အခန်း (၃၁၆)
Vol. 29 Ch. 317
အပိုင်း (၃၁၆)
ထို့ကြောင့် ဧကရာဇ်သည် ထိုကိစ္စကို တာဝန်ယူရသည့် အမတ်အား ဆင့်ခေါ်လိုက်လေသည်။
"ခြောက်ရက်တောင် ရှိသွားပြီ။ ဘာလို့ အိမ်တစ်လုံးမှ မရောင်းရသေးတာလဲ။ မောင်မင်းတို့ဘက်က ကြော်ငြာတာ အားနည်းလို့ ပြည်သူတွေက ဘိလပ်မြေအိမ်အကြောင်း မသိကြသေးတာလား"
ထိုအမတ်သည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ကြောက်ရွံ့တုန်ရင်စွာဖြင့် - "အရှင်မင်းမြတ်... ကျွန်တော်မျိုးကို သနားတော်မူပါ။ အမိန့်တော်စာ ထုတ်ပြန်ကတည်းက လူအင်အား အလုံးအရင်းနဲ့ လှည့်လည်ကြေညာခဲ့တာမို့ တစ်ပြည်လုံးမှာ မသိသူ မရှိသလောက်ပါပဲဘုရား။ ဘာကြောင့် မရောင်းရသလဲဆိုတာကိုတော့ ကျွန်တော်မျိုးလည်း အဖြေရှာမရ ဖြစ်နေရပါတယ်"
"ဒါက ထူးဆန်းလှချေလား..."
မဟာလော့ဧကရာဇ်က မျက်မှောင်ကြုတ်လျက် "လူတိုင်းလည်း သိကြတယ်၊ အိမ်ဈေးကလည်း ဒီလောက်ချိုသာနေတာကို ဘာလို့ ဝယ်မယ့်သူမရှိရတာလဲ"
"အရှင်မင်းမြတ်... အမှန်တော့ မဟာရှမင်းဆက်မှာလည်း အစတုန်းက ဒီလိုပြဿနာမျိုး ကြုံခဲ့ရတာပါ။ ရက်ပေါင်းများစွာ ကြာတဲ့အထိ တစ်လုံးမှ မရောင်းရခဲ့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့က ဒီပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်မျိုးတို့လည်း သူတို့ရဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ရုံပါပဲ"
မဟာလော့ဧကရာဇ်က စိတ်လောစွာဖြင့် "ဘယ်လိုနည်းလမ်းလဲ... အမြန်ပြောစမ်း"
"အရှင်မင်းမြတ်... ဈေးနှုန်းကို မြှင့်လိုက်ဖို့ပါပဲ"
"ဈေးမြှင့်ရမယ် ဟုတ်လား"
မဟာလော့ဧကရာဇ်က တစ်ဖန်မျက်မှောင်ကြုတ်ကာ "ငါတို့အိမ်တွေက တစ်လုံးကို ငွေ ၃၅ တေးပဲ ရှိတာ။ တခြား အုတ်ကြွပ်မိုးအိမ်တွေထက် အများကြီး သက်သာနေတာတောင် မရောင်းရဘူးလေ။ အခု ဈေးထပ်မြှင့်လိုက်ရင် ဘယ်သူက ဝယ်တော့မှာလဲ"
"အရှင်မင်းမြတ်... ဒါက လူ့စိတ်သဘာဝကို အသုံးချတာပါ" ထိုအမတ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး "လူဆိုတာ စျေးပေါပေါနဲ့ရရင် မယုံသင်္ကာ ဖြစ်တတ်ပြီး အရှုံးပေါ်မှာကိုလည်း ကြောက်တတ်ကြတယ်။ ဈေးနှုန်းတွေ တဖြည်းဖြည်း တက်လာပြီဆိုရင်တော့ နောက်ကျသွားရင် ပိုပေးရတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အလုအယက် ဝယ်ယူကြပါလိမ့်မယ်။ မဟာရှဧကရာဇ် လင်းပိုင်ဖန်ကလည်း ဒီနည်းနဲ့ပဲ အိမ်တွေကို ရောင်းထွက်အောင် လုပ်ခဲ့တာမို့ ကျွန်တော်မျိုးတို့ ကူးချလိုက်ရင် အဆင်ပြေမှာပါ"
