← Chapters

ရုပ်အလောင်းတောင်ထိပ် ပျော်ပါစေ

Vol. 2 Ch. 191

ရုပ်အလောင်းတောင်ထိပ် ပျော်ပါစေ

Vol. 2 Ch. 191

ရုပ်အလောင်းဂူများ၊ မြေကြီး၊ အပင်နှင့်သစ်ပင်များနှင့် ကျောက်တုံးများမှပင် အစိမ်းရောင်ဆံပင်များထိုးထွက်လာပြီး လေထဲတွင် ဝဲပျံကာ ပိုင်ရှောင်ချန်း၏ရှေ့တွင် အကာအကွယ်တစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ရွှီရှောင်ရှန်း၏ တိုက်ကွက်ကို တားဆီးလိုက်လေသည်။

အုန်းခနဲ အသံကျယ်ကြီးတစ်သံပေါ်ထွက်လာပြီး မရေမတွက်နိုင်သည့် အစိမ်းရောင်ဆံပင်မွေးများမှာ ပျက်စီးသွားလေသည်။ သို့သော်လည်း ရွှီရှောင်ရှန်း ၏ တိုက်ကွက်ကမူ သိသိသာသာ အားလျော့သွားသည်။

ထိုနေရာရှိ လူတိုင်းမှာ မှင်တက်နေကြပြီး အံ့ဩသံများထွက်မလာခင် ရုပ်အလောင်းဂူများ၏ ကျောက်ပုံများထဲမှ မရေမတွက်နိုင်သော အရိပ်များစွာက အော်ဟစ်ကာ ပျံသန်းလာပြီး ပိုင်ရှောင်ချန်းရှေ့တွင် ဝင်၍ ရပ်လိုက်လေသည်။

ဖုတ်ကောင်တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာတော့သည်။ သူတို့မှာ အသွင်အပြင်ကွဲပြားကြပြီး မတူညီသော စွမ်းအားနှင့် အခိုးမငွေ့များ ရှိကြလေသည်။ သို့သော်လည်း သူတို့အားလုံးတွင် တူညီနေသည့် အချက်မှာ အကုန်လုံးတွင် အစိမ်းရောင်ဆံပင်များ ရှိနေခြင်းပင်ဖြစ်သည်။

" သောက်ကျိုးနည်းကွာ။ အဲ့တာငါ သန့်စင်ထားတဲ့ ရုပ်အလောင်းကွ။ ညမုဆိုး …. ငါမင်းကို အသေသတ်မယ် "

" မဖြစ်နိုင်လိုက်တာ။ ဘာလို့ ငါ့ရဲ့ဖုတ်ကောင်က ပိုင်ရှောင်ချန်းကို ကာကွယ်ပေးနေရတာလဲဟ။"

" ဘာတွေဖြစ်နေတာတုံးဟ။ ညမုဆိုး…. မင်းသေချင်နေတာလား ဟုတ်လား။ "

လူအုပ်ကြီးမှာ ဒေါကန်နေကြတော့သည်။ အများစုမှာ ရုပ်အလောင်းထိန်းချုပ်သည့် ကျောက်စိမ်းပေလွှာများကိုပင် ထုတ်ယူလိုက်ကြသော်လည်း သူတို့၏ ရုပ်အလောင်းများကို မထိန်းချုပ်နိုင်တော့ကြောင်း သိလိုက်ရလေသည်။

ရွှီရှောင်ရှန်းကမူ အလွန်အမင်းအံ့အားသင့်နေသည့် မျက်နှာထားနှင့် ဖြစ်နေတော့သည်။ သူ၏ တိုက်ကွက်မှာ စွမ်းအားကြီးပါသော်လည်း ယခုအခါ ပိုင်ရှောင်ချန်းရှေ့တွင် သန့်စင်ထားသည့် ရုပ်အလောင်းတစ်ရာကျော်က ရပ်နေပြီဖြစ်သည်။ သူစောစောက တိုက်ခဲ့သည်ထက် ပို၍ အားပြင်းစွာတိုက်ခိုက်လျှင်တောင် ဘာမှ ထူးမည်မဟုတ်ချေ။

