← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) - ဘွဲ့ထူးပေးအပ်ခြင်း

‎

‎ချန်ကတော်သည် လီယန်ချူအား ကျေးဇူးတင်သောအားဖြင့် တည်ခင်းဧည့်ခံလေသည်။

‎

‎ထို့ပြင် အဖိုးအခအဖြစ် ငွေဒင်္ဂါး အချိန် တစ်ရာကိုလည်း ပေးအပ်ခဲ့သည်။

‎

‎ချန်နိုင်ငံ၏ ငွေလဲလှယ်နှုန်းအရ ကြေးပြား တစ်ရာသည် ငွေတစ်ပဲ နှင့် ညီမျှပြီး ဆယ်ပဲသည် ငွေတစ်ကျပ် နှင့် ညီမျှရာ ချန်မိသားစုသည် ငွေအကျပ် တစ်ရာကို ရက်ရက်ရောရော ပေးအပ်လိုက်ခြင်း ဖြစ်သည်။

‎

‎၎င်းသည် ခေတ်သစ်ကာလ၏ ဆုကြေးငွေ သိန်းသုံးဆယ်ခန့်နှင့် ညီမျှနေသည်။

‎

‎ထိုကိစ္စမတိုင်မီကမူ လီယန်ချူ၏ တစ်ကိုယ်လုံးရှိ စုဆောင်းငွေမှာ ကြေးပြား ၁၃ ပြားသာ ရှိခဲ့သည်။

‎

‎အစိုးရရုံးမှ ရုံးစေတစ်ဦး၏ တစ်လစာမှာ ငွေနှစ်ပဲခန့်သာရှိပြီး သာမန်လူများမှာ ထိုထက်ပင် နည်းပါးစွာ ရရှိကြရာ ပိုက်ဆံစုမိရန်မှာ ပို၍ပင် ခက်ခဲလှသည်။

‎

‎လီယန်ချူသည် တစ်ချက်တည်းနှင့် ချမ်းသာသူတစ်ဦး ဖြစ်သွားလေတော့သည်။

‎

‎”တကယ်ပဲ... လူဆိုတာ စစ်မှန်တဲ့ အရည်အချင်း ရှိရမှာပဲ”

‎

‎ဟု လီယန်ချူ စိတ်ထဲမှ ဆိုလိုက်မိသည်။

‎

‎မိမိ၏ ဆရာဖြစ်သူအပေါ်ထားသည့် လေးစားမှုမှာလည်း ပို၍ တိုးလာခဲ့သည်။

‎

‎ဆရာကသာ ပညာမသင်ပေးခဲ့လျှင် ယနေ့ကဲ့သို့ အခြေအနေမျိုး ရှိလာနိုင်မည်မဟုတ်ပေ။

‎

‎လီယန်ချူသည် ထိုငွေအမြောက်အမြားကို ရရှိပြီးနောက် ချက်ချင်းပင် အရက်ကောင်းအချို့ ဝယ်ယူကာ ဆရာ၏ အုတ်ဂူသို့ သွားရောက် ပူဇော်ကန်တော့ခဲ့သည်။

‎

‎စကားများ တတွတ်တွတ် ပြောဆိုပြီးမှ ပြန်လာခဲ့သည်။

‎

‎”အခုတော့ ပိုက်ဆံရှိပြီဆိုတော့ ဆေးဆိုင်ကိုသွားပြီး ကွေ့ယွမ်ဒန် ဖော်စပ်ဖို့ ဆေးမြစ်တွေကို သွားကြည့်လို့ရပြီ”

‎

‎ဟု လီယန်ချူ စိတ်ထဲမှ ဆိုသည်။

‎

‎ဆရာက လက်ဆင့်ကမ်းခဲ့သည့် ဟွမ်ထင် တာအိုကျမ်း မှာ ကျင့်ကြံရန် အလွန်ခက်ခဲလှသည် အခြေခံစရန် ခက်ခဲသလို၊ ဆက်လက်ကျင့်ကြံရန်လည်း ခက်ခဲကာ၊ အောင်မြင်မှု အနည်းငယ်ရရန်ပင် ခက်ခဲလှသည်။

‎

‎သို့သော် လီယန်ချူအဖို့မူ ကျင့်ကြံစရာ တာအိုပညာရပ်ရှိနေခြင်းမှာပင် ကံကောင်းလှပြီဖြစ်ရာ ရွေးချယ်စရာ မရှိပေ။

‎

‎ဟွမ်ထင် တာအိုကျမ်း ထဲတွင် ကွေ့ယွမ်ဒန် ဟုခေါ်သည့် ဆေးလုံးဖော်စပ်နည်း တစ်ခုကို မှတ်တမ်းတင်ထားသည်။

‎

‎၎င်းသည် ကျင့်ကြံသူ၏ ကမ္ဘာလောကရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး၊ ကျင့်ကြံမှုအဆင့်ကို မြင့်တက်စေနိုင်သည်။

‎

‎သို့သော် ထိုကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် ကုန်ကြမ်းများမှာမူ အလွန်ပင် ရှားပါးလွန်းလှသည်။

‎

‎အားလုံးမှာ တန်ဖိုးကြီးသည့် ဆေးမြစ်များ ဖြစ်ကြသည်။

‎

‎ထိုကဲ့သို့သော တာအိုဘာသာဝင်များ၏ ဆေးနည်းများမှာ အလွန်တန်ဖိုးရှိလှပြီး သာမန်လောကရှိ ဆေးလုံးများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

‎

‎ချင်းယွန်းကျောင်းသည် ကျိန့်ယီ တာအိုဂိုဏ်း၏ တရားဝင် အနွယ်အဆက် မဟုတ်ခဲ့လျှင် ထိုကဲ့သို့ ရှားပါးသည့် ဆေးနည်းမျိုး ရှိနိုင်မည်မဟုတ်ပေ။

