အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း(89)
လင်းမိန်ဟွေ့က စုန့်မိန်ယွင်ကို ဖက်ထားပြီး မလွှတ်တမ်း ဆွဲထားခဲ့လေ၏။ စုန့်မေ့ယွင်လည်း လင်းမိန်ဟွေ့၏လုပ်ရပ်ကြောင့် အနည်းငယ် ကြောင်အသွားရလေသည်။
“မိန်ဟွေ့၊ ဒါက အစ်မရဲ့ မိသားစုကိစ္စလေ… အစ်မဘာသာ ဖြေရှင်းပါ့မယ်၊ မင်းဘက်က အစ်မကို အကုန်လုံး လိုက်ပြီးကူညီပေးစရာ မလိုပါဘူး…အရင်တုန်းက ကိစ္စနဲ့တင် ငါ မင်းကို အရမ်းကျေးဇူးတင်နေပါပြီ”
လင်းမိန်ဟွေ့ နားလည်ပေ၏။
သူမက ပြီးခဲ့သည့်တစ်ကြိမ်တွငရ ဝမ်ကျင်းဝမ့်ကိုပြောခဲ့သည့် စကားများကြောင့် ထိုသူက အသိတရားပြန်ဝင်လာကြောင်းကို ပြောနေခဲ့ခြင်းသာဖြစ်လိမ့်မည်။
သို့သော် သူမအနေဖြင့် အစ်မစုန့်ကို ဤသို့အလုပ်မျိုး လုပ်ခွင့်မပေးနိုင်ပေ။
လင်းမိန်ဟွေ့က စုန့်မိန်ယွင်ကို အုတ်ဖိုမှ ဆွဲခေါ်သွားရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် နောက်ဘက်မှ တစ်စုံတစ်ဦး အော်သံကို ကြားလိုက်ရ၏။
“ဖယ်ကြ! မြန်မြန်ဖယ်! အုတ်ပုံ ပြိုကျတော့မယ်!”
ချက်ချင်းပင် သူတို့၏ အနောက်မှ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာခဲ့သည်။
အုတ်ခဲများက လင်းမိန်ဟွေ့ကို ထိတော့မည့်ဆဲဆဲ၌ စုန့်မိန်ယွင်က လင်းမိန်ဟွေ့ကို အားဖြင့် တွန်းထုတ်လိုက်လေ၏။
အုတ်ခဲများက စုန့်မိန်ယွင်အပေါ်သို့ ပုံကျသွားခဲ့ပြီး အုတ်စက်ရုံမှ အလုပ်သမားများမှာလည်း ချက်ချင်းပင် ထိတ်လန့်သွားကြကာ ဝိုင်းအုံ၍ ကူညီခဲ့ကြသည်။
လင်းမိန်ဟွေ့ ကြောင်အနေခဲ့၏။
သူမ သတိပြန်ဝင်လာရန်အတွက် အချိန်ခဏကြာခဲ့ပြီးနောက် အုတ်စက်ရုံမှလူများနှင့်အတူ အုတ်များကို ဖယ်ရှားပေးခဲ့သည်။
စုန့်မိန်ယွင်ကို နောက်ဆုံး၌ ကယ်ထုတ်နိုင်ခဲ့၏။
ကံကောင်းစွာဖြင့် အုတ်ခဲများမှာ ရေဓာတ်ရှိနေဆဲ ဖြစ်ပြီး ထိခိုက်မိသည့်အချိန်တွင် အများစုမှာ ကျိုးသွားရုံသာဖြစ်နိုင်သည်။
စုန့်မိန်ယွင်တစ်ယောက် ဒဏ်ရာ မပြင်းထန်ခဲ့သော်လည်း ဖုန်များ အလိမ်းလိမ်းနှင့် ဖြစ်နေကာ ကြည့်ရသည်မှာ အတော်ကြောက်စရာကောင်းနေခဲ့၏။
“အစ်မစုန့် အဆင်ပြေရဲ့လား၊ ကျွန်မ ခုနက တကယ် ကြောက်သွားခဲ့တာ”
“အစ်မ အဆင်ပြေပါတယ်၊ မိန်ဟွေ့… မင် မြန်မြန် ပြန်သွားလိုက်တော့.. ဒီနေရာက အရမ်းအန္တရာယ်များတယ်”
စုန့်မိန်ယွင်က သူမ၏ကိုယ်ပေါ်မှ ဖုန်များကို ဂရုမစိုက်ဘဲ လင်းမိန်ဟွေ့ကို သန့်ရှင်းပေးလာခေ့်သည်။
လင်းမိန်ဟွေ့၏ နှာခေါင်းမှာ ချဉ်စူးလာခဲ့ရပြီး ငိုကြွေးချင်လာခဲ့ရ၏။
ထိုအချိန်တွင် မလှမ်းမကမ်းမှ တစ်စုံတစ်ဦးက ရုတ်တရက် အော်သံကို ကြားလိုက်ရသည်။
“ဟေး…ကျန်းကျစ်ကုန်း၊ မင်း ခုနက အုတ်တွေကို တွန်းချလိုက်တာမလား!
