← Chapters

အခန်း (၃၁၇)

Vol. 29 Ch. 317

အခန်း (၃၁၇)

Vol. 29 Ch. 317

အပိုင်း (၃၁၇)

​"အလကားပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ အထက်ကလူတွေလည်း အမြတ်ထွက်ဖို့ လိုသေးတယ်လေ"

​ မဟာလော့ဧကရာဇ်က မချိပြုံးပြုံးလျက် "ကဲ... ဒါဆိုရင် ဘိလပ်မြေအိမ်တစ်လုံးကို ဘယ်လောက်ဆိုရင် သင့်တော်မယ်လို့ မင်းတို့ထင်လဲ၊ ဆွေးနွေးကြည့်ကြတာပေါ့"

​ "အိမ်ရဲ့ ခိုင်ခံ့မှုကို ကြည့်ရင်တော့ တေး ၃၀ ဆိုရင် သင့်တော်ပါတယ်၊ ဒါပေမဲ့ ဒီထက်ပိုဈေးပေါရင်တော့ ပိုကောင်းတာပေါ့"

​ "ကျွန်တော်ကတော့ တေး ၃၀ လောက်ဆိုရင် အဆင်ပြေမယ် ထင်တယ်။ ဒီအိမ်တွေကို ဆောက်တာလည်း မြန်လှတာပဲကို"

​ "ငွေ ၁၀ တေးလောက်ဆိုရင်တော့ အကောင်းဆုံးပဲ၊ အဲဒါဆိုရင်တော့ ကျွန်တော် ဝယ်နိုင်ပြီ"

​ တစ်ယောက်တစ်ပေါက်နှင့် အမြင်ချင်း မတူညီကြပေ။ ထိုစဉ် သက်ကြီးဝါကြီးပုံစံရှိသူတစ်ဦးက "အမှန်တော့ ကျွန်တော်တို့ မဟာရှနိုင်ငံကို အတုယူလို့ရတယ်။ မဟာရှမှာလည်း ဘိလပ်မြေအိမ်တွေ ရောင်းနေတာပဲ၊ သူတို့ဆီက အိမ်ဈေးနှုန်းကို ကြည့်လိုက်ရင် သိသာပါတယ်။ အဲဒီမှာ တစ်လုံးကို ၂၅ တေးပဲ ရှိတာ။ ကျွန်တော်တို့ဆီမှာလည်း ၂၅ တေးနဲ့သာ ရောင်းမယ်ဆိုရင်တော့ ဟုတ်တုတ်တုတ် ရှိသွားပြီ။ ဒီထက် ဈေးလျှော့ပေးနိုင်ရင်တော့ ပိုတောင် ကောင်းသေးတယ်"

​ ထိုစကားကို ကြားရသောအခါ မဟာလော့ဧကရာဇ်သည် များစွာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ သူသည် အတူပါလာသော အရာရှိများဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်၏။

​ "ဈေးကို ၂၅ တေးအထိ လျှော့ချပေးလို့ ရမလား"

​ "အရှင်မင်းမြတ်... လျှော့လို့ မဖြစ်နိုင်ပါဘူး"

​ အမတ်ဖြစ်သူက မချိပြုံးဖြင့် ပြန်လျှောက်တင်လိုက်သည် - "ကျွန်တော်မျိုးတို့ တွက်ချက်ကြည့်ပြီးသလောက် ၃၅ တေးနဲ့ ရောင်းမှ အမြတ်နည်းနည်း ကျန်မှာပါ။ ၃၅ တေးအောက် လျှော့လိုက်ရင်တော့ အရှုံးပေါ်ပါလိမ့်မယ်။ ဈေးလျှော့လေလေ ရှုံးလေလေ ဖြစ်မှာဖြစ်သလို၊ အိမ်တွေ အများကြီး ရောင်းရလေလေ အရှုံးက ပိုကြီးလေလေ ဖြစ်နေမှာပါ ဘုရား"

​ မဟာလော့ဧကရာဇ်သည် အမျက်ထွက်သွားပြီး "ဒါဆိုရင် မဟာရှက ဘာလို့ ဒီလောက် ဈေးပေါပေါနဲ့ ရောင်းနိုင်ရတာလဲ"

