အခန်း (၁၃)
Vol. 2 Ch. 13
🍁 Chapter 13
"ဟင်း! ကြည့်ရတာ အဘိုးကတော့ မသေခင်အထိ အဆုံးမရှိတဲ့ နာကျင်မှုတွေနဲ့ နောင်တတွေကိုပဲ ခံစားသွားရတော့မှာပဲ၊ ထားလိုက်ပါတော့... မြေး မလုပ်ချင်ရင်လည်း အဘိုး အတင်းမတိုက်တွန်းတော့ပါဘူး"
အဘိုးအိုသည် ကြမ်းပြင်မှ မျက်နှာကျက်အထိ ရှိသော ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး မှောင် မိုက်နေသော ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
လမင်းကြီးမှာ အဆုံးအစမရှိသော ကောင်းကင်ယံ၌ တစ်စင်းတည်း ချိတ်ဆွဲခံထားရသကဲ့သို့ အလွန်ပင် အထီးကျန်နေပုံရသည်။
"အပြင်လူတွေက ရှုမိသားစုရဲ့ ကြီးကျယ်ခမ်းနားမှုကိုပဲ မြင်ကြတာ၊ စီးပွားရေးကို စတင်ခဲ့တုန်းကဆို အဘိုးဘယ် လောက် ပင်ပန်းခက်ခဲခဲ့လဲဆိုတာ ဘယ်သူမှ မသိကြဘူး၊ တခြားသူတွေက စီးပွားရေး စတင်ဖို့ ခက်ခဲကြပေမဲ့ အဘိုးကတော့ ရှိနေတဲ့စီးပွားရေးကို ဆက်လက်ထိန်းသိမ်းရတာ ပိုပြီးခက်ခဲနေတယ်၊ အကယ်၍ အဘိုးမှာ ဘာမှမကျန်တော့မယ့် အတူတူဆိုရင် အစကတည်းက အကုန်လုံး မရှိခဲ့တာကမှ ပိုကောင်းဦးမယ်"
ရှုယင်းယင်း အတွင်းစိတ်မှာ အဘိုးအို၏သနားစဖွယ်ပြော ဆိုမှုများအောက်တွင် အလွန်အမင်း နှိပ်စက်ခံနေရတော့ သည်။
[အာ... ငါ တကယ်ပဲ ကိုယ်ကျင့်တရားမရှိရာ ရောက်နေတာလား၊ အဘိုးက ဒီလောက်တောင် အားကိုးရာမဲ့ ဖြစ်နေတာကို သူ့ရဲ့ တောင်းဆိုချက်လေးကိုတောင် ငါ မလိုက်လျောနိုင်ဘူးလား]
[ဒါပေမဲ့ တစ်ခါ သဘောတူလိုက်ရင် ငါ ချမ်းသာတဲ့ လူတန်း စားတွေရဲ့ အာဏာလုပွဲထဲကို ရောက်သွားတော့မှာ၊ ပြန်ဆုတ်ဖို့လည်း မလွယ်တော့ဘူး]
ရှုယင်းယင်းသည် အဘိုးအို၏ကျောပြင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ စောစောကမှ ခန့်ညားထည်ဝါနေသော ကျောပြင်မှာ ယခုအခါ လေဒဏ်မိုးဒဏ် ခံထားရသည့် သစ်ပင်အိုကြီးကဲ့သို့ပင် ကိုင်းညွတ်ကာ အိုမင်းရင့်ရော်မှုများနှင့် အားကိုးရာမဲ့မှုများ ပြည့်နှက်နေသည်။
[ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ၊ ဘာလို့ ငါ့ကို ဇွတ်အလုပ်လုပ်ခိုင်းနေရတာလဲ၊ အဟီး~]
