← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း(85)

လင်းမိန်ဟွေ့တစ်ယောက် ကျန်းကျစ်ကုန်း၏လုပ်ရပ်အကြောင်းများကို စကားအနည်းငယ်လောက် ပြောပြီးသည်နှင့် အန်တီကြီးမှာ ဒေါသထွက်လာခဲ့ကာ သူ့ခြေထောက်များကို အကြိမ်ကြိမ် ဆောင့်လိုက်ရင်း ပြောလာသည်။

“ဒါက တကယ်ကို ကျိုးကြောင်းမဆီလျော်ဘူး၊ ဒီလိုမျိုး လူမိုက်ကို ထောင်ထဲ ထည့်သင့်တယ် .. ထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါစေ၊ ဒါမှ တခြားသူတွေကို မထိခိုက်စေမှာ”

လင်းမိန်ဟွေ့အနေဖြင့် ဤအန်တီမှာ ကြင်နာတတ်သည့်သူဖြစ်ကြောင်းကို သိသောကြောင့် အသံတိုးတိုးနှင့် တောင်းပန်လိုက်၏။

“ဒါကြောင့် အန်တီ.. ဒီနေ့ဖြစ်တာကို တခြားသူတွေကို မပြောပါနဲ့နော်၊ မဟုတ်ရင် ကျွန်မတို့ အနာဂတ်မှာ စီးပွားရေး လုပ်လို့ရတော့မှာ မဟုတ်ဘူး”

“စိတ်မပူပါနဲ့၊ တစ်ယောက်ယောက်က နှိပ်စက်ပြီး အတင်းအကြပ် ဝန်ခံခိုင်းရင်တောင် ငါ အဓိပ္ပာယ်မရှိတာတွေ မပြောပါဘူး၊ အဲဒါကြောင့် စိတ်မပူနဲ့”

ထိုအန်တီကြီးက ဟင်းဖိုးကိုယူပြီး ပြန်လည်ထွက်သွားခဲ့လေသည်။

ဆိုင်ထဲတွင် လင်းမိန်ဟွေ့တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သောအချိန်၌ သူမ၏ရင်ထဲရှိ ခံစားချက်များမှာ လှိုင်းလုံးများပမာ တရိပ်ရိပ် တက်လာလေ၏။

ဤတစ်ကြိမ်တွင်တော့ မည်သည့်အရာများပင် ဖြစ်လာစေကာမူ ကျန်းကျစ်ကုန်းအား သူမမှာ သူအလွယ်တကူ ဆော့ကစား၍ ရသောသလူ မဟုတ်ကြောင်း သိစေရမည်။

ချန်အန်းသယ်က ယွမ်ကျွမ့်မြို့ထဲရှိ လူများနှင့် ရင်းနှီးမှုရှိလေသည်။

ဆိုရလျှင် စီးပွားရေးသမားများမှအစ လမ်းပေါ်ရှိ ဂန်းစတားလူမိုက်များအဆုံး သူ့အပေါင်းအသင်းများပင် ဖြစ်၏။

သူက လမ်းပေါ်ရှိ သူ့၏ သူငယ်ချင်းဂန်းစတားအချို့အား သွားရှာခဲ့ပြီး ကျန်းကျစ်ကုန်း ပိုးသတ်ဆေးဝယ်ခဲ့သည့်ဆိုင်ကို ရှာပေးရန်အတွက် ပြောခဲ့လေသည်။

သိပ်မကြာလိုက်ချေ။ သူငယ်ချင်းတစ်ယောက်က ချန်အန်းသယ်အား ပြောလာခဲ့၏။

“အန်းသယ်… ငါ အဲဒီဆိုင်ကို ရှာတွေ့ပြီ၊ လမ်းထောင့်မှာရှိတဲ့ ဆိုင်ပဲ… မျိုးစေ့တွေရောင်းတဲ့ ဆိုင်ထဲမှာ ပိုးသတ်ဆေးမြေသြဇာတွေပါ ဝယ်လို့ရတယ်”

“မင်း သေသေချာချာရော မေးခဲ့ရဲ့လား”

“အဲဒီဆိုင်မှာ ပိုးသတ်ဆေးဝယ်ရင် မှတ်ပုံတင်ပါပေးရတယ်၊ ငါ ဆိုထဲက မှတ်ပုံတင်တွေ မှတ်ထားတဲ့ စာအုပ်ထဲမှာ ကျန်းကျစ်ကုန်းရဲ့ နာမည်ကို တွေ့ခဲ့တာ.. ပြီးတော့ သူ ဒီမနက်မှ ဝယ်သွားခဲ့တာပဲ”

သက်သေများကို ရရှိပြီးနောက် ချန်အန်းသယ်လည်း ပြန်သွားခဲ့ပြီး ဆိုင်ခန်းထဲရှိ ပိုးသတ်ဆေးဖြန်းထားသော ဂေါ်ဖီထုပ်များကို ယူကာ ရဲကို ဖုန်းခေါ်ခဲ့သည်။

