← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း(99)

လင်းမိန်ဟွေ့အနေဖြင့် သူမ ဘဝ၏ အခက်ခဲဆုံးအချိန်၌ပင် တစ်ခါမျှ မငိုခဲ့ချေ။ အနာကျင်ဆုံးအချိန်တုန်းကပင် မျက်ရည်များကို ထိန်းထားနိုင်ခဲ့၏။

ရွာထဲ၌ တာ့ချွမ်၏ မိသားစုင သူတို့၏ လယ်ကွင်းများတွင် ပိုးသတ်ဆေးများ ဖျန်းခဲ့ချိန်တွင်ပင် လင်းမိန်ဟွေ့အနေဖြင့် ရွှံ့များပေကျံသွားသည်ဟုသာသတ်မှတ်ခဲ့ပြီး ကြီးကြီးမားမား မတွေးခဲ့ပေ။

သို့သော်လည်း ဤအချိန်တွင်တော့ လင်းမိန်ဟွေ့တစ်ယောက် လည်ချောင်းထဲ၌ တစ်ဆို့လာပြီး မထိန်းနိုင်တော့ဘဲ ငိုချလိုက်သည်။

“ဒီကလေးကတော့… ဘာလို့ ငိုနေသေးတာလဲ .. လာ.. အထဲကိုမြန်မြန်ဝင်လာပြီး စားသောက်လိုက်၊ ခေါက်ဆွဲတွေက ပျော့သွားရင် မကောင်းတော့ဘူး”

ဝမ်မေ့လီက လင်းမိန်ဟွေ့၏ တောာက်ကျောအား ပုတ်ပေးနေရင်းဖြင့် ဤကလေးမလေးမှာ အတော်လေးပင် မတရားခံခဲ့ရသည့်အတွက် ဖြစ်ပေမည်ဟု ခံစားမိပြီး သက်ပြင်းချနေခဲ့၏ ။

“ငါ မင်းရဲ့ အစ်ကိုဝူကို ဂရုစိုက်ခိုင်းဖို့ ပြောခဲ့တယ်၊ နောက်ကို သူတို့က နင့်ကို ပြန်ပေးဆွဲဖို့ သတ္တိရှိတော့မှာ မဟုတ်ဘူး၊ မိန်ဟွေ့.. နောက်ဆိုရင် တခြားတွေကို အကူအညီတောင်းရမယ်နော် …ကိုယ့်ဘာသာပဲအမြဲတမ်း ဖြေရှင်းနေလို့ မရဘူး”

“ကောင်းပါပြီ”

လင်းမိန်ဟွေ့က ခေါင်းညိတ်လိုက်သည်။

အခန်းထဲမှ ပတ်ဝန်းကျင်က အနည်းငယ်လေး မှိုင်းနေသောကြောင့် လူတိုင်းက စကားလမ်းကြောင်း ပြောင်းရန်အတွက် ကြိုးစားနေခဲ့ကြ၏။

သို့သော် စဉ်းစားကြည့်သော်လည်း ပြောစရာသင့်တော်သည့် ခေါင်းစဉ်အား ရှာမတွေ့ပေ။

မနေ့က ဖြစ်ခဲ့သည့်အရာများအား မေးလျှင်လည်း လင်းမိန်ဟွေ့ စိတ်မကောင်းဖြစ်မည်ကို သူတို့ အလွန်စိုးရိမ်ပေသည်။

အဆုံးတွင် ခေါင်းငုံ့ပြီးသာ ခေါက်ဆွဲကို စားနေကြသည်။

ခဏတာအကြာတွင် အခန်းထဲ၌ ခေါက်ဆွဲစားနေသည့် အသံသာ ထွက်လာတော့၏။

ဘေးမှ ကျန်းရှို့ရှန်က ချန်အန်းသယ်အား တစ်ချက်ကြည့်လိုက်ကာ သူ့မ၏မျက်နှာပေါ်တွင်တော့ ကျေနပ်သည့် အရိပ်အယောင်လေး ပေါ်နေသည်။

“မနေ့ညက ရှင့်ကို ကယ်ဖို့အတွက် စုန့်ယီနဲ့ ဝမ်ဟန်ကို ခေါ်သွားတဲ့လူက ချန်အန်းသယ်လို့ ကျွန်မ ကြားလိုက်တယ်၊ အရင်က မြို့ထဲမှာလူမိုက်လေးလို့ အခေါ်ခံခဲ့တဲ့သူက အခုလိုမျိုး သူရဲကောင်းကြီး ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး”

ယခင်က မြို့ထဲ၌ ချန်အန်းသယ်သည် ဟိုအိမ်ပြတင်းပေါက်အား ရိုက်ခွဲခြင်း၊ ဤအိမ်ရှိ ခွေးကိုကန်ခြင်း စသည့် ကောလာဟလများ မကြာခဏ ထွက်ပေါ်ခဲ့ဖူး၏။

ပြောရလျှင် လူကြီးတိုင်းမှာ ချန်အန်းသယ်အား အတုယူစရာ မဟုတ်သည့် ပုံစံအဖြစ် သတ်မှတ်ထားကြသည်။ သူတို့၏ ကလေးများအား သူ့ထံမှ မတုပအောင် သင်ကြားပေးလိမ့်မည်။

