အခန်း (၃၁၃)
Vol. 29 Ch. 313
အပိုင်း (၃၁၃)
"ဒီလို သိုင်းလောကကိစ္စတွေက ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ့ကို လာပြောမနေနဲ့၊ ငါ စိတ်မဝင်စားဘူး"
"နေဦး... ဘယ်သူက မဆိုင်ဘူးပြောလဲ။ အဲဒါတွေက မဟာရှအတွက် အန္တရာယ်ရှိနိုင်တယ်"
ယောင်ယောင်က လေးနက်သောမျက်နှာထားဖြင့် "အရင်က သူတောင်းစားဂိုဏ်းချုပ် ဟုန်ချီဟိုင်က မဟာရှကို လာရောက်နှောင့်ယှက်ပြီး အရှုံးနဲ့ ဆုတ်ခွာသွားခဲ့ရတယ်မလား။ အခု သူက ကလဲ့စားချေဖို့ ပြန်လာချင်နေတယ်လို့ သတင်းထွက်နေတယ်။ ရှင့်ရဲ့ မဟာရှက စားနပ်ရိက္ခာတွေကို မီးရှို့ဖျက်ဆီးဖို့အထိ ကြံစည်နေတာ..."
လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ရင်း - "အဲဒီတုန်းက သူက မျက်နှာဖုံးစွပ်ထားပေမဲ့ ဟုန်ချီဟိုင် ဖြစ်ဖို့ကတော့ သေချာသလောက်ပဲ"
"ရှင်က စစ်သည်ရဲမက်တွေရဲ့ စစ်အင်အားကိုသုံးပြီး သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့လည်း ကျွန်မကြားတယ်"
လင်းပိုင်ဖန်က ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ကာ - "အဲဒီလိုပဲ ထင်တာပဲ။ ရန်သူက တော်တော်မြန်မြန် ထွက်ပြေးသွားတာဆိုတော့ တကယ် ဒဏ်ရာရသွားလားတော့ ငါလည်း မသိဘူး"
"မိစ္ဆာဂိုဏ်းရဲ့ သတင်းပေးချက်အရဆိုရင် သူတောင်းစားဂိုဏ်းချုပ်နဲ့ အကြီးအကဲတချို့က ရုတ်တရက် ပျောက်ကွယ်နေကြတယ်။ တချို့က တံခါးပိတ်ကျင့်ကြံနေတယ်လို့ ပြောကြသလို၊ တချို့ကလည်း လျှို့ဝှက်တာဝန်နဲ့ ခရီးထွက်နေတယ်လို့ ဆိုကြတယ်..."
"ကြည့်စမ်း... ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ။ ဒါကြောင့် ငါ့ရဲ့တွက်ချက်မှုအရဆိုရင် သူတောင်းစားဂိုဏ်းချုပ် ဟုန်ချီဟိုင်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပုံပဲ။ အဲဒီပျောက်နေတဲ့ အကြီးအကဲတွေက သူ့ကို လျှို့ဝှက်စောင့်ရှောက်ပေးနေတာပဲ ဖြစ်ရမယ်"
"တစ်ချိန်တည်းမှာပဲ ဟုန်ချီဟိုင်က အရှုံးမပေးချင်သေးဘူး။ ဒါကြောင့် သူ ဒဏ်ရာကုသနေတုန်းမှာ အခြားအကြီးအကဲတွေကို မဟာရှထဲ ခိုးဝင်ခိုင်းပြီး အခွင့်ကောင်းစောင့်ကာ ပြဿနာရှာဖို့ ခိုင်းထားတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ရှင် သတိထားရမယ်နော်"