မကြာမီပင် ကျန်းကျစ်ကုန်းအား ရဲစခန်းသို့ ဖမ်းခေါ်သွားခံခဲ့ရ၏။

သူအနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ဤတစ်ကြိမ်၌ လင်းမိန်ဟွေ့ကို ထိုမျှလောက်အင်အားကြီးသည့်သူက ကာကွယ်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

သူက ရဲများအား အတိုက်အခံလုပ်၍ ငြင်းဆန်ရန်သာ တတ်နိုင်တော့၏။

“ကျွန်တော် ပိုးသတ်ဆေးဝယ်ပြီး ကိုယ့်စိုက်ခင်းထဲမှာ ကိုယ့်ဘာသာ ဖြန်းတာလေ မရဘူးလား”

ယွမ်ကျွမ့်မြို့ရှိ ရဲများက ချန်အန်းသယ်ကို ချီးကျူးနေကြသည်။

ကျန်းကျစ်ကုန်းမှ ငြင်းဆန်နေသည်ကို ကြားသောအခါ၌ သူတို့က လှောင်ပြောင်၍ ပြောလိုက်၏။

“ဒါဆို ဒီဂေါ်ဖီထုပ်တွေကနေ ခင်ဗျားရဲ့ စိုက်ခင်းထဲကနေ ခူးခဲ့တာလား.. ပြီးတော့ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ဈေးသည်တွေလက်ထဲကို ရောက်သွားတယ်ပေါ့”

ကျန်းကျစ်ကုန်းက ရဲအရာရှိအား ဂရုမစိုက်သည့်ပုံစံဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလေသည်။

“ဒါကတော့ ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ…ဘာပဲဖြစ်ဖြစ် ကျွန်တော် ပိုးသတ်ဆေးဝယ်ပြီး ကျွန်တော့်ရဲ့ စိုက်ခင်းထဲမှာပဲ ဖြန်းခဲ့တာ၊ ဘယ်သူဝယ်ပြီး ဘယ်သူ စားတယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူး”

ချန်အန်းသယ်မှာ ကျန်းကျစ်ကုန်းမှ လိမ်ညာပြောဆိုနေခြင်းကို သိသောကြောင့် ဈေးဝယ် အန်တီကြီး၏စကားကို ရိုးရိုးရှင်းရှင်းပင် ကိုးကား၍ ပြောလိုက်၏။

“အဲဒီအန်တီကြီးက ပြောတယ်… မင်း ပန်းခြံထဲမှာ ခဏလောက် ထိုင်နေခဲ့တာတဲ့၊ အဲဒီအချိန်ကို အခွင့်အရေးယူပြီး ဂေါ်ဖီထုပ်တွေပေါ်မှာ ပိုးသတ်ဆေး ဖြန်းပြီးတော့ လင်းမိန်ဟွေ့ကို နာမည်ဖျက်တာမလား”

“ဟေ့ ဒီမှာ… မင်း ဒီလိုအဓိပ္ပါယ်မရှိတာတွေ ပြောလို့မရဘူးလေ၊ သက်သေမရှိဘဲ အဓိပ္ပါယ်မရှိတာတွေ ပြောရင် ဥပဒေအရ အရေးယူခံရလိမ့်မယ်၊ ငါ့ကို ဥပဒေအကြောင်း နားမလည်ဘူးလို့ မထင်နဲ့”

“မင်းရဲ့စိုက်ခင်းက ဘယ်မှာလဲ”

“ငါ့ စိုက်ခင်းက ဘယ်မှာလဲဆိုတာ မင်းကို ပြောပြဖို့ လိုသေးလို့လား၊ ဒါ့အပြင် ဒီပိုးသတ်ဆေးကို ငါ့ အိမ်နီးချင်းရဲ့ စိုက်ခင်းမှာ ဒါမှမဟုတ်လည်း ငါ့အမျိုးရဲ့ စိုက်ခင်းမှာ ဖြန်းလိုက်လည်း ရတယ် အဆင်ပြေပြီလား၊

ဒီပိုးသတ်ဆေးကို ကိုယ့်မိသားစုအတွက်ပဲ သုံးရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားဘူးလေ .. ဒါကြောင့် ဝယ်ခဲ့တာ၊ ငါကဘာလို့ အခြားလူ အတွက် သုံးလို့ရော မရမှာလဲ”

ကျန်းကျစ်ကုန်းက အကြိမ်ကြိမ် ဆင်ခြေပေးခဲ့သော်လည်း နောက်ဆုံး၌ ရဲများက သူ့ကို လွှတ်မပေးခဲ့ချေ။

အဆုံးတွင် ကျန်းကျစ်ကုန်းကို ပိုးသတ်ဆေးအား မသင့်လျော်သည့်နည်းဖြင့် သုံးစွဲခဲ့သောကြောင့် အများပြည်သူကို အန္တရာယ်ဖြစ်စေမှုဖြင့်သာ စွဲချက်တင်ပြီး သတိပေးရုံသာ လုပ်နိုင်ခဲ့လေ၏။

