အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း(87)
ယခင်ဘဝ၌ ကျန်းကျစ်ကုန်းမှာ ဆိုးသွမ်းသည့်အလုပ်များစွာကို လုပ်ခဲ့ပြီး မကောင်းသည့်အရာများကိုလည်း မရေမတွက်နိုင်အောင် လုပ်ခဲ့၏။
ထိုသို့သောလူမျိုးနှင့် တိုက်ခိုက်နေရမည်ဆိုလျှင် ရိုးသားဖြောင့်မတ်၍ နှိမ့်ချသည့်လူများကသာ ဒုက္ခခံရမည်ပင်။
စုန့်ယီက ခေါင်းမော့လိုက်ကာ သူ့ မျက်လုံးများသည်လည်း တည်ငြိမ်နေခဲ့သည်။
“ကိုယ် သူ့ရဲ့ ရာဇဝတ်မှု အထောက်အထားကို ရှာမယ်.. ဘယ်လိုသဲလွန်စမှ မရှိဘူးဆိုတာကို ငါ မယုံဘူး”
လင်းမိန်ဟွေ့က စုန့်ယီကို ကြည့်လိုက်ပြီးနောက် ဤတစ်ကြိမ်၌ တစ်ဖက်လူက တကယ်ပင် အလေးအနက်ပြောနေခြင်းဖြစ်ကြောင်းကို သူမ သိလိုက်၏။
လင်းမိန်ဟွေ့၏ နှလုံးက အခုန်မြန်သွားခဲ့ပြီး စုန့်ယီ ဒုက္ခရောက်မည်ကိုလည်း စိုးရိမ်သွားမိလေသည်။
သူမ စုန့်ယီထံသို့ လျှောက်သွားပြီး ပြောလိုက်လေ၏။
“အစ်ကိုစုန့်ယီ၊ ရှင် သူ့ကို သွားရှာလို့မရဘူး.. ကျွန်မ ခွင့်မပြုဘူး...ကြားလား”
သူတို့နှစ်ဦးက အလွန်နီးကပ်နေသောကြောင့် တစ်ဦး၏အသက်ရှုသံကို တစ်ဦးခံစားမိနေခဲ့သည်။
စုန့်ယီတစ်ယောက် သူလုပ်နေသည့်အရာများကို ရပ်လိုက်မိပြီး လင်းမိန်ဟွေ့၏ နက်မှောင်နေသော မျက်လုံးလေးများကို ငေးစိုက်ကြည့်လိုက်မိလေ၏။ သူ့၏ရင်ထဲ၌ ပြောပြမရသည့် ခံစားချက်တစ်ခု ပျံ့နှံ့နေခဲ့သည်။
“မိန်ဟွေ့၊ မင်းအနေနဲ့ နောက်တစ်ခါ ဒီလိုကိစ္စမျိုး နောက်ကြုံလာရင် ကိုယ့်ကို ပြောပြရမယ်၊ မင်း လျှို့ဝှက်ပြီး ကိုယ့်ဘာသာကိုယ် ရင်ဆိုင်တာမျိုးကို မလိုချင်ဘူး”
“ ကျွန်မ သိပါပြီ”
လင်းမိန်ဟွေ့တ၀်ယောက် စုန့်ယီ၏မျက်ဝန်းထဲရှိ နာကျင်သည့်အရိပ်အယောင်များကို မြင်လျှင် သူမအတော်လေး လွန်သွားပြီဟု ရုတ်တရက် ခံစားလိုက်ရလေ၏။
ယနေ့ဖြစ်ပျက်ခဲ့ခြင်းကို စုန့်ယီသည်လည်း အမြန်သိသင့်ပေသည်။
သူမ သူ့ကို ဖုံးကွယ်မထားသင့်ပေ။ သူ ဖြေရှင်းနိုင်သည့်နည်းလမ်းရှိသည်ကို ယုံကြည်ပေးသင့်သည်။
စုန့်ယီက ခေါင်းပြန်ငုံ့သွားသည်ကို မြင်လျှင် လင်းမိန်ဟွေ့လည်း အနည်းငယ် စိတ်မကောင်းဖြစ်မိသွား၏။
သူမ သူ၏မျက်နှာကို ကြည့်လိုက်ပြီးနောက် သတိလက်လွတ်နဲ့ တစ်ဖက်လူ၏ပါးကိုနမ်းလိုက်မိသည်။ ထို့နောက် သူ၏ မျက်နှာကို တည့်တည့်ကြည့်လိုက်လေ၏။
“အစ်ကိုစုန့်ယီ၊ ကျွန်မကို စိတ်မဆိုးပါနဲ့၊ ရှင် ဒီလောက် စိတ်ဓာတ်ကျနေတာကို မြင်တော့ ကျွန်မ စိတ်မကောင်းဘူး”