‎

‎ယခုမူ ပိုက်ဆံရှိပြီဖြစ်ရာ လီယန်ချူ အလိုချင်ဆုံးအရာမှာ ကွေ့ယွမ်ဒန် ဖော်စပ်ရန် ကုန်ကြမ်းများကို ဝယ်ယူရန်ပင် ဖြစ်သည်။

‎

‎အကယ်၍ ကွေ့ယွမ်ဒန် ညကိုသာ ဖော်စပ်နိုင်ခဲ့လျှင် မိမိ၏ ကျင့်ကြံမှုမှာ ဧကန်မုချ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

‎

‎လီယန်ချူသည် ၎င်းကို အလွန်ပင် မျှော်လင့်နေမိသည်။

‎

‎သို့သော် လီယန်ချူ ဆေးဆိုင်သို့ ရောက်ရှိ၍ ကွေ့ယွမ်ဒန်အတွက် လိုအပ်သည့် ဆေးမြစ်အချို့ကို မေးမြန်းလိုက်သည့်အခါမှသာ ထိုဆေးနည်းမှာ အဘယ်ကြောင့် ကွယ်ပျောက်လုနီးပါး ဖြစ်နေရသနည်းဆိုသည်ကို နားလည်သွားတော့သည်။

‎

‎ဆေးမြစ်တိုင်းမှာ နှစ်ပေါင်းရာချီ သက်တမ်းရှိရမည်ဟု ဆိုထားရာ၊ ထိုအရာမျိုးမှာ ပိုက်ဆံရှိလျှင်ပင် ဝယ်ယူရန် မလွယ်ကူပေ။

‎

‎ထို့ပြင် ထိုထဲမှ ဆေးမြစ်အချို့မှာ ယခုအခါတွင် မျိုးသုဉ်းပျောက်ကွယ်နေပြီ ဖြစ်သည်။

‎

‎”ကမ္ဘာပေါ်မှာ တာအိုကျင့်ကြံသူတွေ ဘာလို့ ဒီလောက်နည်းနေရလဲ ကျင့်ကြံရေးဆေးလုံးတွေ ဘာလို့ ရှားနေရလဲဆိုတာ နားလည်သွားပြီ”

‎

‎ဟု လီယန်ချူက သက်ပြင်းချလျက် ဆိုလိုက်သည်။

‎

‎ငွေကျပ် တစ်ရာကို ကိုင်ဆောင်ထားသည့် တာအိုဆရာလေး လီသည် ဆေးလုံးဖော်စပ်ရန် ကုန်ကြမ်းများကို ဝယ်ယူ၍ မရနိုင်ခဲ့ပေ။

‎

‎ဆိုင်ဝန်ထမ်း၏ စိတ်အားထက်သန်စွာ တိုက်တွန်းမှုကြောင့် လီယန်ချူသည် ဆယ်မျိုးစုံ အားဖြည့်စွပ်ပြုတ် အတွက် ဆေးမြစ်အချို့ကို ဝယ်ယူလာခဲ့သည်။

‎

‎၎င်းသည် စိတ်ဓာတ်နှင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်စေကာ အားအင်နှင့် သွေးကို ဖြည့်တင်းပေးနိုင်သည်။

‎

‎ချင်းယွန်းကျောင်းသို့ ပြန်ရောက်သည့်အခါ လီယန်ချူသည် မီးဖိုကိုပြင်ဆင်၍ ဆေးကျိုရန် ပြင်ဆင်လိုက်သည်။

‎

‎ဆေးမြစ်များထုပ်ထားသည့် စက္ကူကို ဖွင့်လိုက်သည်နှင့် သစ်သားနှင့် မြက်ပင်တို့၏ သင်းပျံ့သောရနံ့မှာ နှာခေါင်းထဲသို့ တိုးဝင်လာသည်။

‎

‎ဒီထဲတွင် အားဖြည့်ဆေးမြစ်များစွာ ပါဝင်သည်၊ ဥပမာအားဖြင့် ဂျင်ဆင်းမြစ် ကဲ့သို့အရာများ၊ အမှန်စင်စစ်မှာတော့ အလွန်သေးငယ်၍ အရည်အသွေး အလွန်ညံ့သည့် အမျိုးအစားသာ ဖြစ်သည်။

‎

‎သို့သော် ထိုမျှနှင့်ပင် တန်ဖိုးမှာ မနည်းလှပေ။

‎

‎”ဒါလေးကသာ သက်တမ်းရင့်တဲ့ တောင်ပေါ် ဂျင်ဆင်းမြစ်ကြီး ဖြစ်နေရင် ကောင်းမှာပဲ”

‎

‎ဟု လီယန်ချူက စိတ်ထဲမှ ဆိုလိုက်သည်။

‎

‎ယခင်က ချန်အိမ်တော်တွင် ကာမရမ္မက်သရဲကို သတ်ဖြတ်ပြီးနောက် ခေါင်းထဲတွင် ကြားလိုက်ရသည့် တာအိုအသံ ကို သတိရလိုက်သည်။

‎

‎လီယန်ချူသည် ပြုံးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ထိုအသံကို အတုယူလျက် ဆေးမြစ်များကို လက်ညှိုးထိုးကာ ဘွဲ့ထူးပေးအပ်ခြင်း ဟု ဆိုလိုက်သည်။

‎

‎နောက်တစ်စက္ကန့်တွင်...