ရုပ်အလောင်းဒါဇင်အနည်းငယ် ပေါက်ကွဲသွားသောအခါ တဂျုန်းဂျုန်းမြည်သံများထွက်လာတော့သည်။ ထို့နောက် သေစေနိုင်သည့် တုန်ခါမှုများမှာ ပျောက်ကွယ်သွားတော့သည်။ ပိုင်ရှောင်ချန်းကမူ တစ်ချိန်လုံး မလှုပ်မယှက်ရပ်ကာ ဘေးဘီဝဲယာကို အသက်မဲ့သောမျက်လုံးများဖြင့် ကြည့်နေတော့သည်။

ရုပ်အလောင်းသန့်စင်ဆောင်၏ ကျောက်ပုံများထဲမှာ ရုပ်အလောင်းကောင်များက တွားသွားလျှက် ထပ်ထွက်လာတော့သည်။ မကြာမီတွင် ရုပ်အလောင်းတစ်ထောင်ကျော်က စုဝေးကာ ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင်ရပ်ပြီး ရွှီရှောင်ရှန်းကိုကြည့်၍ အသံကုန် အော်ဟစ်နေကြတော့သည်။

စောစောက တအံ့တဩ အော်ဟစ်နေကြသည့်လူတိုင်းမှာ ယခုတွင် အသံတစ်သံပင်မထွက်ရဲကြတော့ပေ။ ထိုထူးဆန်းသည့် မြင်ကွင်းကို ကြည့်ရင်း ဂိုဏ်းသားများမှာ ကြောက်ရွံ့လွန်းလှ၍ ဦးရေခွံများပင် ထုန်ကျဉ်နေကြပြီး တဖြည်းဖြည်းချင်းနောက်ဆုတ်သွားကြတော့သည်။ ဖုတ်ကောင်များဆီမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသော ဒေါသကြီးမားသည့် အခိုးအငွေ့များကြောင့် သူတို့မှာ လုံးဝကို တုန်လှုပ်နေကြတော့သည်။

ရွှီရှောင်ရှန်းကမူ သူမြင်တွေ့နေရသည်ကို မယုံကြည်နိုင်သည့်အလားပင် ဖြစ်နေသည်။

ရုပ်အလောင်းတောင်၏ မဟာအကြီးအကဲကမူ စူးရှသောမျက်ဝန်းများဖြင့် ကြည့်နေသည်။ သူက အခြေခိုင်မာခြင်းအဆင့်သို့ရောက်ပြီးနောက် သူက နှစ်ပေါင်းများစွာ ကြိုးစားရုန်းကန် တိုက်ခိုက်ကာ ရုပ်အလောင်းတောင်၏ မဟာအကြီးအကဲအဖြစ်သို့ ရောက်လာသည်ဖြစ်ပြီး ယခုအချိန်ထိ နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် ထိုနေရာတွင် တည်မြဲနေခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ပေါင်းများစွာတွင် သူတွေ့ခဲ့ရသည့် သန့်စင်ထားသည့်ရုပ်အလောင်းများမှာ များပြားလွန်းလှသဖြင့် သူက ရုပ်အလောင်းများအကြောင်းကို အချို့သော အမြုတေအဆင့် ကျင့်ကြံသူများထက်ပင် ပို၍နားလည်သည်ဟု ခံယူထားလေသည်။

သို့သော်လည်း ယခုတွင် တစ်ထောင်ကျော်သည့် ဖုတ်ကောင်များက ပိုင်ရှောင်ချန်းအား ကာကွယ်ပေးနေသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများမှာ တောက်ပလာတော့သည်။

" သူ ဘယ်လိုများ ဒါကို လုပ်တာပါလိမ့်။" သူက စဉ်းစားနေတော့သည်။

ပိုင်ရှောင်ချန်းကမူ ထိုနေရာတွင်ရပ်ရင်း ငိုမဲ့မဲ့ဖြစ်နေတော့သည်။

"ငါတော့သွားပြီ။ ရေစုံမျောပြီ။ ရုပ်အလောင်းသန့်စင်ဆောင်ကိုလည်း ဖျက်စီးလိုက်မိပြီ။ ပြီးတော့ ဒီရုပ်အလောင်းတွေက ဘာဖြစ်တာလဲတော့မသိဘူး။ သူတို့ရဲ့ သခင်တွေကိုတောင် ဆန့်ကျင်ပြီး ငါ့ကိုကာကွယ်နေကြသေးတယ်။ ဂိုဏ်းသား ထောင်ပေါင်များစွာကို ရန်စမိဖို့ တစ်ခဏလေးပဲ ကြာလိုက်ပါလားကွာ။ ဒီကိစ္စကြောင့် ငါဂိုဏ်းထဲက နှင်ထုတ်ခံရမလားမသိဘူး။ ဘာလုပ်ရပါ့။ ဘာလုပ်ရပါ့....."

