အခန်း (၁၆)
Vol. 2 Ch. 16
🍁 Chapter 16
ထိုကဲ့သို့ အန္တရာယ်များသော အတွေးမျိုး ဝင်လာချိန်တွင် မိခင်အရင်းက အခွင့်အရေးကို အသုံးချကာ ဝင်ရောက်လာပါက သူမအတွက် အသက်ကယ်ကောက်ရိုးလေးတစ်ခုကို ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ ထိုတစ်ဖက်လူ၏ နူးညံ့သော သွေးဆောင်မှုအောက်တွင် သူမသည် မွေးစားမိဘများကို ထိခိုက်စေမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်မိသွားနိုင်သည်။
ဒါကို တွေးကြည့်ရုံနဲ့တင် တကယ်ကို ကြောက်စရာကောင်းလှသည်။
ရှုယောင်ယောင်သည် လက်ရှိ ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီး တစ်ဖက်လူ ချိန်းဆိုထားသော သီးသန့်အခန်းဆီသို့ လျှောက်သွား လိုက်သည်။ အခန်းပေါက်ဝသို့ ရောက်သောအခါ အသက်ကို နောက်တစ်ကြိမ် ပြင်းပြင်းရှူပြီး တံခါးကို ခေါက်လိုက်သည်။
"ဒေါက်....ဒေါက်...ဒေါက်..."
တံခါး ခေါက်သံ သုံးချက်အဆုံးတွင် အခန်းထဲမှ အမျိုးသမီးက ဖုန်းပြောနေကာတစ်ဖက်လူအား "သူ ရောက်လာပြီ၊ နောက်မှ ဆက်ပြောမယ်" ဟုပြောလိုက်သံ ခပ်သဲ့သဲ့ကိုလည်း သူ ကြားလိုက်ရသည်။
အခန်းထဲရှိ အမျိုးသမီးသည် ဖုန်းကို ချလိုက်ပြီး သက်ပြင်း ငွေ့ငွေ့ကို ချကာတံခါးဖွင့်ရန် ထလာသည်။
ထိုအချိန် တံခါး ဖွင့်လိုက်သည် တပြိုင်နက် အပြင်ဘက်ရှိ ငယ်ရွယ်လှပသော မိန်းမပျိုလေးတစ်ဦးကို တွေ့လိုက်သည်။
မိမိနှင့် မျက်လုံး၊ ရုပ်ရည် ကိုးဆယ်ရာခိုင်နှုန်းခန့် ဆင်တူ သော ထိုအလှလေးကို မြင်သောအခါ ကျိုးရှင်းရီ မျက်လုံးများမှာ ချက်ချင်းနီရဲလာတော့သည်။
ကျိုးရှင်းရီ တစ်ယောက် စိတ်မထိန်းနိုင်ပဲနှုတ်မှနေ
"အခုလို..အခုလို..လာတွေ့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်" ဟု တုန်ရီနေသော အသံနှင့် စိုးရိမ်တကြီး ဆိုလိုက်သည်။
သူမ ထွက်ပေါ်လာခြင်းက သမီးဖြစ်သူကို ဝေခွဲမရ ဖြစ်စေမည်ကို သူမ သိသည်။ မက်ဆေ့ချ်ပို့စဉ်က မိမိကိုယ်ကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခဲ့သည်မှလွဲ၍ နောက်ထပ် ဆက်သွယ်မှုများတွင် မိမိကိုယ်ကို 'အမေ' ဟု တစ်ကြိမ်မျှ မသုံးနှုန်းခဲ့ပေ။
ရှုယောင်ယောင်က သူမကို မော့ကြည့်လိုက်ပြီး မျက်ရည်ဝဲနေသော ထိုမျက်ဝန်းတစ်စုံ မှသည် သူမ တစ်ကိုယ်လုံးကို အကဲခတ်လိုက်သည်။
