အခန်း (၁၁)
Vol. 2 Ch. 11
🍁 Chapter 11
"ဒါဆိုရင်လည်း. ငါက သူ့ကို မြှူဆွယ်တာ ဘာဖြစ်လဲ၊ နင့်ညီမတောင် ဘာမှ မပြောသေးတာကို နင်က ဘာလို့ ဒီလောက် ဒေါသထွက် ပြနေရတာလဲ"
"မင်း..!! မင်း..မှာ ကျိုးကြောင်းဆင်ခြင် နိုင်တဲ့အသ်ိဉာဏ် မရှိဘူးလား..ဟမ်.!!"
ရှုယန်ရွေ့မှာ သူမ၏အရှက်မရှိ လိုက်ပုံကို မြင်လိုက်ရပြီး မယုံနိုင်အောင် ဖြစ်သွားရသည်။
"ငါက ဘာလို့ ဆင်ခြင်ဉာဏ် မရှိရမှာလဲ၊ ရှုမိသားစုအတွက် ငါက သားတစ်ယောက် မွေးပေးခဲ့တယ်လေ၊ နင့်ကိုလည်း မြေးမျက်နှာကြောင့် အဘိုးကြီဆီက အာဏာတွေ ပေးလာအောင် ငါပဲ လုပ်ပေးခဲ့တာ မဟုတ်ဘူးလား၊ အဲလိုမှ မဟုတ်ရင် ဆောက်လုပ်ရေးဆိုဒ်မှာကြီးကြပ်ရေးမှူးဆိုတဲ့ အဆင့်နဲ့ပဲ နင် လုပ်နေရဦးမှာ၊ အဲဒါကြောင့် နင် ငါ့ကို နေ့တိုင်း ရှိခိုးနေသင့်တာ၊ ပြီးတော့ ငါကို ကူးချန်နဲ့ဖောက်ပြန်တယ်ဆိုပြီး လာလာပြောမနေနဲ့၊ နင်ကိုယ်တိုင်လည်း အားယောင်ရဲ့မိထွေးနဲ့ ပတ်သက်နေတာပဲ မဟုတ်လား၊ နင်မှာ ဘာအရည်အချင်းရှိလို့..ငါ့ကို လာပြီး အပြစ်တင်နေရတာလဲ..!!"
"မင်း...!!!!"
ရှုယန်ရွေ့မှာ ဒေါသကြောင့် ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည် ဖြစ်သွားသော်လည်း ပြန်ပြောရန် အကြောင်းပြချက်မရှိသဖြင့် အရှုံးပေးလိုက်ရသည်။
ထန်ဝမ် ဒေါသကို တိတ်တဆိတ် မျိုချရင်း"ကဲ... ဒါတွေ ထားလိုက်တော့၊ အဘိုးကြီးက အဲဒီကောင်မလေးကို ငါ့ဆီ လွှတ် လိုက်ရင် သူကို ဘာခိုင်းရမလဲ.? သူ့ စိတ်ထဲကအသံတွေကို ငါ သည်းမခံနိုင်ဘူး၊ ကြာလာရင် ငါတို့ တွေအကုန် မီးတွေ ပတ်လောင်လာလိမ့်မယ်"
ရှုယန်ရွေ့မှာမူအေးဆေးစွာ ပြုံးလိုက်ပြီး "သူ့ အသံက နားမခံသာဘူး ဆိုရင်လည်း သူကိုယ်တိုင်ပဲ ရန်သူတွေ ဝိုင်းအောင်ထားလိုက်ပေါ့၊ အတင်းအဖျင်း စားရတာ ကြိုက်တယ်
မှတ်လား ဒီတော့ သူ့ကို အတင်းအဖျင်းတွေကြားမှာပဲ နစ်မွန်းနေအောင် လုပ်လိုက်လေ"
ရှုယန်ရွေ့ လက်ခုပ်တီး၍ ထောက်ခံလိုက်သည်။
"ဟုတ်တယ်! ကုမ္ပဏီထဲက လူကြီးတွေကလည်း သာမန်လူတွေမှ မဟုတ်တာ၊ အကုန်လုံးက အသားစားဖို့ ချောင်းနေတဲ့ ခွေးအို ကြီးတွေလိုပဲ၊ သူသာ အဲဒီလူကြီးတွေရဲ့ မှုတ်ဆိတ် မွှေး ကိုသွားဆွဲရင်တော့ သူပဲ ဒုက္ခရောက်မှာ"
