အခန်း (၁၈၉-၁၉၀)
Vol. 16 Ch. 189-190
အခန်း ၁၈၉ -
အခု မင်းတွေ့ပြီ မဟုတ်လား။
အဖိုးအို၏ သွေးစွန်းနေသော အဝတ်အစားများသည် လေမတိုက်ဘဲ လွင့်မျော နေ၏။ သူက ကူချန်တို့နှစ်ဦးထံကြည့်ပြီး၊
“ ဝိညာဉ်ရေး လက်နက်တွေ သိမ်းယူခံထားရရင်တောင် ငါက စင်ကြယ်ခြင်း နယ်ပယ် ခွန်အားကို ပိုင်ဆိုင်ထားတယ် ...
... မင်းတို့လို ကောင်လေးတွေက ငါ့ကိုနှိမ်နင်းနိုင်မယ်များ တကယ်ထင်နေလား ဒီလိုသာ ငါ့ကိုသတ်လို့ရရင် ချင်းယွမ်နိုင်ငံက လူယုတ်မာတွေ ငါ့ကိုသတ်ခဲ့တာကြာပြီ ...
... ငါ့ကို အနှစ်သုံးဆယ်လောက် ဖမ်းချုပ်ထားရင်တောင်မှာ ခရမ်းရောင်နေမင်း နယ်ပယ် ဂျူနီယာလေးတွေက ငါ့ပြိုင်ဘက် မဖြစ်နိုင်သေးပါဘူး။ ”
စကားဆုံးသည်နှင့် လက်ကို ဝှေ့ရမ်းလျက်၊
“ အရိုးတစ်သောင်း ဝိညာဉ် ... ပေါက်ကွဲ။ ”
-ဟု အော်ဟစ်လိုက်သည်။
ကြီးမားသော သွေးနီရောင် အရိုးစုကြီး ငါးခုအနက်မှတစ်ခုသည် ကူချန်ထံပြေးဝင်ကာ ကျန်လေးခုသည် ချန်ချွမ်ထံ ဦးတည်၏။
အရိုးစုများ၏ ပေါက်ကွဲစွမ်းအားသည် ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူများ၏ ခွန်းအားဖြင့်ညီမျှသည်။ ထို့ကြောင့် ချန်ချွမ်မှ ကူချန်အပေါ် ဂရုစိုက်လိုက်ရ၏။
တစ်ဖက်လူသည် သတ္တမတန်း အစီရင်သခင်တစ်ဦးဖြစ်သော်လည်း ထိုစွမ်းအား အပေါ် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
“ တာအိုချန်ချွမ်၊ ငါ့အတွက်စိတ်မပူနဲ့ ဒီအရာတွေကို ငါကိုယ်တိုင် ကိုင်တွယ်နိုင်တယ် မင်းကိုယ်မင်း ဂရုစိုက်ပါ။ ”
ကူချန်က ချန်ချွမ်အတွေးကို မြင်နိုင်ပြီး ပြောကြားလိုက်၏။ ထိုစကားကြောင့် ချန်ချွမ်မှ မျက်ခုံးပင့်လိုက်သော်လည်း ကူချန်အပေါ် ယုံကြည်ရန် ရွေးချယ်လိုက်သည်။
“ တာအိုချန်ရှန့် သတိထားပါ မင်းက သတ္တမတန်းအစီရင်သခင်ပဲ ... မင်းအစီရင်ကို ကောင်းကောင်း ထိန်းထားနိုင်သရွေ့ အချိန်တို အတွင်း ကျရှုံးမှာ မဟုတ်ဘူး ...
