အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း (၁၃) - လူကို တိရစ္ဆာန်အဖြစ် ပြောင်းလဲသည့် မှော်အတတ်
လူတိုင်းမှာ အံ့အားသင့် ထိတ်လန့်သွားကြတော့သည်
ခုနကတင် သိသိသာသာ ဆိတ်များ ဖြစ်နေသော်လည်း ယခုအခါတွင်တော့ ငယ်ရွယ်ချောမောသော အမျိုးသမီးငယ်များ ဖြစ်သွားကြလေပြီ။
ထိုမြင်ကွင်းမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်
ထို အမျိုးသမီးငယ် လေးဦးမှာ ကယ်တင်ခြင်း ခံရပြီးနောက် ရှိုက်ကြီးတငင် ငိုကြွေးကာ လီယန်ချူကို ဦးတိုက်၍ ကျေးဇူးတင်နေကြတော့သည်။
”မင်း... မင်းက ဝေမြို့ရဲ့ နာမည်ကြီး ဆားကုန်သည် စွန်းမိသားစုက သမီးလေး စွန်းရှို့ယွင် မဟုတ်လား”
လူကြီးတစ်ဦးက ရုတ်တရက် ဝေခွဲမရသလို လှမ်းမေးလိုက်သည်။
အတည်ပြုချက် ရရှိပြီးနောက်တွင်တော့ ထိုနေရာရှိ လူအားလုံးမှာ ဟိုးဟိုးကျော်ကျော် အံ့သြသွားကြပြီး တရစပ် ပြောဆိုကြသည်မှာ
”မြန်မြန်... မြန်မြန်သွား အစိုးရရုံးနဲ့ ဒီသမီးလေးတွေရဲ့ မိသားစုတွေကို သွားအကြောင်းကြားလိုက်ကြ၊ လူတွေ တွေ့ပြီ ထိုက်ဖင်တည်းခိုခန်းမှာ ရှိနေတယ်လို့ ပြောလိုက်”
အခုတလော ဝေမြို့အတွင်း၌ သူဌေးသမီး လေးဦး ဆက်တိုက် ပျောက်ဆုံးနေသဖြင့် လူထုအတွင်း ထိတ်လန့်တုန်လှုပ်နေခဲ့ကြရာ၊ မထင်မှတ်ဘဲ လူကို ဆိတ်အဖြစ် အသွင်ပြောင်းခြင်း ခံထားရသည်ကိုး။
ယခုအခါမှာတော့ လီတာအိုဆရာ၏ ကယ်တင်မှုကို နောက်ဆုံးတွင် ရရှိသွားကြပြီဖြစ်သည်
”ဒါဆို လီတာအိုဆရာက ခုနက ဒီလူနှစ်ယောက်မှာ ထူးဆန်းတာ ရှိနေတာကို ကြိုသိနေလို့ လူဆိုးတွေကို အပြင်းအထန် တိုက်ခိုက်လိုက်တာပေါ့ “
ရဲတင်းသော အတွေးတစ်ခုမှာ လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာပြီး၊ ထိုအချက်မှာ အမှန်တရားနှင့် အလွန်နီးစပ်နေသည်ဟု သူတို့ ယူဆလိုက်ကြသည်။
ခုနကတင် လီယန်ချူ၏ လက်ချက် ပြင်းထန်လွန်းသည်ဟု ဟစ်အော်ဝေဖန်ခဲ့ကြသူများမှာ မျက်နှာများ ပူထူသွားကြပြီး နောင်တရစိတ်များဖြင့် ပြည့်နှက်နေတော့သည်။
”တကယ်တော့ လီတာအိုဆရာ နှိမ်နင်းလိုက်တာက အမျိုးသမီးတွေကို ပြန်ပေးဆွဲတဲ့ လူသတ်သမား လူဆိုးတွေ ဖြစ်နေတာပဲ”
ခဏချင်းမှာပင် လူတိုင်းက လီယန်ချူကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားကြသည်။
လေးစားအားကျမှုများဖြင့် ပြည့်နှက်နေတော့သည်
”ကျွန်တော်တို့ လီတာအိုဆရာကို တောင်းပန်ပါတယ်၊ ခုနက မိုက်ရိုင်းတဲ့ စကားတွေ ပြောမိတာကို ခွင့်လွှတ်ပေးပါဦး “
”ဝေမြို့မှာ လီတာအိုဆရာ ရှိနေတာက ဝေမြို့သူ ဝေမြို့သားတွေရဲ့ ကံကောင်းခြင်းပါပဲဗျာ”
”မသိသာပေမဲ့ ချင်းယွန်းကျောင်းက တကယ့်ကို ပညာရှင်တွေ စုဝေးရာပဲ”
ထိုနေရာရှိ လူတိုင်းမှာ နောက်ကျောပင် ချမ်းသွားကြသည်၊ အကယ်၍ အမျိုးသမီးများကို ပြန်ပေးဆွဲပြီး ရက်စက်သော ထိုလူဆိုးများကသာ လူကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့လျှင် (သို့မဟုတ်) အပြစ်မဲ့သူများကို တိုက်ခိုက်ခဲ့လျှင် သူတို့မှာ အရင်ဆုံး ခံရမည့်သူများ ဖြစ်နေမည် မဟုတ်ပါလား။
