← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 16 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 16 Ch. 195-196

အခန်း ၁၉၅ -

အစ်ကိုနှင့်ညီ ... ။

“ ကျွီ ... ။ ”

တင်းကျပ်စွာ ပိတ်ထားသော တံခါးနှစ်ရွက်ကိုအလွန်အမင်း အစွမ်းထက်သည့် စွမ်းအင်လှိုင်းတစ်ခုမှ တွန်းဖွင့်လာခဲ့သည်။

ထို့နောက်တွင် ကူဖုန်းသည် စိတ်အားထက်သန်မှုအပြည့်ဖြင့် လျှောက်လှမ်း ထွက်လာပြီး အိမ်ခေါင်မိုးပေါ်မော့ကြည့်၏။

ယွမ်ဖူနယ်ပယ်သို့ ရောက်ရှိပြီးနောက် အသက်ဓာတ်များပြည်ဝလာကာ ယခင်ထက် ပိုမိုနုပျိုလာခဲ့သည်။ စိတ်ဝိညာဉ်တွင်လည်း ဝိညာဉ်အသိကို စုစည်းလာနိုင်၏။

“ ဝှစ် ... ။ ”

ထို့ကြောင့် ကူချန်နှင့် ကူချန်ယွင်တို့ ရောက်ရှိနေသည်ကိုသိပြီး ဖြစ်သောကြောင့် ပြုံးလျက် နေအိမ်ပေါ် ခုန်တက်လိုက်‌တော့၏။

“ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် အဖေ။ ”

ကူချန်ယွင်မှ ချက်ချင်းနှုတ်ဆက်လိုက်၏။ ကူဖုန်းသည် ဤအောင်မြင်မှုအတွက်လွန်စွာပင် ရွှင်မြူးနေသော်လည်း နှိမ့်ချသောသဘောဖြင့်၊

“ ဒါက ကျင့်ကြံခြင်းလမ်းခရီးရဲ့ တံခါးဝမှာပဲရှိပါသေးတယ် ဒီလောက်ထိလည်း ဂုဏ်ယူစရာ မဟုတ်သေးပါဘူး။ ”

-ဟု တုန့်ပြန်လိုက်၏။

တစ်ဖက်တွင် ကူချန်သည် လက်ဝေ့ယမ်းလိုက်ပြီး တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။

ယင်းသည် ရေနက်ဓားနည်းစနစ်ကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပြားငယ်၊ ရေစွမ်းအင်ဆေးလုံးနှင့် ဓားတစ်လက်ဖြစ်၏။

“ အဖေ ... အခု ယွမ်ဖူအဆင့်ကို တက်လှမ်းနိုင်ပြီဆိုတော့ ဒါတွေအဖေ့အတွက် လက်‌ဆောင်ပါ ... ဒီကျောက်စိမ်းပြားထဲမှာ ...

... အဆင့်မြင့်ဓားရေး နည်းစနစ်တစ်ခု ပါရှိပါတယ် ... ဒါကိုငါတို့ကူမိသားစုရဲ့ အမွေလို့ သတ်မှတ်လည်းရပါတယ်။ ”

“ ကူမိသားစုအတွက် အမွေလား။ ”

ကူဖုန်းတစ်ယောက် မျက်နှာအမူအရာ ပြောင်းသွားပြီး ကျောက်စိမ်းပြားကို ချက်ချင်း စစ်ဆေးကြည့်တော့၏။

“ ဝမ် ... ။ ”

ရုတ်တရက် ရှုပ်ထွေးလှသော အချက်အလက်များသည် လှိုင်းလုံးများအသွင် ဦးနှောက်ထဲ တိုးဝင်လာသည်။

အချက်အလက်တိုင်းသည် လျှပ်စီးကဲ့သို့ လျင်မြန်နေပြီး မုန်တိုင်းတစ်ခုအလား ရှုပ်ထွေး နေချေ၏။ အချိန်အတော်ကြာပြီးနောက် နားလည်လာတော့သည်။

ရေနက်ဓားနည်းစနစ်သည် ကျွမ်းကျင်မှုအထွတ်အထိပ် ရောက်ရှိသောအခါ မြစ်ချောင်းများကို ရေမူလအဖြစ် ပြောင်းလဲ အသုံးပြုနိုင်ချေပြီ။