ဒါကို ကြားပြီးနောက် လင်းပိုင်ဖန်မှာ အံ့အားသင့်သွားဟန်ဖြင့် - "ယောင်ယောင်... ဒါတွေကို မင်း ဘယ်လိုများ တွေးမိတာလဲ။ မင်းက တကယ့်ကို ထက်မြက်တာပဲ"
"ဒါပေါ့..." ယောင်ယောင်က ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့လိုက်သည်။
"မင်းရဲ့ ခွဲခြမ်းစိတ်ဖြာချက်က တကယ့်ကို ယုတ္တိရှိပြီး အချက်အလက်ကျလှတယ်။ ငါတောင် ဆင်ခြေတွေ အထူးတလည် ပေးနေဖို့ မလိုတော့ဘူး။ ကျေးဇူးအများကြီးတင်ပါတယ်ကွာ..." လင်းပိုင်ဖန်က သူမ၏ခေါင်းကို ချီးကျူးသည့်အနေဖြင့် ပွတ်သပ်ပေးလိုက်သည်။
"ဘာတွေ ပြောနေတာလဲ... အတည်ပြောနေတာနော်။ အဲဒီသူတောင်းစားဂိုဏ်းက လူတွေကို သတိထားဖို့ ပြောနေတာ၊ သူတို့ကို လျှော့မတွက်နဲ့။ တစ်ယောက်ယောက်ကို လွှတ်ပြီး သူတို့ ပြဿနာမရှာနိုင်အောင် စောင့်ကြည့်ခိုင်းထားတာ အကောင်းဆုံးပဲ" ယောင်ယောင်က ထပ်မံ သတိပေးလိုက်သည်။
လင်းပိုင်ဖန်မှာ စိတ်လှုပ်ရှားသွားဟန်ဖြင့် - "ယောင်ယောင်... မင်းက ငါ့အပေါ် တကယ်ကောင်းတာပဲ။ လာပါ... ငါတို့ ကလေးယူကြရအောင်၊ ငါ ခုတင်တောင် ပြင်ဆင်ပြီးပြီ"
ယောင်ယောင်မှာ မည်သည့်အရိပ်အယောင်မျှ မပြဘဲ သူမ၏ 'ယင်းကိုးပါး အရိုးဖြူလက်သည်း' ကို ထုတ်သုံးလိုက်လေတော့သည်။
လင်းပိုင်ဖန် : "အား... အား..... နာတယ်ဟ..."
ထိုစဉ် တာအိုဂိုဏ်းမှ စုန့်ယွီဖေးသည် မိန်းမစိုးလျှို၏ ဦးဆောင်မှုဖြင့် အတွင်းသို့ ဝင်လာလေသည်။ နှစ်ဦးသား ကျီစယ်နေကြသည်ကို မြင်သောအခါ သူမ၏ရင်ထဲ၌ တစ်မျိုးကြီး ခံစားလိုက်ရသည်။ မိစ္ဆာမလေးကို မြင်ရ၍ စိတ်မကြည်မလင် ဖြစ်ရခြင်းဖြစ်မည်ဟုသာ သူမ တွေးလိုက်မိသည်။
ယောင်ယောင်ကလည်း ရောက်လာသူကို သတိထားမိသွားပြီး သရော်တော်တော်လေသံဖြင့် - "ဟော... နတ်သမီးလေးပါလား။ နင့်ရဲ့ ပါရမီရှင် ဧကရာဇ်လောင်းကို သွားမရှာဘဲ ဒီကို ဘာလို့ ရောက်လာတာလဲ"
"ငါ ဘယ်သွားသွား နင်နဲ့မဆိုင်ဘူး၊ နင့်ကို လာရှာတာလည်း မဟုတ်ဘူး"
စုန့်ယွီဖေးက ယောင်ယောင်ကို လျစ်လျူရှုလိုက်ပြီး လင်းပိုင်ဖန်ကို ရိုသေစွာဖြင့် - "အရှင်မင်းမြတ်... ကျွန်မမျိုးမ မဟာရှကနေ နှုတ်ထွက်ခွင့် တောင်းခံဖို့ လာတာပါ" ဟု ဆိုလိုက်သည်။
လင်းပိုင်ဖန် ကြောင်သွားကာ - "ဘာလို့လဲ... ငါက မင်းအပေါ် မကောင်းလို့လား"
ယောင်ယောင်ကလည်း ဘာကြောင့်လဲဆိုသည်ကို သိရန် နားစွင့်နေမိသည်။
