← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

🍁 Chapter 19

မနက်ခင်း မိသားစု မနက်စာဝိုင်းတွင် ရှုယင်းယင်းတို့ မိသားစု နံနက်စာစားပြီးနောက် ဖခင်ဖြစ်သူ ရှုယန်ဝမ်က သူမကို စာကြည့်ခန်းထဲသို့လိုက်ခဲ့ရန်ပြောကာ ခေါ်သွားသည်။ အမေနဲ့ယောင်ယောင် ကိုကြည့်တော့လည်း ခေါင်းညိမ့်ပြကာ ပြုံးပြပြုံးပြသောကြောင့် သူမလည်း အဖေဖြစ်သူ နောက်ကို တွန့်ဆုတ်ခြင်းမရှိ လိုက်လာခဲ့သည်။

အခန်းထဲရောက်မှ အဖေက အံဆွဲထဲမှ စာချုပ် တစ်စောင်ကို ယူလာပြီး သူမကို လက်မှတ်ရေးဖို့ ပေးလာသည်။ အဆိုပါ ပေးလာ‌သော စာချုပ် ကို မသိခြင်းများစွာနဲ့ ဖတ်မိရာ အစု ရှယ်ယာ ၅ ရာခိုင်နှုန်းအား သူမထံလွှဲ ပြောင်းပေးသောစာချူပ်ဖြစ်နေသည်။

ထို အစုရှယ်ယာ ၅% ရဲ့ နှစ်စဉ် အမြတ်ဝေစု ယွမ် သန်း ၅၀၀ ရမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူမ လန့်ဖျက်သွား ပြီး ချက်ချင်းဆိုသလို စာချုပ်ကို စားပွဲပေါ်တင်လိုက်ပြီး လက်ကာပြလိုက်သည်။

"ဟင့်အင်း... သမီး..မယူချင်ဘူး..မယူရဲပါဘူး၊ ဒါ... ဒါ အရမ်း တန်ဖိုးကြီးလွန်းတယ်၊ မယူပါရစေနဲ့ အဖေ... အမြန်ပြန်သိမ်းလိုက်ပါ"

အဖေဖြစ်သူ ရှေ့သို့ အဆိုပါစာချုပ်အား မထိသင့်သည့် အရာကို ထိမိလိုက်သကဲ့သို့ ခပ်သွက်သွက်‌လေးပြန်လည် တွန်းပို့လိုက်သည်။

[ဟီးဟီး... ချမ်းသာတဲ့ ဖေဖေရယ်... ဒီလောက်ထိ မခြောက် လှန့်မနေပါနဲ့ အခုလေးတင် စားလာတဲ့ မနက်စာက မသိရင် 'နောက်ဆုံးညစာစားပွဲ' ဆိုတဲ့ စကားလုံးကို သွားသတိရမိတယ်၊ သမီး ကြောက်တယ်နော်!]

ရှုယန်ဝမ် အပြုံးမှာ အနည်းငယ်တောင့်တင်းသွားသည်။ အဘိုးအိမ်မှ ပြန်လာသည့်နေ့ထဲက ဇနီးဖြစ်သူနှင့် သူ တိုင်ပင်ခဲ့သောစကားများနှင့် ယခု သူ့ အပြုအမူကို ပေါင်းစပ်တွေးကြည့်ပါက အမှန်တကယ်ပင် လူကိုအထင်လွဲချင်စရာဖြစ်နေရသည်။ သူ အမြန်ရှင်းပြလိုက်သည်။

"ယင်းယင်း... ဒါ အဘိုး သမီးကို ပေးတဲ့ယုံကြည်မှုပါ၊ သမီးရဲ့ နောက်ခံကိုမကြေညာရသေးပေမဲ့ ကုမ္ပဏီက အကြီးအကဲတွေက သိနေကြပြီ၊ ဒီရှယ်ယာတွေက သမီးကို ဘယ်သူမှထိလို့မရဘူးဆိုတဲ့ သဘောပါပဲ၊ သမီး ဒါကို လက်ခံထားမှ အဲဒီလူကြီးတွေက သမီးကို ဒုက္ခမပေးရဲမှာ"

"တကယ်လား" ရှုယင်းယင်း မယုံရဲစွာနှင့် သံသယဖြင့် မေးလိုက်သည်။ ဆုကြေးကြီးကြီးပေးပြီး သူ့ကို ရှေ့တန်းထွက်ခိုင်းတာတော့ တမဟုတ်ပါဘူးနော်!