ဓားတစ်ချက်သည် မြစ်ကြီးတစ်စင်းကဲ့သို့ တိုင်းတာမရနိုင်လောက်အောင် လေးလံလွန်းပြီး တောင်တန်းများပြိုလဲကာ မြေပြင်ကို အက်ကွဲသွားစေနိုင်၏။

ကောင်းကင်နှင့် မြေကြီးတုန်ခါစေသော အစွမ်းသတ္တိမျိုးပင်။ ကူဖုန်းခမျာ အလွန်အမင်း အံ့အားသင့်သွားတော့၏။

ထိုစဉ်က လင်းရင်တောင်တိုက်ပွဲတွင် ချင်းအေအသုံးပြုသော အနက်ရောင်ရေစက်ကို ပြန်သတိရလာသည်။

အဆိုပါချင်းအေ၏ စွမ်းအားသည် လက်ရှိ နည်းစနစ်တွင် ဖော်ပြထားသော စွမ်းအားမျိုးနှင့် လုံးဝနှိုင်းယှဉ်၍ မရသေးချေ။ တစ်ဖက်လူ၏ ကျွမ်းကျင်မှုသည် အခြေခံအဆင့်ပင် ပြည့်စုံခြင်း မရှိသေးကြောင်း နားလည်လာ၏။

ရေနက်ဓား၏ စစ်မှန်သော ဓားတစ်ချက်သည် သမုဒ္ဒရာကြီးတစ်စင်းနီးပါး လေးလံလွန်းကာ နိုင်ငံကြီးတစ်နိုင်ငံလုံးကို ရေလွှမ်းမိုးသွားစေနိုင်မည်။

“ ဟမ့် ... ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ အနာဂါတ်မှာ ငါ့မျိုးရိုးက လူတိုင်း ဒီအမွေကိုသင်ယူစေရမယ်။ ”

ကူဖုန်းမှ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်တော့သည်။ ထိုအမူအရာကို မြင်နေရသော ကူချန်က ပြုံးလျက်၊

“ ဒီဓားနည်းစနစ်က အစွမ်းထက်တာ မှန်ပေမယ့် ... အဲဒါကိုအသုံးချနိုင်ဖို့အတွက် လိုအပ်တဲ့ခွန်အားက သာမန်လူတွေ ရနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ”

-ဟု ရှင်းပြလိုက်သည်။

မြစ်တစ်စင်း သို့မဟုတ် သမုဒ္ဒရာကြီး တစ်စင်းကို ထုတ်ဖော်မည့် တစ်စုံတစ်ဦး၏ ရုပ်ခန္ဓာသည် မည်မျှအထိ ကြောက်စရာကောင်း နေရမည်နည်း။

စိတ်ဝိညာဉ်သခင်ပင် ထိုအမှုကို ပြီးမြောက်နိုင်မည် မဟုတ်ဟု ယုံကြည်၏။ ထိုကြောင့် တစ်စုံတစ်ဦးသည် ဤစွမ်းအားကို ပြသနိုင်ရန် အနိမ့်ဆုံးအဆင့်ကျင့်ကြံမှုသည် ကောင်းကင်နယ်ပယ်တွင် ရှိနေရပေမည်။

ကူဖုန်းတစ်ယောက် အတွေးများထဲမှ ပြန်လည်နိုးထလာပြီး အသက်ပြင်းပြင်းရှူကာ၊

“ မှန်တယ်၊ ကျင့်ကြံခြင်းဆိုတာ လက်တွေ့ကျတယ် ... အချိန်၊ အရင်းအမြစ်နဲ့ အုတ်မြစ်လိုပါတယ်။ ”

-ဟု ခေါင်းညိတ်ပြလာသည်။ ကူချန်မှ ခဏမျှ စဉ်းစားပြီး၊

“ အဖေက ... မင်းရဲ့နယ်ပယ်ကို တည်ငြိမ်အောင် နှစ်လလောက်အချိန်ယူပါ ဒီကျင့်ကြံမှုနည်းစနစ်ကို မလေ့ကျင့်နဲ့ဦး ...

... အဖေသတိထားရမှာက ရေမူလကိုပေါင်းစည်းဖို့ အချိန်ဘယ်လောက် ကြာမလဲဆိုတာ မသိနိုင်ဘူး ...

