အခန်း (၃၁၅)
Vol. 29 Ch. 315
အပိုင်း (၃၁၅)
မကြာမီမှာပင် သူတောင်းစားဂိုဏ်း၏ အကြီးအကဲ ချန်းယွမ် ရောက်ရှိလာသည်။
"အရှင်မင်းမြတ်... ဘာများ မိန့်ကြားစရာ ရှိပါသလဲ"
အကြီးအကဲချန်သည် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သူ မဟာရှသို့ ရောက်ကတည်းက တစ်ခါမှ အပြင် မထွက်ရသေးပေ။ ဧကရာဇ်၏ အနီးအပါးမှာ နေမှသာ ထင်ပေါ်ကျော်ကြားခွင့်ရမည့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်မည်ဟု သူ ယုံကြည်ထားသည်။ ယခုတော့ ထိုအခွင့်အရေးက ရောက်လာချေပြီ။ ကောင်းကင်ဘုံက ပေးတဲ့ ဆုလာဘ်ပင် ဖြစ်ချေ၏။
"အကြီးအကဲချန်း... ရောက်လာပြီလား" လင်းပိုင်ဖန်က ပြုံးလျက် ဆိုလိုက်သည်။ "မောင်မင်းအတွက် အရေးကြီးတဲ့ တာဝန်တစ်ခု ရှိတယ်"
ထိုစကားကို ကြားသောအခါ အကြီးအကဲချန်း ပို၍ပင် စိတ်လှုပ်ရှားသွားသည်။ အရေးကြီးသော တာဝန်ဆိုသည်မှာ ကောင်းသော အချက်ပင်။ တာဝန်က ကြီးလေလေ၊ အောင်မြင်သွားလျှင် ရမည့်ဆုလာဘ်က ပိုများလေလေ မဟုတ်ပါလား။
"အမိန့်သာ ပေးလိုက်ပါ အရှင်မင်းမြတ်... ကျွန်တော်မျိုးမှာ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ၊ ဓားတောင်ကိုပဲ တက်ရတက်ရ အဆင်သင့်ပါပဲ" အကြီးအကဲချန်းက ကျယ်လောင်စွာ အာမခံလိုက်သည်။
"အဲဒီလောက်အထိတော့ မလိုပါဘူး။ မောင်မင်းလုပ်ရမှာက သူတောင်းစားဂိုဏ်းရဲ့ အင်အားကိုသုံးပြီး မဟာလော့မှာ တစ်ခုခု သွားလုပ်ပေးဖို့ပဲ။ သူတို့က စီမံကိန်းကြီးတွေ ချပြီး လုပ်တော့မယ် မဟုတ်လား။ ငါတို့ သူတောင်းစားဂိုဏ်းက ညီအစ်ကိုတွေကို ခေါ်ပြီး မဟာလော့ကို အင်တိုက်အားတိုက် ကူညီပေးဖို့ လွှတ်လိုက်စမ်း..."
အကြီးအကဲချန်းက ခေါင်းညိတ်ပြီး ချက်ချင်းပင် အကောင်အထည်ဖော်လေတော့သည်။ မဟာလော့နှင့် အနီးနားရှိ နိုင်ငံများမှ သူတောင်းစားများအားလုံး စုရုံးလာကြသည်။
"မဟာလော့မင်းဆက်က စီမံကိန်းကြီးတွေ စနေပြီဟေ့။ စားစရာပေးရုံတင်မကဘူး၊ လုပ်ခလစာပါ ပေးမှာတဲ့... သွားကြစို့…!!!"