သူမရှေ့ရှိ အမျိုးသမီးမှာ ကျန်းမာသောအသားအရေမှစ၍ အဝတ်အစားနှင့် အသုံးအဆောင်များအထိ ချမ်းသာကြွယ်ဝမှုကြောင့် ရရှိလာသော ထူးခြားသည့် ကျက်သရေတို့မှာ ဖြာထွက်နေသည်။
ရှုယောင်ယောင်က ခေါင်းညိတ်ပြပြီး "အထဲဝင်ပြီးမှ စကားပြောကြတာပေါ့" ဟု အေးစက်စွာ ပြောလိုက်သည်။
စကားအဆုံးတွင် သူမသည် အမျိုးသမီးကိုကျော်ကာ အခန်းထဲသို့ တန်းဝင်သွားသည်။
သမီးဖြစ်သူ၏ အေးစက်မှုကို ကျိုးရှင်းရီက မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူမသည် ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် သနားစရာကောင်းအောင် ညှိုးငယ်နေသည့်ပုံစံမျိုး တမင်ဟန်ဆောင်ဝတ်ဆင်ထားခြင်း မရှိပေ။
သူမတွင် သမီးဖြစ်သူကို အချိန်တိုအတွင်း သူမအား အလို အလျောက် ယုံကြည်လက်ခံလာစေရန် ပိုမိုကောင်းမွန်သော နည်းလမ်းများစွာ သူမထံမှာရှိသည်။
အခန်းထဲသို့ ဝင်ထိုင်ပြီးနောက် ကျိုးရှင်းရီက စားပွဲပေါ် ရှိ လှပသော လက်ဖက်ရည်အိုးကို ယူကာ သူမသမီးအတွက် လက်ဖက်ရည် ငှဲ့ပေးရန် ပြင်လိုက်သည်။
"ကျွန်မပဲ လုပ်ပါ့မယ်.."
ရှုယောင်ယောင်က တားဆီးလိုက်ပြီး သူမကိုယ်တိုင် လက်ဖက်ရည်အိုးကို ယူကာ တစ်ဖက်လူကို အရင်ငှဲ့ပေးပြီးမှ သူမအတွက် ငှဲ့ကာ အေးဆေးတည်ငြိမ်စွာ တစ်ငုံ သောက်လိုက်သည်။
ကျိုးရှင်းရီသည် သမီးဖြစ်သူ၏ ရည်မွန်ပြီး အလိုက်သိသော အမူအရာကို ကြည့်ကာ မျက်လုံးများ ထပ်မံ နီရဲလာပြန်သည်။
သူမက "သမီးရဲ့ မွေးစားမိဘတွေက သမီးကို သေချာ ပြုစုပျိုးထောင်ပေးခဲ့တာပဲ၊ ငါကတော့.." ဟုဆိုကာ အသံတုန်သွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်လျက် မျက်ရည်များ စီးကျလာပြန်သည်။
သူမ၏လှပသော ရုပ်ရည်ကြောင့် သူမ၏ တစ်ကိုယ်လုံးမှ အမျိုးသမီးဆန်သော အလှတရားများ ဖြာထွက်နေပြီး မျက် ရည်ဝဲနေသော မျက်လုံးများမှာ မိုးဒဏ်ခံရသော ပွင့်ဖတ်ပန်းလေးသကဲ့သို့ သနားစဖွယ် ကောင်းလှသည်။
သို့သော် ဤအရာများက သူမအပေါ် သတိထားနေသော ရှုယောင်ယောင်အတွက်မူ မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပေ။ တစ်ဖက်လူက သနားစရာကောင်းအောင် သရုပ် ဆောင်လေလေ၊ သူမက ပိုပြီးဟန်ဆောင်ကောင်းသည်ဟု ခံစားရလေလေပင်။