ထိုအခါမှသာ လူတိုင်းက ဤချင်းယွန်းကျောင်း၏ ကျောင်းထိုင်ဆရာလေးမှာ တကယ့်ကို စိတ်ထားနူးညံ့ ကြင်နာသူဖြစ်ကြောင်း သိရှိသွားကြတော့သည်။
အရင်က လီယန်ချူအပေါ် မကျေနပ်ချက် အမျိုးမျိုး ရှိခဲ့သည်များကို ပြန်တွေးကာ မှားယွင်းခဲ့မှန်း သိရှိသွားပြီး ပါးရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဆိုင်ရှင်မကြီးမှာ သူမ၏ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်တောက်ပသော မျက်လုံးအစုံဖြင့် လီယန်ချူကို စိုက်ကြည့်နေသည်။
အချို့ယောက်ျားများမှာ ပုံမှန်ဆိုလျှင် ကြည့်ကောင်းရုံသာရှိသော်လည်း၊ အရေးကြုံလာသည့်အခါတွင်တော့ ထိုမျှအထိ အားကိုးထိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ
သို့သော်လည်း ထိုသူဌေးသမီးလေးများက တစ်ယောက်ပြီးတစ်ယောက် လီယန်ချူကို ဝိုင်း၍ ကျေးဇူးတင်နေကြပြီး လူကိုယ်တိုင် ကျေးဇူးဆပ်လိုသည့် အငွေ့အသက်များကို မြင်တွေ့ရသောအခါ
ဆိုင်ရှင်မကြီးမှာ နီမြန်းနေသော သူမ၏ နှုတ်ခမ်းလေးကို အသာကိုက်ကာ မျက်နှာလွှဲလိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။
မျက်စိရှေ့မှ မြင်ကွင်းက မည်မျှအထိ လှုပ်ခတ်မှု ပြင်းထန်သလဲဆိုလျှင် လူထု၏ သတင်းဖြန့်ဝေမှုကလည်း ထိုမျှအထိ မြန်ဆန်လှပေသည်
ကုန်သည်များက အမျိုးသမီးများကို ပြန်ပေးဆွဲကာ လူမှ ဆိတ်အဖြစ် ပြောင်းလဲထားသည့်
ထိုမျှ ထိတ်လန့်ဖွယ်ရာ ကောင်းသော ကိစ္စကြီးမှာ ပတ်ဝန်းကျင်ရှိ လူထုကို အမြန်ပင် ဆွဲဆောင်ခေါ်ယူလာခဲ့သည်။
လူတိုင်းမှာ စုဝေးကာ အချင်းချင်း တီးတိုး ဝေဖန်နေကြတော့သည်။
”ဒီလောကကြီးမှာ ဒီလောက်အထိ ယုတ်မာတဲ့ မှော်အတတ်တွေ ရှိနေတာလား တကယ်လို့သာ ကြုံတွေ့ခဲ့ရရင်တော့ ကောင်းကင်ကို တိုင်တည်လည်း မရမြေကြီးကို တိုင်တည်လည်း မရတော့ဘူးပဲ”
”မထင်ထားတာက လီတာအိုဆရာက ငယ်ငယ်လေးနဲ့ ဒီလောက် ယုတ်မာတဲ့ မှော်အတတ်ကို မြင်အောင် ကြည့်နိုင်ပြီး ပြန်ပေးဆွဲခံရတဲ့ သူဌေးသမီးလေး လေးဦးကို ကယ်တင်နိုင်ခဲ့တာပဲ တကယ့်ကို တန်ခိုးကြီးတဲ့ ပညာရှင်ပဲ “
”ဒါက လူကို ကြည့်ရုံနဲ့ အကဲခတ်လို့ မရဘူးဆိုတာပဲ လီတာအိုဆရာက ရုပ်ရည်ချောမောပြီး အရှိန်အဝါ ရှိရုံတင်မကဘူး တကယ့်ကို ပညာကလည်း မသေးဘူး”
”ကြည့်ဦး ဒီလူဆိုးက သစ်တိုင်ပေါ်မှာ ချန်ခဲ့တဲ့ လက်သည်းရာတွေကို ဒီလောက် ကြမ်းကြုတ်တဲ့ လူဆိုးကိုတောင် လီတာအိုဆရာက ဖမ်းနိုင်တာပဲ၊ တကယ့်ကို လူငယ်သူရဲကောင်းပဲ လေးစားစရာ ကောင်းလိုက်တာ”
ဝိုင်းအုံကြည့်ရှုသော လူထုမှာ အဆက်မပြတ် တိုးပွားလာပြီး လီယန်ချူ၏ သတင်းမှာ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် တစ်မြို့လုံး ပျံ့နှံ့သွားကာ ဝေမြို့သူ ဝေမြို့သားများ၏ အသိအမှတ်ပြုမှုကို ရရှိသွားတော့သည်။
အမျိုးသမီးနှင့် ကလေးသူငယ်များကို ပြန်ပေးဆွဲခြင်းကဲ့သို့သော ကိစ္စမျိုးမှာ လူနတ်မဆို ဒေါသထွက်ရသည့် ကိစ္စဖြစ်ရာ လူထု၏ တူညီသော ရန်သူဟု သတ်မှတ်ခြင်း ခံရလွယ်သည်။
လူကို ကယ်တင်ပြီး စိတ်ဓာတ်ခိုင်မာ မြဲမြံသော လီယန်ချူမှာ သူတို့၏ စိတ်ထဲတွင် သူရဲကောင်းကြီး တစ်ဦး ဖြစ်သွားတော့သည်။