ညက ရေပြင်ကဲ့သို့ တိတ်ဆိတ်နေခဲ့ခဲ့သည်။ ဆောင်းဦးကလည်း နီးကပ်လာပြီဖြစ်သောကြောင့် အရာအားလုံးက ပို၍ပင် တိတ်ဆိတ်နေလေသည်။
စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့ နမ်းလိုက်သော သူ့၏မျက်နှာအစိတ်အပိုင်းမှာ ပူပြီး ထုံကျင်နေခဲ့ကာ အနည်းငယ်လည်းမွှေးနေသည်ဟု ခံစားလိုက်ရ၏။
သူ အနည်းငယ် ရှက်ရွံ့သွားပြီးနောက် အနောက်ဘက်သို့ပြန်လှည့်၍ အလုပ်ကို ဆက်လုပ်နေခဲ့လေသည်။
သူက ငြင်းဆန်သည့်အသံဖြင့် ပြောလေ၏။
“နောက်ကျနေပြီ၊ သွားပြီး အနားယူလိုက်တော့”
“ရှင် စိတ်မဆိုးဘူးလို့ ပြောမှ ကျွန်မ သွားနားမယ်”
စုန့်ယီကလည်း ပြန်လှည့်ကာ လင်းမိန်ဟွေ့ကို စိုက်ကြည့်လိုက်သည်။
သူမ၏တောက်ပနေသည့် မျက်လုံးလေးများမှာ မမြင်နိုင်သော ရေဝဲလက်တံများရှိနေခဲ့ပြီး သူ့အား ဆွဲခေါ်နေသကဲ့သို့ပင်။
စုန့်ယီမှ စိတ်မဆိုးဘူးဟု ပြောသည့်အချိန်မှသာ လင်းမိန်ဟွေ့က ပျော်ရွှင်စွာဖြင့် အခန်းထဲသို့ ပြန်ပြီးအနားယူလေသည်။
ထိုညတွင် သူတို့နှစ်ဦးစလုံး အိပ်ရာပေါ်၌ အချိန်အတော်ကြာ လဲလျောင်းနေခဲ့ပြီးမှသာ အိပ်ပျော်သွားကြပြီး သူတို့၏ အိမ်မက်များမှာ ချိုမြိန်နေခဲ့၏။
နံနက်စောစောတွင်တော့ လင်းမိန်ဟွေ့မှ ဆိုင်ခန်းကို စောစောဖွင့်ခဲ့ပြီး ချန်းအန်းသယ် လူလဲရန် လာမည့် အချိန်ကို စောင့်နေခဲ့သည်။
သူမက နံနက်ပိုင်း၌ ရေခဲမုန့်များကို ဆိုင်သို့ သွားပို့ပေးရမည့် စုန့်ယီကို ကူညီပေးချင်နေခဲ့၏။ သို့သော်လည်း အချိန်အတော်ကြာစောင့်နေပြီးနောက်ပင် ချန်အန်းသယ်ကို မည်သည့်နေရာမျှ မတွေ့ရပေ။
လင်းမိန်ဟွေ့တစ်ယောက် ချန်အန်းသယ်၏ အိမ်သို့ သွားရှာရန် ပြင်ဆင်နေစဉ်မှာပင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
ထိုသူက ဆိုင်ကယ်စီးဦးထုပ်ကို ချွတ်လိုက်မှသာ လင်းမိန်ဟွေ့လည်း တစ်ဖက်လူက ချန်အန်းသယ်ဖြစ်ကြောင်းကို သိသွားလေ၏။
“ရှင် ဘယ်ကိုသွားမလို့လဲ”
“မိန်ဟွေ့.. ငါ ခွင့်တောင်းချင်လို့... မြို့ပြင်ကို အလုပ်ကိစ္စလေးတစ်ခု သွားလုပ်ဖို့ လိုအပ်တယ်၊ တစ်မနက် ဒါမှမဟုတ်လည်း တစ်နေကုန်လောက် ကြာနိုင်တယ်”
ချန်အန်းသယ်က ပြောပြီးသည်နှင့် သူ့ ဦးထုပ်ကို ပြန်ဆောင်းကာ ဆိုင်ကယ်မောင်း၍ အလျင်အမြန်ပျောက်ကွယ်သွားလေသည်။
လင်းမိန်ဟွေ့တစ်ယောကာ ဆိုင်ခန်းအတွင်း၌ ပုံနေသည့် အလုပ်များအား ကြည့်၍ မျက်မှောင်ကြုတ်လိုက်မိ၏။
ချန်အန်းသယ်က အလုပ်ကို ကလေးကစားသလို လုပ်နေပြီး နောက်တစ်ခါ ထပ်ပျင်းနေပြန်ပြီ!