... ဒါကြောင့် အလျင်မလိုသေးဘဲ ကိစ္စကြီးငယ်အချို့ကို အရင်ဆုံးစီစဉ်ထား သင့်ပါတယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ကောင်းပြီ ... ။ ”

ကူဖုန်းမှ ခေါင်းညိတ်သည်။ ထို့နောက် သူသည် မြောက်ဘက်ကောင်းကင်ကြီးထံသို့ပင် မျှော်ကြည့်လိုက်ပြီး ဖြစ်ပျက်နေသည်များကို ရုတ်တရက် သတိရသွားကာ၊

“ ဒါနဲ့၊ အဲဒီမိစ္ဆာတွေ ဘာဖြစ်သွားပြီလဲ။”

-ဟု မေးမြန်း၏။ ကူချန်မှ မြောက်ဘက် ကောင်းကင်ထံ မော့ကြည့်သည်။

“ သူတို့ကို နှင်းပန်းဓားကျောင်းက အကုန်လုံးနီးပါး ... ရှင်းထုတ်သွားနိုင်လိုက်ပါပြီ ဒါပေမယ့် ချန်ယွမ်နိုင်ငံရဲ့ အနာဂါတ်ကိုတော့ မသိရသေးဘူး ... ချန်ယွမ်နိုင်ငံသာ ပြိုကွဲခဲ့ရင် အခြေအနေတွေက မကောင်းနိုင်ဘူး။ ”

ကူချန်က သူသိထားသော သတင်းများကို မျှဝေပေးလိုက်သည်။ ထိုချန်ယွမ်နိုင်ငံကြီးသည် အစွမ်းထက်လွန်းသော ကျင့်ကြံမှုနိုင်ငံဖြစ်၏၏။ ၎င်းတို့သည် ထာဝရမင်းဆက်အဖြစ်သို့ လျှောက်လှမ်းရန် ရည်မှန်းချက်ရှိ၏။

ယင်းကြောင့် နတ်မုဆိုးဟုခေါ်ဆိုသော နတ်ဆိုးသတ်အဖွဲ့အစည်းတစ်ခုကို ထားရှိခဲ့ပြီး ချန်ယွမ်နိုင်ငံအတွင်းအပြင် နိုင်ငံငယ်များစွာရှိ မိစ္ဆာများအပေါ် ဖမ်းဆီးပေးလေ့ရှိသည်။

အကယ်၍သာ ထိုချန်ယွမ်နိုင်ငံကြီး ကျဆုံးသွားသော် နိုင်ငံငယ်ပေါင်းများစွာတို့သည် နတ်ဆိုးများသောင်းကျန်းသည့် ခေတ်ကာလသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။

တစ်ဖက်တွင် ချန်ယွမ်ဘိုးဘေးသည် တံခါးပိတ်ကုသနေဆဲဖြစ်၏။ ချန်ယွမ်နိုင်ငံ၏ ကံကြမ္မာသည် သူ့အပေါ်မူတည်နေချေပြီ။

ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် နှင်းပန်းဓားကျောင်းသည် မိစ္ဆာအများအပြားကို ကူညီနှိမ်နင်းပေးခဲ့၏။

ထွက်ပြေးလွတ်မြောက်ကုန်သော နတ်ဆိုးကျင့်ကြံသူများကိုလည်း အမြစ်ပြတ် ရှင်းလင်းပေးသည်။

၎င်းတို့ထဲတွင် ရင်းနှီးနေသော အမည်တစ်ခုလည်း ပါဝင်သည်။ ဤသည်မှာ သွေးဝိညာဉ်ဂိုဏ်းပေပင်။

သွေးဝိညာဉ်ဂိုဏ်းသည် စက်ဆုပ်ဖွယ် မိစ္ဆာဂိုဏ်းတစ်ခုဖြစ်လေသည်။ ယခင်အချိန်က သူတို့ကိုမနှိမ်နင်းခဲ့ခြင်းသည် အာရုံစိုက်မှုနှင့် မထိုက်တန်သေးသောကြောင့်ဖြစ်၏။

ရွှမ်လင်တိုက်ကြီးတွင် နိုင်ငံပေါင်း သောင်းနှင့်ချီသည်။ သို့သော် ချန်ယွမ်နိုင်ငံကဲ့သို့ နိုင်ငံကြီးများတွင်ပင် စိတ်ဝိညာဉ်သခင်နယ်ပယ် ပညာရှင်များမရှိချေ။