အဘိုးအိုသည် သူမ စိတ်ထဲကအသံကို တိတ်တဆိတ် နားထောင်နေရင်း သူ့ အကွက်က အောင်မြင်တော့မည်ကို ယုံကြည်ချက်ရှိလာသည်။ အကယ်၍ ရှုယင်းယင်းသာ အဘိုးအို စိတ်ထဲကအသံကို ကြားနိုင်ပါက "အဘိုးမှာ ဒီလိုဉာဏ်မျိုးရှိနေတာတောင် ဘာလို့ သားသမီး သုံးယောက်လုံးကို အသုံးမကျအောင်မွေးထားတာလဲ" ဟု မေးမိပေလိမ့် မည်။
ငါးမိနစ်ခန့် တိတ်ဆိတ်သွားပြီးနောက် ရှုယင်းယင်းသည် သူ့ကံကြမ္မာကို အရှုံးပေးကာ စကားပြောလိုက်သည်။
"သမီး သွားပါ့မယ် အဘိုး၊ အဘိုး စိတ်မကောင်း မဖြစ်ပါနဲ့တော့နော်"
ရှုယင်းယင်းသည် သူမ၏ မခိုင်မာသော ကိုယ်ကျင့်တရားကို စိတ်ထဲမှ တိတ်တဆိတ်ဆဲဆိုလိုက်မိသည်။
အဘိုးအိုက သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို မနည်းထိန်းပြီး မြေးဖြစ်သူကို လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ့ ထက် မြက်သော မျက်ဝန်းများထဲတွင် မျက်ရည်စများဝဲနေသည်ကို တွေ့လိုက်ရသည့် ရှုယင်းယင်းမှာ ထိတ်လန့်သွားရသည်။
[အဘိုးက ဝမ်းသာလို့ ငိုနေတာလား၊ မဟုတ်မှလွဲရော...အာ... ဒါက ငါ့ကို ပိုပြီးအပြစ်ရှိတယ်လို့ ခံစားရအောင် လုပ်နေတာပဲ!]
သူမသည် အဘိုးအိုဆီသို့ အမြန်လျှောက်သွားပြီး တစ်ရှူးတစ်ရွက် ထုတ်ပေးလိုက်သည်။ သူမကို အဘိုး မော့ကြည့်လိုက်သောအခါ မျက်ရည်များက ပါးပြင်ပေါ်သို့ တိတ်တ ဆိတ် စီးကျနေသည်ကို တွေ့လိုက်ရာ ရှုယင်းယင်း ဖစိတ်ကို ထိခိုက်စေတော့သည်။
သူမသည် ယနေ့တွင် မမြင်သင့်သောအရာများကို အများကြီး မြင်နေရပြီဟုခံစားနေရသည်။ ဒါက နန်းတွင်း တိုက်ပွဲတွေထဲမှာ ခေါင်းပြတ်နိုင်တဲ့ ကိစ္စတွေပဲ မဟုတ်လား။
"အဘိုး... စိတ်မပူပါနဲ့၊ သမီး သေသေချာချာ သင်ယူပါ့မယ်၊ ဒုတိယဒေါ်လေး ခိုင်းတာမှန်သမျှကို ကြိုးစားပြီး လုပ်ပါ့မယ်၊ အဘိုးအတွက် ပြဿနာ လုံးဝ မရှာပါဘူး"
"ယင်းယင်း... မြေးက အဘိုးကို သနားလို့ ဇွတ်လုပ်ပေးတာတော့ မဟုတ်ပါဘူးနော်၊ အဘိုးက မြေးရဲ့ကိုယ်ကျင့်တရားနဲ့ မြေးကို ချုပ်နှောင်လိုက်သလိုဖြစ်သွားလား"
ရှုယင်းယင်း "မဟုတ်ပါဘူး... လုံးဝ မဟုတ်ပါဘူး၊ သမီး ကိုယ့်သဘောနဲ့ ကိုယ် လုပ်တာပါ" ဟု မချိပြုံး ပြုံးကာဆိုလိုက်ရလေသည်။
[အဘိုးက သမီးရှေ့မှာ ငိုနေတာကို သမီးက ဘယ်လို ငြင်းရမလဲ၊ ဒါက ကိုယ်ကျင့်တရားနဲ့ ချုပ်နှောင်တာ မဟုတ်ရင် တောင် သမီးရဲ့ စိတ်ကတော့ အပြစ်ရှိနေမှာသေချာတယ်!]