ထိုသို့မသင်ပေးပါက ကလေးဆိုးလေးများ ဖြစ်သွားနိုင်ချေရှိ၏။

မကြာသေးခင်ကမှ ချန်အန်းသယ်မှာ လင်းမိန်ဟွေ့နှင့်အတူ စီးပွားရေးလုပ်နေသည်ဟု ကြားခဲ့ရသောကြောင့် ကျန်းရှို့ရှန်တစ်ယောက်အံ့အားသင့်ခဲ့ရသေးသည်။

ဤနံနက်၌ ချန်အန်းသယ်တခြားလူများကို ဦးဆောင်ပြီး လင်းမိန်ဟွေ့ကို ကယ်တင်ခဲ့သည်ဟု ထပ်မံကြားရပြန်၏။

ဤသတင်းက ကျန်းရှို့ရှန်ကို မယုံနိုင်စရာ ဖြစ်စေခဲ့သည်။ ချန်အန်းသယ်ကို ယခု ပြန်ကြည့်လိုက်လျှင် ထိုသူက ယခင်ကကဲ့သို့ လူမိုက်ပုံစံမျိုး မဟုတ်တော့ပေ။

သူမျက်နှာမှာ သန့်ပြန့်ကြည်လင်နေပြီး ယဉ်ကျေးသိမ်မွေ့သည့် အရိပ်အယောင်တို့ ပါဝင်နေ၏။

ချန်အန်းသယ်သည်က အတိတ်က အမှန်ပင် အနည်းငယ်ဆိုးသွမ်းပြီး မြို့ထဲ၌ နာမည်ပျက် ရှိခဲ့ဖူးသည်။

ထိုအကြောင်းကို သူကိုယ်တိုင်လည်း ဝန်ခံခဲ့၏။

လက်ရှိတွင် ကျန်းရှို့ယန်မှ ထိုအကြောင်းကို ပြောလာသည်ကို ကြားလိုက်ရလျှင် သူက သူမအား နှစ်ကြိမ်ခန့် ပြန်ကြည့်လိုက်သည်။

သူမ၏ အသားအရည်မှာဖြူဖွေး၍ ကြည်လင်နေခဲ့၏။ မျက်လုံးများမှာလည်း တောက်ပကာ အလွန်ထက်မြတ်သည့် မိန်းကလေးတစ်ယောက်ပုံစံမျိုးပင်။

အထူးသဖြင့် သူမ ဝတ်ဆင်ထားသော ခေတ်မီသည့် အားကစားဝတ်စုံကြောင့် ပို၍ပင် ဆွဲဆောင်မှု ရှိနေလေသည်။

“အရင်က မင်းကို သိပ်မမြင်ဖူးပါဘူး… ယွမ်ကျွမ်းမြို့ကပဲလား”

“ဟုတ်တယ် .. ဒါပေမဲ့ ကျွန်မ အရင်က ခရိုင်မြို့မှာ အလုပ်လုပ်ခဲ့တာလေ၊ ပြန်လာပြီး အလှကုန်ဆိုင်ဖွင့်ထားတာ သိပ်မကြာသေးဘူး၊ ရှင် အချိန်ရရင် ကျွန်မရဲ့ဆိုင်ကို လာကြည့်မလား”

တကယ်တမ်းတွင် ကျန်းရှို့ရှန်မှာ ထိုစကားနှင့်ပက်သက်၍ မည်သည်မျှ အတွေးကိုမှ မတွေးခဲ့ပေ။ အခန်းထဲရှိ လူတိုင်း အနေရခက်သော အခြေအနေမျိုး မဖြစ်စေရန်အတွက် စကားလမ်းကြောင်း ပြောင်းလိုခြင်းသက်သက်သာ ဖြစ်၏။

လင်းမိန်ဟွေ့ကိုတော့ ယခုအချိန်၌ တိတ်တဆိတ်‌နေခိုင်းရန်သာ ဆုံးဖြတ်လိုက်သည်။ မေးခွန်းများ ထပ်မေးလျှင် သူမ စိတ်ရှုပ်ထွေးကာ ပို၍ ဝမ်းနည်းနေပေလိမ့်မည်။

ချန်အန်းသယ်ကတော့ အလှကုန်များအကြောင်းကို ကြားသည်နှင့် စိတ်လှုပ်ရှားသွားလေ၏။

“ကျွန်တော့်ရဲ့မွေးစားအစ်မက မိတ်ကပ်လိမ်းရတာ ကြိုက်တယ်.. ကျွန်တော် သေချာပေါက် လာဝယ်လိုက်မယ် လျှော့ပေးလို့ရလား”

ကျန်းရှို့ရှန်လည်း ချက်ခြင်းပင်သဘောတူလိုက်သည်။ လင်းမိန်ဟွေ့၏ သူငယ်ချင်းအတွက် ဤကဲ့သို့ကိစ္စလေး ကူညီပေးရသည့်အပေါ် စိတ်မရှိပါချေ။

“ရတာပေါ့… ရှင့်ရဲ့အစ်မကို ခေါ်လာခဲ့လေ၊ သူ့ရဲ့အသားအရေနဲ့ လိုက်ဖက်မဲ့ အလှကုန်တွေကို ကျွန်မ ရွေးပေးပါ့မယ်”