အထူးသဖြင့် ချစ်လှစွာသော သမီးလေးများ ပျောက်ဆုံးနေသည့် မိသားစုများ ရောက်ရှိလာသောအခါ၊ ပြန်လည်တွေ့ရှိရသော သမီးများကို ဖက်၍ ရှိုက်ကြီးတငင် ငိုကြွေးကြတော့သည်။
သူတို့အားလုံးက လီယန်ချူကို ဝိုင်း၍ ကျေးဇူးတင်ကြရာ မျက်ရည်များပင် ကျလာကြတော့သည်
မိမိသမီးလေးမှာ မအေးချမ်းတော့ဘဲ ဘဝခြားသွားပြီဟု ထင်မှတ်ကာ လူကြီးက လူငယ်ကို သင်္ဂြိုဟ်ရမည့် ဘဝသို့ ရောက်ပြီဟု ယူဆထားခဲ့ကြခြင်း ဖြစ်သည်။
မထင်မှတ်ဘဲ လီယန်ချူ၏ ကယ်တင်မှုကို ရရှိခဲ့သည်
ထိုမိသားစုများ၏ ခံစားချက်မှာ မည်မျှအထိ ဝမ်းသာမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ဝေမြို့ အုပ်ချုပ်မှုအောက်တွင် ထိုမျှအထိ ထိတ်လန့်ဖွယ် ကောင်းသော အမှုကြီး ဖြစ်ပွားသဖြင့် အစိုးရရုံးမှ လူများ အမြန်ရောက်လာကြသည်။
အထူးသဖြင့် မြို့ထဲမှ ပျောက်ဆုံးနေသော သူဌေးသမီးလေးများကို ပြန်တွေ့ပြီဟူသော သတင်းကြောင့်
ဝေမြို့အပိုင်စားနယ်စား ရှု့ကျန့်ရှန်း မှာ အလွန်ပင် ဝမ်းမြောက်သွားတော့သည်
ဝေမြို့၏ နာမည်ကြီး ဖမ်းဆီးရေး အရာရှိကြီး နှစ်ဦးအနက် တစ်ဦးဖြစ်သော ဝမ်ကျန့်ရှန်း ကို လွှတ်လိုက်သည်။
ဝမ်ကျန့်ရှန်းသည် ကျားနှင့် ကျားသစ်ကဲ့သို့ ကြမ်းတမ်းသော ဓားကိုင် အစိုးရစစ်သည် ၁၀ ဦးကျော်ကို ခေါ်ဆောင်ကာ ရောက်ရှိလာပြီး၊ အခင်းဖြစ်ပွားရာ နေရာကို အမြန်ထိန်းချုပ်ကာ သက်ဆိုင်သူများကို စစ်ဆေးမေးမြန်းပြီး စနစ်တကျ ရှိအောင် လုပ်ဆောင်တော့သည်။
”လီတာအိုဆရာ ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်၊ ဆရာက တကယ့်ကို ဝေမြို့သူ ဝေမြို့သားတွေရဲ့ ကံကောင်းခြင်းပါပဲ အခုလည်း လူဆိုးတွေကို ဖမ်းဆီးပြီး ပျောက်ဆုံးနေတဲ့ အမျိုးသမီးတွေကို ပြန်ရှာပေးလိုက်ပြီ “
”ဆရာက အုပ်ချုပ်ရေးမင်းကြီးရဲ့ ရင်လေးစရာ ကိစ္စကြီးတစ်ခုကို ဖြေရှင်းပေးလိုက်တာပဲ “
ဝမ်ကျန့်ရှန်းမှာ အခုတလော ဖိအားများ အလွန်ကြီးနေခဲ့သည်။
တောပုန်းဓားပြ လျန်ချီ က ထောင်ဖောက်ပြေးသည်၊ ဖမ်းဆီးရေးမှူး ကျောက်ဝူကျုက ဒဏ်ရာရသည်၊ မြို့ထဲမှ သူဌေးသမီးလေးတွေက ပျောက်ဆုံးသည်...
အုပ်ချုပ်ရေးမင်းကြီးမှာ ခေါင်းပေါက်မတတ် ဖြစ်နေရသလို၊ အောက်မှ ဝမ်ဖမ်းဆီးရေးမှူး၏ အခြေအနေကိုလည်း ခန့်မှန်းကြည့်နိုင်ပေသည်။
အထူးသဖြင့် မကြာမီတွင် ချင်းယီဘုရားပွဲ ကျင်းပတော့မည်ဖြစ်ရာ၊ အရပ်ရပ်မှ ပညာရှိ စာပေသမားများ၊ သခင်လေးများနှင့် အမျိုးသမီးငယ်များ၊ သူဌေးသူကြွယ်များနှင့် နာမည်ကြီး ပုဂ္ဂိုလ်များ ဝေမြို့သို့ ရောက်ရှိလာကြတော့မည် ဖြစ်သည်။
ထိုကဲ့သို့ အချိန်အခါမျိုးတွင် အရေးကြီးသော ရာဇဝတ်ကောင် ထောင်ဖောက်ပြေးခြင်းနှင့် အမျိုးသမီးများ ပျောက်ဆုံးခြင်း ကိစ္စများ ဖြစ်ပွားနေခြင်းမှာ
အုပ်ချုပ်ရေးမင်းကြီးအတွက် တာဝန်ပျက်ကွက်ရုံတင်မကဘဲ ရာထူးမှ ဖယ်ရှားခြင်းပင် ခံရနိုင်ချေ ရှိသည်။
ဝမ်ကျန့်ရှန်းမှာ ဝေမြို့၏ တရားစီရင်ရေးနှင့် သူခိုးဖမ်းဆီးရေးကို တာဝန်ယူထားရသူဖြစ်ရာ နယ်မြေအတွင်း ဤမျှအထိ ရုတ်ရုတ်သဲသဲ ဖြစ်နေခြင်းမှာ သူလည်း လွတ်နိုင်မည် မဟုတ်ပေ
သို့သော် ဤအချိန်တွင်။