အမြင့်ဆုံးသော ကျင့်ကြံမှုသည် စင်ကြယ်ခြင်းနယ်ပယ်သာရှိသည်။ ထို့ကြောင့် ကောင်းကင်ခန္ဓာခေါ် မဟာတန်ခိုးရှင်နယ်ပယ်၌ ရှိသော သွေးဝိညာဉ်ဂိုဏ်းချုပ်ကို လျစ်လျူရှုထားကြ၏။

ယခုမူ နှင်းပန်းဓားကျောင်းသည် ထိုဂိုဏ်းတည်ရှိမှုကိုသိရှိပြီးနောက် စိတ်ဝင်စား လာခြင်းဖြစ်သည်။ ဤနည်းဖြင့် ကောင်းကင် ခန္ဓာနယ်ပယ် သွေးဝိညာဉ်ဂိုဏ်းချုပ်ကို ပိတ်လှောင်ဖမ်းဆီးနိုင်လိုက်၏။

သွေးဝိညာဉ်ဂိုဏ်းချုပ်သည် လူသားများ၏သွေးကို သောက်သုံးရသည့် အလွန်မိစ္ဆာဆန်သော ကျင့်ကြံမှုနည်းစနစ် တစ်ခုကို ကျင့်ကြံထားသည်။

ထို့ကြောင့် သူ့ဂိုဏ်းသားများသည် သွေးများရရှိရန်အတွက် ဆင်းရဲသားများစွာကို လိုက်လံဖမ်းဆီးကာ သူတို့ဌာနချုပ်ကြီးတွင် အကျဉ်းချထား၏။

သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပြီးနောက် အကျဉ်းခန်းအတွင်း လူသန်းပေါင်းများစွာကို ဝက်များ၊ ခွေးများကဲ့သို့ မွေးမြူထားကြောင်း မြင်လိုက်ရ၏။

ထိုသူများသည် သူတို့၏သွေးများကို အစဉ်အမြဲထုတ်ယူခြင်း ခံထားရသောကြောင့် မျက်လုံးများတွင် အလင်းရောင်မျှ မရှိတော့ဘဲ ဝိညာဉ်ကွယ်ပျောက်ကာ တိရစ္ဆာန်များနှင့်ပင် အလားသဏ္ဍာန်တူနေခဲ့ချေပြီ။

နှင်းပန်းဓားကျောင်း၏ အကြီးအကဲ များစွာသည် အလွန်အမင်းဒေါသ ထွက်ခဲ့ကြပြီး မိုးကြိုးမီးတောက်ငရဲ၌ သွေးဝိညာဉ်ဂိုဏ်းချုပ်ကို အပြစ်ပေးရန် ဆုံးဖြတ်ခဲ့သည်။

နှင်းပန်းဓားကျောင်းရှိ မိုးကြိုးမီးတောက်ငရဲသည် အကျဉ်းသားများ အတွက် အဆုံးမရှိနာကျင်မှုကို ပေးစွမ်းသော မိုးကြိုးငရဲဘုံပေပင်။

အထက်ပါ အချက်အလက်များကို ချန်ချွမ်နှင့်ချင်းရွှမ်းသည် အဆက်မပြတ်ပင် သူ့ထံ ပေးပို့နေခဲ့ခြင်းဖြစ်၏။ သတင်းများကို နားထောင်ပြီးနောက် ကူဖုန်းမှ အရေးကြီးသော တစ်စုံတစ်ရာ သတိရသွားကာ၊

“ ဒါဆို အခု ... ဖူစုနိုင်ငံရဲ့ ကိစ္စတွေလည်းပြီးပြီ ... ချန်ယွမ်နိုင်ငံက မိစ္ဆာတွေလည်း နှိမ်နင်းပြီးပြီ ... ကျန်နေတာဆိုလို့ ... ။ ”

-ဟု ရေရွတ်လျက် သူ့သားများထံ ပြန်ကြည့်လိုက်သည်။

ထိုစကားနှင့် အကြည့်ကြောင့် ကူချန်၏ တည်ငြိမ်နေသောအမူအရာသည် အနည်းငယ် ပြောင်းလဲသွားတော့၏။