လင်းမိန်ဟွေ့တစ်ယောက် အလုပ်များကို ဆက်လုပ်ရဦးမည်ကို တွေးမိပြီး ပထမဆုံးအနေဖြင့် ဆိုင်ခန်းကို ပိတ်လိုက်ကာ စုန့်ယီနှင့်အတူ ရေခဲမုန့်များ ပို့ပေးခဲ့ပြီးမှ ဆိုင်ခန်းသို့ ပြန်လာ၍ ဆိုင်ဖွင့်လေသည်။
လင်းမိန်ဟွေ့တစ်ယောက် တစ်မနက်လုံး ခြေထောက်နှင့် မြေပြင်မထိသကဲ့သို့ အလုပ်များနေခဲ့သော်လည်း စဉ်းစားကြည့်လျှင် အတော်လေးပင် ကျေနပ်စရာကောင်း၏။
အနီးအနားရှိ မြို့လေးတစ်ခု၌။
ချန်အန်းသယ်မှာ ဆိုင်ကယ်စီးပြီး သတ်မှတ်ထားသည့် နေရာသို့ ရောက်သွားလေသည်။
သူ၏ သူငယ်ချင်းတစ်ဦးမှ မြို့နှင့်မလှမ်းမကမ်းရှိ အိမ်ဟောင်းတစ်လုံးကို လက်ညှိုးထိုးပြ၍ ပြောလာ၏။
“အဲဒါကို တွေ့လား…အဲဒီအိမ်ထဲမှာ ရေခဲသေတ္တာအများကြီးပဲ၊ ပြီးတော့ အဲဒါတွေအကုန်လုံးက ကျန်းကျစ်ကုန်း ရောင်းတဲ့ တောရိုင်းတိရစ္ဆာန်အသားတွေနဲ့ ပြည့်နေတာ”
“မင်း သေချာရဲ့လား၊ အမြင်မှားတာမျိုး မဟုတ်ဘူးမလား”
“ဘယ်လိုလုပ် မှားနိုင်မှာလဲ၊ သူက ဒီပတ်ဝန်းကျင်က လူတွေကို ခဏ ခဏ ရောင်းပေးနေတာ၊ မြေခွေးသားတွေ…ဒရယ်သားတွေ… အမွေးနားညိုရောင် တောကြက်အသားတွေ ရှိတယ်လို့လည်း ကြားတယ်”
မနေ့က ချန်အန်းသယ်မှ သူ၏ သူငယ်ချင်းများအား ကျန်းကျစ်ကုန်း၏ ရာဇဝတ်မှု အထောက်အထားများကို ကူရှာခိုင်းခဲ့သည်။
သူ၏ သူငယ်ချင်းများမှ ထိုသတင်းအား သူ့ထံသို့ ဤမျှ အလျင်အမြန်ဖြင့် ပြန်ပြောပေးနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ချန်အန်းသယ် ထလိုက်ပြီး အထဲသို့ သွားကြည့်ရန် ပြင်ဆင်နေစဉ် သူ၏ သူငယ်ချင်းမှ သူ့ကို တားလိုက်ပြီး ပြောလေ၏။
“မသွားသေးနဲ့ဦး… ဒီနေ့ သူတို့ အရောင်းအဝယ်လုပ်မယ်လို့ ကြားတယ်၊ ပြောကြတာတော့ ကြောင်တစ်ကောင်၊ တောကြောင်ကြီး တစ်ကောင် ဖမ်းမိတယ်တဲ့၊
ပိုက်ဆံရှိတဲ့လူတွေက တောရိုင်းတိရစ္ဆာန်အသားတွေကို စားချင်ကြတာ.. အဲဒါတွေအတွက်လည်း ဈေးကြီးကြီး ပေးဝယ်ကြတယ်”
“အန်းသယ်…မင်း သူ့ကို လက်ပူးလက်ကြပ် မမိချင်ဘူးလား၊ အခုပဲ တိတ်တိတ်လေး ရဲကို ဖုန်းခေါ်ပြီး ဖမ်းခိုင်းလိုက်ကြမယ်၊ ယါဆို သူလည်း ဘာမှ ခုခံနိုင်တော့မှာ မဟုတ်ဘူး”
ချန်အန်းသယ်လည်း ထိုစကားကို ကြားပြီးနောက် ကျိုးကြောင်းဆီလျော်သည်ဟု တွေးမိကာ ချက်ချင်းပင် ရဲကို ဖုန်းခေါ်ခဲ့သည်။
ဆယ့်နှစ်မိနစ်ကြာပြီးနောက် ရဲအရာရှိများနှင့် ချန်အန်းသယ်တို့မှာ တောဘက်မှ ထောင့်တစ်နေရာ၌ ပုန်းအောင်း၍ ကျန်းကျစ်ကုန်းနှင့် သူ့လူများ အရောင်းအဝယ်လုပ်သည်ကို စောင့်နေခဲ့ကြ၏။
သူတို့ အတော်ကြာ စောင့်နေရသော်လည်း ကျန်းကျစ်ကုန်းတို့မှာ ရောက်မလာသေးပေ။ သူတို့စိတ်ထဲ၌ အချည်းနှီးဖြစ်သွားပြီဟုသာ ထင်နေကြသည်။
မထင်မှတ်ဘဲ ထိုအချိန်၌ လူအနည်းငယ်က အိမ်အနားသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ရောက်လာ၏။
ပတ်ဝန်းကျင်၌ လူ မရှိနေကြောင်း သေချာမှ အိမ်ထဲသို့ ဝင်သွားခဲ့ကြသည်။
