← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁) - ထျန်းကန်း ၃၆ လက်

‎

‎လီယန်ချူသည် ဖန့်ချင်လန်ကို ရှာတွေ့ခဲ့ပြီး သူမမှတစ်ဆင့် ဝေမြို့အတွင်း သိုင်းကျမ်းများ ဝယ်ယူနိုင်မည့် လမ်းစကို စုံစမ်းချင်နေသည်။

‎

‎ဖန့်ချင်လန်က အေးစက်စွာ ဆိုသည်မှာ

‎

‎ “ဘာလို့ ငါ့အစ်မဆီသွားပြီး မမေးတာလဲ သူက တည်းခိုခန်းဖွင့်ထားတာဆိုတော့ လမ်းစရှိရင် ရှိမှာပေါ့”

‎

‎လီယန်ချူ ကြောင်သွားပြီး

‎

‎ “မင်းကို အရင်ဆုံး သတိရမိလို့ လာမေးတာပါ”

‎

‎ဖန့်ချင်လန်၏ မျက်လုံးထဲတွင် ပြုံးရိပ်တစ်ခု ဖြတ်ခနဲ ပေါ်သွားသော်လည်း ချက်ချင်း ပြန်ဖျောက်လိုက်ကာ မေးသည်မှာ

‎

‎ “ရှင်က လျိုယန်ဓားသိုင်းကို ကျင့်ထားတာပဲ ဘာလို့ သိုင်းကျမ်းတွေ ထပ်ရှာနေတာလဲ”

‎

‎လီယန်ချူက သက်ပြင်းချကာ

‎

‎ “အခုတလော ဝေမြို့ထဲမှာ မအေးချမ်းဘူးလေ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သိုင်းပညာတွေ အများကြီး ထပ်သင်ထားချင်လို့ပါ”

‎

‎ဖန့်ချင်လန်ကလည်း ထိုစကားကို ထောက်ခံသည်။

‎

‎လီယန်ချူက ဆက်ပြောသည်

‎

‎ “ဒါပေမဲ့ သိုင်းကျမ်းဆိုတာက သာမန်လူတွေ မြင်ဖူးဖို့တောင် ခက်တဲ့အရာလေ ဒါကြောင့် ငါလည်း တခြားနည်းလမ်းမရှိလို့ မင်းကို လာမေးကြည့်တာ”

‎

‎”မင်းက သိုင်းပညာလည်း မြင့်တယ်၊ ရုပ်လည်းလှတယ် လောကထဲမှာ တွေ့ရခဲတဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်ပဲ တကယ်လို့ မင်းမှာတောင် လမ်းစမရှိဘူးဆိုရင် ငါလည်း တခြားလူတွေကို သွားမေးနေစရာ မလိုတော့ဘူး”

‎

‎”သိုင်းကျမ်းရှာဖို့အတွက်ဆိုရင် ငါ အဖိုးအခ အများကြီး ပေးဖို့လည်း အသင့်ပဲ”

‎

‎ဖန့်ချင်လန်၏ နှုတ်ခမ်းထောင့်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာသည်

‎

‎ “ပိုက်ဆံပေးဝယ်နေစရာ ဘာလိုလဲ ငါ့ဆီမှာ ရှိတာပဲ”

‎

‎လီယန်ချူက လက်ခါပြကာ

‎

‎ “အဲဒါတော့ မဖြစ်ဘူး ငါက သိုင်းလောကသား မဟုတ်ပေမဲ့ ကိုယ့်ဆရာ့ဂိုဏ်းက သိုင်းပညာကို သူများဆီ အလွယ်တကူ မပေးရဘူးဆိုတာ သိပါတယ် မင်းကို အခက်မတွေ့စေချင်ဘူး”

‎

‎ဖန့်ချင်လန်၏ အကြည့်များ နူးညံ့သွားပြီး တိုးညှင်းသော လေသံဖြင့် ဆိုသည်မှာ

‎

‎ “ဂိုဏ်းက သိုင်းပညာ မဟုတ်ပါဘူး ငါ့ဆီမှာ ကျမ်းစာတစ်စောင် ရှိတယ် အဲဒါက ယန် ဘက်ကို နွယ်တဲ့ သိုင်းပညာဆိုတော့ ရှင်နဲ့ ပိုပြီး လိုက်ဖက်လိမ့်မယ်”

‎

‎လီယန်ချူ မျက်လုံးများ တောက်ပသွားကာ ဝမ်းသာအားရဖြင့်

‎

‎ “တကယ်လား”

‎

‎”တကယ်ပေါ့ လိုက်ခဲ့လေ”

‎

‎ဖန့်ချင်လန်သည် တည်းခိုခန်းဘက်သို့ လှည့်ထွက်သွားသည်။

‎

‎သူမ၏ အသုံးအဆောင်ပစ္စည်းများကို တည်းခိုခန်းရှိ အထုပ်တစ်ခုအတွင်း ထည့်ထားခြင်းဖြစ်သည်။

‎

‎လီယန်ချူသည် ဖန့်ချင်လန်နောက်မှ တည်းခိုခန်းသို့ လိုက်သွားခဲ့ပြီး ပြန်ထွက်လာသည့်အချိန်တွင် သူ၏ ရင်ခွင်ထဲ၌ စာအုပ်အုပ်ချုပ်ထားသော ကျမ်းတစ်စောင် ပါလာခဲ့ပြီဖြစ်သည်။

‎

‎၎င်း၏ အပေါ်တွင် ခွန်အားပါပါဖြင့် ရေးသားထားသော စာလုံးကြီး ၆ လုံး ရှိနေသည်။

‎

‎ထျန်းကန်း ၃၆ လက်

‎

‎ကြည့်ရုံနှင့်ပင် သိုင်းလောကသားတစ်ဦး၏ လက်ရာဖြစ်ကြောင်း သိသာလှပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ပါဝင်နေသည်။

‎

‎ဖန့်ချင်လန်၏ ပြောပြချက်အရ ထိုအရာမှာ မြောက်ပိုင်းမှ သိုင်းပညာရှင်ကြီးတစ်ဦး ကျင့်ကြံခဲ့သော သိုင်းပညာဖြစ်ကာ လက်သီး၊ ခြေထောက်နှင့် လက်ဝါးသိုင်းတို့၏ အနှစ်သာရများ ပါဝင်သည်။

‎

‎၎င်းမှာ ပြင်းထန်လှသော ခန္ဓာကိုယ်ကျင့်စဉ် တစ်ခုလည်း ဖြစ်ပြီး ကျင့်ကြံသူ၏ သွေးလေကို ထူထပ်စေကာ အရိုးအဆစ်များကို သန်မာစေနိုင်သည်။

‎

‎ထိုသိုင်းပညာအတွင်း၌ ဖျက်အားပြင်းသော လက်ဝါးရိုက်ချက် လက် နှင့် နှလုံးသားနှိုက်လက်သီး ကဲ့သို့သော မြင့်မားသည့် ပညာရပ်များ ပါဝင်သည်။

‎

‎၎င်းမှာ တကယ့်ကို တတိယတန်းစား သိုင်းပညာရပ်များထဲတွင် ထိပ်ဆုံးက ဖြစ်သည်။

‎

‎လီယန်ချူမှာ ပြုံးပျော်သွားသည် ထိုသိုင်းကျမ်းသည် သူ၏ ခြေလက်တိုက်ခိုက်ရေး အားနည်းချက်ကို များစွာ ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်ပါလား။

‎

‎တည်းခိုခန်းသို့ ပြန်ရောက်သောအခါ လီယန်ချူသည် ထိုသိုင်းကျမ်းကို မဆိုင်းမတွပင် စတင်ကျင့်ကြံတော့သည်။

‎

‎ကျမ်းထဲရှိ မှတ်တမ်းများအရ ဤသိုင်းပညာ၏ လက်ကွက်တိုင်းတွင် ဆန်းကြယ်သော အပြောင်းအလဲများ ပါဝင်ပြီး ခန္ဓာကိုယ်ကို သန်မာစေမည့် နည်းလမ်းများလည်း ပါရှိသည်။