တစ်ဖက်တွင် ချန်ယွင်မှမျက်ခုံးပင့်လျက် သူ့ဘေးရှိကူချန်ထံငဲ့စောင်းကြည့်ကာ ပါးနပ်စွာ သူ့အဖေမြင်ကွင်းအတွင်းမှ အနည်းငယ် ဖယ်ခွာလိုက်လေသည်။

***

အခန်း ၁၉၆ -

တာအိုဘုန်းကြီးနှင့် မိန်းကလေး။

ကူချန်သည် ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူဖြစ်သဖြင့် သူ့အာရုံခံစားမှုမှာ အလွန် ထက်ရှလေသည်။

ထို့ကြောင့် ချန်ယွင်၏အမူအရာကို သတိပြုမိကာ အဓိပ္ပာယ်ပါပါလှည့်ကြည့်ချေ၏။ ချန်ယွင်တစ်ယောက် ကူချန်၏အကြည့်တွင် စိတ်မလုံသလို ခံစားလာရသည်။

သူသည် ပါးနပ်သူတစ်ဦးဖြစ်ရာ ဦးနှောက်ကိုအလျင်အမြန် အလုပ်ပေးလိုက်ပြီး အကြောင်းပြချက် ရှာခဲ့၏။ ခဏအကြာတွင် အနည်းငယ် တည်ငြိမ်လာကာ၊

“ အစ်ကို ... မင်းက ငယ်ငယ်တည်းက ငါကျော်ဖြတ်ရမယ့်ပန်းတိုင်ပဲ .. ဒီဘဝမှာမင်းကို မကျော်ဖြတ်နိုင်သေးသရွေ့တော့ ကျင့်ကြံမှုကိုပဲ ငါအာရုံစိုက်ထားချင်တယ် တခြားကိစ္စတွေကို ငါစိတ်မဝင်စားသေးပါဘူး။ ”

-ဟု ပြောကြားလိုက်သည်။

( ဟမ့် ... ငါ့ကို ကျော်ဖြတ်ချင်တာလား၊ ကောင်လေး ... မဖြစ်နိုင်တဲ့ ပန်းတိုင်တစ်ခုကို မင်း ... သတ်မှတ်နေတာလား ... ဒီလောကမှာ ပန်းတိုင်တွေအများကြီးရှိပါလျက်နဲ့ အခက်ဆုံး တစ်ခုကိုမှ ရွေးလိုက်တယ်လား။ )

ကူချန်က သူ့ညီ၏ စကားကြောင့် မျက်ခုံးပင့်ကာ စိုက်ကြည့်လျက် စိတ်ထဲမှ ညည်းတွားလိုက်တော့၏။

တစ်ဖက်တွင် ချန်ယွင်ခမျာ ရင်ထဲတုန်ခါလာပြီး အကြောင်းပြချက် မလုံလောက်ကြောင်း နားလည်လာသည်။

“ ပြီးတော့ ... ငါအသက်ငယ်သေးတယ် ဒီကိစ္စကို မင်းနဲ့အရင်စတာ အသင့်လျော်ဆုံးပဲ မဟုတ်လား အစ်ကို ... ။ ”

“ မင်း ... အရမ်းတော်တယ်။ ”

ဤတစ်ကြိမ်တွင် ကူချန်သည် ချန်ယွင်ပခုံးကိုပုတ်လျက် ပြောကြားလိုက်၏။ ချန်ယွင်ခမျာ နှလုံးသားတစ်ခုလုံး တဒုန်းဒုန်း ခုန်လျက် တည်ငြိမ်အောင် မနည်းထိန်းထား လိုက်ရသည်။ ထိုစဉ် ကူဖုန်းမှလက်ကာပြပြီး၊

“ တကယ်တော့ ... ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒုံဟာအထည်ဆိုင်ကအဖိုးကြီး ငါ့ဆီလာတယ်။ ”

-ဟု စကား စပြောလာ၏။

ဒုံဟာအထည်ဆိုင်ဟူသော အမည်ကြောင့် ကူချန်တစ်ယောက် အံ့အားသင့်လျက် ကူဖုန်းထံ ပြန်ကြည့်လိုက်သည်။ ကူဖုန်းမှပြုံးပြီး၊

“ ဟုတ်တယ် ... သူ မင်းအတွက် လာခဲ့တာပါ၊ ... ချန်ယွင်အတွက် မဟုတ်ဘူး အဲဒီကလေးမလေးကလည်း တကယ်ကို လိမ္မာတဲ့ ကလေးပါ။ ”

