← Chapters

အခန်း (၃၁၉)

Vol. 29 Ch. 319

အခန်း (၃၁၉)

Vol. 29 Ch. 319

အပိုင်း (၃၁၉)

​လူပေါင်းသန်းချီသော လူအုပ်ကြီးသည် မဟာလော့နိုင်ငံ၏ နယ်စပ်သို့ ရောက်ရှိလာသောအခါ ဒေသခံစစ်သည်များက သူတို့ကို တားဆီးပိတ်ပင်လိုက်ကြသည်။

​ "ဒီလမ်းကို ပိတ်ထားတယ်၊ အားလုံး နောက်ပြန်လှည့်ကြ"

​ လူအုပ်ကြီးမှာ မှင်တက်သွားပြီး "ဘာလို့လဲ... ဘာလို့ သွားခွင့်မရှိတာလဲ" ဟု မေးမြန်းလိုက်ကြသည်။

​ စစ်သည်များက စိတ်မရှည်သောလေသံဖြင့် "မင်းတို့ သိဖို့မလိုဘူး၊ ဒါ အမိန့်တော်ပဲ။ ဒီနေ့ကစပြီး အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သူမှ မဟာလော့ကနေ ထွက်ခွာခွင့်မရှိဘူး" ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။

​ ထိုအခါ ပြည်သူများမှာ ပိုမိုဆူပူလာကြတော့သည်။

​ "ဘာလို့လဲ... ဘာလို့ ထွက်ခွာခွင့် မရှိရတာလဲ"

"ကျုပ်တို့ အခုချက်ချင်း သွားချင်တယ်"

"ကျုပ်တို့ မဟာလော့မှာ မနေတော့ဘူး၊ မဟာရှကို သွားမှာ"

"မြို့တံခါးတွေကို အခုချက်ချင်း ဖွင့်ပေးကြ"

​ သောင်းနှင့်ချီသော စစ်သည်များက သူတို့၏ လှံများနှင့် လေးမြားများကို မြှောက်ကာ "မင်းတို့က အမိန့်တော်ကို ဖီဆန်ချင်တာလား" ဟု ခြိမ်းခြောက်လိုက်ကြသည်။

​ အေးစက်လှသော လက်နက်များကို မြင်လိုက်ရသောအခါ သာမန်ပြည်သူများမှာ နောက်ဆုတ်သွားကြရသည်။ သူတို့သည် လူဦးရေ ဘယ်လောက်ပင် များပြားစေကာမူ လက်နက်မဲ့များဖြစ်သဖြင့် စနစ်တကျ လေ့ကျင့်ထားသော စစ်တပ်ကို ယှဉ်နိုင်စွမ်း မရှိကြပေ။

​ ထို့ကြောင့် သူတို့သည် မဟာလော့ဧကရာဇ်ကိုသာ ဒေါသတကြီး ကျိန်ဆဲကြတော့သည်။

​ "ခွေး ဧကရာဇ်"

"တကယ့်ကို အသုံးမကျတဲ့ ဧကရာဇ်ပဲ"

​ မဟာလော့ နန်းတော်အတွင်း၌မူ စုန့်ယွီဖေးနှင့် မဟာလော့ဧကရာဇ်တို့သည် မျက်နှာချင်းဆိုင်ထိုင်ကာ လက်ဖက်ရည် သောက်နေကြသည်။ စုန့်ယွီဖေးက စိုးရိမ်တကြီးဖြင့် "အရှင်မင်းကြီး... ဒါက တကယ်ပဲ အဆင်ပြေပါ့မလား။ အခုလို လုပ်ရပ်က ပြည်သူတွေရဲ့ ကြည်ညိုမှုကို ဆုံးရှုံးသွားစေနိုင်တယ်နော်" ဟု သတိပေးလိုက်သည်။

​ "နတ်မိမယ် ယွီဖေး... အဲဒီလောက်အထိ စိတ်မပူပါနဲ့"

​ မဟာလော့ဧကရာဇ်က ရယ်မောရင်း "ဒီလူတွေက ပြဿနာကောင်တွေပဲ၊ ရှေးယခင်ကတည်းက ပြည်သူတွေကို ဘာလို့ ပြဿနာကောင်တွေလို့ ခေါ်ခဲ့ကြတာလဲ သိလား။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကိုယ့်အတ္တအတွက်ပဲ ကြည့်ပြီး အများအကျိုးကို ငဲ့ကွက်မှုမရှိဘဲ ရမ်းကားတတ်တဲ့ အောက်တန်းစားတွေ မို့လို့ပဲ။ ဒီလို ပြဿနာကောင်တွေကိုတော့ အင်အားနဲ့ ဖိနှိပ်မှပဲ ငြိမ်ဝပ်သွားမှာ"