စုန့်ယွီဖေးက ရှင်းပြသည်မှာ - "အရှင်မင်းမြတ်ကြောင့် မဟုတ်ပါဘူး။ တာအိုဂိုဏ်းကနေ ထောက်ခံအားပေးမယ့် ဧကရာဇ်လောင်းကို ရွေးချယ်ပြီးသွားလို့ပါ။ အရှင်နဲ့ သူက ပြိုင်ဘက်တွေ ဖြစ်လာတော့မှာမို့ ကျွန်မမျိုးမ ဒီမှာ ဆက်နေဖို့ မသင့်တော်တော့ပါဘူး"
"ဒါကြောင့်ကိုး..." လင်းပိုင်ဖန်က နားလည်သွားသလို ခေါင်းညိတ်လိုက်သည်။
တာအိုဂိုဏ်းက အားပေးကူညီမည့် ဧကရာဇ်ကို ရွေးချယ်ပြီးပြီ ဖြစ်သဖြင့် စုန့်ယွီဖေးအနေနှင့် ထိုသူ့ထံသို့ သွားရပေတော့မည်။ သူမအနေနှင့် မဟာရှတွင် နာမည်ခံမျှပင် ဆက်လက်နေထိုင်ရန် မသင့်တော်တော့ချေ။
"ဒါနဲ့... တာအိုဂိုဏ်းက ဘယ်ဧကရာဇ်ကို ရွေးလိုက်တာလဲ"
စုန့်ယွီဖေးက - "မဟာလော့မင်းဆက်နိုင်ငံရဲ့ ဧကရာဇ် 'လော့ကျွင်း' ပါပဲ" ဟု ဆိုလိုက်သည်။
"မဟာလော့မင်းဆက်နိုင်ငံက လော့ကျွင်းလား" လင်းပိုင်ဖန် အံ့သြသွားသည်။
မဟာလော့နိုင်ငံမှာ မဟာရှနှင့် သိပ်မဝေးလှဘဲ အနောက်ဘက်တွင် ရှိပြီး 'ကျားဖြူတောင်တန်း' တစ်ခုသာ ခြားထားခြင်း ဖြစ်သည်။ လော့ကျွင်းသည် မဟာလော့မင်းဆက်နိုင်ငံ၏ လက်ရှိအုပ်ချုပ်သူ ဖြစ်သည်။
သူသည် အသက် ၃၀ ပင် မပြည့်သေးဘဲ ငယ်ရွယ်သူ ဖြစ်သလို၊ ယခင်ဧကရာဇ်နှင့် နန်းတွင်းအစေခံမလေးတစ်ဦးတို့၏ တရားမဝင် သားတော်လည်း ဖြစ်သည်။ မျိုးရိုးနိမ့်သော်လည်း သူ၏စွမ်းဆောင်ရည်မှာ အံ့မခန်းပင်။
သူသည် လူအများ၏ အထင်အမြင်သေးခြင်းကို ခံရစေရန် အရည်အချင်းမရှိသူအဖြစ် ဟန်ဆောင်ကာ အင်အားကို တိတ်တဆိတ် တည်ဆောက်ခဲ့သည်။ ယခင်ဧကရာဇ် နတ်ရွာစံသောအခါ သူသည် ချက်ချင်းပင် အာဏာသိမ်းကာ သူ၏ညီအစ်ကို မင်းသားအားလုံးကို သတ်ဖြတ်ပြီး ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ၃ နှစ်အတွင်း တိုင်းပြည်ကို စနစ်တကျ အုပ်ချုပ်ကာ မင်းဆက်နိုင်ငံအဆင့်သို့ ရောက်အောင် မြှင့်တင်နိုင်ခဲ့သူ ဖြစ်သည်။
တကယ်လို့ လင်းပိုင်ဖန်သာ ပေါ်မလာခဲ့လျှင် သူသည် ယခုခေတ်၏ အတောက်ပဆုံး ဧကရာဇ်တစ်ပါး ဖြစ်နေမည်မှာ သေချာသည်။
"ဒီတော့... အဲဒီဧကရာဇ်ပေါ့လေ"
ယောင်ယောင်က နှာခေါင်းရှုံ့လျက် - "တကယ်တော့ အဲဒီဧကရာဇ်ကလည်း မဆိုးပါဘူး။ ဒါပေမဲ့ ငါတို့ရဲ့ ငတုံး ဧကရာဇ်လေးနဲ့တော့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ။ တာအိုဂိုဏ်းက လူတွေကတော့ တကယ်ပဲ မျက်စိကန်းနေကြတာပဲ၊ ငါတို့ ငတုံး ဧကရာဇ်လေးကို မရွေးဘဲ အဲဒီလူကို သွားရွေးရတယ်လို့..."