[သမီးက စိတ်ပျော့တဲ့သူ ဖြစ်နေတာကိုပဲ အဘိုး ဝမ်းသာလိုက်၊ သမီးသာ စိတ်မာတဲ့ သူဆိုရင် အခုချိန် သမီးသေယောင် ဟန်ဆောင်နေရင် ဘယ်သူမှ ဘာမှပြောနိုင်မှာ မဟုတ်ဘူး!]
အဘိုးအိုက နှူညံ့စွာ ပြုံးပြီး သူမ၏ ပုခုံးကို ပုတ်လိုက်ပြီး
"ကျေးဇူးပါပဲ ယင်းယင်း၊ အဘိုးကို အခုလို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"
ရှုယင်းယင်းသည် ချမ်းသာသော သူဌေးသမီးဘဝဖြင့် အေးအေးဆေးဆေး နေရတော့မည်ဟု ထင်မှတ်ခဲ့သော် လည်း အလုပ်လုပ်ရမည့်ဘဝမှ မလွတ်မြောက်နိုင်သေးကြောင်း သိလိုက်ရသဖြင့် အလိုက်သင့်ပင် ရယ်မောလိုက်ပါတော့သည်။
အဟင်း~~
အဘိုးနှင့် မြေး နှစ်ယောက်လုံး ဧည့်ခန်းသို့ ပြန်ဆင်းလာချိန်တွင် တခြားသူများလည်း ဧည့်ခန်းထဲ ပြန်ရောက်နေကြပြီ ဖြစ်သည်။
ရှုယန်ဝမ်တို့ မိသားစုသုံးဦးမှာ ဆိုဖာပေါ်တွင် တီးတိုးစကားပြောနေကြပြီး ရှုယန်ရွေ့နှင့် ဇနီးဖြစ်သူမှာမူ ဖုန်းကိုယ်စီဖြင့် မက်ဆေ့ချ်များကို အာရုံစိုက် ပြန်ကြားနေကြသည်။
အဒေါ်ဖြစ်သူ ရှုယန်ဝေမှာမူ ကူးချန်ကိုမှီ၍ မှေးစက်နေ သည်။ ကူးချန်က လက်တစ်ဖက်ဖြင့် မက်ဆေ့ချ်ပြန်ရင်း ကျန်လက်တစ်ဖက်က ရှုယန်ဝေ၏ကျောပြင်ကို အသာ အယာ ပုတ်ပေးနေသည်။ ထိုချစ်ကြည်နူးမှုကို မြင်လိုက်ရသော ရှုယင်းယင်းမှာ ရုတ်တရက် ကြောင်အမ်းသွားရသည်။
[ရှောင်ချီ... ငါ မျက်စိမှားနေတာလား၊ အဒေါ်က ဘာလို့ အဲဒီလူယုတ်မာရဲ့ ရင်ခွင်ထဲပြန်ရောက်နေတာလဲ၊ ခဏလေးအတွင်းမှာပဲ အဒေါ် နောက်တစ်ခါထပ်ပြီး အချစ်နွံထဲ နစ်သွားပြန်ပြီလား! ဒါယုတ္တိရှိရဲ့လား]
[အချစ်ရူးဆိုတာ ဒါမျိုးပဲလေ၊ နားလည်ပေးလိုက်ပါ!]
စနစ်၏တည်ငြိမ်လှသော တုံ့ပြန်မှုကြောင့် ရှုယင်းယင်းမှာ ဆွံ့အသွားရပြန်သည်။ ကြည့်ရတာတော့ အခြေအနေက တကယ့်ကို မျှော်လင့်ချက် မရှိတော့တာပဲ!