ချင်းယွန်းကျောင်းမှ လီတာအိုဆရာက လူကို ဆိတ်အဖြစ် ပြောင်းလဲသည့် မှော်အတတ်ဖြင့် အမျိုးသမီးများကို နှိပ်စက်နေသော လူဆိုးနှစ်ဦးကို ဖမ်းဆီးလိုက်ပြီး၊ ပျောက်ဆုံးနေသော အမျိုးသမီးများကို ပြန်ရှာတွေ့လိုက်ပြီဟု အသိပေးခံရသောအခါ
ဝမ်ကျန့်ရှန်းမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျမတတ် ဖြစ်သွားရသည်
အချိန်ကိုက်လွန်းလှသည်
သူ့မှာသာ သမီးရှိလျှင် လီယန်ချူအား ဇနီးအဖြစ် ပေးစားရန် နည်းလမ်းရှာမိပေလိမ့်မည်၊ ထိုကဲ့သို့သော သမက်မျိုး ရထားလျှင် နောင်တစ်ချိန် ဝေမြို့အတွင်း၌ နေထိုင်ရသည်မှာ တကယ့်ကို စိတ်အေးရပေလိမ့်မည်
တကယ်တော့
သူ့ကဲ့သို့ပင် တွေးတောနေသူများမှာ တစ်ဦးနှစ်ဦးတည်း မဟုတ်ပေ။
ဒေသခံ အရာရှိများ၊ သူဌေးကြီးများ၊ ဂုဏ်သရေရှိ လူကြီးများမှာလည်း နည်းနည်း သို့မဟုတ် များများ ထိုကဲ့သို့ အတွေးမျိုး ဝင်နေကြပေလိမ့်မည်။
တာအိုဆရာ တစ်ဦးဖြစ်သော်လည်း မထင်မှတ်ဘဲ ဝေမြို့၏ ဈေးအကောင်းဆုံး သမက်လောင်း စာရင်းဝင် ဖြစ်သွားတော့သည်။
ဝမ်ဖမ်းဆီးရေးမှူးက အခင်းဖြစ်ပွားရာ နေရာမှ တိုက်ခိုက်မှု အမှတ်အသားများကို တွေ့လိုက်ရသောအခါ၊ လူအများ၏ ပြောဆိုချက်များနှင့် ပေါင်းစပ်လိုက်လျှင်
လီယန်ချူအပေါ် ထားရှိသော အမြင်မှာ ပို၍ လေးနက်သွားတော့သည်။
”စိတ်ဓာတ်က သေချာ စေ့စပ်ပြီး တည်ငြိမ်ရင့်ကျက်တယ် အခုခေတ်မှာ ဒီလို လူငယ်မျိုး ရှားတယ်...”
ဟု ဝမ်ကျန့်ရှန်းက စိတ်ထဲမှ ဆိုလိုက်သည်။
သို့သော် သူသည် သစ်တိုင်ပေါ်ရှိ အမှတ်အသားများကို သေချာကြည့်လိုက်သောအခါ၊ ၎င်းမှာ မုတ်ဆိတ်ဗရပွ ကုန်သည် ချန်ထားခဲ့သည့်ရာ ဖြစ်သည်။
ထိုစဉ်က သူသည် တစ်ချက်မျှ ကုတ်ဆွဲလိုက်ရုံဖြင့် မာကျောသော သစ်တိုင်ကို တွင်းကြီးဖြစ်အောင် ကုတ်ဖဲ့သွားနိုင်ပြီး သစ်စများ လွင့်ထွက်သွားစေခဲ့သည်။
ဝမ်ကျန့်ရှန်းက ကုန်သည်နှစ်ဦးကို ထမ်းသွားသော စစ်သည်များကို ရပ်တန့်ခိုင်းလိုက်ပြီး၊ ခန္ဓာကိုယ် ကြီးမားတောင့်တင်းပြီး မုတ်ဆိတ်ဗရပွနှင့် ထိုကုန်သည်ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
”ဝမ်ဖမ်းဆီးရေးမှူး ဒီလူကတော့ လည်ပင်းကို ခွန်အားအကြီးကြီးနဲ့ အတွယ်ခံလိုက်ရလို့ လည်ပင်းအောက်ပိုင်းကတော့ နောင်တစ်သက်လုံး လှုပ်ရှားလို့ ရမှာ မဟုတ်တော့ဘူး”
ဟု စစ်သည်တစ်ဦးက ပြောလိုက်သည်။
သူတို့က ထိုလူနှစ်ဦးကို သယ်ယူရာတွင်လည်း သိပ်ပြီး ဂရုမစိုက်ကြပေ။
ပြောရလျှင် လူသားချင်း စာနာမှုကင်းမဲ့ပြီး ယုတ်မာသော မှော်အတတ်ဖြင့် လူကို ဒုက္ခပေးသော လူဆိုးများဖြစ်ရာ သနားစရာ မလိုပေ။
သို့သော် ထိုလူနှစ်ဦး၏ ပုံစံမှာလည်း တကယ့်ကို ကြောက်မက်ဖွယ်ကောင်းအောင် ခံစားထားရသည်။
အခြားကုန်သည်မှာလည်း လက်ခြေများအားလုံး အချိုးခံထားရသဖြင့် သဘာဝမကျအောင် လိမ်တွန့်နေသည်။
လက်ပါသူကတော့ လုံးဝ အညှာအတာ ကင်းမဲ့လှပေသည်။
ဝမ်ဖမ်းဆီးရေးမှူးက ခေါင်းညိတ်ပြလိုက်ပြီး ထိုမုတ်ဆိတ်ဗရပွ ကုန်သည်၏ လက်ကို ဆွဲယူကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
