← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅) -အဆောင်က ပူလာတယ်

ဝမ်အရာရှိက ခါးသီးစွာ ပြုံးရင်း

“ကျွန်တော် ဒီစာကို ပထမဆုံး မြင်တုန်းကလည်း အရမ်း အံ့သြသွားခဲ့တာပါ”

ဟု ဆိုသည်။

လီယန်ချူ ထိုသို့ ပြောရခြင်းမှာ ထိုစာထဲက အကြောင်းအရာများကြောင့် ဖြစ်သည်။

တောထဲတွင် သေဆုံးသွားသော ဘုန်းကြီးမှာ ဟွိုက်ရှင့် ဆရာတော် ဖြစ်ပုံရပြီး၊ သူ့ထံ စာရေးလိုက်သူမှာ ဝူလင်စန်းရန် ဖြစ်သည်။

ထို ဝူလင်စန်းရန်က သူသည် မသေဆေး တည်ရှိရာနေရာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းမှာ ဝေမြို့ထဲတွင်ရှိပြီး မကြာခင် ရက်ပိုင်းအတွင်း ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း စာထဲတွင် ဖော်ပြထားသည်။

ဟွိုက်ရှင့်ဆရာတော်ကိုလည်း ဝေမြို့သို့ လာရောက်ကူညီရန် သူက ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဟွိုက်ရှင့်ဘုန်းကြီးသည် ဝေမြို့သို့ မရောက်ခင်မှာပင် အမည်မသိ တောရိုင်းတိရစ္ဆာန်၏ ဆွဲဖြဲခြင်းကို ခံရကာ ကိုယ်တစ်ခြမ်း ပြတ်၍ အသက်ပျောက်ခဲ့ရသည်။

ယခုအခါ ထို ဝူလင်စန်းရန် ဆိုသူမှာလည်း ဘယ်နေရာ ရောက်နေမှန်း မသိရပေ။

ဝမ်အရာရှိက

“လီတာအိုဆရာ၊ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်သင့်တယ်လို့ ထင်ပါသလဲ “

ဟု မေးသည်။

လီယန်ချူက ခေါင်းခါကာ

“လူ့အသက်နဲ့ ဆိုင်တဲ့ကိစ္စကို ဝမ်အရာရှိက ကျုပ်ကို ဘာလို့ လာမေးနေတာလဲ”

ဟု ဆိုသည်။

ဝမ်အရာရှိက ခါးသီးစွာ ပြုံး၍

“အမှန်အတိုင်း ပြောရရင် ကျွန်တော်ကတော့ ဒီရက်ပိုင်း သရဲတစ္ဆေတွေ မိစ္ဆာအလောင်းတွေနဲ့ ပတ်သက်နေရလို့ ဒီလိုကိစ္စမျိုးဆိုရင် အရမ်း အာရုံခံစားလွယ်နေတာပါ “

“ဒီကိစ္စက ဝေမြို့မှာ မကြာသေးခင်က ဖြစ်ပျက်နေတဲ့ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်နေမလားလို့ ကျွန်တော် ခံစားမိတယ်၊ ပျောက်ဆုံးနေတဲ့ အလောင်းအပိုင်းအစ နှစ်ခုကလည်း အခုထိ သဲလွန်စ မရသေးဘူး အခုလည်း မသေဆေးအတွက် လာတဲ့ ဘုန်းကြီးက အသက်ပျောက်ရပြန်ပြီ။”

“ချင်းယီပွဲတော်ကလည်း နီးနေပြီဆိုတော့ အဲဒီအချိန်ကျမှ တစ်ခုခု ဆူပူသောင်းကျန်းမှုတွေ ဖြစ်လာမှာကို ကျွန်တော် တကယ် ကြောက်နေမိတယ်”

ဝမ်အရာရှိမှာ ထိုရက်ပိုင်း ဆံပင်များပင် ကျွတ်တော့မတတ် ခံစားနေရသည်။

လီယန်ချူ၏ မျက်လုံးထဲတွင် တွေးတောနေသည့် အရိပ်အယောင်များ ပေါ်လာသည်၊ ဝမ်အရာရှိ၏ စကားက သူ့ကို သတိမူမိသွားစေသည်။