ချန်အန်းသယ်လည်း ကျန်းကျစ်ကုန်း ရဲစခန်းမှ ထွက်ခွာသွားသည်ကို စိုက်ကြည့်နေခဲ့သည်။ သူက အလွန်မာနကြီးသော မျက်နှာပေးဖြင့် အခြားသူများမှ သူ့အား မည်သည့်အရာမှ လုပ်နိုင်လိမ့်မည်မဟုတ် ဟူသည့် ပုံစံမျိုးဖြင့် သွားခဲ့သည်ပင်။

ဘေး၌ ရှိသော သူငယ်ချင်းများက ချန်အန်းသယ်ကို အသာ အသိပေးလိုက်၏။

“အန်းသယ် .. မင်းက မင်းရဲ့ ဆိုင်ခန်းကို ဒီအတောအတွင်းမှ စဖွင့်တာ .. အချိန်က မကြာသေးဘူး‌ဆိုပေမဲ့ လူတွေကတော့ အသိအကျွမ်းတွေ များနေပြီးသားပဲ .. သူကတော့ မတူဘူး၊ အနာဂတ်မှာ ငါတို့မြို့ကို သူ ထပ်လာရင် မောင်းထုတ်လိုက်ရုံပဲ”

ချန်အန်းသယ်လည်း သူငယ်ချင်းအချို့ကို ကျေးဇူးတင်စကားပြော၍ ရဲအရာရှိအချို့နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် ဆိုင်ခန်းသို့ ပြန်လာခဲ့၏။

လင်းမိန်ဟွေ့က ပစ္စည်းများကို သိမ်းဆည်းနေလေသည်။

ချန်အန်းသယ် ပြန်လာသည်ကို မြင်လျှင် သူမက ရှေ့သို့တိုး၍ စိုးရိမ်တကြီး မေးလိုက်၏။

“ဘယ်လိုဖြစ်သွားလဲ ကျန်းကျစ်ကုန်းက အပြစ်ကို ဝန်ခံလား၊ သူပဲ ပိုးသတ်ဆေးထည့်ခဲ့တာလို့ ဝန်ခံလား”

“ဝန်မခံဘူးလေ.. အဲဒီလူက တော်တော် ဆိုးတာပဲ၊ ဘာလိုများ အဲလိုကောင်နဲ့ ဆုံခဲ့ရတာလဲ”

ချန်အန်းသယ်၏ နဖူးကြောများမှာ တွန့်ချိုးနေခဲ့လေသည်။ သူသည်က ငယ်စဉ်ကတည်းက လမ်းပေါ်၌ လျှောက်သွားနေတတ်သည့် ဂိုဏ်းစတားတစ်ဦး ဖြစ်၏။

အခြားသူများကို နေရာတိုင်း၌ ဒုက္ခလိုက်ပေးတတ်သည့် လူဆိုး၊လူမိုက်များကိုလည်း မြင်ဖူးခဲ့ပေသည်။

သို့သော် ကျန်းကျစ်ကုန်းကဲ့သို့ တစ်ဖက်လူ၏ အသက်အန္တရာယ်ဖြင့် စနောက်တတ်သည့်လူမျိုးကိုမူ သူပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပင်။

ချန်အန်းသယ်၏ ပအမူအရာကြောင့် လင်းမိန်ဟွေ့အနေဖြင့် ကျန်းကျစ်ကုန်းမှာ အမှန်တကယ်ပင် ကိုင်တွယ်ရန်ခက်မှန်းသိလိုက်သောကြောင့် ချန်အန်းသယ်အား တားဆီးလိုက်၏။

“အဲဒါနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့…သူ ထပ်လာရင် ကျွန်မတို့ ရဲကို ဖုန်းခေါ်ပြီး တိုင်လိုက်ကြမယ်၊ ရှင် သူ့လို လုပ်စရာမလိုပါဘူး”

“မင်းတို့အကုန်လုံးက ဒီလိုပဲပြောနေကြတာ … ငါတို့က သူ ခြိမ်းခြောက်တာကို ခံသင့်တယ်လို့ တွေးပြီး ကြောက်နေရမှာလား”

ချန်အန်းသယ်က စိတ်တိုနေခဲ့လေသည်။ ထိုကျန်းကျစ်ကုန်းဆိုသူအား သူ့၏ လုပ်နိုင်စွမ်းကို သိစေရမည်ဟု စိတ်ထဲ တေးထားလိုက်သည်။

မဟုတ်လျှင် အနာဂတ်၌ ထိုသူမှာ အမှန်တကယ်ပင် အထိန်းအကွတ်မဲ့ ဖြစ်လာပေလိမ့်မည်။

“ဒါဆိုရင် သူ့ကို ရင်ဆိုင်ပြီး သူယုတ်မာသလို ပြန်လုပ်ရင် ကျွန်မတို့ရဲ့ဘဝတွေနဲ့ လက်ရှိ လုပ်နေတဲ့ အလုပ်တွေကို အလကား ဖြုန်းတီးပစ်ရာ ကျမသွားဘူးလား၊