"တကယ်ပေါ့၊ ယောင်ယောင် ကုမ္ပဏီဝင်တုန်းကလည်း အဘိုး သူ့ကို ဒါမျိုးပေးခဲ့တာပဲ၊ ဒါပေမဲ့ သမီးက မိသားစုရဲ့ သမီးကြီးဖြစ်တဲ့အပြင် သမီးအရင်းဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုပါ ပိုရှိနေတယ်လေ"

ရှုယန်ဝမ်က ဤသို့ပြောပြီးနောက် ရှုယင်းယင်းကို အနည်း ငယ် အားနာသောမျက်ဝန်းဖြင့် ကြည့်ကာ "အဖေ ကတိပေးပါတယ်၊ သမီးကို အဖေတို့ မိသားစုရဲ့တရားဝင်မျိုးဆက်အဖြစ် ကြေညာပေးနိုင်ဖို့ ဧည့်ခံပွဲတစ်ခု အမြန်ဆုံးလုပ်နိုင်‌အောင် အဘိုးကို အဖေတိုက်တွန်းပါ့မယ်... ဟုတ်ပြီလား"

"နေပါစေ... ဒုက္ခမခံပါနဲ့တော့၊ ဒီလိုလေးပဲ ကောင်းပါတယ်၊ ဘာပဲဖြစ်ဖြစ် သမီးတို့က မိသားစုဝင်တွေပဲလေ၊ ဂုဏ်ပုဒ်ဆိုတာ သမီးအတွက် အဲဒီလောက်အရေးမကြီးပါဘူး၊ အဘိုးက သမီးကို သာမန်လူတစ်ယောက်အနေနဲ့ ကုမ္ပဏီမှာ အတွေ့အ ကြုံ ယူခိုင်းတယ်ဆိုတာ သူ့အစီအစဉ်နဲ့သူ ရှိလို့နေမှာပါ၊ သမီးအတွက်နဲ့ အဖေ၊ အဘိုးကိုသွားမလွန်ဆန်ပါနဲ့၊ သမီး တကယ် အဆင်ပြေပါတယ်"

[နောက်နေတာလား၊ ငါက ကိုယ့်ကိုယ်ကိုယ် သိပ်သိတာ၊ ပြဿနာမရှာဘဲ သူများတွေကို ဒုက္ခမပေးတဲ့ ငါးဆားနယ်တစ်ကောင်အဖြစ် နေသွားဖို့က ငါ့ရဲ့ တစ်သက်တာအစီ အစဉ်ပဲ၊ ဘယ်သူမှ လာမဖျက်ဆီးကြနဲ့!]

ရှုယန်ဝမ်မှာ သမီးဖြစ်သူ စိတ်ထဲကအသံကြောင့် သဘော ကျသွားပြီး ပြုံးကာ "ရပါတယ်... အဖေက ယင်းယင်း သဘောပါပဲ၊ သမီး မလုပ်ချင်သရွေ့ အဖေ ဘယ်တော့မှ အတင်းအကျပ်မလုပ်ဘူး၊ ဒါပေမဲ့ ဒီလွှဲပြောင်းစာကိုတော့ လက်မှတ်ထိုးရမယ်၊ ဒါလေးရှိမှ ဒုတိယဒေါ်လေးက သမီးကို ထင်တိုင်းကျဲပြီး အနိုင်မကျင့်ရဲမှာ..."