သူတို့နှစ်ဦး စကားပြောနေကြချိန်တွင် တခြားလူများက တိတ်တဆိတ်ဖြင့် နေ့လည်စာစားပြီးခဲ့ကြသည်။

ဝမ်မေ့လီက ပန်းကန်များကို ဆေးကြောပေးပြီးနောက် သူတို့အားလုံးလည်း ကိုယ်စီအိမ်သို့ ပြန်သွားခဲ့ကြလေသည်။

လင်းမိန်ဟွေ့တစ်ယောက် အိမ်သို့ ပြန်ရောက်သည်နှင့် ခြေကုန်လက်ပန်းကျသကဲ့သို့ ခံစားလိုက်ရ၏။

ယမန်နေ့ညက ခပ်ခံခဲ့ရသည့် ဆေး၏ ဘေးထွက်ဆိုးကျိုးများ ကျန်နေခြင်းကို သူမ သိပေသည်။

သို့သော်လည်း စုန့်ယီအား အိပ်ချင်သေးကြောင်း ပြောရန်အတွက် ရှက်ရွံ့နေသောကြောင်း သက်ပြင်းကိုသာချလိုက်မိသည်။

စုန့်ယီလည်း လင်းမိန်ဟွေ့ ငေးငိုင်နေသည်ကိုမြင်လိုက်သောကြောင့် သူမ၏ ပခုံးကို ပုတ်၍ ပြောလိုက်၏။

“မင်း အထဲကို ပြန်သွားပြီး တစ်ရေးလောက်အိပ်လိုက်ဦးလေ၊ ဆိုင်ထဲက ကိစ္စတွေကို ကိုယ်တာဝန်ယူထားလိုက်မယ်…မင်း ဘာမှ စိတ်ပူမ‌နေနဲ့”

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီမှ သူမကို ဤမျှ နားလည်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ ခေါင်းညိတ်ကာ အခန်းသို့ ပြန်၍အိပ်စက်လိုက်သည်။

သို့သော်လည်း တကယ်တမ်းတွင် သူမ အိပ်၍မရခဲ့ချေ။ သူမ၏ စိတ်ထဲတွင် မနေ့ညက ဖြစ်ခဲ့သည့်အရာများဖြင့်သာ ပြည့်နှက်နေ၏။

ကျန်းကျစ်ကုန်း၏ ဆိုးရွားလွန်းသော မျက်နှာနှင့် ရေအေးဖြင့် ချိုးရန် ကူညီပေးစဉ်က စုန့်ယီ၏ အနေရခက်သည့်ပုံများကို ပြန်လည် တွေးတောမိခဲ့သည်။

သူမ ပိုတွေးလေလေ ပို၍ ဒေါသထွက်ကာရှက်ရွံ့လာလေလေပင်။ လင်းမိန်ဟွေ့တစ်ယောက် ခေါင်းဦးကို မျက်နှာအပ်၍ ခပ်တိုးတိုး ငိုရှိုက်‌နေခဲ့၏။

အပြင်ဘက်တွင်ရှိနေသော စုန့်ယီမှာလည်း သူမ၏အသံကိုကြားသွားခဲ်သောကြောင့် ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

“မိန်ဟွေ့…ဘာကိုမှ မတွေးဘဲ အိပ်ပျော်အောင် အိပ်လိုက်ဦး.. ကိုယ်တို့ နေ့လည်လောက်ကျ ရဲစခန်းသွားရမယ် ထင်တယ်”

လင်းမိန်ဟွေ့လည်း စုန့်ယီ၏စကားကြောင့် သူတိာ့ ထွက်ဆိုချက်အတွက် သွားရဦးမည်ကို သဘောပေါက်သွားလေ၏။

သို့မှသာလျှင် ကျန်းကျစ်ကုန်းအား ဥပဒေအရ အပြစ်ပေးနိုင်ပေလိမ့်မည်။

သူမ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ထွက်ဆိုချက်ကောင်းကောင်း ပေးနိုင်ရန်အတွက် သူမ အနားယူရန်လိုအပ်ပေ၏။

သူမ မျက်လုံးများကို မှိတ်ထားချိမ်တွင် ဆိုင်ထဲသို့ လူဝင်လာသော အသံကို ကြားလိုက်ရသည်။

“စုန့်ယီ… မိန်ဟွေ့ အိမ်ရှိမှာလား ငါ သူ့ကို မမြင်ရတာ ကြာပြီ၊ ငါတို့အားလုံး သူမကို လွမ်းနေကြတာ.. အပြင်ကို ထွက်လာခိုင်းလိုက်ပါဦး”

လင်းမိန်ဟွေ့တစ်ယောက် ကျိုးချွေ့ဟွား ၏အသံကို ကြားရသည်နှင့် သူမ နှလုံးသားထဲ၌ နေ၍မကောင်းတော့ပေ။

ကျန်းကျစ်ကုန်း သူမကို ပြန်ပေးဆွဲသွားခဲ့တဲ့အကြောင်းကို သူတို့တွေဘာလို့ ဒီလောက် မြန်မြန်သိသွားခဲ့ရတာလဲ?