မင်း လူသတ်မိတော့မလို ဖြစ်သွားတယ်ဆိုတာကို သိလား၊ အဲဒီမှာ ရပ်နေစမ်း…မင်း ဒီလောက်တောင် ဆိုးသွမ်းပြီးနေပြီကို အခုထိ မရပ်နိုင်သေးဘူးလား”
လင်းမိန်ဟွေ့တစ်ယောက် ကျန်းကျစ်ကုန်းဟူသော အော်သံကြားလိုက်ရသောကြောင့် အလွန်ပင် ဒေါသထွက်သွားခဲ့ရသည်။
ကျန်းကျစ်ကုန်းက သူမကြောင့် အစ်မစုန့်ကို ထိခိုက်အောင် လုပ်ခဲ့တာများလား။
ဤသို့တွေးမိပြီးနောက် လင်းမိန်ဟွေ့က စုန့်မိန်ယွင်ကို လွှတ်လိုက်ပြီး ကျန်းကျစ်ကုန်း ထွက်ပြေးသွားသည့် လမ်းအတိုင်း လိုက်သွားခဲ့လေသည်။
အလုပ်သမားများက လင်းမိန်ဟွေ့ကို လှမ်းအော်ခေါ်ခဲ့ကြ၏။
“ကောင်မလေး…သူ့နောက်ကို ဆက်မလိုက်နဲ့တော့ သူက အခု ဘာမှဆုံးရှုံးစရာမရှိတော့လို့ လူတွေကို လိုက်ပြီးတိုက်ခိုက်ချင်နေတာ၊ မင်းကို ထိခိုက်အောင်မိလိမ့်မယ် သတိထားဦး”
လင်းမိန်ဟွေ့သည်ကား ရင်ထဲ၌ အလွန်ပင်မွန်းကျပ်နေပြီး နေရာတွင် ရပ်မနေနိုင်ခဲ့ပေ။
ကျန်းကျစ်ကုန်းမှာ အလွန်ဝသည့်အတွက် ခြေလှမ်းအနည်းငယ်လောက် လှမ်းပြီးသည်နှင့် အသက်ရှူကျပ်လာပြီး ဒူးများအား အားထိန်း၍ ကိုင်ထားရကာ ဆက်မပြေးနိုင်တော့ချေ။
လင်းမိန်ဟွေ့က လမ်းဘေးမှ သစ်ကိုင်းတစ်ကိုင်းကို ဆွဲယူပြီး ကျန်းကျစ်ကုန်းကို ရိုက်ချလိုက်သည်။
“ရှင်က တကယ်ကို ရူးသွပ်နေတဲ့ တိရိစ္ဆာန်ကောင်ပဲ၊ ကျွန်မကို ထိခိုက်အောင် လုပ်တာတောင် အားမရလို့ အစ်မစုန့်ကို ဒုက္ခပေးချင်သေးတာလား! သူတို့မိသားစုမှာ မသန်စွမ်းတစ်ယောက် ရှိနေတယ်ဆိုတာ ရှင်သိရဲ့လား”
ကျန်းကျစ်ကုန်းမှာ အရိုက်ခံလိုက်ရသောကြောင့် နာကျင်သွားခဲ့ပြီး ဘယ်နှင့်ညာကို လှုပ်ရှားပြီးရှောင်ရှားနေသော်လည်း လင်းမိန်ဟွေ့က ဆက်လိုက် ရိုက်နှက်နေဆဲပင်။
ကျန်းကျစ်ကုန်းက အလွန်ဒေါသထွကက်လာခဲ့ပြီး သူ၏လက်ကိာ မြှောက်၍ သစ်ကိုင်းကို အားဖြင့် ဆွဲဖယ်လိုက်လေသည်။
လင်းမိန်ဟွေ့သည်ကား ပိန်ပါးလွန်းသည့်အတွက် တစ်ဖက်လူ၏အားကိုမပြိုင်နိုင်ခဲ့ဘဲ ယိုင်သွားခဲ့ရပြီးလဲတော့မလို ဖြစ်သွားခဲ့လေ၏။
“စုန့်ယီနဲ့ ချန်အန်းသယ်တို့ကြောင့် ငါတို့ရဲ့ ကျန်းမိသားစု အောက်ဆုံးအထိရောက်သွားခဲ့တာကိုကျတော့ မင်း ဘာလို့ မပြောရတာလဲ၊ ငါတို့ရဲ့ မျိုးဆက်သုံးဆက်တိုင်တိုင် စုဆောင်းခဲ့တဲ့ မိသားစုပိုင်ဆိုင်မှုတွေ အကုန်လုံး အသိမ်းခံလိုက်ရပြီ!”