ထိုအခါ စစ်သည်များမှာ ဝမ်ဖမ်းဆီးရေးမှူးက တစ်စုံတစ်ရာသော အရေးကြီးသည့် အချက်ကို ရှာတွေ့သွားပုံရကြောင်း သတိပြုမိလိုက်ကြသည်။
သူတို့၏ အရာရှိကြီးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
သူတို့သည် ဝမ်ဖမ်းဆီးရေးမှူးနောက်တွင် နှစ်ပေါင်းများစွာ လိုက်ပါခဲ့သဖြင့် မိမိတို့၏ အကြီးအကဲမှာ အလွန်ပင် တည်ငြိမ်သူဖြစ်ကြောင်း သိကြသည်။
မည်သည့်အရာကများ ရင့်ကျက်တည်ငြိမ်သော ဝမ်ဖမ်းဆီးရေးမှူးကို ထိုမျှအထိ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေသနည်း။
အခန်း (၁၄) - ၁၂ ဆင့်မြောက် လျိုယန်ဓားသိုင်း
ဝမ်ကျန့်ရှန်းသည် လက်ကိုဆန့်ထုတ်ကာ မုတ်ဆိတ်ဗရပွကုန်သည်၏ မျက်နှာပေါ်တွင် စမ်းသပ်ရှာဖွေလိုက်သည်။
နောက်တစ်ခဏတွင်။
ဝမ်ကျန့်ရှန်းသည် ကုန်သည်၏မျက်နှာပေါ်မှ လူသားအရေပြားမျက်နှာဖုံးကို ဆွဲခွာလိုက်ရာ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ရုပ်သွင်တစ်ခု ပေါ်ထွက်လာတော့သည်။
သူကား လွန်ခဲ့သော ရက်အနည်းငယ်က ဝေမြို့ထောင်ကြီးအတွင်းမှ ထောင်ဖောက်ပြေးသွားသော တောပုန်းဓားပြ လျံချီ ပင် ဖြစ်တော့သည်
ထိုနေရာရှိ အစိုးရစစ်သည်များမှာ တအံ့တသြ အော်ဟစ်လိုက်ကြသည်၊ သူတို့အနက် အများစုမှာ လျံချီကို မြင်ဖူးကြပြီး၊ အနည်းဆုံးတော့ လျံချီ၏ ပုံတူပန်းချီကားကို မြင်ဖူးကြသည်။
ထိုလူသတ်ဝါသနာပါသော တောပုန်းဓားပြကို ယခုအခါ ဝေမြို့အစိုးရရုံးက တစ်မြို့လုံးအနှံ့ လိုက်လံရှာဖွေနေခြင်းဖြစ်ရာ၊ စစ်သည်များအနေဖြင့် သူ၏ရုပ်သွင်ကို ကောင်းစွာမှတ်မိနေကြခြင်းဖြစ်သည်
သို့သော်လည်း
လျံချီသည် ထိြမျှစည်ကားလှသော တည်းခိုခန်းအတွင်း၌ ပုန်းအောင်းနေလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ကြပေ
“တကယ်ကို ရှာမရနိုင်တဲ့အရာက အလိုလိုရောက်လာတာပဲ”
ဝမ်ကျန့်ရှန်း အလွန်ဝမ်းမြောက်သွားတော့သည်
တင်းကြပ်လှသော ဝေမြို့ထောင်ကြီးအတွင်းမှ မည်သူမျှမသိအောင် ထောင်ဖောက်ပြေးသွားသော လူသတ်ဓားပြကြီး။
မထင်မှတ်ဘဲ ရုပ်ဖျက်ကာ ကုန်သည်အသွင်ဖြင့် ထိုက်ဖင်တည်းခိုခန်းအတွင်း၌ ပုန်းအောင်းနေခဲ့သည်။
နောက်ဆုံးတွင် ယုတ်မာရက်စက်လှသော လူကိုတိရစ္ဆာန်အဖြစ် ပြောင်းလဲသည့်အတတ်မှာ လီတာအိုဆရာ၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရပြီး၊ ပျောက်ဆုံးနေသော အမျိုးသမီးများကို ကယ်တင်နိုင်ခဲ့ရုံမက
သူကိုယ်တိုင်လည်း လီတာအိုဆရာ၏ လက်ချက်ဖြင့် လူစဉ်မမှီအောင် အရိုက်ခံလိုက်ရလေပြီ
ဝမ်ကျန့်ရှန်းသည် ပြောမပြနိုင်လောက်အောင် စိတ်ပေါ့ပါးသွားရသည်၊ ရက်ပေါင်းများစွာ သူ့ကို နှိပ်စက်နေခဲ့သော ပြဿနာမှာ တစ်ခဏချင်းအတွင်း ဖြေရှင်းပြီးသား ဖြစ်သွားခဲ့သည်။
ထို့ပြင် စစ်သည်တစ်ဦးတစ်လေမျှ အထိအခိုက်မရှိဘဲ မည်သူမျှ သွေးမထွက်လိုက်ရဘဲနှင့်ပင်
“လီတာအိုဆရာ... ဆရာက ကျွန်တော့်ကို အကြီးအကျယ် ကူညီလိုက်တာပဲ၊ ဒီလူက လွန်ခဲ့တဲ့ရက်ပိုင်းက ထောင်ဖောက်ပြေးသွားတဲ့ တောပုန်းဓားပြ လျံချီပဲ”
ဝမ်ကျန့်ရှန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဘာ... ဒီယုတ်မာတဲ့ကုန်သည်က တောပုန်းဓားပြ လျံချီက ရုပ်ဖျက်ထားတာလား “