‎

‎၎င်းတို့မှာ အရေပြား၊ ကြွက်သားနှင့် အရိုးအဆစ် ဟူသော အစီအစဉ်အတိုင်း လေ့ကျင့်ရခြင်းဖြစ်ပြီး အဆင့်တစ်ခု အောင်မြင်တိုင်း သွေးသစ်လောင်းခြင်း တစ်ကြိမ် ပြုလုပ်နိုင်သည်။

‎

‎ထိုသိုင်းပညာမှာ ကျင့်ကြံရန် အလွန်ခက်ခဲလှပြီး သာမန်လူတစ်ယောက်အနေဖြင့် ပထမ ၆ ဆင့်ကို အောင်မြင်ရန် ၁၀ နှစ်ခန့် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။

‎

‎လူ့ခန္ဓာကိုယ်တွင် သွေးချီမှာ အရေးကြီးဆုံးဖြစ်ပြီး ထိုကဲ့သို့ ကြမ်းတမ်းပြင်းထန်သော သိုင်းပညာမှာ သွေးချီအင်အား အလွန်လိုအပ်သည်။

‎

‎သွေးချီမလုံလောက်ပါက ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်ပြီး မိမိကိုယ်ကိုယ် ဒုက္ခပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။

‎

‎၁၅ မိနစ်ခန့် ကြာပြီးနောက်

‎

‎လီယန်ချူ၏ မျက်လုံးများထဲတွင် ဝမ်းသာရိပ်များ ပေါ်လာကာ မျက်လုံးများ ပြူးသွားရသည်

‎

‎”ဒီလောက်မြန်မြန်နဲ့ ပထမ ၆ ဆင့် ကို တတ်မြောက်သွားတာလား “

‎

‎သူသည် ပထမ ၆ ဆင့် ကို အချိန်တိုအတွင်း တတ်မြောက်သွားခဲ့ပြီဖြစ်ရာ သာမန်လူတစ်ယောက် ၁၀ နှစ်ခန့် ကြိုးစားရမည့် အဆင့်သို့ ရောက်ရှိသွားခြင်းပင်။

‎

‎ထိုရလဒ်အတွက် လီယန်ချူ အံ့သြသွားသော်လည်း မကြာမီမှာပင် သဘောပေါက်သွားသည်။

‎

‎လျိုယန်ဓားသိုင်းအတွင်း၌လည်း သွေးချီကို အားကောင်းစေပြီး အရိုးအဆစ်များကို လေ့ကျင့်ပေးသော နည်းလမ်းများ ပါဝင်ရာ သူ၏ အခြေခံမှာ အစကတည်းက အလွန်ကောင်းမွန်နေခြင်း ဖြစ်သည်။

‎

‎”ဒါဟာ ကျန်းဝူကျိက စကြာဝဠာအတွင်းအား ကို သင်ယူသလိုမျိုးများလား”

‎

‎လီယန်ချူ စိတ်ထဲ၌ တွေးမိသည်။

‎

‎သူကဲ့သို့ သွေးချီအားကောင်းသော သိုင်းသမားအတွက် ခန္ဓာကိုယ်ကျင့်စဉ်များကို လေ့ကျင့်ရန်မှာ အသင့်တော်ဆုံးပင်။

‎

‎သိုင်းပညာနှစ်မျိုးမှာ ထပ်တူကျသော အစိတ်အပိုင်းများ ရှိနေပြီး လီယန်ချူသည် လျိုယန်ဓားသိုင်းကို ကျင့်ကြံပြီးနောက် သူ၏ ခွန်အားမှာ ကျားနှင့် သစ်ကဲ့သို့ ပြင်းထန်နေပြီဖြစ်သည်။

‎

‎ယခုအခါ ထျန်းကန်း ၃၆ လက် သိုင်းပညာကိုပါ ပေါင်းစပ်လိုက်သောအခါ ကျောက်တုံးများကိုပင် အစိတ်စိတ်ကွဲစေနိုင်လောက်အောင် ကြမ်းတမ်းခက်ထန်လာတော့သည်။

‎

‎ဝူး

‎

‎လီယန်ချူသည် လက်သီးတစ်ချက် ထိုးလိုက်ရာ လေဟုန်သံ ထွက်ပေါ်လာပြီး သူ၏ အရိုးအဆစ်များမှ မြည်သံမှာ မိုးကြိုးပစ်သံကဲ့သို့ ထွက်ပေါ်လာသည်။

‎

‎အရိုးအဆစ်များ မြည်ဟည်းခြင်း၊ ကျားနှင့် သစ်တို့၏ မိုးကြိုးသံ

‎

‎ကိုယ်တွင်းရှိ သွေးချီများမှာလည်း ပြင်းထန်စွာ စီးဆင်းနေသည်။

‎

‎အဝေးမှ လှမ်းကြည့်လျှင် သူသည် သိုင်းပညာရှင်ကြီးတစ်ဦး၏ အရှိန်အဝါမျိုး ရှိနေပြီဖြစ်သည်။

‎

‎ထျန်းကန်း ၃၆ လက် မှာ ထိုမြောက်ပိုင်း သိုင်းပညာရှင်ကြီး၏ အဓိက အစွမ်းဖြစ်ကာ အနီးကပ်တိုက်ခိုက်ရာတွင် အထူးပင် ထိရောက်လှသည်။

‎

‎ထိုမြောက်ပိုင်း သိုင်းပညာရှင်ကြီးသည် ၁၈ ဆင့်အထိ တတ်မြောက်သွားချိန်တွင် သူ၏ ခွန်အားမှာ ကြမ်းတမ်းလှသဖြင့် ကျားကို သတ်နိုင်ပြီး တောခွေးကို လက်ဖြင့် ဆွဲဖြဲနိုင်ခဲ့သည်။

‎

‎အကယ်၍ သံချပ်ကာကိုသာ ဝတ်ဆင်လိုက်လျှင် စစ်မြေပြင်မှ စစ်သူရဲကောင်းကြီး ဖြစ်သွားပေလိမ့်မည်။

‎

‎သူသည် တကယ့်ကို ကြမ်းတမ်းလှသော လူသန်ကြီးတစ်ဦးပင်။

‎

‎ဖန့်ချင်လန်မှာ ထနုသိုင်းကျမ်းကို တိုက်တိုက်ဆိုင်ဆိုင် ရရှိထားခြင်း ဖြစ်သည်။

‎

‎သူမက ဓားသိုင်းနှင့် ပေါ့ပါးသည့် သိုင်းပညာ ကို အဓိကထားသူဖြစ်ပြီး အမျိုးသမီးလည်း ဖြစ်ရာ ထိုကဲ့သို့ ကြမ်းတမ်းသော ခန္ဓာကိုယ်ကျင့်စဉ်မျိုးနှင့် သိပ်မလိုက်ဖက်ပေ။

‎

‎၎င်းအပြင် သူမ သင်ယူထားသော သိုင်းပညာမှာလည်း ထို ထျန်းကန်း ၃၆ လက် ထက် မနိမ့်ပါးပေ။

‎

‎ထို့ကြောင့် သူမသည် အာရုံစိုက်၍ မသင်ယူခဲ့ခြင်းဖြစ်သည်။

‎

‎လီယန်ချူ၏ ခုနက စကားများမှာ ကြားရသည်မှာ ချိုသာလှသဖြင့် ဖန့်ချင်လန်က ထိုသိုင်းကျမ်းကို သူ့အား လက်ဆောင်ပေးလိုက်ခြင်းပင်။

‎

‎ဒါက ပထမ ၆ ဆင့်ပဲ ရှိပါသေးတယ်

‎

‎သိုင်းလောကတွင် သိုင်းပညာများကို တတိယတန်းစား၊ ဒုတိယတန်းစား၊ ပထမတန်းစားနှင့် နတ်ဘုရားအဆင့် ဟူ၍ ခွဲခြားထားသည်။

‎

‎လီယန်ချူမှာ ယခုအခါ ထိပ်တန်း တတိယတန်းစား သိုင်းပညာကို ကျင့်ကြံထားသူ ဖြစ်သွားပြီဖြစ်ရာ သူ၏ သွေးချီမှာ ထူထပ်အားကောင်းလာသည်။

