အခန်း (၁၇)
Vol. 2 Ch. 17
🍁 Chapter 17
ကျိုးရှင်းရီ လှုပ်ရှားမှုအသေးအဖွဲတိုင်းကို ရှုယောင်ယောင်အကဲခတ်နေပြီး အစ်မဖြစ်သူ စိတ်ထဲမှပြောခဲ့သော အနာဂတ်တွင် ဖြစ်လာမည့်အရာများကို ပိုယုံကြည်သွားတော့သည်။
ရှောင်လွှဲလို့မရမှတော့ အခွင့်အရေးကို အရယူလိုက်တာပဲ ကောင်းပါတယ်။
ရှုယောင်ယောင်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"အဘွားက ကျွန်မကို ဖျောက်ဖျက်ပစ်မယ့်အစား ရှင် သူ့ကို တစ်သက်လုံး မုန်းသွားတာကိုပဲ ရွေးချယ်ခဲ့တာဆိုတော့ သူ့ရဲ့ မိခင်မေတ္တာက တကယ်နက်ရှိုင်းပါတယ်၊ ရှင် သမီးတစ်ယောက်အနေနဲ့ အဘွားကို စိတ်ပျက်အောင် မလုပ်သင့်ဘူးနော်"
ကျိုးရှင်းရီ နှလုံးသားမှာ တင်းခနဲ ဖြစ်သွားရသည်။ သူမက ထိတ်လန့်တကြား မော့ကြည့်လိုက်ပြီး မျက်ရည်ဝဲလျက်
"မဟုတ်ဘူး... မဟုတ်ဘူး ယောင်ယောင်"
"ပြီးတော့ ကြည့်ရတာ ရှင် အခုတော်တော်လေး အဆင်ပြေနေပုံပဲ၊ အနှစ် ၂၀ ကျော်လောက် တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက်မပေးဘဲ နေလာခဲ့ကြပြီးမှ ဒီငြိမ်းချမ်းရေးကို ဘာလို့ ဖျက်ဆီးချင်ရတာလဲ၊ ကျွန်မ မိဘတွေက ကျွန်မအပေါ် အရမ်းကောင်းကြပါတယ်၊ ကျွန်မ သူတို့ကို အရမ်းချစ်တယ်၊ သူတို့ကို နည်းနည်းလေးမှ မထိခိုက်စေချင်ဘူး၊ ဒါကြောင့် ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ကြဘူးလို့ပဲ သဘောထားလိုက်ကြရအောင်၊ ကျွန်မ ရှင့်ကို လာမရှုပ်သလို ရှင်လည်း ကျွန်မကို ထပ်ပြီးမနှောင့်ယှက်ပါနဲ့၊ ဒါ ကျွန်မတို့ နှစ်ယောက်စလုံးအတွက် အကောင်းဆုံးပါပဲ"
ကျိုးရှင်းရီ ထိုင်ခုံမှ အမြန်ထကာ ရက်စက်စွာ ထွက်ခွာသွား တော့မည့် သမီးဖြစ်သူလက်ကောက်ဝတ်ကို အလျှင်အမြန် ဆွဲကိုင်လိုက်သည်။
သူမ သွားကို တင်းတင်းကြိတ်ကာ ဒူးထောက်ချလိုက်ပြီး
"ယောင်ယောင်... မလုပ်ပါနဲ့ နင် အမေ့ကို မလိုချင်လို့မရဘူးလေ၊ အမေ မှားသွားပါတယ်၊ အမေ တကယ်မှားသွားမှန်း သိပါပြီ၊ အမေ နင့်ကို ပြန်ပြီးပေးဆပ်ချင်လို့ပါ၊ အမေ့ရဲ့အပြစ်တွေကို ဆေးကြောဖို့ အခွင့်အရေးလေး တစ်ကြိမ်လောက် ပေးပါနော်... ဟုတ်ပြီလား"
ဟုတ်ပြီလား' ဟူသော စကားလုံးလေးမှာ ခွင့်လွှတ်မှုကို တောင့်တနေသူတစ်ဦး၏ အဆုံးအစ မရှိသော နှိမ့်ချမှုနှင့် တောင်းပန်မှုများပါဝင်နေသည်။ ထို့ပြင် ရှိုက်သံနှင့်အတူ တုန်ရီနေသော အသံက သနားစဖွယ် ကောင်းလွန်းလှပြီးဝမ်းနည်းမှုကို ပိုမိုနက်ရှိုင်းစေကာ ကြားရသူတိုင်းကို မျက်ရည်ကျစေ လောက်အောင် အစွမ်းထက်လှသည်။