သူရောက်နေသည့် နေရာမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမဟုတ်မှန်း ပိုင်ရှောင်ချန်းက သိလေသည်။ ဤနေရာမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဖြစ်၍ သူပြုလုပ်ခဲ့သည့် ကပ်ဘေးကြီးအတွက် ပေးခံရမည့် ပြစ်ဒဏ်ကြီးကို အတွေးနှင့်သာ ပုံဖော်နိုင်တော့သည်။ သူတို့က သူ့ကို သေသည်အထိများ ရိုက်နှက်ကြမည်လော။

ဘေးနားရှိ ဂိုဏ်းသားများ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များကိုလည်း သူက ခံစားမိလေသည်။ ထိုစဉ် ရုတ်တရက် သူ၏နောက်ရှိ ရုပ်အလောင်းများက အော်ဟစ်ကာ လမ်းဖယ်ပေးလိုက်လေသည်။

ပျက်စီးနေပြီဖြစ်သည့် ရုပ်အလောင်းသန့်စင်ဆောင်၏ အောက်မှ အစိမ်းရောင် အရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရိပ်က ရှေ့သို့ထွက်လာသောအခါ ဓားမြောင်ကဲ့သို့ ချွန်ထက်နေသည့် လက်သည်းများကို မြင်လိုက်ရသည်။ ထိုထူးဆန်းသည့်အကောင်ကြီးမှာ အစိမ်းရောင် အရေခွံများရှိပြီး ကြောက်မက်ဖွယ် ချွန်ထွက်နေသည့် အစွယ်များကို ပိုင်ဆိုင်ထားလေသည်။

ထို့အပြင်၎င်းတွင် ရှည်လျားလွန်းလှ၍ အရှည်ကိုပင် မတိုင်းတာနိုင်လောက်သည့် အစိမ်းရောင်ဆံပင်များစွာလည်းရှိသည်။ ထိုဆံပင်အများစုမှာ အခြား ရုပ်အလောင်းများနှင့်ချိတ်ဆက်ထားသည်ဖြစ်ပြီး အချို့မှာ လေထဲတွင် လွင့်ပျံနေသည်။

ထိုအစိမ်းရောင် ဖုတ်ကောင်ကြီးက သူ့နောက်သို့ရောက်လာပြီး မတ်တတ်ရပ်လိုက်သောအခါ ပိုင်ရှောင်ချန်းက တုန်လှုပ်စွာ ငေးကြည့်နေတော့သည်။ ၎င်းသည် ငြိမ်သက်နေပါသော်လည်း အားပြင်းလှသော သတ်ဖြတ်လိုသည့် အခိုးအငွေ့တစ်ခု ထွက်ပေါ်နေသည်။

ဘေးနားရှိ ဂိုဏ်းသားများမှာ မှင်တက်နေကြပြန်သည်။

"အဲ့ အစိမ်းရောင်ဖုတ်ကောင်ကြီးက တခြားဖုတ်ကောင်တွေကို ထိန်းချုပ်နေတာပဲ။ မယုံနိုင်ဘူးဟေ့။"

" ဘုရားရေ။ ဘာလို့များ အစိမ်းရောင်ဖုတ်ကောင်တွေရှိတယ်ဆိုတာ ငါအရင်က မသိခဲ့ရတာတုံး။ တစ်ခါမှ ဒီလို မဖြစ်ဖူးပါလား။"

" အဲ့ အစိမ်းရောင်ဖုတ်ကောင်ကြီးက မိုက်လှချည်လား။ သူက ချီစုစည်းမှုအဆင့် ခုနစ်၊ ရှစ်လောက်ပဲစွမ်းပေမဲ့ တခြားဖုတ်ကောင်တွေ အကုန်လုံးကို ထိန်းချုပ်ထားတာကို ကြည့်အုံး။ ကြောက်ဖို့ကောင်းလိုက်တာ။ "