ကျန်းကျစ်ကုန်း အလွန်ပင် ဒေါသထွက်နေပုံရသည်။
သူ့အနေဖြင့် လင်းမိန်ဟွေ့ကို ယခုပင် သတ်ပစ်ချင်နေခဲ့၏။
သူမသာ မရှိလျှင် သူ ဤသို့ အခြေအနေမျိုးကို အဘယ်ကြောင့် ရောက်လာရမည်နည်း။
မတိုင်ခင်ကလည်း သူ လင်းမိန်ဟွေ့ကို သတ်ပစ်ရန် ကြိုးစားခဲ့ခြင်းသာဖြင့်သည်။
သို့သော် သူ့အနေဖြင်် လင်းမိန်ဟွေ့ကို သေသွားသည့်အထိ တော့ မဖြစ်စေချင်သေးချေ။ သူမအား မလှုပ်နိုင်တော့လောက်အောင်သာ ဖြစ်စေချင်ခဲ့၏။ မထင်မှတ်ဘဲ စုန့်မိန်ယွင်က သူမကို ကာကွယ်ပေးခဲ့ပြန်သည်။
“အဲဒါက ရှင်တို့မိသားစုက တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးပြီး ဥပဒေချိုးဖောက်လို့ ဖြစ်ခဲ့တာလေ”
လင်းမိန်ဟွေ့သည်လည်း အလွန်ဒေါသထွက်နေခဲ့သည်။
ဤအိပ်မက်ဆိုးကဲ့သို့ ကျန်းကျစ်ကုန်းက သူမကို မည်သည့်အချိန်မှ လွှတ်ပေးမည်နည်း။
ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့၏ ဒေါသထွက်နေသည့် မျက်နှာကို ကြည့်၍ မသထီစရာအပြုံးဖြင့် လှောင်ပြောင်ရယ်မောလိုက်၏။
“ဒီမြို့ထဲမှာ ဘယ်သူကများ တောရိုင်းအသား မစားလို့လဲ..မင်း လိုက်ပြီးမေးကြည့်ပါဦး၊ သူတို့သာ မစားဘူးဆိုရင် ဘယ်သူကရော ရောင်းမှာလဲ….လူတိုင်းက အပြစ်ရှိနေတာပဲကွ”
လင်းမိန်ဟွေ့မှာ သူ့နှင့် ငြင်းခုံလိုစိတ် လုံးဝ မရှိတော့ချေ။ သူမ သူ့ကို ဒေါသတကြီး စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ကျန်းကျစ်ကုန်း… ကျွန်မ ရှင့်ကို သတိပေးထားမယ် အစ်မစုန့်ကို ထပ်ပြီး ထိခိုက်အောင်လုပ်ရင် ကျွန်မ ရှင်နဲ့ သေတဲ့အထိ တိုက်ခိုက်ပစ်မယ်”
ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့၏ ပိန်ပါးနေသည့် ခန္ဓာကိုယ်ကို ကြည့်၍ ကျယ်လောင်စွာ ရယ်မောလေ၏။
“မင်းက ငါ့ကို ဘယ်လိုများ တိုက်ခိုက်နိုင်မှာလဲ၊ ဒါမှမဟုတ် ဘာလို့ ကုတင်ပေါ်မှာပဲ မတိုက်ကြရမှာလဲ”
အလင်းကရောင် မှိန်ပျပျသာရှိနေခဲ့ပြီး မှောင်စပြုနေသော အချိန်တွင် ဤလမ်းကြားလေးထဲ၌ ကျန်းကျစ်ကုန်း၏ ကောက်ကျစ်သော မျက်နှာကို တွေ့မြင်လိုက်ရလျှင် လင်းမိန်ဟွေ့တစ်ယောက် အနည်းငယ် ကြောက်ရွံ့မိသွား၏။
သူမက လက်ထဲရှိ သစ်ကိုင်းအား မသိစိတ်မှ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး အနောက်သို့ နှစ်လှမ်းသုံးလှမ်းမျှ ဆုတ်လိုက်လေသည်။
“ကျန်းကျစ်ကုန်း ! ရှင့်ရဲ့ ပါးစပ်ပုပ်ကြီးကို ပိတ်လိုက်စမ်းပါ၊ အစ်ကို စုန့်ယီက ဒီနားမှာပဲရှိတယ်…ရှင် ထပ်ပြီးပြဿနာရှာလို့ကတော့ ကျွန်မ အကူအညီလှမ်းတောင်းလိုက်မှာ!”
“စုန့်ယီက ဘာကောင်မှမဟုတ်ဘူး!”
ကျန်းကျစ်ကုန်းက တံတွေးတစ်ချက် ထွေးလိုက်ပြီး လင်းမိန်ဟွေ့ထံသို့ တစ်လှမ်းချင်း လျှောက်လာလေ၏။
လင်းမိန်ဟွေ့မှ အကူအညီမတောင်းနိုင်မီမှာပင် ကျန်းကျစ်ကုန်းက သစ်ကိုင်းကို ဆွဲလုလိုက်ပြီး လင်းမိန်ဟွေ့ကို အနီးအနားရှိ လူပြတ်သော ခြံတစ်ခုထဲသို့ ဆွဲခေါ်သွားလေသည်။
လင်းမိန်ဟွေ့လည်း အလွန်ထိတ်လန့်သွားပြီး အော်ဟစ်လိုက်၏။
“ကျန်းကျစ်ကုန်း… ကျွန်မကို လွှတ်စမ်း! ပြောတာ ကြားလား လွှတ်ပေး!”
