အခန်း (၃၁၈)
Vol. 29 Ch. 318
အပိုင်း (၃၁၈)
တစ်ဖန် လစာထုတ်ရက်သို့ ရောက်ရှိလာခဲ့ပြန်လေပြီ။
နေ့စားအလုပ်သမားများမှာ မိမိတို့၏ လုပ်ခလစာကို ထုတ်ယူရန် စိတ်လှုပ်ရှားနေကြသော်လည်း လက်ထဲရောက်လာသည့် ငွေပမာဏကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြတော့သည်။
"သူဌေး... ဘာလို့ ပိုက်ဆံတွေ လျော့နေတာလဲ။ အရင်က တစ်လကို ဝမ် ၂၀၀ မဟုတ်ဘူးလား၊ အခုကျမှ ဘာလို့ ဝမ် ၁၀၀ ပဲ ရှိတော့တာလဲ"
"ဟုတ်တယ်... တစ်ဝက်တောင် အဖြတ်ခံလိုက်ရတာဗျ"
"သူဌေး... ခင်ဗျား ကျွန်တော်တို့ ပိုက်ဆံတွေကို ကြားဖြတ်နှိုက်ထားတာလား"
"ကျွန်တော် ပြောလိုက်မယ်၊ ခင်ဗျား တကယ်လို့ ဝါးထားတယ်ဆိုရင် အခုချက်ချင်း ပြန်ထွေးထုတ်လိုက်ပါ။ ကျွန်တော် ဒေါသထွက်လာရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘူးနော်၊ ကိုယ့်ကိုယ်ကိုယ်တောင် ထိန်းနိုင်မှာ မဟုတ်ဘူး"
"ပိုက်ဆံကို အသာတကြည် ပြန်မထုတ်ပေးရင်တော့ ခင်ဗျားနဲ့ အသေအလဲ တိုက်ရလိမ့်မယ်"
ဆူပူအုံကြွနေသော အလုပ်သမားများနှင့် ရင်ဆိုင်ရသောအခါ အလုပ်ရှင်ဖြစ်သူမှာ မချိပြုံး ပြုံးရင်း - "အားလုံးပဲ... စိတ်အေးအေးထားပြီး ကျွန်တော့်စကားကို နားထောင်ကြပါဦး။ ကျွန်တော် ခင်ဗျားတို့ ပိုက်ဆံကို အလွဲသုံးစား မလုပ်ပါဘူး၊ မလုပ်ရဲပါဘူးဗျာ။ အထက်က ဒီလောက်ပဲ ချပေးလိုက်တာပါ"
"ဒါဆို ကျွန်တော်တို့ ပိုက်ဆံတွေ ဘယ်ရောက်ကုန်တာလဲ" ဟု လူအုပ်ကြီးက ဒေါသတကြီး မေးမြန်းကြသည်။
"အိမ်ဝယ်ဖို့အတွက် ပါသွားတာပါ" ဟု အလုပ်ရှင်က ဖြေလိုက်၏။
"အိမ်ဝယ်ဖို့ ဟုတ်လား" လူတိုင်း မှင်တက်သွားကြသည်။
"အရှင်မင်းမြတ်က သဘောထားကြီးပြီး မင်းတို့ရဲ့ ဆင်းရဲဒုက္ခကို နားလည်ပေးလို့ ဘိလပ်မြေအိမ်တွေကို တစ်ဝက်ဝယ်၊ တစ်ဝက်လက်ဆောင် ပေးတဲ့စနစ်နဲ့ စီစဉ်ပေးလိုက်တာ။ ဒီနေ့ကစပြီး မင်းတို့ လစာရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ လက်ထဲပေးမယ်၊ ကျန်တဲ့တစ်ဝက်က အိမ်ဖိုး အရစ်ကျပေးသွင်းရာမှာ ပါသွားလိမ့်မယ်။ အိမ်ဖိုး ကျေသွားတာနဲ့ အဲဒီအိမ်က မင်းတို့ အပိုင်ဖြစ်ပြီပေါ့။ အရှင်မင်းမြတ်ရဲ့ စာနာထောက်ထားမှုကို ဘာလို့ ကျေးဇူးမတင်ကြတာလဲ"
"ကျေးဇူးတင်စရာလား" တစ်ယောက်က ဒေါသတကြီး ပြန်အော်လိုက်သည်။
"ကျွန်တော်က ဒီမှာ အခြေချဖို့ အစီအစဉ်မှ မရှိတာ၊ အိမ်ရတော့ ဘာလုပ်ရမှာလဲ။ အဲဒီအိမ်ကို စားလို့ရမှာလား၊ သောက်လို့ရမှာလား"
"ဟုတ်တယ်... ကျွန်တော် အခု လိုချင်တာ ပိုက်ဆံပဲ၊ အိမ် မလိုချင်ဘူး"
"အဲဒီအိမ်က ဘယ်လောက်တောင် ဈေးကြီးလိုက်လဲ။ တစ်လုံးကို ငွေတေး ၃၀၊ ၄၀ လောက် ရှိတာ။ တစ်သက်လုံး အလုပ်လုပ်ရင်တောင် အဲဒီလောက် မရနိုင်ဘူး။ အိမ်က ကိုယ့်အပိုင်ဖြစ်မယ့် အချိန်ကျရင် ကျွန်တော်လည်း အလုပ်မလုပ်နိုင်တော့တဲ့ အဖိုးကြီး ဖြစ်နေပြီ"
"ဒီပိုက်ဆံနဲ့ မဟာရှမှာ အိမ်ဝယ်တာကမှ ပိုမတန်ဘူးလား။ ဘာလို့ ဒီမှာ လာပိတ်မိနေရမှာလဲ"
"ကျွန်တော် အိမ် မလိုချင်ဘူး၊ ကျွန်တော့်ပိုက်ဆံ ပြန်ပေး….!!!"
