အခန်း (၁၉၇-၁၉၈)
Vol. 16 Ch. 197-198
အခန်း ၁၉၇ -
မင်္ဂလာခန်းဝင်ပစ္စည်း ... ။
“ ဝှစ် ... ။ ”
ပြန်လည်ထွက်ခွာရန် ပြင်နေသော ကူချန်သည် အတွေးများပြောင်းကာ ခြံဝင်းထဲ ဆင်းသက်လိုက်တော့၏။
“ တာအိုဘုန်းကြီး ... ဘာ ... ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ။ ”
မုဝေတစ်ယောက် သူ့ရှေ့ ဆင်းသက်လာသောကူချန်ထံ ပြန်ကြည့်ကာ စိတ်ရှုပ်ထွေးသွားတော့သည်။
“ မင်းကို ရုတ်တရက် တွေ့ချင်လာလို့။ ”
“ ဟမ် ... ငါ့ကို ရုတ်တရက် တွေ့ချင်လာလို့လား။ ”
ကူချန်အဖြေကြောင့် မုဝေခမျာ မျက်ဝန်းများပြူးကျယ်လျက် အမူအရာများ ပို၍ ရှုပ်ထွေးသွားတော့၏။
သို့သော် ချက်ချင်း သတိဝင်လာပြီး မျက်နှာပြောင်းသွားကာ နောက်သို့ခြေတစ်လှမ်း ဆုတ်ခွာလျက်၊
“ ရှင် ... ရှင်ဘယ်သူလဲ။ ”
-ဟု သံသယများဖြင့် မေးမြန်းလေသည်။
“ ဟမ့် ... ဘာကိုဆိုလိုတာလဲ ... ငါက ငါပဲလေ ဘယ်သူဖြစ်ရဦးမှာလဲ။ ”
ကူချန်မှ နားမလည်နိုင်စွာ ပြန်ဖြေသည်။ မုဝေသည် ဇဝေဇဝါဖြင့် ပြန်စိုက်ကြည့်လာကာ မယုံကြည်နိုင်ဟန်ဖြင့် ပြန်မေးလာ၏။
“ ရှင် ... ရှင်တကယ်ပဲ တာအိုဘုန်းကြီးလေးလား။ ”
တစ်ဖက်တွင် ကူချန်သည် မုဝေ၏ ထူးဆန်းသောအပြုအမူကို နားလည်သွားကာ စိတ်မသက်မသာ ဖြစ်ဟန်ဖြင့်၊
“ ငါ့ကိုအတုလို့ ထင်နေတာလား။ ”
-ဟု ညည်းတွားလိုက်တော့၏။
သူ့စကားကြောင့် မုဝေမျက်နှာသည် နီမြန်းသွားသည်။ သူမ အထင်မှားသွားချေပြီ။ ထိုအသိက သူမ၏ ခြေဖျားလက်ဖျားများကို အေးစက်လာစေတော့၏။
မျက်နှာမည်သို့ထားရမည်မှန်း မသိအောင် ဖြစ်သွားချေပြီ။ ရှက်လွန်းသဖြင့် မြေကြီးထဲသို့ ငုပ်လျှိုးသွားချင်တော့၏။
တစ်ချိန်လုံး သူမ မျှော်လင့် တောင့်တနေသူသည် ရှေ့မှောက်ရောက်လာခဲ့ သော်မှ သံသယဝင်နေမိသည်မှာ အလွန်ပင် ရယ်ချင်စရာကောင်းသည်။
အထူးသဖြင့် ကူချန်၏ ထူးဆန်းသော အကြည့်များက သူမကိုပို၍ပင်ရှက်ရွံ့လာစေ၏။ နှုတ်ခမ်းကိုကိုက်လျက် လေသံတိုးတိုးနှင့်၊
“ ဒါပေမယ့် အရင်တုန်းက တစ်ခါမှ မလာဖူးပါဘူး။ ”
-ဟု မကျေနပ်ဟန်ဆိုလိုက်သည်။