ရွှီရှောင်ရှန်းမှာလည်း ထိုမြင်ကွင်းကြောင့် မှင်တက်နေပြီး မကြာမီတွင် သူ၏မျက်လုံးများမှာ တောက်ပလာတော့သည်။ သို့သော်လည်း သူဘာမှမပြောနိုင်ခင်မှာပင် ရုပ်အလောင်းတောင်၏ မဟာအကြီးအကဲထံမှ ရယ်သံကြီး ထွက်လာတော့သည်။

"အံံ့ဩဖို့ကောင်းလိုက်တာ။ တကယ်ကို အံ့ဖွယ်ကောင်းပါတယ် "

သူက ထိုသို့ပြောရင်း လှုပ်ရှားလိုက်သောအခါ ခဏအကြာတွင် အစိမ်းရောင်ဖုတ်ကောင်၏အရှေ့တွင် မတ်တတ်ရပ်လျက်သား ဖြစ်နေတော့သည်။

သူ့ဆီမှ အားပြင်းသည့် ဖိအားများက ရုတ်တရက်ထွက်ပေါ်လာသဖြင့် ဘေးနားရှိ ဖုတ်ကောင်အားလုံးမှာ တုန်ရီသွားကြတော့သည်။ သို့သော်လည်း သူတို့မှာ အော်ဟစ်နေခြင်းကိုမူ မရပ်ပေ။ မဟာအကြီးအကဲကြီးကမူ ထိုအသံများကို ဂရုစိုက်ဟန်မရှိ။ သူက အစိမ်းရောင်ဖုတ်ကောင်ကြီးကို ရတနာတုံးကြီးတစ်ခုအလား မခွာတမ်းကြည့်နေတော့သည်။ သူသည် ပို၍ပင် စိတ်လှုပ်ရှားနေဟန် ပေါ်နေသည်။

" မင်းနာမည်က ညမုဆိုး လား။ " သူက ဖုတ်ကောင်ကိုကြည့်ခဲ့သည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းဖက်သို့လှည့်ကာ မေးလိုက်သည်။

ပိုင်ရှောင်ချန်းကမူ ထိုသူမှာမည်သူဖြစ်ကြောင်းမသိသော်လည်း လျင်မြန်စွာပင် တည်ကြည်သောအမူအရာဖမ်းလိုက်သည်။သူက လက်ဆုပ်ကာ ဦးညွှတ်ရင်း ဖြေလိုက်လေသည်။

" ဂိုဏ်းသား ညမုဆိုးက ဆရာကြီးကို နှုတ်ဆက်ပါတယ်။ ဆရာကြီးအလိုကျ ကျုပ်ဆောင်ရွက်ပေးပါမယ် "

" ဒီကောင်ကို မြစိမ်းရောင်ဖုတ်ကောင်လို့ ခေါ်မယ်ကွာ။ မင်းဒီကောင်ကို သန့်စင်ထားတာလား။ ဘယ်လိုနည်းနဲ့တုံးကွ။ " မဟာအကြီးအကဲကြီးက သိချင်ဇောနှင့်မေးလိုက်သည်။

ပိုင်ရှောင်ချန်းကမူ မျက်တောင် တဖျတ်ဖျတ်ခတ်နေတော့သည်။သူ၏ ရုပ်အလောင်းသန့်စင်ခြင်းမှာ အဘယ်ကြောင့် ဤဖုတ်ကောင်ကို ဤသို့ပုံထွက်သွားအောင် လုပ်လိုက်မိကြောင်း သူ မသိပေ။ သို့သော်လည်း သူသုံးခဲ့သည့် နည်းကို လျင်မြန်စွာ ကျောက်စိမ်းပေလွှာတစ်ခုပေါ်သို့ မှတ်တမ်းတင်လိုက်ပြီး ပေးလိုက်လေသည်။

အနည်းငယ်တွေးတောပြီးနောက် သူက လျှို့ဝှက်စွာဖြင့် စမ်းသပ်မှုတစ်ခုကို အလျင်အမြန်လုပ်ကာ မြစိမ်းရောင်ဖုတ်ကောင်နှင့် စိတ်ချင်းဆက်သွယ်၍ ရမရ စစ်ဆေးလိုက်လေသည်။ ဆေးထဲတွင် သူ၏သွေး ပါသည်ဖြစ်သဖြင့် သူက ချိတ်ဆက်နိုင်စွမ်းရှိလေသည်။