သူတို့ နှစ်သိမ့်ဖို့ ရောက်လာတာလား ဒါမှမဟုတ် လှောင်ဖို့လား?

နောက်ဆုံးတစ်ခုက ပိုဖြစ်နိုင်တယ်!

စုန့်ယီသည်လည်း ထိုနှစ်ဦးအား မကြိုဆိုချင်သောကြောင့် လေသံခပ်တိုးတိုးဖြင့် ပြောလိုက်၏။

“မိန်ဟွေ့ အိပ်နေတယ်… အခုအချိန်မှာ သူမက ဘယ်သူနဲ့မှ တွေ့ချင်မှာမဟုတ်ဘူး၊ ခင်ဗျားတို့ အရင်ပြန်သင့်တယ်… သူမ အဆင်ပြေတဲ့အချိန် ကျွန်တော် ပြန်ပြောလိုက်မယ်”

ကျိုးချွေ့ဟွားသည်လညား ရည်ရွယ်ချက်ရှိရှိ လာခဲ့ခြင်းဖြစ်သောကြောင့် ထိုစကားကို ကြားလိုက်ရချိန်တွင် လုံးဝမပျော်တော့ပေ။

“စုန့်ယီ… ဒီလောက်ထိ ရိုင်းပြမနေစမ်းပါနဲ့၊ လင်းမိန်ဟွေ့ကို ငါတို့ လင်မယား နှစ်ယောက်က ပြုစုပျိုးထောင်ခဲ့တာ၊ အခု ငါတို့က သူမကို မြင်ချင်တာတောင် မင်းရဲ့ ခွင့်ပြုချက်လိုသေးတာလား”

“ဒါက ကျွန်တော့်ဆိုင်… ဒီတော့ ကျွန်တော့်ရဲ့ခွင့်ပြုချက် လိုတယ်… ပြီးတော့ မိန်ဟွေ့က ခင်ဗျားတို့နဲ့ မတွေ့ချင်ဘူး ကျေးဇူးပြုပြီး ပြန်ပါတော့”

စုန့်ယီသည်လည်း အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေးသာ ပြောချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်က လင်းမိန်ဟွေ့ကို ပြုစုပျိုးထောင်ပေးခဲ့သော မိဘများပင်ဖြစ်၏။

အခြေအနေကသာ တဖြည်းဖြည်း တင်းမာလာခဲ့လျှင် ဘေးဘက်အိမ်များရှိ အိမ်နီးနားချင်းများင သူတို့ကို လှောင်ပြောင်ကြပေလိမ့်မည်။ မိန်ဟွေ့သည်လည်း စိတ်ညစ်ရပေလိမ့်မည်။

မထင်မှတ်ဘဲ ကျိုးချွေ့ဟွားက ရုတ်တရက် အသံကုန် အော်ဟစ်လိုက်သည်။

“လင်းမိန်ဟွေ့…အခန်းထဲမှာ သေချင်ယောင်ဆောင်မနေနဲ့၊ မင်း ဘာမှမဖြစ်ဘူးဆိုတာ ငါတို့သိတယ်၊ အမြန်ထွက်လာခဲ့…ငါတို့ မင်းကို ပြောစရာရှိတယ်”

မနက်အစောပိုင်းတွင် ကျန်း မိသားစုမှ လင်းကွားချင်းနှင့် ကျိုးချွေ့ဟွားအား မနေ့က အဖြစ်အပျက်များနှင့် ကျန်းကျစ်ကုန်းမှ လင်းမိန်ဟွေ့အား ပြန်ပေးဆွဲခဲ့သည့် ကိစ္စအားလုံးကို ရှင်းပြခဲ့၏။

ကျန်းမိန်ဟွားက သူမ ယူလာသော ငွေ ယွမ်သုံးသောင်းအား စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

ကျိုးချွေ့ဟွားနှင့် သူမ၏ ခင်ပွန်းတို့ကသာ လင်းမိန်ဟွေ့မှ ကျန်းကျစ်ကုန်းကို တရားမစွဲရန် တားဆီးနိုင်လျှင် ထိုယွမ်သုံးသောင်းမှာ သူတို့အပိုင်သာဖြစ်လိမ့်မည်ဟု ပြောခဲ့၏။

အဲဒါက ယွမ်သုံးသောင်းကြီးတောင်လေ!!

ကျိုးချွေ့ဟွားတစ်ယောက် ထိုငွေများကိုကြည့်၍ မျက်လုံးပြူးသွားသည်။ သူမက ချက်ချင်းပင် ကျန်းမိန်ဟွားအား ကတိပေးလိုက်၏။

လင်းမိန်ဟွေ့အား တိတ်ဆိတ်‌နေရန် စည်းရုံးလိမ့်မည်။ ကျန်းကျစ်ကုန်းအား တရားစွဲခွင့်မပြုနိုင်ပေ။

ထို့နောက် လင်းကွားချင်းက စက်ဘီးပေါ်သို့တက်ကာ ကျိုးချွေ့ဟွားအား နောက်တွင် ထိုင်ခိုင်း၍ ယွမ်ကျွမ်းမြို့သို့ တင်ခေါ်သွားခဲ့သည်။