​ အရာရှိက မတတ်သာသည့်အဆုံး "သူတို့က ကုန်ကျစရိတ် ပိုသက်သာလို့ပါ။ သူတို့ဆီမှာ ကုန်ကြမ်းတွေက လက်တစ်ကမ်းမှာတင် ရှိနေတာမို့ ဒေသထွက် ပစ္စည်းတွေကိုပဲ သုံးစွဲကြတာပါ။ ကျွန်တော်တို့ဆီမှာလည်း ကုန်ကြမ်းတွေ ရှိပေမဲ့ အလှမ်းကွာဝေးနေသေးတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေက ပိုကုန်နေရတာပါ"

​ "ငါ အဲဒါတွေ ဂရုမစိုက်ဘူး။ လောလောဆယ် အရေးပေါ်အခြေအနေကို ဖြေရှင်းနိုင်ဖို့ အိမ်ဈေးတွေကို အရင်လျှော့ပြီး ရောင်းထွက်အောင် လုပ်ကြစမ်း"

​ "မှန်လှပါ... အရှင်မင်းမြတ်"

​ နန်းတော်သို့ ပြန်ရောက်ပြီးနောက် မဟာလော့ဧကရာဇ်သည် အိမ်ဈေးနှုန်းကို မဟာရှနိုင်ငံနည်းတူ တစ်လုံးလျှင် ၂၅ တေးသို့ ချက်ချင်း လျှော့ချလိုက်လေသည်။ သို့သော် အိမ်အလုံးပေါင်း တစ်သိန်းဟု ကန့်သတ်ချက် ထားရှိခဲ့သည်။ ဤနည်းဖြင့် ရန်ပုံငွေအချို့ကို အမြန်ဆုံး ပြန်လည်ရရှိနိုင်သလို အရှုံးကိုလည်း ထိန်းချုပ်နိုင်မည်ဟု သူ ယူဆထားသည်။

​ သုံးရက်ခန့် ကြာသွားသောအခါ အိမ်အချို့ ရောင်းထွက်သွားသော်လည်း အရေအတွက်မှာ အလွန်နည်းပါးနေဆဲ ဖြစ်သည်။ ဧကရာဇ်မှာ အလွန်ပင် ဇဝေဇဝါ ဖြစ်သွာခဲ့ရသည်။ သူက ဈေးနှုန်းကို အကြီးအကျယ် လျှော့ချပေးထားပါလျက်နှင့် အဘယ်ကြောင့် အိမ်များ ရောင်းမထွက်သေးသနည်း။

​ ထို့ကြောင့် သူသည် ရုပ်ဖျက်ကာ အပြင်သို့ တစ်ဖန်ထွက်ခဲ့ပြန်ရာ စောစောက လူအုပ်နှင့်ပင် ပြန်ဆုံလေသည်။ သူ မေးမြန်းကြည့်ရာတွင် ထိုလူများထဲမှ တစ်ဦးတစ်ယောက်မျှ အိမ်ဝယ်ထားခြင်း မရှိကြောင်း သိလိုက်ရသည်။

​ "ဈေးက ၂၅ တေးအထိတောင် ကျသွားပြီပဲ၊ မင်းတို့ ဘာလို့ မဝယ်ကြသေးတာလဲ"

​ "ဈေးကတော့ တကယ်ကို ချိုပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က မဟာလော့မှာ အခြေချဖို့ အစီအစဉ် မရှိဘူးလေ။ ဒီတော့ ဘာလို့ အိမ်ဝယ်နေတော့မလဲ" ဟု သူတို့က ရယ်မောကာ ပြန်ဖြေကြသည်။

​ မဟာလော့ဧကရာဇ်မှာ မှင်တက်သွားပြီး - "ဘာလို့ ဒီမှာ မနေကြမှာလဲ။ ဧကရာဇ်မင်းမြတ်က မင်းတို့ကို အစားအစာနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးတယ်၊ အိမ်တွေကိုလည်း ဈေးပေါပေါနဲ့ ရောင်းပေးတယ်၊ မင်းတို့ လိုချင်တဲ့ ဘဝမျိုးမှာ နေထိုင်ခွင့် ပေးထားတာပဲ မဟုတ်လား"

​ "ဧကရာဇ်က ကျွန်တော်တို့အပေါ် ကောင်းတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ကို အခုလို အလကား ကျွေးမွေးပြုစုနေတာက အသုံးစရိတ် အရမ်းကြီးလွန်းပါတယ်။ ဒါက ရေရှည် တည်တံ့နိုင်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာပဲလေ။ ဒါကြောင့် ကျွန်တော်တို့ ဒီလောက်အထိ စွန့်စားမှု မလုပ်ရဲပါဘူး"