‎

‎ခွန်အားများ တိုးတက်လာခြင်းက လီယန်ချူကို အလွန်ပင် စွဲလန်းသွားစေသည်။

‎

‎ထို့ကြောင့် သူသည် အသည်းအသန် စတင်လေ့ကျင့်တော့သည်။

‎

‎နောက်တစ်နေ့

‎

‎တည်းခိုခန်း နောက်ခြံတွင် နေထိုင်သော လီယန်ချူသည် ထျန်းကန်း ၃၆ လက် ကို ကျင့်ကြံနေသည်။

‎

‎၎င်းမှာ ကျားသစ်တောင်ပေါ်မှ ဆင်းလာသလို၊ ဝက်ဝံကြီး သစ်ပင်နှင့် ပွတ်တိုက်နေသလိုမျိုးပင်

‎

‎လက်သီးတစ်ချက်၊ ခြေတစ်ချက်တိုင်းတွင် လေထုပေါက်ကွဲသံများ ထွက်ပေါ်နေကာ အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

‎

‎ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်သံ ကြားလိုက်ရသည်။

‎

‎”တာအိုဆရာ... တာအိုဆရာ... ပြသနာတက်ကုန်ပြီ”

‎

‎အလုပ်သမားလေးတစ်ဦးက ပြာပြာသလဲ အော်ဟစ်နေသည်။

‎

‎လီယန်ချူက လှမ်းကြည့်ကာ

‎

‎ “ဘာဖြစ်လို့လဲ”

‎

‎အလုပ်သမားလေးက လီယန်ချူကို ခန်းမဆောင်ဘက်သို့ ဆွဲခေါ်သွားရင်း

‎

‎ “ယန်ချူတာအိုဆရာ လိုက်ခဲ့ပါဦး ကျန်းစန်း တစ်ယောက် အသတ်ခံရတော့မယ်”

‎

‎လာခေါ်သူမှာ ဖုန်းကွေ့ ဖြစ်ပြီး ကျန်းစန်းနှင့်အတူ ထိုက်ဖင်တည်းခိုခန်းမှ အလုပ်သမားများ ဖြစ်ကြသည်။

‎

‎ကျန်းစန်းမှာ ငယ်ရွယ်သူဖြစ်ပြီး လီယန်ချူက “ဘယ်သူ့မှ မပြောနဲ့” ဟု မှာကြားခဲ့သော်လည်း တည်းခိုခန်းတစ်ခုလုံး ပျံ့သွားအောင် လုပ်ခဲ့သော အလုပ်သမားလေးပင် ဖြစ်သည်။

‎

‎”ဘာတွေ ဖြစ်ကုန်တာလဲ”

‎

‎လီယန်ချူက ထပ်မေးသည်။

‎

‎သူတို့နှစ်ဦး အပြင်သို့ ထွက်သွားစဉ် လမ်းတွင် ဖုန်းကွေ့က အကြောင်းစုံကို လီယန်ချူအား ပြောပြသည်။

‎

‎သိရသည်မှာ မကြာသေးမီရက်ပိုင်းက တည်းခိုခန်းသို့ ကုန်သည်နှစ်ဦး ရောက်ရှိလာပြီး ဆိတ်အုပ်တစ်အုပ်ကို မောင်းနှင်လာကာ နောက်ခြံတွင် တည်းခိုနေကြသည်။

‎

‎တစ်မြို့လုံးကို ပိတ်ဆို့ကာ ဝရမ်းပြေးကို ရှာဖွေနေသဖြင့် ထိုကုန်သည်နှစ်ဦးမှာလည်း ထွက်ခွာ၍ မရဘဲ ဖြစ်နေသည်။

‎

‎ထိုဆိတ်အုပ်မှာ ဧည့်သည်အတော်များများကို စိတ်အနှောင့်အယှက် ဖြစ်စေသည်၊ အလွန်ဆူညံလှသောကြောင့်ပင်

‎

‎၎င်းအပြင် ထိုကုန်သည်နှစ်ဦးမှာ ဆိတ်များကို ခဏခဏ ရိုက်နှက်ရုံသာမက ဆိတ်များကို ရေလည်း မတိုက်ဘဲ နေ့တိုင်း နေပူထဲတွင် ဒီအတိုင်း ထားထားကြသည်။

‎

‎တခြားဧည့်သည်များက သတိပေးသော်လည်း သူတို့က ဂရုမစိုက်ဘဲ သူတို့ဘာသာ လုပ်မြဲတိုင်း လုပ်နေကြသည်။

‎

‎ကျန်းစန်းမှာ လယ်သမားမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ရာ ကုန်သည်နှစ်ဦးက ဆိတ်များကို ရေမတိုက်သည့် လုပ်ရပ်ကို ကြည့်မရဖြစ်နေသည်။

‎

‎ထို့ကြောင့် သူသည် ဆိတ်များကို တိတ်တဆိတ် ရေသွားတိုက်ရန် ကြိုးစားခဲ့သည်။

‎

‎မထင်ထားဘဲ ကုန်သည်တစ်ဦးနှင့် တိုးသွားကာ တစ်ဖက်လူက ချက်ချင်းပင် ဒေါသထွက်ပြီး လက်ပါတော့သည်။

‎

‎ကျန်းစန်းက ပြန်ပြောသော်လည်း ထိုကုန်သည်မှာ သိုင်းပညာ အနည်းငယ် တတ်ကျွမ်းပုံရသဖြင့် ကျန်းစန်းကို အလူးအလဲ ရိုက်နှက်နေတော့သည်။

‎

‎”ဆိတ်တွေကို ရေတိုက်တာလေးကို ဒီလောက်အထိ လူကို ရိုက်နှက်တယ်ဆိုတော့ ဒါက တကယ်ကို မင်းမဲ့စရိုက် ဆန်လွန်းတာပဲ “

‎

‎လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်။

‎

‎

‎

‎အခန်း (၁၂) - စကားနိုင်လုရာတွင် ဘုရင်တစ်ဆူဖြစ်သော ဆိုင်ရှင်မကြီ

‎

‎ထိုက်ဖင်တည်းခိုခန်း၏ အခြားခြံဝင်းတစ်ခုရှိ နေထိုင်ရာနေရာ။

‎

‎လူတစ်စုမှာ ဝိုင်းအုံကြည့်ရှုနေကြပြီး လက်ညှိုးထိုးကာ ပြောဆိုနေကြသည်။

‎

‎ခန္ဓာကိုယ်ကြီးမားပြီး မုတ်ဆိတ်ဗရပွနှင့် ကုန်သည်နှစ်ဦးမှာ မျက်နှာတစ်ခုလုံး ဖူးယောင်ညိုမည်းနေသော လူငယ်တစ်ဦးကို ဝိုင်း၍ ဆဲဆိုကြိမ်းမောင်းနေကြသည်။

‎

‎တိုင်တွင် ဆိတ်အုပ်တစ်အုပ်ကို ချည်နှောင်ထားပြီး၊ ၎င်းတို့အနက် အချို့မှာ မျက်ရည်များ ဝိုင်းနေကာ အသနားခံနေသည့်ပုံ ပေါ်နေသည်။

‎

‎သို့သော် ထွက်ပေါ်လာသော အသံမှာ

‎

‎ပဲဟက်ဟက် ပဲဟက်ဟက်

‎

‎ဟူသော အော်ဟစ်သံများသာ ဖြစ်သည်။

‎

‎ကျန်းစန်းမှာ အရပ်ရှည်သော ကုန်သည်တစ်ဦး၏ လည်ပင်းကို ဆွဲညှစ်ခြင်း ခံထားရပြီး၊ စွန်ရဲက ကြက်ကလေးကို ဖမ်းထားသကဲ့သို့ လက်ထဲတွင် မြှောက်ထားခြင်း ခံနေရသည်။