“ဒါကြောင့် လျံချီဖြစ်နေလို့ ဒီလောက်တောင် လူသားဆန်မှု ကင်းမဲ့နေတာကိုး”
“လီတာအိုဆရာက တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊ အဲဒီတောပုန်းဓားပြ လျံချီက သိုင်းပညာလည်း မြင့်တယ် ရက်စက်တယ်လို့ ကြားဖူးတယ် မထင်မှတ်ဘဲ လီတာအိုဆရာနဲ့ တွေ့တော့ တစ်ချက်တည်းနဲ့ အပြတ်အသတ် ခံလိုက်ရတာပဲ”
လီယန်ချူကိုယ်တိုင်လည်း ခဏမျှ ကြောင်သွားသည်၊ ထိုအချက်ကို သူလည်း ထည့်မတွက်ထားခဲ့ပေ။
“သူက တောပုန်းဓားပြ လျံချီလား”
“ဟုတ်ပါတယ်၊ ဒီမျက်နှာကတော့ ပြာဖြစ်သွားရင်တောင် ကျွန်တော် မမေ့ပါဘူး”
ဝမ်ကျန့်ရှန်းက ရက်စက်သော အမူအရာဖြင့် ဆိုသည်။
လီယန်ချူသည် လောကကြီး၏ မရေရာမှုကို တွေးတောမိလိုက်သည်။
တစ်ချိန်လုံး ထောင်ဖောက်ပြေးနေသော တောပုန်းဓားပြ လျံချီက ထိုက်ဖင်တည်းခိုခန်းအတွင်းမှာပင် ပုန်းအောင်းနေခဲ့ပြီး မိမိနှင့် ထိုမျှအထိ နီးကပ်နေခဲ့သည်ကိုး။
အလှပဂေး ဆိုင်ရှင်မကြီးသည် သူတို့နှစ်ဦး၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ နှလုံးသားမှာ ဒိန်းခနဲ တုန်လှုပ်သွားရသည်။
ထ်ုလူက လူသတ်ဝါသနာပါသော လျံချီ ဖြစ်နေသည်ကိုး
ခုနကတင် မိမိကိုယ်တိုင် လျံချီ၏ နှာခေါင်းကို လက်ညှိုးထိုးပြီး အကြာကြီး ဆဲဆိုခဲ့သည်ကို ပြန်တွေးမိကာ နောက်ကျောပင် ချမ်းသွားရသည်။
လူက နာမည်ကြီးသလို၊ သတင်းကလည်း ကြောက်စရာ။
လျံချီဆိုသူမှာ လုပ်ရပ်ရက်စက်ပြီး သိုင်းပညာမြင့်မားကာ၊ အစဉ်အမြဲပင် လူများကို ကြားရုံနှင့် တုန်လှုပ်စေသော ရက်စက်သူတစ်ဦး ဖြစ်သည်။
ခန္ဓာကိုယ် အချိုးအစား ပြည့်ဖြည့်ဖြိုးဖြိုးနှင့် ဆွဲဆောင်မှုရှိသော ဆိုင်ရှင်မကြီးမှာ မသိစိတ်ဖြင့်ပင် လီယန်ချူ၏ နဘေးသို့ အနားတိုးကပ်လိုက်မိသည်။
ပတ်ဝန်းကျင်ရှိ လူထုအတွင်းမှာလည်း နောက်တစ်ကြိမ် ဟိုးဟိုးကျော်ကျော် ဖြစ်သွားပြန်သည်။
ဤကိစ္စကြီးမှာ ထိုမျှအထိ အလှည့်အပြောင်းများပြီး ထူးဆန်းလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ
သို့သော်လည်း ရက်ပေါင်းများစွာ ဝေမြို့သူ ဝေမြို့သားများ၏ စိတ်ကို ဖိစီးနေသော အမည်းရောင် တိမ်တိုက်ကြီးမှာ နောက်ဆုံးတွင်တော့ ကွယ်ပျောက်သွားခဲ့လေပြီ။
ထွက်ပြေးလွတ်မြောက်နေသော လူသတ်တရားခံ လျံချီနှင့် သူ၏ အပေါင်းအပါမှာ လီတာအိုဆရာ၏ လက်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကာ အဖမ်းခံလိုက်ရပြီ
တကယ့်ကို ဝမ်းသာစရာ ကိစ္စကြီးပင်
ဒီနေ့၏ ဝေမြို့မှာ ငြိမ်သက်နေမည် မဟုတ်သည်ကတော့ သေချာလှသည်
ဝေမြို့တစ်မြို့လုံးတွင် လီယန်ချူသည် လူကိုတိရစ္ဆာန်အဖြစ် ပြောင်းလဲသည့် လူကုန်ကူးမှုကြီးကို နှိမ်နင်းလိုက်ကြောင်းနှင့် ထွက်ပြေးလွတ်မြောက်နေသော ဝရမ်းပြေး လျံချီကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများ ပျံ့နှံ့နေတော့သည်။
မြို့ထဲမှ နာမည်ကြီး သူဌေးကြီးအချို့၏ မိသားစုများနှင့် သက်ဆိုင်နေသဖြင့် ဤကိစ္စမှာ ဝေမြို့တစ်မြို့လုံးကို တုန်လှုပ်သွားစေခဲ့သည်