-ဟု အတည်ပြုလိုက်သည်။ ကူချန်တစ်ယောက် ချန်ယွင်ထံမှ အတွေးများ ပြန်ရုပ်သိမ်းလိုက်ကာ တည်ငြိမ်သော အသွင်အပြင်ဖြင့်၊

“ အဖေ့ကို ပေးထားတဲ့ကတိကို ကျွန်တော် မဖျက်ပါဘူး။ ”

-ဟု ခေါင်းညိတ်ပြလိုက်၏။

“ ကောင်းပြီ ... ။ ”

သူ့စကားကြောင့် ကူဖုန်းမှ အလွန်ဝမ်းသာသွားကာ မဆိုင်းမတွပင်၊

“ ဒါဆိုရင် ဒီလပိုင်းအတွင်း မင်းတို့ရဲ့ မင်္ဂလာရက်မြတ်ကို ရွေးလိုက်ရင် ဘယ်လိုလဲ။ ”

“ ဒါက ... ။ ”

ဤတစ်ကြိမ်တွင် ကူချန်တစ်ယောက် အနည်းငယ်တုန့်ဆိုင်းသွားသည်။ ထိုကိစ္စသည် အလျင်လိုလွန်းသည် မဟုတ်လော။

“ မင်းတို့နှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက်သိတာပဲ သူငယ်ချင်းတွေ မဟုတ်ရင်တောင် ... မင်းတို့ရဲ့ ဘဝတစ်ဝက်ကျော်လောက်တည်းက အချင်းချင်းသိနေခဲ့ကြတာပါ ...

... ဒါဟာ ကံကြမ္မာပဲ ... အခုတော့ ဒီကံကြမ္မာကိုအိမ်ထောင်ဖက်အဖြစ် ပြောင်းလဲ သင့်ပါပြီ ... ။ ”

တစ်ဖက်တွင် ကူဖုန်းသည် ထိုတုံ့ဆိုင်းမှုနှင့်အတွေးများကိုမြင်ကာ ပြုံးလျက် ပြောကြားလာ၏။

အဆိုပါစကားကို ကြားသောအခါ ကူချန်တစ်ယောက် အတွေးများဝေဝါးသွားပြီး လွန်ခဲ့သည့်ဆယ်နှစ်ခန့်က ညတစ်ညသို့ ပြန်လည်ရောက်ရှိသွားသည်။

ထိုညက ခြေသံများကြောင့် လန့်နိုးပြီး တံခါးဖွင့်ကြည့်လိုက်သောအခါ မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရ၏။

လရောင်များက သူမအပေါ် ကျဆင်းနေခဲ့ကာ ခြံဝင်းတံခါးဖွင့်ဝင်ပြီးနောက် အတွင်းသို့ လှည့်ပတ်ကြည့်ရှုနေခဲ့သည်။

အစိမ်းရောင် ဝတ်စုံသည် ညလေပြေအောက်တွင် တဖျပ်ဖျပ်လူးလွန့်ကာ တွေဝေမှုများဖြင့် ခြံတံခါးမှ ပြန်ထွက်ရန်ပြင်စဉ် နေအိမ်တံခါးဝတွင်ရပ်နေသော သူ့ကို တွေ့ရှိသွား၏။

သူမမျက်ဝန်းများသည် အံ့အားသင့်လျက် အချိန်အတော်ကြာ ငေးမောနေ၏။ သူမအမြင်၌ ဤလူငယ်သည် သာလွန်မွန်မြတ်သော ကျက်သရေမျိုးပေးစွမ်းနေသည်။

လောကီနှင့်ကင်းကွာလှပြီး အေးချမ်း လွန်းလှကာ နက်ရှိုင်းသောတောအုပ်အတွင်း စမ်းရေများစီးဆင်းနေသကဲ့သို့ သူမ၏ နှလုံးသားထဲ ကူးစက်လာ၏။

ထိုညသည် ချစ်စရာကောင်းသော ပန်းချီကားတစ်ချပ်နှယ်ပေပင်။ နူးညံ့သိမ်မွေ့ လွန်း၏။ ကောင်လေးအသက်သည် (၁၅)နှစ် ဖြစ်ပြီး ကောင်မလေးသည် (၁၆)နှစ်ဖြစ်သည်။