သို့သော် ထိုစကား၏အဓိပ္ပါယ်ကို ပြန်တွေးမိလာပြီး မျက်နှာနီမြန်းလျက် ရင်ဘတ် တစ်ခုလုံး ဗလောင်ဆူသွားတော့၏။
ကူချန်က သူ့ရှေ့တွင် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့နေသော မိန်းကလေးထံ ခေတ္တကြာမျှ စိုက်ကြည့်နေခဲ့၏။ ဤသည်မှာ မရည်ရွယ်ဘဲ ထွက်ပေါ်လာသော သူမ၏ရင်တွင်းစကားများ ဖြစ်ချေမည်။
လက်ရှိအချိန်တွင် တစ်ဖက်လူသည် စာရင်းများကိုင်တွယ်နေစဉ်ကဲ့သို့ ထက်ရှသော လုပ်ငန်းရှင်တစ်ဦးနှင့် မတူတော့ချေ။ ထို့ကြောင့် ပြုံးပြလျက်၊
“ ဒါဆိုနောင်မှာ ငါခဏခဏလာပြီး အနှောင့်အယှက် ပေးရတော့မယ် ထင်တယ်။ ”
-ဟု ဆိုလိုက်တော့၏။
“ ဟင် ... ။ ”
မုဝေက ထိုစကားကို နားမလည်သလို ပြန်မော့ကြည့်လာသည်။ ကူချန်သည် မုဝေနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး၊
“ ရက်အနည်းငယ်ကြာရင် ငါ့အဖေက မင်းတို့အိမ်ကိုလာပြီး တောင်းရမ်းလာလိမ့်မယ်။ ”
“ တောင်းရမ်းမှာ ... ။ ”
မုဝေတစ်ယောက် မှင်သပ်သွားသည်။ ဤတစ်ကြိမ်မှင်သပ်မှုသည် တစ်ကမ္ဘာနီးပါး ကြာမြင့်ချေ၏။ ကူချန်မှပြုံးကာ ခေါင်းညိတ် ပြလိုက်လေသည်။
ထိုစဉ် ခြံဝင်းအပြင်ဘက်မှ လျင်မြန်စွာ လျှောက်လှမ်းလာသည့်ခြေသံ ကြားလိုက်ရပြီး အစေခံမလေး ဝင်ရောက်လာ၏။
“ အစ်မမု ... မက်မွန်သီးစားဦးမလား စျေးထဲကနေ မနက်ကမှ ငါဝင်ဝယ်လာခဲ့တာ အလုံးတွေကြီးတယ် ...
... ရှောင်ယွင်တောင် တစ်လုံးလောက် မြည်းကြည့်သေးတယ် လင်းရင်တောင်ပေါ်က မက်မွန်သီးတွေလောက်တော့ မချိုဘူး ... ။ ”
သူမလက်ထဲရှိ သစ်သီးဗန်းကိုသာ အာရုံစိုက်နေသဖြင့် ခေါင်းမော့မကြည့်နိုင်ခဲ့ဘဲ စကားများတတွတ်တွတ်ရေရွတ်လာ၏။
“ နှမြောစရာပဲ ... အခုတော့ လင်းရင်တောင်မရှိတော့သလို မက်မွန်ပင်လည်း မရှိတော့ဘူး ပြီးတော့အစ်မမုလည်း လင်းရင် တောင်ကိုသွားဖို့ အကြောင်းပြချက်မရှိဘူး ... တကယ်ဆို ... ဟမ် ... ဒါ ။ ”
စကားပြောလျက်ဖြင့် ရှောင်ယွင်မှ ခေါင်းမော့ကြည့်လိုက်သောအခါ ထိုင်ခဲ့ပေါ်တွင် ထိုင်နေသည့် ကူချန်ကိုမြင်သွား၏။ ချက်ချင်း ထိတ်လန့်လာကာ ဗန်းထဲမှမက်မွန်သီးနှစ်လုံး မှောက်ကျသွားတော့သည်။