... ဒီအဘိုးကြီးက စင်ကြယ်ခြင်း နယ်ပယ်မှာဖြစ်ပေမဲ့ သူ့ခွန်အားကို အများဆုံး (၅၀%)ပဲ သုံးနိုင်တော့မယ်။ ”
ကျင့်ကြံသူတစ်ယောက်၏ တိုက်ပွဲဝင် စွမ်းအားသည် ခွန်အား၊ ဝိညာဉ်ရေးပစ္စည်းနှင့် အခြားသောအရာများအပေါ် မူတည်၏။
ဝိညာဉ်ရေးပစ္စည်းများနှင့် အခြား ပြင်ပအရာများမရှိသော် ထိုသူ၏တိုက်ပွဲဝင် စွမ်းအားသည် များစွာလျော့ကျချေမည်။
“ ငါတို့ နောက်ထပ် တစ်နာရီလောက် ထိန်းထားနိုင်ခဲ့ရင် ဂိုဏ်းရဲ့သင်းထောက်တွေ ရောက်လာပြီး ဒီနတ်ဆိုးကို သေချာပေါက် သတ်ပစ်ပါလိမ့်မယ် ... ။ ”
ဤတစ်ကြိမ်၌ ချန်ချွမ်သည် သူ့ထံလာနေသော သွေးအရိုးစုလေးကောင်ထံ လှည့်ကြည့်ကာ လိပ်ခွံကိုထုတ်လိုက်၏။
“ ဝှစ် ... ။ ”
လိပ်ခွံသည်လေထုအလယ် ချက်ချင်းပင် ကြီးထွားလာကာ ဧရာမလိပ်ခွံဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
“ ဝုန်း ... ။ ”
ထိုစဉ် ကူချန်ဖန်တီးထားသော ကျောက်ဆောင်များဖြင့်ထိမှန်ကာ သွေးအရိုးစု တစ်ကောင်က ပေါက်ကွဲသွား၏။
အလွန်စူးရှသော အလင်းတန်းများ ကူချန်အပေါ် လွှမ်းခြုံလာချေပြီ။ ကျောက်သား နံရံများ လျင်မြန်စွာ ကွဲအက်သွားလျက် အဆုံး၌ အပိုင်းအစများအဖြစ် အရပ်ရပ်သို့ ပြန့်ကားကုန်တော့၏။
ကျောက်သားနံရံသည် ထူထဲမာကျော သော်လည်း အရိုးစုကြီးသည် ခရမ်းရောင်နေမင်း နယ်ပယ်ကျင့်ကြံသူတစ်ဦး၏ စစ်မှန်သောချီ ပမာဏရှိသည်။
၎င်းပေါက်ကွဲခြင်းသည် ခရမ်းရောင် နေမင်းနယ်ပယ် ကျွမ်းကျင်သူ ပေါက်ကွဲခြင်း မည်ချေမည်။
“ ဝုန်း ... ဝုန်း ... ဝုန်း ... ။ ”
တစ်ဖက်တွင်လည်း သွေးအရိုးစု လေးကောင်ရောက်ရှိလာပြီး လိပ်ခွံဒိုင်းအပေါ် ထိမှန်ပေါက်ကွဲကုန်သည်။ ချန်ချွမ်အတွက် ခရမ်းရောင်နေမင်းနေပယ် လေးဦးကို ရင်ဆိုင်နေရခြင်းပေပင်။
သို့သော် သူ့ကိုယ်သူထက် ကူချန်အပေါ် စိုးရိမ်နေခဲ့သည်။ အစောပိုင်း ပေါက်ကွဲမှုသည် ကျောက်သားနံရံကို အမှုန့်ဖြစ်သွားစေ၏။
“ တာအိုချန်ရှန့် မင်းဘယ်လိုနေလဲ။ ”
စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်။ တုန့်ပြန်မှုမရှိချေ။ ထို့ကြောင့် မျက်နှာပျက်ယွင်း သွားတော့သည်။
တာအိုချန်ရှန့်သည် ဤအရာကို မျှော်လင့်ထားပြီးဖြစ်သောကြောင့် စိတ်ချရန် နှစ်သိမ့်ခဲ့ခြင်းပင်လော။
“ နှင်းပန်းဓားကျောင်းရဲ့ အမာခံတပည့် တစ်ယောက်က မျှော်လင့်ထားသလိုပါပဲ မင်းရဲ့ ခွန်အားက တကယ့်ကို ထူးခြားပါပေတယ် ...