ညီမဖြစ်သူ ယောင်ယောင်တွင်လည်း ဤကဲ့သို့ ရှယ်ယာများရှိကြောင်း ကြားလိုက်ရသဖြင့် ရှုယင်းယင်း စိတ်အေးသွားသည်။ထိုမှသာ ယောင်ယောင်အနေဖြင့် ခွဲခြားဆက်ဆံခြင်း ဆိုသည့် ခံစားမှုမျိုးကို မခံစားရမည် မဟုတ်လား။ ဒါကြောင့် သူမ သက်သာရာရစွာဖြင့် စိတ်ချလက်ချ နှင့်လက်ခံလိုက်သည်။

ယောင်ယောင်မှာ နူးညံ့တဲ့စိတ်ထားနဲ့ နားလည်မှုရှိသူ ဖြစ်သော်လည်း လူတစ်ယောက်က ဘယ်လောက်ပဲသိတတ်နားလည်ပါစေ၊ မိမိကို ဂရုစိုက်သောသူများက တခြားသူကို မိမိရှေ့မှာတင် မျက်စိမှိတ် မျက်နှာလိုက် အလိုလိုက်ခြင်းကိုမူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူမသည် မိဘများ၏အာရုံစိုက်မှုကို လုယူပြီး ယောင်ယောင်အားအထီးမကျန် စေချင်ပါ။ ကံကောင်းစွာဖြင့် မိဘများနှင့် အဘိုးတို့က မျှမျှတတဆက်ဆံပေးတတ်သဖြင့် တော်သေးသည် ဟုပြောရမည် ဖြစ်သည်။ တဖန် ရှုယင်းယင်းက ဖခင်ဖြစ်သူ၏စိုးရိမ်နေသော မျက်နှာကို ကြည့်ကာ ပြုံး၍ နှစ်သိမ့်လိုက်သည်။

"မစိုးရိမ်ပါနဲ့ အဖေ၊ သမီး ဘယ်လိုနေရမလဲဆိုတာ သိပါတယ်၊ ဒုတိယဒေါ်လေးက ဘာပဲပြောပြော မန်နေဂျာတစ်ယောက်ပဲလေ၊ သမီးလို ဝန်ထမ်းသစ်တစ်ယောက်ကို ဒုက္ခပေးရလောက်အောင် သူမ အောက်တန်းမကျပါဘူး၊ သမီးက အလုပ်မှာ အမှားမလုပ်သရွေ့ ဒုတိယဒေါ်လေး သမီးကို ပစ်မှတ်ထားစရာ အကြောင်းမရှိပါဘူး"

"ဒါကတော့...ဒါပေါ့..၊ ဒါပေမဲ့ ဒုတိယဒေါ်လေးက အဖေတို့ မိသားစုနဲ့ အားပြိုင်နေတာ နှစ်တော်တော်ကြာပြီလေ၊ အဖေက သမီးအပေါ် သူမရဲ့ ဒေါသတွေ ပုံချမှာ စိုးလို့ပါ၊ ဟင်း... ဒါတွေအကုန်လုံးက အဖေ အသုံးမကျလို့ပါ၊ မဟုတ်ရင် သမီးတို့ကို ဒီလို အခြေအနေမျိုး ရောက်တဲ့အထိ အဖေ အဖြစ်ခံမှာ မဟုတ်ဘူး"

ရှုယန်ဝမ်က အပြစ်မကင်းစွာဖြင့် ခေါင်းငိုက်စိုက် ကျသွားသည်။

"အဖေ အကောင်းဆုံး လုပ်ခဲ့တာပါ၊ အဘိုး အဖေ့ကို ယာယီ ဒါရိုက်တာ ရာထူးပေးတယ် ဆိုတာ အဖေ့ကိုအသိအမှတ်ပြုလို့ပေါ့၊ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့... ဟုတ်ပြီလား၊ သမီးက အဖေ့သမီးပဲ၊ သမီးလည်း အဖေ့လိုပဲ တော်လာမှာ သေချာတယ်၊ စိတ်ချ!"