တံတွေးကို ခက်ခက်ခဲခဲ မျိုချလျက် ကူချန်ကိုမယုံကြည်ဟန် မျက်လုံးပြူးကြည့်ပြီး၊
“ အစ်မမု ... ငါ ... ငါ အိပ်မက်မက်နေပြီ ထင်တယ် ရှောင်ယွင်လည်း တာအိုဘုန်းကြီးကို မေ့မရတော့ဘူးလားမသိတော့ဘူး ... ဒီမှာ သူထိုင်နေတာကို မြင်နေရတယ်။ ”
-ဟု အော်ဟစ်လိုက်သည်။
ထိုစဉ် မှောက်ကျသွားသော မက်မွန်သီးနှစ်လုံးသည် ကြမ်းပြင်ပေါ်သို့မကျဘဲ လေထဲရပ်တန့်နေသဖြင့် အိပ်မက်ဖြစ်ကြောင်း ပို၍သံသယဝင်လာစေသည်။ ယင်းကြောင့် သူမကိုသူမ ဆွဲဆိတ်ကြည့်လိုက်၏။
“ အ ... ။ ”
နာကျင်မှုကြောင့် အော်ဟစ်လိုက်စဉ် မက်မွန်သီးတစ်လုံးသည် ဗန်းထဲပြန်ရောင်ပြီး ကျန်တစ်လုံးမှာမူ ကူချန်၏လက်ထဲသို့ ပျံသန်းသွားလေသည်။
“ တကယ်ပဲ ... လင်းရင်တောင်က မက်မွန်သီးတွေလိုမချိုဘူးပဲ နောက်နှစ်ကျရင် လင်းရင်တောင်ကို လာခူးလှည့်ပါ။ ”
ကူချန်က မက်မွန်သီးကို တစ်ကိုက် ကိုက်စားကြည့်လိုက်ပြီးနောက် မှတ်ချက်ပေး လေသည်။
ထို့နောက် ကူချန်သည် ရှောင်ယွင်ကို တစ်ချက်ပြုံးပြကာ ချက်ချင်းပင် မူလနေရာမှ ပျောက်ကွယ်သွားတော့၏။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။ မုဝေနှင့်ရှောင်ယွင်မှာ အချိန်အတော်ကြာသည် အထိ အသက်မဲ့ကျန်ရစ်ခဲ့ကြ၏။
“ အစ်မမု ... ။ ”
ရှောင်ယွင်က ဦးစွာသတိဝင်လာပြီး ကျောက်စားပွဲပေါ် မက်မွန်သီးဗန်းတင်လျက် မုဝေကိုအပြေးအလွှား လှုပ်နှိုးလိုက်သည်။
“ အစ်မမု ... အစ်မမု ... ။ ”
“ ဟင် ... အင်း ဘာလဲ။ ”
မုဝေခမျာ သတိဝင်လာသော်လည်း စိတ်ဝိညာဉ်သည် ဝေဝါးနေဆဲပေပင်။ ကူချန်၏ စကားများမှာ သူမကို ပျောက်ဆုံးစေ၏။ နားထဲတွင် ပဲ့တင်ထပ်နေဆဲပေပင်။
“ အစ်မမု ... ဘာတွေဖြစ်ကုန်တာလဲ၊ စောစောက ဘာလို့ဒီလောက်တောင် မှင်သပ် နေရတာလဲ ... အဲဒါ တာအိုဘုန်းကြီးလေး မဟုတ်လား၊ သူ ဘာလာလုပ်တာလဲ။ ”
ရှောင်ယွင်က မေးခွန်းများ ဆက်တိုက် မေးမြန်းတော့၏။ မုဝေမှ ချက်ချင်းပြန်မဖြေ သေးဘဲ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ဝမ်းသာကြည်နူးရိပ်များ ပေါ်လာသည်။
“ ရှောင်ယွင် ... ။ ”
“ အစ်မမု ... ။ ”