‎

‎အလင်းတန်းတစ်ခု ဝင်းခနဲဖြစ်သွားပြီး စားပွဲပေါ်ရှိ ဆေးမြစ်များမှာ မျက်မြင်ကိုယ်တွေ့ပင် ပြောင်းလဲသွားတော့သည်။

‎

‎မူလက လက်သန်းခန့်သာရှိသည့် ဂျင်ဆင်းမြစ်လေးမှာ ယခုအခါ ကလေးငယ်တစ်ဦး၏ လက်မောင်းခန့်အထိ ကြီးမားသွားသည်။

‎

‎လီယန်ချူသည် အရင်ဘဝတုန်းက သူဌေးတစ်ဦး၏ အိမ်တွင် သက်တမ်း ၃၀ ရှိသည့် ချန်ပိုင်ရှန်း တောင်ပေါ် ဂျင်ဆင်းမြစ်ကို မြင်ဖူးသော်လည်း ယခုလက်ရှိ မြင်နေရသည့် ဂျင်ဆင်းမြစ်၏ အရည်အသွေးကို မမီပေ။

‎

‎အနံ့ကို တစ်ချက်ရှူလိုက်ရုံနှင့်ပင် စိတ်ဝိညာဉ်မှာ လန်းဆန်းတက်ကြွသွားရသည်။

‎

‎”ဒါ... ဒါက တကယ့် နတ်ဆေးပဲ “

‎

‎လီယန်ချူသည် မိမိကိုယ်ပေါ်ရှိ ကုသိုလ်မှတ်မှာ နှစ်ရာ သို့ ပြောင်းလဲသွားသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။

‎

‎ကုသိုလ်မှတ် တစ်ရာ လျော့နည်းသွားခြင်း ဖြစ်သည်။

‎

‎”ဒါဆိုရင် ငါက ကုသိုလ်မှတ်တွေကို သုံးပြီး ပစ္စည်းတွေကို အဆင့်မြှင့်တင် လို့ ရတာပေါ့ “

‎

‎လီယန်ချူသည် ထိုတွေ့ရှိမှုကြောင့် အလွန်ပင် ထိတ်လန့်သွားရသည်။

‎

‎ဤ ဆယ်မျိုးစုံ အားဖြည့်စွပ်ပြုတ် ၏ အာနိသင်ကို စမ်းသပ်ရန်အတွက် လီယန်ချူသည် ချက်ချင်းပင် မီးဖိုချောင်၌ ဆေးကို ကျိုလေတော့သည်။

‎

‎ဆေးကျိုပြီးသည့်အခါတွင်မူ ပြင်းရှ၍ မွှေးကြိုင်လှသော ဆေးနံ့မှာ တစ်ခန်းလုံးသို့ ပျံ့နှံ့သွားသည်။

‎

‎ခြံဝင်းအတွင်းရှိ မြည်းနက်ကြီးသည် ရုတ်တရက် လည်ပင်းကို ဆန့်ထုတ်ကာ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။

‎

‎၎င်းမှာ ဆရာအိုကြီး ထားခဲ့သည့် အမွေအနှစ်ပင် ဖြစ်သည်။

‎

‎လီယန်ချူသည် စိတ်ကူးရကာ ဆေးရည်အချို့ကို ပန်းကန်လုံးထဲသို့ ထည့်၍ ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။

‎

‎သစ်ပင်အောက်တွင် မြက်စားရန် ချည်နှောင်ထားသည့် မြည်းနက်ကြီး တဟေး သည် ထိုဆေးနံ့ကို ရရှိသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး လျှာကို ထုတ်လိုက်သည်။

‎

‎”တဟေး... မလောနဲ့ ကောင်းတာရှိရင် မင်းကို ငါမမေ့ပါဘူး”

‎

‎ဟု လီယန်ချူက နူးညံ့စွာ ပြုံးလျက် ဆိုလိုက်သည်။

‎

‎သူသည် ဆေးပန်းကန်ကို တဟေး၏ ပါးစပ်နားသို့ ချပေးလိုက်ရာ၊ မစောင့်နိုင်တော့သည့် မြည်းနက်ကြီးသည် ထိုစွပ်ပြုတ်တစ်ပန်းကန်လုံးကို ချက်ချင်းပင် လျှာဖြင့် ရက်ပစ်လိုက်သည်။

‎

‎”အီးအဲ... အီးအဲ...”

‎

‎မြည်းနက်ကြီးသည် ကောင်းကင်သို့ မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ ခွာများဖြင့် မြေကြီးကို အဆက်မပြတ် ယက်လေတော့သည်။

‎

‎ရုတ်တရက်ပင် လည်ပင်းရှိ ကြိုးကို ရုန်းဖြတ်လိုက်ပြီး ခြံဝင်းအတွင်း၌ အရူးအမူး ပြေးလွှားလေတော့သည်။

‎

‎”ဟာ... သွားပြီ “

‎

‎လီယန်ချူသည် ကိုယ်ကို ရှောင်လိုက်ပြီး ချက်ချင်းပင် လွတ်ရာသို့ ပြေးရသည်။

‎

‎သူသည် ဆရာနှင့်အတူ လက်သီးခြေဖနောင့် ပညာရပ်အချို့နှင့် လျိုယန်ဓားသိုင်း ကို အကြမ်းဖျင်း သင်ယူထားဖူးသည်။

‎

‎သာမန်လူ လေးငါးယောက်ကို တိုက်ခိုက်ရန်မှာ သူ့အတွက် ပြဿနာမဟုတ်ပေ။

‎

‎သို့သော် ပြဿနာမှာ ရူးနေသည့် မြည်းတစ်ကောင်နှင့် ရင်ဆိုင်ရမည်ကို လီယန်ချူ မလိုလားခြင်း ဖြစ်သည်။

‎

‎ကံကောင်းသည်မှာ တဟေးသည် ခြံဝင်းထဲတွင်သာ လွှတ်ကနဲ၊ ခုန်ကနဲ ပြေးလွှားနေခြင်းဖြစ်ပြီး ကျောင်းအတွင်းရှိ ပစ္စည်းများကိုမူ မဖျက်ဆီးပေ။

‎

‎နှစ်နာရီခန့်ကြာအောင် သောင်းကျန်းပြီးမှသာ တဟေးမှာ ငြိမ်ကျသွားပြီး သစ်ပင်အောက်၌ လဲလျောင်းကာ အသက်ကို ပြင်းပြင်းရှူနေတော့သည်။

‎

‎လီယန်ချူသည် အချိန်အတော်ကြာ သေချာစောင့်ကြည့်ပြီးနောက် ထိုဆေးတွင် ဘေးထွက်ဆိုးကျိုး မရှိကြောင်း အတည်ပြုလိုက်သည်။