ရှုယင်းယင်း၏ စိတ်ထဲကအသံကို ကြားလိုက်ရချိန်တွင် လူတိုင်းက ဒုတိယထပ်သို့ လှည့်ကြည့်လိုက်ကြသည်။ အဘိုးနှင့် ရှုယင်းယင်းတို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြရာ အားလုံးက ထရပ်၍နှုတ်ဆက်ကြသည်။ အဘိုး ထိုင်ရန် အချက်ပြပြီးနောက် ဆိုဖာတွင် ဝင်ထိုင်ကာ ပြောစရာရှိတာ ပြောလိုက်သည်။
"ယင်းယင်း ကုမ္ပဏီကို သွားဖို့က လာမယ့် တနင်္လာနေ့မှာ တရားဝင် စတင်မယ်"
ထိုစကားကြောင့် အားလုံး စိတ်အေးသွားကြသည်။
အဘိုးက ထန်ဝမ်ကို ကြည့်ကာ "နှစ်ရက်ဆိုရင် အစီအစဉ်ဆွဲဖို့ လုံလောက်တယ် မဟုတ်လား"
ထန်ဝမ် ခေါင်းငြိမ့်ကာ "လုံလောက်ပါတယ် အဖေ၊ တူမလေးရဲ့ပညာအရည်အချင်းက သာမန်ပဲဆိုတော့ ရာထူးကြီးကြီးပေးရင် လူအများက လက်ခံဖို့ခက်လိမ့်မယ်၊ ဒါကြောင့် သူမကို ဧည့်ကြိုဌာနကနေပဲ စပြီး သင်ယူရင်ကော အဆင်ပြေရဲ့လား" ဟု ရှုယင်းယင်းကို လှည့်မေးလိုက်သည်။
"ဟုတ်ကဲ့... ပြဿနာ မရှိပါဘူး" ဟု ရှုယင်းယင်းက ပြန်ဖြေလိုက်သည်။
[ပညာအရည်အချင်းက အကြောင်းပြချက်ကောင်းတစ်ခုပဲ၊ ဒါပေမဲ့ ဒါက နင့်မှာ အတ္တမရှိဘူးလို့ မဆိုလိုဘူးနော်၊ နင်က ငါ နင့်နားကိုရောက်လာပြီး နင်နဲ့ ဦးလေးတို့ ရုံးခန်းထဲမှာ ဘာတွေ၊ ညာတွေ လုပ်နေတာကို မိသွားမှာကြောက်နေတာမလား၊ နင်တို့ရဲ့ ရုံးခန်းစားပွဲပေါ်က ကစားပွဲလှည့်ကွက်တွေကို ငါ သိတာပေါ့]
ထန်ဝမ် မျက်နှာမှာ ဖြူဖျော့သွားပြီး ကူးချန်၏ပညာတက် လူယဉ်ကျေး အမူအရာမှာလည်း စက္ကန့်ပိုင်းအတွင်းပျက်ယွင်းသွားတော့သည်။ သူ့ လက်များမှာလည်း ရှုယန်ဝေ၏ ကျောကို ဆက်မပုတ်ပေးနိုင်တော့ဘဲ တောင့်တင်းသွားရသည်။ ခဏတာအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ သေလောက်အောင် တိတ်ဆိတ်သွားတော့သည်။
ရှုယန်ဝမ်က အခြေအနေကို ထိန်းသိမ်းရန်အတွက်
"အဖေ..နောက်ကျနေပြီဆိုတော့ တခြား မှာစရာမရှိရင် ကျွန်တော်တို့ အရင်ပြန်ပါရစေ" ဟု ခွင့်တောင်းလိုက်သည်။
ထိုအခါက အဘိုးက နဖူးကို လက်ဖြင့်ဖိကာ "အေးအေး... ပြန်ကြတော့၊ ငါလည်း ပင်ပန်းနေပြီ" ဟု ပင်ပန်းစွာ ဆိုလာသည်။
---
ကားပေါ်တွင်