မုဝေက ရှောင်ယွင်လက်ကို တင်းတင်းဆုပ်ကိုင်လျက်၊
“ နင်ယောကျ်ားရတော့မယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟမ့် ... ငါယောကျ်ားရမှာလား ... အစ်မမုဘာတွေပြောနေတာလဲ အစ်မမုတောင် မရသေးတာ ရှောင်ယွင်က ဘယ်လိုလုပ်ရမှာလဲ ပြီးတော့ ရှောင်ယွင်က အစ်မမုနဲ့ အမြဲအတူနေရမှာပါ ... ။ ”
ရှောင်ယွင်က ငြင်းဆန်နေလျက်မှ ရုတ်တရက် တိဝင်လာသောအခါ မျက်နှာလေး နီမြန်းသွားပြီး မုဝေထံ အံ့အားသင့်စွာဖြင့် ပြန်ကြည့်လိုက်တော့၏။
“ အစ်မမု ... အစ်မမု ဆိုလိုတာက ... ။ ”
“ ဟုတ်တယ် ... နင်က ငါ့ရဲ့ခန်းဝင်ပစ္စည်းပဲ ... ။ ”
“ အား ... ဒါဆိုတာအိုဘုန်းကြီးလေးက ရှောင်ယွင်ရဲ့ယောကျ်ား၊ အဲ ... ဟို ... မဟုတ်ဘူး အစ်မမုရဲ့ ယောကျ်ား ... အစ်မမုရဲ့ ယောကျ်ားပေါ့။ ”
“ ..... ။ ”
မုဝေတစ်ယောက် လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ ရှေးခေတ်ဓလေ့များအရ သခင်မလေးများ အိမ်ထောင်ပြုလျှင် အစေခံများကိုပါ တစ်ပါတည်း ထည့်ပေးလေ့ရှိ၏။
ထိုအစေခံများသည်လည်း သူမတို့ သခင်မလေး၏ ခင်ပွန်းအတွက် မယားငယ်များ သို့မဟုတ် ကျေးကျွန်များအဖြစ် ဆက်လက် အမှုထမ်းရချေပြီ။
“ ဟမ့် ... ဒါဆိုအစ်မမု ... မင်းတို့ရဲ့ကလေးကို ... အစ်မမုမွေးမှာလား ရှောင်ယွင်မွေးပေးရမှာလား။ ”
ရှောင်ယွင်စကားကြောင့် မုဝေခမျာ မျက်လုံးပြူးသွားသည်။ ရှောင်ယွင်မှ ချက်ချင်း လက်ခါပြလျက်၊
“ အစ်မမု အထင်မလွဲနဲ့ ... အထင်မလွဲနဲ ... တာအိုဘုန်းကြီးလေး ကလေးဆိုရင်အမွှာတွေ အပေါ် အရမ်းချစ်တာ မဟုတ်လား ဒါကြောင့် အစ်မမုများ တတ်စွမ်းပါ့မလား စိုးရိမ်လို့ပါ။ ”
-ဟု ရှင်းပြလိုက်တော့၏။ ထိုမှသာ မုဝေမျက်ဝန်းများသည် ပို၍ပြူးကျယ်လာပြီး မျက်နှာနီရဲသွားလေသည်။ အဆုံး၌အံကြိတ်ကာ ခေါင်းငုံ့ပြီး ခပ်တိုးတိုးတုန့်ပြန်လိုက်တော့၏။
“ ငါကြိုးစားကြည့်မယ် ... ။ ”
***
အခန်း ၁၉၈ -
သစ်တော်ပွင့်တွေ တောင်ဇလပ်ပေါ်ပျံဝဲ ... ။
ကူမိသားစု၏ သားကြီး မင်္ဂလာဆောင်တော့မည့် သတင်းသည် နတ်နဂါးမြို့တော်တစ်လုံး ညတွင်းချင်း ပျံ့နှံ့သွားတော့သည်။