ရှုယောင်ယောင်သည် သူမရှေ့တွင် ဒူးထောက်ကာ ထိတ်လန့်နေသော အမျိုးသမီးကို ငုံ့ကြည့်လိုက် သည်။ ဆောင်းဦးရာသီ၏ ရေလှိုင်းလုံးလေးများကဲ့သို့ ကြည်လင်လှပသော သူမ မျက်ဝန်းများမှာ ယခုအခါ လေဒဏ်မိုးဒဏ်ခံထားရသည့် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ နွမ်းလျနေသည်။ သူမ၏ မျက်နှာပေါ်တွင် အဆုံးအစမဲ့သော တောင်းပန်မှုနှင့် မျှော် လင့်ချက်များ ပြည့်နှက်နေကာ အလွန်သနားစချင့်ဖွယ် ကောင်းလှသည်။
ဒါပေမဲ့ ဒါတွေက သူနဲ့ ဘာဆိုင်လို့လဲ?
အစ်မဖြစ်သူတွေးခဲ့သော ဖြစ်နိုင်ချေရှိသည့် မြင်ကွင်းများနှင့် ဤမိခင်ဖြစ် သူ၏ ရည်ရွယ်ချက်ရှိရှိ ကြံစည်မှုများကို တွေးမိလိုက်တိုင်း သူ့ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားရသည်။
ကျိုးရှင်းရီက သရုပ်ဆောင်ကောင်းလေလေ၊ သူ ပိုပြီး ရွံရှာလေလေပင်။
"သေချာ ရှင်းရှင်းလင်းလင်း သိထားပါ၊ ရှင့်ဘက်က ကျွန်မကို အရင်ဆုံးမလိုချင်ခဲ့တာပါ၊ အဘွားက မုန်းစရာကောင်းတယ်ဆိုရင်တောင် ကိုယ့်သွေးသားကိုတောင် မကာကွယ်နိုင်မှန်းသိသိကြီးနဲ့ ကျွန်မကို ဒီလောကထဲခေါ်လာခဲ့တဲ့ ရှင်ကမှ ပိုပြီးမုန်းစရာကောင်းတာ"
ကျိုးရှင်းရီသည် သူမ လက်ကို ဆုပ်ကိုင်ထားရင်း ရုတ်တ ရက် တုန့်ခနဲဖြစ်သွားပြီး မျက်ဝန်းထဲမှ မျက်ရည်များထပ်မံ စီးကျလာပြန်သည်။
"ရှင့်ကို တာဝန်ယူမှုမရှိတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့ပြီး မိဘတွေရဲ့ဆန္ဒကိုဆန့်ကျင်ပြီး ရှင့်ဆန္ဒကို ဖြည့်ဆည်းဖို့ ရွေးချယ်လိုက်တဲ့ အချိန်ကတည်းက ကျွန်မတို့ရဲ့ သားအမိ ရေစက်က တစ်ခန်းရပ်သွားခဲ့ပြီ၊ ဒါကြောင့် ရှင် မကြားချင်တဲ့စကားတွေ ကျွန်မ ထပ်မပြောခင် ကျွန်မကိုလွှတ်ပေးပါတော့"
ရှုယောင်ယောင်သည် အဆိုပါ အမျိုးသမီး လက်ထဲကနေ ဖြည်းညှင်းစွာ ရုန်းထွက်လိုက်ပြီး ပြတ်သားသော ဆုံးဖြတ် ချက်ကို ချလိုက်သည်။
ကျိုးရှင်းရီမှာ ထိုအချိန်တွင် ရေခဲဂူထဲသို့ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အအေးဓာတ်က ခြေဖဝါးမှသည် တစ်ကိုယ်လုံးသို့ လျင်မြန်စွာပြန့်နှံ့သွားတော့သည်။
ဘာလို့ သူ စီစဉ်ထားတာတွေနဲ့ ကွာခြားနေရတာလဲ ?