အဲဒီလိုဖြစ်လာရင် ငြိမ်းချမ်းတဲ့ဘဝဆိုတာ မရှိတော့ဘူး…. ဒီလိုသာဆိုရင် လူယုတ်မာတွေက အမြဲနှောင့်ယှက်နေတေားမှာလေ”

လင်းမိန်ဟွေ့က ချန်အန်းသယ်ကို စိုက်ကြည့်လိုက်၏။ ထိုသူမှာ မတရားမှုအား လုံးဝခေါင်းငုံ့ခံမည့်သူ မဟုတ်ကြောင်း သူမ သိပေသည်။

သူမက ထပ်ပြောလိုက်၏။

“ရှင့်ရါ့ အလုပ်ကိုပဲ ကောင်းကောင်းလုပ်ပါ…အဲလိုလူမျိုးကို နတ်ဘုရားတွေက စောင့်ကြည့်နေပါလိမ့်မယ်၊ ရှင့်မိဘတွေကို ရှင့်အတွက်နဲ့ စိတ်မပူပါစေနဲ့တော့”

သူမက ပြောပြီးသည်နှင့် သေတ္တာကို သယ်ရန်အတွက် ချန်အန်းသယ်အား အကူအညီတောင်းလိုက်သည်။

“ကျွန်မကို မြန်မြန်ကူညီပါဦး”

ချန်အန်းသယ်လည်း မည်သည်မျှမပြောဘဲ သေတ္တာကို တိတ်တဆိတ်သာ လိုက်သယ်ပေးခဲ့၏။

သူက လင်းမိန်ဟွေ့ကို စိတ်မပူစေချင်သော်လည်း သူ့၏ သူငယ်ချင်းများကိုတော့ ထိုကျန်းကျစ်ကုန်းဆိုသူကို စုံစမ်းရန်အတွက် သေချာပေါက် နည်းလမ်းရှာခိုင်းရပေမည်။

ကျန်းကျစ်ကုန်း အပြစ်မှလွတ်မြောက်သွားနိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။

ထိုသူက မကောင်းသည့်အရာများကို လုပ်ခဲ့သည့် သက်သေများသာရှိလျှင် တရားဥပဒေ၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။

ထိုအချိန်တွင် စုန့်ယီလည်း ပြန်ရောက်လာခဲ့၏။

ချန်အန်းသယ်နှင့် လင်းမိန်ဟွေ့တို့ ကျန်းကျစ်ကုန်း၏အကြောင်း ပြောနေသည်ကို ကြားလိုက်သောကြောင့် အထဲသို့လမ်းလျှောက်ဝင်လာခဲ့ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ကျန်းကျစ်ကုန်းက ထပ်ပြီး ပြဿနာရှာနေပြန်ပြီလား”

လင်းမိန်ဟွေ့က ချန်အန်းသယ်ကို မျက်စိမှိတ်ပြလိုက်ပြီး သူမ မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလေ၏။

“ချန်အန်းသယ်က ကျန်းကျစ်ကုန်း ကို သင်ခန်းစာပေးချင်တယ်လို့ ပြောနေတာ… ဒါပေမဲ့ ကျွန်မတို့က အဲဒီလူလို လူမျိုးမဟုတ်ဘူးလို့ ပြောလိုက်တယ်၊ ဘာလို့လဲဆိုတော့ သူ့ကြောင့် အလုပ်ကို ထိခိုက်ရင် မတန်ဘူးလေ”

ဤရက်များအတွင်း အတူနေလာပြီးနောက် စုန့်ယီသည်လည်း လင်းမိန်ဟွေ့မှာ ကောင်းသည့်အရာများကိုသာ ပြော၍ မကောင်းသည့်အရာများကို မပြောတတ်ကြောင်း သိနေခဲ့သည်။

သူက လင်းမိန်ဟွေ့ကို ထပ်မမေးရန် ဆုံးဖြတ်လိုက်၏။ လင်းမိန်ဟွေ့ အိမ်သို့ပြန်၍ ချက်ပြုတ်ရန်သွားချိန်ကိုရောက်မှသာ စုန့်ယီက ချန်အန်းသယ်ကို ဆွဲခေါ်ပြီး မေးလေသည်။

“ငါ့ကို ပြောစမ်းပါဦး၊ ကျန်းကျစ်ကုန်းက ပြဿနာ ထပ်လာရှာနေတာလား”

ချန်အန်းသယ်က သူ့ကို ကြည့်ပြီး ငြင်းဆန်သည့် စကားများသာ ပြန်ပြောလေ၏။

“စုန့်ယီ၊ မင်း ငါ့ကို မယုံရင်တောင် မိန်ဟွေ့ကို ဘယ်လိုလုပ်ပြီး မယုံနိုင်ရတာလဲ၊ သူက ဈေးကောင်းကောင်း လာဝယ်တာတောင် ငါက သူ ပြဿနာရှာမှာစိုးလို့ မောင်းထုတ်လိုက်တာ၊ အဲဒီအကြောင်းကိုပဲ ပြောနေကြတာ”

စုန့်ယီ ချန်အန်းသယ်ကို အေးစက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။