... ငါ့ရဲ့တိုက်ခိုက်မှုကို နေလအဆင့် တပည့်တစ်ယောက်ကသာ တားဆီးနိုင်မယ် သာမန် ခရမ်းရောင်နေမင်းကျင့်ကြံသူဆိုရင် မင်းအမှုန့်ဖြစ်နေပြီ။ ”
နတ်ဆိုးအဖိုးအိုမှ အရိုးစုကြီး၏ ဦးခေါင်းအပေါ်ခုန်တက်လိုက်ကာ မြင်ကွင်းကို စီးမိုးကြည့်လျက် မှတ်ချက်ပေးသည်။
သူ့အရိုးစုတစ်ခုစီ၌ ခရမ်းရောင်နေမင်းနယ်ပယ်နှင့်ညီမျှသော စွမ်းအင်များပါရှိသည်။
၎င်းပေါက်ကွဲသော် ခရမ်ရောင် နေမင်းနယ်ပယ် ကျင့်ကြံသူများအတွက် မသေဆုံးလျှင်ပင် ဒဏ်ရာအပြင်းအထန် ရပေလိမ့်မည်။
ယခုမူ အရိုးစုလေးလုံးသည် ပြင်းထန်စွာပေါက်ကွဲပြီး အလွန်ကျယ်ပြန့်သော ဧရိယာကို လွှမ်းခြုံထားသော်မှ ချန်ချွမ်မှာ ဒဏ်ရာမရခဲ့ချေ။
တစ်ဖက်တွင် ချန်ချွမ်သည် အစီရင်သခင်ဖြစ်သဖြင့် သူ့ခွန်အားများသည် ဓားရေးထက် အစီရင်ပညာ၌ သာလွန်၏။
ထို့ကြောင့် အလယ်အလတ်တန်းစား ဝိညာဉ်ရေးလက်နက်နှင့်အတူ အစီရင်အပေါ် အသက်သွင်းသောအခါ ပေါက်ကွဲစွမ်းအားကို တားဆီးနိုင်ခဲ့သည်။
“ ဒါပေမယ့် ... မင်းရဲ့ အဖော်ကတော့ ဒါကိုတားဆီးနိုင်ပုံမရဘူး စိတ်မကောင်းစရာပဲ သူက နှင်းပန်းဓားကျောင်းဝတ်စုံကို ဝတ်မထားဘူး ...
... ဒါကြောင့် မင်းတို့နှစ်ယောက်က ကျင့်ကြံမှုနယ်ပယ် တူရင်တောင် သူ့ခွန်အားက မင်းလောက်မကောင်းနိုင်ဘူး ဟမ့် ... ။ ”
အဖိုးအိုက ကူချန်ထံ လှည့်ကြည့်ကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် မှတ်ချက်များပေးနေစဉ် ရုတ်တရက် မျက်ခုံးပင့်လိုက်တော့၏။
အကြွင်းအကျံ စွမ်းအင်လှိုင်းများ တဖြည်းဖြည်းပါးလျလာစဉ် အနက်ရောင် ရေစက်ကြီးတစ်လုံးကို မြင်လိုက်ရချေပြီ။
၎င်းအတွင်း သက်ရှိတစ်ယောက်၏ အငွေ့အသက်ကို ခံစားရနိုင်၏။ ရေစက်ဝန်းအနှံ့ ကျောက်တုံးအပိုင်းအစများ မျောပါနေသည်။
ဤသည်မှာ ပေါက်ကွဲမှုမှလာသော အဖျက်စွမ်းအားကို အနက်ရောင် ရေစက်ဝန်းမှ စုပ်ယူလိုက်ကြောင်း မြင်သာနေ၏။
ထိုခဏတွင် အဖိုးအိုသည် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားနေသည့် သူ့စကားများ ပျောက်ကွယ်ကုန်၏။
ယနေ့ခေတ် မျိုးဆက်သစ်များသည် အံ့သြဖွယ်ပေပင်။ မည်သည့်အရာများ စားသုံး အစွမ်းထက်လာမှန်း နားမလည်နိုင်တော့ချေ။
သူ့သွေးအရိုးများသည် ခရမ်းရောင် နေမင်းနယ်ပယ်ရှိ ဂျူနီယာများကို ဒဏ်ရာမပေး နိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။
အဖိုးအို မသိခဲ့သည်မှာ သူပြိုင်ဘက် လူငယ်နှစ်ယောက်သည် ခေတ်ပြိုင်လူငယ်များ အတွင်း အထက်တန်းသားများ ဖြစ်နေခြင်း ပေပင်။
ချန်ချွမ်သည် နေလအဆင့်တွင် ကျော်ကြားလွန်းသော တပည့်ဖြစ်ပြီး ကူချန်မှာ မြင့်မားလှသော အရည်အချင်းများဖြင့် မွေးဖွားလာသူဖြစ်သည်။
အခွင့်အလမ်းကောင်းနှင့် ကံကောင်းခြင်းများကိုလည်း ပွေ့ပိုက်လျက် သက်တမ်း(၁၀)ဆ ပိုင်ရှင်ပေပင်။
သူတို့ (၂)ယောက်သည် ခေတ်ပြိုင် လူငယ်များတွင် ပြို်ငဘက်ကင်း ပါရမီရှင်များ ဖြစ်ချေပြီ။ အဘိုးအိုအတွက် ယခင်တွေ့ဖူးသည့် သာမန် ခရမ်းရောင်နေမင်းနယ်ပယ် ပြိုင်ဘက်များနှင့် နှိုင်းယှဉ်၍မရချေ။