လီယန်ချူသည် ချင်းယွန်းကျောင်းသို့ ပြန်ရောက်လာခဲ့သည်၊ မူလက တစ်မြို့လုံး ပိတ်ဆို့ရှာဖွေနေသဖြင့်သာ ခန္ဓာကိုယ်အလှ ပေါ်လွင်သော ဆိုင်ရှင်မကြီးနှင့် တစ်ခြံတည်းတွင် အတူနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ထွက်ပြေးနေသော လူသတ်သမား လျံချီ အဖမ်းခံရပြီဖြစ်သဖြင့် လီယန်ချူသည် လမ်းတစ်ဖက်ရှိ ချင်းယွန်းကျောင်းသို့ ပြန်လာခဲ့သည်။
သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်မှာ၊ ဆေးဖက်ဝင် အပင်များကို ဘွဲ့ထူးပေး နိုင်လျှင် သိုင်းပညာကျမ်းများကိုရော ဘွဲ့ထူးပေး ၍ ရနိုင်မလားဟူ၍ ဖြစ်သည်။
မိမိ၏ ယခုလက်ရှိ လျိုယန်ဓားသိုင်းမှာ အောင်မြင်မှု အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ စမ်းသပ်ပြီး ဘွဲ့ထူးပေး ကြည့်လျှင် မကောင်းဘူးလား
ရင်းနှီးနေသော ကောင်းကင်ဘုံမှ အသံများ ထွက်ပေါ်လာပြီးနောက်၊ ထိုလျိုယန် ဓားသိုင်း စာအုပ်ကလေးမှာ ပြောင်းလဲမှုများ စတင်လာတော့သည်။
အပေါ်မှ စာသားများမှာ အဆက်မပြတ် ပြောင်းလဲကာ အစီအစဉ်သစ်များ ဖြစ်လာပြီး၊ စာမျက်နှာများမှာ ဗီဒီယိုပြကွက်တစ်ခုကဲ့သို့ အမြန်ပင် လှန်လှောသွားတော့သည်။
အရာအားလုံး ပြန်လည် တည်ငြိမ်သွားသောအခါ၊ ထိုသိုင်းကျမ်းမှာ ပြောင်းလဲသွားခဲ့လေပြီ။
အပေါ်တွင် မှတ်တမ်းတင်ထားသော ကျင့်စဉ်မှာ ၁၂ ဆင့်အထိ ဆင့်ကဲတိုးတက် သွားခဲ့သည်။
“ဒါကတော့ ထိပ်တန်း အဆင့် (၃) သိုင်းပညာ နယ်ပယ်ထဲကို ဝင်သွားပြီလို့ ပြောလို့ရမှာပဲ”
ဟု လီယန်ချူက စိတ်ထဲမှ ဆိုလိုက်သည်။
နောက်ရက်များတွင် သူသည် နေ့ညမပြတ် ကြိုးစားအားထုတ် ကျင့်ကြံတော့သည်။
သိုင်းပညာ အားကောင်းမှသာလျှင် မိမိကိုယ်မိမိ ကာကွယ်နိုင်မည် မဟုတ်ပါလား
လီယန်ချူသည် အုပ်ချုပ်ရေးမင်းကြီး ရှု့ကျန့်ရှန်း၏ ဖိတ်ကြားချက်အရ ဂုဏ်ပြုစားပွဲသို့ တက်ရောက်ခဲ့ရသည်၊ သမီးများကို ပြန်တွေ့ခဲ့သည့် မြို့ထဲမှ ဂုဏ်သရေရှိ သူဌေးကြီးများကလည်း ထိုစားပွဲတွင် လိုက်ပါ ဧည့်ခံကြသည်။
ဒေသခံ အစိုးရနှင့် သူဌေးကြီးများ၏ ကြည်ညိုလေးစားမှုကို အောင်မြင်စွာ ရရှိခဲ့သည်။
ထို့ပြင် ငွေပြား ၂၀၀၀ လည်း ရရှိခဲ့သေးသည်
ယင်းအနက် တစ်စိတ်တစ်ပိုင်းမှာ အစိုးရရုံးမှ ပေးအပ်သော ဆုငွေဖြစ်ပြီး၊ ကျန်ရှိသည်မှာ မြို့ထဲမှ သူဌေးကြီးများက လက်ဆောင်ပေးအပ်ခြင်း ဖြစ်သည်။
ချန်နိုင်ငံ ၏ ငွေကြေးတန်ဖိုးအရဆိုလျှင် ထိုငွေပမာဏမှာ သူ၏ ယခင်ဘဝက ငွေ ခုနစ်သန်း၊ ရှစ်သန်းခန့်နှင့် ညီမျှပေသည်
လီယန်ချူ၏ ပိုင်ဆိုင်မှုမှာ ပို၍ ကြွယ်ဝလာခဲ့လေပြီ
ဒါကတော့ တစ်ညတည်းနှင့် သူဌေးဖြစ်သွားခြင်းပင်
အကယ်၍သာ ချင်းယွန်းကျောင်း၏ တာအိုဆရာဆိုသည့် ဂုဏ်ပုဒ်က ကန့်သတ်မထားလျှင်၊ သူသည် ထိုညမှာပင် ကချေသည်များရှိရာ ကလပ် သို့ သွား၍ တေးသံနားထောင်မိပေလိမ့်မည်။
ထို့ပြင် တစ်ဦးတစ်ယောက်က ဒကာခံ တိုက်ကျွေးမည့် ပုံစံမျိုးနှင့်ပေါ့။
သူသည် ရွှမ်ချိန်တာအိုဆရာ၏ တပည့်ဖြစ်သလို၊ ကျိန်းရိတာအိုဂိုဏ်း ရဲ့ လက်အောက်ခံလည်း ဖြစ်ရာ၊ အိမ်ထောင်ပြုခြင်းကို တားမြစ်မထားသော်လည်း အချို့သော အချက်များကိုတော့ သတိထားရန် လိုအပ်သည် မဟုတ်ပါလား။