*

အခန်း(86)

ချန်အန်းသယ်တစ်ယောက် သူ့၏အမူအရာကြောင့် ကြောက်ရွံ့သွားခဲ့၏။

ယခင်ကဆိုလျှင် စုန့်ယီက အမြဲတစေ ရိုးသား၍ ကြမ်းတမ်းသည့်ပုံပေါက်သော်လည်း ယခုမူ ရုတ်တရက် အသက်သေစေနိုင်သည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။

“မေ့လိုက်တော့…ငါ ပြောပြမယ်၊ ဒီမနက် ကျန်းကျစ်ကုန်းက ငါတို့ရောင်းတဲ့ ဟင်းသီးဟင်းရွက်တွေအပေါ်မှာ ပိုးသတ်ဆေးထပ်ဖြန်းခဲ့တယ်

အဲဒါကို ဖောက်သည်တွေက မှားစားမိတော့မလို့၊ ကံကောင်းလို့ ဖောက်သည်တွေက တစ်ခုခုမှားနေတယ်ဆိုတာကို အနံ့ရပြီး ဟင်းသီးဟင်းရွက်တွေကို ပြန်လာပို့တာ...”

“ဒီခွေးကောင်!”

စုန့်ယီသည် သူ့လက်ထဲရှိ ပစ္စည်းများကို ပစ်ချပြီး ကျန်းကျစ်ကုန်းထံသွား၍ ဖြေရှင်းရန်ပြင်လေသည်။

ချန်အန်းသယ်က သူ့ကို တားလိုက်၏။

“ငါတို့ ရဲကို ဖုန်းခေါ်ပြီးပြီ… ရဲတွေလည်း မှတ်တမ်းယူထားတယ်၊ ဒါပေမဲ့ ကျန်းကျစ်ကုန်း ကိုယ်တိုင် ဟင်းသီးဟင်းရွက်တွေအပေါ် ဆေးဖြန်းခဲ့တယ်ဆိုတဲ့ သက်သေမရှိလို့ သူ့ကို လွှတ်ပေးလိုက်ရတယ်”

စုန့်ယီအနေဖြင့် ကျန်းကျစ်ကုန်းမှာ အရှုံးမပေးသည်ကို သိလေ၏။

မိန်ဟွေ့သာ ဤနေရာ၌မရှိခဲ့လျှင် သူယခုပင် ကျန်းကျစ်ကုန်းကို သေအောင် ထိုးကြိတ်မိပေလိမ့်မည်။

စုန့်ယီ အရင်ဆုံး ကောင်တာပေါ်သို့ လက်သီးဖြင့် ထိုးလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

“ကျန်းကျစ်ကုန်း နောက်တစ်ခါထပ်လာရင် ငါ သူ့ကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး၊ အဲဒီပိုးသတ်ဆေးကို သူ့ဘာသာ သောက်ခိုင်းလိုက်မယ်”

ချန်အန်းသယ်က စုန့်ယီကို ဖြောင်းဖြလိုစွာ ပြောလိုက်လေ၏။

“စုန့်ယီ၊ မိန်ဟွေ့က မင်း စိတ်လိုက်မာန်ပါ လုပ်မိမှာစိုးလို့ ငါ့ကို ဒီအကြောင်း မပြောခိုင်းတာ၊ ငါတို့ ရေရှည် စဉ်းစားသင့်တယ်၊ မိန်ဟွေ့ကို စိတ်မပူစေနဲ့...”

“ငါ သိပါတယ်”

“အနီးအနားကမြို့တွေမှာလည်း ငါ့ သူငယ်ချင်းတွေ ရှိတယ်၊ ကျန်းကျစ်ကုန်းရဲ့ ရာဇဝတ်မှု အထောက်အထားတွေကို ငါ လိုက်ရှာမယ်

တစ်ခုခု ရှာတွေ့တာနဲ့ သူ့ကို တိုင်လိုက်မယ်၊ သူ့တစ်ဘဝလုံး အမှောင်ခန်းထဲမှာ နေရစေရမယ်လို့ ငါ အာမခံတယ်”

ချန်အန်းသယ်ာ သူ၏အတွေးများကို ထုတ်ပြောလိုက်သည်။ စုန့်ယီက သဘောမတူလိုသော်လည်း ယခုမူ ပိုကောင်းသည့်နည်းလမ်း မရှိတော့ချေ။

စုန့်ယီသည် ပြန်လှည့်၍ ချန်အန်းသယ်ကို ကြည့်လေ၏။

“အဲဒီကျန်းကျစ်ကုန်းက ရွာသားတွေကို အနိုင်ကျင့်ပြီး လူတွေကို ဖိနှိပ်နေတယ်.. ဘာလို့လဲဆိုတော့ သူ့မိသားစုက ပိုက်ဆံရှိလို့ပဲ၊ တကယ်တော့ အရင်ကတည်းက ဒါကို ဖြေရှင်းခဲ့သင့်တာ၊ ရဲတွေက အဲဒါကို မဖြေရှင်းပေးဘူးဆိုရင် ငါကပဲ ဘုရားသခင်လိုမျိုး တရားမျှတမှု ရှာပေးမယ်”