"ဟေး... ဒါက မဟာရှမင်းဆက် လုပ်သလိုမျိုးပဲ မဟုတ်လား"
"အတူတူပဲလေ၊ မင်း လိုက်မလား"
"ငါတို့က အစက မဟာရှကို သွားမလို့ မဟုတ်လား"
"မဟာရှကို သွားမှာပေါ့၊ ဒါပေမဲ့ အခုတော့ မဟာလော့ကို အရင်သွားကြည့်ကြမယ်လေ၊ အဆင်မပြေမှ မဟာရှကို ဆက်သွားတာပေါ့"
"ဒါလည်း ဖြစ်တာပဲ။ ကဲ... မဟာလော့ကို အရင် ချီတက်ကြမယ်"
ထိုသို့ဖြင့် သူတောင်းစား သန်းနှင့်ချီ၍ မဟာလော့သို့ အလုံးအရင်းနှင့် တိုးဝင်လာကြတော့သည်။
မဟာလော့ နန်းတော်အတွင်း၌ အမတ်ကြီးတစ်ဦးက အလောတကြီး ပြေးဝင်လာကာ "အရှင်မင်းမြတ်... ဒုက္ခရောက်ကုန်ပါပြီ"
"ဘာတွေ ဒီလောက်တောင် ပျာယာခတ်နေတာလဲ" မဟာလော့ဧကရာဇ်က တည်ငြိမ်စွာ မေးလိုက်သည်။
"အရှင်မင်းမြတ်... လူခေါ်တဲ့ အမိန့်စာ ထုတ်ပြန်ပြီးကတည်းက ကျွန်တော်မျိုးတို့ရဲ့ ဂုဏ်သတင်းကို ကြားလို့ နယ်စပ်ကနေ သူတောင်းစား သန်းနဲ့ချီပြီး ဝင်လာနေကြပါတယ်။ အခုဆိုရင် မြို့တော်အပြင်ဘက်မှာ စုရုံးနေကြပြီ၊ သူတို့အားလုံးအတွက် အလုပ်နေရာ မလောက်ငတော့မှာကို စိုးရိမ်ရပါတယ်"
"ဒါဟာ သတင်းကောင်းပဲ" မဟာလော့ဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"သတင်းကောင်း ဟုတ်လား" အမတ်ကြီးမှာ အံ့အားသင့်သွားရသည်။
"ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ငါတို့ရဲ့ လုပ်ဆောင်ချက်တွေက ပြည်သူ့မေတ္တာကို ရရှိသွားပြီဆိုတာပဲ။ ဒါကြောင့်လည်း ငါတို့ ခေါ်ယူတဲ့အခါ သူတို့က တခဲနက် တုံ့ပြန်လာကြတာပေါ့။ ဒါဟာ မဟာလော့အတွက် အကြီးမားဆုံး ထောက်ခံမှုပဲ၊ ဒါကြောင့် သူတို့ကို မနှင်ထုတ်နဲ့၊ အားလုံးကို လက်ခံလိုက်ပါ" မဟာလော့ဧကရာဇ်က လက်ဝေ့ယမ်းကာ မိန့်ကြားလိုက်သည်။
"ဒါပေမဲ့ အရှင်မင်းမြတ်... စားနပ်ရိက္ခာ မလုံလောက်မှာကို..."
"စိတ်မပူပါနဲ့၊ ဆောင်းဦးရိတ်သိမ်းချိန်က နီးနေပြီ၊ အဲဒီကျရင် စားနပ်ရိက္ခာ အလုံအလောက် ရှိလာမှာပါ"
"လုပ်ခလစာအတွက်လည်း ဘဏ္ဍာတိုက်မှာ ငွေတွေ သိပ်မရှိတော့ပါဘူး..."
"ဒါလည်း ပြဿနာမရှိဘူး၊ ဘိလပ်မြေအိမ်တွေ ဆောက်နေပြီပဲ။ အဲဒါတွေကို ရောင်းလိုက်ရင် လုပ်ခလစာ ပေးဖို့ ငွေတွေ ပြန်ဝင်လာမှာပေါ့"
"ဒါပေမဲ့ အရှင်မင်းမြတ်..."
မဟာလော့ဧကရာဇ်က အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး "အမတ်ကြီး... အမြင်ကျယ်ကျယ် ထားစမ်းပါ။ လက်တလော အရှုံးအမြတ်လောက်ကိုပဲ ကြည့်မနေနဲ့၊ လူတွေ များလာတော့ စားစရာနဲ့ ငွေတွေ ပိုကုန်တာ မှန်ပေမဲ့ တခြားတစ်ဖက်က ကြည့်ရင် လူအင်အား များလေလေ ငါတို့ရဲ့ အင်အား တောင့်တင်းလေလေပဲ၊ အလုပ်တွေ ပိုပြီး တွင်တွင်ကျယ်ကျယ် လုပ်နိုင်လေလေပဲ၊ ဒီလောက် လူအင်အားအများကြီးရဲ့ ထောက်ခံမှုနဲ့ဆိုရင် ငါတို့ မဟာလော့ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာမှာပဲ၊ အင်ပါယာကြီးတစ်ခု ဖြစ်လာဖို့ဆိုတာ မျှော်လင့်ချက် ရှိလာပြီ"
ထို့နောက် မဟာလော့ဧကရာဇ်သည် မြို့ရိုးပေါ်သို့ တက်ကာ အောက်တွင် စုရုံးနေသော သန်းနှင့်ချီသည့် လူအုပ်ကြီးကို စိတ်အားထက်သန်စွာဖြင့် မိန့်ခွန်းပြောကြားလိုက်သည်။ "မောင်မင်းတို့ ဘယ်ကပဲ လာလာ၊ မဟာလော့ကို ရောက်လာပြီဆိုရင် ငါ့ရဲ့ တိုင်းသူပြည်သားတွေပဲ၊ ငါကိုယ်တော် မင်းတို့ တစ်ယောက်ကိုမှ ပစ်ထားမှာ မဟုတ်ဘူး၊ အားလုံး ဝဝလင်လင် စားရပြီး လုပ်ခလစာ အပြည့်အဝ ရစေရမယ်လို့ အာမခံတယ်"
"အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ" လူအုပ်ကြီးက တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။
မဟာလော့ဧကရာဇ်က ပီတိဖြစ်ကာ ရယ်မောလိုက်သည်။ "ဟားဟားဟား..."