‎

‎ထို့နောက် မီးဖိုချောင်သို့ ပြန်သွားကာ ဆေးရည်ကို ဂရုတစိုက် တစ်ငုံ သောက်လိုက်သည်။

‎

‎ဝုန်း

‎

‎လီယန်ချူသည် ပြင်းထန်သော ဆေးအရှိန်အဝါများ မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်၊ သွေးများမှာ လျင်မြန်စွာ စီးဆင်းလာပြီး နှလုံးမှာလည်း အားမာန်အပြည့်ဖြင့် ခုန်လှုပ်လာသည်။

‎

‎ဒါ... ဒါက တော်တော်ပြင်းတာပဲ

‎

‎လီယန်ချူသည် တစ်ကိုယ်လုံး၌ သုံးမကုန်သော အားအင်များ ရှိနေသကဲ့သို့ ခံစားရပြီး တစ်စုံတစ်ခုကို ဖောက်ထုတ်ပစ်ရန် အရေးတကြီး လိုအပ်နေသည်။

‎

‎”ဘယ်လိုလုပ်ရမလဲ... ငါက မိန်းမလည်း မရသေးဘူး ဘယ်လိုသွားပြီး ဖောက်ထုတ်ရမှာလဲ”

‎

‎လီယန်ချူ စိတ်ထဲတွင် အလွန်ပင် ပူပန်သွားသည်။

‎

‎ကျိန့်ယီတာအိုဂိုဏ်းမှာ အိမ်ထောင်ပြုခြင်းကို တားမြစ်ထားခြင်း မရှိသော်လည်း၊ ပြဿနာမှာ လီယန်ချူတွင် မိန်းမမရှိခြင်း ဖြစ်သည်။

‎

‎ပြည်တန်ဆာအိမ် ကို သွားရမလား

‎

‎ထိုအတွေးကြောင့် လီယန်ချူ၏ အသက်ရှူသံမှာ ပို၍ မြန်လာပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာလည်း ပို၍ ပူလောင်လာသည်။

‎

‎ဝေမြို့တွင် ပြည်တန်ဆာ အိမ်ကဲ့သို့သော နေရာကောင်းများ ရှိပါသည်။

‎

‎သို့သော် လီယန်ချူ၏ လက်ရှိအခြေအနေမှာ အချိန်မမီတော့သကဲ့သို့ပင် အပူဓာတ် မှာ အလွန် ပြင်းထန်နေသည်။

‎

‎စိတ်ကူးရသည်နှင့် လီယန်ချူသည် ခါးရှိ အေးစက်သော သားသတ်ဓားကို ကိုင်လိုက်သည်။

‎

‎မီးဖိုချောင်တံခါးကို တွန်းဖွင့်ကာ ကျယ်ဝန်းသော ခြံဝင်းထဲသို့ ထွက်လာပြီး၊ ဆရာသင်ပေးထားသည့် လျိုယန်ဓားသိုင်း ကို စတင် ကျင့်ကြံလေတော့သည်။

‎

‎သူသည် ပုံမှန်အားဖြင့် ကစားကွက်များကိုသာ လေ့ကျင့်လေ့ရှိပြီး၊ ၎င်းသည် ခန္ဓာကိုယ်ကို သန်စွမ်းစေကာ အားအင်ကို တိုးပွားစေသည်။

‎

‎အမှန်စင်စစ် ထိုဓားသိုင်းမှာ နောက်ခံသမိုင်းကြောင်း ကြီးမားလှပြီး လောကီသိုင်းလောကတွင် တတိယတန်းစား သိုင်းပညာစာရင်းဝင် ဖြစ်သည်။

‎

‎တတိယတန်းစား သိုင်းပညာကို အထင်မသေးပါနှင့်၊ ၎င်းမှာ ဂိုဏ်းများစွာ၏ အဖိုးတန် လျှို့ဝှက်သိုင်းပညာပင် ဖြစ်သည်။

‎

‎ပထမအဆင့်ကို အောင်မြင်အောင် ကျင့်ကြံနိုင်လျှင် လျိုယန်အတွင်းအား ကို ရရှိမည်ဖြစ်ပြီး၊ ၎င်းမှာ ထက်မြက်ပူလောင်ကာ သွေးလေကို အားကောင်းစေသည်။

‎

‎လျိုယန်အတွင်းအားကို လက်နက်အတွင်းသို့ ထည့်သွင်းနိုင်ပါက စွမ်းအားကို ပိုမို တိုးပွားစေနိုင်သည်။

‎

‎သို့သော် ထိုအဆင့်သို့ ရောက်ရန်မှာ မလွယ်ကူပေ။

‎

‎လီယန်ချူ၏ လက်ထဲရှိ သားသတ်ဓားမှာ ပို၍ ပို၍ လျင်မြန်လာပြီး စိတ်ထဲမှ ကသိကအောက်ဖြစ်မှုများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

‎

‎ထိုအစား အရာအားလုံးကို မေ့လျော့ကာ ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားသည်။

‎

‎၎င်းကို သိုင်းပညာလောကတွင် ဉာဏ်အလင်းပွင့်ခြင်း ဟု ခေါ်သည်။

‎

‎တစ်ညလုံး ကျင့်ကြံပြီးနောက်...