မဟာလော့ဧကရာဇ်က လက်ဝါးချင်းရိုက်ကာ သဘောကျသွားပြီး "ကောင်းပြီ... မောင်မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ဈေးမြှင့်လိုက်စမ်း"
ထို့ကြောင့် ဧကရာဇ်၏ ခွင့်ပြုချက်ဖြင့် ဘိလပ်မြေအိမ်ဈေးနှုန်းကို ငွေတစ်တေး ထပ်တိုးလိုက်ပြီး ကြော်ငြာများကိုလည်း အရှိန်မြှင့်လိုက်လေသည်။
"အားလုံးပဲ လာကြည့်ကြဟေ့... ဘိလပ်မြေအိမ်ဈေးနှုန်းက ငွေတစ်တေး တက်သွားပြီနော်"
"အခုမှ မဝယ်ရင် နောက်ဆို ဈေးက တရိပ်ရိပ် ထပ်တက်နေဦးမှာဗျို့"
"လက်ဦးသူ အခွင့်အရေးရမှာမို့ မနှေးမကွေး ဝယ်ယူကြပါတော့"
သို့သော် ပြည်သူများကမူ မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ အသာကြည့်နေကြသည်။ နောက်တစ်နေ့တွင် အိမ်ဈေးမှာ နောက်ထပ် ငွေတစ်တေး ထပ်တက်သွားပြန်သည်။
"ဘယ်သူမှ မဝယ်ကြလို့ အရှင်မင်းမြတ်က အမျက်တော်ရှပြီး ဈေးကို နောက်ထပ် တစ်တေး ထပ်တိုးလိုက်ပြီဗျ"
"ဒါက သင်ခန်းစာပဲ၊ နှစ်ရက်လောက် နောက်ကျသွားတာနဲ့ ငွေနှစ်တေး ပိုကုန်ပြီ မဟုတ်လား"
"အားလုံးပဲ အမြန်ဝယ်ကြပါ၊ အရှင်မင်းမြတ်ရဲ့ စေတနာကို မစော်ကားကြပါနဲ့"
လူအုပ်ကြီးက တစ်ချက်ကြည့်ပြီးနောက် ဘာမှမဖြစ်သလိုပင် ဆက်နေကြသည်။ တတိယမြောက်နေ့တွင်လည်း ဈေးနှုန်းမှာ ထပ်မံ မြင့်တက်သွားပြန်သည်။
"မနေ့ကလည်း တစ်လုံးမှ မရောင်းရလို့ အရှင်မင်းမြတ်က စိတ်တိုပြီး ဈေးထပ်တင်လိုက်ပြန်ပြီ။ အခုဆို ၃၈ တေး တောင် ဖြစ်နေပြီ၊ မင်းတို့ တောင့်ခံနိုင်ကြဦးမလား"
သို့သော်လည်း လူထုကမူ တည်ငြိမ်နေဆဲပင်။ ထိုသို့ဖြင့် နေ့စဉ်နှင့်အမျှ ဈေးနှုန်းများ တက်လာခဲ့ရာ မကြာမီမှာပင် ငွေ ၄၀ တေးအထက်သို့ ရောက်ရှိသွားတော့သည်။ အရာရှိများက အင်တိုက်အားတိုက် ဆော်သြနေသော်လည်း ပြည်သူများကမူ 'မင်းတို့ဘာသာ ဘယ်လောက်ဈေးတင်တင် ငါတို့နဲ့ မဆိုင်ဘူး' ဆိုသည့် ပုံစံမျိုးဖြင့်သာ တုန့်ပြန်ခဲ့ကြသည်။
ခုနစ်ရက်မြောက်နေ့သို့ ရောက်သောအခါ မဟာလော့ဧကရာဇ်သည် ဆက်လက်ကာ အောင့်အည်းမနေနိုင်တော့ပေ။
"ကဲ... အခုထိ အိမ်ဘယ်နှစ်လုံး ရောင်းရပြီလဲ"
ထိုအမတ်မှာ ချွေးစေးများပြန်လျက် - "အရှင်မင်းမြတ်... လက်ရှိအချိန်ထိ တစ်လုံးမှ မရောင်းရသေးပါဘူးဘုရား။ ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ"
မဟာလော့ဧကရာဇ်မှာ နောက်ဆုံးတွင် ပေါက်ကွဲသွားတော့သည်။ "ဈေးမြှင့်လိုက်ရင် အိမ်တွေ ရောင်းထွက်သွားလိမ့်မယ်လို့ ပြောခဲ့တာ မောင်မင်း မဟုတ်လား။ အခုတော့ ဘာလို့ တစ်လုံးမှ မရောင်းရသေးတာလဲ"