‎

‎သူ၏ နှုတ်ခမ်းထောင့်များမှာ ကွဲအက်ကာ သွေးများ စီးကျနေသည်။

‎

‎ဆိုင်ရှင်မကြီးမှာ ထိုအချိန်တွင် မျက်ခုံးများ ထောင်တက်သွားကာ ဒေါသတကြီးဖြင့်

‎

‎”ဘယ်လောက်ရှိလှတဲ့ ကိစ္စမို့လို့ လူကို ဒီလောက်အထိ ဖြစ်အောင် ရိုက်ရတာလဲ အခုချက်ချင်း သူ့ကို လွှတ်လိုက်စမ်း”

‎

‎ကုန်သည်တစ်ဦးမှာ အကြည့်များ မှိုင်းညို့နေပြီး စကားနည်းကာ၊ ကျန်တစ်ဦးမှာတော့ စိတ်တိုတတ်သော ပုံစံရှိသည်။

‎

‎သိသာသည်မှာ စကားနည်းသူကလည်း သူ့သူငယ်ချင်းကို မတားနိုင်သဖြင့် စိတ်ကြိုက် လျှောက်လုပ်ခွင့် ပေးထားခြင်းပင်။

‎

‎”တောက်... ငါ့ရဲ့ဆိတ်တွေကို ဒီလိုခွေးမသားမျိုးက ထိရဲတယ် သူ့ကို သေအောင်မရိုက်တာပဲ ငါက လက်လျှော့ပေးထားတာ မင်းလို မိန်းမက လာပြီး အာမရှည်နဲ့”

‎

‎ဟု ကုန်သည်က ဆဲဆိုလိုက်သည်။

‎

‎ဆိုင်ရှင်မကြီးမှာ နူးညံ့သော အမျိုးသမီးမျိုး မဟုတ်ပေ၊ အလျော့မပေးဘဲ ပြန်လည် တုန့်ပြန်သည်မှာ

‎

‎”ဆိတ်အချို့ကို ထိမိတာ ဘာဖြစ်သွားမှာလဲ ရှင်က နေ့တိုင်း ရိုက်နှက်နေပြီး တန်ဖိုးထားတာလည်း မဟုတ်ဘူး ပြောရရင် ဒါတွေက ခိုးလာတဲ့ ဆိတ်တွေတောင် ဖြစ်နိုင်သေးတယ် အခုကျမှ နှမြောသလိုလိုနဲ့ လာဟန်ဆောင်မနေနဲ့”

‎

‎ဆိုင်ရှင်မကြီး၏ စကားများက ထိုမုတ်ဆိတ်ဗရပွနှင့် စိတ်တိုတတ်သော ကုန်သည်ကြီးကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။

‎

‎”တောက်... မင်း သေချင်နေတာလား”

‎

‎ကုန်သည်က ပါးတစ်ချက် ရိုက်ရန် လက်ကို ဝှေ့ယမ်းလိုက်သည်။

‎

‎ဆိုင်ရှင်မကြီး ကြောင်သွားသည်၊ ထိုလူက ပြောရုံတင်မကဘဲ တကယ် လက်ပါလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ

‎

‎ဝိုင်းကြည့်နေသော ဧည့်သည်များမှာလည်း မကြည့်ရက်နိုင် ဖြစ်သွားကြသည်။

‎

‎ဤမျှ နူးညံ့လှပသော အမျိုးသမီးတစ်ဦးမှာ ယပ်တောင်ကဲ့သို့ ကြီးမားသော သံလက်ဝါးဖြင့် အရိုက်ခံရပါက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပေလိမ့်မည်။

‎

‎သို့သော်

‎

‎ဆိုင်ရှင်မကြီး၏ လှပသော မျက်နှာလေးပေါ်သို့ မည်သည့် ပါးရိုက်ချက်မျှ ကျရောက်မလာခဲ့ပေ။

‎

‎ထိုအကောင်ကြီး၏ ကြမ်းတမ်းမာကျောပြီး အရိုးအဆစ်များ ကြီးမားလှသော လက်ဝါးကြီးကို ဖြူစင်သွယ်လျသော လက်တစ်ဖက်က ဖမ်းကိုင်ထားခဲ့သည်။

‎

‎”လီတာအိုဆရာ”

‎

‎ဆိုင်ရှင်မကြီး၏ မျက်လုံးများထဲတွင် ဝမ်းသာရိပ်များ ပေါ်လာပြီး၊ ချက်ချင်းပင် အားကိုးရာ ရသွားသကဲ့သို့ စိတ်ဓာတ်များ တက်ကြွလာသည်။

‎

‎လီယန်ချူက အသာလေး ပြုံးပြလိုက်ပြီး၊ ထိုခန္ဓာကိုယ်ကြီးမားသော မုတ်ဆိတ်ဗရပွ ကုန်သည်ကြီးကို အေးစက်စွာ ကြည့်ကာ တည်ငြိမ်သော လေသံဖြင့်

‎

‎ “မိတ်ဆွေ... နည်းနည်းတော့ လွန်မနေဘူးလား”

‎

‎ခန္ဓာကိုယ် ကြီးမားတောင့်တင်းပြီး မုတ်ဆိတ်ဗရပွနှင့် ထိုကုန်သည်မှာ လက်ကို ပြန်ဆွဲလိုက်သော်လည်း လုံးဝ လှုပ်၍မရပေ။

‎

‎သူ၏ လက်ဝါးမှာ သံညှပ်ကြီးတစ်ခုဖြင့် အသေညှပ်ထားသကဲ့သို့ ခံစားနေရသည်။

‎

‎”မင်းက ဘယ်သူလဲ ဘာလို့ သူများကိစ္စထဲ လာပါတာလဲ”

‎

‎ဟု မုတ်ဆိတ်ဗရပွ ကုန်သည်က ပြောလိုက်သည်။

‎

‎လီယန်ချူက လက်ကို လွှတ်ပေးလိုက်ပြီး ထိုခက်ထန်သော ကုန်သည်ကြီးကို အေးစက်စွာ စိုက်ကြည့်နေသည်။

‎

‎”ချင်းယွန်းကျောင်းက လီတာအိုဆရာကိုတောင် မသိဘဲနဲ့ ဒီမှာ လာပြီး ရမ်းကားရဲသေးတယ်”

‎

‎”မင်း မျက်စိကန်းနေတာလား ဒီမှာ လာပြီး မိုက်ရိုင်းနေရအောင် “

‎

‎”အရမ်းရမ်းကားတာပဲ လူကိုတောင် လက်ပါနေပြီ သူတို့ကို အစိုးရရုံးကို ပို့လိုက်ကြ”

‎

‎ဝိုင်းကြည့်နေသူများထဲမှ အချို့က သတ္တိမွေးကာ အော်ဟစ်ကြတော့သည်၊ လီယန်ချူ ရောက်လာခြင်းက သူတို့ကို အားပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

‎

‎လီယန်ချူသည် ရှေ့မှ မုတ်ဆိတ်ဗရပွ ကုန်သည်ကို ဂရုမစိုက်ဘဲ ကျန်းစန်း၏ လည်ပင်းကို ညှစ်ထားသော အခြားကုန်သည်ဖော်ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။

‎

‎နောက်တစ်ဦးမှာ လီယန်ချူ၏ အကြည့်ကြောင့် မျက်လုံးများ ကျိန်းစပ်သွားသလို ခံစားရပြီး မကြည့်ဝံ့တော့ပေ။

‎

‎သူသည် မသိစိတ်ဖြင့်ပင် လက်ကို လွှတ်လိုက်ပြီး ကျန်းစန်းကို ချပေးလိုက်သည်။

‎

‎ကျန်းစန်းမှာ ယိုင်တိုင်တိုင်ဖြစ်သွားပြီး နာကျင်မှုကို အံတုကာ ခန္ဓာကိုယ်ကို မနည်းထိန်းရပ်လိုက်ရသည်။

‎

‎”ဘာမှမဖြစ်ဘူးမလား”

‎

‎လီယန်ချူက မုတ်ဆိတ်ဗရပွ ကုန်သည်ကို လုံးဝ လျစ်လျူရှုကာ မေးလိုက်သည်။

‎

‎”မ... မဖြစ်ပါဘူး ကျေးဇူးတင်ပါတယ် လီတာအိုဆရာ”