*

အခန်း(100)

လင်းဇနီးမောင်နှံက မြို့ထဲသို့ ရောက်သည်နှင့် စုံစမ်းကြည့်ရာ ယခင်က ပိုက်ဆံအရင်းပြုတ်ခဲ့သည်ဟု ထင်ခဲ့သူမှာ ယခုအချိန်တွင် ရေခဲမုန့်ရောင်းကာ ဆိုင်ခန်းဖွင့်၍ အဆင်ပြေနေခြင်းကို တွေ့လိုက်ရ၏။

ထိုအကြောင်းကို သိလိုက်ရသည်နှင့် သူမ အလွန်ပင် မနာလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

သူမ၏ မိသားစုမှာမူ လင်းရှောင်ရှု၏ ကျောင်းစရိတ်အတွက် ရုန်းကန်နေရချိန်တွင် ထိုအသုံးမကျသော ကလေးကတော့ ယခုကဲ့သို့ အဆင်ပြေပြေရှိနေခြင်းကို တွေးမိသည်နှင့် သူမ၏စိတ်ထဲ၌ ပို၍ပင်မကျေမချမ်းဖြစ်လာခဲ့၏။

သူတို့ ဆူညံနေသည်ကို လင်းမိန်ဟွေ့ ကြားနေခဲ့ရသည်။

သူတို့ကိုသာ ဤအတိုင်းသာ ဆက်၍ အော်ဟစ်ခိုင်းနေလျှင် ဖြစ်ခဲ့သမျှကိစ္စအား တစ်မြို့လုံး သိသွားလိမ့်မည်ကို သူမ နားလည်သွားသည်။

ထိုကြောင့် အားယူကာ ထွက်လာပြီးနောက် ကျိုးချွေ့ဟွားအား အေးစက်စွာ ကြည့်၍ ပြောလိုက်၏။

“ဒီကို ဘာလာလုပ်တာလဲ”

ကျိုးချွေ့ဟွားက လင်းမိန်ဟွေ့၏ မျက်နှာ ဖြူဖျော့နေသည်ကို တွေ့လိုက်ရလျှင် ကျန်းကျစ်ကုန်းက မနေ့ညက သူမကို အပိုင်သိမ်းနိုင်ခဲ့သည်ဟု ထင်သွားလေ၏။

ဒါပေမဲ့ အောင်မြင်ခဲ့တယ်ဆိုရင်တောင် ဘယ်နားမှာများ ဆိုးကျိုးရှိနေလို့လဲ။

အစကတည်းက သူမက စုန့်ယီနဲ့ လက်ထပ်ပြီးသားလေ ။

နောက်ထပ်ယောက်ျားတစ်ယောက် ရသွားရုံပဲရှိတယ်။

“မိန်ဟွေ့….မင်းအဖေနဲ့ငါ ပစ္စည်းနည်းနည်း ဝယ်လာတယ်၊ ဒီကိုလာပြီး ကြည့်ပါဦး”

ကျိုးချွေ့ဟွားအနေဖြင့် ယွမ်သုံးသောင်းက ပို၍အရေးကြီးသည်ကို သိသောကြောင့် သူမ၏ သဘောထားကို ချက်ချင်းပင် ပြောင်းလိုက်သည်။

လင်းကွားချင်းကလည်း အားဖြည့်အစားအစာများပါသည့် အိတ်တစ်အိတ်ကို သယ်လာပြီးနောက် ပြုံးပြုံးရွှင်ရွှင်ဖြင့် စားပွဲပေါ်သို့ တင်ပေးလေ၏။

“မိန်ဟွေ့…ဒါတွေက စားလို့ကောင်းတဲ့အရာတွေချည်းပဲ.. သောက်လိုက်ရင် ချက်ချင်း အားပြည့်သွားလိမ့်မယ်၊ နှမြောမနေနဲ့”

လင်းမိန်ဟွေ့က စိတ်ထဲ၌ တွေးတောလိုက်မိသည်။

နေက တကယ်ပဲ အနောက်ကနေ ထွက်လာခဲ့တာလား?

သူမ ကလေးဘဝတုန်းက အဘိဓာန်စာအုပ်လေး ဝယ်ချင်တာကိုတောင် ဝယ်မပေးခဲ့ဘဲ အခုမှ ယွမ်ဆယ်ဂဏန်းလောက်ရှိတဲ့ ပစ္စည်းတွေကို ဝယ်လာပြီး အားဖြည့်ဖို့ လာပြောနေတယ်ပေါ့။

ဤသည်မှာ တကယ့်ကိုပင် “မတောင်းဘဲ ပေးတဲ့ စေတနာတွေက အကြံအဖန်ရှိတာ ဒါမှမဟုတ်ရင် ခိုးယူချင်နေတာပဲ” ဆိုသည့် စကားပုံကဲ့သို့ ဖြစ်နေ၏။

“ဘာကိစ္စရှိနေလဲဆိုတာကို ပြောလို့ရမလား၊ အဲဒါမှ ကျွန်မလည်း စိတ်သက်သာရာရမှာ”