ခဏအကြာတွင် ကျန်းကျစ်ကုန်းလည်း ဆိုင်ကယ်ဖြင့် ရောက်လာခဲ့ပြီး ဆိုင်ကယ်ပေါ်၌ လူတစ်ယောက် ပါလာ၏။
သူတို့နှစ်ယောကာ စကားပြောဆို ရယ်မောရင်းဖြင့် အိမ်ထဲသို့ ဝင်သွားခဲ့ကြသည်။
မိနစ်အနည်းငယ်အကြာတွင်တော့ ထိုလူမှာ ပီနံအိတ်တစ်လုံးကို ကိုင်၍ ထွက်လာခဲ့ပြီး အိတ်သည် ဖောင်းနေပြီး တစ်ခုခု ပါနေပုံရ၏။
[N/ ပလတ်စတစ်ကြိုးတွေနဲ့ စက်ရုံထုတ် ယက်လုပ်ထားတဲ့ ဆန်အိတ်၊ မြေဩဇာအိတ် စတာတွေကိုတော့ ပီနံအိတ်လို့ အများဆုံး ခေါ်ကြပါတယ်]
ရဲအရာရှိများက အလျင်အမြန် ပြေးထွက်ပြီး ကျန်းကျစ်ကုန်းနှင့် အရောင်းအဝယ် လုပ်လာသည့်လူကို ဖမ်းလိုက်ကြသည်။
ထိုလူက အော်ဟစ်ခဲ့ပြီး အပြစ်အားလုံးကို ကျန်းကျစ်ကုန်းပေါ်သို့ ပုံချလိုက်၏။
“ကျန်းကျစ်ကုန်းကပဲ ကျွန်တော့်ကို ဒါတွေအကုန်လုံး လုပ်ခိုင်းတာပါ… ကျွန်တော်က ဘာမှမသိရပါဘူး၊ ရဲအရာရှိတို့ ကျွန်တော့်ကို သွားခွင့်ပေးကြပါ… ကျွန်တော် ဘာမှမသိပါဘူး”
ကျန်းကျစ်ကုန်း၏ မျက်နှာမှာ မဲမှောင်သွားပြီး ထိုလူ့ ခြေထောက်ကို ကန်လိုက်သည်။
“သေစမ်း! မင်းကို ဘာမှတောင် မလုပ်ရသေးဘူး… မင်းက အကုန်ပြီး လျှောက်ပြောနေပြီ၊ မင်းရဲ့ ရာဇဝတ်မှုက ပေါ့သွားမယ်လို့ ထင်နေတာလား”
ရဲများက အိတ်ကို ဖွင့်ကြည့်လိုက်စဉ် အထဲ၌ မေ့မြောနေသည့် တောကြောင်ကြီး တစ်ကောင်ကို တွေ့လိုက်ရ၏။
တောကြောင်ရိုင်းကြီးမှာ တစ်မီတာခန့် ရှည်ပြီး ခန္ဓာကိုယ်အနှံ့ရှိ အမွှေးအမျှင်များမှာ နူးညံ့နေသည်။
ခြေထောက်တစ်ချောင်းမှာလည်း ကျိုး၍ တွဲကျနေခဲ့၏။
ရဲများက ထိုတောကြောင်ကြီးမျိုးစိတ်မှာ တကယ်ပင် နိုင်ငံတော်မှ ကာကွယ်ထားသော တိရစ္ဆာန်ဖြစ်သည်ကို တွေ့လိုက်ရသောကြောင့် ကျန်းကျစ်ကုန်းနှင့် အရောင်းအဝယ် လုပ်သည့်လူများအားလုံးကို ဖမ်းဆီးရန် တိုက်ရိုက် အချက်ပြလိုက်သည်။
ထိုအချိန်တွင် ချန်အန်းသယ်က ထောင့်မှ ထွက်လာ၍ ကျန်းကျစ်ကုန်းထံ လျှောက်သွားကာ အထင်သေးစွာကြည့်လိုက်လေ၏။
“ကျန်းကျစ်ကုန်း… မင်း တော်တော် သတ္တိရှိတာပဲ တောရိုင်းတိရစ္ဆာန်တွေကိုတောင် ဖမ်းရဲတယ်ပေါ့၊ ဒီရာဇဝတ်မှုက မပေါ့ဘူးဆိုတာ မင်းသိတယ်မလား”
ကျန်းကျစ်ကုန်းအနေဖြင့် သူတို့ အပြင်ပန်း၌ ဝက်သားရောင်းသည်ဟုသာ ပြောထားပြီး လျှို့ဝှက်ရောင်းချနေခြင်းကို ဤမျှမြန်မြန်ဖြင့် ပေါက်ကြားသွားခြင်းကို အစပိုင်းတွင် နားမလည်နိုင်ဖြစ်နေခဲ့သည်။
ယခုတွင်တော့ သိလိုက်ပေပြီ။
ထိုကိစ္စပေါ်သွားခြင်းမှာ ချန်အန်းသယ်မှ သူ့အား စုံစမ်းနေခြင်းကြောင့်ပင်။
ကျန်းကျစ်ကုန်းတစ်ယောက် မျက်နှာလွှဲလိုက်ပြီး ချန်အန်းသယ်ကို တံတွေးဖြင့် ထွေးလိုက်သည်။
ကံကောင်းစွာဖြင့် ချန်အန်းသယ်က လျှင်မြန်စွာအနောက်သို့ ဆုတ်သွားနိုင်ခဲ့၏။
“ချန်အန်းသယ်….ငါ ရဲစခန်းက ပြန်ထွက်လာတဲ့အထိ စောင့်နေ၊ ငါသာ မင်းမိသားစုတစ်ခုလုံးကို မသတ်နိုင်ရင် ငါ့မျိုးရိုးနာမည်က ကျန်း မဟုတ်တော့ဘူး”