“ ဒီသတင်းကို မင်းဘယ်ကနေ ကြားလာတာလဲ။ ”
“ ဟားဟားဟား ... ငါ့ဦးလေးရဲ့ညီ၊ သူ့ရဲ့သားက ဒုံဟွာအထည်ဆိုင်မှာ စာရေး ဝင်လုပ်နေတာ ... မနေ့ကပဲကူအိမ်တော်က မုအိမ်တော်ကိုလာပြီး တောင်းရမ်းတာကို သူကိုယ်တိုင် မြင်ခဲ့ရတာ ... ။ ”
“ ဟမ့် ... မင်းတို့အမျိုးတွေက တော်တော်နီးစပ်တာပဲ။ ”
“ ဒါတွေ ထားလိုက်ပါဦး ငါကြားတာတော့ တောင်းရမ်းတဲ့ လက်ဖွဲ့ပစ္စည်းတွေတင် လှည်းနဲ့ အစီးပေါင်း ဒါဇင်နဲ့ချီတယ်တဲ့။ ”
“ တကယ်ပဲ အဲဒီသားကြီးလား ... ဒါဆိုရင်မုမိသားစုတော့ကံပွင့်ပြီ ကူမိသားစုက မကြာခင်ဖူစုကို အုပ်စိုးတော့မှာ။ ”
လမ်းကြိုလမ်းကြားများပင်မကျန် လက်ဖက်ရည်ဆိုင်များမှသည် အိမ်ကြီး အိမ်ကောင်းများအထိ လူတိုင်း ဤအကြောင်း အားတက်သရော ဆွေးနွေးနေကြတော့၏။
တစ်ရက်မပြည့်မီ ထိုသတင်းသည် မြို့ပြင်သို့ပင် ကျော်လွန်ပျံ့နှံ့သွားလေသည်။ ကူမိသားစု၏ လက်ရှိအာဏာသည် ရှန့်နန်တွင် အုပ်စိုးရှင်သာမက ဖူစုနိုင်ငံတစ်ဝှမ်း လွှမ်းမိုစပြုနေပြီဖြစ်၏။
အချို့သော အတွင်းသတင်းများအရ တော်ဝင်မျိုးရိုးသည်ပင် ကူမိသားစုနန်းတော်သို့ ရောက်ရှိလာမည့်အချိန်ကို လိုလိုလားလား လက်ခံကြောင်း သတင်းများပြန့်လွင့်နေသည်။
ထို့ကြောင့် အခြားသော အင်အားစုများသည်လည်း သူတို့ကိုကြောက်ရွံ့ ရိုသေနေရပြီဖြစ်၏။
လွန်ခဲ့သည့်လအနည်းငယ်က လင်းရင်တောင်တိုက်ပွဲသည် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုတိုက်ပွဲကြီးအတွင်း ကူမိသားစုသားကြီး အနိုင်ရရှိခဲ့သည်ဟု ကောလာဟလများ ထွက်ရှိလာခဲ့၏။
ယင်းသတင်းသည် ကူမိသားစု၏ သားကြီးသည် လွန်ခဲ့သောဆယ်စုနှစ်ကျော်က သခင်လေးမဟုတ်တော့ဘဲ နတ်ဘုရားတစ်ပါး ဖြစ်လာကြောင်း သိရှိသွားစေသည်။
ထို့ကြောင့် ဤမင်္ဂလာသတင်းသည် နတ်နဂါးမြို့၏ ထိပ်တန်းသတင်း ဖြစ်လာရခြင်း ပေပင်။ လင်းရင်ဘုံကျောင်း၏ မြင့်မားလှသော မျှော်စင်ကြီးပေါ်၌ ကူချန်သည် လက်နှစ်ဖက်ကို နောက်ပို့ကာ မတ်တတ်ရပ်နေ၏။
သူသည် လတ်တလော သတင်းများ၏ ဇာတ်ကောင်ဖြစ်သော်လည်း စိတ်ဝင်စားခြင်း မရှိခဲ့ချေ။ ကောင်းကင်ပေါ် မော့ကြည့်လျက် နတ်ဆိုးများအငွေ့အသက်ကို ရှာဖွေနေ၏။