ရှုယောင်ယောင် က ထိုအမျိုး ဘယ်လောက်အထိ သရုပ် ဆောင်နိုင်မလဲ၊ သူမကို "စိတ်လှုပ်ရှား" သွားစေမယ့် စကားတွေ ဘယ်လောက်တောင် ပြောနိုင်မလဲဆိုတာကိုပဲ သိချင်နေ ခြင်းသာ။
"နောက်တစ်နာရီဆိုရင် ကျွန်မ အစည်းအဝေးရှိတယ်"
ရှုယောင်ယောင်၏အေးစက်စက်အသံက တစ်ဖက်လူ၏ ဟန်ဆောင်ကောင်းနေမှုကို ဖြတ်တောက်ချလိုက်သည်။
ကျိုးရှင်းရီ ငိုသံမှာ ရပ်တန့်သွားပြီး မျက်ဝန်းထဲမှ အံ့ဩမှုက ခဏတာ ထွက်ပေါ်လာသည်။ သူမက မျက်ရည်များကို အမြန်သုတ်ကာ အပြုံးတစ်ခုကို ဖန်တီးပြီး "တောင်းပန်ပါတယ်... ငါ စိတ်လှုပ်ရှားသွားလို့ပါ"
"ရပါတယ်"
ရှုယောင်ယောင်က လက်ဖက်ရည်ကို ဆက်သောက်နေပြီး ထူးထူးခြားခြား ဘာတစ်ခုမှ တုံ့ပြန်လိုသည့် အရိပ်အယောင် မပြပေ။
ဤကဲ့သို့ အလွန်အမင်း တည်ငြိမ်နေမှုက ကျိုးရှင်းရီကို ဘာလုပ်ရမှန်း မသိဖြစ်စေသည်။ ရှေ့တွင် ဖြစ်ပျက်နေသည့် အခြေအနေများက သူမ မျှော်လင့်ထားသည်နှင့် ဘာကြောင့် ကွာခြားနေရသနည်း။
သူမ၏ အစီအစဉ်အရ ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် သူမ၏ သရုပ်မှန်ကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းက သမီးဖြစ်သူ၏ စူးစမ်းလိုစိတ် သို့မဟုတ် ဒေါသကို ဆွပေးနိုင်မည်ဖြစ်ပြီး ပထမဆုံးအချိန်တွင် သူမအပေါ် နက်ရှိုင်းသော အထင်အမြင်တစ်ခု ချန်ထားနိုင်မည်ဖြစ်သည်။
ဒုတိယနှင့် တတိယအကြိမ် ဆက်သွယ်လာသောအခါ နောင်တရသည့် နွေးထွေးမှု ကတ်ကို စတင်သုံးကာ သမီးဖြစ်သူ၏ သတိထားမှုကို တဖြည်းဖြည်း လျှော့ချမည်။ သမီးဖြစ်သူက ရင်ဖွင့်လာချိန်တွင် စွန့်ပစ်ခဲ့ရသည့် အကြောင်းရင်းကို ပြောပြပြီး အမျိုးသမီးအချင်းချင်း ကိုယ်ချင်းစာစိတ်ကို အသုံးချကာ မိခင်စွန့်ပစ်ခံရသည့် နာကြည်းမှုကို လျှော့ချပေးမည်။
နောက်ဆုံးတွင် အဖော်ပြုပေးခြင်းနှင့် ဂရုစိုက်မှုများဖြင့် သမီးဖြစ်သူက သူမကို မသိမသာ မှီခိုလာစေရန် လုပ်ဆောင်ပြီးနောက် ရှုမိသားစု၏ အကျိုးအမြတ်များကို တစ်ကြိမ်တည်းဖြင့် အကုန်အစင် စုပ်ယူရန် ယုံကြည်မှု တံတားတစ်စင်း တည်ဆောက်မည်ဖြစ်သည်။