​ "နတ်မိမယ် ယွီဖေး... စောင့်ကြည့်နေလိုက်ပါ။ သူတို့မှာ တခြားလမ်း မရှိတော့ဘူးဆိုရင် အလုပ်ခွင်ကိုပဲ အလိုလို ပြန်လာကြလိမ့်မယ်။ အဲဒီအချိန်ကျရင် တိုင်းပြည်က ပြန်ပြီး တည်ငြိမ်သွားမှာပါ"

​ "အဲဒီလို ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ" ဟု စုန့်ယွီဖေးက သက်ပြင်းချရင်း ဆိုလိုက်သည်။ သူမ၏ ရင်ထဲတွင်မူ မကောင်းသော နိမိတ်တစ်ခုက စတင် အမြစ်တွယ်နေပြီ ဖြစ်သည်။

​ ထိုအချိန်တွင် သူတောင်းစားဂိုဏ်းမှ အကြီးအကဲ ချန်းယွမ်သည် သူတောင်းစားတစ်စုကို တိတ်တဆိတ် စုရုံးလိုက်သည်။

​ "သူတောင်းစားဂိုဏ်းက ညီအစ်ကိုတို့... အခုဆိုရင် 'ရင်းနှီးစရိတ် သုည' စီမံကိန်းကို အကောင်အထည်ဖော်ရမယ့် အချိန်ရောက်ပြီ"

​ သူတောင်းစားများမှာ ဝေခွဲမရဖြစ်ကာ "အဘိုး... 'ရင်းနှီးစရိတ် သုည' စီမံကိန်းဆိုတာ ဘာလဲ" ဟု မေးလိုက်ကြသည်။

​ "ရင်းနှီးစရိတ် သုည ဆိုတာက တစ်ပြားမှ မကုန်ဘဲ ကိုယ်လိုချင်တာ ရအောင်ယူတာကို ပြောတာပေါ့ကွ။ အရှင်းဆုံး ပြောရရင် လုယက်တာပဲ။ လမ်းပေါ်မှာ တွေ့သမျှ အကုန်လုမယ်၊ အဲဒါဆိုရင် ငါတို့ စီမံကိန်း အောင်မြင်ပြီ"

​ သူတောင်းစားဂိုဏ်းဝင်များ၏ မျက်လုံးများမှာ အရောင်တောက်သွားကြသည်။

​ "ဒါမျိုးဆို ကျွန်တော်တို့ ကျွမ်းတာပေါ့"

"ဒါကတော့ အလုပ်ဖြစ်ပြီ"

​ "ဒါပေမဲ့ ဒီစီမံကိန်းက နည်းနည်းတော့ စွန့်စားရမယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ၊ မဟာလော့ကို ဘယ်လိုမျိုး အထိနာအောင် လုပ်မလဲဆိုတာ သေချာ တိုင်ပင်ကြရအောင်" ဟု အကြီးအကဲချန်းက အလေးအနက် ဆွေးနွေးလိုက်သည်။

​ ဆွေးနွေးပြီးနောက် သူတို့သည် ချက်ချင်းပင် စတင်လှုပ်ရှားကြတော့သည်။ သူတောင်းစားဂိုဏ်းမှ သိုင်းပညာတတ်သော တပည့်များကို အသုံးပြုကာ လုယက်မှုများ ပြုလုပ်ကြသည်။

​ သူတို့သည် တန်ဖိုးကြီးပစ္စည်းများကို လုရန် မလိုအပ်ဘဲ မျက်စိထဲမြင်သမျှ အရာအားလုံးကို လုယူကြသည်။ အသုံးမလိုလျှင် ဖျက်ဆီးပစ်လိုက်ကြသည်။ အထိနာသော ကုန်သည်များက အာဏာပိုင်များကို တိုင်ကြားကြသော်လည်း အရာရှိများမှာ သိုင်းပညာရှိသော သူတောင်းစားများကို မည်သို့မျှ မတတ်နိုင်ကြပေ။

​ ထို့အပြင် လုယူခံရသည့် ပစ္စည်းများမှာ တန်ဖိုး သိပ်မကြီးသဖြင့် အာဏာပိုင်များက ဖမ်းဆီးရန် ပေါ့လျော့နေခဲ့ရာ လုယက်သူများမှာ အကြိမ်ကြိမ် အောင်မြင်နေခဲ့ကြသည်။