‎

‎ကျန်းစန်းက ကျေးဇူးတင်စွာ ပြောလိုက်ပြီး ဘေးမှ အလုပ်သမားလေးများက သူ့ကို အမြန်လာတွဲကာ ခေါ်သွားကြသည်။

‎

‎ထိုအကြည့်မှိုင်းညို့သော ကုန်သည်ဖော်မှာ လူအများ၏ ဒေါသကို မြင်လိုက်ရသဖြင့်၊ လီယန်ချူမှာလည်း သာမန်လူ မဟုတ်ပုံရသဖြင့် မုတ်ဆိတ်ဗရပွ ကုန်သည်ကို ဆွဲခေါ်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။

‎

‎သို့သော် ထိုမုတ်ဆိတ်ဗရပွ ကုန်သည်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်ခနဲ ပေါ်သွားပြီး လီယန်ချူကို စိုက်ကြည့်နေသည်။

‎

‎”လူကို ရိုက်ပြီးမှ ဒီအတိုင်း ထွက်သွားချင်တာလား အဲလောက် မလွယ်ဘူး”

‎

‎ဆိုင်ရှင်မကြီးက ခါးထောက်ကာ အော်ဟစ်လိုက်သည်။

‎

‎”သူပြောတာကို မင်းတို့ ကြားတယ်မလား”

‎

‎လီယန်ချူက လေးနက်သော လေသံဖြင့် ဆိုသည်။

‎

‎ဆိုင်ရှင်မကြီးမှာ ချက်ချင်းပင် သူမ၏ လှပသော မေးစေ့လေးကို မြှောက်လိုက်ပြီး အလွန် ဂုဏ်ယူနေသည့်ပုံ ပေါက်သွားသည်။

‎

‎ထိုအကြည့်မှိုင်းညို့သော ကုန်သည်က သူ၏ အဖော်ကို ဆွဲထားရင်း

‎

‎ “ကျွန်တော်တို့ မှားသွားပါတယ်၊ လျော်ကြေးပေးရင် မရဘူးလား”

‎

‎လီယန်ချူသည် အလူးအလဲ အရိုက်ခံထားရသော ကျန်းစန်းကို ကြည့်လိုက်သည်၊ ကျန်းစန်းမှာ မကျေမနပ်ဖြစ်နေသော်လည်း သာမန်လူငယ်လေး တစ်ဦးအနေဖြင့် အောင့်အီးသည်းခံခြင်းမှာ စွမ်းရည်တစ်ခု မဟုတ်ဘဲ မဖြစ်မနေ လိုအပ်သော ရှင်သန်ရေး ပညာရပ်တစ်ခု ဖြစ်သည်။

‎

‎သူသည် သွားကို တင်းတင်းစေ့ကာ ခေါင်းညိတ်ပြလိုက်သည်။

‎

‎လီယန်ချူ စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်၊ လူတိုင်းမှာ ကိုယ်စီ အခက်အခဲတွေ ရှိကြသည်ပင်။

‎

‎ဆိုင်ရှင်မကြီးမှာ ယခုအခါ မကြောက်တော့ဘဲ နှုတ်ထွက်ကောင်းများ ထုတ်ကာ ထိုကုန်သည်နှစ်ဦးကို အသုံးမကျသူများအဖြစ် ဖိနှိပ်ပြောဆိုနေတော့သည်။

‎

‎ထိုမုတ်ဆိတ်ဗရပွ ကုန်သည်၏ နဖူးပေါ်တွင် အကြောများ ထောင်တက်လာပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်လာကာ အသက်ရှူသံများ ပြင်းထန်လာသည်။

‎

‎သို့သော် သူ၏ အဖော်က သူ့ကို အသေအလဲ ဆွဲထားသည်။

‎

‎သူ့အဖော်မှာ ခုနက လီယန်ချူ၏ အကြည့်တစ်ချက်ဖြင့်ပင် မကြည့်ဝံ့လောက်အောင် ဖြစ်ခဲ့ရသဖြင့် အလွန်ပင် သတိထားနေခြင်း ဖြစ်သည်။

‎

‎တစ်ဖက်လူက ငယ်ရွယ်သော်လည်း လုံးဝ အလျှော့ပေးရမည့်သူ မဟုတ်ကြောင်း သိနေသည်။

‎

‎သူ ကိစ္စများ ထပ်မကြီးထွားစေချင်ပေ။

‎

‎ဆိုင်ရှင်မကြီးမှာ ခါးထောက်ကာ ကုန်သည်နှစ်ဦးကို တရစပ် ဆဲဆိုနေသည်မှာ လီယန်ချူ၏ မျက်စိထဲတွင်တော့ တစ်မျိုးလေး လှနေပြန်သည်။

‎

‎သွယ်လျသော ခါးလေးကို ထောက်ထားခြင်းက သူမ၏ ခန္ဓာကိုယ် အလှကို ပို၍ ပေါ်လွင်စေသလားလို့ပင်

‎

‎လီယန်ချူ မိမိကိုယ်ကိုယ် ပြန်ဆဲလိုက်မိသည်၊ ဤကဲ့သို့ အခြေအနေမျိုးတွင် ထိုသို့ တွေးမိနေသည်ကိုး။

‎

‎သို့သော်

‎

‎လီယန်ချူ၏ အာရုံခံစားမှုက ရုတ်တရက် တစ်ခုခုကို သိရှိသွားသည်၊ ဟွမ်ထင်တာအိုကျမ်း ကို ကျင့်ကြံပြီးနောက် သူ၏ အာရုံငါးပါးမှာ အလွန်ပင် ထက်မြက်နေပြီး တိုင်တွင် ချည်ထားသော ဆိတ်အုပ်ကို လှမ်းကြည့်လိုက်သည်။

‎

‎သူ၏ စိတ်ထဲတွင် လျောင်ကျဲကျိယိ ထဲမှ လူကို တိရစ္ဆာန်အဖြစ် ပြောင်းလဲခြင်း ပုံပြင်များကို သတိရသွားသည်။

‎

‎ရေမသောက်နိုင်ခြင်း... လီယန်ချူသည် ထိုဆိတ်များကို အေးအေးဆေးဆေး အကဲခတ်ကြည့်ရာ သာမန်ဆိတ်များနှင့် မခြားနားသော်လည်း မျက်လုံးများမှာ အလွန်ပင် ဝမ်းနည်းကြေကွဲနေပြီး လူသားဆန်နေသည်။

‎

‎လီယန်ချူ စိတ်ထဲမှ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး အရှိန်ဝါကြည့်ခြင်းကို အသုံးပြုလိုက်သည်။

‎

‎ထိုစစ်မှန်သော တာအိုပညာရပ်မှာ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်း၏ ကံကြမ္မာ အငွေ့အသက်ကို မြင်နိုင်သည်။

‎

‎တစ်ချက်ကြည့်ရုံဖြင့် လီယန်ချူမှာ အလွန်အံ့သြသွားရသည်။

‎

‎ထို့နောက် သူသည် စကားနိုင်လုရာတွင် ဘုရင်မကြီးဖြစ်သော ဆိုင်ရှင်မကြီးကို မိမိနောက်သို့ မသိမသာ ဆွဲပို့ကာ ကွယ်ပေးလိုက်သည်။

‎

‎ထိုအကြည့်မှိုင်းညို့သော ကုန်သည်က သူ၏ ဒေါသကို ထိန်းချုပ်ကာ

‎

‎ “ဒီကိစ္စကို...”