ပထမ အဆင့်အနည်းငယ်ကို စီစဉ်ထားပြီးဖြစ်ရာ သူမသည် မက်ဆေ့ချ်ကို ဖတ်ပြီးနောက် ပြန်စာပို့ခဲ့သည်မှာ မျှော်လင့်ထားသည်ထက်ပင် ပိုစောနေသေးသည်။ ဤသည်မှာ သမီးဖြစ်သူ၏ စိတ်အားထက်သန်မှုကို ပြသနေခြင်း မဟုတ်ပါလား။ သို့သော် ယခု သူမ ရှေ့က မိန်းမငယ်လေးရဲ့ အေးစက်နေမှုက ဘာသဘောနည်း။
ကျိုးရှင်းရီသည် သူမ၏ ဦးနှောက်ကို အမြန်အလုပ်ပေးပြီးနောက် 'သမီးဖြစ်သူက ရက်စက်စွာ စွန့်ပစ်ခံရမှုကို အေးစက်မှုနဲ့ တုံ့ပြန်ပြီး ငါ့ကို အပြစ်တင်နေတာ ဖြစ်ရမယ်' ဟု ကောက်ချက်ချ လိုက်သည်။
ဤသို့ တွေးမိသောအခါ သူမက အမြန်ပင်
"ယောင်ယောင်... နင် ငါ့ကို မုန်းနေတယ်ဆိုတာ ငါသိပါတယ်၊ ဘာလို့ နင့်ကို စွန့်ပစ်ခဲ့ရတာလဲ၊ ဘာလို့ ..." ဟု စကားစလိုက်သည်။
"ဟုတ်ပြီ..ဒါဆို... ဘာလို့ ကျွန်မကို စွန့်ပစ်ခဲ့တာလဲ"
ရှုယောင်ယောင်က နောက်ဆက်တွဲ စကားများကို ဖြတ်ပြောကာ သူမ အသိချင်ဆုံး အဖြေကို မေးလိုက်သည်။ သူမအနေဖြင့် ဇာတ်လမ်းဆင်မည်ကို သိသော်လည်း အကြောင်း ပြချက်ကိုသာ သိချင်နေသည်။
ကျိုးရှင်းရီမှာ ထပ်မံ၍ အံ့ဩသွားရပြန်သည်။
သူမ၏ အံ့ဩမှုကို ရှုယောင်ယောင်က အပြည့်အဝ မြင်တွေ့လိုက်ရပြီး ဆက်လက်၍
"ကြည့်ရတာ ရှင်က ကျွန်မကို မကျွေးမွေးနိုင်တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး၊ ဒါဆို ဘာလို့ ကျွန်မကို စွန့်ပစ်ခဲ့ရတာလဲ"
"ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူးလို့ ပြောရင် နင် ယုံမလား"
ကျိုးရှင်းရီက သူမကို ပြုံးပြကာ ကြည့်လိုက်ပြီး မျက်ဝန်းထဲမှ မပျောက်ကွယ်သေးသော မျက်ရည်စများက ဝမ်းနည်းမှုကို ပိုထင်ရှားစေသည်။
"ဘယ်လို..ရွေးချယ်စရာ မရှိတာလဲ"
ရှုယောင်ယောင်က အတင်းဖိအားပေးမေးလိုက်သည်။
"ရှင့် အသက်မွေးဝမ်းကျောင်းအတွက် အရင်းအနှီးလုံးဝ ရှိတော့ဘူးဆိုရင်တောင် ကျွန်မကို လူကုန်ကူးတဲ့သူတွေဆီ ရောင်းစားပြီး နောက်ဆုံးတန်ဖိုးကို ညှစ်ထုတ်ယူသင့်တာပေါ့၊ အော်... သိပြီ၊ ကျွန်မက မိန်းကလေး ဖြစ်နေလို့ တန်ဖိုးမရှိဘူးလို့ ထင်တာမလား"
ကျိုးရှင်းရီ၏ မျက်လုံးအိမ်များ ကျယ်သွားရသည်။ ဒီမိန်းကလေးက ဘယ်လိုလုပ် ဒီလို ယုတ်ညံ့တဲ့ စကားတွေကို ပြောထွက်ရတာလဲ။ စုံထောက်ရဲ့ အစီရင်ခံစာထဲမှာတော့ သူမက ပညာတတ်၊ ယဉ်ကျေးသိမ်မွေ့ပြီး ထိန်းသိမ်းတတ်တဲ့ ရှုမိသားစုရဲ့ သမီးပျိုလေးလို့ ပါတာပဲ!