“ စီနီယာအစ်ကို ... စီနီယာအစ်ကို။ ”
ထိုစဉ် တာအိုဝတ်ရုံဝတ် ဆယ်ကျော်သက် လူငယ်လေးတစ်ဦး လှေကားထစ်များပြေးတက် လာလေသည်။ ယင်းသည် ချင်းဖန်ပေပင်။
ယခင်လင်းရင်ဘုံကျောင်းတစ်ခုလုံး၏ အရှုပ်ထုပ်လေးသည် ယခုအခါခန့်ညားသော လူငယ်တစ်ဦး ဖြစ်နေပြီဖြစ်၏။
သူ့မျက်နှာတွင် အနည်းငယ် ကလေးဆန်သော အမူအရာရှိနေသော်လည်း များစွာတည်ငြိမ်နေချေပြီ။
ဖြတ်တောက်ခံခဲ့ရသော ညာလက်လက်မောင်းသည်လည်း ပြန်လည် ပေါက်ရောက်လာခဲ့ပြီဖြစ်သည်။
ချင်းရွှမ်နှင့် ချူဟွာယီတို့သည် ဘုံကျောင်းအတွင်း ခဏတာတည်းခိုနေစဉ် အတွင်း လက်ဆောင်ပေးရန် ကြိုးသားခဲ့၏။ သို့သော် ကူချန်မှ ငြင်းဆန်သည်။
ယင်းကြောင့် ချင်းရွှမ်သည် ချင်းဖန်ကိုမြင်ချိန်တွင် အစွမ်းထက်ကုသခြင်း ဆေးပြားတစ်ပြား လက်ဆောင်ပေးခဲ့ခြင်းဖြင့် စောင့်ဆိုင်းစရာမလိုတော့ဘဲ လက်အသစ် ပေါက်လာခြင်းပေပင်။
“ ဘာကိစ္စရှိလို့လဲ။ ”
ကူချန်မှ ကောင်းကင်ကို ငေးကြည့်နေလျက်ဖြင့် မေးလိုက်လေသည်။
“ စီနီယာအစ်ကို ... ဦးလေးကူက လူလွှတ်ပြီးတော့ မင်းအတွက် အဝတ်အစား ပို့လိုက်ပါတယ်။ ”
“ ဘာအဝတ်အစားလဲ။ ”
ကူချန်မှ မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လာသည်။
“ ဟမ် ... ဘာအဝတ်အစား ဖြစ်ရမှာလဲ သတို့သားဝတ်စုံပေါ့... ဝတ်ရုံနီကြီးတွေလေ အရမ်းကျက်သရေ ရှိတာပဲ ...
... ငါ စိတ်ဝင်စားလို့ ကြည့်ခဲ့ပြီးပြီ အရမ်းလှတယ် စီနီယာအစ်ကို မင်းဝတ်လိုက်ရင် ပိုခန့်ငြားနေဦးမှာ။ ”
“ ကောင်းပြီ၊ ခဏနေရင် ငါသွားစမ်းကြည့်လိုက်မယ်။ ”
“ ဒါနဲ့ စီနီယာအစ်ကို၊ မင်း ... ဒီကိုနေ့တိုင်လာပြီး ဘာကိုကြည့်နေတာလဲ။ ”
ချင်းဖန်က ကူချန်ဘေးသို့ လှောက်လှမ်းသွားပြီး ပခုံးချင်းယှဉ်ရပ်ကာ စူးစမ်းဟန်ဖြင့် ကောင်းကင်ပေါ် မော့ကြည့်၏။
“ ကောင်းကင်နဲ့ မြေကြီးကြားက မကောင်းဆိုးရွားရောင်ဝါကို စောင့်ကြည့်နေတာ နှင်းပန်းဓားကျောင်းက အားလုံးကို ဖြေရှင်း ပေးသွားပေမယ့် လွတ်သွားတဲ့ အချို့တွေ ရှိနေနိုင်ပါသေးတယ်။ ”
“ ဪ ... ။ ”