‎

‎လီယန်ချူသည် မိမိကိုယ်တိုင် လျိုယန်အတွင်းအား ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး၊ သာမန်သိုင်းသမားများ ၃ နှစ်မှ ၅ နှစ်အထိ ကျင့်ကြံမှ ရရှိနိုင်သည့် အဆင့်သို့ ရောက်ရှိသွားကြောင်း ဝမ်းသာအားရ တွေ့ရှိလိုက်ရသည်။

‎

‎၎င်းမှာ လျိုယန်ဓားသိုင်း ပထမအဆင့် ပင် ဖြစ်သည်။

‎

‎

‎

‎အခန်း (၄) - ချင်းယီမယ်တော်

‎

‎လင်းစပြုလာသော ကောင်းကင်ယံကို ကြည့်ရင်း လီယန်ချူမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

‎

‎"လျိုယန်ဓားသိုင်း ပထမအဆင့်ကို ငါဒီလိုပဲ ဉာဏ်အလင်းပွင့်ပြီး အောင်မြင်သွားတာလား"

‎

‎"ဒါက သာမန်သိုင်းသမားတွေဆိုရင် ဆယ်နှစ်လောက်ကျင့်ရင်တောင်မှ ရောက်ချင်မှရောက်မယ့် အဆင့်မျိုးပဲဥစ္စာ"

‎

‎ဘွဲ့ထူးပေးအပ် ပြီးနောက် ပြောင်းလဲသွားသော ထိုဆေးမြစ်များမှာ ဧကန်မုချ သာမန်မဟုတ်ပေ မိမိကို တစ်ညတည်းနှင့် လျိုယန်ဓားသိုင်း ပထမအဆင့်သို့ တက်လှမ်းစေနိုင်ခဲ့သည်။

‎

‎လီယန်ချူမှာ သိုင်းပညာနှင့် ပတ်သက်လျှင် ဗဟုသုတ နည်းပါးလှသည်၊ အကြောင်းမှာ သူ၏ဆရာမှာ တာအိုဆရာတစ်ဦး ဖြစ်သောကြောင့်ပင်။

‎

‎ထိုလျိုယန်ဓားသိုင်းမှာလည်း ဆရာဖြစ်သူရွှေချန်တာအိုဆရာက ရန်သူလိုက်လံသတ်ဖြတ်ခြင်း ခံနေရသော ဓားသမားတစ်ဦး၏ ကျန်ရစ်သောပစ္စည်းများထဲမှ တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့ခြင်း ဖြစ်သည်။

‎

‎ရွှေချန်တာအိုဆရာကိုယ်တိုင်မှာမူ သိုင်းပညာ မတတ်မြောက်ပေ။

‎

‎"မနက်ဖြန်ကျရင်တော့ ဖန့်ချင်လန်ဆီကိုသွားပြီး အကြံဉာဏ် တောင်းရမယ်"

‎

‎ဟု လီယန်ချူ စိတ်ထဲမှ ဆိုလိုက်သည်။

‎

‎ချင်းယွန်းကျောင်း၏ မျက်စိတစ်ဆုံး အကွာအဝေးတွင် ထိုက်ဖင်တည်းခိုခန်း ရှိပြီး၊ ဆိုင်ရှင်မှာ မုဆိုးမတစ်ဦး ဖြစ်ကာ ဖန့်ချင်လန်မှာ ထိုဆိုင်ရှင်၏ ညီမဖြစ်သည်။

‎

‎သူမမှာ နာမည်ကျော် ဆရာသမားများ၏ သင်ကြားမှုကို ခံယူထားသော စစ်မှန်သည့် သိုင်းပညာရှင်တစ်ဦး ဖြစ်ကာ သံဓားတစ်လက်ကို အသုံးပြုပြီး ဓားသိုင်းမှာ အလွန်ပင် မြင့်မားလှသည်။

‎

‎နောက်တစ်နေ့တွင်

‎

‎လီယန်ချူသည် နံနက်စောစောမှာပင် ထိုက်ဖင်တည်းခိုခန်းသို့ ရောက်ရှိလာခဲ့သည်။

‎

‎ဆိုင်ရှင်မှာ အသက် ၃၀ ကျော်အရွယ် အလှပန်းတစ်ပွင့်ကဲ့သို့ ချောမောသော အမျိုးသမီးဖြစ်ပြီး သူမ၏ အပြုံးတိုင်းတွင် ရင့်ကျက်သော ဆွဲဆောင်မှုများ ရှိနေသည်။

‎

‎မျက်နှာမှာ ဥဝိုင်းပုံစံရှိပြီး မျက်လုံးထောင့်တွင် မှဲ့လေးတစ်လုံး ပါရှိကာ ကိုယ်လုံးကိုယ်ပေါက်မှာလည်း ပြည့်ဖြိုးလှပလှသည်။

‎

‎"လီတာအိုဆရာ... ကြွပါရှင်၊ လက်ဖက်ရည် ဖျော်ပေးပါ့မယ်"

‎

‎ ဟု ဆိုင်အကူလေးက တက်ကြွစွာ ဆိုလိုက်သည်။

‎

‎တစ်ဆိုင်လုံးတွင် ထိုဆိုင်အကူလေး တစ်ယောက်သာလျှင် လီယန်ချူအပေါ် အလွန် ယဉ်ကျေးပျူငှာခြင်း ဖြစ်နိုင်သည်။

‎

‎ဆိုင်ရှင်မကြီး၏ သဘောထားမှာမူ အလွန်ပင် အေးစက်လှသည်၊ အကြောင်းမှာ ချင်းယွန်းကျောင်း မြေနေရာမှာ ဆိုင်ရှင်မကြီးက ရွှေချန်တာအိုဆရာထံသို့ ငှားရမ်းထားခြင်း ဖြစ်သောကြောင့်ပင်။

‎

‎သို့သော် တာအိုကျောင်းမှာ အလှူငွေ နည်းပါးသဖြင့် မြေငှားခမှာ တစ်နှစ်ကျော်မျှ တင်ကျန်နေခဲ့ပြီ ဖြစ်သည်။

‎

‎"ဒါက လီတာအိုဆရာလေး မဟုတ်လား"

‎

‎ ဆိုင်ရှင်မကြီးက မျက်နှာကို တင်းထားပြီး အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

‎

‎အမှန်စင်စစ် ဆိုင်ရှင်မကြီးမှာ လူဆိုးတစ်ယောက် မဟုတ်ပေ၊ အခြားသူသာဆိုလျှင် လီယန်ချူကို နှင်ထုတ်လိုက်သည်မှာ ကြာပြီဖြစ်သည်။

