အခန်း (၁၂)
Vol. 2 Ch. 12
🍁 Chapter 12
ယင်းယင်းသည် ရွှေရောင်ပန်းကန်ပြားကွက်များ ဖော်ထားသည့် အနက်ရောင် ကုလားထိုင်ပေါ်တွင် ထိုင်နေသည့်တိုင်အောင် စိတ်ထဲဝေဝေဝါးဝါးဖြစ်နေဆဲပင်။
အတင်းအဖျင်းစားဖို့သာ အာရုံစိုက်နေတဲ့ သူ့လို လူမသိ သူမသိ မိန်းကလေးတစ်ယောက်ကနေ လူတိုင်း မျက်စိကျနေတဲ့ ပစ်မှတ်တစ်ခုအဖြစ် ဘယ်လိုများရောက်သွားရတာလဲ။
[အဘိုး... အဘိုးက သမီးကို မြှောက်ပင့်ပေးနေတာလား ဒါမှမဟုတ် ဒုက္ခပေးနေတာလား...?]
[အဘိုးက ဒီလောက်ချမ်းသာတာကို သူ့လို အသုံးမကျတဲ့သူ တစ်ယောက်လောက်ကို အပိုမကျွေးထားနိုင်ဘူးလား၊ အရမ်းလည်း ကပ်စေးမနည်းပါနဲ့ဦး..အဟင့်..T^T]
လက်ဖက်ရည် ငှဲ့ပေးနေသော အဘိုးအို၏လက်မှာ ရေနွေး အိုးကိုပင် မနည်းထိန်းကိုင်လိုက်ရသည်။
သူ့မြေးမလေးက ဘာလို့ ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ၊ သူ့မှာ ရည်မှန်းချက်ဆိုတာ လုံးဝကို မရှိတာပဲ..
အကယ်၍ သူ ငယ်စဉ်အချိန်ကဆိုလျှင် ဤကဲ့သို့သော စကားမျိုးကြားပါက အိမ်ပြင်သို့တိုက်ရိုက်မောင်းထုတ်လိမ့် မည်ဖြစ်သော်လည်း ၊ယခုအချိန်၌မူ ထိုကဲ့သို့ စိတ်ဓာတ်မျိုးက အလွန်တန်ဖိုးရှိသည်ဟု ခံစားနေရသည်။
"ယင်းယင်း... သိပ်ပြီး စိတ်မလှုပ်ရှားပါနဲ့၊ အဘိုးက မြေးနဲ့ သေသေချာချာ စကားပြောချင်လို့ စာကြည့်ခန်းထဲခေါ်လာတာပါ"
အဘိုးအိုသည် သူ့ နှစ်ရှည်လများ တည်ဆောက်ခဲ့သော ခန့်ညားထည်ဝါမှုများက သူမကို ကြောက်လန့်သွားစေမှာ စိုးသဖြင့် တတ်နိုင်သမျှ လေသံကို လျှော့ချ၍ပြောလိုက်သည်။
"အဘိုးကလည်း အရမ်းစိုးရိမ်နေတာပဲ၊ သမီး စိတ်မလှုပ်ရှားပါဘူး..အဘိုးရဲ့၊ အဘိုးက တကယ်ကြင်နာတတ်တဲ့ သူပါ၊ နဲနဲမှ..ကြောက်စရာ မကောင်းပါဘူး" ဟု ရှုယင်းယင်းက အဘိုးကို မြှောက်ပင့်၍ပြောလိုက်သည်။
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့" ဟုဆိုကာ အဘိုးအိုက သူကို လက်ဖက်ရည်သောက်ရန် လက်ဟန်အမူအရာ ပြလိုက်သည်။
"ဒီလက်ဖက်ရည်က အရမ်းမွှေးတာ၊ ညည်းတို့ လူငယ်တွေ သောက်တဲ့ နို့လက်ဖက်ရည်ထက်နည်းနည်းမှ မနိမ့်ပါဘူး"
ရှုယင်းယင်း လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့် အမြန်ယူလိုက်သည်။ ထို့နောက် တစ်ငုံခပ်ပါးပါး သောက်လိုက်ကာ
"အမှန်တော့ သမီးက လက်ဖက်ရည်အရသာကို မခံစားတတ်ပါဘူး၊ သမီးအတွက်တော့ အားလုံးက အရသာတစ်မျိုးတည်းပါပဲ၊ သမီးကို အရသာမသိတဲ့သူလို့တော့ အထင်မသေးပါနဲ့နော်" ဟု ရိုးသားစွာ ဆိုလိုက်သည်။
အဘိုးအိုက အားရပါးရရယ်မောလိုက်ပြီး "ဘယ်လိုလုပ် အဲလိုဖြစ်မှာလဲ၊ ငါ့မြေးမလေးက ဒီလောက်ချစ်စရာကောင်းပြီး ဒီလိုရွှတ်နောက်နောက်လည်း လုပ်တတ်တာကိုပဲ၊ အဘိုးက ဖြင့်ချစ်လို့တောင် မဝနိုင်ပါဘူး.."