သူချခံရမည့် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးစေရန် ရည်ရွယ်ချက်ဖြင့် မြစိမ်းရောင်ဖုတ်ကောင်ကို ထိန်းချုပ်နိုင်သည့် ကျောက်စိမ်းပေလွှာကိုပါ ပေးအပ်လိုက်လေသည်။

အခြားဂိုဏ်းသားများက ဤအဘိုးကြီးကိုမြင်လိုက်သောအခါ သူတို့၏အမူအရာများ ရိုကျိုးသွားကြောင်းကို ပိုင်ရှောင်ချန်းက သတိထားမိခဲ့ပြီးဖြစ်လေသည်။ ထိုအဘိုးကြီးမှာ အရေးပါသည့် လူတစ်ယောက်ဖြစ်မည်မှာ ဧကန်ပင်။

မဟာအကြီးအကဲကြီးက ကျောက်စိမ်းပေလွှာများကို ယူကာ အကဲခတ်လိုက်သည်။ စွဲလမ်းမှုများတောက်လောင်နေသည့် မျက်ဝန်းများဖြင့် သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်တော့သည်။

" ညမုဆိုး…. ငါက ရုပ်အလောင်းတောင်ရဲ့ မဟာအကြီးအကဲပဲကွ။ မင်း အခုလုပ်တာ တော်တော်ကောင်းတယ်။ တကယ် တော်တယ်ကွာ။ မင်းက ဖုတ်ကောင်အမျိုးအစားအသစ်တစ်ခုကို ဖန်တီးလိုက်တာပဲ။ ငါပြန်ပြီးတော့ မင်းရဲ့နည်းလမ်းကို အချိန်အနည်းပယ်ပေး လေ့လာပြီ ပြန်ဖော်ထုတ်နိုင်အောင် လုပ်ကြည့်မှရမယ်။ ရုပ်အလောင်းတောင်အတွက် မင်းက တာဝန်အကြီးကြီးတစ်ခုကို ထမ်းဆောင်ပေးခဲ့တာပဲကွ။"

" ဘာမှမဟုတ်တဲ့ ရုပ်အလောင်းသန့်စင်ဆောင်လေးတစ်ခုကို ဖျက်စီးမိတော့ ဘာဖြစ်လဲ။ ပြန်ပြီး အလွယ်တကူ အစားထိုးလိုက်လို့ရတယ်။ ပြီးတော့ မင်းက တမင်လုပ်တာလည်းမဟုတ်ဘူးလေ။ ဘယ်သူမှလည်း သေတာမဟုတ်ဘူး။ မင်းမတော်တဆ လူအချို့သတ်မိခဲ့ရင်တောင် ဂိုဏ်းအကျိုးအတွက်ပဲဖြစ်မှာ။ ဘာမှ အရေးမကြီးဘူး။"

" အကြီးအကဲတွေ… သူ့ကို စိတ်စွမ်းအင်ကျောက်တုံး ငါးထောင်နဲ့ စွမ်းဆောင်မှုရမှတ် သုံးသောင်းတိတိ ဆုချလိုက်။ ပြီးတော့ သူ့ဆီက စိတ်စွမ်းအင်ကျောက်တုံးတွေ ခိုးဖို့ ကြံတဲ့ကောင်တွေကို ငါ့ရဲ့ ရန်သူအဖြစ် သတ်မှတ်မယ်လို့ပါ ကြေငြာလိုက်ဟေ့။" မဟာအကြီးအကဲကြီးက စိတ်လှုပ်ရှားစွာရယ်မောကာ ချီးကျူးမှုများနှင်ပတောက်ပနေသည့် မျက်ဝန်းများဖြင့် နောက်သို့လှည့်ကာ မြစိမ်းရောင်ဖုတ်ကောင်ကြီးနှင့်အတူ ထွက်သွားတော့သည်။

" ဟင်။ ဘာလဲဟ။"