“ကြည့်စမ်းပါဦး .. ဒီကလေး ဘာတွေပြောနေတာလဲ၊ မနေ့က ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တာပဲကို .. မင်းရဲ့မိဘတွေအနေနဲ့ မင်းကို လာကြည့်တာ ပုံမှန်ပဲမဟုတ်ဘူးလား.. ဘာလို့ စိတ်မသက်မသာ ဖြစ်ရမှာလဲ”

လင်းကွားချင်းမှာ အလွန်ပျင်းရိသော အကြွေးထူသည့် လောင်းကစား ဖြစ်သော်လည်း ကျိုးချွေ့ဟွားကဲ့သို့ ပရိယာယ်များမရှိပေ။

သူသည်က လင်းမိန်ဟွေ့အား ဆိုးဆိုးရွားရွားဆက်ဆံ‌နေခြင်းမှာ လင်းမိန်ဟွေ့ကို သူ အလကား ကျွေးမွေး၍ ထောက်ပံ့ထားရသောကြောင့်သာ ဖြစ်သည်။ သူ့ထံ၌ လင်းမိန်ဟွေ့အား ထိခိုက်လိုသည့် ရည်ရွယ်ချက်များနှင့် တစ်စုံတစ်ရာ ပြန်လည်ရယူလိုသည့်ရည်ရွက်ချက်များ မရှိချေ။

သို့သော်လည်း ယခုအချိန်၌လင်းကွားချင်း၏ ထူးဆန်းသောအပြုံးကိုမြင်ရသည်နှင့် လင်းမိန်ဟွေ့၏ စိုးရိမ်စိတ်များက ပို၍များလာခဲ့၏။

“ဒီပစ္စည်းတွေကို ပြန်ယူသွားပြီး ကိုယ့်ဘာသာစားလိုက်ပါ၊ ကျွန်မက ကျန်းမာတယ်.. ဒီအားဖြည့်စာတွေ မလိုအပ်ပါဘူး၊ စားရင် ဘေးထွက်ဆိုးကျိုးတွေရှိမှာ ကြောက်တယ်”

ကျိုးချွေ့ဟွားသည် လင်းမိန်ဟွေ့၏ ကျေးဇူးကန်းသော စကားကို ကြားလိုက်ရသောကြောင့် သူမ၏လေသံထဲတွင် ခံပြင်းမှုမျာ့ဖြင့် ပြောလိုက်သည်။

“ပြီးတာပဲ…မင်း နေကောင်းနေပြီဆိုရင်လည်း တခြားသူတွေကို မဆင်မခြင်နဲ့ တရားစွဲမနေနဲ့တော့၊ အရှက်တရားလေး ဘာလေး ရှိဦး၊ အဲဒါက နောက်ကျ မင်းကိုပဲ ဆိုကျိုးတွေရှိလာစေလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသည့်အခိုက်တွက် လင်းမိန်ဟွေ့၏ တစ်ကိုယ်လုံးက အေးစက် တောင့်တင်းသွား၏။

သူမ သူမ၏ မိဘများကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ယခင်က သူတို့အပေါ် မုန်းတီးခဲ့ခြင်းမှာ သူမအား ခေါင်းပုံဖြတ်၍ သနားညှာတာမှုမရှိ ရက်စက်ခဲ့သောကြောင့်ပင်။

သို့သော်လည်း ယခုအချိန်တွင်တော့ သူမ၏နှလုံးသားမှ အောက်ဆုံးမှ မုန်းတီးမှုများ ဖြစ်ပေါ်လာခဲ့၏။

သူတို့တွေက အဲဒီလူယုတ်မာဘက်က ဘာလို့ ကာကွယ်ပေးနေရတာလဲ?

အမျိုးသမီးတစ်ဦး၏ သန့်စင်မှုသည်က သူမ အသက်ထက်ပင် အရေးကြီးသည်ကို သူတို့ မသိကြခြင်းလား။

မနေ့ညက စုန့်ယီနှင့် ချန်အန်းသယ်သာ အချိန်မှီ ရောက်မလာခဲ့လျှင် သူမ၏ဘဝမှာ ကျန်းကျစ်ကုန်းကြောင့် ပျက်စီရပေလိမ့်မည်။

“ကျိုးချွေ့ဟွား၊ ရှင် ခုနက ဘာပြောလိုက်တာလဲ”

“ကျန်းကျစ်ကုန်းက ဘာမှ ဆိုးဆိုးရွားရွား လုပ်ခဲ့တာလဲမဟုတ်ဘူး.. ဒါကို အခု ရဲစခန်းမှာ ရှိနေရတယ်၊ ဖြစ်နိုင်ရင် သူ့ကို အာရုံစိုက်မနေနဲ့တော့”

ဆိုင်တစ်ဆိုင်လုံးတွင် ကျိုးချွေ့ဟွား၏ “သူ့ကို အာရုံစိုက်မနေနဲ့တော့”ဟူသော စကားသံများကသာ ပဲ့တင်ထပ်နေသည်။

ထိုစကားများက လင်းမိန်ဟွေ့ကသာ မဟုတ်မမှန်တရားစွဲတတ်သူဖြစ်သွားခဲ့ပြီး ကျန်းကျစ်ကုန်းမှာမူ မတရားစွပ်စွဲခံခဲ့ရသော အပြစ်မဲ့သူ ဖြစ်သွားလေ၏။