ကျိုးရှင်းရီ နာကျင်စွာဖြင့် မျက်နှာကို လက်ဖြင့်အုပ်ကာ....
"ယောင်ယောင်... နင် ဘယ်လိုလုပ် ဒီလိုစကားတွေ ပြောထွက်ရတာလဲ၊ နင်က ငါ့ခန္ဓာကိုယ်ကနေ မွေးဖွားလာတဲ့ အသားစလေးပါ၊ ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေရရင်တောင် နင့်ကို ဘယ်တော့မှ ရောင်းစားမှာ မဟုတ်ဘူး"
ရှုယောင်ယောင်က နှုတ်ခမ်းမဲ့ကာ လှောင်ပြုံးပြုံးလိုက်သည်။
"ရှင် ကျွန်မကို တကယ် မရောင်းစားခဲ့ပါဘူး၊ မဟုတ်ရင် ကျွန်မက ချမ်းသာတဲ့သူတွေရဲ့ ကောက်ယူမွေးစားတာကို ခံရပြီး အခုလို ဇိမ်ကျကျနေရပါ့မလား၊ လမ်းမှာ ကျွန်မ တွေးလာခဲ့တယ်၊ ကျွန်မသာ အခု မွေးစားမိဘတွေဆီ မရောက်ခဲ့ရင် ရှင် ကျွန်မကို အသိအမှတ်ပြုပါဦးမလားလို့"
ရှုယောင်ယောင်သည် အစ်မဖြစ်သူ အိမ်ပြန်ရောက်လာကြောင်း၊ သမီးအရင်း သမီးအတု ကိစ္စကို ကုမ္ပဏီ၏အဓိကလူများနှင့် မိသားစုဝင်များမှလွဲ၍ အပြင်လူများ မသိကြသေးကြောင်းကို ထုတ်ဖော်မပြောလိုပေ။ ဒါက ကြံစည်မှုတစ်ခုဖြစ်နေသရွေ့ အစ်မနှင့် မိဘများကို ကာကွယ်ရန်က အဓိကဖြစ်သည်။
အကယ်၍ တစ်ဖက်လူကသာ သူမ၏ အစ်မ အိမ်ပြန်ရောက်လာကြောင်း သိပါက သေချာပေါက် ပြောဆိုလာမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူမကို ထောင်ချောက်ထဲသို့ ဆွဲသွင်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်သောကြောင့်ဖြစ်သည်။ တစ်ဖက်လူ မသိခြင်းက အကောင်းဆုံးဖြစ်ပြီး သူမအနေဖြင့် စီစဉ်ရန် အချိန်အများကြီး ရရှိကာ သူတို့ကို အမြစ်ပြတ် ရှင်းလင်းနိုင်မည်ဖြစ်သည်။
"ငါ သေချာပေါက် အသိအမှတ်ပြုမှာပေါ့၊ နင့်ကို ဘယ်သူပဲ မွေးစားမွေးစား နင်က ငါ့ရဲ့ သွေးသားအရင်းဆိုတဲ့ အချက်ကို ပြောင်းလဲလို့ မရပါဘူး၊ နင် ကိုယ့်အမေကို ဒီလိုမျိုး မကောင်း မြင်စိတ်နဲ့ မခန့်မှန်းသင့်ဘူး" ဟု ကျိုးရှင်းရီက ရုတ်တရက် နွေးထွေးမှု ကတ်ကိုထုတ်သုံးလိုက် သည်။
"အမေ?"