ရှုယန်ဝမ်က ကားမောင်းနေရင်း စိုးရိမ်ပူပန်မှုများဖြင့် စကား ပြောနေသည်။ ယင်းယင်း ကုမ္ပဏီ ပတ်ဝန်းကျင်နှင့် အသားမကျမှာကို စိုးရိမ်နေသကဲ့သို့ ဒုတိယဒေါ်လေးက ဒုက္ခပေးမှာကိုလည်း သူတို့ ကြောက်နေကြသည်။
ဒါကို ရိပ်မိတဲ့ ရှုယင်းယင်းက ပွင့်ပွင့်လင်းလင်းပင် " အဖေတို့..သမီးကို စိုးရိမ်နေကြတာ သိပါတယ်၊ ဒါပေမဲ့ သမီးက အဘိုးကိုယ်တိုင် ရွေးချယ်ထားတဲ့သူလေ၊ သမီးကို အနိုင်ကျင့်ချင်တဲ့သူရှိရင်တောင် သေချာစဉ်းစားရလိမ့်မယ်၊ ဒါကြောင့် သိပ်ပြီး စိတ်မပူကြပါနဲ့" ဟု အားပေးလိုက်သည်။
ညီမဖြစ်သူ ရှုယောင်ယောင်လည်း အသာအယာ ဝင်ပြော သည်။
" ဟုတ်တယ်..မေမေတို့ စိုးရိမ်စရာမလိုပါဘူး၊ မမ ကုမ္ပဏီမဝင်ခင်မှာ သိထားသင့်တဲ့ အချက်အလက်တွေ အကုန်လုံးကို မမအတွက် သမီး သေချာပြင်ဆင်ထားပေးပါ့မယ်"
ရှုယင်းယင်း ပြုံးလိုက်ပြီး "မေမေ... သမီးက မေမေတို့..ထင်သလောက်လည်း မနုနယ်ပါဘူး၊ အရင်ကလည်း အလုပ်တွေ လုပ်ခဲ့ဖူးတာပဲ၊ သမီးရဲ့အရည်အချင်းကို မယုံဘူးလား"
ယင်းယင်းမှာ တကယ်တော့ အလုပ်ဖိအားကြောင့် သေဆုံးခဲ့ရသော ဝန်ထမ်းတစ်ဦးဖြစ်သည် မဟုတ်လား။ အလုပ်လုပ်ရမည့် တာဝန်က ရှောင်မလွတ်မှတော့ အေးအေးဆေးဆေး ဖရဲသီးစားရမည့်နေရာ ပြောင်းသွားသည်ဟုသာ သူ သဘော ထားလိုက်သည်။
သို့သော် ရှုယင်းယင်းက အလုပ်လုပ်ဖူးကြောင်း ပြောလိုက်သောအခါ မေမေဖြစ်သူ ကျန်းရှင်းမှာ ပိုစိတ်မကောင်းဖြစ်သွားရသည်။
ကားမောင်းနေရင်းနဲ့ ရှုယန်ဝမ်သည် စိတ်ကူးရပြီး "ဒါဆိုရင် မနက်ဖြန်ကစပြီး ထမင်းမစားဘဲ နေမလား၊ ဒါမှမဟုတ် အိမ်ကပစ္စည်းတွေကို လိုက်ခွဲမလား၊ ပြဿနာကို ကြီးနိုင်သမျှ ကြီးအောင်လုပ်ကြမယ်လေ၊ အဲဒါဆို အဖေ့ ဆုံးဖြတ်ချက်ကို ပြန်ပြီးရုပ်သိမ်းခိုင်းလို့ ရပြီပေါ့" ဟု အကြံပေးလိုက်သည်။
ရှုယင်းယင်းမှာ ထိတ်လန့်သွားရသည်။
"အဲလိုလုပ်ရင် သမီး အရူးထောင် ရောက်သွားမှာပေါ့၊ အဘိုးက သမီးကို သည်းခံနိုင်ပါတော့မလား"
[ငါ့ရဲ့..ချမ်းသာတဲ့ ဖေဖေရယ်... သမီးဖြစ်ချင်တဲ့ "အသုံးမကျတဲ့သူ" ဆိုတာ ဖေဖေ ခိုင်းတဲ့ အပြုအမူမျိုး မဟုတ်ဘူးလေ...!!]