ထိုအချက်အတွက် လီယန်ချူမှာ အလွန်ပင် နှမြောမိသည်။
ထိုကချေသည်နေရာများရှိ အမျိုးသမီးများမှာ ကိုယ်ဟန်အချိုးအစား လှပပြီး၊ ကနိုင်ခုန်နိုင်ရုံတင်မကဘဲ၊ စောင်း၊ ကဗျာ၊ ပန်းချီ အားလုံးကို ကျွမ်းကျင်ကြသည်ဟု ကြားဖူးထားသည်။
ရှားပါးလှသော အလှနတ်သမီးလေးများပင် ဖြစ်သည်။
အကယ်၍သာ ရွှမ်ချိန်တာအိုဆရာ ရှိနေလျှင်၊ ဆရာဖြစ်သူမှာ ထိုသို့သော အခွင့်အရေးကို လုံးဝငြင်းပယ်မည် မဟုတ်ကြောင်း လီယန်ချူ ယူဆမိသည်။
ထို့ပြင် မျက်လုံးများပင် တောက်ပြောင်နေပေလိမ့်မည်။
“နောင်တစ်ချိန် ဝေမြို့ကနေ ထွက်သွားမှပဲ ကချေသည်တွေဆီကို သွားပြီး သီချင်းနားထောင်တော့မယ်”
ဟု လီယန်ချူက စိတ်ထဲမှ ဆိုလိုက်သည်။
ဘာပဲဖြစ်ဖြစ် ရွှမ်ချိန်တာအိုဆရာမှာ ကွယ်လွန်သွားပြီဖြစ်ရာ၊ ဆရာ၏ ဂုဏ်သိက္ခာကိုတော့ သူ ထိန်းသိမ်းပေးရမည် မဟုတ်ပါလား။
လူကိုတိရစ္ဆာန်အဖြစ် ပြောင်းလဲသည့်အတတ်ကို မြင်တွေ့ခဲ့ပြီးနောက်၊ လီယန်ချူမှာ လျောင်ကျဲကျိယိ ပုံပြင်များထဲမှ လှပသော အမျိုးသမီးတစ္ဆေနှင့် မြေခွေးမလေးများကို သတိရမိလာသည်။
လူငယ်တစ်ဦးအနေဖြင့် သွေးသားဆူဖြိုးချိန်တွင် ထိုကဲ့သို့ တွေးတောမိခြင်းမှာ အလွန်ပင် ပုံမှန်ဖြစ်သည်။
အထူးသဖြင့် ခါးနေရာ (ကျောက်ကပ်) တွင် ကြီးမားသော သက်စွမ်းအင်များ ပိုင်ဆိုင်ထားသော ယောက်ျားတစ်ဦးအနေဖြင့် ပို၍ပင် ဖြစ်နိုင်ပေသည်။
သာမန်လူများမှာ ကျောက်ကပ်နှစ်ခု ရှိသော်လည်း အားနည်းနေတတ်ကြသည်။
သို့သော် လီယန်ချူမှာမူ ကျောက်ကပ် ရှစ်ခု ရှိနေသကဲ့သို့ ဖြစ်နေပြီး၊ အားလုံးမှာလည်း စွမ်းအင်အပြည့်နှင့် လည်ပတ်နေကြသည်။
သူ၏ ဖိုဓာတ် မှာ အလွန်ပင် တောက်လောင်နေသည်
တွေးရင်းတွေးရင်းနှင့် လီယန်ချူ၏ ခေါင်းထဲတွင် ဖန့်ချင်းလန် ၏ လှပသော ရုပ်သွင်နှင့် အေးစက်သော အရှိန်အဝါကို မြင်ယောင်လာသည်။
တင်းရင်းသွယ်လျသော ခြေတံအစုံ။
ငယ်ရွယ်နုပျိုသော အသက်ရှူသံများဖြင့် ပြည့်နှက်နေသည်။
ဒါကတော့ ကျောင်းက အေးစက်စက်နှင့် လှပလွန်းသော ကျောင်းသူလေးကဲ့သို့ပင်၊ အဝေးကသာ ကြည့်ရပြီး အနားမကပ်ရဲသော အမျိုးအစားမျိုး။
သို့သော်လည်း အနားကပ်ချင်စရာ ကောင်းလှသည်...
တွေးရင်းတွေးရင်းနှင့် လီယန်ချူ၏ ခေါင်းထဲမှ အမျိုးသမီးမှာ ဆိုင်ရှင်မကြီးအဖြစ် ပြောင်းလဲသွားပြန်သည်။
ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ထိုအလှတရားမှာ လူကို စိတ်လှုပ်ရှားစေသည်။
တွေးတောနေစဉ်မှာပင်။
ရုတ်တရက်။
တံခါးပြင်ပမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
လီယန်ချူ လျှောက်သွားကာ တံခါးဖွင့်လိုက်ရာ ငယ်ရွယ်သော အစိုးရစစ်သည်တစ်ဦး ဖြစ်နေသည်။
သူ မှတ်မိပါသည်၊ ထိုသူ့အမည်မှာ ဝမ်ထယ် ဖြစ်ပြီး၊ ကြည့်ရသည်မှာ အလွန်ပင် ဖျတ်လတ်ဖျတ်လတ်ရှိသော လူငယ်တစ်ဦးဖြစ်သည်။
သူ့ကို သေချာမှတ်မိနေရခြင်းမှာ ထိုဝမ်ထယ်သည် ဝမ်ဖမ်းဆီးရေးမှူး၏ တူဖြစ်သောကြောင့်ပင်။
“လီတာအိုဆရာ... ဝမ်အရာရှိက ဒီည ဝမ့်ယွဲ့လောင် ဟိုတယ်မှာ ဆရာ့ကို ဂုဏ်ပြုစားပွဲ ဖိတ်ထားပါတယ်ခင်ဗျာ “
“ဝမ်အရာရှိ က ငါ့ကို ဖိတ်တာလား “
လီယန်ချူ အနည်းငယ် အံ့သြသွားရသည်။