"ကျွန်တော်တို့ ပိုက်ဆံတွေ ပြန်ပေး….!!!"
အလုပ်သမားအားလုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်လာကြသည်။ ထို့နောက် သူတို့သည် အုပ်စုလိုက်ကြီး နန်းတော်တည်ရှိရာ မြို့တော်ဆီသို့ ချီတက်ကာ အဖြေတောင်းရန် ထွက်ခွာခဲ့ကြတော့သည်။
နန်းတော်အတွင်း၌မူ အရာရှိတစ်ဦးမှာ ပျာပျာသလဲ ပြေးဝင်လာကာ "အရှင်မင်းကြီး... အခြေအနေ မဟန်တော့ပါဘူး "
"ဘာကိစ္စလဲ၊ ဘာလို့ ဒီလောက်တောင် တုန်လှုပ်နေရတာလဲ" ဟု မဟာလော့ဧကရာဇ်က မေးလိုက်သည်။
"လျှောက်တင်ပါတယ် အရှင်မင်းကြီး... အခု မြို့တော်အပြင်ဘက်မှာ ပြည်သူ တစ်သန်းကျော်လောက်က အပြင်းအထန် ဆန္ဒပြနေကြပါတယ်။ သူတို့က အိမ်တွေ မလိုချင်ဘူး၊ သူတို့ရဲ့ လုပ်ခလစာကိုပဲ ပြန်လိုချင်တယ်လို့ အော်ဟစ်နေကြပါတယ်။ အိမ်တွေကို ပြန်အပ်ပြီး ပိုက်ဆံကိုပဲ ပြန်တောင်းနေကြတာမို့ အခြေအနေက ထိန်းမရသိမ်းမရ ဖြစ်နေပါတယ် "
"တကယ်ပဲ အဲဒီလို ဖြစ်နေတာလား" မဟာလော့ဧကရာဇ်က မယုံနိုင်သလို မေးလိုက်၏။
"အရှင်မင်းကြီး... ကျွန်တော်မျိုးက အရှင်မင်းကြီးကို ဘယ်လိုလုပ် လိမ်ညာရဲပါ့မလဲ"
"အလကားကောင်တွေ!"