“မင်းက အခုထိ မာန်မလျှော့ပါ့လား… မင်းမိသားစုတစ်ခုလုံးက တောရိုင်းတိရစ္ဆာန်တွေကို ဝယ်၊ ရောင်း၊ သတ်နေကြတာ တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး၊
ငါ့မိသားစုတစ်ခုလုံးကို သတ်ချင်ရင်လား ဒါဆို မင်းမိသားစုတစ်ခုလုံးကို ပြန်ထူထောင်နိုင်တဲ့အထိ စောင့်နေလိုက်”
ချန်အန်းသယ်က လှောင်ပြောင်၍ တီးတိုးရယ်မောကာ သူ၏ သူငယ်ချင်းများနှင့်အတူ ထွက်သွားခဲ့လေသည်။
ယွမ်ကျွမ်းမြို့သို့ အပြန်လမ်း၌ သူငယ်ချင်းအချို့က ချန်အန်းသယ်ကို မေးကြ၏။
“ကျန်းကျစ်ကုန်း ပြန်ထွက်လာပြီး မင်းကို လက်စားချေမှာကို မကြောက်ဘူးလား”
ချန်အန်းသယ်က သူတို့အား ကြည့်၍ ပြုံးရင်း ပြောလိုက်သည်။
“ကျန်းမိသားစုက အဆုံးသတ်သွားပြီလေ .. သူက ဘယ်လိုလုပ် တခြားသူတွေကို ဒုက္ခပေးနိုင်မှာလဲ”
သူ၏ သူငယ်ချင်းများက ချန်အန်းသယ်ကို ကြည့်လိုက်ကြပြီး သူ ဤတစ်ကြိမ် လုပ်ခဲ့သည်က အလွန်အာဏာကြီးလွန်းသည်ဟု ခံစားနေရ၏။
*
အခန်း(88)
ချန်အန်းသယ် ဆိုင်သို့ ပြန်ရောက်ချိန်တွင် လင်းမိန်ဟွေ့တစ်ယောက် စာရင်းစစ်နေသည်ကို တွေ့လိုက်ရသည်။
သူ တံခါးကို တွန်းဖွင့်၍ ပျော်ရွှင်စွာ ပြောလိုက်၏။
“မိန်ဟွေ့… ငါ ကျန်းကျစ်ကုန်းကို ရှင်းလင်းခဲ့ပြီ”
“ရှင် သူ့ကို သွားရှာခဲ့တာလား”
လင်းမိန်ဟွေ့ ထိတ်လန့်သွားရသည်။ သူမအနေဖြင့် သူမကြောင့် ချန်အန်းသယ် ဒုက္ခရောက်မည်ကို မလိုလားပါချေ။
ချန်အန်းသယ်က စင်ပေါ်မှ ဆိုဒါပုလင်းတစ်လုံးကို ယူကာ မော့သောက်လိုက်ပြီးနောက် လင်းမိန်ဟွေ့ကို ရှင်းပြလေ၏။
“ကျန်းမိသားစုက တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းပြီး အသားနဲ့ သားမွှေးတွေကို တရားမဝင်ရောင်းနေတာလေ… အခု ရဲတွေက သူတို့ကို ဖမ်းလိုက်ပြီ၊ သူတို့တွေ အပြစ်ဒဏ် မခံရရင်တောင် သူတို့ရဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးကို အသိမ်းခံရလိမ့်မယ်”
“ရှင် မနက်အစောကြီး ထွက်သွားတာက ဒါတွေလုပ်ဖို့အတွက် ထွက်သွားခဲ့တာလား”
လင်းမိန်ဟွေ့အနေဖြင့် ချန်အန်းသယ်က ပျော်ပါးရန်အတွက် ထွက်သွားခြင်းဖြစ်မည်ဟုသာ ထင်နေခဲ့သည်။ သူက သူမတို့အတွက် ကျန်းကျစ်ကုန်းကို လက်စားချေရန် ကူညီပေးနေခဲ့သည်ဟု မထင်ထားခဲ့ပါချေ။
ကျန်းမိသားစုတွင် ကိစ္စတစ်ခု ဖြစ်သွားကြောင်းကို ကြားလိုက်ရချိန်တွင် လင်းမိန်ဟွေ့လည်း မသိစိတ်မှပျော်ရွှင်သွားခဲ့ရမိ၏။
သူမ၏ မျက်နှာအမူအယာကတော့ မပြောင်းလဲသွားခဲ့ဘဲ စာရင်းများကိုသာ ဆက်တွက်နေခဲ့လေသည်။ ချန်အန်းသယ်ကတော့ ကျန်းကျစ်ကုန်းမှာ မည်သို့ အရှက်ရစရာများဖြစ်ခဲ့ပြီး မည်သို့ အဖမ်းခံရကြောင်း၊ ကျန်းမိသားစု၏ ဆိုင်များ မည်မျှ ပိတ်သွားကြောင်းတို့ကို ပြောနေခဲ့သည်။
ထိုအကြောင်းကိုကြားလျှင် လင်းမိန်ဟွေ့တစ်ယောက် အမှန်တကယ်ပင် ဖက်ထုပ်များလုပ်ပြီး မီးရှူးမီးပန်းများပစ်ဖောက်ကာ ပွဲတော်တစ်ခုပင်ကျင်းပချင်လာခဲ့မိ၏။