သမီးဖြစ်သူ၏အား‌ပေးစကားကြောင့် ရှုယန်ဝမ် မျက်လုံးများမှာ ဝမ်းသာပီတိကြောင့် နီရဲလာပြီး သက်ပြင်းချကာ "သမီးနဲ့ ယောင်ယောင်လို တော်ပြီး လိမ္မာတဲ့ သမီးလေးတွေ ရှိတာ အဖေ တကယ်ကို ကံကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ် ယင်းယင်း... အိမ်ကို ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ပေါ့ဆခဲ့တဲ့ မိဘတွေလို့ အဖေတို့ကို အပြစ်မမြင်လို့လည်း ကျေးဇူးတင်ပါတယ်"

ရှုယင်းယင်းက ဖခင်ဖြစ်သူကိုဖက်ကာ ကျောကို အသာအ ယာ ပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။

"အဖေတို့ အမေတို့လို မိဘမျိုး ရထားတာ သမီးအတွက်လည်းဂုဏ်ယူစရာပါ၊ သမီးကို လာရှာပေးလို့လည်း တကယ်ကျေးဇူးတင်ပါတယ်"

ရှုယန်ဝမ် ဝမ်းသာမျက်ရည်များမှာ ရေလိုပင် စီးကျလာတော့သည်။

ရှုယင်းယင်းမှာ လက်ရှိ မိဘများက ချစ်စရာကောင်းကြောင်း ပို၍ ခံစားလာရသည်။ အကယ်၍ သူမသာ မိဘများ၏ မေတ္တာကို နှလုံးသားဖြင့် ခံစားရန်ဆန္ဒရှိပါက ဤကဲ့သို့သော စကားမျိုး ပြောသင့်ပေသည်။ သူမကို မိဘများအတွက် တစ်ကြိမ်ခန့် ဟင်းချက်ခွင့်ပြုပါဦး။

နောက်ဆုံးတွင် ရှုယင်းယင်းသည် လွှဲပြောင်းစာကို လက်မှတ်ရေးထိုးလိုက်ပြီး မိဘများနှင့် ညီမဖြစ်သူတို့ လိုက်ပါပို့ဆောင်မှုဖြင့် ဖုန်းရိီဂရု၏ ဌာနချုပ် အဆောက်အအုံသို့ ကားဖြင့် ထွက်ခွာလာခဲ့သည်။

_

ကူးချန် ရုံးခန်းအတွင်းတွင် ကုမ္ပဏီ၏အကြီးအကဲ သုံးဦးမှာ မကျေမနပ် မျက်နှာထားများဖြင့် တောင့်တောင့်ကြီးထိုင်နေကြသည်။

"အဘိုးကြီးရဲ့ ဆုံးဖြတ်ချက်က ကလေးဆန်လွန်းတယ်၊ အခုမှ အသိအမှတ်ပြုခံရတဲ့သူကို ကုမ္ပဏီမှာ အတွေ့အကြုံ လာယူခိုင်းရုံတင်မကဘူး၊ ရောက်ရောက်ချင်း ထန်ဝမ်လက်ထဲ ထည့်ပေးလိုက်တယ်ဆိုတော့ ဒါက သူ့ကို ဆက်ခံသူအဖြစ် လေ့ကျင့်ပေးဖို့လား"

စကားပြောသူမှာ ရှုဟုန်ရှန်းနှင့်အတူ စီးပွားရေးစတင်ခဲ့သော လုပ်ဖော်ကိုင်ဖက် ကျန်းရွေ့ဖြစ်ပြီး ကုမ္ပဏီ၏ အဓိက ရှယ်ယာရှင်များထဲမှ တစ်ဦးဖြစ်ကာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူလည်း ဖြစ်သည်။

"ကလေး မှားခေါ်လာတယ်ဆိုတာ အရမ်းရယ်စရာကောင်းတယ်၊ ဒီတစ်ခါရော သေချာပြီလား.မမှားဘူးဆိုတာကိုလေ" အခြား အကြီးအကဲတစ်ဦးဖြစ်သူ ဝူယိုသဲ့က ကူးချန်ကို စိုးရိမ်တကြီးကြည့်ကာ အပြစ်တင်‌သော လေသံဖြင့်မေးလိုက်သည်။