မဟာလော့ဧကရာဇ်မှာ အမျက်ထွက်ကာ စားပွဲကို ရိုက်၍ ထရပ်လိုက်သည်။ "ဒီပြဿနာကောင်တွေ... သူတို့က အိမ်ဝယ်ဖို့ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ငြင်းဆန်ရုံတင်မကဘူး၊ အခုကျတော့ လစာကိုပါ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တောင်းဆိုနေကြတာလား။ ငါက သူတို့ နေဖို့ထိုင်ဖို့ အိမ်တွေ စီစဉ်ပေးတာကို ကျေးဇူးတင်ရမယ့်အစား အခုတော့ ကျေးဇူးကို ဒီလိုနည်းနဲ့ တုံ့ပြန်နေကြတာပေါ့"
ထို့နောက်တွင် မဟာလော့ဧကရာဇ်သည် မြို့ရိုးပေါ်သို့ တက်လာခဲ့သည်။ မြို့တော်၏ အောက်ခြေတွင် လူအုပ်ကြီးက လက်များမြှောက်ကာ အော်ဟစ်နေကြသည်ကို တွေ့လိုက်ရ၏။
"ကျွန်တော်တို့ လစာ ပြန်ပေး၊ အိမ် မလိုချင်ဘူး"
"ကျွန်တော်တို့ လစာ ပြန်ပေး၊ အိမ် မလိုချင်ဘူး"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မဟာလော့ဧကရာဇ်မှာ ဒေါသကြောင့် သွေးအန်လုမတတ် ဖြစ်သွားရသည်။ သူ ဧကရာဇ်ဖြစ်လာကတည်းက ပြည်သူတွေ မြို့ရိုးအထိ လာပြီး ဆန္ဒပြတာကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။ အကယ်၍ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် သူဟာ "ငတုံးဧကရာဇ်" လို့ နာမည်တွင်သွားပေလိမ့်မည်။
ထိုစဉ် စုန့်ယွီဖေးက လှပတင့်တယ်စွာ ရောက်ရှိလာပြီး အခြေအနေကို မြင်သောအခါ စိုးရိမ်တကြီး မေးလိုက်သည်။ "အရှင်မင်းမြတ်... ဒါက ဘာဖြစ်ကြတာလဲ"
မဟာလော့ဧကရာဇ်က အမြန်ပင် ရှင်းပြလိုက်သည်။ "နတ်မိမယ် ယွီဖေး... စိတ်မပူပါနဲ့။ ဒါက မူဝါဒကို အကောင်အထည်ဖော်တဲ့ နေရာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနှောင့်အယှက်လေး တစ်ခုပါပဲ။ မကြာခင် ကျွန်ုပ် ဖြေရှင်းလိုက်ပါ့မယ်"
စုန့်ယွီဖေးက ခေါင်းအသာငြိမ့်ကာ မဟာလော့ဧကရာဇ် မည်သို့ဖြေရှင်းမည်ကို နောက်ကနေ စောင့်ကြည့်နေလိုက်သည်။
ထို့နောက် မဟာလော့ဧကရာဇ်က ရှေ့သို့ တစ်လှမ်းတိုးကာ အသံကို နက်နက်ရှိုင်းရှိုင်းဖြင့် "မဟာလော့ရဲ့ ပြည်သူတို့... အားလုံး စိတ်အေးအေးထားပြီး ငါ့စကားကို နားထောင်ကြပါ"
လူအုပ်ကြီးသည် အသံလာရာ မြို့ရိုးပေါ်သို့ လှမ်းကြည့်လိုက်ကြရာ ဝတ်ရုံတော် ဝတ်ဆင်ထားသော ဧကရာဇ်ကို မြင်တွေ့လိုက်ရသည်။ ဧကရာဇ်မှန်း သိလိုက်ကြသောကြောင့် သူ မည်သို့ရှင်းပြမည်ကို သိရှိရန် အနည်းငယ် ငြိမ်ကျသွားကြ၏။
မဟာလော့ဧကရာဇ်က လေးလေးနက်နက် ပြောလိုက်သည်။ "ငါကိုယ်တော်က မင်းတို့ရဲ့ လစာကို အိမ်တွေနဲ့ တွဲဖက်ထားရတဲ့ အကြောင်းရင်းက မင်းတို့ ဒီမှာ အခြေချပြီး မဟာလော့ရဲ့ ပြည်သူစစ်စစ်တွေ ဖြစ်လာစေချင်လို့ပဲ။ မင်းတို့ ဆင်းရဲတွင်းက လုံးဝလွတ်မြောက်ပြီး မင်းတို့ လိုချင်တဲ့ ဘဝမျိုးမှာ နေထိုင်နိုင်အောင် ငါကိုယ်တော်က ဖန်တီးပေးချင်တာ"
"ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြစမ်း။ မင်းတို့မှာ အခု အစားအစာလည်း ရှိပြီ၊ လစာလည်း ရနေပြီ၊ လိုနေတာဆိုလို့ အိမ်ပဲ ရှိတော့တာ။ အိမ်မရှိဘဲနဲ့ မင်းတို့ ဘယ်လိုမျိုး အိမ်ထောင်ပြု၊ သားသမီးယူပြီး မိသားစု ဘဝကို တည်ဆောက်နိုင်မှာလဲ"
"ဒါတွေကို မြင်တိုင်း ငါကိုယ်တော်ရင်ထဲမှာ မချိနဲ့ဘူး၊ ဒါကြောင့်လည်း ဒီမူဝါဒကို အကောင်အထည်ဖော်ခဲ့တာ"
"ငါကိုယ်တော်က မင်းတို့ရဲ့ အကျိုးကိုပဲ ရှေးရှုနေခဲ့တာပါ၊ ဒါကို မင်းတို့က ဘာလို့ နားမလည်နိုင်ရတာလဲ"
မဟာလော့ဧကရာဇ်၏ စကားပြောစွမ်းရည်မှာ အတော်လေး ဆွဲဆောင်မှုရှိသည်ဟု ဆိုရပေမည်။ လူအတော်များများမှာ ငြိမ်သက်သွားကြသည်။
မဟာလော့ဧကရာဇ်သည် မိမိ အောင်မြင်တော့မည်ဟု ထင်ကာ ကျေနပ်နေစဉ် "သူတောင်းစားအိုကြီး" တစ်ဦးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ကျွန်တော်တို့လည်း အရှင်မင်းမြတ်ရဲ့ စေတနာကို သိပါတယ်။ ဒါပေမဲ့ အိမ်ဈေးတွေက အရမ်းကြီးနေတာပဲ၊ အဲဒီအိမ်တွေက ငွေတေး ၃၀၊ ၄၀ လောက် ပေးရတာ၊ ကျွန်တော်တို့ တစ်သက်လုံး အလုပ်လုပ်ရင်တောင် အိမ်ဖိုး မကျေနိုင်ဘူး"
"ပြီးတော့ လစာထဲက ဖြတ်တာကိုလည်း လျှော့ပေးလို့ မရဘူးလား။ ကျွန်တော်မျိုးက တစ်လမှ ဝမ် ၂၀၀ ရတာ၊ အခု တစ်ဝက်ဖြတ်လိုက်တော့ ၁၀၀ ပဲ ကျန်တော့တယ်။ အဲဒီလောက်နဲ့ ဘာလုပ်ရမှာလဲ၊ ကောင်းကောင်း နေထိုင်စားသောက်ဖို့တောင် မလောက်ဘူးဗျ"
ထိုစကားကြောင့် ခုနက ငြိမ်ကျသွားသော ပြည်သူများမှာ တစ်ဖန် ပြန်လည် ဆူပူလာကြပြန်သည်။
"ဟုတ်တယ်... အိမ်တစ်လုံးကို ၃၀၊ ၄၀ ဆိုတာ ဘယ်လိုမှ မတတ်နိုင်ဘူး။ တကယ်လို့ ဒီမှာ အိမ်ဝယ်လိုက်ရင် တစ်သက်လုံး လစာထဲက အရစ်ကျ ဆပ်နေရတော့မှာ။ ဒါဆိုရင် ကျွန်တော်တို့က အိမ်ရဲ့ ကျွန်တွေ ဖြစ်သွားမှာပေါ့"
"ကျွန်တော်တို့က လွတ်လပ်တဲ့သူတွေပါ၊ ဘယ်လိုလုပ် အိမ်ရဲ့ ကျွန် အဖြစ်ခံနိုင်မှာလဲ"
"ကျွန်တော်တို့ လစာက နည်းလှပါတယ်ဆိုမှ အခုလို တစ်ဝက်ဖြတ်လိုက်တော့ ဘယ်လိုလုပ် အသက်ဆက်ရမှာလဲ"
"အရှင်မင်းကြီးက ကျွန်တော်တို့ကို ကျွဲ၊ နွားတွေလို သဘောထားနေတာပဲ"
"ကျွန်တော်တို့ အိမ် မလိုချင်ဘူး၊ လစာပဲ ပြန်ပေး"
"ကျွန်တော်တို့ လစာပဲ ပြန်ပေး"
လူအုပ်ကြီးမှာ ယခင်ကထက် ပိုမိုပြင်းထန်စွာ ဆန္ဒပြလာကြပြန်သည်။ ဤအချိန်တွင် မဟာလော့ဧကရာဇ်သည် ထိုသူတောင်းစားအိုကြီးကို ဆွဲထုတ်ကာ အသေသတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