ကျန်းကျစ်ကုန်း၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးနေခဲ့ပြီး ထိုအချိန်၌ သူပြုလုပ်လိုသည့် တစ်ခုတည်းသော အရာမှာ လက်စားချေရန်သာ ဖြစ်သည်။
လင်းမိန်ဟွေ့မှာ တစ်ယောက်တည်း သူ့ထံသို့ ရောက်လာသည်ကို မြင်သောအခါ သူ အဘယ်ကြောင့် လွှတ်ပေးနိုင်မည်နည်း။
ယခု လင်းမိန်ဟွေ့မှ သူ့ကို နာခံပြီး သူ့ မိမ်းမ ဖြစ်လာမည်ဆိုပါက နောက်ပိုင်းမှာ အကျဉ်းသားဖြစ်ရသော်လည်း တန်သည်ဟု သူတွေးလိုက်၏။
ကျန်းကျစ်ကုန်း၏ နှုတ်ခမ်းမှာ လင်းမိန်ဟွေ့၏ မျက်နှာထံသို့ နီးကပ်လာသည်။
လင်းမိန်ဟွေ့သည် လက်မြှောက်၍ ကျန်းကျစ်ကုန်း၏ မျက်နှာကို ရိုက်ရင်း ပြောလိုက်၏။
“ထွက်သွားစမ်း!”
မထင်မှတ်စွာပင် ကျန်းကျစ်ကုန်းသည် ထိုအချိန်၌ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
သူ လင်းမိန်ဟွေ့၏ အဝတ်များကို ဆွဲဖြဲလိုက်ပြီးဆဲဆိုလေ၏။
“ကောင်မ…မင်း အရွယ်မရောက်ခင်ကတည်းက စုန့်ယီနဲ့ ထွက်ပြေးခဲ့တာလေ၊ ငါ မင်းကို ထိတာ မင်းအတွက် ဘာမှမဆုံးရှုံးဘူး… ဒါ ငါ့ရဲ့ဆုံးရှုံးမှုအတွက် လျော်ကြေးပဲ!”
လင်းမိန်ဟွေ့က ကြောက်လန့်တကြားဖြစ်လာရကာ မည်သို့လုပ်ရမှန်း မသိတော့ပေ။ ထိုအချိန်၌ စုန့်မိန်ယွင်က အုတ်စက်ရုံမှ အလုပ်သမားများနှင့်အတူ ရောက်ရှိလာခဲ့သည်။
သူတို့အားလုံး ကျန်းကျစ်ကုန်း၏ အိမ်ကို အစိုးရမှပိတ်ထားရခြင်းအကြောင်းကို သိထားကြ၏။
အစောပိုင်း၌ ကျန်းကျစ်ကုန်းကို စိတ်ဆိုး၊ဒေါသထွက်ခဲ့သော အလုပ်သမားတစ်ဦးက အနားသို့ရောက်လာပြီး ကျန်းကျစ်ကုန်းအား ခြေထောက်ဖြင့် ကန်ချလိုက်သည်။
“မင်းက လူယုတ်မာကောင်ပဲ…မင်းရဲ့အကျင့်ဟောင်းတွေကို အခုထိ မဖျောက်သေးဘူးပေါ့၊ ထပ်ပြီး အနိုင်ကျင့်ရင် မင်းကို သေအောင်ရိုက်သတ်ပြစ်မယ်”
အလုပ်သမားများမှာ တူညီသော မုန်းတီးမှုများနှင့် ပြေးလာပြီး ကျန်းကျစ်ကုန်းကို ဝိုင်းရိုက်ကြလေ၏။
ကျန်းကျစ်ကုန်းလည်း ခေါင်းကို ကာ၍ လူအုပ်ထဲ၌ လှိမ့်ကာ ရှောင်တိမ်းနေရသည်။ သူက အသက်အန္တရာယ်ရှိသော နေရာများကို ကန်ခံရမည်စိုး၍ ရှောင်နေခဲ့ခြင်း ဖြစ်၏။ ဆယ်မိနစ်မျှကြာအောင် ရိုက်ပြီးနောက် စုန့်မိန်ယွင်က လူများကိာ တားလိုက်သည်။
“တော်ပြီ…တော်ပြီ ဆက်ရိုက်နေရင် လူသတ်မှုဖြစ်သွားလိမ့်မယ်၊ ရှင်တို့ ဒီလူယုတ်မာရဲ့ ကံဆိုးမှုတွေဆီက ကူးစက်ခံရလိမ့်မယ်”
“အားလုံး ရပ်လို့ရပါပြီ…ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လင်းမိန်ဟွေ့လည်း အားလုံးကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် လဲကျနေသော ကျန်းကျစ်ကုန်းကို လှည့်ကြည့်လေ၏။