ချန်အန်းသယ်က လင်းမိန်ဟွေ့၏လက်ထဲမှ စာရင်းများကို လက်လွှဲယူလိုက်ကာ ပြောလာလေသည်။
“ဒါတွေကို ငါ တွက်လိုက်မယ်…မင်းနဲ့ စုန့်ယီတို့ သွားပြီး အောင်ပွဲခံသင့်တယ်၊ အခု မင်းတို့ရဲ့ရန်သူကြီးက အပြစ်ဒဏ်ကို ခံရပြီဆိုတော့ သေချာပေါက် ပျော်ရွှင်စရာပွဲလုပ်သင့်တာမလား”
လင်းမိန်ဟွေ့က ချန်အန်းသယ်မှာ သူမထက်ပင် ပိုပျော်နေသည်ကို မြင်လျှင် စိတ်ထဲမှနေ၍ သူ့ကို အကြိမ်ပေါင်းများစွာ ကျေးဇူးတင်လိုက်မိ၏။
သူ့အနေနှင့် သူမကို ယခင်ဘဝ၌လည်း ကူညီပေးခဲ့သော်လည်း ဤဘဝတွင် ပို၍ပင် ကူညီပေးခဲ့သည်။
သူသည်လည်း သူမ၏ ဘဝတွင် အရေးပါသည့် တစ်စုံတစ်ဦးဖြစ်ပေသည်။
သို့သော်လည်း ချန်အန်းသယ် ကိုယ်တိုင်ကတော့ လင်းမိန်ဟွေ့၏ စိတ်ထဲတွင် သူ၏ အရေးပါမှုကို မသိခဲ့ပေ။
သူသည်က သူ့ကို ကူညီရန် ဆန္ဒရှိသည့် လင်းမိန်ဟွေ့ကဲ့သို့ လူမျိုးကို တွေ့ရသည့်အတွက် သူ အလွန်ကံကောင်းသည်ဟု ထင်နေခဲ့သည်။
“ဘာပွဲမှ ကျင်းပစရာ မလိုပါဘူး… ပစ္စည်းပို့တဲ့လူက ခဏနေရင် ရောက်လာလိမ့်မယ်၊ ရှင် စာရင်းစစ်နေဦး… ကျွန်မ ပစ္စည်းချဖို့ ပြင်ဆင်ထားလိုက်မယ်”
“ဒါဆိုလည်း မင်းသဘောပါပဲ…အလုပ်ကြမ်းလုပ်ရတဲ့ အလုပ်တွေကို ငါ လုပ်လိုက်မယ်”
ချန်အန်းသယ်က ပြုံးလိုက်လေ၏။ အစောပိုင်းအချိန်များက ဆော့ကစားတတ်သည့် လူနှင့် လုံးဝမတူတော့ဘဲ ယခုအချိန်တွင် လက်တွေ့ကျသည့် စီးပွားရေးသမားတစ်ဦးကဲ့သို့ ဖြစ်နေခဲ့၏။
လင်းမိန်ဟွေ့လည်း ဤသို့ပြောင်းလဲမှုကြောင့် သူ့အတွက် တိတ်တဆိတ် ပျော်ရွှင်နေမိသည်။
ချန်အန်းသယ်တစ်ယောက် ပစ္စည်းချသည်ကို ကြည့်နေရင်း လင်းမိန်ဟွေ့တစ်ယောက် ယမန်နေ့က ယွမ်လီဟွားမှ သူမ၏အိမ်သို့ ရောက်လာကြောင်းကို ရုတ်တရက် ပြန်သတိရသွားခဲ့သောကြောင့် ချန်အန်းသယ်ကို မေးလိုက်၏။
“ရှင့်ရဲ့ မွေးစားအစ်မက ရုတ်တရက် တကူးတကလာရှာတာက.. မြို့ထဲက လူတွေပြောတဲ့ ကောလာဟလတွေကို ကြားလို့လား”
“အဲဒီလူတွေက ဘာမှလုပ်စရာ မရှိရင် အတင်းပြောရတာ ကြိုက်တယ်… သူတို့ကို ဂရုစိုက်မနေနဲ့”
“သူတို့က ကျွန်မတို့သုံးယောက်လုပ်နေတဲ့ အလုပ်တွေက ပုံမှန် မဟုပ်ဘူးလို့ ပြောနေကြတာလား”
လင်းမိန်ဟွေ့အနေဖြင့် ထိုအကြောင်းများကို အမှမ်တကယ်ပင် ခန့်မှန်းမိသည်။ ထိုသို့သာ မဟုတ်ပါလျှင် အမျိုးသမီးများအတွက် တစ်ခုခု ထလုပ်ရန်အတွက် ဖြစ်နိုင်ချေနည်းပါးသည်။
ထို့ကြောင့် ဤကိစ္စများ ဖြစ်လာရခြင်းမှာ တခြားသူများထံမှ ကောလာဟလများက မြို့တစ်ဝိုက် ပျံ့နှံ့နေခဲ့၍သာ ဖြစ်ပေလိမ့်မည်။
ကံကောင်းစွာဖြင့် ယွမ်လီဟွားက အသိတရားရှိပြီး နားလည်နိုင်စွမ်းရှိနေခဲ့သာဖြစ်ပေ၏။ သို့မဟုတ်ပါက သူတို့ အလွယ်တကူရှင်းပြ၍ရနိုင်လိမ့်မည် မဟုတ်ပေ။
လင်းမိန်ဟွေ့က တွေးကြည့်ပြီး အနာဂတ်၌ ဆိုင်ခန်းကို ကိုယ်တိုင် စီမံခန့်ခွဲရန် ဆုံးဖြတ်လိုက်သည်။