"အားလုံး စိတ်အေးအေးထားကြပါ၊ အလျင်စလို မလုပ်ကြနဲ့။ အားလုံးကို အေးအေးဆေးဆေး ဖြေရှင်းလို့ ရပါတယ်"
မဟာလော့ဧကရာဇ်က လက်ဟန်ခြေဟန်ဖြင့် - "မင်းတို့က ဒီမူဝါဒကို မကျေနပ်ရင် ဆွေးနွေးလို့ ရပါသေးတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် နည်းလမ်းကို ငါတို့ ရှာကြတာပေါ့"
ထိုသူတောင်းစားအိုကြီးကပင် ပြန်အော်လိုက်သည် - "ကျွန်တော်တို့ အိမ် မလိုချင်ဘူး၊ အရင်လိုပဲ အလုပ်လုပ်ရင် ပိုက်ဆံပေးပါ၊ ဒါပဲ လိုချင်တယ်"
"ဟုတ်တယ်" လူအုပ်ကြီးက တစ်ခဲနက် ထောက်ခံကြသည်။
မဟာလော့ဧကရာဇ်၏ မျက်နှာမှာ ပျက်သွားပြီး "အဲဒါတော့ မဖြစ်ဘူး၊ မင်းတို့ အိမ်ကို ယူကို ယူရမယ်"
ထိုသူတောင်းစားအိုကြီးကပင် ထပ်အော်ပြန်သည်။ "ကောင်းပြီ... အိမ်ယူမယ်၊ ဒါပေမဲ့ ဈေးလျှော့ပေးရမယ်။ တစ်လုံးကို ငွေတေး ၂၀ ဆိုရင်တော့ ကျွန်တော်တို့ လက်ခံနိုင်တယ်"
"ဟုတ်တယ်" လူအုပ်ကြီးက ထပ်မံ အော်ဟစ်ကြသည်။
မဟာလော့ဧကရာဇ်မှာ ပို၍ စိတ်ပျက်သွားသည်။ တစ်လုံးကို ၂၀ တဲ့လား။ ဒါက အလကား လိုချင်နေကြတာပဲ။ လင်းပိုင်ဖန်ရဲ့ မဟာရှနိုင်ငံမှာတောင် အိမ်တစ်လုံးကို အနည်းဆုံး ၂၅ ပေးရတာ ဖြစ်သည်။
ဈေးလျှော့ရောင်းလေလေ သူ ရှုံးလေလေ ဖြစ်မှာပဲ မဟုတ်လား။
မဟာလော့ဧကရာဇ်က ခေါင်းခါရင်း "အဲဒါတော့ မဖြစ်နိုင်ဘူး၊ အနိမ့်ဆုံး ၃၅ ပဲ ရမယ်။ ဒါပေမဲ့ တစ်လချင်း ဆပ်ရမယ့် ငွေပမာဏကိုတော့ ညှိပေးလို့ ရပါတယ်"
"ဒါဆို ညှိနှိုင်းလို့ မရဘူးပေါ့ ဟုတ်လား"
သူတောင်းစားအိုကြီးက စိတ်ပျက်လက်ပျက်ဖြင့် ထပ်အော်လိုက်သည်။ "သွားကြစို့၊ ထွက်သွားကြရအောင်။ ဒီမှာတော့ ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ မဟာရှကိုပဲ သွားကြရအောင်။ အဲဒီမှာက အိမ်ဈေးလည်း ပေါတယ်၊ လစာလည်း ကောင်းတယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီးပဲ"
"ဟုတ်တယ်... ဒီမှာ ဆက်နေလို့ မရမှတော့ ထွက်သွားရမှာပေါ့"
"သစ်ပင်က တစ်နေရာတည်းမှာနေမှ ရှင်သန်တာ၊ လူကတော့ နေရာရွှေ့မှ ကြီးပွားတာကွ။ သွားကြစို့"
"မဟာရှကို အခုပဲ သွားကြမယ်၊ အဲဒီမှာပဲ ကျွန်တော်တို့အတွက် သုခဘုံ ရှိတာ"
"အားလုံး အတူတူ သွားကြမယ်၊ ဒီမှာ အလုပ်လုပ်စားလို့ မဖြစ်တော့ဘူး"
လူပေါင်း သန်းချီသည် ချက်ချင်းပင် လှည့်ထွက်ကာ မဟာရှနိုင်ငံဘက်သို့ ဦးတည်သွားကြတော့သည်။
ထွက်ခွာသွားသော လူအုပ်ကြီးကို ကြည့်ရင်း မဟာလော့ဧကရာဇ်မှာ ဒေါသကြောင့် တုန်ရီနေတော့သည်။ "တောက်၊ အောက်တန်းစားတွေ... တကယ်ကို အောက်တန်းကျလွန်းတယ်။ ငါ့ဆီက ပိုက်ဆံတွေ ဒီလောက်ယူထားပြီးမှ မဟာရှကို ထွက်သွားချင်နေကြတယ် ဟုတ်လား။ အိပ်မက်ပဲ မက်နေလိုက်ကြစမ်း"