ချန်အန်းသယ်မှ တစ်စုံတစ်ခုပြောဟန်ပြင်နေစဉ်တွင် လင်းမိန်ဟွေ့သည် တွန်းလှည်းတစ်ခုအား တွန်းလာသည်ကို မြင်လိုက်ရသည်။

သူမက တံခါးအပြင်ဘက်မှအော်လိုက်သည်။

“လာကြဦး၊ ကျွန်မကို ဒီရေခဲမုန့်တွေကို ရေခဲသေတ္တာထဲထည့်ဖို့ ကူပေးပါဦး”

ချန်အန်းသယ်နှင့် စုန့်ယီတို့လည်း အလျင်အမြန်ပင်ထွက်၍ ကူညီခဲ့ကြ၏။

သူတို့သုံးယောက် ရေခဲမုန့်များကို သိမ်းပြီးနောက် ဆိုင်ပိတ်၍ အနားယူရန် ပြင်ခဲ့ကြသည်။

ထိုအချိန်၌ပင် ဖက်ရှင်ကျကျ ဝတ်စားထားသည့် အမျိုးသမီးတစ်ဦးက ဆိုင်ခန်းလေးဆီသို့ လျှောက်လာလေ၏။ သူမက ချန်အန်းသယ်ကို မြင်သောအခါ၌ အထဲသို့ခပ်သုတ်သုတ်ဝင်လာပြီး ပြောလိုက်သည်။

“နင် ဒီရက်တွေအတွင်း ဘယ်ရောက်နေတာလဲလို့ ငါက လိုက်မေးကြည့်‌နေတာ… နင် က ဒီမှာ လာပျော်နေတာကိုး၊ ဒီမြို့က လူတွေရဲ့အကြောင်းကို သိလား … သူတို့ နင့် အကြောင်း ဘာတွေပြောနေကြတယ်ဆိုတာကိုရော နင်သိရဲ့လား”

ချန်အန်းသယ်မှာ သူ့၏မွေးစားအစ်မ ယွမ်လီဟွား ရောက်လာသည်ကို မြင်သောအခါ၌ သူမကို စုန့်ယီနှင့် လင်းမိန်ဟွေ့တို့အား မိတ်ဆက်ပေးရန် ပြင်လိုက်သည်။

သို့သော်လည်းယွမ်လီဟွားက လက်ဆန့်ကာ ချန်အန်းသယ်၏ နားကို ဆွဲလိုက်၍ မျက်ခုံးပင့်ပြီးနောက် ဒေါသတကြီးနှင့် စကားပြောလာခဲ့လေသည်။

“နင် ငါ့ကို မိတ်ဆက်ပေးစရာ လိုသေးတာလား…ဒါက ရှက်စရာမကောင်းဘူးလား၊ အမြန် ပြန်လိုက်တေား”

ချန်အန်းသယ်မှာ ယွမ်လီဟွားမှ ဤသို့ ကြမ်းကြမ်းတမ်းတမ်း လုပ်သည်ကို တစ်ခါမျှ မမြင်ဖူးချေ။ အဆွဲခံထားရသောကြောင့် သူ့၏နားရွက်များမှာ ပြုတ်တော့မတတ်ပင်။

သူ ယွမ်လီဟွား၏လက်ကို ကိုင်ထားရင်း နာကျင်မှုကြောင့် ညည်းညူဖြင့် ပြန်ပြောလေ၏။

“အစ်မ…အခြားလူတွေ အတင်းပြောတာကို အစ်မ ကြားလာတာလား၊ အစ်မ ဝင်လာတာနဲ့ နားရွက်တွေ ဆွဲဖြုတ်ပစ်ချင်နေသလိုပဲ.. ကျွန်တော့် နားရွက်တွေက ဝက်နားရွက် မဟုတ်ဘူးနော်၊ အစ်မ ဆွဲဖြုတ်လိုက်ရင် ဝိုင်နဲ့ မြည်းသောက်လို့ရမှာတဲ့လား”

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့မှာ မည်သည့်အရာများဖြစ်နေသည်ကို မသိသောကြောင့် ရှေ့သို့တိုး၍ တားရုံသာ တတ်နိုင်တော့သည်။

“ရှင် စကားပြောစရာရှိရင် ပါးစပ်နဲ့ပဲ ပြောပါလာ့၊ တကယ်လို့ အန်းသယ်သာ အမှားလုပ်ခဲ့မယ်ဆိုရင် ကျွန်မတို့ အတူတူ သင်ခန်းစာပေးကြမယ်လေ”

မူလက မြို့ထဲရှိ လူများမှာ ချန်အန်းသယ်သည် အခြားသူများကို ကူညီရန်အတွက် သူ့ဘဝအား ပေးဆပ်ရန် ဆန္ဒရှိနေသည်ဟု စတင်ပြောနေကြ၏။