လင်းမိန်ဟွေ့တစ်ယောက် ကျိုးချွေ့ဟွားအား ဖျော့တော့သော အပြုံးဖြင့် ကြည့်၍ ပြောလိုက်သည်။

“ရှင်တို့တွေ ဒီနေ့ ကျန်းကျစ်ကုန်းအတွက် ကြားကနေ စကားဝင်ပြောပေးဖို့အတွက် လာတာထင်တယ်၊ ပြောစမ်းပါဦး…အဲဒီတိရစ္ဆာန်ကို ကူညီဖို့ ကျန်းမိသားစုက ရှင်တို့ကို ဘယ်လောက် ပေးခဲ့လဲ”

“ကြည့်စမ်း ဒီကလေးကတော့! မင်းနဲ့ ကျန်းကျစ်ကုန်းက တစ်နည်းမဟုတ်တစ်နည်းနဲ့ ကံကြမ္မာ ဆက်နွှယ်နေတာပဲ၊ စုန့်ယီသာ မရှိခဲ့ရင် မင်းတို့ ညားနေလောက်ပြီ”

“ဟုတ်တယ်…ကျန်းကျစ်ကုန်းက အရမ်းလည်းမဆိုးပါဘူး၊ မင်းကို အရမ်းချစ်လို့ အဲဒီလို မိုက်မဲတဲ့ အလုပ်တွေ လုပ်မိသွားတာ၊

မိန်ဟွေ့….မင်းရေ့် ရှေ့ရေးကို ကြည့်ပြီး စဉ်းစားမှရလိမ့်မယ်၊ မင်း ကျန်းကျစ်ကုန်းကို ထောင်ကျအောင် လုပ်လိုက်ရင် မင်းအတွက် ဘာအကျိုးရှိမှာလဲ”

ထိုဇနီးမောင်နှံနှစ်ယောက်သည်က အမှန်ပင် စုံတွဲပီသလေ၏။

ဇနီးဖြစ်သူ၏လေသံနောက် လိုက်၍ ခင်ပွန်းဖြစ်သူမှာလည်း ထိုလူယုတ်မာ ကျန်းကျစ်ကုန်းအား အပြစ်မဲ့သူအဖြစ် ပုံဖော်နေပုံရသည်။

ဤသည်ကို မြင်နေရသော စုန့်ယီမှာ သည်းမခံနိုင်တော့ပေ။ သူကဘေးမှ တံမြက်စည်းကို ဆွဲယူ၍ ကျိုးချွေ့ဟွားနှင့် သူ၏ ခင်ပွန်းအား ချိန်လိုက်၏။

“ခင်ဗျားတတို့နှစ်ယောက် ကျွန်တော်တို့ရဲ့ ဆိုင်ထဲကနေ အခုချက်ချင်းထွက်သွားကြ၊ ကျွန်တော့်ရဲ့ မျက်စိရှေ့မှာ နောက်တစ်ခါ ပေါ်မလာစေနဲ့! မဟုတ်ရင် တွေ့တာနဲ့ ရိုက်မိလိမ့်မယ်”

“မင်း အရမ်းလွန်လာပြီနော်! ကမ္ဘာပေါ်မှာ ဘယ်ဥပဒေက ကိုယ့်သမီးကိုယ် တွေ့ခွင့်မရှိဘူးလို့ တားမြစ်ထားလို့လဲ”

“ဥပဒေကတော့ အဲဒီလို တားမြစ်မထားပေမဲ့ ကျွန်တော် ခင်ဗျားတို့ကို ထပ်ပြီးမတွေ့ချင်တော့ဘူး၊ ခင်ဗျားတို့က ကျန်းမိသားစုရဲ့ လာဘ်ထိုးတာတွေကို လက်ခံပြီးပြီဆိုတော့ ကျန်းကျစ်ကုန်းကိုပဲ ခင်ဗျားတို့ရဲ့သားအဖြစ် လက်ခံလိုက်တော့၊

ခင်ဗျားတို့တွေ ကျန်းမိသားစုနဲ့ပတ်သက်တာကို ကျွန်တော်မှာ ဘာမှ ကန့်ကွက်စရာ မရှိဘူး ၊ညဒါပေမဲ့ အဲဒီတိရစ္ဆာန်အတွက် ခင်ဗျားတို့ထပ်ပြီး ကြားဝင်စေ့ပေးတာမျိုးကို ထပ်ပြီး မကြားချင်တော့ဘူး”

လင်းမိန်ဟွေ့အနေဖြင့် ထိုကဲ့သို့ လူနှစ်ယောက်အတွက် ငိုကြွေးဖို့ပင် မထိုက်တန်ကြောင်းကို သိသော်လည်း သူမ မထိန်းနိုင်ဘဲ မျက်ရည်များ ကျလာခဲ့း့သည်။

သူမ မျက်ရည်များအား သုတ်လိုက်ပြီး ခေါင်းမော့၍ ကျိုးချွေ့ဟွားနှင့် လင်းကွားချင်းအား အေးစက်စွာ စိုက်ကြည့်လိုက်၏။