“ ငါ့အတွက် စိတ်ပူစရာ မလိုဘူးဆိုတာ ယုံပြီလား တာအိုချန်ချွမ်။ ”
ကူချန်က ချန်ချွမ်ထံကြည့်ကာ ပြုံးပြလိုက်သည်။ သူ၏ စစ်မှန်သောစွမ်းအင် သိပ်သည်းမှုသည် ဤနတ်ဆိုးအဘိုးအိုကို ထိန်းထားနိုင်အောင် လုံလောက်၏။
ထိုအဘိုးအိုတွင် ဝိညာဉ်ရေး လက်နက်များသာရှိနေခဲ့သော် သူ အနည်းငယ် ကြောက်ရပေမည်။
ယခုမူ အဘိုးအိုထံပါး၌ သွေးအင်္ကျီကဲ့သို့သော ကာကွယ်ရေး လက်နက် မျှသာ ရှိနေခဲ့သဖြင့် သက်သာရာရခဲ့၏။
ထိုကြောင့် နယ်ပယ်ကွာဟချက်ကို သန့်စင်သောဝိညာဉ်မီးတောက်ဖြင့် ထိန်းနိုင်၏။ ကူချန်တစ်ယောက် အဆင်ပြေနေကြောင်း မြင်မှသာ ချန်ချွမ်ကသက်ပြင်းချလိုက်သည်။
“ ချွင် ... ။ ”
ထိုနောက် ငရဲဓားကိုဆွဲကိုင်လျက် အဝါရောင်နွေဦးစမ်းရေရောင်ဝါကို ထုတ်လွှတ် လိုက်၏။
“ ဒီနေ့ ... မင်းမှာဝှက်ဖဲတွေ ရှိသေးလား ငါကြည့်မယ်။”
“ ဟမ့် ... တိရစ္ဆာန်လေးတွေ ... ငါ့တိုက်ခိုက်မှုကို ခုခံနိုင်ရုံနဲ့ ... မင်းတို့လို ပုရွက်ဆိတ်တွေက ငါ့အပေါ်တကယ် အနိုင်ယူနိုင်မယ်များ ထင်နေလား။ ”
“ ဝှစ် ... ။ ”
စကားဆုံးသည်နှင့် သွေးနီရောင် ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာ၏။ ထိုမျက်နှာသည် သူနှင့်ဆင်တူကာ တစ်ကိုယ်လုံး နီရဲနေသည်။
“ ကိုယ်ပွားလား ... ။ ”
ချန်ချွမ်တစ်ယောက် မျက်လုံးများထဲ အံ့အားသင့်သော အရိပ်အယောင်များ ပြသ လာသည်။
ထိုစဉ် အဘိုးအိုကိုယ်ပွားသည် သူ့ထံ ပြေးလာနေချေပြီ။ ချက်ချင်းပင် ပြင်းထန်သော တိုက်ပွဲကြီးဖြစ်ပွားလာခဲ့၏။
“ ငါမင်းနဲ့ ကစားပါရစေ။ ”
ထိုစဉ် အရိုးစုပေါ်ရှိ အဘိုးအိုက ချန်ချွမ်နှင့် သူ့ကိုယ်ပွားတိုက်ပွဲကို လျစ်လျူရှုကာ ကူချန်ထံ လှည့်ကြည့်လိုက်သည်။
“ သွား ... ။ ”
“ ဝှစ် ... ။ ”
စကားဆုံးသည်နှင့် အရိုးစုကြီးသည် ကူချန်ထံဝင်ရောက်လာပြီး အရိပ်တစ်ရိပ်သည် ဆန့်ကျင်ဘက်အရပ်သို့ ခုန်ထွက်သွား၏။
ကူချန်တစ်ယောက် ချက်ချင်း ဆုတ်ခွာလျက် အဖိုးအို၏လုပ်ရပ်ထံ မော့ကြည့် လိုက်မိလေသည်။
“ မင်း ထွက်ပြေးချင်တာလား ... ဟမ့် ။ ”
အတွေးများမဆုံးခင် သူ့နှလုံးသား အနည်းငယ်တုန်ခါလာသဖြင့် ဦးတည်ရာထံသို့ မျှော်ကြည့်လိုက်သည်။
ဆယ်မိုင်အကွာတွင် ချင်းရွှမ်းနှင့် ချူဟွာရီတို့ရပ်နေသည်။ သူမတို့၏ ခွန်အားဖြင့် တိုက်ပွဲအတွင်း မကူညီနိုင်သည်ကိုသိကာ အဝေးမှ ကြည့်နေခြင်းဖြစ်၏။
“ ဝှစ် ... ။ ”
နတ်ဆိုးအဖိုးအိုသည် သူမတို့ကို သတိပြုမိသွားပုံရသည်။ ကူချန်မှ ရွေ့လျားမှု နည်းစနစ်ကိုအသုံးပြုကာ အရှိန်သုံးဆ တင်လိုက်တော့၏။
ရုတ်ချည်း သူ့ရှေ့ပေါ်လာသော ကူချန်ပုံရိပ်ကြောင့် နတ်ဆိုးအဖိုးအိုခမျာ အံ့အားသင့်သွားလေသည်။
“ မင်း ... ။ ”
“ ခရမ်းရောင်နေမင်း နယ်ပယ်ကို ဖြတ်ကျော်လာပြီးတည်းက ငါ့ခွန်အားအပေါ် အကုန်အစင်ထုတ်ခိုင်းတဲ့ ...