ရှုယောင်ယောင်က ဘာလို့ သူ့အပေါ် ဒီလောက်တောင် ရက်စက်နေရတာလဲ၊ ဘယ်နေရာမှာ မှားသွားခဲ့တာလဲ ?
ကျိုးရှင်းရီသည် သူ့စိတ်ထဲရှိ အံ့ဩထိတ်လန့်မှုကို အမြန်ဖယ်ရှားလိုက်ပြီး ရှေ့သို့ ဒူးထောက်ရွှေ့ကာ ဆက်လက် ဆုပ်ကိုင်ထားရန် ကြိုးစားရင်း
"မလုပ်ပါနဲ့ ယောင်ယောင်... မလုပ်ပါနဲ့"
ပြက်သားစွာနဲ့ ကျောခိုင်းထွက်သွားသော ရှုယောင်ယောင်၏ ကျောပြင်ကို ကြည့်ရင်း ကျိုးရှင်းရီနှလုံးသားမှာ ပြင်းထန်စွာ နာကျင်လာသည်။ ဤသေနာမလေး၏ရက်စက်မှုက သူမဆီမှ အပြည့်အဝအမွေရထားခြင်းဖြစ်မည်ဟုပင် သူ တွေးလိုက်မိသည်။
ရှုယောင်ယောင်၏ ပုံရိပ်လုံးဝပျောက်ကွယ်သွားချိန်မှသာ ကျိုးရှင်းရီ မတ်တတ်ရပ်လိုက်ပြီး သူ့ ဒူးပေါ်မှဖုန်များကို ယဉ်ကျေးသိမ်မွေ့စွာ ခါထုတ်လိုက်သည်။
သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အစောပိုင်း ဝမ်းနည်းပူဆွေးကာ နှိမ့်ချနေသော မိခင်တစ်ဦး၏ပုံစံမှသည် သူမ၏ ပုံမှန်အေးစက်စက်အမူအရာသို့ ပြန်လည်ရောက်ရှိသွားတော့ သည်။
သူမသည် ဝန်ထမ်းများကို ဖုန်းဆက်၍ ရှုယောင်ယောင် လုံးဝ ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှ ချန်ချွမ်ထံသို့ ဖုန်းဆက်လိုက်သည်။
ယခု အခြေအနေအရ အစီအစဉ်များကို ပြင်ဆင်ရန် လိုအပ်ပေလိမ့်မည်။
ချန်ချွမ် ရောက်လာချိန်တွင် ကျိုးရှင်းရီမှာ ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများကို ငေးမောကြည့် နေပြီး၊ သူရောက်လာသည်ကို မြင်သောအခါ တစ်ချက်သာ ခပ်ပေါ့ပေါ့ ကြည့်လိုက်ပြီး အကြည့်လွှဲသွားသည်။
"ဘယ်လိုလဲ စကားပြောရတာ၊ အဲဒီကောင်မလေးက လှည့်စားရလွယ်ရဲ့လား" ချန်ချွမ်၏ လေသံမှာ စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။
ကျိုးရှင်းရီက နှာခေါင်းရှုံ့လိုက်ပြီး "တကယ့်ကို လွယ်လွန်းလို့ပါပဲ၊ ရှင် ရှာထားတဲ့ လူတွေက ဘယ်လိုများ စုံစမ်းထားတာလဲ၊ ရှင်ပြောတဲ့ ဘာမှမသိနားမလည်တဲ့ အဖြူထည်လေးပါဆို၊အခုကျတော့ ဘယ်လိုဖြစ်လို့ အခုကျတော့ ဘာစကားမှ တိုးမပေါက်တဲ့သူ ဖြစ်နေရတာလဲ၊ ရှုယန်ဝမ်လို အသုံးမကျတဲ့သူက ကလေးကို ဘယ်လိုများသင်ပေးထားလဲ ငါ တကယ် နားမလည်တော့ဘူး"