စုန့်ယီနှင့် ချန်အန်းသယ်ကိုတော့ တခြားသောနေရာများတွင် ရေခဲမုန့်များကို ရောင်းချခိုင်းရမည်။
ချန်အန်းသယ်မှ ပြုံး၍ ပြောလိုက်၏။
“မင်း သူတို့ပြောတဲ့စကားတိုင်းကို နားထောင်နေမယ်ဆိုရင် အသက်ရှင်ဖို့တောင် လွယ်ကူမှာမဟုတ်ဘူး.. ရှင်းရှင်း ပြောရရင် သူတို့ရဲ့ပါးစပ်ထဲမှာ အရာအားလုံးက အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်…ရှေးဟောင်းပုံပြင်ပြောသူတွေတောင် အဲဒီလောက်ထိ စကားတွေကိုချယ်လှယ်နိုင်မှာ မဟုတ်ဘူး”
နေ့လည်ပိုင်းအချိန်တွင်တော့ စုန့်ယီလည်း ပြန်ရောက်လာသည်။
ဆိုင်ခန်းထဲတွင် မည်သည့်လုပ်စရာမှ မရှိတော့သည့်အတွက် လင်းမိန်ဟွေ့အနေဖြင့် အစ်မစုန့်ကို သွားတွေ့ရန်အတွက် သူတို့၏ဇာတိမြို့သို့ သွားရန် ဆုံးဖြတ်လိုက်သည်။
သူမအနေဖြင့် အမစုန့်ကို ကျန်းမာရေးကို ဂရုစိုက်ရန်နှင့် အတင်းအကြပ် အလုပ်ကြမ်းများ မလုပ်ရန် ဖြောင်းဖြချင်ခဲ့သည်။
စုန့်ယီနှင့် ချန်အန်းသယ်တို့ကလည်း သူမ၏စကားကို သဘောတူခဲ့ကြ၏။ လင်းမိန်ဟွေ့က ဆိုင်ထဲမှ အာဟာရအားဖြည့်ဆေးများကို ယူဆောင်ခဲ့လေ၏။
မြို့က ဝေးကွာသောကြောင့် ချန်အန်းသယ်က သူမကို ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးမည်ဟု ပြောလာခဲ့သည်။
သူတို့ ဇာတိမြို့မှ မြို့နယ်အုပ်ချုပ်ရေးရုံးသို့ ရောက်သည့်အချိန်တွင် အစ်မစုန့်ာ အလုပ်ဆင်းသွားခဲ့ပေပြီ။
လင်းမိန်ဟွေ့က ကျန်းကျစ်ကုန်း ပြောခဲ့သည့်စကားများကိုပြန်တွေးမိကာ စိတ်မသက်မသာဖြစ်မိသွားရသည်။ သူမက ချန်အန်းသယ်၏ ပခုံးကို ပုတ်၍ ပြောလိုက်လေ၏။
“ကျွန်မကို အုတ်စက်ရုံ ပို့ပေးပါဦး”
လင်းမိန်ဟွေ့ အုတ်စက်ရုံသို့ ရောက်ပြီးနောက် မေးမြန်းကြည့်လိုက်ချိန်တွင် အစ်မစုန့်မှာ အုတ်ဖိုတွင် အမှန်တကယ် ရှိနေခဲ့သည်။
ချန်အန်းသယ်လည်း လင်းမိန်ဟွေ့ကို အစ်မစုန့် တွေ့ဖို့ရန်အတွက် လိုက်ပို့ပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ သူငယ်ချင်းများနှင့် သွားတွေ့ရန်အတွက် ဆိုင်ကယ်ဖြင့် ထွက်ခွာသွားခဲ့၏။
သို့နှင့် လင်းမိန်ဟွေ့တစ်ယောက်တည်းသာ အုတ်ဖိုဆီသို့ လျှောက်သွားခဲ့သည်။
ထိုအချိန်တွင် စုန့်မေ့ယွင်မှာ အပူချိန် ဆယ်ဂဏန်းရှိသည့် အုတ်ဖိုထဲမှ အုတ်များကို သယ်နေခဲ့၏။ သူမ၏ အဝတ်အစားများမှာလည်း ချွေးများဖြင့် စိုရွှဲနေခဲ့ပြီး အမျိုးသားတစ်ဦးကဲ့သို့ပင် ပခုံးပေါ်၌ ချွေးသုတ်ရန် မျက်နှာသုတ်ပဝါဖြူတစ်ထည် တင်ထားသည်။
ထိုပုံစံမှာ မြင်တွေ့လိုက်ရုံဖြင့်ပင် ဝမ်းနည်းစေ၏။
“အစ်မစုန့်”
လင်းမိန်ဟွေ့ အော်ခေါ်လိုက်သည်။
စုန့်မေ့ယွင်လည်း လင်းမိန်ဟွေ့ကို တွေ့လိုက်ရသောကြောင့် အလွန်ပျော်သွားလေသည်။ သူမက ချက်ချင်းပင် လက်တွန်းလှည်းကို တခြားသူတစ်ဦးအား လွှဲပေးပြီး လင်းမိန်ဟွေ့ထံသို့ လျှောက်လာခဲ့၏။
“မင်း ဘာလို့ ဒီကို ရောက်လာတာလဲ.. အပြင်ကို အမြန်ထွက်လိုက်ဦး.. အထဲမှာ အရမ်းပူတယ်၊ အပူရှပ်လိမ့်မယ်”