... ပြိုင်ဘက်မျိုးကို မတွေ့ရသေးဘူး ... ဒီနေ့တော့ မင်းငါ့ကို လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”
ကူချန်မှ ပြုံးလျက် ပြောကြားလိုက်သည်။ သူစကားကြောင့် နတ်ဆိုးအဖိုးအိုမှာ ဒေါသများ ထွက်လာ၏။
“ ဘယ်လိုသတ္တိရှိလဲ ... အသက်ရှင်ဖို့ ကြိုးစားနေကြတဲ့ လူတွေကို ငါတွေ့ဖူးပါတယ် ဒါပေမယ့် ... သေဖို့တောင်းဆိုနေတဲ့ လူကိုတော့ ငါမတွေ့ဖူးသေးဘူး။ ”
“ အခု ... မင်းတွေ့ဖူးပြီ မဟုတ်လား။ ”
***
အခန်း ၁၉၀ -
အရိုးဓားအစီရင် ... ။
ကူချန်စကားကြောင့် အဖိုးခမျာ အသက်ရှူသံများ မြန်လာပြီး ဒေါသများ ပေါက်ကွဲလာသည်။
ခရမ်းရောင် နေမင်းနယ်ပယ် ကျင့်ကြံသူသည် မည်သု့အချိန်မှစကာ သူ့အပေါ် စိန်ခေါ်ဝံ့သနည်း။
“ သွေးအဖိုးအို ဆိုတဲ့ အမည်က ကျင့်ကြံမှုလောကကနေ ဆယ်စုနှစ်များစွာ ပျောက်ကွယ်နေခဲ့ရတယ် ... မင်းတို့လို ဂျူနီယာတွေ ငါ့နာမည်ကို မေ့သွားတာ သဘာဝပါပဲ။ ”
သွေးအဖိုးအို၏ စကားကြောင့် အဘိုးအိုကိုယ်ပွားဖြင့် တိုက်ခိုက်နေသော ချန်ချွမ်မှ ကူချန်ကို လှည့်ကြည့်သည်။
“ တာအိုချန်ရှန့် ... သတိထားပါ ဒီနတ်ဆိုးအဘိုးအိုက အရမ်းသန်မာတယ် ကိုင်တွယ်ရ မလွယ်ဘူး။ ”
ကိုယ်ပွားတစ်ကောင်သည်ပင် ဤမျှ အစွမ်းထက်နေရာ စစ်မှန်သော အဖိုးအို၏ တိုက်ပွဲဝင်စွမ်းအားသည် ကြောက်စရာ ကောင်းမည်မှာ အမှန်ပေပင်။
ထိုစဉ် သွေးအဖိုးအိုသည် ကူချန်ကို စတင်တိုက်ခိုက်နေပြီဖြစ်၏။ မျက်စိတစ်မှိတ် အတွင်း ကူချန်ရှေ့ပေါ်လာကာ လက်သည်းဖြင့် ကုပ်ချလိုက်သည်။
ကြီးမားလှသော လက်သည်းအရိပ်ကြီး လေဟာနယ်ကို ဖြတ်သန်းလာ၏။ လေထုထဲ သွေးညှီရနံ့များထုံမွှန်းသွားသည်။
၎င်းလက်သည်းအရိပ်သည် အံ့သြဖွယ်ကောင်းအောင်ပင် ရွံရှာဖွယ်ရနံ့များ ပေးစွမ်းနေသော သွေးစက်များ ကျဆင်းနေ၏။
သွေးစက်ထိနှန်ရာ မြေပြင်တွင် အမည်းကွက်ကြီးများ ဖြစ်ပေါ်လာနေသည်။ ထိုမြင်ကွင်းကို သတိထားမိသော ကူချန်ခမျာ သွေးအဆိပ်ဟူသည့် အမည်ကို သတိရလာ၏။
သွေးအဘိုးအို၏ စစ်မှန်သောချီသည် အသက်ရှင်နေသည့်လူများထံ သွေးအနှစ်သာရ မည်မျှ စုပ်ယူထားကြောင်း မတွက်ဆနိုင်ချေ။
ထိုသွေးတစ်စက်ဖြင့် ဖျော်စပ်ရောနှော တိုက်သော် လူပေါင်းသောင်းချီကို အဆိပ်သင့် သေဆုံးနိုင်မည်။