ချန်ချွမ် မျက်နှာမှာ ရုတ်တရက် တင်းမာသွားပြီး မျက်လုံး ထဲတွင် မှောင်မိုက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ အစီအစဉ်က ထင်သလောက် ချောမွေ့ပုံမရဘူးပဲ။
ချမ်ချွမ် တစ်ယောက် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး အနည်းငယ် မှိုင်းညို့သော လေသံဖြင့် "ပြောပါဦး... မင်း သူ့ကို ဘယ်လို စကားပြောခဲ့တာလဲ"
ကျိုးရှင်းရီက တည်ငြိမ်စွာ ပြန်ပြောပြလိုက်ပြီးနောက် ထပ်မံ ဖြည့်စွက်လိုက်သည်။
"သူ ငါ့ကို ကြည့်တဲ့ အကြည့်က ငါတို့ အကြံအစည်တွေကို သိနေသလိုပဲ၊ သူ တော်တော်လေး သတိထားနေတယ်၊ တစ်ခုခုကိုများ ရိပ်မိသွားတာလား..မသိဘူး"
ချန်ချွမ်က ရယ်မောလိုက်ပြီး "ရှုယန်ဝမ်ရဲ့ IQ မျိုးနဲ့ သူတို့က ဘာကိုများ တကယ်နားလည်နိုင်မှာလဲ၊ ပြီးတော့ အဲလိုသာ ထက်မြက်နေရင် ငါတို့ကလေးကို အနှစ် ၂၀ ကျော်လောက် လုံလုံခြုံခြုံ ကျွေးမွေးထားပါ့မလား"
သူတို့သည် သမီးအရင်းကို သမီးအတုဖြင့် လဲလှယ်ရန် (တောကြောင်ကို မင်းသားလေးအဖြစ် ပြောင်းလဲရန်) ဆုံးဖြတ်ခဲ့စဉ်ကတည်းက ပြင်ဆင်မှုအားလုံးကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ရှုယန်ဝမ်၏သမီးအရင်းကို ပြန်ပေးဆွဲကာ ရင်းနှီးသော မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခဲ့သည်။ထို့နောက် ရှုမိသားစု၏ DNA စစ်ဆေးသူကိုလာဘ်ထိုး၍ မှတ်တမ်းအလွဲများပြုလုပ်ခဲ့သည်။
သမီးအရင်းကြီးပြင်းလာစဉ် တစ်လျှောက်လုံးတွင် သူမကို ၂၄ နာရီလုံး လျှို့ဝှက်စောင့်ကြည့်ရန် လူများစေလွှတ်ခဲ့ပြီး၊ ကျောင်းစတက်ချိန်မှစ၍ သူမကို ဒုက္ခရောက်စေကာ ခြေလှမ်းတိုင်းကို အလွန်ခက်ခဲကြမ်းတမ်းစေခဲ့သည်။
ကျောင်းပြီး သွားသည့် နောက်တွင်လည်း ကြမ်းတမ်းသော နေ့ရက်များနှင့် ပိုဆိုးသော ဘဝကိုဖြတ်သန်းစေခဲ့သည်။ ဤအရာများက သူမကိုစွန့်ပစ်ခဲ့သော မိသားစုနှင့် လူ့အဖွဲ့အ စည်းအပေါ် နာကြည်းမှုများ ကြီးထွားလာစေရန်နှင့် အနာ ဂတ်တွင် သူမနေရာကို လုယူထားသော သမီးအတုနှင့် ထိပ် တိုက်ရင်ဆိုင်ရန် ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်အတွင်း အရာအားလုံးကို စီစဉ်ထားပြီးဖြစ်သည်။ ရှုယင်းယင်းကို ရှုမိသားစုသို့ ဘယ်အချိန် ပြန်ခေါ်သွားမည်ဆိုသည်မှစ၍ ၎င်းက မိသားစုတွင်း ပဋိပက္ခများနှင့် သံသယများကို အမြင့်ဆုံးအထိ ဆွပေးနိုင်ပြီး ရှုမိသားစုကို အတွင်းမှနေ၍ အမြန်ဆုံးပြိုကွဲသွားစေရန် အတွက် ၎င်းတို့ရည်ရွယ်ထားခြင်းဖြစ်သည်။
"ရှုယင်းယင်းကို ပြန်ခေါ်သွားပြီဆိုတာ သေချာရဲ့လား" ကျိုးရှင်းရီ စိုးရိမ်တကြီး မေးလိုက်သည်။
"တလောကပဲ သွားခေါ်လာတာ၊ မနေ့ကတော့ မိသားစုလိုက် အဘိုးကြီးဆီ သွားကြတယ်"
"ငါတို့ အားလုံး အဘိုးကြီးကို သိထားတာပဲ၊ အခုလို ခေါ်သွားတယ်ဆိုတာ သက်သေအထောက် အထားတွေ အခိုင်အမာ ရှိနေလို့ပေါ့၊ ဒါဆို သူတို့က ယောင်ယောင့်ရဲ့ဇာတိကို သေချာ စုံစမ်းတော့ မှာလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ယောင်ယောင်က ရှုယန်ဝမ်တို့ လင်မယား သက်တမ်းတစ်ဝက်လောက်အထိ ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်လာခဲ့တဲ့ အသီးအပွင့်ပဲလေ၊ ဒီလိုအရာမျိုးကို မူလပိုင်ရှင်ဆီ ပြန်ပေးဖို့ သူတို့က ဝန်လေးမှာ၊ သူတို့က မွေးစားသမီးရဲ့ မိဘတွေ ဘယ်တော့မှပေါ်မလာဖို့ကိုတောင် ဆုတောင်းနေမှာ၊ ပြီးတော့ ကလေးမှားတဲ့ကိစ္စသာ သတင်း ထွက်သွားကြည့် လူတွေဝိုင်းရယ်တာခံရပြီး မျက်နှာပါပျက်ရမှာ၊ အေး..ဒီလို ကိစ္စမျိုးကို သူတို့က သွားကျိုးရင်တောင် သွေးနဲ့အတူ မျိုချမဲ့ လူတွေ"
"ဟုတ်တာပေါ့၊ ငါတို့ ဒီနည်းလမ်းကို အစကတည်းကသုံးခဲ့တာက ချမ်းသာတဲ့ မိသားစုတွေဟာ သူတို့ရဲ့ သိက္ခာကို အလေးထားဆုံးဆိုတဲ့ အချက်ကို သိထားလို့ပဲ၊ သူတို့ သိသွားရင်တောင် သိက္ခာကို အလေးထားဆုံးလူတွေဆိုတော့ ယောင်ယောင့်ကို အိမ်ပေါ်ကနှင်ချဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး၊ ငါတို့လည်း သူ့ကို ငါတို့ သမီးလို့အသိအမှတ်ပြုချင်တာမဟုတ်ဘူးလေ၊ ငါတို့ လိုချင်တာက ယောင်ယောင့်ကိုအသုံးချပြီး ရှုမိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးကို သိမ်းကျုံးယူပစ်ဖို့ပဲ"