ယင်းယင်း အလိုက်သင့် ပြုံးပြလိုက်ပြီး "အဘိုးကလည်း ချီးမွမ်းလွန်းနေပါပြီ၊ သမီးက မိဘမဲ့ဂေဟာမှာပဲ ကြီးပြင်းလာခဲ့ရသူဆိုတော့ အစစအရာရာလိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်၊ သင်ယူရဦးမှာပါ"
"ရွှတ်နောက်နောက် လုပ်တတ်တာနဲ့ ပတ်သက်ရင်တော့ အဘိုးက အတော်ဆုံးပဲ၊ စောစောက သမီးကိုကုမ္ပဏီမှာ အလုပ် သင်သွားလုပ်ခိုင်းမယ်ဆိုပြီး နောက်ပြောင်လိုက်တာက သမီးကို တော်တော်လေးထိတ်လန့်သွားစေတာပဲ၊ သမီးရဲ့ ပညာအရည်အချင်းနဲ့ ကုမ္ပဏီသွားပြီး အရှက်ကွဲအောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ၊ ဟဲဟဲ"
ရှုယင်းယင်းသည် ဤကိစ္စကို အစအနောက်တစ်ခုသဖွယ် ပြောဆိုရင်း ရှောင်လွှဲရန် ကြိုးစားလိုက်သည်။
"အဘိုး နောက်နေတာ မဟုတ်ဘူး၊ အဘိုး အတည်ပြောနေတာ"
[အာ... သမီး နားမထောင်ဘူး၊ နားမထောင်ဘူး!]
"သွေးသားနဲ့ ယှဉ်ရင် ပညာအရည်အချင်းဆိုတာ ပြောပလောက်တဲ့အရာ မဟုတ်ပါဘူး၊ အကယ်၍ မြေးက အဲဒါကို အရမ်းစိတ်ထဲ ထားနေတယ်ဆိုရင် အဘိုး မနက်ဖြန် နိုင်ငံ ခြားက နာမည်ကြီးကျောင်းတွေကို အလှူငွေ ထည့်လိုက်မယ်၊ ပြီးရင် မြေးအတွက် မျက်နှာပွင့်စေမယ့် ဘွဲ့လက်မှတ်တစ်ခု အဘိုး..ဝယ်ပေးလိုက်မယ်လေ"
အဘိုးအို စကားကြောင့် ရှုယင်းယင်းမှာ ဆွံ့အသွားရသည်။
[ဟင်...? ပိုက်ဆံရှိရင် တကယ်ပဲ ဖြစ်ချင်တာ အကုန်လုပ်လို့ ရတာလား၊ ကိုယ်ကျင့်တရားတွေက ဘယ်မှာလဲ၊ စံနှုန်းတွေက ဘယ်မှာလဲ၊ ကျောင်းလက်မှတ်တွေက ဘယ်မှာလဲ!]