"ကျွန်တော် အတည်ပြုပြီးပါပြီ၊ စစ်ဆေးတဲ့သူတွေ အကုန် လုံးက အဖေ့ရဲ့ ယုံကြည်ရတဲ့သူတွေ ချည်းပဲဆိုတော့ အမှားမရှိနိုင်ပါဘူး" ဟု ကူးချန်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

"အဘိုးကြီးက အရင် ရှုယောင်ယောင်ကို လေ့ကျင့်ပေးချင်နေတာ မဟုတ်ဘူးလား၊ ဘယ်လောက်မှ မကြာသေးဘူး... အခု ရုတ်တရက်ကြီး လမ်းကြောင်းပြောင်းသွားတာကို မင်းက ဘာမှဝင်မပြောနိုင်ခဲ့ဘူးလား"

ကျောက်ရှင်း၏ မေးခွန်းထုတ်သည့် လေသံတွင် မကျေနပ်မှုများ အပြည့်ပါဝင်နေသည်။

ဒီအကြောင်းကို ပြောလိုက်သောအခါ ကျန်နှစ်ယောက်ကလည်း ကူးချန်ကို 'အသုံးမကျလိုက်တာ' ဟူသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ကူးချန်က စိတ်ထဲမှ မကျေနပ်မှုကို ဖုံးကွယ်ကာ သဘော ကောင်းသည့်ဟန်ဖြင့် ရှင်းပြလိုက်သည်။

"အဖေက ကျွန်တော့်ကို အမြဲတမ်း သတိထားနေတာလေ၊ ပြီးတော့ သူ့မြေးမလေးနဲ့ တွေ့တဲ့ညမှာပဲ ချက်ချင်း ညွှန်ကြားချက် ပေးလိုက်တာဆိုတော့ အားလုံး မျှော်လင့်မထားမိတာတွေ ဖြစ်သွားရတာ၊ ဒုတိယမိသားစုလည်း ချွင်းချက် မဟုတ်ပါဘူး"

သူက အကြီးအကဲများကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီး သတိပေးသည့် လေသံဖြင့်

"အ‌ဖေက သူ့မြေးမလေးကို ဘာတွေ မှာလိုက်သလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ဒါကြောင့် ခင်ဗျားတို့လည်း ဒီရက် ပိုင်း နည်းနည်းဆင်ခြင်နေတာ ကောင်းမယ်၊ မြောင်းထဲမှာ လှေမှောက်မသွားစေနဲ့ဦး"

ထိုစကားကို ကြားသောအခါ မြေခွေးအိုကြီးသုံး‌ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် မတ် တတ်ရပ်ကာ လှည့်ပြီးထွက်ခွာသွားကြသည်။

ကူးချန်သည် သူတို့ မထွက်ခွာမီ ထိုသူတို့၏ လေးနက်သွားသော မျက်နှာထားများကို ကြည့်ရင်း သူ့သွေးထိုးလှုံ့ဆော်မှု အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

နောက်ထပ် သူ ဘာမှ လုပ်စရာမလိုတော့ပေ။ ရှုယင်းယင်းမှာ မကြာမီ ထိုလူစု၏အပိုင်းပိုင်းဆွဲဖြဲခြင်းကို ခံရတော့မည်မှာ သေချာသည်။

အကြီးအကဲများ ထွက်သွားသည်နှင့် မကြာဘူး သူ့ အခန်းထဲသို့ ထန်ဝမ် ဝင်လာသည်။

"သူတို့ မျက်နှာတွေက ဆေးခါးခါးကြီး သောက်ထားတဲ့ အတိုင်းပဲ ရှုပ်တွ နေတာပဲ..ဒီတော့ ရှင် သူတို့ကို အာရုံလွှဲလိုက်တဲ့ အစီအစဉ်က အောင်မြင်သွားပြီ ထင်တယ်"

All Chapters