ပိုင်ရှောင်ချန်းကမူ ထွက်ခွာသွားသည့် မဟာအကြီးအကဲကို ကြောင်ကြည့်ရင်း ကျန်ခဲ့တော့သည်။ ဘေးနားရှိ ဂိုဏ်းသားများမှာ ဒေါသထွက်နေကြသော်လည်း ဘာမှမလုပ်နိုင်သဖြင့် အံကြိတ်ကာ လူစုခွဲသွားကြတော့သည်။ သူတို့အားလုံးမှာ မဟာအကြီးအကဲ၏မျက်ဝန်းထဲရှိ အားတက်နေသည့် အရိပ်အယောင်များကို မြင်ခဲ့ပြီးဖြစ်သည်။ ရုပ်အလောင်းတောင်၏ အကြီးအကဲတစ်ယောက်က ပိုင်ရှောင်ချန်းဆီသို့ ရောက်လာကာ စိတ်စွမ်းအင်ကျောက်တုံး ငါးထောင်ပေးအပ်ကာ စွမ်းဆောင်မှုရမှတ် သုံးသောင်းကို သူ၏ ကျောက်စိမ်းဆွဲပြားထဲသို့ လွှဲပြောင်းပေးလိုက်လေသည်။

ရွှီရှောင်ရှန်းကမူ အလွန်အမင်း ပျော်ရွှင်ခြင်းမရှိသော်လည်း ဟန်ဆောင်ပြုံးလိုက်ကာ စကားစမြည်ပြောရန် ပြေးသွားတော့သည်။ သူ၏လေသံအရ နည်းလမ်းများကို သူ လိုချင်နေသည်မှာ သိသာသဖြင့် ပိုင်ရှောင်ချန်းက သဘောထားကြီးစွာနှင့် တစ်ခုပေးလိုက်လေသည်။ ထိုနည်းလမ်းမှာ စစချင်းအဆင့်သာရှိသေးသဖြင့် တန်ဖိုးအလွန်ကြီးမားသည်တော့ မဟုတ်ပေ။

ရွှီရှောင်ရှန်းကမူ ကျေနပ်သွားပြီး ပိုင်ရှောင်ချန်းကို သူ၏ တာဝန်လုပ်ဆောင်ရာတွင် မြင့်မားသည့် အမှတ်များ ချက်ချင်းပေးလိုက်တော့သည်။ ထို့နောက် တန်ဖိုကြီးရတနာတစ်ခုကို ရရှိလိုက်သည့်အလား သူက လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ့ဘေးနားရှိ ဟင်းလင်ပြင်ကြီးနှင့် ရုပ်အလောင်းသန့်စင်ဆောင်၏ အပျက်အစီးများကိုကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်လေသည်။ သူက အပြစ်ပေးခံရပြီဟု ထင်မှတ်ထားသော်လည်း အရာရာတိုင်းမှာ ပြောင်းပြန်ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ချက်ချင်းပင် သူက ဤနေရာသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် လုံးဝမတူကြောင်း သိသွားတော့သည်။

" သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ကောင်းလှပါလားဟ။ ဘီလူကြီးရဲ့လက်က ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ ဆက်စပ်နေလို့ ဒီမှာဆို အခြားနေရာတွေထက်ပိုပြီး ထာဝရကောင်းကင်ဘုရင်ကို မြန်မြန်ကျင့်လို့ရတယ်။ ပြီးတော့ဆေးဖော်စပ်လို့ ပြဿနာတွေတက်ရင်လည်း ဂိုဏ်းကအပြစ်မပေးတဲ့ အပြင် ဆုပါချသေးတယ် " သူက ထိုသို့တွေးရင်း သက်ပြင်းချလိုက်လေသည်။

သူသာ ထိုသို့ဖျက်ဖျက်စီးစီးလုပ်ခဲ့ပြီး ထိုမြစိမ်းရောင်ဖုတ်ကောင်ကို မထုတ်လုပ်နိုင်ခဲ့ပါက မဟာအကြီးအကဲကြီးမှာ အမျက်တော်ရှမည်မှာ ဧကန်ပင်။ သေဒဏ်ပင်လျှင် သူ၏အပြစ်အတွက် လောက်မည်မဟုတ်။ ထိုမဟာအကြီးအကဲကြီး အလေးထားသည်မှာ ရလဒ်တစ်ခုထဲသာဖြစ်သည်။ တခြားမည်သည့်အရာမဆို ဖြစ်ပွားသည်ဖြစ်စေ သူက ဂရုမစိုက်ပေ။ ဘေးနားရှိလူများ ထိခိုက်လျှင်ပင် သူက တစ်ချက်လှည့်ကြည့်မည်မဟုတ်ချေ။