အမတ်ဖြစ်သူက ကြောက်လန့်တကြား ဦးတိုက်ရင်း - "မဟာရှရဲ့ အတွေ့အကြုံအရဆိုရင် အခုချိန်မှာ အိမ်တွေ အကုန် ကုန်နေသင့်ပါပြီ။ ဒါပေမဲ့ ပြည်သူတွေက ဘာလို့ ဒီလောက်အေးစက်နေကြတာလဲဆိုတာ တကယ်ကို ထူးဆန်းလွန်းလှပါတယ်"
"မောင်မင်းကို အချိန်တစ်ရက်ပေးမယ်။ အပြင်ထွက်ပြီး အကြောင်းရင်းကို စုံစမ်းချေ။ အဖြေရှာမတွေ့ရင် နန်းတော်ကို ပြန်မလာနဲ့တော့"
"မှန်လှပါ... အရှင်မင်းမြတ်" အမတ်ဖြစ်သူက တုန်တုန်ရီရီဖြင့် ဆုတ်ခွာသွားစဉ် - "နေဦး... ပြန်လာခဲ့" ဟု ဧကရာဇ်က ပြန်ခေါ်လိုက်သည်။
"မောင်မင်းတစ်ယောက်တည်းကို ငါကိုယ်တော် မယုံဘူး။ ငါကိုယ်တော်တိုင် လူမသိအောင် အပြင်ထွက်ပြီး အမှန်တရားကို သွားစုံစမ်းမယ်"
တစ်နာရီခန့်အကြာတွင် ဧကရာဇ်သည် သူဌေးတစ်ဦးကဲ့သို့ ရုပ်ဖျက်ကာ မြို့ပြင်ရှိ လုပ်ငန်းခွင်သို့ ရောက်ရှိလာခဲ့သည်။ တက်ကြွကာ အလုပ်များနေသော လုပ်ငန်းခွင်မြင်ကွင်းကို ကြည့်ပြီး သူ ကျေနပ်မိသည်။
'ဒါဟာ အင်ပါယာတစ်ခုမှာ ရှိသင့်တဲ့ စိတ်ဓာတ်ပဲ။ လူတိုင်း အလုပ်ရှိ၊ စားစရာရှိပြီး အေးချမ်းနေသရွေ့ ငါ့နိုင်ငံဟာ အမြန်ဆုံး အင်အားတောင့်တင်းလာမှာပဲ' ဟု သူ ယုံကြည်နေမိသည်။
ထိုစဉ် အလုပ်သမားတစ်စု နားနေချိန်တွင် ဧကရာဇ်က ချဉ်းကပ်ကာ မေးမြန်းလိုက်သည်။
"မင်္ဂလာပါ ညီအစ်ကိုတို့... ကျုပ်မှာ မေးစရာလေးတွေ ရှိလို့ပါ။ ကျုပ်ကို အဖြေပေးနိုင်ရင် ဒီငွေတစ်တေးက မင်းတို့အတွက်ပဲ" ဧကရာဇ်က ငွေတစ်တေးကို ထုတ်ပြလိုက်သည်။
ငွေတစ်တေးဆိုသည်မှာ ဝမ် ၁၀၀၀ ခန့်နှင့် ညီမျှပြီး သာမန်အလုပ်သမားတစ်ဦး၏ ငါးလစာ လုပ်ခနှင့် ညီမျှသည်။ ထို့ကြောင့် အလုပ်သမားများမှာ မျက်လုံးများ တောက်ပသွားကြသည်။
"မေးပါ... သိတာမှန်သမျှ အကုန်ဖြေပေးပါ့မယ်"
မဟာလော့ဧကရာဇ်က ပြုံးလျက် - "ပထမဆုံးမေးခွန်းက... မင်းတို့အားလုံးမှာ အခု နေစရာ အိမ်ရှိကြပြီလား"
အလုပ်သမားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ဦးက ပြန်ဖြေသည်။ "ကျွန်တော်တို့မှာ ဘယ်ကလာ အိမ်ရှိမှာလဲဗျာ။ အမှန်တော့ ကျွန်တော်တို့က တခြားနိုင်ငံတွေကနေ ပြေးလာကြတဲ့ သူတောင်းစားတွေပါ။ ဒီမှာ အလုပ်ပေးတယ်၊ ထမင်းကျွေးတယ်ဆိုလို့ လာလုပ်ကြတာ"
"ဟုတ်တယ်... ကျွန်တော်တို့မှာ မိုးလုံလေလုံ နေစရာရှိရင်ပဲ ကျေးဇူးတင်လှပါပြီ"