ထို့ကြောင့် ဤသွေးစက်သည်သာ ထိမှန်သော် ခန္ဓာကိုယ်အနှံ့ ရွံ့ရှာဖွယ်အနာများ ဖြစ်ပေါ်လာပြီး အသားများပုပ်ရိသွားနိုင်၏။
ကူချန်တစ်ယောက် ရေကဲ့သို့ ငြိမ်သက်လာသည်။ သူ့မျက်လုံးများအတွင်း ရွှေရောင်ဖျော့ဖျော့မီးလျှံများ ကခုန်နေ၏။
“ ဝူး ... ။ ”
ထိုနောက် မျက်စိတစ်မှိတ်အတွင်း မီးတောက်များဝိုင်းရံနေသော မီးလူသားအဖြစ် ပြောင်းလဲသွားသည်။
အဝေးမှ ကြည့်သော် တောက်ပသော ရွှေရောင်အလင်းလွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ထင်မှားစေ၏။
သန့်စင်သော ဝိညာဉ်မီးတောက် ထွက်ပေါ်လာသည်နှင့် အမှောင်ထဲမီးအိမ် ထွန်းညှိလိုက်သကဲ့သို့ ပတ်ဝန်းကျင်ရှိ သွေးညှီရနံ့များ ပျောက်ကွယ်သွားသည်။
မီးတောက်သည် ထိုမျှဖြင့် မရပ်သေးဘဲ ပတ်ဝန်းကျင်ဧရိယာအတွင်း တိမ်တိုက်များကို ရွှေရောင်အဖြစ် ကူးပြောင်းစေ၏။
အဆုံး၌ ရဲရဲနီနေသောသံပူအိုးထဲ ရေခဲရေများ ပျက်ဖြန်းနေသကဲ့သို့ မြည်သံများ ကြားလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်လက်သည်းရိပ်သည် မီးလျှံအတွင်း ပျော်ကျသွားချေပြီ။
“ ဒါ ... ။ ”
သွေးအဘိုးအိုခမျာ ထိတ်လန့်သွားပြီး မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်တော့သည်။ တစ်ဖက်လူ၏ အလင်းလွှာသည် အနည်းငယ် ထူးဆန်းနေ၏။
“ သန့်စင်သော ဝိညာဉ်မီးတောက်။ ”
သွေးအဖိုးအိုမှ ရုတ်တရက် သံသယဝင်နေစဉ် ကူချန်သည် ထပ်မံတိုက်ခိုက် လာပြီဖြစ်၏။
လက်ရှိအချိန်တွင် သွေးအဖိုးအိုသည် ဝိညာဉ်ရေးလက်နက်များ ဆုံးရှုံးထားလေရာ စင်ကြယ်ခြင်းနယ်ပယ်၏ စစ်မှန်သော စွမ်းအားသာ ကျန်ရှိတော့သည်။
ထို့ကြောင့် ကူချန်အမြင်တွင် သဘာဝအတိုင်း ခွန်အားကို စမ်းသပ်ကြည့်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်နေ၏။
သည့်ပြင် သူ့ကံကြမ္မာကိုလည်း ပြန်၍တွက်ချက်ကြည့်ထားသည်။ အန္တရာယ်ရှိ နေသော်လည်း အသက်မသေနိုင်သေးကြောင်း ပြသနေ၏။ ယင်းကြောင့် ကူချန်မှ ရဲဝံ့စွာ တိုက်ခိုက်နေခြင်းပေပင်။
“ ဘယ်လောက် သတ္တိရှိလဲ ... အရိုးငရဲ။ ”
ထိုမြင်ကွင်းကြောင့် သွေးအဖိုးအိုမှာ ဒေါသထွက်လာသည်။ တောင်တန်းတစ်ခုလုံး တုန်ဟည်းသွားပြီး အဖြူရောင်အရိုးစုများက မြေပြင်မှ တိုးထွက်လာ၏။
ထိုအဖြူရောင် အရိုးတစ်ခုစီသည် ပေရာနှင့်ချီရှည်လျားပြီး ဓားပုံသဏ္ဍာန်အဖြစ် ချက်ချင်း ဖွဲ့စည်းကုန်သည်။