"နင် သိလား... ငါက နင့်ထက် ဘာလို့ ပိုတော်တာလဲဆိုတော့ ငါက အလုပ်တစ်ခုလုပ်ရင် ဦးနှောက်ကိုပဲ သုံးတယ်၊ အစွမ်းမရှိဘဲ အော်ဟစ်နေတာမျိုး မလုပ်ဘူး" ဟု ထန်ဝမ်က မျက်ခုံးတစ်ဖက် ပင့်လို့ဝင့်ကြွားစွာ ပြောလိုက်သည်။ ရှုယန်ရွေ့မှာ ဘာမျှပြန်မပြောနိုင်တော့ဘဲ ငြိမ်နေလိုက်ရသည်။
---
အဓိကအဆောက်အဦးနှင့် မလှမ်းမကမ်းရှိ နှင်းဆီနွယ်ပင် စင်အောက်တွင် ရှုယန်ဝေနှင့် ကူးချန်တို့ ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေကြသည်။
ကူးချန်က ချောင်းဟမ့်လို့ မသိမသာ အစပြုလိုက်သည်။
"အဟမ်း..!!ယင်းယင်းကို မနေ့ကမှ ပြန်ခေါ်လာတာမဟုတ်လား ဒီနေ့ကြတော့ အဖေက ကုမ္ပဏီကို လွှတ်ပြီး သင်ယူခိုင်းမယ်ဆိုတော့ အဖေ သူ့ကို တော်တော်လေး အလေးထားပုံရတယ်နော်"
"ဒါနဲ့ ပတ်သက်ပြီး အဖေက မင်းကို ကြိုပြောတာမျိုး ရှိလား၊ အဖေ ဒီလိုလုပ်တာက နည်းနည်း ရုတ်တရက်ဆန်သလိုပဲနော်" ကူးချန် အကဲစမ်း သလိုလေး မေးလိုက်သည်။
ကူးချန်၏အာရုံက အဘိုးအိုသည်လည်း ရှုယင်းယင်း စိတ်ထဲကအသံကို ကြားနိုင်ပြီး ထိုစွမ်းအားကို သုံး၍တစ်ခုခုလုပ်ရန် ပြင်ဆင်နေကြောင်း သူခံစားမိနေသည်။ သို့သော်အတိအကျ ဘာလုပ်မည်ကိုမူ သူ မခန့်မှန်းနိုင်သေးပေ။
နွေည၏လေညှင်းက ပန်းရနံ့များနှင့်အတူ တိုက်ခတ်နေသော်လည်း ရှုယန်ဝေကမူ တစ်ကိုယ်လုံး ချမ်းစိမ့်နေသကဲ့သို့ ခံစားနေရသည်။
သူ့အဖေ ဆုံးဖြတ်ထားတဲ့ အဆိုပါဆုံးဖြတ်ချက်အပေါ် ရှုယန်ဝေ ဘာမှထွေထွေထူးထူး မခံစားရပေ။ ရှုမိသားစု၏ စီးပွားရေးကို သူမတို့ မိသားစုက ဦးစီးနေရခြင်းဖြစ်ရာ ယင်းယင်းမှာလည်း မိသားစုဝင်တစ်ဦးဖြစ်သဖြင့် တာဝန်ယူရမည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။
သူမကို အံ့ဩသွား စေသည်မှာ ကူးချန်၏သဘောထားသာ။ ပုံမှန်အားဖြင့် သူသည် အဖေ့ အလုပ်ကိစ္စများအပေါ် စိတ်ဝင် စားလေ့မရှိသော်လည်း ယခု ယင်းယင်း ကုမ္ပဏီကို လာမည်ဟု ကြားထဲက သူသည် သိသိသာသာကိုထိတ်လန့် တုန်လှုပ် နေသည်။ ဤသည်မှာ သူ့ မရိုးသားသော ရည်မှန်းချက်များကို ဖော်ပြနေသကဲ့သို့ပင်။