ကျန်းကျစ်ကုန်း၏ မျက်နှာပေါ်တွင် ဒဏ်ရာများရှိနေပြီး တစ်ကိုယ်လုံးတွင်လည်း ခြေရာများဖြင့် ပြည့်နေကာ ဘောင်းဘီများလည်း စုတ်ပြဲ၍ အလွန်အမင်း ရှက်စရာကောင်းသော အခြေအနေတွင် ရှိနေသည်။
လင်းမိန်ဟွေ့သည် ကျန်းကျစ်ကုန်း ဤတစ်ကြိမ်၌ ကြောက်လန့်သွားပြီး နောင်တွင် သူတို့ကို ထပ်မနှောင့်ယှက်ရဲလောက်တော့ဟု တွေးတောကာ စုန့်မိန်ယွင်ကို ဆွဲခေါ်ရင်း ပြောလိုက်၏။
“အစ်မစုန့်…ပြန်ကြရအောင်၊ သူ့ကို ပစ်ထားလိုက်”
“သူက ခွေးသေကောင်လိုပဲ…ကြည့်ရတာ ရွံစရာကောင်းတယ်”
*
အခန်း(90)
စုန့်မိန်ယွင်အနေဖြင့် ကျန်းကျစ်ကုန်းမှာ ယခင် သူ အာဏာရှိစဉ်က လူများစွာကို အနိုင်ကျင့်ခဲ့ပြီး သူမနှင့် မတ်ဖြစ်သူအကြောင်းကို ကောလဟာလများ ဖြန့်ခဲ့သောကြောင့် မိသားစုထဲတွင် မငြိမ်မသက်ဖြစ်ခဲ့ရသည်ကို ပြန်သတိရသွားသည်။
ထို့ကြောင့် သူမက ကျန်းကျစ်ကုန်း၏အနားသို့ လျှောက်သွားပြီး တစ်ဖက်လူတင်ပါးကို အားပြင်းပြင်းနှင့် ကန်လိုက်၏။
“နင်က လူယုတ်မာပဲ… နင် အခုဖြစ်နေတာက နတ်ဘုရားတွေရဲ့အပြစ်ပေးတာကို ခံနေရတာ! နင် မရပ်သေးရင် ငါ နင့်ကို သေအောင်ကန်ပစ်မယ်”
လင်းမိန်ဟွေ့က စုန့်မိန်ယွင်ကို ဆွဲခေါ်လာခဲ့ရသည်။ အုတ်စက်ရုံသို့ ပြန်ရောက်သည်နှင့် ချန်အန်းသယ်က ထိုနေရာတွင် စိုးရိမ်တကြီးဖြင့် စောင့်နေသည်ကို တွေ့လိုက်ရသည်။
လင်းမိန်ဟွေ့က မည်သည့်အရာမှမဖြစ်ခဲ့ကြောင်း ပြောလိုက်မှသာ ချန်အန်းသယ်က အပြုံးတစ်ခုနှင့် ပြောလေ၏။
“မိန်ဟွေ့…မင်းသာတစ်ခုခုဖြစ်သွားရင် စုန့်ယီက ငါ့ကို အရှင်လတ်လတ် ခုတ်ပြစ်လိမ့်မယ်”
“ကျွန်မ အဆင်ပြေပါတယ်၊ အစ်မစုန့်နဲ့ အလုပ်သမားတွေ အကုန်လုံး က အနားမှာရှိခဲ့တာဆိုတော့ ကျန်းကျစ်ကုန်းက ဘာအခွင့်အရေး မယူနိုင်ခဲ့ဘူး”
လင်းမိန်ဟွေ့အနေဖြင့် အမှန်တကယ် ကြောက်လန့်ခဲ့သော်လည်း ချန်အန်းသယ် စိတ်ပူမည်ကိုစိုးရိမ်သောကြောင့် မပြောခဲ့တော့ပေ။
ချန်အန်းသယ်က လင်းမိန်ဟွေ့ကို အိမ်သို့ပြန်ပို့ရန် ပြောလာသော်လည်း လင်းမိန်ဟွေ့က ငြင်းလေ၏။
“ကျွန်မ အစ်မစုန့်နဲ့အတူ အစ်ကိုကြီးကို သွားတွေ့ဦးမလို့၊ အန်းသယ် … ရှင် အရင်ပြန်လိုက်ပါ့လား၊ အစ်ကိုစုန့်ယီ စိတ်မပူဖို့ပြောပေးပါဦး”
“ဘာလို့ အဲလိုလုပ်နေမှာလဲ…ငါက မင်းကို ခေါ်လာခဲ့တာလေ .. ဒီအတိုင်းဘယ်လိုမျိုး ထားခဲ့နိုင်မှာလဲ၊ ငါလည်း မင်းနဲ့အတူ အစ်မစုန့်ရဲ့ အိမ်ကို လိုက်ခဲ့မယ်”
ချန်အန်းသယ်မှ နောက်ခုံကို ပုတ်လိုက်သောကြောင့် လင်းမိန်ဟွေ့နှင့် စုန့်မိန်ယွင်တို့လည်း ပစ္စည်းများကိုယူ၍ ဆိုင်ကယ်ပေါ်သို့ တတ်လိုက်ကြကာ စုန့်မိသားစုအိမ်သို့ အတူ ပြန်သွားကြသည်။
အိမ်သို့ ရောက်သည်နှင့် မိုးကာအောက်ရှိ မီးဖိုထဲတွင် ချက်ပြုတ်နေသော ဝမ်ကျင့်ဝမ့်ကို တွေ့လိုက်ရ၏။ သူက ယခင်တစ်ကြိမ်ကထက် စိတ်အခြေအနေ ပို၍ကောင်းမွန်လာပုံရသည်။