ဧကရာဇ်သည် ဝယ်ယူနိုင်စွမ်းရှိမည့်သူများကို တွေ့ပြီဟု တွေးကာ ဝမ်းသာသွားသည်။ "စောစောက မြို့ထဲမှာ အိမ်ရောင်းတဲ့ ကြေညာချက် ကျုပ်တွေ့ခဲ့တယ်။ အိမ်ဈေးကလည်း တော်တော်ချိုတာပဲ၊ မင်းတို့ ဘာလို့ မဝယ်ကြတာလဲ"
"အိမ်ဈေးက ချိုတယ်ဆိုပေမဲ့ ငွေတေး ပေါင်းများစွာ ပေးရတာလေ။ ကျွန်တော်တို့ဆီမှာ ဘယ်ကလာ အဲဒီလောက် ငွေရှိမှာလဲ"
"မှန်တယ်... အခုဆို ၄၀ ကျော်တောင် ဖြစ်နေပြီ။ ကျွန်တော့်လက်ထဲမှာ ငွေတစ်တေးတောင် မရှိတာ ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ"
"ဒါကို အရစ်ကျစနစ်နဲ့ ဝယ်လို့ရတယ်လေ" ဟု ဧကရာဇ်က အလျင်အမြန် ပြောလိုက်သည်။ "တစ်လကို ဝမ် ၃၀-၄၀ လောက် ပေးရုံနဲ့ အိမ်ပိုင်ရမှာလေ။ ငွေကုန်ရင် အိမ်က မင်းတို့အပိုင် ဖြစ်သွားမှာပေါ့"
"အရစ်ကျပေးရမယ့် ငွေကရော ငွေမဟုတ်လို့လားဗျ။ အခု အိမ်ဈေးက ၄၂ တေးအထိ တက်နေပြီ။ တခြားအိမ်တွေနဲ့ သိပ်မကွာတော့ဘူး"
"၄၂ တေးတန်တဲ့အိမ်ကို ဝယ်ဖို့ ကျွန်တော် ၁၈ နှစ်လောက် အလုပ်လုပ်ရလိမ့်မယ်"
"တစ်လကို ဝမ် ၅၀ လောက် ပြန်ဆပ်နိုင်တယ် ဆိုဦးတော့၊ အိမ်ကြွေးကျေဖို့ နှစ်ပေါင်း ၇၀ လောက် ကြာလိမ့်မယ်။ နောက် အနှစ် ၇၀ ဆိုရင် ကျွန်တော် အလုပ်လုပ်နိုင်ဦးမလား၊ အသက်ရော ရှိပါဦးမလား"
မဟာလော့ဧကရာဇ်မှာ စိုးရိမ်စိတ်ဖြင့် - "ဒါဆို ဈေးသက်သာတုန်းက ဘာလို့ မဝယ်ခဲ့ကြတာလဲ"
"အဲဒီတုန်းကလည်း ၃၅ တေးပဲလေ။ ၃၅ တေးဆိုတာ ကျွန်တော်တို့ ဘယ်နှစ်နှစ်လောက် လုပ်မှ ရမလဲဆိုတာ ခင်ဗျား တွက်ကြည့်ပါဦး။ ကြွေးနွံထဲမှာ တစ်သက်လုံး နစ်မယ့်အစား မဝယ်တာကမှ စိတ်အေးရသေးတယ်"
မဟာလော့ဧကရာဇ် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ အိမ်ဈေးက သူတို့အတွက် မြင့်လွန်းနေခြင်းပင်။ သို့သော် အပြာရောင် အုတ်အိမ်တစ်လုံးမှာ ငွေတေး ၆၀၊ အနီရောင်အုတ်အိမ်မှာ ငွေတေး ၅၀ ကျော် ပေးရချိန်တွင် ၃၅ တေးဆိုသည်မှာ အလွန်သက်သာလှသည် မဟုတ်ပါလား။
"ဒါဆို... ဘိလပ်မြေအိမ်တစ်လုံးကို ဘယ်လောက်ဆိုရင် သင့်တော်မယ်လို့ မင်းတို့ထင်လဲ" ဟု ဧကရာဇ်က နှိမ့်ချစွာ မေးလိုက်သည်။
အလုပ်သမားတစ်ဦးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - "အလကားပေးရင်တော့ အကောင်းဆုံးပေါ့ဗျာ"
ကျန်လူများကလည်း ဝိုင်းရယ်ကြတော့သည်။ "ဟုတ်တယ်... အလကားရရင် အကောင်းဆုံးပဲ ဟားဟား.."
မဟာလော့ဧကရာဇ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
'အလကား ဟုတ်လား... အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက အလှူရှင်မှ မဟုတ်တာ'