းကို ဆင့်ငါးဆယ်နဲ့ လက်ကားရောင်းနေတာ.. ဒီနေ့ စီးပွားရေးက အပြောင်းအလဲမရှိသေးဘူး…”

လင်းမိန်ဟွေ့အနေဖြင့် သူတို့ အချိန်ယူပြီး ဈေးကွက်ကို လျင်မြန်စွာချဲ့ထွင်ရန် မလုပ်ဆောင်လျှင် သူတို့၏ရေခဲမုန့်လုပ်ငန်းက တခြားလူများနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ဘဲ နောက်ဆုံးတွင် ဒေဝါလီခံရနိုင်ကြောင်းကို သိသည်။

ယခု ချန်အန်းသယ်က စက်ရုံမှ ရေခဲမုန့်ချောင်း ၁၀၀ ကျော် မှာထား သော်လည်း သူမအနေဖြင့် စီးပွားရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လိုသေးသည်။

မည်သို့ပင်ဖြစ်စေ ရေခဲမုန့်စီးပွားရေးသည်က နွေရာသီ၌သာ ကောင်းစွာရောင်းရပြီး ကျန်သည့် ရာသီသုံးခုတွင်တော့ ဤရာသီ မှ ရရှိသည့် ဝင်ငွေနှင့်ပင် ရပ်တည်ရလိမ့်မည်။

“ဒီတော့ လက်လီရောင်းချတာနဲ့ ဒီစက်ရုံက မှာယူတာနဲ့တင် ကျွန်မတို့နှစ်ယောက်ရဲ့ ကုန်ကျစရိတ်က မလုံလောက်ဘူး…”

လင်းမိန်ဟွေ့က စုန့်ယီအား ကြည့်ပြီးနောက် ချန်အန်းသယ်ကို ရှယ်ယာဝင်ခိုင်းရန်ကိစ္စကို စုန့်ယီအား ရှင်းပြရန် သတိရလာခဲ့သည်။

လင်းမိန်ဟွေ့ စုန့်ယီကို တီးတိုးလေး မေးလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မ ချန်အန်းသယ်ကို ရေခဲမုန့်လုပ်ငန်းထဲကို ဆွဲထည့်တဲ့အတွက် ရှင်စိတ်မဆိုးဘူး မလား”

စုန့်ယီက ပွင့်ပွင့်လင်းလင်းပင် ပြောလာသည်။

“ချန်အန်းသယ်က အတော်လေး ကောင်းတဲ့လူတစ်ယောက်လို့ ကိုယ်ထင်တယ်.. စီးပွားရေးအတူလုပ်ဖို့ စိတ်ကူးကလည်း ကောင်းပါတယ်

ဒါ့အပြင် ဒီနေ့ စက်ရုံအတွက် စီးပွားဖြစ်တာ အားလုံးက ချန်အန်းသယ်ကြောင့်ပဲလေ”

စုန့်ယီဘက်မှ နားလည်သဘောပေါက်နေသည်ကို ကြားလျှင် လင်းမိန်ဟွေ့လည်း စိတ်အေးသွားရလေသည်။

All Chapters