‎

‎အမြဲတမ်း စကားပြောရ လွယ်ကူသော လီယန်ချူမှာ ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ မြေပြင်ရှိ အုတ်ပြားများမှာ ချက်ချင်းပင် ကွဲအက်သွားတော့သည်။

‎

‎ထိုကုန်သည်ဖော်မှာ စကားပင် မဆုံးသေးခင် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးသွားရသည်။

‎

‎ထျန်းကန်း ၃၆ လက်

‎

‎နှလုံးသားနှိုက်လက်သီး

‎

‎လီယန်ချူ၏ ခွန်အားမှာ ယခုအခါ ပေါင် ၆၀၀၊ ၇၀၀ ရှိသော ကျောက်တုံးကြီးကို အလွယ်တကူ မနိုင်လောက်အောင် ဖြစ်နေပြီး သွေးချီမှာလည်း အလွန်ထူထပ်နေပြီဖြစ်သည်။

‎

‎လက်သီးတစ်ချက်ဖြင့်ပင် ထိုကုန်သည်ဖော်ကို သွေးအန်သွားစေကာ လေထဲသို့ လွင့်စင်သွားစေသည်။

‎

‎သို့သော် လူက လွင့်မသွားခင်မှာပင် လီယန်ချူက လက်ကို လှမ်းဖမ်းကာ ပြန်ဆွဲလိုက်သည်။

‎

‎လှိုင်းတံပိုး ထန်ခြင်း

‎

‎လီယန်ချူသည် လက်သီးနှစ်ဖက်စလုံးကို ထုတ်လိုက်ပြီး ထိုကုန်သည်၏ မေးစေ့နှင့် နှလုံးသားနေရာရှိ အရေးကြီးသော အချက်များကို တိုက်ခိုက်လိုက်သည်။

‎

‎သူ၏ လက်မောင်းရှိ ကြွက်သားများနှင့် သွေးကြောများမှာ တီကောင်များကဲ့သို့ ကြောက်မက်ဖွယ် ကောင်းအောင် ထောင်တက်နေသည်။

‎

‎ထိုကုန်သည်မှာ အခြေအနေကိုပင် မသိလိုက်ရဘဲ မျက်လုံးများ လန်တက်သွားကာ သတိလစ်သွားတော့သည်။

‎

‎”မင်း ဘာလုပ်တာလဲ”

‎

‎ထိုမုတ်ဆိတ်ဗရပွ ကုန်သည်က အော်ဟစ်လိုက်သည်။

‎

‎သူသည် လက်ငါးချောင်းကို ချိတ်ကဲ့သို့ ကွေးလိုက်ပြီး ပြင်းထန်သော လေဟုန်သံနှင့်အတူ လီယန်ချူ၏ လည်ပင်းကို တိုက်ရိုက် ကုတ်ဆွဲလိုက်သည်။

‎

‎သူ၏ ကိုယ်ဟန်မှာ လျင်မြန်လှပြီး လက်ပါသည်မှာလည်း ရက်စက်လှသဖြင့် သိုင်းတတ်ကျွမ်းသူတစ်ဦး ဖြစ်ကြောင်း သိသာသည်။

‎

‎ဤပုံစံအတိုင်းဆိုလျှင် သူ၏လက်ထဲတွင် လူအသက်ပေါင်းများစွာ ပါခဲ့ပုံရပြီး ခုနက လူနှင့် လုံးဝ ခြားနားသွားသည်။

‎

‎သူသည် ကျန်းစန်းကို ရိုက်စဉ်က အသက်ဘေး မရောက်အောင် ထိန်းထားခဲ့ခြင်းသာ ဖြစ်သည်။

‎

‎မုတ်ဆိတ်ဗရပွ ကုန်သည်၏ တိုက်ကွက်ကို လီယန်ချူက ရှောင်တိမ်းလိုက်သဖြင့် သူ၏လက်မှာ သစ်တိုင်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။

‎

‎ဗုန်း

‎

‎ပေါင်လုံးခန့်ရှိသော မာကျောသည့် သစ်တိုင်မှာ သစ်စများ လွင့်ထွက်သွားပြီး တွင်းကြီးတစ်ခု ဖြစ်သွားတော့သည်။

‎

‎”ဟူးးးး”

‎

‎လူတိုင်းမှာ အသက်ကို ဝအောင် ရှူလိုက်ကြရသည်။

‎

‎တစ်ခုမှာ တာအိုဆရာ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အံ့သြသွားခြင်းဖြစ်သည်။

‎

‎အခြားတစ်ခုမှာ ထိုကုန်သည်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် သူတို့မှာ နောက်ကျောပင် ချမ်းသွားကြသည်။

‎

‎ဒီလူက ဤမျှ ရက်စက်ကြမ်းကြုတ်သော လူစားမျိုး ဖြစ်နေသည်ကိုး

‎

‎ဗုန်း ဗုန်း ဗုန်း

‎

‎သူတို့နှစ်ဦး၏ တိုက်ခိုက်မှုမှာ ကြီးမားသော အသံများ ထွက်ပေါ်နေပြီး လူအများ မမြင်နိုင်လောက်အောင် လျင်မြန်လှသည်။

‎

‎လက်သီးနှင့် ခြေထောက်များ ကြားတွင် ကြီးမားသော ခွန်အားများ ကိန်းအောင်းနေသည်

‎

‎လူတိုင်းမှာ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် နောက်သို့ ဆုတ်သွားကြရသည်။

‎

‎ဗုန်း

‎

‎ထိုမုတ်ဆိတ်ဗရပွ ကုန်သည်မှာ လီယန်ချူ၏ နောက်ပြန်လက်သီးတစ်ချက်ဖြင့် လည်ပင်းကို အထိုးခံလိုက်ရကာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားသည်။

‎

‎ထျန်းကန်း ၃၆ လက်

‎

‎ဘုရင်ကြီး ဇစ်ဖြုတ်ခြင်း

‎

‎မုတ်ဆိတ်ဗရပွ ကုန်သည်မှာ နောက်တစ်ကြိမ် ပြန်မထနိုင်တော့ပေ၊ သူ၏ လည်ပင်းမှ အရိုးအဆစ်များမှာ လွဲချော်သွားသဖြင့် လုံးဝ လှုပ်ရှား၍ မရတော့ပေ။

‎

‎လီယန်ချူက သူ့ကို တိုက်ရိုက်ပင် အသုံးမရအောင် လုပ်ပစ်လိုက်ခြင်း ဖြစ်သည်

‎

‎လူတိုင်းမှာ အံ့သြသွားကြရသည်။

‎

‎လီတာအိုဆရာ၏ စိတ်ဓာတ်မှာ ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ

‎

‎တိုက်လျှင် အသေအလဲ တိုက်ခိုက်ခြင်းပင်

‎

‎ဆိုင်ရှင်မကြီးမှာတော့ အလွန်ပင် ကျေနပ်သွားပြီး ရင်ခုန်စိတ်လှုပ်ရှားနေရသည်၊ ထိုကဲ့သို့ ပြင်းထန်သော ယောက်ျားပီသသည့် ခွန်အားက သူမ၏ စိတ်ကို ကြီးစွာ လှုပ်ခတ်သွားစေသည်။

‎

‎စကားတစ်ခွန်းမှားလျှင် ဓားထုတ်ကာ တိုက်ခိုက်ခြင်း

‎

‎ချစ်သူအတွက် ဒေါသတကြီး တိုက်ပွဲဝင်ပေးခြင်း

‎

‎ထိုသို့ တွေးမိသည်နှင့် ဆိုင်ရှင်မကြီး၏ မျက်နှာလေးမှာ နီမြန်းသွားပြီး ငါ ဘာတွေ တွေးနေတာလဲ ဟု မိမိကိုယ်ကိုယ် ပြန်ပြောလိုက်မိသည်။

‎

‎သို့သော် လူအုပ်ထဲတွင်တော့ ဆရာလုပ်လိုသူ အချို့ ရှိနေသေးသည်။

‎

‎စာပေသမားအသွင် ဝတ်ဆင်ထားသော လူငယ်တစ်ဦးက မျက်မှောင်ကြုတ်ကာ

‎

‎”သူတို့ မှားတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ လီတာအိုဆရာရဲ့ လက်က နည်းနည်းတော့ ပြင်းလွန်းနေတယ်”

‎

‎ဟု ဆိုသည်။

‎

‎လီယန်ချူမှာ နာမည်ကျော် တာအိုဆရာ တစ်ဦးဖြစ်ပြီး ဤမျှအထိ ရမ်းကားစွာ ပြုမူခြင်းမှာ သိုင်းလောကမှ လူမိုက်များကဲ့သို့ ဖြစ်နေသည်ဟု သူ ခံစားရသည်။