သူ့အလုပ်ကိစ္စ များတင်မကဘဲ သူ့အတွင်းရေးမှူးချယ်ကျန်း၊ မရီးဖြစ်တဲ့ ထန်ဝမ်တို့နဲ့ တိတ်တဆိတ် ပတ်သက်နေမှုများမှာ သူမ ခေါင်းထဲ၌ ရှုပ်ထွေးနေတော့သည်။ ထိုအချိန်တွင် ယင်းယင်းပြောခဲ့သည့် စကားများက သူမ နားထဲ၌ ပြန်လည်ကြားယောင်လာခဲ့သည်။
[အဒေါ်က သည်းခံနိုင်လွန်းတယ်၊ ငါသာဆိုရင် သူ့ကို နာနာလေး ဆုံးမလိုက်မှာ၊ ဒါမှမဟုတ် သူ့ရဲ့ "ပစ္စည်း" ကို သိမ်းလိုက်ပြီး မိန်းမလျာ ဖြစ်အောင် လုပ်ပစ်လိုက်မယ်] ဆိုသည့် စကားပင်။
ရှုယန်ဝေ အကြည့်တို့မှာ မသိစိတ်ကြောင့် ကူးချန် ခန္ဓာကိုယ်အောက်ပိုင်းဆီသို့ အကြည့်ရောက်သွားပြီး ရပ်တန့်သွားသည်။
ကူးချန်မှာလည်း ရှုယန်ဝေ အကြည့်ကြောင့် ထိတ်လန့်သွားရပြီး သူမ ကြည့်နေသည့်နေရာသို့ လိုက်ကြည့်လိုက်သည်။ ထိုအခါမှ ရှုယင်းယင်းအသံကို သူ တစ်ဖန် ပြန်ကြားယောင်သွားသည်။
[သူ့ရဲ့ ပစ္စည်းကို သိမ်းလိုက်ပြီး မိန်းမလျာ ဖြစ်အောင် လုပ်ပစ်လိုက်မယ်..!!"]
မိန်းမငယ်လေးဖြစ်ပြီးတော့ မပြောရဲတာကို မရှိဘူး....
ဒါနဲ့ .. ရှုယန်ဝေလည်း အဲ့မိန်းကလေးရဲ့စိတ်ထဲကအသံကို ကြားနေရတာပဲလား...??
"မင်း... ဘာကြည့်နေတာလဲ"
ကူးချန်သည် ပျာပျာသလဲ သူ့ အပေါ်အင်္ကျီဖြင့် ခြေထောက်နှစ်ဖက်ကြားကို အမြန်ဖုံးကွယ်လိုက်သည်။
ရှုယန်ဝေ စိတ်ထဲမှ နေ၍လှောင်ပြုံး ပြုံးလိုက်မိသည်။
[နင်..မှာအပြစ်ရှိတယ်လို့ ခံစားနေရတယ်မလား.]
ယင်းယင်း၏ စိတ်ထဲကအသံသာ မရှိပါက သူသည် ထန်ဝမ်နှင့် သူမ ယောကျ်ားတို့ အခုလိုတွေ ပက်သက်နေကြောင်းကို သူမ တစ်သက်လုံးသိရမှာ မဟုတ်ပေ။
သူမသည် သက်ပြင်းကို အားပါးတရ ချလိုက်ပြီးနောက် ကူးချန်ကို စိုက်ကြည့်ကာ ပြတ်သားသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
"ကူးချန်... ငါတို့.."
"ဝေဝေ..ကိုယ် ဆရာဝန်ရှုနဲ့ ချိန်းထားပြီးပြီ၊ သန်ဘက်ခါ ကိုယ်တို့ စစ်ဆေးမှုသွားလုပ်ကြရအောင်လေ"
ကူးချန်က သူမ ပြောမည့် စကားကို ဦးအောင်အရင် ဖြတ်ပြောလိုက်သည်။ ရှုယန်ဝေ အမူအရာကို ကြည့်ရုံဖြင့် သူမသည် ကွာရှင်းရန်စကားစတော့မည်ကို သူ ရိပ်မိနေသည်။ အခြေအမြစ်မရှိတဲ့ ရှုယင်းယင်း၏ထိုစကားအသံကြောင့် သူ့အပေါ် သူမ သံသယဝင်လာခြင်းကို သူ တကယ်မကျေမနပ် ဖြစ်နေမိသည်။
"ရှင်..!!!"