“မိန်ဟွေ့ပါ ရောက်လာတာလား …မြန်မြန်လာခဲ့လေ၊ ညစာစားချိန်ရောက်နေပြီ .. မင်းရဲ့အစ်မ မိန်ယွင်ကို ဘန်းမုန့်တွေ ထပ်နွှေးခိုင်းလိုက်မယ်…”
ဝမ်ကျင်းဝမ့်အနေဖြင့် လင်းမိန်ဟွေ့ကို အလွန်ပင် ကျေးဇူးတင်နေမိ၏။ သူမသာ မရှိခဲ့ပါက သူ ယခုထိတိုင် အရိုင်းအစိုင်းတစ်ယောက်ကဲ့သို့ သူ၏ဇနီးကို အနိုင်ကျင့်နေလိမ့်ဦးမည်။
လင်းမိန်ဟွေ့လည်း ဧည့်သည်ကဲ့သို့ ပြုမူမနေဘဲ ချန်အန်းသယ်ကို ဆွဲခေါ်၍ ခြံထဲရှိ ထမင်းစားပွဲတွင် ထိုင်လိုက်ရင်း ပြောလိုက်သည်။
“အန်းသယ်၊ ကျွန်မ အရင် သစ်သီးယိုရောင်းတုန်းက အစ်မစုန့်ကနေ ကျွန်မကို အများကြီး ကူညီပေးခဲ့တာလေ၊ ဒါကြောင့် ဒီနေ့ သူတို့ကို လာတွေ့တာ”
ချန်အန်းသယ်မှာ လင်းမိန်ဟွေ့က စိတ်ထားကောင်းသည်ကို သိသော်လည်း လူတစ်ဦးထံမှ ရခဲ့သော သေးငယ်သည့် အကူအညီလေးကိုပင် စိတ်ထဲတွင် မှတ်ထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူ ခေါင်းညိတ်လိုက်ရင်း ထောက်ခံလိုက်၏။
“မင်းလုပ်ခဲ့တဲ့အရာတွေက ငါတို့လည်း လိုက်ပြီး သင်ယူသင့်တာတွေချည်းပဲ၊ ငါတွေးနေတာ… မင်း ဘာလို့ ဒီလောက် နာမည်ကြီးရတာလဲလို့၊ အခုတော့ အကြောင်းပြချက်ကို သိပြီထင်တယ်”
လင်းမိန်ဟွေ့က ပြုံးရုံသာပြောလိုက်ပြီး မည်သည်မျှ မပြောပေ။
ခဏအကြာတွင် ဝမ်ကျင်းဝမ့်က အစားအစာများကို ချက်ပြီးသွားခဲ့ပြီး လင်းမိန်ဟွေ့လည်း ထမင်းစားပွဲထံသို့ ကူသယ်ပေးခဲ့သည်။
ချန်အန်းသယ်က ဝမ်ကျစ်ကုန်းကို ထိုင်ခုံပေါ်မှ ထရန် ကူညီတော့မည့်အချိန်တွင် ဝမ်ကျင်းဝမ့်က သူ၏လက်များဖြင့် မီးဖိုဘောင်ကို ကိုင်ပြီး သူကိုယ်တိုင်လုပ်ထားသော သစ်သားလှည်းလေးပေါ်သို့ ကျွမ်းကျင်စွာ ရွှေ့ပြောင်းနေသည်ကို တွေ့လိုက်ရ၏။
လင်းမိန်ဟွေ့ ဝမ်ကျစ်ကုန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
ဘေးနားတွင်ရှိနေသည့် စုန့်မိန်ယွင်က ရှင်းပြလာလေ၏။
“သူက ငါတစ်ယောက်တည်း ပင်ပန်းနေတာကိုမြင်တော့ ဒီလှည်းလေးကို သူ့ဘာသာလုပ်ပြီး အိမ်အလုပ်တွေ၊ ချက်တာပြုတ်တာတွေ ကူလုပ်ပေးတာလေ၊ အခုဆို အိမ်မှာ စိတ်ပူစရာတွေ အများကြီး လျော့သွားပြီ”
“ကောင်းတာပေါ့.. အစ်မစုန့် အဆင်ပြေနေတာတွေ့ရတော့ ကျွန်မလည်း စိတ်အေးရတယ်”
လင်းမိန်ဟွေ့အနေဖြင့် ဇနီးမောင်နှံနှစ်ဦး စိတ်တူကိုယ်တူရှိနေပါက မည်မျှပင် ခက်ခဲ၊ နာကျင်သော ဘဝကိုပိုင်ဆိုင်ထားပါစေ ကြောက်စရာမလိုဟု ခံယူထားခဲ့သည်။
သူမ ကိုယ်တိုင်လည်း ထိုကဲ့သို့တွေ့ကြုံခဲ့ဖူးသူဖြစ်ပေ၏။
စုန့်မိန်ယွင်က နူးညံ့ညင်သာစွာ ပြုံးလိုက်လေ၏။ သူမက ပင်ပန်းနေသော်လည်း ပျော်ရွှင်နေပုံရသည်။