အဘိုးအိုက ရယ်ချင်စိတ်ကို အောင့်ထားရင်း ဆက်ပြော သည်။
"ယင်းယင်း... ပညာအရည်အချင်းကို ခဏဖယ်ထားဦး၊ မြေးက အဘိုးတို့ ရှုမိသားစုရဲ့ သွေးသားဖြစ်နေသရွေ့ မိသားစု စီးပွားရေးကို ဆက်ခံရမယ့် တာဝန်က ရှောင်လွှဲလို့ကို မရဘူး"
ရှုယင်းယင်းမှာ အလွန် ထိတ်လန့်သွားသဖြင့် နှုတ်ခမ်းလေးပင် လှုပ်သွားရသည်။
[မဟုတ်ဘူးလေ၊ အဘိုးက တကယ်ပဲ ဇွတ်လုပ်တော့မှာလား၊ သမီးက အဘိုးရဲ့စီးပွားရေးကို လောဘမတက်တာ သမီးအမှားလား]
[အဘိုး... အဘိုးက အသက်ကြီးလို့ အတွေးတွေ ဝေဝါးဝါး ဖြစ်နေတာလား၊ တခြားသူတွေဆိုရင် သူတို့ သားသမီးတွေ သူတို့စီးပွားရေး လုမှာကိုကြောက်နေကြတာ၊ အဘိုး ဘာလို့ သမီးကို ဒီလောက်တောင် ယုံကြည်နေရတာလဲ]
"ဟို... အဘိုး၊ သမီးက မလုပ်ချင်လို့ မဟုတ်ပါဘူး၊ သမီးရဲ့ အရည်အချင်းက တကယ် အကန့်အသတ်ရှိလို့ပါ၊ သမီးကြောင့် မိသားစုစီးပွားရေးတွေ ပျက်စီးသွားမှာကို အဘိုး မကြောက်ဘူးလား၊ ပြီးတော့ မိသားစုထဲမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိတာပဲ၊ သမီး ရှိရှိ မရှိရှိ အတူတူပါပဲ၊ သမီးကို မရှိသလိုလေးပဲ သဘောထားလိုက်လို့ မရဘူးလား"
သူမကသာ လူကြီးတစ်ယောက်နှင့် စကားပြောနေရခြင်း မဟုတ်ပါက "သမီးကို အပေါ့အပါး သွားသလိုပဲ သဘော ထားပြီး လွှတ်ထုတ်လိုက်ပါတော့" ဟုပင် ပြောထွက်သွားနိုင်ပေသည်။
"အရည်အချင်း ရှိလား မရှိလားဆိုတာ ကုမ္ပဏီသွားပြီး စမ်းကြည့်မှ သိမှာပေါ့၊ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေစမ်းပါနဲ့ ငါ့မြေးရယ်.."
ရှုယင်းယင်းမှာ ဘာပြောရမှန်း မသိတော့ပေ။
အဘိုးအိုက လေးပင်စွာ သက်ပြင်းချလိုက်ရင်း
"အဘိုးက ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လိုက်တာကို ငါ့မြေးက အပြစ်မတင်ပါနဲ့၊ အဘိုးရဲ့ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနေပြီ၊ တစ်နေ့နေ့မှာ အဘိုးသာ ရုတ်တရက် တိမ်းပါးသွားရင် နောင်တတွေ အများကြီးကျန်ရစ်မှာကို တကယ် စိုးရိမ်နေမိတယ်၊ အဟွတ် ..အဟွတ်..!"