သို့သော်လည်း ပိုင်ရှောင်ချန်း မသေချာသေးသည့် အချက်တစ်ချက်ရှိလေသည်။ ထိုအရာမှာ ရုပ်အလောင်းတောင်၏ မဟာအကြီးအကဲ၏ စိတ်နေသဘောထားအတိုင်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်အုပ်စုများက သဘောထားခြင်း ရှိမရှိဟူ၍ပင် ဖြစ်သည်။ မည်မျှပင်ကြီးမားသည့်အရာကို ရစေကာမူ အခြားဂိုဏ်းသားများကို နှိပ်စက်ခြင်းအား လက်မခံမည့် လူများရှိသေးသလား ဟု မေးခွန်းထုတ်နေတော့သည်။

ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ မိစ္ဆာဆန်ပြီး ပွင့်လင်းခြင်းနှင့် ဂရုဏာကင်းမဲ့ခြင်းကို တန်ဖိုးထားသည့် ဂိုဏ်းဖြစ်လေသည်။ လူတစ်ယောက်က တာအိုပညာကိုတတ်မြောက်လျှင် လူတိုင်းအကျိုးရှိနိုင်မည်ဟူသောအချက်ကို သူတို့က မယုံကြည်ပေ။ ခက်ခဲလှသည့် ခရီးလမ်းကို ကျော်ဖြတ်ပြီးမှသာ အောင်မြင်မှုရနိုင်ကြောင်းကို သူတို့က ယုံကြည်လေသည်။

ပိုင်ရှောင်ချန်းကမူ သက်ပြင်းချရင်း သူ၏ အင်မော်တယ်ဂူသို့ ပြန်သွားတော့သည်။ သူ၏တာဝန်ကို ပြီးမြောက်သွားပြီဖြစ်ရာ အခြား ဂိုဏ်းသားများ ပြီးစီးသည့်အချိန်ကို ထိုင်စောင့်ကာ နတ်မီးလျှံစမ်းသပ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်သာ ကျန်တော့သည်။

ညနေခင်းအချိန်ဖြစ်၍ သူက ဂိုဏ်းထဲတွင် လမ်းပတ်လျှောက်နေစဉ် ခပ်လှမ်းလှမ်းတွင် လူသုံးယောက်စာလောက်မြင့်သည့် ကျောက်တိုင်ကြီးတစ်တိုင်ကို လှမ်းမြင်လိုက်လေသည်။ မိန်းမပျိုတစ်ယောက်မှာ ထိုကျောက်တိုင်၏ အခြေတွင် တင်ပျဉ်ခွေထိုင်နေပြီး သူမ၏ အဝတ်အစားနှင့် ဆံပင်များမှာ လေထဲတွင် ညင်သာစွာ လွင့်မျောနေသည်။ ထိုနေရာတွင် သူမ ထိုင်နေသည့်မြင်ကွင်းမှာ ထူးဆန်းကာ စိတ်ဝင်စားစရာကောင်းနေသည်။

သူမသည် ဇီးပန်းပုံထိုးထားသည့် သွေးရောင်မျက်နှာဖုံးကို တပ်ထားသည်။ သူမက ခပ်လှမ်းလှမ်းကို ကြည့်လိုက်သောအခါ လွမ်းဆွတ်ကြေကွဲကာ တသသဖြစ်နေသည့် ခံစားချက်မှာ သူမ၏ မျက်ဝန်းထဲတွင် ပေါ်နေသည်။

ပိုင်ရှောင်ချန်းက သူမကို ချက်ချင်းပင် အမှတ်ရသွားလေသည်။ ဂိုဏ်းထဲရှိ လူများစွာက သခင်မလေးရွှယ်မေ့ ဟုခေါ်တွင်သည့် ထိုမိန်းမပျိုအကြောင်းကို ပြောဆိုနေကြသည်ဖြစ်သည်။