ယွမ်လီဟွားအနေဖြင့် အစပိုင်း၌ မယုံကြည်ခဲ့သော်လည်း နောက်ပိုင်း၌ ပို၍ကြားလေလေ၊ ပို၍မှားလာလေဟု ခံစားလိုက်ရသည်။

တချို့လူများက ချန်အန်းသယ်မှာ နေ့တိုင်း ကြိုးစား၍ အလုပ်လုပ်ပြီး အခြားသူများအတွက် အလကား အလုပ်လုပ်ပေးရုံသာမက သူ့ကိုယ်ပိုင်ငွေပါ ရင်းနှီးမြှုပ်နှံသည်ဟုပင် ပြောနေကြ၏။

ယွမ်လီဟွားသည် မယုံကြည်ပဲမနေနိုင်တော့ချေ။

ယခု လင်းမိန်ဟွေ့နှင့် စုန့်ယီတို့၏ ရိုးသားဖြောင့်မတ်သည့်ပုံစံကို မြင်သောအခါ၌ သူမအနည်းငယ် အစွန်းရောက်လိုက်မိပြီဟု ခံစားလိုက်ရသည်။

သူမက ချန်အန်းသယ်ကို လွှတ်ပေးလိုက်ပြီး စမ်းသပ်သည့်အနေဖြင့် ပြောလိုက်၏။

“အန်းငယ်က ဒီမှာ ရှင့်တို့အတွက် အချိန်ပိုင်းအလုပ် လုပ်ပေးနေတာလား ဒါမှမဟုတ် ဘာလဲ”

“အစ်မ၊ ကျွန်တော်က ဒီမှာ...”

ချန်အန်းသယ်မှာ သူက ဤဆိုင်၌ သူဌေးဖြစ်သည်ဟု ပြောဟန်ပြင်နေစဉ် ယွမ်လီဟွားက သူ့ကို မျက်စောင်းထိုးလိုက်သောကြောင့် သူ့စကားတစ်ဝက်အား ပြန်မြိုချလိုက်ရလေသည်။

လင်းမိန်ဟွေ့လည်း ချန်အန်းသယ်က တစ်ဖက်လူကို ရိုရိုကျိုးကျိုးဖြင့် ဆက်ဆံနေသည်ကို မြင်လိုက်ရသာကြောင့် သူမ၏နှုတ်ခမ်းများအား မသိမသာ စေ့၍ ပြုံးလိုက်၏။

“ချန်အန်းသယ်နဲ့ ကျွန်မရဲ့ခင်ပွန်းက အတူပေါင်းပြီး ဒီဆိုင်ခန်းကို ဖွင့်ထားတာပါ၊ ရေခဲမုန့်စက်ရုံကလည်း သူတို့နှစ်ယောက် ပူးပေါင်းလုပ်တာဆိုတော့ သူတို့ကို စီးပွားဖက်တွေလို့ သတ်မှတ်လို့ရပါတယ်”

ဤစကားကို ကြားပြီးနောက် ယွမ်လီဟွားသည် အစပိုင်း၌ မယုံကြည်ခဲ့သော်လည်း နံရံပေါ်ရှိ လုပ်ငန်းလိုင်စင်ကို မော့ကြည့်လိုက်သောအခါ၌ သူမမျက်နှာပေါ်တွင် ပျော်ရွှင်မှုများ တဖြည်းဖြည်းပေါ်လာလေသည်။

ချန်အန်းသယ်သည် ရှက်ရွံ့စွာ သူ့ခေါင်းကို ကုတ်လိုက်ပြီး ယွမ်လီဟွားကို ကြည့်လိုက်၏။

“အစ်မ၊ ကျွန်တော် အစကတော့ အကုန်လုပ်ပြီးမှ အစ်မကို အံ့အားသင့်အောင် လုပ်မလို့ပဲ ဒါပေမဲ့ အစ်မက ရုတ်တရက် ဒီကို လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဘယ်လိုပြောပြရမှန်းတောင် မသိတော့ဘူး”

ဤစကားကို ကြားသောအခါ၌ ယွမ်လီဟွားသည် ပို၍ပင် ရှက်သွားခဲ့သည်။

သူမနှင့် လင်းမိန်ဟွေ့တို့အား ရှက်ပြုံးပြုံး၍ ပြောလာ၏။

“ကျွန်မ ရှင့်တို့အလုပ်ကို နှောင့်ယှက်မိပြီလား၊ ကျွန်မ အရင်ဆုံး ပြန်သွားတာ ပိုကောင်းမယ် ထင်တယ်...”