ရှုယန်ဝေမှာ အံ့ဩသွားရသော်လည်း ရင်ထဲတွင် ပျော်ရွှင်မှုလေးက တဖြည်းဖြည်း တိုးဝင်လာခဲ့သည်။ ဆရာဝန်ရှု ဆို သည်မှာ ကလေးမရနိုင်သော ပြဿနာများကို ကုသရာတွင် အကျော်ကြားဆုံး ပညာရှင်တစ်ဦး မဟုတ်ပါလား။
သူတို့ လက်ထပ်ကတည်းက စစ်ဆေးမှု ပြုလုပ်ရန် သူ့ကို သူမ အကြံပေးခဲ့သော်လည်း သူက အလုပ်ရှုပ်သည် ဟု အမြဲအကြောင်းပြကာ သုံးနှစ်တိုင်အောင် ရှောင်လွှဲခဲ့သည်။ ထိုသုံးနှစ်လုံး သူမတစ်ယောက်တည်း ဆေးရုံတက်၊ ဆေးသောက်ကာ ကလေးရရန် ကြိုးစားခဲ့ရသည်။
ယခုကဲ့သို့ ကူးချန်ဘက်က ရုတ်တရက် အလျှော့ပေးလိုက်ခြင်းမှာ သူသည် သူမနှင့် ဤမိသားစုအပေါ် အလေးအနက် ထားသေးကြောင်း ပြသလိုက်ခြင်းဟု သူမ ထင်မှတ်လိုက်သည်။ အကယ်၍ သူသာ နောင်တရပြီး ကလေးရယူရန် ကြိုးစားမည်ဆိုပါက သူမသည် သူ့ကို ခွင့်လွှတ်ရန်အဆင် သင့်ပင်။
ကူးချန်သည် သူမ၏ ပျော်ရွှင်မှုကိုမြင်သောအခါ သူ့ လှည့် ကွက် အောင်မြင်သွားပြီ ဟု သိလိုက်သည်။
"အမှန်တကယ်တော့ ကိုယ်ဘက်ကပဲ အမြဲ ရှောင်ပြေးနေခဲ့တာပါ၊ ဘာလို့ဆို ကိုယ့်မှာ ချို့ယွင်းချက် တစ်ခုခုရှိနေပြီး မင်းစိတ်ပျက်သွားမှာကိုတွေးပြီး ကြောက်နေခဲ့မိတာပါ၊ ဒါပေမဲ့ မင်းက ကလေးရဖို့ တစ်ယောက်တည်း ဆေးရုံတွေတက်ပြီး ကြိုးစားနေတာကိုကြည့်ပြီး ကိုယ် တကယ်အရှက်ရမိပါတယ်၊ မင်းရဲ့ အချစ်နဲ့ ယှဉ်ရင် ကိုယ်က တကယ်ကို ဘာမှမဟုတ်တဲ့ သူပါပဲ၊ တောင်းပန်ပါတယ် ဝေဝေ... ကိုယ် တကယ်တောင်းပန်ပါတယ်"
ကူးချန်၏ အသံမှာ တုန်ရီနေပြီး ပါးပြင်တစ်လျှာက် မှာလည်း မျက်ရည်တွေက စီးကျနေကာ၊ ကူကယ်ရာမဲ့ပြီး နောင်တ တွေရနေတဲ့ အားနည်းတဲ့ ခင်ပွန်းကောင်းတစ်ဦး ကဲ့သို့ အပီအပြင်ကို သရုပ်ဆောင်နေလေသည်။
"အားချန်... မပြောပါနဲ့တော့၊ ကျွန်မ.. နားလည်ပါပြီ၊ နားလည်ပါပြီ.!! ရှင့်ရဲ့ ခံစားချက်တွေကို ကျွန်မ ကိုယ်ချင်းစာပါတယ်၊ ရှင့်ကိုလည်း တစ်ခါမှ အပြစ်မမြင်ခဲ့ဖူးပါဘူး.."
ရှုယန်ဝေသည် စိတ်မကောင်းစွာဖြင့် သူ့ မျက်ရည်များကို သုတ်ပေးကာ ပါးပြင်ကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ သူမ မျက်ဝန်းထဲတွင် ယုံကြည်မှုနှင့် သနားဂရုဏာများက တစ်ဖန်ပြန်လည် ဝင်ရောက်လာပြန်သည်။
ကူးချန်သည် အခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်သည်။ သူသည် သူမကို ရင်ခွင်ထဲသို့ အမြန်ဆွဲဖက်လိုက်ပြီး..