“ဒီနေ့ကစပြီး ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်မယ်၊ ကျွန်မက ရှင်တို့ရဲ့သမီး မဟုတ်တော့ဘူး… ရှင်တို့ကလည်း ကျွန်မရဲ့မိဘတွေ မဟုတ်တော့ဘူး”

လင်းမိန်ဟွေ့၏နှလုံးသားက အလွန်ပင်နာကျင်နေခဲ့လေသည်။

မနေ့က ဖြစ်ခဲ့သည့်ကိစ္စအတွက် သူစိမ်းများကပင် သူမအား စိုးရိမ်တကြီးဖြစ်ကာ နှစ်သိမ့်ပေးခဲ့ကြ၏။

သို့သော်လည်း သူမ၏ မိဘများမှာမူ ပိုက်ဆံအတွက်ကြောင့် ထိုလူယုတ်မာဘက်မှ ပြောပေးလာခဲ့ကြသည်။

သူတို့တွေ ဘာကြောင့်များ သမီးဖြစ်သူဘက်မှ မနာနိုင်ခဲ့ကြတာလဲ။

ထိုအခိုက်တွင် အနောက်မှ လိုက်ပါလာခဲ့ပြီး တံခါးအပြင်ဘက်၌ ရပ်နေသည့် လင်းရှောင်ရှုမှာ သူတို့၏စကားကိုကြားပြီး အထဲသို့ ပြေးဝင်လာခဲ့သည်။

သူက ကျိုးချွေ့ဟွားနှင့် လင်းကွားချင်းအား တွန်း၍ လင်းမိန်ဟွေ့ကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလိုက်၏။

“လင်းမိန်ဟွေ့….မင်းက အတ္တကြီးတဲ့မိန်းမပဲ၊ မင်းရဲ့ မိဘတွေက အရင်တုန်းက မင်းကိုကျွေးမွေးခဲ့ရတာ၊ မင်း ကျေးဇူးတရားကိုပြန်ပေးဆပ်ရမယ်ဆိုတဲ့စကားပုံကိုရော နားလည်ရဲ့လား”

လင်းမိန်ဟွေ့အနေဖြင့် သူတို့က စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို ထပ်မံ၍ လုပ်လာခြင်းဖြစ်ကြောင်းကို သိသောကြောင့် ရိုးရှင်းစွာပင် ပြန်ဖြေလေသည်။

“နင်တို့ ငါ့အပေါ်မှာ ရှိနေတဲ့ကျေးဇူးတွေကို ငါ မသိဘူး!”

လင်းရှောင်ရှုတစ်ယောက် အလွန်ဒေါသထွက်သွားပြီး သူ လင်းမိန်ဟွေ့အား စိုက်ကြည့်၍ အော်လိုက်၏။

“အခု ငါ တို့မိသားစုမှာ ပိုက်ဆံမရှိလို့ ငါ ကျောင်းတောင် မတက်နိုင်တော့ဘူး၊ ကျန်းမိသားစုက ငါ့မိဘတွေကို ယွမ်သုံးသောင်းပေးခဲ့တယ်၊ မင်းသာ ကျန်းကျစ်ကုန်းကို တရားမစွဲဘူးဆိုရင် အဲဒီပိုက်ဆံက ငါတို့အပိုင်ဖြစ်လာမှာ”

“နင် ကျောင်းတက်နိုင်တာ မတက်နိုင်တာက ငါနဲ့ ဘာဆိုင်လို့လဲ”

လင်းမိန်ဟွေ့တစ်ယောက် အလွန်ပင်စိတ်ပျက်နေခဲ့ပြီး ဤမိသားစုနှင့် မဆက်ဆံချင်တော့ပေ။

သူတို့ မည်သည့်အရာများပင်ပြောလာပါစေ သူမ စိတ်ဆိုးမည်မဟုတ်တော့ချေ။

လင်းရှောင်ရှုက တံခါးဝအား လက်ညှိုးထိုး၍ အော်ဟစ်လေသည်။

“မင်းယုံယုံ၊ မယုံယုံ ဒီမြို့ထဲမှာရှိတဲ့ လူတိုင်းကို မင်းက ဘယ်လို လူစားမျိုးလဲဆိုတာ သိသွားအောင်လုပ်ပြမယ်၊ မင်း စီးပွားရေး ဆက်လုပ်လို့ မရအောင် လုပ်ပစ်မယ်”

ထိုအချိန်၌ စုန့်ယီက အရှေ့တိုးလာပြီး ပြောလိုက်၏။

“လင်းရှောင်ရှု.. ငါ မင်းကို ကလေးတစ်ယောက်ပဲလို့ သတ်မှတ်ထားတာဖြစ်လို့ မင်းနဲ့ စကားများတာမျိုး မဖြစ်ချင်ဘူး၊

မင်းသာ မင်းအစ်မရဲ့ ခံစားချက်တွေကို ထည့်မတွက်ဘူးဆိုရင် နောက်ကို ငါတို့အိမ်ကို ဘယ်တော့ မလာနဲ့တော့”

“ထွက်သွားစမ်း!”

စုန့်ယီက တံခါးဆီသို့ လက်ညှိုးထိုး၍ ပြတ်သားစွာ အော်ပြောလိုက်၏။

All Chapters