အခန်း (၁၅)
Vol. 2 Ch. 15
🍁 Chapter 15
[ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ကိုပေးတယ်ဆိုတော့... အဲဒီလူယုတ်မာက ငါ ကုမ္ပဏီသွားမယ့်ကိစ္စကို စုံစမ်းဖို့ ဒေါ်လေးကို ခိုင်းလိုက်တာလား? အာ... ချမ်းသာတဲ့မိသားစုတွေရဲ့ အရှုပ်ထုတ်ထဲ ငါ မဝင်ချင်ပါဘူး QAQ]
ယန်ဝေမှာ အံ့ဩသွားရသည်။ သူမက ကူးချန်အတွက် စကားကောင်းပြောပေးချင်လို့ လာခဲ့တာပါ။ ကူးချန်အပေါ် ယင်းယင်းရဲ့ အထင်အမြင်တွေကို ပြောင်းလဲပေးချင်ရုံသက် သက်ပါ။ တခြားဘာကိစ္စ မှမပါပါဘူး။
ယန်ဝေက လက်ဆောင်ဘူးကိုဖွင့်ပြီး ရွှေဖြူရောင်လက် ကောက်လေးကို ထုတ်လိုက်ပြီး "သာမန် လက်ကောက်လေးပါ၊ တန်ဖိုးမရှိပါဘူး၊ ဒေါ်လေးပေး တဲ့လက်ဆောင်ကို လက်ခံပေးနော်"
ယင်းယင်းက လက်ကောက်လေးကို ကြည့်ပြီး သဘောကျသွားသည်။
[အဒေါ်က တကယ်တော့ စိတ်ထားကောင်းတာပဲ၊ ဘာလို့ များ အချစ်ရူး ဖြစ်နေရတာလဲ!]
ရှုယန်ဝေမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည် ပြီးမှ "ဒီနေ့ လာတာက သတင်းကောင်းလေးတစ်ခု ပြောပြချင်လို့"
[ဦးလေးနဲ့တော့ မဆိုင်ပါစေနဲ့!]
ယင်းယင်းက "ဘာသတင်းကောင်းလဲ ဟင်..?" ဟု စပ်စုလိုက်သည်။
"ဒေါ်လေး မကြာခင်မှာ အမေဖြစ်တော့မယ်"
ရှုယင်းယင်းမှာ သောက်လက်စရေတောင် သီးသွားသည်။
"အဟွတ်... အဟွတ်... ဆောရီးပါ..ဒေါ်လေး.အဟွတ်..အဟွတ်.."
[ဟာ... ဒါက သတင်းဆိုးကြီးပဲ! ဒေါ်လေးရယ် သတိလေးဘာလေး ထားပါဦး၊ အဲဒီလူယုတ်မာက ဒေါ် လေးနဲ့ ကလေးမလိုချင်ဘူးဆိုတာ ရှင်းနေတာပဲလေ၊ ဒါ သူ့ရဲ့ အချိန်ဆွဲတဲ့ နည်းဗျူဟာပဲ ဖြစ်မှာ!]
ယန်ဝေရဲ့အပြုံးက တောင့်တင်းသွားသည်။
"ဒေါ် လေး..တကယ်ပျော်နေတာပါ၊ ဒီလို..နေ့ကို စောင့်ခဲ့တာ ၃ နှစ်တောင်ရှိပြီ၊ အားချန်ကလည်း ဆေးစစ်ဖို့ သူ့ဖက်ကစပြီးပြောလာတာလေ၊ ဒါ ဘယ်လောက်တောင် ခဲယဉ်းတဲ့ကိစ္စလဲ သိလား"
[ခဲယဉ်းတာပေါ့! သူ ဒေါ် လေးကို လှည့်စားဖို့ အကောင်းဆုံးနည်းလမ်းကို သုံးလိုက်တာလေ၊ အဲဒီလူယုတ်မာက တကယ်ကို လှည့်ကွက်တွေ များတာပဲ!]
[ဒေါ် လေးသာ သတိလေးရှိရင် မနေ့ညက မြင်ခဲ့တဲ့အတိုင်း သူနဲ့ ဒုတိယဒေါ်လေးကြားက ကိစ္စကို စုံစမ်းပြီး အိမ်ကနေအမြန်ဆုံး မောင်းထုတ်ပစ်ရမှာ!]
[ဘာလို့ ဒီလောက်တောင် ကိုင်တွယ်ရခက်နေတာလဲ! သုံးနှစ်တောင် စောင့်ခဲ့ရတယ်ဆိုကတည်းက သူ့မှာ ပြဿနာရှိနေလို့ပေါ့၊ အခုမှ ဘာလို့ သွားစစ်တာလဲ?]