"ဝေဝေ... ကိုယ် မှားခဲ့ပါတယ်၊ ကိုယ်က ခင်ပွန်းကောင်းတစ်ယောက် မဟုတ်သလို ချစ်သူကောင်းတစ်ယောက်လည်း မဟုတ်ဘူး၊ ကိုယ်က သေသင့်တဲ့သူပါ၊ ကိုယ့်ကို မင်းစိတ်ကြိုက်ရိုက်နှက်နိုင်ပါတယ်.."
သူသည် သူမ လက်ကို ဆွဲယူကာ သူ့မျက်နှာကို ရိုက်ခိုင်းလိုက်သည်။
"ကိုယ့်ကို ရိုက်ပါ၊ ကိုယ် ဘယ်လောက် မိုက်မဲခဲ့သလဲဆိုတာ သိအောင် လုပ်ပေးပါ၊ မင်းက ဒီလောက်ကောင်းတာကို ကိုယ်က တန်ဖိုးမထားတတ်ခဲ့ဘူး" ဟုကြေကွဲစွာ ပြောလေသည်။
"ဟင့်အင်း... အားချန်..အဲလို မလုပ်ပါနဲ့"
ရှုယန်ဝေသည် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့ကို နာကျင်အောင် သူမ မလုပ်ရက်နိုင်ပေ။
"ဟီး...ဟီး..ဟီး... တောင်းပန်ပါတယ်၊ ကိုယ် တောင်းပန်ပါတယ်..ဝေဝေ ...ရယ်"
ကူးချန်သည် မြေပြင်ပေါ်၌ ဒူးထောက်ကာ အားရပါးရ ငိုကြွေးနေတော့သည်။ ရှုယန်ဝေသည် ဤအားနည်းနေသော သူ့ အမျိုးသားကို ကြည့်ကာ သူမ စိတ်နှလုံးမှာ ရွှံ့နွံကဲ့သို့ ပျော့ပြောင်းသွားရပြန်သည်။ သူမခေါင်းထဲရှိ ရှုပ်ထွေးမှုများမှာ ၎င်း၏ချိုသာသော လှည့်ကွက်အောက်တွင် ပျောက်ကွယ်သွားပြီး အချစ်ရူးစိတ်က ထပ်မံစိုးမိုးသွားပြန်သည်။
"အားချန်... ဒီနေ့ကစပြီး အတိတ်က အကြောင်းတွေကို မပြောကြေးနော်၊ ကျွန်မတို့တွေ အစကနေ ပြန်စကြရအောင်နော်..ဟင်..!"
"မင်းက ကိုယ့်ရဲ့ အမှားတွေကို တကယ်ပဲ ခွင့်လွှတ်နိုင်မှာလား"
ကူးချန် သနားကရုဏာခံကာ မျက်ရည်များနှင့် မေးလိုက်သည်။
"ကျွန်မမှာလည်း အမှားတွေ ရှိခဲ့မှာပါ၊ ဒါကြောင့် ဒါတွေကို အကုန်သင်ပုန်းချေ လိုက်ကြရအောင်နော်..ပြီးတော့ ကျွန်မ တို့တွေ အစကနေပြန်စကြပြီး..ကလေးလေးတွေ ရအောင်
အတူကြိုးစားကြမယ်လေ.."
"ဝေဝေ... မင်းက ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ၊ ကိုယ် မင်းကို ချစ်တယ်၊ ကိုယ့်ဇနီးလေးကို ကိုယ် အရမ်းချစ်တယ်"
ကူးချန်သည် သူမကို ရင်ခွင်ထဲသို့ တစ်ဖန် ပြန်လည် ဆွဲဖက်လိုက်ပြန်သည်။ သူ့ရင်ဘက်ထဲက ပြင်းထန်သော နှလုံးခုန်သံကိုခံစားရင်း ရှုယန်ဝေတစ်ယောက် အချစ်နွံထဲသို့ နောက်တစ်ကြိမ် လွတ်လမ်းမရှိ နစ်မွန်းသွားရပြန်တော့သည်။