ထိုအချိန်တွင် စုန့်ယွီဖေး ရောက်လာပြီး အောက်က လူအုပ်ကြီးကို စိုးရိမ်တကြီး ကြည့်ကာ "အရှင်မင်းမြတ်... ဒါ တကယ်ပဲ အဆင်ပြေပါ့မလား"
"စိတ်အေးအေးထားပါ နတ်မိမယ် ယွီဖေး"
မဟာလော့ဧကရာဇ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး "အရင်တုန်းက မဟာရှမှာလည်း ဒီလို အခြေအနေမျိုး ကြုံခဲ့တာပဲ၊ အဲဒီတုန်းက မဟာရှဧကရာဇ် လင်းပိုင်ဖန်ကလည်း လူတိုင်းကို လက်ခံခဲ့လို့ အခုလို ထွန်းကားတဲ့ ခေတ်ကို ရောက်လာတာလေ။ သူ လုပ်နိုင်ရင် ငါ ဘာလို့ မလုပ်နိုင်ရမှာလဲ။ နတ်မိမယ် ယွီဖေး... စောင့်ကြည့်နေလိုက်ပါ၊ မဟာလော့က မကြာခင်မှာ အထွတ်အထိပ် ရောက်တော့မှာပါ"
အခြားနိုင်ငံများမှ သူတောင်းစားများ မဟာလော့သို့ တစ်သုတ်ပြီးတစ်သုတ် ထပ်မံ ရောက်ရှိလာကြသည်။ နောက်ထပ် တစ်သန်း ရောက်လာသည်၊ ပြဿနာမရှိ၊ အားလုံးကို လက်ခံလိုက်သည်။ နောက်ထပ် တစ်သန်း၊ အားလုံး လက်ခံသည်။ နောက်တစ်သန်း၊ ထပ်မံ လက်ခံသည်။ အချုပ်ဆိုရသော် မည်သူ့ကိုမျှ ငြင်းပယ်ခြင်း မရှိပေ။
မဟာလော့၏ လူဦးရေမှာ တစ်ဟုန်ထိုး တိုးပွားလာပြီး တစ်လမပြည့်မီမှာပင် သူတောင်းစား ရှစ်သန်းကျော် ဝင်ရောက်လာခဲ့သည်။ စားနပ်ရိက္ခာနှင့် ငွေကြေးများမှာလည်း အလွန် လျင်မြန်စွာ ကုန်ခမ်းနေတော့သည်။
မဟာလော့ဧကရာဇ်အနေဖြင့် လူခေါ်အမိန့်စာက ဤမျှအထိ လူအင်အားကို ဆွဲဆောင်နိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ ထိုစဉ်က မဟာရှထက်ပင် ပို၍ ရူးသွပ်နေသည်။ သူကိုယ်တိုင်ပင် အနည်းငယ် လက်နက်ချချင်လာကာ- "ကဲ... အလုပ်သမား ခေါ်တာ ခေတ္တ ရပ်နားလိုက်ဦးစို့၊ လူတွေ အလုံအလောက် ရပြီ၊ စားနပ်ရိက္ခာ အခြေအနေ ဘယ်လိုလဲ၊ ရိတ်သိမ်းချိန်အထိ တောင့်ခံနိုင်ပါ့မလား။ ပြီးတော့ ဘဏ္ဍာတိုက်ကရော..."
"အရှင်မင်းမြတ်... စားနပ်ရိက္ခာကတော့ အကုန်အကျ များပေမဲ့ ရိတ်သိမ်းချိန်အထိ တောင့်ခံနိုင်မှာပါ။ အကြီးမားဆုံး ပြဿနာက ဘဏ္ဍာတိုက်ပါပဲ။ ငွေတွေက ထွက်ပဲထွက်နေပြီး အဝင်မရှိဘူး။ နေရာတိုင်းမှာ သုံးစွဲနေရတာမို့ ရှေ့ဆက်ဖို့ ခက်ခဲလာပါပြီ"
"ဘိလပ်မြေအိမ်တွေ ဆောက်တာ ဘယ်လောက် ပြီးပြီလဲ" မဟာလော့ဧကရာဇ်က မေးလိုက်သည်။
"အရှင်မင်းမြတ်... အိမ်အလုံးပေါင်း ၂,၀၀၀ ကျော် ပြီးပါပြီ၊ နောက်ထပ် ၃,၀၀၀ ကတော့ ဆောက်နေဆဲပါ..."