‎

‎သို့သော် ဆိုင်ရှင်မကြီး၏ နှုတ်ထွက်စကားမှာမူ ဘယ်သောအခါမှ အလျှော့မပေးတတ်ပေ။

‎

‎"ဆိုင်ရှင်မကြီး... ဒီနေ့ ကြည့်ရတာ လူကလည်း လန်းဆန်းလို့ပါလား လာမယ့်ရက်တွေမှာ စီးပွားရေးတွေ ပိုပြီး ကောင်းဦးမှာပဲ"

‎

‎ ဟု လီယန်ချူက ပြုံးလျက် ဆိုလိုက်သည်။

‎

‎"ဟွန်း"

‎

‎ ဆိုင်ရှင်မကြီးက လီယန်ချူကို တစ်ချက်ကြည့်ကာ အေးစက်စွာ ဆိုသည်

‎

‎"တာအိုဆရာ... မြေငှားခကို ဘယ်အချိန်ထိ ဆွဲဆန့်နေဦးမှာလဲ "

‎

‎"ကြည့်ရတာ... မင်းအဲဒီ တာအိုကျောင်းကို ပိတ်ပြီး ငါ့ဆီမှာပဲ အလုပ်လာလုပ်တာ ပိုကောင်းမယ် ထင်တယ်"

‎

‎လီယန်ချူက ပြုံးရုံသာ ပြုံးနေပြီး ဘာမှမပြောပေ။

‎

‎ထို့နောက် ငွေတုံးအချို့ကို ထုတ်ကာ ကောင်တာပေါ်သို့ တင်လိုက်သည်။

‎

‎ဆိုင်ရှင်မကြီး၏ နီမြန်းပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလေးမှာ လီယန်ချူ၏ တာအိုကျောင်းလေးအကြောင်းကို ဆက်လက်၍ အပြစ်တင်ဝေဖန်နေဆဲ ဖြစ်သည်။

‎

‎သို့သော် ဤငွေတုံးများကို မြင်လိုက်ရသောအခါ သူမ၏ အကြည့်များမှာ ရုတ်တရက် မှင်သက်သွားတော့သည်။

‎

‎"ဒါ... ဒါက..."

‎

‎နီမြန်းသော နှုတ်ခမ်းလေးမှာ ဟကနဲ ဖြစ်သွားပြီး မယုံနိုင်စရာ ဖြစ်နေသည်။

‎

‎ချင်းယွန်းကျောင်း မည်မျှ ဆင်းရဲကြောင်း သူမ သိပါသည်၊ လီယန်ချူ၏ ကိုယ်ပေါ်တွင် ငွေတစ်ပဲတောင် ရှိနိုင်မည်မဟုတ်ဟု ထင်ထားခဲ့ရာ ထိုမျှများပြားသော ငွေများမှာ မည်သည့်နေရာမှ ရလာသနည်း။

‎

‎"ပုံမှန်အတိုင်းဆိုရင် ဆိုင်ရှင်မကြီးရဲ့ စောင့်ရှောက်မှုကို အများကြီး ခံယူခဲ့ရပါတယ် ဒါက တင်ကျန်နေတဲ့ မြေငှားခတွေပါ ပြီးတော့ ဒီနှစ်အတွက် မြေငှားခလည်း ပါပါတယ် ပိုတာကိုတော့ ဆိုင်ရှင်မကြီးအတွက် နစ်နာကြေးအဖြစ် မှတ်ယူပေးပါ"

‎

‎ဟု လီယန်ချူက ဆိုလိုက်သည်။

‎

‎ဆိုင်ရှင်မကြီး၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး မျက်နှာပေါ်၌ နွေဦးလေညင်းကဲ့သို့ ချိုသာသော အပြုံးများ ပေါ်လာကာ

‎

‎ "ဒါမျိုး ဘယ်ဖြစ်မလဲရှင် နည်းနည်းပါးပါး နောက်ကျတာ ကိစ္စမရှိပါဘူး"

‎

‎"ကျွန်မကလည်း ဒီလောက်အထိ တွက်ကပ်တတ်တဲ့သူ မဟုတ်ပါဘူး"

‎

‎ပါးစပ်ကသာ ထိုသို့ဆိုသော်လည်း လက်ကမူ သိသိသာသာပင် ငွေများကို သိမ်းဆည်းကာ ရင်ဘတ်ထဲသို့ ထည့်လိုက်လေသည်။

‎

‎လီယန်ချူမှာ သူမ၏မျက်လုံးထဲတွင် ချက်ချင်းပင် ကြည့်ကောင်းသောသူတစ်ဦး ဖြစ်သွားတော့သည်

‎

‎"ဟေ့...တာအိုဆရာအတွက် လက်ဖက်ရည်ကောင်းတစ်အိုး ချပေးစမ်း "

‎

‎ဆိုင်ရှင်မကြီးက သူမ၏ ပြည့်ဖြိုးသော တင်ပါးကို လှုပ်ခါလျက် ကောင်တာထဲသို့ လှည့်ဝင်သွားသည်။

‎

‎ဤရှေ့နောက် မတူညီသော အမူအရာပြောင်းလဲမှုကြောင့် လီယန်ချူမှာ ရယ်ရခက် ငိုရခက် ဖြစ်နေမိသည်။

‎

‎"ဖန့်ချင်လန်လေးရော ရှိလားဗျ"

‎

‎ လီယန်ချူက မေးလိုက်သည်။

‎

‎"ချင်လန်ကို ရှာတာလား၊ သူမက ဒီနေ့ အစိုးရရုံးကို သွားတယ်၊ ဝမ်အရာရှိက သူမကို ရဲမက် အဖြစ် ခန့်ထားလို့လေ"

‎

‎ဆိုင်ရှင်မကြီးက ပြုံးလျက် ဆိုသည်။

‎

‎"ရဲမက်"

‎

‎လီယန်ချူမှာ အနည်းငယ် အံ့သြသွားသည်။

‎

‎ဖန့်ချင်လန်မှာ ရုတ်တရက်ပင် အစိုးရရုံး၏ ရဲမက်တစ်ဦး ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