ကျောက်တိုင်ကြီးကမူ မပြီးစီးသေးသည့်အလား ပုံစံမကျဖြစ်နေသည်။ ထိုကျောက်တိုင်ကိုကြည့်လေလေ နံရံအကျိုးအပဲ့တစ်ခုနှင့် တူလာလေလေဖြစ်သည်။ ထိုနေရာမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းသားများက ဉာဏ်အလင်းရရှိရန် တစ်ခါတစ်လေ သွားလေ့ရှိသောနေရာဖြစ်သည့် အဆုံးမဲ့သွေးချောက်ကမ်းပါးဟု နာမည်ကျော်ကြားသော နေရာဖြစ်သည်။ ကျောက်တိုင်ကြီးကိုမူ သန့်ရှင်းသောဆေးနံရံကျိုးဟု ခေါ်သည်။

ဤနေရာတွင် ဥာဏ်အလင်းလာရောက်ရှာဖွေသူများကမူ ဆေးဖော်စပ်နေသည့် လူတစ်ယောက်ပုံကို မြင်ကြရသည်ဟုဆိုသည်။ သူတို့သာ ဥာဏ်အလင်းရရှိပါက တာအိုဆေးပညာရပ်ကို ပို၍နက်နဲစွာ နားလည်သွားမည်ဖြစ်သည်။ ဒဏ္ဍာရီများအရ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ဤနံရံကြီးကို ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထံမှ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က လုယူခဲ့သည်ဟု သိရသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သမားတော်များစွာမရှိသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်က ဉာဏ်ကြီးရှင်တစ်ယောက် ဂိုဏ်းထဲတွင် ပေါ်ထွန်းခဲ့သည်။ သူက ထာဝရသွေးဆေးလုံးဟု အမည်ရသည့် လျှိ့ဝှက်ဆန်းကြယ်ဆေးတစ်လုံးကို ဖန်တီးပေးခဲ့သဖြင့် တစ်ဂိုဏ်းလုံးက တုန်လှုပ်ခဲ့ရသည်အထိပင်။ သူက ဤနံရံကျိုးကြောင့် ထိုသို့ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

သန့်ရှင်းသောဆေးနံရံကျိုးမှ ဥာဏ်အလင်းရရှိသူမှာ မရှိသလောက်နည်းသည်။ လူလိမ်ညမုဆိုးပင် ကြိုးစားကြည့်ခဲ့သော်လည်း မအောင်မြင်ပေ။ ပိုင်ရှောင်ချန်းက ဖြတ်လျှောက်သွားရင်း ရွှယ်မေ့နှင့် နံရံကျိုးကြီးကို ကြည့်မိလိုက်လေသည်။

သူမအားကြည့်နေသည်ကို အာရုံခံမိ၍ သူမ၏ မျက်နှာဖုံးအောက်ရှိ မျက်ဝန်းများက အရောင်လက်သွားလေသည်။ သူမက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ပြီး သူမသည် မြင့်မားသောလူတစ်ယောက်၊ အင်မော်တယ်သို့မဟုတ် မိစ္ဆာတစ်ကောင်က ပုရွတ်ဆိတ်ကိုကြည့်နေသည့်အလား အေးစက်မှုနှင့် မောက်မာမှု အငွေ့အသက်များ လွင့်ပျံနေသည်။ စကားတစ်ခွန်းမှ မပြောပဲ သူမက နောက်လှည့်လိုက်ပြီး သွေးရောင်အလင်းတန်းအဖြစ်ပြောင်းလဲကာ ဘိုးဘေးတောင်ထိပ်သို့ ပျံသွားတော့သည်။

ထိုသို့ ခပ်နှိမ်နှိမ်အကြည့်ခံလိုက်ရသဖြင့် ပိုင်ရှောင်ချန်းမှာ ဒေါသထွက်ရင်းကျန်ခဲ့တော့သည်။ ရွှယ်မေ့က မောက်မာလွန်းနေသည်မှာ တရားလွန်နေပြီဖြစ်သည်။

" နင်က ဘာများထူးနေလို့လဲ။ ကိုယ်တော်ပိုင်က ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ကိုရောက်နေပြီနော်။ ငါ့ သရုပ်အမှန်ကိုပြလိုက်ရင် နင်ကြောက်ဒူးတုန်ပြီး အသက်ထွက်သွားရမယ်မှတ် "

သူ့ကိုယ်သူ ကြိတ်၍ရေရွတ်ကာ မေးငေါ့ပြီး အင်္ကျီလက်ကို ခါယမ်းလိုက်လေသည်။

" တစ်နေ့မှာ ပိုင်ရှောင်ချန်းလက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ မင်း ပြာဖြစ်သွားစေရမယ် "

All Chapters