( ဟမ့် ... ငါ တကယ်ပဲ ဒီလောက်အထိတောင် မှတ်မိနေခဲ့တာလား ... ။ )

ရုတ်တရက် အတွေးများမှ ပြန်လည်နိုးထလာပြီး စိတ်သက်သာရာရမှုများ ယှက်သန်းလာ၏။

“ ကောင်းပြီ ... မင်္ဂလာရက်ရွေးတာကို ငါတို့လူကြီးတွေပဲ တာဝန်ယူလိုက်မယ် အခြား ကိစ္စတွေကိုတော့ မင်းတို့နှစ်ယောက် စီစဉ်ပါ ... အခုတော့ ငါ့ကျင့်ကြံမှုကို တည်ငြိမ်အောင် လုပ်ရဦးမယ် ...

... ရက်အနည်းငယ်နေမှ ဒုံဟာအထည်ဆိုင်ရှင်နဲ့သွားတွေ့ပြီး ဒီကိစ္စကို တိုင်ပင်လိုက်မယ်။ ”

ကူဖုန်းက တစ်ချိန်လုံး ကူချန်ထံ စောင့်ကြည့်နေသဖြင့် ထိုသို့သောအမူအရာများ ပြောင်းလဲနေမှုကိုသတိထားမိပြီး ပြုံးလျက် ပြောကြားလိုက်သည်။

စကားဆုံးသည်နှင့် ကူဖုန်းတစ်ယောက် စာကြည့်ခန်းထဲသို့ ပြန်လှည့်ဝင်သွားတော့၏။ ယွမ်ဖူနယ်ပယ် ကျင့်ကြံမှုကို တည်ငြိမ်အောင် ဦးစွာလုပ်ဆောင်ရပေဦးမည်။

အိမ်ခေါင်မိုးအထက်တွင် ချန်ယွင်သည် ကူချန်နှင့်နှစ်ယောက်တည်းသာ ကျန်ရှိခဲ့သဖြင့် အနေခက်လာခဲ့သည်။

“ အစ်ကို ... မင်းမှာ တခြားကိစ္စမရှိရင် ငါလည်းသွားပြီး ကျင့်ကြံတော့မယ်။ ”

သူ ပြောကြားနေစဉ်မှာပင် သွေးလည်ပတ်မှု အေးခဲကာ ခန္ဓာကိုယ် လှုပ်ရှားမရတော့သည်ကို သတိထားမိလာ၏။

လေထုအတွင်း မမြင်ရသော လက်တစ်ဖက်ဖြင့် ချုပ်ကိုင်ခံထားခြင်းခံရသလို ပေပင်။

ထိုစဉ် ကူချန်သည် သူ့အနားသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသဖြင့် မျက်နှာ ပျက်ယွင်းသွား၏။ ကူချန်မှ သူ့အဝတ်အစား အပေါ်မှ ဖုန်မှုန့်များကိုခါထုတ်ပေးကာ၊

“ မင်းငါ့ကို ... ကျော်ဖြတ်ချင်တယ်လို့ ပြောခဲ့တယ်မလား ကျင့်ကြံမှုလမ်းခရီးမှာတော့ ဒီကိစ္စလုံးဝမဖြစ်နိုင်ဘူးလို့ ငါထင်တယ် ဒါကြောင့် တခြားတစ်ဖက်ကနေ ဘာလို့ မစဉ်းစားကြည့်ရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။ ချန်ယွင်တစ်ယောက် မျက်နှာတစ်ပြင်လုံး အေးစက်သွားတော့၏။ ကူချန်မှ ဆက်၍၊

“ မင်းအတွက်လည်း ... မိန်းမကောင်း တစ်ယောက်ရွေးပေးဖို့ အဖေ့ကိုငါပြောပေးမယ် ဒီနည်းနဲ့ကလေးတွေမွေးပြီး ငါ့ထက်သာအောင် မင်းကြိုးစားကြည့်သင့်ပြီ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဝှစ် ... ။ ”

စကားဆုံးသည်နှင့် ချန်ယွင်တစ်ယောက် အမြင်အာရုံများ မှုန်ဝါးသွားပြီး မျက်စိတစ်မှိတ် အတွင်း သူ့အခန်းထဲ ပြန်ရောက်သွား၏။