​ "ဟုတ်တယ်... ဒီမူဝါဒက အခုမှ စတာဆိုတော့ ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ ဘယ်သူမှ မသိဘူး"

​ "ကျွန်တော်လည်း အဲဒီကိစ္စကို တကယ် စိုးရိမ်တာဗျ"

​ "ဒါကြောင့် ကျွန်တော်ကတော့ ပိုက်ဆံ အတန်အသင့် စုမိပြီဆိုတာနဲ့ စိတ်မကောင်းပေမဲ့ ဒီကနေ ထွက်သွားဖို့ပဲ ရှိတယ်"

​ မဟာလော့ဧကရာဇ်မှာ နားမလည်နိုင်အောင် ဖြစ်သွားပြီး "မင်းတို့ ဒီမှာ မနေရင် ဘယ်ကို သွားကြမှာလဲ"

​ "မဟာရှကို သွားမှာပေါ့ဗျ"

​ ယခင်က သူတောင်းစား ဖြစ်ခဲ့သူတစ်ဦးက သိသိသာသာပင် ပြန်ဖြေလိုက်သည်။ "အမှန်တော့ ကျွန်တော်က မဟာရှကို သွားဖို့ ရည်ရွယ်ထားတာပါ။ ဒီကို လမ်းကြုံလို့ ဝင်လာရင်းနဲ့ အလုပ်လုပ်ရင် လုပ်ခရတယ်ဆိုလို့ ခေတ္တခဏ နေမိတာ"

​ "ဟုတ်တယ်... ကျွန်တော်လည်း အဲဒီလိုပဲ တွေးထားတာ။ ပိုက်ဆံ လုံလုံလောက်လောက် ရပြီဆိုရင် မဟာရှကို သွားမယ်"

​ "အဲဒီမှာလည်း ဈေးပေါတဲ့ အိမ်တွေ ရှိတယ်၊ ပြီးတော့ ငွေရှာဖို့ အခွင့်အလမ်းတွေက ပိုများတယ်။ ဘယ်သူမဆို အဲဒီကို သွားချင်ကြတာပဲ မဟုတ်လား"

​ "ကျွန်တော်လည်း အတူတူပဲ။ အဲဒီမှာဆိုရင် စစ်တပ်ထဲဝင်ပြီး ရာထူးတက်ဖို့ အခွင့်အလမ်းတွေ ပိုရှိတယ်။ ကျွန်တော့် သူငယ်ချင်းတွေ အများကြီးပဲ အဲဒီမှာ အရာရှိတွေ ဖြစ်ကုန်ပြီး ဘဝတွေ ပြောင်းလဲသွားကြပြီ၊ တကယ်ကို အားကျဖို့ ကောင်းတယ်ဗျာ"

​ "ငါတို့အားလုံးက တစ်လှေတည်းသားတွေပဲ၊ နောက်မှ အတူတူ သွားကြတာပေါ့"

​ အားလုံးက စိတ်အားထက်သန်စွာဖြင့် သဘောတူလိုက်ကြသည်။

​ မဟာလော့ဧကရာဇ်၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွားတော့သည်။ သူက သူတို့ကို ကျွေးမွေးစောင့်ရှောက်ထားပါလျက်နှင့် သူတို့က သူ့ဆီက ငွေကိုယူကာ မဟာရှဘက်သို့ ခိုဝင်ဖို့ ပြင်နေကြသည်။ ဤသည်မှာ သူကိုယ်တိုင်က ရန်သူကို ငွေကြေးထောက်ပံ့ပေးနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။ သူတို့က သူ့ကို ငတုံး တစ်ယောက်လို ဆက်ဆံနေကြခြင်းပင်။

​ မဟာလော့ဧကရာဇ်သည် အလွန်အမင်း ဒေါသထွက်ကာ အော်ဟစ်လိုက်မိသည်။ "အရှင်မင်းမြတ်က ဒီကို ရောက်လာရင် မဟာလော့ရဲ့ ပြည်သူတွေပဲလို့ မိန့်ကြားထားတာ မဟုတ်လား။ အရှင်မင်းမြတ်က မင်းတို့ကို သူ့လူမျိုးတွေလို သဘောထားပြီး ကျွေးမွေးပြုစုနေတာကို မင်းတို့က သစ္စာဖောက်ကြတယ်ပေါ့။ ဒါက အရှင်မင်းမြတ်အပေါ်မှာ ဘယ်လိုလုပ် တရားပါ့မလဲ"