စုန့်ယွီဖေးက လင်းပိုင်ဖန်ကို မကျေမနပ် ကြည့်လိုက်သည်။
တကယ်လို့သာ လင်းပိုင်ဖန်က သိုင်းလောက အင်အားစု အားလုံးကို ငြင်းပယ်ခြင်းမပြုဘဲ၊ ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးတွေနဲ့ပါ အဆက်အသွယ်မဖြတ်ခဲ့ဘူးဆိုရင် တာအိုဂိုဏ်းဟာ လင်းပိုင်ဖန်ကို အစကတည်းက ထောက်ခံအားပေးခဲ့မှာပင် ဖြစ်သည်။ ထို့ကြောင့်သာ သူတို့မှာ ဒုတိယရွေးချယ်မှုအဖြစ် မဟာလော့နိုင်ငံမှ လော့ကျွင်းကို ရွေးခဲ့ရခြင်း ဖြစ်သည်။
"မင်း နှုတ်ထွက်စာ လာတင်တာ မဆန်းပါဘူး။ အနာဂတ်မှာ ငါတို့က ပြိုင်ဘက်တွေ ဖြစ်လာမှာကိုး"
လင်းပိုင်ဖန်က ရယ်မောလျက် - "ငါတို့နှစ်နိုင်ငံက အိမ်နီးချင်းတွေ ဖြစ်သလို၊ အင်ပါယာအဖြစ် တိုးချဲ့လာတဲ့အခါ ပြိုင်ဆိုင်မှုက ရှောင်လွှဲလို့မရဘူး။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ငါ့ရဲ့ မဟာရှနဲ့ ယှဉ်လိုက်ရင် သူ့ရဲ့ မဟာလော့က နိမ့်ကျနေတုန်းပဲ၊ နောက်ဆုံးတော့ ငါ့လက်အောက်ကိုပဲ ရောက်လာမှာပါ"
စုန့်ယွီဖေး ခေတ္တမျှ ဆိတ်ဆိတ်နေသွားပြီးမှ - "သူ့မှာ ကျွန်မတို့ တာအိုဂိုဏ်းတစ်ခုလုံးရဲ့ ထောက်ခံမှု ရှိနေတာပါ။ သူ မရှုံးနိုင်ပါဘူး"
သူမ ဤသို့ ရဲရဲဝံ့ဝံ့ ပြောရဲခြင်းမှာ တာအိုဂိုဏ်းသည် ကောင်းကင်ဘုံကိုယ်စား ဧကရာဇ်လောင်းများကို ရွေးချယ်ပေးခဲ့သည့် သမိုင်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမျှ မရှုံးနိမ့်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ သူတို့ ထောက်ခံပေးသည့် ဧကရာဇ်တိုင်းမှာ အင်ပါယာကြီးများကို တည်ထောင်နိုင်ခဲ့ကြသည်။ သူတို့ကို ဆန့်ကျင်သူများမှာမူ သမိုင်း၏ ဖုန်မှုန့်များအဖြစ်သာ ကျန်ရစ်ခဲ့ကြရသည်။
"အဲဒါက အတိတ်မှာတော့ ဟုတ်ချင်ဟုတ်လိမ့်မယ်။ ဒါပေမဲ့ အနာဂတ်ကတော့ မသေချာဘူးလေ" လင်းပိုင်ဖန်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
ယခုအခါ သူသည် မဟာကောင်းကင်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားရုံသာမက 'အင်ပါယာ မြေပုံ' ဆိုသည့် အစွမ်းထက် ရွှေလက်ချောင်းကိုလည်း ပိုင်ဆိုင်ထားသည်။ သူ ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်ပါ့မလဲ။ ဒီလောက်အထိ ရထားပါလျက်နဲ့သာ ရှုံးသွားမယ်ဆိုရင်တော့ သူဟာ ကမ္ဘာကူးပြောင်းလာသူ တစ်ယောက်အနေနဲ့ အရှက်ရစရာ ဖြစ်ပြီး လည်ပင်းကွင်းစွပ် သေလိုက်တာကမှ ပိုကောင်းဦးမည်။
ဘေးမှာ ရပ်နေသော ယောင်ယောင်က ရင်ဘတ်ကို ပုတ်ကာ - "ငတုံးလေး... မပူနဲ့၊ ငါတို့ မိစ္ဆာဂိုဏ်းက မင်းကို အစွမ်းကုန် ထောက်ခံပေးမယ်"
"အရှင်မင်းမြတ်... ဒါဆို ကျွန်မမျိုးမ နှုတ်ဆက်ခဲ့ပါတယ်နော်။ နောင်တစ်ချိန် ပြန်ဆုံတဲ့အခါမှာလည်း သူငယ်ချင်းတွေအဖြစ် ရှိနေနိုင်ပါစေလို့ မျှော်လင့်ပါတယ်" စုန့်ယွီဖေးမှာ နှမြောတသဟန်ဖြင့် ခွဲခွာခြင်းအတွက် နှုတ်ဆက်စကား ဆိုလိုက်သည်။
လင်းပိုင်ဖန်က သူမကို လှမ်းခေါ်လိုက်ကာ - "ယွီဖေး... မင်းက ငါ့ရဲ့ သူငယ်ချင်းအဖြစ် အမြဲရှိနေမှာပါ။ ဘယ်အချိန်ဖြစ်ဖြစ် ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်၊ ငါ မင်းကို အမြဲတမ်း ကြိုဆိုနေမှာပါ"
"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်... ကျွန်မမျိုးမ သွားပါတော့မယ်"
စုန့်ယွီဖေးက ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီးနောက် လွင့်မြောသော ဟန်ပန်ဖြင့် ထွက်ခွာသွားလေတော့သည်။