ရှုဟုန်ရှန်းသည် ရုတ်တရက် လက်ကိုင်ပုဝါဖြင့် ပါးစပ်ကို ပိတ်ကာ အားစိုက်ပြိီး ချောင်းဆိုးလိုက် ရသဖြင့် သူ့ မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် နီမြန်းသွားပြီး နဖူးပေါ်မှ အကြောများပင် တုန်ရီနေသည်။ ၎င်းကို ကြည့်ရင်း ရှုယင်းယင်းမှာ စိတ်မကောင်းဖြစ်သွားရသည်။
ရှုယင်းယင်းက အဘိုးကို ကြည့်ပြီး အသက်ရှုချောင်ပြီး ကောင်းလေသန့်ရအောင် အမြန်ထ၍ ကူညီပေးလိုက်သည်။ သူမက "သမီး ဆရာဝန်ခေါ်လိုက်ပါ့မယ်" ဟု စိုးရိမ်တကြီး ဆိုလိုက်သည်။
[ဟီး... ဒီအချိန်မှာ တစ်ခုခု ဖြစ်လို့ မရဘူးနော်၊ အဘိုးက သမီးကို သီးသန့်ခေါ် ပြီး ပြောနေတာကို တခြားလူတွေ သိသွားရင် သမီးကို ဝိုင်းကြည့်ကြတော့မှာ၊ တကယ်လို့ အဘိုးသာ တစ်ခုခုဖြစ်သွားရင် သမီးကတော့ အာဏာလုတဲ့သူအဖြစ် အထင်ခံရမှာ သေချာတယ်၊ အဲဒီကျရင် ရှင်းပြလို့တောင်ရမှာ မဟုတ်ဘူး!]
အဘိုးအိုသည် မြေးမလေး၏ခြေထောက်များ တုန်နေသည်ကို မြင်သော်လည်း အခြေအနေက မလုံလောက်သေးဟု ယူဆသဖြင့် ဆက်တိုက် ချောင်းဆိုးပြကာ လက်ကာပြလိုက်သည်။
ထို့နောက် တဟတ်ဟတ်ဖြင့် ချောင်းဆိုကာ "မလိုပါဘူး... ရပါတယ်၊ အဘိုး လောလောဆယ် မသေနိုင်သေးပါဘူး၊ ဘာလို့လဲဆိုတော့ အဘိုး မျှော်လင့်ချက်ပြန်မြင်လာလို့လေ"
ထိုသို့ပြောပြီးနောက် အဘိုးအို ရှုဟုန်ရှန်းသည် မြေးဖြစ်သူ ရှုယင်းယင်းကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်သည်။
[ဟင့်အင်း... သမီး အဘိုးရဲ့ မျှော်လင့်ချက် မဖြစ်ချင်ဘူး!]
နောက်တစ်စက္ကန့်တွင် အဘိုးအိုသည် ဆုတ်ကိုင်ထားသော ဖြူရောင် လက်ကိုင်ပုဝါကို မသိမသာလေး နှုတ်ခမ်းမှ ဖယ်လိုက်သည်။ ထိုအခါ ရှုယင်းယင်းသည် လက်ကိုင်ပုဝါပေါ်မှ တောက်ပသော အနီရောင်သွေးစများကို မြင်လိုက်ရသည်။
"အဘိုး! အဘိုး သွေးတွေ..သွေးတွေ..အန်ထွက်လာပြီ!"
သူမ စိုးရိမ်တကြီး နဲ့အော်လိုက်မိသည်။
"ရှူး!" အဘိုးအိုက လက်ညှိုးကို နှုတ်ခမ်းမှာ တားလိုက်ရင်း.."