ကူချန်စကားကြောင့် ချင်းဖန်သည်လည်း ကောင်းကင်ပေါ်မော့ကြည့်ပြီး နှာခေါင်းတရှုံ့ရှုံ့ လုပ်ပြလာတော့သည်။ ထို့နောက် တစ်စုံတစ်ရာ သတိရလာကာ၊
“ စီနီယာအစ်ကို ... အဲဒီတုန်းက စီနီယာအစ်ကို ကောင်းကင်ကိုကြည့်နေတုန်း အလှလေးနှစ်ယောက် ပြုတ်ကျလာတယ် မဟုတ်လား ... အခုကော နောက်ထပ် ကျလာဦးမယ်ထင်လား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဟမ့် ... အချိန်တိုင်းကျလာစရာလား။ ”
“ ဒါဆို တစ်ခါတလေတော့ ကျလာနိုင်တယ်ပေါ့ အဲဒီလိုလား ထူးဆန်းတယ် ဒါဘာပညာရပ်မျိုးလဲ။ ”
“ ဖပ် ... ။ ”
ရုတ်တရက် စကားများနေသော ချင်းဖန်တစ်ယောက် ဦးခေါင်းအနောက်ဘက်သို့ ဖပ်ခနဲရိုက်နှက်ခြင်းခံလိုက်ရကာ ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားလေသည်။
“ ဟမ့် ... ဘယ်သူလဲ။ ”
ရုတ်ချည်းဖြစ်သဖြင့် မျှော်စင်အတွင်း ချက်ချင်းဝေ့ကြည့်လိုက်၏။ သူနှင့် ကူချန်အပြင် မည်သမျှရှိမနေချေ။ ထို့ကြောင့် ကူချန်ထံ သံသယဖြင့် ကြည့်လိုက်ပြီး၊
“ စီနီယာအစ်ကို ... မင်းလား။ ”
-ဟု မေးမြန်းတော့၏။
“ ငါလုပ်တာမြင်လား ... ။ ”
ကူချန်က လက်နှစ်ဖက်ကို နောက်ပို့ထားလျက် အနေအထားဖြင့်ပင် သူ့ထံ ပြန်လည်မေးမြန်းလာသည်။ ယင်းကြောင့် ချင်းဖန်ခမျာ ရှုပ်ထွေးသွားကာ၊
“ ဒါပေမယ့် ဒီမှာ စီနီယာအစ်ကိုနဲ့ ငါပဲရှိတာလေ။ ”
-ဟု ဆိုလိက် ပတ်ဝန်းကျင်ထံ ထပ်မံဝေ့ဝဲကြည့်တော့၏။ ထိုစဉ်မင်ယွဲ့သည် မျှော်စင်ပေါ် တက်ရောက်လာပြီး၊
“ ဟမ့် ... စီနီယာအစ်ကိုကို ခေါ်ဖို့လွတ်လိုက်တာ နင်ကဒီမှာ စကားလာ ပြောနေတာလား ... စီနီယာအစ်ကို အင်္ကျီ သွားရွေးရအောင်။ ”
-ဟု ပြောကြားလာလေသည်။
ဤတစ်ကြိမ်တွင် ကူချန်သည် ပြန်လည်နောက်ပြောင်ရန် ဆန္ဒမရှိတော့ဘဲ ခေါင်းငြိမ့်ကာ လိုက်ပါသွားတော့၏။
“ ဒီမှာလည်း ဘယ်သူမှ မရှိပါဘူး။ ”
ချင်းဖန်သာလျှင် တစ်ယောက်တည်း ခေါင်းကုပ်လျက် ဟိုဟိုသည်သည်ငဲ့ကြည့်ကာ မျှော်စင်အောက် ငုံ့ကြည့်လိုက်လေသည်။
ကူချန်တစ်ယောက် နေအိမ်သို့ ရောက်ရှိသွားသောအခါ စီတန်းထားသည့် အဝတ်အစား တစ်ဆယ့်ခြောက်စုံကို မြင်တွေ့လိုက်ရသည်။