​ သူတောင်းစားများမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြသည်။

​ "အဲဒီလောက်ကြီးလည်း မြင့်မြတ်သယောင် ပြောမနေနဲ့"

​ "သူက ကျုပ်တို့ကို ငွေနဲ့ အစားအသောက် ပေးတယ်၊ ကျုပ်တို့ကလည်း သူ့အတွက် အလုပ်ကို ပြေပြစ်အောင် လုပ်ပေးတယ်။ ဒါက မျှတတဲ့ အရောင်းအဝယ်ပဲလေ"

​ "ဟုတ်တယ်၊ သူ ပေးချေတယ်၊ ကျုပ်တို့ လုပ်ကိုင်ပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြွေးတင်စရာ မရှိဘူး"

​ "ဒီလောက် မပြောပလောက်တဲ့ ကျေးဇူးလေးအတွက်နဲ့ ကျွန်တော်တို့ အသက်ကို ပေးရမယ်လို့ ခင်ဗျား မျှော်လင့်နေတာလား"

​ "ခင်ဗျား ပြောတာကတော့ ရယ်စရာကြီးဗျာ။ ကျွန်တော်တို့ ဖားတတ်တဲ့သူတွေကို မြင်ဖူးပါတယ်၊ ဒါပေမဲ့ ခင်ဗျားလောက် ခွေးဖြစ်နေတဲ့သူမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး"

​ မဟာလော့ဧကရာဇ်မှာ ဒေါသအရှိန်ကြောင့် မူးမေ့လဲမတတ် ဖြစ်သွားရသည်။ သူသာ မင်းကောင်းမင်းမြတ် ဆိုသည့် ဘွဲ့ထူးကို မငဲ့ကွက်လျှင် ထိုသူများကို ချက်ချင်း ဆွဲထုတ်ကာ ခေါင်းဖြတ်သတ်မိမည်မှာ အသေအချာပင်။ နောက်ဆုံးတွင် သူသည် ဒေါသများ တနုံ့နုံ့ဖြင့် နန်းတော်သို့ ပြန်လာခဲ့ရသည်။

​ သူသည် အသေအချာ စဉ်းစားပြီးနောက် အရေးပေါ် အစီအစဉ်အနေဖြင့် ၂၅ တေး တန်ဖိုးရှိ ဘိလပ်မြေအိမ် အလုံးပေါင်း တစ်သိန်းကို ထပ်မံ ထုတ်ရောင်းစေခဲ့သည်။ သို့သော်လည်း ဝယ်ယူသူမှာ အလွန်ပင် နည်းပါးနေဆဲပင်။ ဤလူများမှာ မဟာလော့တွင် ငွေရှာပြီး မဟာရှတွင် သွားရောက် အခြေချရန်သာ စိတ်ပိုင်းဖြတ်ထားပုံ ရသည်။ မဟာလော့၏ အိမ်များမှာ မည်မျှပင် ဈေးပေါနေပါစေ သူတို့ ဝယ်ကြမည် မဟုတ်ပေ။

​ ၎င်းတို့မှာ ကာရန်နှင့် သီချင်းပင် စပ်ဆိုနေကြသေးသည်။

​ "မဟာလော့မှာ ငွေရှာ၊ မဟာရှမှာ သွားသုံး၊ အိမ်ထောင်ပြုပြီး အိမ်ဝယ်ကာ ပျော်ပျော်ကြီး နေကြစို့..."

​ မဟာလော့ဧကရာဇ်သည် ထိုစကားကို ကြားသောအခါ ဒေါသကြောင့် နောက်တစ်ကြိမ် မူးမေ့လုနီးပါး ဖြစ်သွားရသည်။ သူသည် သွားကို တင်းတင်းကြိတ်ကာ -

​ "ဒီပြဿနာကောင်တွေ... သူတို့က အိမ်ကို တမင်တကာ မဝယ်ဘဲ ငြင်းဆန်နေကြတာပဲ။ မဟာလော့မှာ ငွေရှာပြီး မဟာရှမှာ သွားသုံးမယ် ဟုတ်လား... ငါ့ဆီက ငွေတစ်ပြားတစ်ချပ်မှ ပါမသွားစေရဘူး"

All Chapters