‎

‎သူသည် အပြစ်တင်စကား ပြောသင့်သည်ဟု ယူဆနေသည်။

‎

‎”ဟုတ်တယ်၊ ဒါက လူကို သေအောင် ရိုက်နေတာပဲ လီတာအိုဆရာက သာသနာ့ဘောင်ထဲကလူပဲ ဘာလို့ သိုင်းလောကသားတွေလို အနိုင်ယူချင်နေရတာလဲ “

‎

‎”လက်ပါတာ အရမ်းပြင်းတယ် သဘာဝတရားကို ဆန့်ကျင်နေသလိုပဲ အစိုးရရုံးမှာ တိုင်ချက်ဖွင့်လို့ ရတာပဲကို”

‎

‎လောကကြီးမှာ ထိုသို့ပင်၊ သင် ဘာလုပ်လုပ် သင့်ကို အပြစ်တင်မည့်သူ အမြဲ ရှိနေတတ်သည်။

‎

‎အချို့လူများမှာ သူတို့ပြောသည့် စကားအတွက် လုံးဝ တာဝန်ယူစရာ မလိုပေ။

‎

‎”ပါးစပ်က ငါ့အပေါ်မှာ ရှိတာ ငါ့ရဲ့ အမြင်ကို ငါပြောတာ ဘာမှားလို့လဲ”

‎

‎အလုပ်သမားလေးများမှာတော့ ဒေါသတကြီး ကြည့်နေကြသည်၊ ခုနက ကျန်းစန်း အရိုက်ခံနေရစဉ်တွင် ထိုသူများမှာ တိုးတိုးတိုးတိုးနှင့် မိမိကိုယ်ကိုယ် ဘေးကင်းအောင်သာ နေခဲ့ကြသည်။

‎

‎မည်သူမျှ ထွက်၍ မတားခဲ့ကြပေ။

‎

‎ဆိုင်ရှင်မကြီး အရိုက်ခံရတော့မည့် အချိန်တွင်လည်း မည်သူမျှ တရားမျှတမှုအတွက် ထွက်မလာခဲ့ကြပေ။

‎

‎ယခုအခါ လီတာအိုဆရာက ထိုလူများကို ဒဏ်ရာရအောင် လုပ်လိုက်ရုံနှင့် ဤမျှအထိ ဝိုင်းပြီး အပြစ်တင်နေကြသည်။

‎

‎ဆိုင်ရှင်မကြီးမှာလည်း စိတ်တိုသွားကာ

‎

‎”ရှင်တို့...”

‎

‎သူမ ပြန်ပြောရန် ပြင်သော်လည်း လီယန်ချူက သူမ၏ လက်မောင်းကို တားလိုက်ပြီး ခေါင်းခါပြလိုက်သည်။

‎

‎ဤသို့သော အခြေအနေမှာ အလွန်ပင် ပုံမှန်ဖြစ်ပြီး လူများမှာ မိမိတို့၏ ထင်မြင်ချက်ကသာ မှန်သည်ဟု ယူဆတတ်ကြသည်။

‎

‎လီယန်ချူသည် အမျိုးသမီးတစ်ဦးကို မိမိအတွက် ရှေ့ထွက်မခံစေချင်ပေ။

‎

‎သေချာသည်မှာ။

‎

‎သူသည် မိမိ၏ ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် အောက်ကျို့ခံကာ သည်းခံနေမည့် ယောက်ျားမျိုးလည်း မဟုတ်ပေ။

‎

‎အဲဒါဆိုလျှင် လီယန်ချူ မဟုတ်တော့ပေ

‎

‎သူသည် ထိုအကျယ်လောင်ဆုံး အော်ဟစ်နေသော စာပေသမား ရှေ့သို့ တိုက်ရိုက် လျှောက်သွားကာ တည်ငြိမ်စွာ မေးလိုက်သည်

‎

‎ “ခုနက အဲဒီနှစ်ယောက် ရမ်းကားနေတုန်းက မင်း ဘာလို့ ထွက်မတားတာလဲ “

‎

‎သူ့ကို အလုပ်သမားလေး ဖုန်းကွေ့က လာခေါ်ခဲ့ခြင်းဖြစ်သည်၊ ဆိုင်ရှင်မကြီး တစ်ယောက်သာ ထွက်အော်နေပြီး ကျန်လူများမှာ ကြောက်လန့်တကြား ဘေးက ကြည့်နေခဲ့ကြသည်။

‎

‎ထိုစာပေသမားမှာ ခဏမျှ ဆွံ့အသွားပြီး

‎

‎”ငါ... ငါက စာပေသမားပဲ အဲဒီလို လူရမ်းကားတွေနဲ့ ဘယ်လို သွားငြင်းမလဲ “

‎

‎လီယန်ချူမှာ ဒေါသထွက်လွန်း၍ ရယ်မိသွားကာ

‎

‎ “ဘာလဲ မင်းက ငါက စကားပြောလို့ ကောင်းတဲ့ တာအိုဆရာမို့လို့ ငါ့ကို လာပြီး လက်ညှိုးထိုးနေတာလား”

‎

‎ထိုသူမှာ လီယန်ချူ၏ စူးရှသော အကြည့်ကြောင့် ထိတ်လန့်သွားကာ မျက်နှာမှာ ဖြူလျော့သွားသည်။

‎

‎လီယန်ချူ၏ ခုနက ကြမ်းတမ်းလှသော ပုံရိပ်ကို သတိရသွားမှသာ

‎

‎ထိုနူးညံ့သိမ်မွေ့သော ပုံစံရှိသည့် တာအိုဆရာမှာ တကယ့် လူကြမ်းကြီး ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။

‎

‎ထိုသူမှာ မသိမသာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမှသာ အသက်ရှူ နည်းနည်း ချောင်သွားတော့သည်။

‎

‎လီယန်ချူက လှောင်ပြုံးပြုံးကာ

‎

‎”မင်းသာ ဆက်ပြီး ငြင်းနေဦးမယ်ဆိုရင် မင်းမှာ ပညာတတ် ဂုဏ်သိက္ခာလေး နည်းနည်းရှိသေးတယ်လို့ ငါ ထင်မိဦးမှာ “

‎

‎သူက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ခုနက အော်ဟစ်နေသူများမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။

‎

‎မင်းက ပုံစံအတိုင်း မလုပ်ဘူးပဲ ငါတို့က ပါးစပ်နဲ့ပဲ ပြောပြီး ကိုယ့်ကိုယ်ကိုယ် အမှန်တရားဘက်တော်သားလို့ ဟန်ဆောင်ချင်ရုံတင်ပါ၊ မင်းက ဘာလို့ တိုက်ရိုက်ကြီး လျှောက်လာပြီး လက်ပါတော့မယ့် ပုံစံမျိုး လုပ်နေတာလဲ

‎

‎မည်သူမျှ လီယန်ချူကို ဆက်၍ အပြစ်မတင်ရဲတော့ပေ၊ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လူချင်း မျက်နှာချင်းဆိုင် ဖြစ်နေပြီး တစ်ခုခုဖြစ်လျှင် တကယ် ခံရမည်ကို ကြောက်သောကြောင့်ပင်

‎

‎တည်ငြိမ်သော လူကြီးအချို့ကတော့ တရားမျှတစွာ ပြောဆိုကြသည်။

‎

‎”လီတာအိုဆရာရဲ့ လက်က ပြင်းတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ဒီကုန်သည်နှစ်ယောက်က တကယ်ကို ယုတ်မာလွန်းတယ်၊ ဥပဒေကို လုံးဝ ဂရုမစိုက်ကြဘူး”

‎

‎”ဟုတ်တယ်၊ ဒီလို လူရမ်းကားတွေကို လီတာအိုဆရာက ဆုံးမပေးတာ မှန်တယ်”