စုန့်မေ့ယွင်က တခြားသူများအတွက် ဂရုစိုက်ပေးနေတုန်းပင်။
သူမက လင်းမိန်ဟွေ့ကို အုတ်ဖိုအပြင်ဘက်သို့ ဆွဲခေါ်သွားခဲ့သည်။ ထို့နောက် လင်းမိန်ဟွေ့ကို ကြည့်၍ ချီးကျူးစကားများ ပြောလာခဲ့လေ၏။
“မင်း အရင်ကထက် အများကြီး ပိုလှလာတာပဲ…ပိုပြီးလည်း သန်မာလာတယ်၊ အခု ကောင်းကောင်းမွန်မွန် နေထိုင်နေတယ်မလား”
လင်းမိန်ဟွေ့တစ်ယောက် အစ်မစုန့်ကို ကြည့်ပြီး သူမအတွက် အလွန်သနားသွားခဲ့ရသည်။
“အစ်မစုန့်…အစ်မ ဘာလို့ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေရတာလဲ၊ အမျိုးသမီးတစ်ယောက်က ဒီလိုအလုပ်မျိုးကို ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ … ကျွန်မနဲ့အတူ ပြန်လိုက်ခဲ့ပါလား”
စုန့်မေ့ယွင်သည်ကား သူမ၏မတ်လေးအတွက် မိသားစုတစ်ခု ထူထောင်ပေးလိုခြင်းပင်။ ထိုသို့ဆိုလျှင် ဝမ်ကျင်းဝမ့်သည်လည်း စိတ်ပူနေစရာမလိုတော့ချေ။
သူတို့ ယခုနေနေသည့် ခြံကို စုန့်မိန်ယွင်နှင့် ဝမ်ကျစ်ဝမ်တို့ ပိုင်ဆိုင်ခြင်းဖြစ်သည်။ သူမ၏ မတ်လေးသာ အိမ်ထောင်ပြုမည်ဆိုပါက တခြားအိမ်တစ်လုံး ထပ်ဝယ်ရပေမည်။
စုန့်မေ့ယွင်က အုတ်ဖိုမှ လုပ်အားခကောင်းကောင်း ပေးလိမ့်မည်ဟု မျှော်လင့်မိ၏။ ဤနေရာတွင် တစ်နှစ်ခွဲခန့် အလုပ်လုပ်ပါက အိမ်တစ်လုံး ဝယ်နိုင်ပေလိမ့်မည်။
စုန့်မေ့ယွင်အနေဖြင့် သူမ အကြိမ်အနည်းငယ်သာ တွေ့ဖူးသည့် ဤညီမလေးက သူမအား ဤမျှလောက် ဂရုစိုက်ပြီး လာရောက်တွေ့ဆုံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အပြင်ဘက်၌ လေများတိုက်ခတ်နေသောကြောင့် အေးစိမ့်နေခဲ့သည်။
စုန့်မေ့ယွင်က သူမ၏နဖူးမှ ချွေးများကို သုတ်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေ၏။
“အဆင်ပြေပါတယ်… ငါလည်း အသက်သိပ်ကြီးသေးတာမှ မဟုတ်တာ.. လှည်းနည်းနည်းလောက် ဆွဲတာက ဘာမှမဖြစ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အရင်ကဆို ငါက အအေးကို အရမ်းကြောက်တတ်ခဲ့တာလေ… အခုဆို အုတ်ဖိုထဲမှာဆိုတော့ နွေးနွေးထွေးထွေးလုပ်နေရတာပဲမလား”
လင်းမိန်ဟွေ့တစ်ယောက် စုန့်မေ့ယွင်မှ သူမကိုယ့်သူမ နှစ်သိမ့်နေသည်ကို သိသောကြောင့် ဝမ်းနည်းလွန်းသည့်အတွက် စကားပင်ပြောနိုင်ခဲ့ပေ။
ခဏအကြာတွင် လင်းမိန်ဟွေ့က စုန့်မေ့ယွင်ကို အုတ်ပုံတစ်ပုံ၏ အနောက်ဘက်သို့ ဆွဲခေါ်သွားပြီး အုတ်ပုံပေါ်တွင် ပစ္စည်းများကို တင်ပေးလိုက်၏။
“အစ်မစုန့်….ဒီပစ္စည်းတွေက ကျွန်မရဲ့ခဲအိုအတွက် ခွန်အားဖြည့်ဆေးတွေပါ၊ အစ်မ အခု ကျွန်မနဲ့အတူ အိမ်ပြန်သွားရအောင်လေ”
“ငါ ဒီနေ့အတွက် အလုပ်ပြီးဖို့ လှည်းသုံးစီး ကျန်သေးတယ်…ဒီမှာ နာရီဝက်လောက် စောင့်ပေးမလား မြန်မြန် ပြန်လာခဲ့မယ်”
“မဖြစ်ဘူး… အစ်မ အခု ကျွန်မနဲ့အတူ အိမ်ပြန်ရမယ်၊ အစ်မမှာ ပိုက်ဆံမလုံလောက်ရင် ကျွန်မ ကူညီပေးဖို့ နည်းလမ်းရှာပေးမယ်”