ဆယ်မိုင်ဧရိယာအတွင်း ဖုံးလွှမ်းသွား၏။ ချက်ချင်းပင် စိမ်းလန်းစိုပြေနေသောသစ်တော ကြီးသည် အရိုးဓားနယ်မြေကြီးအဖြစ် ပြောင်းလဲသွားလေသည်။
“ ဝှစ် ... ။ ”
လေထုအလယ် သွေးရောင်အဝတ်များ တဖျပ်ဖျပ်လွင့်မျောလျက် သွေးအရိုးစုကြီးကို ပြန်ခေါ်ကာ အဖိုးအိုမှ ခုန်တက်သွား၏။
“ ကောက်လေး ... မင်းငါ့ကို ဘာလုပ်နိုင်သေးလဲ။ ”
“ အညံ့ဖျင်းဆုံး ရုန်းကန်မှုပဲ။ ”
စကားဆုံးသည်နှင့် ကူချန်တစ်ယောက် သွေးအဖိုးအိုထံ ပြေးဝင်လိုက်၏။ အနက်ရောင် ရေကြိုးမျှင်များက ခန္ဓကိုယ်မှ တိုးထွက်လာပြီး သူ့အပေါ် ဝန်းရံလာသည်။
“ မင်း ... ဝံ့သလား။ ”
“ ရွှပ် ... ရွှပ် ... ရွှပ် ။ ”
ထိုအချိန်တွင် များပြားလှသော အရိုးဓားများထံမှ စွမ်းအင်များ ပျံတက်လာပြီး ကူချန်ကို ဟန့်တားတော့၏။
မြေပြင်သည် ရိုးရှင်းသော အရိုးဓားတောကြီးမဟုတ်ချေ။ ၎င်းသည် တိုက်ပွဲဝင်အစီရင်တစ်ခု ဖြစ်နေ၏။
ကူချန်တစ်ယောက် သူ့ပတ်ဝန်းကျင်ရှိ ထက်ရှသော ဓားရောင်ဝါကို ခံစားမိလာသဖြင့် မျက်ဝန်းများမှေးစင်းသွားကာ၊
“ ပျက်ပြယ် ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
အရိုးဓားအစီရင်ထံမှ ဝင်ရောက်လာသော ဓားစွမ်းအင်များအားလုံး ကူချန်နှင့် အနည်းငယ် အကွာတွင် ရပ်တန့်ပျက်ပြယ်သွား၏။
“ ဘာကြီးလဲ ... ။ ”
အရိုးဓားစွမ်းအင်များသည် ကူချန်အမိန့်အတိုင်း အမှန်ပင်လိုက်နာသဖြင့် သွေးအဘိုးအိုခမျာ ရှုပ်ထွေးလာခဲ့သည်။
“ ဓားရည်ရွယ်ချက်လား ... ။ ”
တစ်ဖက်တွင် သွေးအဖိုးအိုကိုယ်ပွားဖြင့် တိုက်ခိုက်နေသော ချန်ချွမ်သည် ထက်ရှသော ခံစားချက်များကြောင့် အံ့အားသင့်စွာ ရေရွတ်လိုက်တော့၏။
ထိုသို့ ဓားရည်ရွယ်ချက်ဟူသော အသုံးအနှုန်းသည် သွေးအဖိုးအိုကို မျက်လုံးပြူး သွားစေသည်။ တစ်ဆက်တည်းမှာပင် ကူချန်ကို မယုံကြည့်နိုင်စွာဖြင့် ပြန်ကြည့်လိုက်၏။
“ ဓားသမား ... ။ ”
ဓား၊ ဓားမော့၊ လှံစသည့် မည်သည့် ပညာရပ်မဆို ကျွမ်းကျင်ပြီး ရည်ရွယ်ချက်ကို နားလည်ထားသူသည် ပါရမီရှင်ဖြစ်၏။
ထိုသူများသည် အခက်ခဲဆုံးသော ပြိုင်ဘက်များဖြစ်သည်။ လက်နက်များဟူသည် သတ်ဖြတ်ရန်ဖြစ်၏။ ၎င်းတို့၏ ရည်ရွယ်ချက် အပေါ် နားလည်ထားသူများသည် လူသတ်သမားများပေပင်။