လင်းမိန်ဟွေ့က သူမ လာရသော ရည်ရွယ်ချက်ကို ရှင်းပြလိုက်လေ၏။
“အစ်မစုန့်… ဒီတစ်ခါ ကျွန်မလာခဲ့တာက အစ်မစုန့်ရဲ့ မတ်ဖြစ်သူကို ကျွန်မတို့ရဲ့ ရေခဲမုန့်လုပ်ငန်းမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားလားဆိုတာ မေးချင်လို့ပါ၊ လစာက တစ်လကို ယွမ် နှစ်ရာ အောက်မနည်းဘူး…အကျိုးခံစားခွင့်တွေလည်း ရှိသေးတယ်”
စုန့်မိန်ယွင်တစ်ယောက် ထိုအကြောင်းကို ကြားလိုက်ရလျှင် အလွန်ပင် အံ့သြသွားရသည်။
သူမ၏ မြို့နယ်အစိုးရရုံးတွင် ရရှိသော လစာမှာ တစ်လကို ယွမ်ရှစ်ဆယ်ကျော်သာ ရှိလေ၏။
ဤလစာသည်က စားဝတ်နေရေးအတွက်သာ လုံလောက်၍ အိမ်တစ်လုံးဝယ်ရန် မတတ်နိုင်သောကြောင့် စုန့်မိန်ယွင်မှာ အုတ်စက်ရုံတွင် အလုပ်သွားလုပ်ခဲ့ရခြင်း ဖြစ်သည်။
မထင်မှတ်စွာပင် လင်းမိန်ဟွေ့မှ ယွမ်နှစ်ရာဖြင့် ကမ်းလှမ်းလာ၏။
ဘေးနားမှ ချန်အန်းသယ်တစ်ယောက် ချောင်းဟန့်လိုက်သည်။ သူက လင်းမိန်ဟွေ့ကို ကြည့်ပြီး ပြောလေ၏။
“မိန်ဟွေ့၊ ငါတို့…”
လင်းမိန်ဟွေ့က ချန်အန်းသယ် မည်သည့်အကြောင်းကို ပြောလိုသည်ကို သိပေသည်။ ယခုအချိန်တွင် ရေခဲမုန့်စက်ရုံ၏ လစဉ် အမြတ်က ယွမ်တစ်ထောင်ကျော်ရှိသော်လည်း ဤဝင်ငွေက ဆောင်းဦးရာသီ၌ တဖြည်းဖြည်း လျော့နည်းလာလိမ့်မည်။
သူ့ကို ယွမ်နှစ်ရာရှိသော လစာအား မည်သို့ ပေးနိုင်မည်နည်း။
သို့သော်လည်း လင်းမိန်ဟွေ့က အစ်မစုန့်ကို အုတ်စက်ရုံသို့ ထပ်မသွားစေလိုသောကြောင့် တိုးတိုးလေး ပြောလိုက်၏။
“အန်းသယ်… ကျွန်မတို့ အိမ်ကိုပြန်ရောက်ရင် လုပ်ငန်းချဲ့ဖို့ နည်းလမ်းရှာရအောင်၊ အဲဒီအချိန်ကျရင် အမြတ်တွေ ပိုများလာလိမ့်မယ်..
ဒီရက်ပိုင်း စုန့်ယီနဲ့ ကျွန်မတို့ နှစ်ယောက်တည်း ရေခဲမုန့်လုပ်ရတာ အရမ်းအလုပ်များတယ်၊ အစ်မစုန့်ရဲ့ မတ်လေးကို လာကူခိုင်းရအောင်”
“ဒါပေမဲ့…”
ချန်အန်းသယ်က တစ်ခုခု ပြောလိုသော်လည်း လင်းမိန်ဟွေ့က တားဆီးလိုက်သည်။ ဘေးနားမှ စုန့်မိန်ယွင်က မည်သို့ နားမလည်ဘဲ နေနိုင်မည်နည်း။
“မိန်ဟွေ့.. ညီမဘက်က အစ်မကို သတိတရရှိနေသေးတာကို ကျေးဇူးတင်ပါတယ်၊ တကယ်တော့ အစပိုင်းမှာ ညီမကို အစ်မဘက်က ကူညီပေးခဲ့တာက နည်းနည်းလောက်ပါပဲ.. အခု ညီမဘက်က ဒီလိုမျိုး ကူညီပေးနေတော့ နည်းနည်းလောက်တောင် မလုံမလဲဖြစ်မိတယ်…”
“အစ်မစုန့်…ပိုက်ဆံက လူတိုင်းအတူ ရှာလို့ရပါတယ်.. ကျွန်မ ပိုက်ဆံရှာတာက ကျွန်မရဲ့ မိတ်ဆွေတွေနှင့် ကောင်းကောင်းလေး နေထိုင်စေချင်လို့ပါ”
“ဒါဆိုရင်တောင် ညီမဘက်က တစ်လကို တစ်ရာလောက်ပဲ ပေးပြီး အစ်မရဲ့မတ်လေးကို ညီမဆီမှာ အလုပ်သင်အဖြစ် ခိုင်းလိုက်မလား၊ ညီမဘက်က အမြတ်ရတဲ့အချိန်ကျမှ ပိုပေးလို့ရပါတယ်၊ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်လေ”