“ မင်္ဂလာပါ သခင်ငယ်။ ”
အစေခံများက ကူချန်ကို မြင်သောအခါ ရိုသေစွာချက်ချင်းနှုတ်ဆက်၏။ တာအိုချင်းရှက လက်နှစ်ဖက်နောက်ပို့ပြီး အဝတ်အစားများထံ စိတ်ဝင်တစား ငုံံကြည့်နေရာမှ၊
“ ဟမ့် ... မင်္ဂလာသတို့သားလေး ရောက်လာပြီလား၊ လာ ... လာ မြန်မြန် ရွေးရအောင်။ ”
-ဟု လက်ဝှေ့ရမ်းကာ ဖိတ်ခေါ်၏။
“ ဆရာ ... ငါမင်္ဂလာဆောင်ဖို့ ရက်တွေအများကြီးရှိပါသေးတယ် အခုတည်းက သတို့သားလို့ မခေါ်ပါနဲ့ဦး။ ”
“ ဟားဟားဟား ... ငါဒီနေ့ကို ဆယ်နှစ်တောင်စောင့်ဆိုင်းခဲ့ရတာပါ ... ဒီလို ရက်အနည်းငယ်လောက်များ ဘာကြာလို့လဲ ... ဟိုတစ်စုံက မင်းနဲ့ အလိုက်ဖက်ဆုံးပဲ။ ”
“ အဟမ်း ... ။ ”
တာအိုချင်းရှ အပြုအမူနှင့် အဆိုပါစကားများကြောင့် မင်ယွဲ့ကဘေးမှနေ၍ ချောင်းဟန့်လိုက်ကာ၊
“ ဆရာ ... ဒါက ဆရာ့ပွဲ မဟုတ်ပါဘူး သတိထားပါ။ ”
-ဟု သတိပေးလာ၏။
“ ဟမ့် ... ငါသိပါတယ် ... ငါက အကြံပေးရုံသက်သက်ပါ။ ”
တာအိုချင်းရှက ထိုသတိပေးမှုကြောင့် နှာခေါင်းကုပ်ခြစ်လျက် တည်ငြိမ်သည့်အသွင် ပြန်လည်ရယူလိုက်ရ၏။ ထိုစဉ် ချင်းဖန် ရောက်ရှိလာသည်။
“ ဆရာ ... မင်းလည်း မင်္ဂလာဆောင်ချင်နေတာလား။ ”
သူသည် အနည်းငယ်နောက်ကျမှ ဝင်ရောက်လာခဲ့သဖြင့် မင်းယွဲတို့စကားဝိုင်းကို အစအဆုံး မကြားလိုက်ရချေ။ ထို့ကြောင့် အံ့အားသင့်စွာ မေးမြန်လိုက်ခြင်းပေပင်။
“ ဟမ့် ... ငါက ဒီအရွယ်ကြီးရောက်နေပြီ ဒါမျိုးတွေကိုဝတ်ပြီး ... မင်္ဂလာဆောင်စရာလား ငရှုပ်ကောင် မင်းငါနဲ့လာရှုပ်နေတာလား။ ”
ဤတစ်ကြိမ်တွင် ကူချန်မှ ပြုံးပြီး၊
“ တကယ်တော့ ဆရာ့အရွယ်နဲ့ မင်္ဂလာဆောင်ချင်ရင်လည်း မဆိုးသေးပါဘူး ဆရာ့မှာ အားမာန်အပြည့် ရှိနေသေးတာပဲ ဗျာတစ်ပုဒ်တောင် ရှိပါသေးတယ် ဆရာလည်း ကြားဖူးမယ်ထင်တယ် ...
... မြန်းတူယှဉ်နွှဲမင်္ဂလာပွဲ ... တစ်ဆယ့်ရှစ်ပျိုဖြူလှ ရှစ်ဆယ်သက်အိုမင်း။ ဖြူဖွေးဆံ ဝတ်လွှာအုပ်လို့၊ ဟေမန်ပွင့်ပန်းငုံမှာ သူကခိုနှိပ်တယ်၊ သစ်တော်ပွင့်တွေ တောင်ဇလပ်ပေါ်ပျံဝဲ ... ။ ”
-ဟု ရွတ်ဆိုပြလိုက်တော့သည်။
***
Book-16