ပြတ်သားပြီး ရက်စက်၏။ တည်ငြိမ်ပြီး အကြောက်တရားကင်း၏။ ရွှေကဲ့သို့ထက်ရှပြီး သတ္တုကဲ့သို့ ပြတ်သား၏။
နတ်ဆိုးကျင့်ကြံသူများအတွက် ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်သည် ထိုသို့သော ကျွမ်းကျင်သူများပေပင်။
သည့်ပြင် ပြိုင်ဘက်သည် သန်စင်သော ဝိညာဉ်မီးတောက်ကိုလည်း ပိုင်ဆိုင်ထား၏။ စိတ်ပျက်စရာ အကောင်းဆုံးပေပင်။
“ ရေနက်ဓား ... ။ ”
ထိုစဉ် ကူချန်မှ လက်ဖဝါးဖြန့်လိုက်ရာ ရေစက်လေးများ သူ့ဝန်းကျင်၌ ဖြစ်ပေါ်လာ၏။ ၎င်းတို့သည် အနက်ရောင်သလင်းကျောက်များ ကဲ့သို့ ကြည်လင်တောက်ပနေသည်။
“ မိုးရွာခြင်း ... ။ ”
ထို့နောက်တွင် ထောင်ပေါင်းများစွာသော အနက်ရောင် ရေစက်လေးများသည် တဟုန်ထိုး ပြေးဝင်သွားချေပြီ။ ရေစက်များ ပတ်လည်၌ ဓားစွမ်းအင်များ ဖြာထွက်နေ၏။
သွေးအဖိုးအိုတစ်ယောက် အံ့သြတုန်လှုပ်သွားပြီး အရိုးဒိုင်းကြီးကို ချက်ချင်း ဖန်တီးလိုက်ရသည်။
“ ထွက်လာ ... ။ ”
တစ်ဆက်တည်းမှာပင် အရိုးချပ်ဝတ်ကို ထပ်မံအားဖြည့်လိုက်၏။ သို့သော် မသက်မသာ ခံစားနေရဆဲဖြစ်ရာ သွေးတစ်လုတ်ထွေးလျက် အရိုးချပ်ဝတ်ဖြင့် ပေါင်းစပ်စေခဲ့သည်။
“ ထွီ ... ။ ”
“ ရွှပ် ... ။ ”
“ ဝုန်း ... ဝုန်း ... ဝုန်း ... ။ ”
များမကြာခင် မရေမတွက်နိုင်သော အနက်ရောင်ရေစက်များသည် ကြီးမားလှသည့် အရိုးဒိုင်းကြီးအပေါ် ထိမှန်ပေါက်ကွဲလာ၏။
အရိုးဒိုင်းကြီးသည် ဆယ်ပေခန့်ထူ၏။ အနက်ရောင်ရေစက်များသည် ရတနာဓားကဲ့သို့ ထိုးဖောက်ကျဆင်းနေသည်။
“ မဟုတ်ဘူး ... ။ ”
ရေတစ်စက်သည် မူလရေ၏ အလေးချိန်ရှိသည်။ ၎င်း၌ဓားရည်ရွယ်ချက်နှင့် လေဟာနယ်ဓားသုတ္တန်၏ စွမ်းအင်များကို ပေါင်းထည့်ထားသည်။
ထို့ကြောင့် မိုးရွာသကဲ့သို့သော ရေစက်ပေါင်းထောင်ဂဏန်းရှေ့၌ အရာအားလုံး အချည်းအနှီးပေပင်။
“ ဖောက် ... ဖောက် ... ဖောက် ... ။ ”
များမကြာခင် ရေစက်များသည် သွေးအဘိုးအိုခန္ဓာအနှံ့ ထိုးဖောက်ဝင်ရောက် သွားတော့၏။ သွေးအရိုးချပ်ဝတ်သည်လည်း ရေစက်များကို မတားဆီးနိုင်ခဲ့ချေ။
“ ဝုန်း ... ။ ”
မျက်စိတစ်မှိတ်အတွင်း သွေးအဖိုးအိုကိုယ်ခန္ဓာသည် အသားပုံကြီးအဖြစ် ပြောင်းလဲပြိုကျသွားသည်။
သွေးနီရောင် အထည်စဖြင့် ရစ်ပတ်ထားသော ဦးခေါင်းခွံကြီးတစ်ခုသာ လေထဲ လွင့်ဝဲကျန်ရစ်ခဲ့တော့၏။
***