‎

‎ထိုဂုဏ်သရေရှိ လူကြီးများက စကားစလိုက်သည်နှင့် လူတိုင်းက လိုက်၍ ထောက်ခံကြတော့သည်။

‎

‎လီယန်ချူမှာတော့ သူ့အပေါ် လှောင်ပြောင်မှုများရှိလျှင် ချက်ချင်း ပြန်တုန့်ပြန်တတ်သော်လည်း၊ သူတစ်ပါး၏ ချီးမွမ်းမှုများကိုတော့ သိပ်ပြီး ဂရုမစိုက်တတ်ပေ။

‎

‎သူသည် မိမိ၏ ကိုယ်ပိုင်မူဝါဒအတိုင်းသာ လုပ်ဆောင်သူဖြစ်သည်။

‎

‎မြေပြင်ပေါ်တွင် သတိလစ်နေသော ကုန်သည်မှာ အမှန်တကယ်တော့ သိုင်းတတ်သူဖြစ်သော်လည်း လီယန်ချူက မြန်လွန်းပြီး လက်ကလည်း ပြင်းလွန်းသဖြင့် မခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎ယခုအခါ မြေပြင်ပေါ်တွင် သေလုမျောပါး လဲနေသဖြင့် အပြစ်ကင်းစင်သူဟု ထင်ရသော်လည်း

‎

‎လီယန်ချူ အမုန်းဆုံးအရာမှာ ရုပ်ရှင်များထဲတွင် ဗီလိန်က မသေခင် ရုတ်တရက် ထကြွလာခြင်း (သို့မဟုတ်) နောက်ကွယ်မှ ခိုး၍ တိုက်ခိုက်ခြင်းများပင် ဖြစ်သည်။

‎

‎ထို့နောက် မင်းသမီး (သို့မဟုတ်) ဇာတ်ပို့က မင်းသားအတွက် ဝင်ခံပေးပြီး သေသွားရသည့် ဇာတ်ကွက်မျိုးကို သူ အလွန် မုန်းသည်။

‎

‎မျက်ရည်ရအောင် အလကား လုပ်နေသည့် ဇာတ်ကွက်များပင်။

‎

‎လီယန်ချူသည် ထိုနေရာသို့ လျှောက်သွားပြီး မတော်တဆ အဖြစ်နှင့် ထိုသတိလစ်နေသော ကုန်သည်၏ လက်ခြေများကို နင်းချိုးပစ်လိုက်သည်

‎

‎”အား”

‎

‎ထိုကုန်သည်မှာ အော်ဟစ်ကာ နာကျင်လွန်းသဖြင့် ပြန်၍ သတိလစ်သွားပြန်သည်၊ သူ၏ လက်ခြေများမှာ သဘာဝမကျအောင် လိမ်တွန့်သွားတော့သည်။

‎

‎”ဟူးးး”

‎

‎လူတိုင်းမှာ နောက်ကျော ချမ်းသွားကြပြီး မျက်လုံးများထဲတွင် ထိတ်လန့်ရိပ်များ ပြည့်သွားသည်။

‎

‎”ငါ မတော်တဆ ဖြစ်သွားတာပါ၊ ဒီကောင် လဲနေတဲ့ နေရာက တကယ်ကို မမှန်ဘူး “

‎

‎လီယန်ချူက အပြစ်မရှိသည့် ပုံစံဖြင့် ပြုံး၍ ဆိုသည်။

‎

‎”...” လူတိုင်း

‎

‎မင်းကိုယ်တိုင် သူ့ကို အဲဒီမှာ သတိလစ်အောင် ရိုက်ထားတာလေ၊ သူက တစ်လက်မတောင် မလှုပ်ရသေးဘူး။

‎

‎ပြီးတော့ မင်းက မတော်တဆနဲ့ ကျောက်ပြားတွေကိုတောင် ကွဲအောင် နင်းနိုင်တာလား

‎

‎လီယန်ချူသည် မတရားမှုကို တိုက်ဖျက်ပေးသူ ဖြစ်သော်လည်း ဤမျှ ရက်စက်လှသော ပုံမှာ လူများကိုတော့ စိတ်ထဲတွင် တစ်မျိုး ဖြစ်စေသည်။

‎

‎သေချာသည်မှာ ထိုလူများထဲတွင် ဆိုင်ရှင်မကြီး မပါဝင်ပေ။

‎

‎ဆိုင်ရှင်မကြီး၏ မျက်လုံးများမှာ အရည်လဲ့နေပြီး လေးစားအားကျသော အကြည့်များဖြင့် ပြည့်နေသည်။

‎

‎သူမ ရုတ်တရက် တွေးမိသည်မှာ အကယ်၍ ထိုလူပျိုကြီးကိုသာ လူကိုယ်တိုင် ကျေးဇူးဆပ်လိုက်ရမယ်ဆိုရင်လည်း မဆိုးဘူး ထင်ပါရဲ့

‎

‎လီယန်ချူက လှည့်၍ အလုပ်သမားလေး ဖုန်းကွေ့ကို ပြောလိုက်သည်

‎

‎”မင်း သွားပြီး ရေအေးအေး အင်တုံကြီးကြီးနဲ့ ယူလာခဲ့၊ ဒီဆိတ်တွေကို တိုက်လိုက် “

‎

‎ဖုန်းကွေ့ ကြောင်သွားသည်၊ အကြောင်းရင်းကို မသိသော်လည်း ရေအေး သွားယူရန် အလွန်ပင် ရိုးသားစွာ ထွက်သွားတော့သည်။

‎

‎လူတိုင်းမှာ ဘာဖြစ်မည်ကို မသိဘဲ စောင့်ကြည့်နေကြသည်။

‎

‎ဖုန်းကွေ့က လက်မြန်ခြေမြန်နှင့် ရေအေးပုံးကြီးတစ်ပုံးနှင့် အင်တုံများကို ယူလာခဲ့သည်။

‎

‎လီယန်ချူ၏ ညွှန်ကြားချက်အတိုင်း အခြားအလုပ်သမားများနှင့်အတူ ရေအေးများကို ထိုခန္ဓာကိုယ်ကြီးမားသော ဆိတ်များကို တိုက်လိုက်ကြသည်။

‎

‎သူတို့ကတော့ လီတာအိုဆရာက ကျန်းစန်းအတွက် ဒေါသဖြေပေးနေသည်ဟု ထင်နေကြသည်။

‎

‎စိတ်ထဲတွင်လည်း အလွန်ပင် ထိမိသွားကြသည်၊ လီတာအိုဆရာက ဤမျှအထိ သဘောကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ

‎

‎ဆိုလိုသည်မှာ။

‎

‎တစ်ခါတစ်ရံတွင် ရပ်တည်ချက်မှာ အလွန်အရေးကြီးသည်၊ ထိုအလုပ်သမားလေးများမှာ ကျန်းစန်းနှင့် ရပ်တည်ချက် တူညီသဖြင့်

‎

‎လီယန်ချူ၏ လုပ်ရပ်မှာ သူတို့အတွက်တော့ သူရဲကောင်းကြီး တစ်ဦးပင် ဖြစ်သည်။

‎

‎အကယ်၍ ခုနက အပြစ်တင်နေသော သူများသာ ထိုကုန်သည်များ၏ အရိုက်ခံရလျှင် သူတို့၏ မိဘ၊ ညီအစ်ကို မောင်နှမများ အရိုက်ခံရလျှင် သူတို့လည်း ထိုမျှအထိ တည်ငြိမ်နိုင်မည် မဟုတ်ပေ။

‎

‎ပြောရလျှင် ဓားက မိမိကိုယ်ပေါ်ကို မကျမချင်း ဘယ်လောက်နာလဲဆိုတာ မသိနိုင်ကြခြင်းပင်

‎

‎လူအများက ဆိတ်များကို ရေတိုက်နေသည်ကို စောင့်ကြည့်နေစဉ်တွင်။

‎

‎ထူးဆန်းသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာတော့သည်

‎

‎ဆိတ်အချို့မှာ မြေပြင်ပေါ်တွင် လူးလှိမ့်နေကြပြီး ဖုန်များ ထသွားတော့သည်။

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင်။

‎

‎လှပချောမောသော အမျိုးသမီးငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်

All Chapters