[အား... စိတ်တိုလိုက်တာ! ဒေါ် လေးကတော့ သူ့ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်နေတော့မှာပဲ..ဒီလူယုတ်မာက ဒေါ်လေးကို အရူးလိုကစားနေတာ..အဒေါ်က အရမ်းလှပြီး စိတ်ထားကောင်းပေမဲ့ IQ ကတော့ အလှအပတွေထဲမှာပဲ ကုန်သွားတာ ထင်တယ်!]
[ကောင်းကင်ကြီးရေ... မတရားလိုက်တာ!]
ရှုယန်ဝေမှာ စိတ်လည်းတို၊ ဝမ်းလည်းနည်းပြီး ရယ်ရခက် ငိုရခက် ဖြစ်နေရသည်။ သူမကိုယ်တိုင်လည်း ဒါတွေကို မစဉ်း စားမိတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ သူက ကူးချန်ကို ချစ်လွန်းလို့ အရာရာကို မျက်စိမှိတ်အလျှော့ပေးခဲ့တာပါ။ သူ့ရဲ့ ချစ်သူက ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်လည် အယုံသွင်းနေမိသည်။
"ချစ်တယ်ဆိုရင် လွတ်လပ်ခွင့်ပေးရတယ်၊ အလျှော့ပေးရတယ်၊ သည်းခံပေးရတယ်၊ အားချန်က သူ့ရဲ့ မာနကိုချပြီး ဆေးစစ်ခံမယ်ဆိုတာကလဲ အကြီးမားဆုံး အလျှော့ပေးမှုပဲ ငါတို့မှာ ကလေးရလာရင် ငါတို့အချစ်တွေက ခိုင်မြဲသွားမှာပါ မဟုတ်ဘူးလား"
ယန်ဝေက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်သလို ပြောလိုက်ပါသည်။
ရှုယင်းယင်းက အံကြိတ်ပြီး အလိုက်သင့် ခေါင်းညိတ်လိုက်ရသည်။
"ဟုတ်ကဲ့... အဒေါ်ပြောတာ မှန်ပါတယ်"
[အား... စိတ်တွေ တကယ်..ကုန်တယ်!]
[ရှောင်ချီ... နင် အဒေါ့် ဖုန်းကို Hack ပြီး အာမခံငွေရဖို့ ဇနီးကို သတ်တဲ့သတင်းတွေ၊ အမွေလုဖို့ မိသားစုကို ဖျက်ဆီးတဲ့ သတင်းတွေ အများကြီးပို့ပေးလို့ မရဘူးလား? အချစ်ရူးတွေ နိုးကြားလာအောင်လို့လေ]
[ရှောင်ချီက အတင်းအဖျင်း စနစ်ပါ၊ ကယ်ဆယ်ရေးစနစ် မဟုတ်ပါဘူး၊ အချစ်ရူးတွေကို ကယ်လို့မရဘူးဆိုတာ နင်ပဲ ပြောခဲ့တာလေ၊ လူယုတ်မာ ဖူးစာဖက်တွေ ကွဲမယ့်အချိန်ကိုပဲ စောင့်ရအောင်!]
ယင်းယင်း စိတ်ထဲကနေ အော်ဟစ်နေမိပါတယ်။
[အဲဒီလူယုတ်မာမှာ လှည့်ကွက်တွေ အများကြီးပဲ၊ နင်ပြောတဲ့ လူယုတ်မာ ဖူးစာဖက်တွေပဲ ကွဲမလား ဒေါ်လေးပဲ အရင်ရူးသွားမလား ဆိုတာ ငါမသိတာ့ဘူး..ဟီး~~]
ရှုယန်ဝေ: "..."