ရှုယောင်ယောင် နှာခေါင်းရှုံ့လိုက်ပြီး "ကျွန်မ အမေနာမည်က ကျန်းရှင်းပါ၊ ရှင် မဟုတ်ဘူး"
"ယောင်ယောင်! နင်... နင် ငါ့ကို ဘယ်လိုလုပ် ဒီလို ပြောရက်တာလဲ! နင် ငါ့ကို ဒီလို လုပ်လို့ မရဘူး၊ နင့်ကို မွေးတုန်းက ငါ သွေးသွန်ပြီး သုံးရက် သုံးညတိတိ သတိလစ်နေခဲ့တာ။ ငါ သတိရလာတော့ ဆရာဝန်က နင် အောက်ဆီဂျင် ပြတ်ပြီး သေသွားပြီလို့ ပြောတယ်။ ငါ မယုံနိုင်လို့ ရင်ခွဲရုံအထိ အတင်းလိုက်သွားခဲ့ပေမဲ့ အေးစက်နေတဲ့ ခန္ဓာကိုယ်လေးကိုပဲ တွေ့ခဲ့ရတယ်။ ဒါတွေအကုန်လုံးက နင့်အဘွား လုပ်ခဲ့တာတွေချည်းပဲ။ သူမ သေခါနီးမှာ လိပ်ပြာမလုံလို့ ဖွင့်ပြောပြမှ နင် အသက်ရှင်နေသေးတယ်ဆိုတာ ငါ သိခဲ့ရတာ!"
ကျိုးရှင်းရီသည် ထိုမျှော်လင့်ချက်မဲ့၊ အားကိုးရာမဲ့ဖြစ်ပြီး အပြစ်ရှိသလို ခံစားခဲ့ရသော အခြေအနေသို့ ပြန်ရောက်သွားသကဲ့သို့ အသည်းအသန် ငိုကြွေးနေတော့သည်။
ရှုယောင်ယောင်က သူမကို တည်ငြိမ်သော မျက်ဝန်းများဖြင့် တိတ်တဆိတ်သာ ကြည့်နေသည်။
အရင်ကဆိုလျှင် ဤကဲ့သို့သော စကားလုံးများကို သူမ ယုံကြည်မိမည်မှာ သေချာသော်လည်း ယခုအခါတွင်မူ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူမ ကြိုသိနေပြီးဖြစ်ရာ တစ်ဖက်လူ မည်မျှပင် စကားပြောကောင်းနေစေကာမူ သူမ ဆက်၍ နားမထောင်လိုတော့ပေ။
သူမက သနားစာနာမှု ကင်းမဲ့စွာဖြင့် မေးလိုက်သည်။
"ကျွန်မမှာ အဖေ မရှိဘူးလား၊ ရှင် ကျွန်မကို မွေးတုန်းက အဖေက ဘာလို့ မရှိရတာလဲ၊ ရှင်က တရားမဝင်ကိုယ် ဝန်ဆောင်ခဲ့ပြီး၊ တစ်ဖက်လူကို အဘွားက သဘောမတူတော့ ကျွန်မက မလိုချင်ဘဲ ရလာတဲ့ ကလေးဖြစ်သွားကော၊ အဲဒါကြောင့်လည်း အဘွားက ကျွန်မကို သေစေချင်ခဲ့တာမလား၊ ကျွန်မ သေမှသာ ရှင် နောက်အိမ်ထောင်ပြုရင် ပြီးပြည့်စုံပြီး ချမ်းသာကြွယ်ဝတဲ့ ဘဝကိုရနိုင်မှာမို့လို့ မဟုတ်လား၊ ဟမ့်... အဲဒီလို မဟုတ်ဘူးလို့ မပြောနဲ့နော်"
ကျိုးရှင်းရီမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် ပါးစပ်များပင်လှုပ်သွားရပြီး ခန္ဓာကိုယ်မှာတုန်ရီလာကာ ဟန်ဆောင် ထားသော မျက်ရည်များကိုမနည်းညှစ်ထုတ်လိုက်ရသည်။
ဒီသေနာမလေးကတော့ ဘယ်လိုလုပ် ငါ ပြောမယ့် စကားတွေကို လုပြောသွားရတာလဲ ? သေလိုက်ပါတော့!