စုန့်မိန်ယွင်မှာ အမြဲတစေ ပျော်ပျော်ရွှင်ရွှင်နေတတ်သောသူတစ်ဦး ဖြစ်၏။ လင်းမိန်ဟွေ့မှ ကူညီလိုသည်ကို ကြားလျှင် သူမ၏ မတ်ဖြစ်သူကိုယ်စား သဘောတူလိုက်သည်။
တစ်လကို ယွမ်တစ်ရာဟူသော လစာကလည်း မနည်းသည်ကို သူမ သိ၏။ ယခု သူမ၏ မတ်လေးမှာ အပြင်တွင် အလုပ်လုပ်နေသော်လည် တစ်နေ့လျှင် တစ်နပ်စာလောက်သာ ရရှိသည်။
အဝတ်အစားနှင့် ဖိနပ်ဝယ်ရန်ပင် မလုံလောက်ချေ။
ဝမ်ကျင်းဝမ့်ကတော့ အစပိုင်းတွင် လင်းမိန်ဟွေ့တစ်ယောက် စီးပွားရေးလုပ်ရန် ခက်ခဲနေမည်ကို စိုးရိမ်နေခဲ့သည်။ ယခုတွင်တော့ လင်းမိန်ဟွေ့သည်က သူတို့၏မိသားစုကိုပင် ဂရုစိုက်ပေးနိုင်သည်ကို ကြားလိုက်ရသောကြောင်း သူမကို အကြိမ်ကြိမ် ကျေးဇူးတင်စကားသာ ဆိုလိုက်မိ၏။
“မိန်ဟွေ့၊ မင်းရဲ့အစ်မစုန့်က မင်းလို ညီမလေးတစ်ယောက်ကို သိခဲ့တာ တကယ်ကို ကံကောင်းတာပဲ၊ ငါ မင်းကို ဝိုင်အစား လက်ဖက်ရည်နဲ့ ဧည့်ခံမယ် .. သောက်နိုင်တယ်မလား”
စုန့်မိန်ယွင်လည်း ဖန်ခွက်ကို ကောက်ကိုင်လိုက်သည်။
“အစ်မတို့ ဇနီးမောင်နှံနှစ်ယောက်လုံး ညီမနဲ့အတူ သောက်မယ်”
လင်းမိန်ဟွေ့လည်း ထိုဇနီးမောင်နှံနှစ်ဦး၏ မျက်လုံးများထဲမှ ကျေးဇူးတင်စိတ်ကို ခံစားမိနေသောကြောင့် သူမ ၏ဖန်ခွက်ကို မြှောက်လိုက်၏။
“အစ်မစုန့်၊ အစ်ကိုစုန့်၊ ကျွန်မတို့ရဲ့ ဘဝတွေက နောင်ဆိုရင် ပိုကောင်းလာမှာ သေချာတယ်၊ လူဆိုးတွေလည်း သူတို့လုပ်ခဲ့တဲ့ဝဋ်တွေအတိုင်း ပြန်ခံရလိမ့်မယ်”
“ဟုတ်တယ်၊ လူယုတ်မာတွေကို နတ်ဘုရားတွေက အပြစ်ပေးလိမ့်မယ်၊ အစ်မတို့တွေက စိတ်ထားကောင်းနေသရွေ့ ဘဝက ပိုပြီး အဆင်ပြေကောင်းမွန်လာမှာပဲ”
ချန်အန်းသယ်နှင့်အတူ သူတို့လေးယောက်လုံး ခွက်ချင်းတိုက်ကြသည်။ ညစာစားပြီးချိန်တွင် ချန်အန်းသယ်က လင်းမိန်ဟွေ့ကို ယွင်ကျွမ်းမြို့သို့ ဆိုင်ကယ်ဖြင့် ပြန်ပို့ပေးခဲ့၏။
လမ်းတွင် ချန်အန်းသယ်က လင်းမိန်ဟွေ့ကို မေးလာခဲ့သည်။
“မင်းက သူတို့တွေနဲ့ အမျိုးတော်တာတောင် မဟုတ်ဘူးလေ.. မင်း ဘာလို့ သူတို့အပေါိ အဲဒီလောက်ကောင်းပေးနေရတာလဲ”
ညဘက်မှ လေပြေညင်းတို့က သူမ၏ ဆံပင်များကို လေထဲ၌ လွင့်မျောသွားစေ၏။
လင်းမိန်ဟွေ့က တစ်ဖက်လူ၏မေးခွန်းကို နားလည်စွာဖြင့် ပြုံးလိုက်သည်။
“ကြင်နာတတ်တဲ့သူတွေကို ဆုချသင့်တယ်”
ဆိုင်ကယ်လေးင မြို့အဝင်ဝသို့ ရောက်သည်နှင့် မလှမ်းမကမ်းတွင် လက်နှိပ်ဓာတ်မီးဖြင့် ရပ်နေသော အရိပ်မည်းတစ်ခုကို တွေ့လိုက်ရ၏။
ချန်အန်းသယ်တစ်ယောက် ထိတ်လန့်သွားရလေ၏။
ကျန်းကျစ်ကုန်းက ထပ်ပြီး ဒုက္ခပေးဖို့ ရောက်လာပြန်ပြီလား။
သူက သူ၏နောက်မှ လင်းမိန်ဟွေ့ကို သတိပေးလိုက်၏။
“အရှေ့မှာ ကျန်းကျစ်ကုန်းရှိနေတာ ထင်တယ်…သတိထားဦး”