ငါ အဲလောက်တော့ မအပါဘူးနော်၊ ဒါပေမဲ့ နင်ပြောတဲ့ သတင်းတွေကိုတော့ ငါ စပ်စုချင်သား~~
ညနေ သုံးနာရီအချိန်တွင် ရှုယောင်ယောင်သည် ချိန်းဆိုထားသော နေရာသို့ ကားမောင်းထွက်လာခဲ့သည်။
မြို့ပြင်ရှိ အပန်းဖြေစခန်း၏ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး စိမ်းလန်းသော တောင်တန်းများကြားတွင် ဝှက်ကွယ်နေသည်။ တောင်ကျစမ်းရေများက ဝါးရုံအိမ်လေး၏ အပြင်ဘက်မှ ဖြည်းညှင်းစွာ စီးဆင်းနေသည်။ နွေးထွေးသော လေညင်းလေးက ဝါးတောကို ဖြတ်သန်းတိုက် ခတ်လာသောအခါ တရှဲရှဲ မြည်သံများက လူတို့၏ စိုးရိမ်ပူပန်မှုများနှင့် ဖိအားများကို ပြေပျောက်စေပြီး သဘာဝအလှတရားထဲတွင် နစ်မြောသွားစေနိုင်သည်။
သို့သော် ရှုယောင်ယောင်မှာမူ ဤအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူမသည် ကားပေါ်မှ မဆင်းမီ အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို အကြိမ်ကြိမ် ငြိမ်အောင် ထားလိုက်ရသည်။
အစ်မဖြစ်သူ အိမ်ပြန်ရောက်လာသောနေ့ ၊မွန်းတည့်ချိန်ခန့်က သူမ၏ ဖုန်းထဲသို့ နံပါတ်စိမ်းတစ်ခုထံမှ မက်ဆေ့ချ်တစ်ခု ရုတ်တရက် ရောက်လာခဲ့သည်။ စာသားမှာ အလွန်ရိုးရှင်းလှသည်။
[ယောင်ယောင်... ငါက နင့်အမေပါ၊ နင့်ကို မွေးခဲ့တဲ့ မိခင်အရင်းပါ] ဟူ၍ ဖြစ်သည်။
ထိုစကားလုံးများကို တစ်လုံးချင်းခွဲကြည့်လျှင် သူ နားလည်သော်လည်း ပေါင်းစပ်လိုက်သောအခါ ထိုအဓိပ္ပာယ်ကို နားလည်နိုင်ရန် သူမ အတော်လေး အားယူခဲ့ရသည်။
မွေးစားမိဘများက သူတို့၏ သမီးအရင်းမှာ အိမ်နီးချင်းမြို့တွင် နေထိုင်ကြောင်း သိလိုက်ရကတည်းက သူမသည် အတုအယောင် သမီးတစ်ဦးဖြစ်နေကြောင်း အမှန်တရားကို လက်ခံနိုင်ရန် ကြိုးစားနေခဲ့သည်။ မိဘများက အစ်မဖြစ်သူကို အိမ်သို့ ဂရုတစိုက်နှင့် စိုးရိမ်တကြီး ခေါ်လာချိန်ကျမှသာ သူမသည် ဤအမှန်တရားကို လုံးဝလက်ခံလိုက်သည်။ ထို့ကြောင့် သူမထွက်သွားရန်လည်း တစ်ညလုံး ပြင်ဆင်နေခဲ့ လေသည်။
သူမ၏ ဘဝအမှန်ကို သိရှိချိန်မှစ၍ မွေးစားမိဘများထံမှ စွန့်ခွာရန် ဆုံးဖြတ်ချက်ချ လိုက်သည့် အချိန်ထိ သူ့မိဘအရင်းများကိုရှာဖွေရန် တစ်စက္ကန့်မျှပင် မတွေးခဲ့ဖူးပေ။
အဘယ့်ကြောင့်ဆိုသော် အကယ်၍ သူသာ ၎င်းတို့ လိုချင်တောင့်တခဲ့သော ကလေးတစ်ယောက်ဆိုပါက အနှစ် ၂၀ ကျော်ကြာအောင် သူ့အား အပျောက်ဆုံးခံပြီး လာမရှာဘဲနေမည်မဟုတ်ပေ။ ထို့ပြင် ဤအရာမှာ မတော်တဆအမှားတစ်ခုဖြစ်သည်ဟု ဆိုသည်ကိုလည်း သူ မယုံကြည်ပေ။
အစ်မဖြစ်သူ စိတ်ထဲကအသံမှတစ်ဆင့် သူမ၏တည်ရှိမှုက ကြံစည်မှုတစ်ခုဖြစ်နိုင်ကြောင်း ကြားလိုက်ရသောအခါ သူ ခဏတာမျှ အံ့ဩတုန်လှုပ်သွားပြီးမှ အမှန်ကိုလက်ခံလိုက်နိုင်သည်။