"ကောင်းပြီ... အခုပဲ အဲဒီအိမ်တွေကို ရောင်းချပြီး အရင်းအနှီး ပြန်ဖော်လိုက်" မဟာလော့ဧကရာဇ်က လက်ဝေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
ထို့ကြောင့် အိမ်ရောင်းချမည့် အမိန့်စာကို ကပ်လိုက်လေသည်။ ဘိလပ်မြေအိမ်တစ်လုံးလျှင် ငွေ ၃၅ တေး ၊ တစ်ဦးလျှင် တစ်လုံးနှုန်းဖြင့် ဦးသူစနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။ အကယ်၍ ငွေအလုံအလောက် မရှိပါက အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည်။ အချုပ်ဆိုရသော် မဟာရှ လုပ်ခဲ့သမျှကို အကုန်ပုံတူကူးချထားခြင်း ဖြစ်သည်။
နောက်တစ်နေ့ ရောက်လာလေသည်။
မဟာလော့ဧကရာဇ်က မေးမြန်းလိုက်သည်။ "အိမ်ရောင်းရတာ အခြေအနေ ဘယ်လိုလဲ"
"အရှင်မင်းမြတ်ကို တင်ပြရရင်... အခုထိ တစ်လုံးမှ မရောင်းရသေးပါဘူး၊ အပြစ်ပေးတာကို ခံယူဖို့ အသင့်ပါပဲ"
မဟာလော့ဧကရာဇ်က ပြန်လည် နှစ်သိမ့်လိုက်သည်။ "ဒါက ပုံမှန်ပါပဲ၊ မောင်မင်းမှာ ဘာအပြစ်မှ မရှိပါဘူး။ မဟာရှမှာ ပထမဆုံး အိမ်စရောင်းတုန်းကလည်း ပထမနေ့မှာ တစ်လုံးမှ မရောင်းခဲ့ရဘူးလေ။ ပြည်သူတွေက သူတို့ခက်ခဲခက်ခဲ ရှာထားတဲ့ ငွေတွေကို အလွယ်တကူ မသုံးချင်ကြသေးဘူး၊ အခြေအနေကို စောင့်ကြည့်ချင်ကြတာ။ ဒါကြောင့် စိတ်မလောပါနဲ့၊ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမယ်"
"အရှင်မင်းမြတ်ရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
နောက်တစ်နေ့ ထပ်ကုန်သွားပြန်သည်။
မဟာလော့ဧကရာဇ်က ထပ်မံ မေးမြန်းသည်။ "အိမ်ရောင်းရတာ ဘယ်လိုလဲ"
"တင်ပြရရင် အရှင်မင်းမြတ်... တစ်လုံးမှ မရောင်းရသေးပါဘူး၊ ခွင့်လွှတ်ပေးတော်မူပါ"
မဟာလော့ဧကရာဇ်က ထပ်မံ နှစ်သိမ့်ပြန်သည်။ "ဒါကလည်း ဖြစ်လေ့ဖြစ်ထ ရှိတာပါပဲ၊ ငါကိုယ်တော် မောင်မင်းကို အပြစ်မတင်ပါဘူး၊ အိမ်တစ်လုံးကို ငွေတေး ပေါင်း ဆယ်ဂဏန်းလောက် ပေးရတာဆိုတော့ ပြည်သူတွေ အနေနဲ့ ဆုံးဖြတ်ဖို့ အချိန်လိုဦးမှာပေါ့။ သူတို့ကို အချိန်နည်းနည်း ထပ်ပေးလိုက်ပါ"
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်ကြ
တတိယမြောက်နေ့ ကုန်ဆုံးသွားသော်လည်း တစ်လုံးမှ မရောင်းရသေးပေ။ သို့သော် မဟာလော့ဧကရာဇ်မှာ တည်ငြိမ်နေဆဲပင်။ စတုတ္ထမြောက်နေ့ ရောက်လာသော်လည်း မရောင်းရသေး။ ဧကရာဇ်မှာ တည်ငြိမ်နေဆဲ။
ပဉ္စမမြောက်နေ့နှင့် ဆဋ္ဌမမြောက်နေ့များသို့ ရောက်လာသော်လည်း အိမ်များမှာ မရောင်းရသေးဘဲ ဘဏ္ဍာတိုက်ထဲက ငွေများမှာမူ အလွန်လျင်မြန်စွာ ကုန်ခမ်းနေလေပြီ ဖြစ်လေ၏။ နောက်ဆုံးတွင်မူ မဟာလော့ဧကရာဇ်သည်လည်း ဆက်လက် တည်ငြိမ်မနေနိုင်တော့ချေ။