‎

‎"ကျွန်မကို ဘာကိစ္စရှာတာလဲ"

‎

‎နောက်ကွယ်မှ ရုတ်တရက် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

‎

‎လီယန်ချူ လှည့်ကြည့်လိုက်သည်။

‎

‎သံဓားတစ်လက်ကို ကိုင်ဆောင်ထားသော အေးစိမ့်သည့် အလှပန်းလေးတစ်ဦး တည်းခိုခန်းတံခါးဝတွင် ပေါ်လာသည်။

‎

‎မိန်းကလေးမှာ အသက် ၁၇၊ ၁၈ နှစ်ခန့်သာရှိပြီး မျက်နှာအချိုးအစား ကျနကာ အသားအရေမှာ ဖြူဝင်းနေသည်၊ ခြေတံများမှာ သန်စွမ်းပြီး ရှည်လျားကာ မျက်ခုံးအစုံတွင်လည်း ရဲရင့်သော အရှိန်အဝါများ ရှိနေသည်။

‎

‎"ချင်လန်လေး... ကျွန်တော့်မှာ မေးမြန်းစရာ ကိစ္စအချို့ ရှိလို့ပါ အဆင်ပြေနိုင်မလားဗျ"

‎

‎ဟု လီယန်ချူက ဆိုလိုက်သည်။

‎"နောက်က လိုက်ခဲ့"

‎

‎ဖန့်ချင်လန်က ခေါင်းညိတ်လိုက်သည်။

‎

‎ဆိုင်ရှင်မကြီးကမူ ဘာမှမပြောဘဲ ပြုံးလျက်သာ ကြည့်နေပြီး စီးပွားရေးကိစ္စများဖြင့် အလုပ်ရှုပ်နေတော့သည်။

‎

‎ဖန့်ချင်လန်က ရှေ့မှ လျှောက်သွားပြီး လီယန်ချူက နောက်မှ ကပ်လိုက်လာရာ၊ ထိုအကွာအဝေးမှနေ၍ သင်းပျံ့သော ရနံ့လေးကို ရရှိနေသည်။

‎

‎ဖန့်ချင်လန်၏ အသားအရေမှာ ဖြူဝင်းလှပသဖြင့် သိုင်းသမားနှင့် မတူပေ၊ သို့သော် သူမမှာ မျိုးရိုးမြင့် မိသားစုမှဖြစ်ပြီး ဓားသိုင်းမှာလည်း ထူးခြားလှသည်၊ တင်ပါးမှာလည်း အတော်လေး လုံးဝန်းတင်းကားလှသည်။

‎

‎လီယန်ချူကမူ ဖန့်ချင်လန်တွင် ဝမ်းဗိုက်ကြွက်သားများ နှင့် ရေသူမလိုင်း များ ရှိနေမလားဟုပင် တွေးတောနေမိသည်။

‎

‎သို့သော်လည်း တွေးရုံသာ တွေးရဲခြင်း ဖြစ်သည်။

‎

‎"ဘာကိစ္စလဲ"

‎

‎ဖန့်ချင်လန်က ခြံဝင်းထဲသို့ ရောက်သောအခါ လှည့်၍ မေးလိုက်သည်။

‎

‎သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်သော်လည်း ဖန့်ချင်လန်၏ စရိုက်မှာ အေးစက်လွန်းသဖြင့် စကားပြောလျှင်လည်း အေးစက်စက်ပင် ဖြစ်သည်။

‎

‎"သိုင်းပညာမှာ အဆင့်အတန်းတွေကို ဘယ်လို သတ်မှတ်ထားသလဲဆိုတာ သိချင်လို့ပါ"

‎

‎ဟု လီယန်ချူက ဆိုသည်။

‎

‎ဖန့်ချင်လန် တိတ်ဆိတ်သွားသည်။

‎

‎"တာအိုဆရာက ဒါကို ဘာလို့မေးတာလဲ မင်းက သိုင်းသင်ဖို့ အရမ်း နောက်ကျသွားပြီ၊ တစ်သက်လုံး သိုင်းလောကထဲကို ခြေစုံပစ် ဝင်နိုင်မှာ မဟုတ်ဘူး"

‎

‎ဟု မိန်းကလေးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

‎

‎"..."

‎လီယန်ချူမှာ ဆွံ့အသွားသည်။

‎

‎ဖန့်ချင်လန်မှာ ထိုကဲ့သို့ပင် အေးစက်ပြီး ပွင့်လင်းစွာ ပြောဆိုတတ်သူ ဖြစ်သည်။

‎

‎"ကျွန်တော် မနေ့ညက လျိုယန်ဓားသိုင်း ပထမအဆင့်ကို အောင်မြင်သွားပြီဗျ"

‎

‎လီယန်ချူက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

‎

‎ဖန့်ချန်လန် အနည်းငယ် အံ့သြသွားသည်။

‎

‎"တကယ်ကို ထူးဆန်းတာပဲ လီတာအိုဆရာက သိုင်းသင်ဖို့ အကောင်းဆုံးအရွယ်ကို ကျော်လွန်နေပြီဖြစ်ပေမယ့် သွေးလေကို ကျင့်ကြံနိုင်ပြီး အခြေခံအဆင့်ကို ရောက်သွားနိုင်တယ်ပေါ့"

‎

‎ဟု ဖန့်ချင်လန်က ဆိုသည်။

‎

‎"ကျွန်တော်လည်း ကျင့်ရင်းကျင့်ရင်းနဲ့ပဲ အဆင့်တက်သွားတာပါ"

‎

‎လီယန်ချူက နှိမ့်ချစွာ ဆိုလိုက်သည်။

‎

‎ထိုအချက်မှာ သူ လိမ်ပြောခြင်း မဟုတ်ပေ။

‎

‎ဖန့်ချင်လန်က လီယန်ချူကို တစ်ချက်ကြည့်ကာ

‎

‎"သိုင်းပညာမှာ သီးခြား အဆင့်သတ်မှတ်ချက် မရှိပါဘူး ဒါပေမဲ့ သိုင်းလောကမှာတော့ အကြမ်းဖျင်းအားဖြင့် တတိယတန်းစား ဒုတိယတန်းစားနဲ့ ပထမတန်းစား သိုင်းသမားတွေဆိုပြီး ခွဲခြားထားကြတယ်"