​ ရလဒ်အနေဖြင့် လူအများအပြားမှာ ထိုင်ကြည့်မနေနိုင်တော့ပေ။ သူတို့သည် လစာတစ်ဝက် အဖြတ်ခံထားရပြီး မဟာရှသို့လည်း သွားခွင့်မရသဖြင့် ဒေါသများ အောင့်အည်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အခြားသူများက လုယက်နေသော်လည်း ဘာမှမဖြစ်သည်ကို မြင်သောအခါ သူတို့လည်း မခံမရပ်နိုင် ဖြစ်လာကြသည်။

​‘သူတို့တောင် လုလို့ရရင် ငါတို့ကော ဘာလို့ မရရမှာလဲ’

​ သူတပါးထက် အရှုံးမခံချင်သော စိတ်ဓာတ်ဖြင့် ပြည်သူများပါ လုယက်မှုတွင် ပါဝင်လာကြသည်။ ထို့ကြောင့် မဟာလော့၏ မြို့များမှာ ခဏချင်းအတွင်း ပရမ်းပတာ ဖြစ်သွားပြီး နေရာအနှံ့အပြား၌ 'ရင်းနှီးစရိတ် သုည' လုယက်မှုများ ပေါ်ပေါက်လာတော့သည်။

​ မဟာလော့ နန်းတော်အတွင်းသို့ အရာရှိတစ်ဦး ပျာပျာသလဲ ပြေးဝင်လာပြန်သည်။

"အရှင်မင်းကြီး... အခြေအနေတွေ အတော်လေး ဆိုးနေပါပြီ"

​ "ဘာဖြစ်ပြန်ပြီလဲ" ဟု မဟာလော့ဧကရာဇ်က မကောင်းသော ခံစားချက်ဖြင့် မေးလိုက်သည်။

​ "လျှောက်တင်ပါတယ် အရှင်မင်းကြီး... မြို့ကြီးတွေမှာ ဒုက္ခသည်တွေ အများကြီး ပေါ်လာပြီး ကုန်သည်တွေနဲ့ ပြည်သူတွေကို လုယက်နေကြပါတယ်။ အခြေအနေက တော်တော်လေး ဆိုးရွားနေပြီး ကုန်သည်တွေမှာ အရှုံးကြီးရှုံးကာ ပြည်သူတွေလည်း ဒုက္ခရောက်နေကြပါတယ်"

​ မဟာလော့ဧကရာဇ်မှာ အမျက်ထွက်သွားပြီး "ဒါဆိုရင်လည်း ဖမ်းခိုင်းလိုက်ပေါ့။ ဒီလို အသေးအဖွဲကိစ္စလေးကို ငါ့ကို လာပြောနေဖို့ လိုလို့လား"

​ "အရှင်မင်းကြီး... ဖမ်းလို့ မရနိုင်ပါဘူး၊ လူတွေက အရမ်းများလွန်းလို့ပါ" ဟု အရာရှိက မချိပြုံးဖြင့် လျှောက်တင်လိုက်သည်။ "မြို့တစ်မြို့လုံးရဲ့ သုံးပုံတစ်ပုံလောက်က လုယက်နေကြတာပါ။ ကျွန်တော်တို့ရဲ့ စစ်သည်တွေက သူတို့အားလုံးကို မဖမ်းနိုင်ပါဘူး"

​ မဟာလော့ဧကရာဇ်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး "ဘာ... ဒီလောက်တောင် များတာလား"

​ "အရှင်မင်းကြီး... အဲဒီလူအများစုက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေက အလုပ်သမားတွေပါ။ သူတို့ နယ်စပ်ကနေ ပြန်လာပြီးတဲ့နောက် အလုပ်မဆင်းတော့ဘဲ လုယက်မှုတွေ စလုပ်နေကြတာပါ။ အခြေအနေက တကယ်ကို စိုးရိမ်ရပါတယ်"

​ "ဒါက တကယ့်ကို ရိုင်းစိုင်းလွန်းတယ်၊ သူတို့တွေ ရူးကုန်ကြပြီထင်တယ်"

​ မဟာလော့ဧကရာဇ်မှာ စားပွဲကို ရိုက်ကာ ထရပ်လိုက်ပြီး "အခုချက်ချင်း စစ်တပ်လွှတ်ပြီး နှိမ်နင်းလိုက်" ဟု အမိန့်ပေးလိုက်သည်။