ကူချန်မှ သူ့ကိုကိုင်ပစ်လိုက်ခြင်းပေပင်။ ထို့ကြောင့်စကားသံများသည် ဦးနှောက်ထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်လေသည်။

တစ်ဖက်တွင် ကူချန်သည် တစ်ယောက်တည်း တိတ်ဆိတ်စွာ ရပ်တန့်ပြီး အချိန်အတော်ကြာသည်အထိ စဉ်းစားနေခဲ့၏။

သူ့ စိတ်နေစိတ်ထားသည် အနည်းငယ် ပြောင်းလဲလာပုံပင်။ လက်နှစ်ဖက်နောက်ပို့ကာ ကောင်းကင်ထံ မော့ကြည့်လိုက်တော့၏။

လူတစ်ယောက်၏ အတွေးအခေါ်နှင့် ခံယူချက်များသည် တစ်သမတ်တည်းမရှိနိုင်မှန်း သူ နားလည်လာသည်။

ခဏအကြာတွင် အတွေးများ ရှင်းထုတ်လျက် မြို့တော်၏ ဦးတည်ရာ တစ်ရပ်ထံသို့မော့ကြည့်ပြီး ရိပ်ခနဲပျောက်ကွယ် သွားလေသည်။

“ ဝှစ် ... ။ ”

သူပြန်ပေါ်လာချိန်တွင် ဒုံဟွာအထည်ဆိုင်ဟူသော ကြီးမားလှသည့် စံအိမ်ကြီးတစ်ခု၏ အထက်တွင်ဖြစ်၏။

မြေပြင်သို့ ငုံ့ကြည့်လိုက်သောအခါ နေအိမ်တစ်ခုအတွင်း၌ စာရင်းစာအုပ်များစွာ ဖတ်ရှုနေသည့် လှပချောမောသည့် မိန်းကလေး တစ်ဦးကို မြင်တွေ့လိုက်ရသည်။

သူ ကြည့်နေဆဲမှာပင် မိန်းကလေးသည် ပင်ပန်းသွားဟန်ဖြင့် လက်မောင်းများဆန့်လျက် မေးစေ့ကိုလက်ထောက်ပြီး တစ်စုံတစ်ရာထံ ငေးမောသွားချေပြီ။

ထိုမြင်ကွင်းကို လွန်ခဲ့သောဆယ်နှစ်က ခြံဝင်းအတွင်းဝင်ရောက်လာသော မိန်းကလေး ပုံရိပ်နှင့် နှိုင်းယှဉ်ကြည့်ပြီး ကူချန်မှသက်ပြင်း အသာချလိုက်သည်။ အချိန်ကုန်လွန်ခြင်းသည် လျင်မြန်လွန်းချေပြီ။ မျက်စိတမှိတ်အတွင်း ဆယ်ကျော်ကြာခဲ့၏။

ထိုစဉ်က လမ်းမှားဝင်လာသော မိန်းကလေးသည် ယခုအချိန်၌ ရင့်ကျက်သော အရိပ်အယောင်များ ပြသနေသည်။ ယင်းသည် သာမန်လူတစ်ယောက်နှင့် ကျင့်ကြံသူကြား ကွာခြားချက်ပေပင်။

ရုတ်တရက် ငေးမောနေသော မိန်းကလေးသည် တစ်စုံတစ်ရာကိုခံစားမိပြီး ကောင်းကင်ပေါ် မော့ကြည့်လာ၏။

“ ဒါ ... ။ ”

လေထုအလယ် ရပ်တန့်ကာ သူမထံ ငေးမောနေသော တာအိုဘုန်းကြီးတစ်ပါးအသွင် မြင်လိုက်ရသဖြင့် မှင်သပ်သွားလေသည်။

နှစ်ယောက်သား အကြည့်ချင်းဆုံကာ တိတ်ဆိတ်ကုန်၏။ ကူချန်သည် တွေဝေမှုများ ရှိနေပြီး အမျိုးသမီးသည် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ခံစားလာရ၏။

“ ဟမ့် ... ငါ အိမ်မက်မက်နေတာလား ဘယ်နေရာကိုပဲကြည့်ကြည့် ... ဘာလို့သူ့ကိုပဲ မြင်နေတာလဲ။ ”

***

All Chapters