‎

‎ဒီလောက်တောင် ရိုးရှင်းတာလား... လီယန်ချူ စိတ်ထဲမှ တွေးတောရင်း မေးလိုက်သည်

‎

‎"ချင်လန် မင်းရော ဥာဏ်အလင်းပွင့်ခြင်းအခြေအနေကို ရောက်ဖူးလား"

‎

‎ဖန့်ချန်လန်က

‎

‎"သိုင်းပညာမှာ ဉာဏ်အလင်းပွင့်တယ်ဆိုတာ တိုက်တိုက်ဆိုင်ဆိုင် ကြုံရခဲတဲ့ ကံတရားပဲ ကြီးမားတဲ့ အခွင့်အရေးမျိုးပေါ့၊ သာမန်လူတွေက တစ်သက်လုံး ဒီအခြေအနေကို မရောက်နိုင်ကြဘူး ခြေလှမ်းမှန်မှန်နဲ့ပဲ ကျင့်ကြံရမှာဖြစ်ပြီး မဖြစ်နိုင်တဲ့အရာတွေကို အတင်းအကျပ် မလုပ်ရဘူး"

‎

‎လီယန်ချူ

‎

‎ "ဒါဆို... ချင်လန် မင်းရော ရောက်ဖူးလား"

‎

‎ဖန့်ချင်လန်

‎"..."

‎

‎လီယန်ချူ နားလည်သွားပြီ၊ ထိုသိုင်းပညာ ဉာဏ်အလင်းပွင့်ခြင်းမှာ သူထင်ထားသည်ထက် ပို၍ ခက်ခဲပုံရသည်၊ ဖန့်ချင်လန်ကဲ့သို့ သိုင်းပညာရှင်မျိုးပင် မလုပ်ဆောင်နိုင်ခဲ့ပေ။

‎

‎"ဟုတ်သားပဲ၊ ဆိုင်ရှင်မကြီး ပြောတာတော့ ဝမ်အရာရှိက မင်းကို အစိုးရရုံးမှာ အမှု့ထမ်းအဖြစ် လာလုပ်ဖို့ ဖိတ်ခေါ်တယ်ဆို"

‎

‎ လီယန်ချူက စကားလမ်းကြောင်း လွှဲလိုက်သည်။

‎

‎ဤကဲ့သို့ ရေခဲတောင်ကဲ့သို့ အေးစက်သော မိန်းကလေးနှင့် ဆက်ဆံရာတွင် သူက အလွန်အမင်း တုံးအသောသူ တော့ မဟုတ်ပေ။

‎

‎ဖန့်ချန်လန်က ခေါင်းညိတ်ပြကာ

‎

‎"ချင်းယီ ပွဲတော်က နီးလာပြီ အပြင်က လာတဲ့လူတွေ များလာတော့ ဝမ်အရာရှိက ကျွန်မကို ကူညီပေးဖို့ ဖိတ်ခေါ်တာပါ"

‎

‎ချင်းယီပွဲတော်မှာ ဝေမြို့၏ အကြီးကျယ်ဆုံးသော ပွဲတော်တစ်ခုဖြစ်ပြီး ချင်းယီမယ်တော် ကို ပူဇော်ရန် ကျင်းပခြင်း ဖြစ်သည်။

‎

‎"ဒီချင်းယီမယ်တော်က တကယ်ပဲ နာမည်ကြီးတာပဲနော်"

‎

‎လီယန်ချူ အနည်းငယ် မနာလို ဖြစ်မိသည်။

‎

‎အကြောင်းမှာ သူသည် ချင်းယွန်းကျောင်း၏ လက်ရှိ ကျောင်းထိုင်ဖြစ်ပြီး တာအိုအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

‎

‎တကယ့် တရားဝင်နတ်ဘုရား မှတ်တမ်းများတွင်ပင် မပါရှိသော ချင်းယီမယ်တော် က ဝေမြို့တွင် ထိုမျှလောက်အထိ အလှူအတန်းနှင့် အမွှေးနံ့သာများ ရရှိနေသည်ကို မြင်ရသောအခါ စိတ်ထဲတွင် အနည်းငယ် သက်ပြင်းချမိသည်။

‎

‎ချင်းယီမယ်တော်မှာ အလွန်ပင် ဆုတောင်းပြည့်သည်ဟု ကျော်ကြားသည်၊ အထူးသဖြင့် လွန်ခဲ့သော အနှစ် ၂၀ က တန်ခိုးပြခဲ့ဖူးသည်ဟု ဆိုကြသည်

‎

‎ထိုအချိန်မှစ၍ ချင်းယီပွဲတော် ရောက်တိုင်း အရပ်ရပ်မှ ပညာရှိများနှင့် သူဌေးသမီးလေးများ ဝေမြို့သို့ လာရောက်ကြလေ့ရှိသည်။

‎

‎ထိုအချိန်တွင် လူပေါင်းစုံ ရောထွေးနေသဖြင့် ပြဿနာ တက်လွယ်လှရာ အစိုးရရုံးကလည်း ဤကိစ္စကို အလေးထားခြင်း ဖြစ်သည်။

‎

‎လီယန်ချူသည် ထိုက်ဖင်တည်းခိုခန်းမှ ထွက်ခွာလာပြီးနောက် တာအိုကျောင်းသို့ ပြန်၍ သိုင်းပညာကို ဆက်လက် ကျင့်ကြံလေတော့သည်။

‎

‎ထိုနေ့တွင်ပင် သူသည် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေသို့ သုံးကြိမ်တိုင်တိုင် ရောက်ရှိခဲ့လေသည်

All Chapters