မိမိသွေးသားရင်းကို ရက်ရက်စက်စက် စွန့်ပစ်နိုင်သောသူတစ်ယောက်မှာ ကိုယ်ကျင့်တရားနှင့် အသိတရား မည်မျှရှိနိုင်မည်နည်းဟု မေးခွန်းမှာ ထုတ်စရာပင်ဖြစ်သည်။ ယခုခေတ်က အစာရေစာ ခေါင်းပါးနေသောခေတ်လည်း မဟုတ်၊ ကျွေးမွေးစရိတ် မတတ်နိုင်တဲ့ ခေတ်လည်းမဟုတ်ပေ။
ဤအရာသည် ကလေးတစ်ယောက် ရောက်လာမည်ကို မကြိုဆို မမျှော်လင့်၍သာဖြစ်ရမည်။ တခြား ဘာအကြောင်း ပြချက် ထပ်ရှိနိုင်ဦးမည်နည်း။
အစ်မဖြစ်သူ၏ စိတ်ထဲကအသံသာ မရှိပါက သူမသည် ဤအဆင့်ထိတွေးမိမည် မဟုတ်ပေ။ သို့သော် အစ်မဖြစ်သူ၏ အသံမှတစ်ဆင့် သူတို့ရည်ရွယ်ချက်မှာ ဤမျှမကကြောင်းကိုသူမကို ရှင်းရှင်းလင်းလင်း တိတိကျကျသိစေခဲ့သည်။
ယခု ပြန်တွေးကြည့်သောအခါ ထိုမက်ဆေ့ချ် ပေါ်လာသည့် အချိန်အခါမှာ တိုက်ဆိုင်မှုတစ်ခုဆိုသည်ထက် အများကြီး ပိုနေသည်။
အကယ်၍ အစ်မဖြစ်သူကသာ သူမရှိနေခြင်းကို မုန်းတီးပြီး အိမ်ပြန်ရောက်သည့် ပထမနေ့ ကတည်းက သူမကို ဖယ်ရှားရန် ပစ်မှတ်ထားစတင်ခဲ့ပါက မိခင်အရင်း၏ ပေါ်ထွက်လာမှုမှာ ဤအချိန်တွင် အလွန်အရေးပါနေသည်။
ပထမအကြိမ်တွင် သူမ မျက်ကွယ်ပြုထားနိုင်သော်လည်း နောက်နောင် အစ်မဖြစ်သူမှ ပိုဆိုးလာပါက သူမ မည်သို့လုပ်ရမည်နည်း။
အစ်မဖြစ်သူ၏ ဖိနှိပ်မှုကို ခံရချိန်တွင် သူမသည် မွေးစားမိဘများ၏ ကျေးဇူးကိုလည်း ထောက် ထားရမည်ဖြစ်သလို၊ အစ်မ၏ မနာလိုမှုကိုလည်း နားလည်ပေးရမည်ဖြစ်သည်။ ထိုအချိန်တွင် မွေးစားမိဘများက ညီအစ်မ သံယောဇဉ်ကို ထိန်းသိမ်းရန်အတွက် သူမကို အလျှော့ပေးရန်သေချာ ပေါက် တောင်းဆိုလာကြမည်ဖြစ်သည်။
သူမအနေဖြင့် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် အလျှော့ပေးနိုင်သော်လည်း ဆယ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်ခန့် ဖြစ်လာပါကမည်သို့ပြုလုပ်ရမည်နည်း။
သူမ၏အလျှော့ပေးမှုက အစ်မဖြစ်သူကို မထိန်းချုပ်နိုင်ဘဲ ပိုပိုဆိုးလာစေခဲ့ရင်ကော သူ ဆက်လက် ခွင့်လွှတ်သည်းခံနိုင်ပါဦးမည်လား။
ထိုကဲ့သို့ အကြိမ်ကြိမ် အလျှော့ပေးခဲ့သော်လည်း အချည်းနှီးဖြစ်နေပါက သူမလည်း ဝမ်းနည်းပြီး စိတ်မသက်မသာ ဖြစ် လာမည် မဟုတ်ပါလား။
ထိုအချိန်တွင် မိခင်အရင်းဖြစ်သူက ပေါ်လာပြီး နူးညံ့သိမ်မွေ့သော ချဉ်းကပ်မှုဖြင့် နောင်တရကြောင်း၊ အကူအညီမဲ့ခဲ့ရကြောင်း ပြောဆိုပြီးခွင့်လွှတ်ရန် တောင်းပန်လာပါက သူမ၏ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။
သူမသည် သေချာပေါက် ဝမ်းနည်းလာမည်ဖြစ်ပြီး မတန်ဘူးဟုပင် ခံစားလာရလိမ့်မည်။
[ဘာလို့ သူက သွေးသားရင်းမဟုတ်တဲ့ သူမကို အနိုင်ကျင့်နိုင်ရတာလဲ၊ ဘာလို့ ငါက မျက်ကန်းလို သည်းခံနေရမှာလဲ၊ ကလေး မှားခေါ်လာတာ ငါမှ မဟုတ်တာ!'] ဟု စတင် တွေးမိလာမည်ဖြစ်သည်။