​ ထို့ကြောင့် မဟာလော့စစ်တပ် ထွက်ခွာသွားပြီး နှစ်ဖက် အပြင်းအထန် တိုက်ခိုက်ကြတော့သည်။ သို့သော် လက်နက်မဲ့ ဒုက္ခသည်များမှာ စစ်တပ်ကို မည်သို့မျှ မယှဉ်နိုင်ဘဲ နေရာအတော်များများတွင် အုံကြွမှုများမှာ ချက်ချင်း နှိမ်နင်းခြင်း ခံလိုက်ရသည်။

​ သို့သော် မဟာလော့စစ်တပ်၏ အင်အားမှာ ကန့်သတ်ချက်ရှိသည်။ မြို့တစ်မြို့တွင် ငြိမ်ဝပ်သွားလျှင် နောက်ထပ်မြို့တစ်မြို့၌ ဆူပူမှုများ ထပ်ဖြစ်လာပြန်သည်။ မီးပမာ နေရာအနှံ့ ကူးစက်နေသဖြင့် ထိန်းချုပ်ရန် မလွယ်ကူတော့ပေ။

​ မဟာလော့ဧကရာဇ်မှာ ဒေါသထွက်လွန်း၍ "ဒီကိစ္စနောက်ကွယ်မှာ တစ်ယောက်ယောက်က ကြိုးကိုင်နေတာ သေချာတယ်။ မဟုတ်ရင် ဒီလိုမျိုး ဘယ်ဖြစ်နိုင်ပါ့မလဲ။ အမတ်မင်းတို့... ဒီပြဿနာကို ဖြေရှင်းဖို့ ဘယ်လို နည်းလမ်းကောင်းတွေ ရှိလဲ"

​ "အရှင်မင်းကြီး... အကောင်းဆုံးနည်းလမ်းကတော့ သူတို့ကို ထွက်ခွာခွင့် ပေးလိုက်ဖို့ပါပဲ" ဟု ဝန်ကြီးချုပ်က မတတ်သာသည့် အပြုံးဖြင့် အကြံပြုလိုက်သည်။

​ "သူတို့က လူများလွန်းတဲ့အပြင် ထိန်းမရသိမ်းမရ ဖြစ်နေကြပါတယ်။ သူတို့ကို မဟာလော့မှာ ဆက်ထားရင် နောင်မှာ ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို သွားခွင့်ပြုလိုက်တာက ပိုကောင်းပါလိမ့်မယ်။ သူတို့အားလုံး ထွက်သွားပြီဆိုရင်တော့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်လိုပဲ နှောင့်ယှက်ပါစေ၊ အသုံးမဝင်တော့ပါဘူး"

​ မဟာလော့ဧကရာဇ်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ ဤသည်မှာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း သူ သိသော်လည်း အရင်းအနှီးတွေ အများကြီး စိုက်ထုတ်ထားပြီးမှ ဘာမှမရဘဲ လက်လွှတ်ရမည်ကို နှမျောမိနေသည်။

​ သို့သော် နောက်ဆုံးတွင် စိတ်ခံစားချက်ထက် ဆင်ခြင်တုံတရားက အနိုင်ရသွားပြီး လက်ကို ဝှေ့ယမ်းကာ သက်ပြင်းချလိုက်သည်။ "ဝန်ကြီး ပြောတာ မှန်ပါတယ်။ သူတို့ကို ထွက်ခွာခွင့် ပေးလိုက်တော့"

​ "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" အမတ်များအားလုံး တညီတညွတ်တည်း ပြန်လည်လျှောက်တင်လိုက်ကြသည်။

​ ထို့ကြောင့် နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်ပေးလိုက်တော့သည်။

အုံကြွနေသော ပြည်သူများသည် ပျော်ရွှင်စရာကောင်းသော ဘဝသစ်ဆီသို့ အပြေး သွားကြသကဲ့သို့ မဟာရှနိုင်ငံဘက်သို့ စိတ်လှုပ်ရှားစွာဖြင့် အလုအယက် ထွက်ခွာသွားကြတော့သည်။

​ ထိုအချိန်တွင် စုန့်ယွီဖေးသည် ပျက်စီးနေသော လမ်းမများနှင့် ပိတ်ထားသော တံခါးများရှိသည့် ခြောက်ကပ်နေသော မြို့အတွင်း လျှောက်လှမ်းရင်း ပထမဆုံးအကြိမ်အဖြစ် သံသယတစ်ခု ဝင်လာခဲ့သည်။

​ "တာအိုဂိုဏ်းရဲ့ ရွေးချယ်မှုက တကယ်ပဲ မှန်ကန်ရဲ့လား..."

All Chapters