ဘယ်သူ့ကိုမှ မပြောပါနဲ့၊ ဒါ အဘိုးတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်ပဲ"
[လျှို့ဝှက်ချက်တွေ အများကြီးသိလေလေ၊ အသေ စောစောလေပဲလေ အဘိုးရဲ့..အဘိုး... က ..သမီးကို တကယ်ကြီး ဒုက္ခပေးနေတာ မဟုတ်လား :)]
"ယင်းယင်း... မြေးလေး အဘိုးကို ကူညီပေးပါ၊ အဘိုးရဲ့ ဘေးနားမှာ တကယ်ပဲ ယုံကြည်ရတဲ့သူ တစ်ယောက်မှ မရှိဘူး၊ အိုမင်း နေတဲ့ အဘိုးအတွက်ပဲလို့ သဘောထားပြီး ကုမ္ပဏီမှာ သွားပြီး သင်ယူကြည့်ပေးပါ၊ ဟုတ်ပြီလား"
"အာ... ဒါက"
ရှုယင်းယင်းမှာ အလွန်အမင်း ဝေခွဲမရ ဖြစ်နေတော့သည်။
သူမ မျက်လုံးထဲတွင် အဘိုးအိုမှာ သူ့ ဆန္ဒကို ဆက်ခံမည့်သူအား အသည်းအသန် ရှာဖွေနေသည့် သေအံ့ဆဲဆဲ ဧကရာဇ်အိုကြီးတစ်ပါးနှင့်ပင် တူနေသည်။ သို့သော် သူသည် အေးအေးဆေးဆေး နေချင်သူသာ ဖြစ်ပြီး နန်းတွင်း တိုက်ပွဲများနဲ့ တူသည့် ထိုကုမ္ပဏီထဲသို့ ဝင်မတိုးချင်ပေ။
ချက်ချင်းဆိုသလို သူ လူတစ်ယောက်ကို သတိရသွားသည်။
"အဘိုး... သမီးရဲ့ မောင်လေးအားယောင်က အခုဆို အထက် တန်း ကျောင်းပြီးတော့မှာ မဟုတ်လား၊ အဘိုး သမီးအတွက် ဘွဲ့ဝယ်ပေးနိုင်တယ်ဆိုရင် မောင်လေးအတွက်လည်း တစ်ခု ဝယ်ပေးလို့ရတာပဲ၊ ဒါမှမဟုတ် သူ့ကိုပဲ ကုမ္ပဏီမှာ အရင် အတွေ့အကြုံယူခိုင်းလိုက်ရင်ကော"
[ဟုတ်သားပဲ..! စောစောက ဒုတိယဒေါ်လေးက သူ့သားအကြောင်းကိုပဲ ပြောနေတာ၊ ငါ ဘာလို့ မေ့သွားရတာလဲ!]
အဘိုးအို ရှုဟုန်ရှန်းမှာမူ ရုတ်တရက် အကွက်ရွှေ့ခံလိုက်ရသဖြင့် [ဒီကလေးမက ဒါကို ဘယ်လိုများ သတိရသွားတာလဲ!] ဟု တွေးကာ ဆွံ့အသွားရသည်။
ရှုဟုန်ရှန်းသည် သူ့ ဦးနှောက်ဆဲလ်များကို အမြန်အလုပ်ပေးလိုက်ပြီး အတန်ကြာမှ ရှုယင်းယင်းကို အထီးကျန်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မြေး မသိသေးလို့ပါ၊ အားယောင်က အမှန်တော့ မိသားစုနဲ့ ပတ်သက်မှုတွေကို အမြဲဖြတ်တောက်ချင်နေတာ၊ အဘိုးရဲ့ အောင်မြင်မှုတွေက သူ့ရဲ့ အရည်အချင်းကို ဖုံးလွှမ်းသွားမှာ စိုးလို့ဆိုပြီး သူက ကုမ္ပဏီကိုမလာချင်ဘူးလေ"
[ဘာ! မောင်လေးက ဒီလောက်တောင် ခေါင်းမာတာလား၊ ချမ်းသာတဲ့ ဘဝကိုစွန့်လွှတ်ပြီး ကိုယ့်အားကိုယ်ကိုးချင်တာပေါ့!]
[ကြည့်ရတာ သူ လူမှုပတ်ဝန်းကျင်ရဲ့ အရိုက်အပုတ်တွေနဲ့ ဘဝရဲ့ အခက်အခဲတွေကို မတွေ့ဖူးသေးလို့ပဲ!]
[ဒီလို ခေါင်းမာတဲ့ သူဌေးသားလေးတွေနဲ့ တကယ်ပဲ အားပြိုင်ချင်စမ်းပါဘိ]
အဘိုးအိုက ဆက်သရုပ်ဆောင်ပြန်သည်။