လင်းမိန်ဟွေ့က ပြုံးလိုက်ပြီးနောက် ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြုံးရယ်နေသော ချန်အန်းသယ်ကို ကြည့်လိုက်သည်။

“ကျွန်မတို့ အခု ပြီးသွားပါပြီ… ရှင် ချန်အန်းသယ်ကို ပြန်ခေါ်သွားလို့ရပါတယ်၊ ဒါပေမဲ့ သူ့ကို ဆူမနေပါနဲ့… သူ မကြာသေးခင်ကတည်းက ကောင်းကောင်းအလုပ် လုပ်နေပါတယ်”

“ကောင်းပြီ၊ ပုံမှန်အချိန်တွေမှာ အလုပ် ကြိုးစားတယ်ဆိုရင် ရှင်တို့လည်း သူ့ကို ပိုပြီး သင်ပေးလို့ရတာပေါ့ ဒါဆို ကျွန်မလည်း စိတ်ချရတယ်”

ယွမ်လီဟွားအနေဖြင့် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို မြင်သောအခါ၌ မပြောပြနိုင်သည့် စိတ်ချမှုမျိုး ခံစားရသး၏။

သူတို့နှစ်ဦး၏ ရိုးရှင်းမှုက လူများအား မည်သို့သော နားလည်မှုလွဲမှားမှုမျိုးတွင်မဆို ကိုယ့တိုင်၏ မကောင်းသည့် အတွေးများကြောင့် ဖြစ်ခဲ့ရခြင်းသာဖြစ်သည်ဟု တွေးမိစပြီး သူတို့နှင့် မည်သည်မျှ မဆိုင်ဟု ခံစားရစေသည်။

ယွမ်လီဟွားနှင့် ချန်အန်းသယ်တို့ ဆိုင်ခန်းထဲမှ ထွက်လာပြီးနောက်မှသာ ချန်အန်းသယ်ကို အသံတိုးတိုးအသိပေးခဲ့၏။

“ဒီမြို့က ရူးနေတဲ့ လူတွေက ဒီရက်ထဲ ပြောနေကြလို့ ငါက နင့် ဂရုစိုက်ဖို့ သတိပေးချင်ခဲ့တာ၊ မမျှော်လင့်ဘဲ နင်က တကယ်ပဲ သဘောကောင်းတဲ့လူနှစ်ယောက်နဲ့ ဆုံတွေ့ခဲ့တာပဲ၊

လင်းမိန်ဟွေ့နဲ့ စုန့်ယီတို့က လူကောင်းတွေပါ… နင့်အနေနဲ့ သူတို့နောက်ကနေ လိုက်ပြီး သင်ယူသင့်တယ်”

“ကောင်းပြီ၊ ကျွန်တော် ပိုက်ဆံရှာပြီး အိမ်ဝယ်ပြီးတာနဲ့ အစ်မကို လက်ထပ်မယ်”

“ဘယ်သူက နင့်ကို လက်ထပ်ချင်တယ် ပြောလို့လဲ၊ နင်က အရမ်းမျက်နှာပြောင်နေတာပဲ”

ယွမ်လီဟွားတစ်ယောက် ချန်အန်းသယ်နှင့်အတူ အိမ်ပြန်ခဲ့လာသည်။

အိမ်ပြန်ရောက်ချိန်တွင် ချန်အန်းသယ်၏အမေက ချန်အန်းသယ် လမ်းမှန်ရောက်နေခြင်းကို ဂုဏ်ပြုရန်အတွက် အရသာရှိသည့်ဟင်းပွဲများဖြင့် စားပွဲတစ်လုံးအပြည့် ချက်ပြုတ်ထားလေ၏။

တစ်ဖကာထဲတွင်တော့ လင်းမိန်ဟွေ့တစ်ယောက် ရေချိုးပြီးနောက် မျက်နှာလိမ်းခရမ်တချို့ကို လိမ်းလိုက်သည်။

လေအတွင်း၌ သူမ၏ မွှေးရနံ့များက ပြန့်လွင့်နေ၏။

ရေခဲမုန့်လုပ်နေသည့် စုန့်ယီမှာ ထိုအနံ့ကိုရရှိသောကြောင့် ပြန်လှည့်ကြည့်ပြီး ပြုံးလိုက်သည်။

“အမျိုးသမီးတွေက ကြီးမားတဲ့ အသွင်ကူးပြောင်းမှုတွေ ရှိတယ်လို့ ပြောကြတယ်၊ မိန်ဟွေ့… အခု မင်း ပိုပြီး မိန်းမဆန်တဲ့ရနံ့ရှိလာပြီ”

“မိန်းမဆန်တဲ့ ရနံ့က ဘယ်လိုလဲ”

“မိန်းမဆန်တယ်ဆိုတာ ဒီလို မွှေးကြိုင်ပြီး လှပတဲ့အရာမျိုးက လူတွေကို လိုချင်စေ...”

စုန့်ယီတစ်ယောက် သတိဝင်လာပြီး သူ ပြောတော့မည့် စကားကို ပြန်မြိုချလိုက်ရ၏။

ဤရက်များအတွင်း လင်းမိန်ဟွေ့ အိပ်ပျော်သွားသည်ကို စောင့်နေရသည့်အချိန်တိုင်း သူတစ်ညလုံး ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မရခဲ့ချေ။

ဤညတွင်တော့ ထိုခေါင်းစဉ်ကို သူထပ်မပြောရဲတော့။ မဟုတ်လျှင် သူနံနက်မိုးလင်းသည်အထိ မျက်လုံးဖွင့်ထားရပေလိမ့်မည်။

All Chapters