“ဒါဆို မကြာခင်က ဝေမြို့မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေက ဒီမသေဆေးနဲ့ ပတ်သက်နေတာများလား “

“ထူးခြားတဲ့ အတတ်ပညာရှင်တွေ ဝေမြို့မှာ စုဝေးနေကြတာကလည်း မသေဆေး သတင်းကို သိထားလို့များလား “

လီယန်ချူသည် ရုတ်တရက်ဆိုသလို မဖော်ပြနိုင်သည့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်၊ မည်သို့ပင်ဖြစ်စေ ဝေမြို့သည် မကြာခင် ရက်ပိုင်းအတွင်း အေးချမ်းမည်မဟုတ်သည်မှာ သေချာသည်။

ဆေးဆိုင်က သတင်းအတွက်လည်း မနက်ဖြန်ကျလျှင် ထပ်ပြီး သွားတိုက်တွန်းရန် လိုအပ်သည်ဟု လီယန်ချူ ခံစားမိသည်။

စွမ်းအင်တိုးဆေးကို အမြန်ဆုံး ဖော်စပ်ပြီး တာအိုကျင့်စဉ်အဆင့်ကို မြှင့်တင်ထားမှ ဖြစ်မည်။

ဝမ်အရာရှိနှင့် လီယန်ချူတို့ ခဏမျှ စကားပြောဆိုပြီးနောက် ဝမ်အရာရှိမှာ ပြန်ရန် ထရပ်လိုက်သည်။

မကြာခင် ညမထွက်ရအမိန့် အချိန် ရောက်တော့မည် မဟုတ်ပါလား။

သို့သော်လည်း

ဝမ်အရာရှိ ထွက်သွားချိန်တွင် လီယန်ချူသည် လရောင်အောက်၌ သူ့ကို တစ်ချက် ကြည့်လိုက်မိသည်။

ထိုသို့ ကြည့်လိုက်ခြင်းကြောင့်ပင် လီယန်ချူသည် တစ်ခုခု မူမမှန်သည်ကို သတိထားမိသွားသည်။

စောစောက အာရုံမစိုက်မိခဲ့သော်လည်း။

ယခုတွင် လီယန်ချူ အံ့သြသံလေး တစ်ချက် ထွက်သွားသည်။

“ဝမ်အရာရှိ၊ ခဏနေပါဦး “

“ဘာဖြစ်လို့လဲ “

ဝမ်အရာရှိ ကြောင်သွားသည်။

လီယန်ချူက မျက်မှောင်ကြုတ်ကာ

“မတွေ့တာ ရက်နည်းနည်း ကြာသွားပြီ၊ မင်း တစ်ခုခု ထူးဆန်းတာမျိုးနဲ့ ကြုံခဲ့သေးလား “

ဝမ်အရာရှိ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားကာ စိုးရိမ်တကြီးဖြင့်

“လီတာအိုဆရာ၊ ဘာကို ဆိုလိုတာလဲ “

လီယန်ချူက အသံတိုးတိုးဖြင့်

“ကျုပ် အကြည့် မမှားဘူးဆိုရင်တော့ မင်း သရဲအခြောက်ခံနေရပြီ ထင်တယ် “

ဝမ်အရာရှိ၏ နဖူးပေါ်မှ ချွေးစေးများ ချက်ချင်း စီးကျလာသည်။

ကျောက်အရာရှိသည် စက္ကူရုပ်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

နောက်တစ်ယောက်က သူ ဖြစ်တော့မည်လား

ဝမ်အရာရှိသည် လီယန်ချူ၏ လက်ကို ဆွဲကိုင်ကာ အသည်းအသန် တောင်းပန်တော့သည်

“လီတာအိုဆရာ ဆရာကတော့ ကျွန်တော့်ကို ကယ်မှ ဖြစ်မယ်နော် “

လီယန်ချူက နှစ်သိမ့်လိုက်သည်

“သာမန်လူဆိုရင်တော့ သရဲအခြောက်ခံရတာနဲ့ အသက်အန္တရာယ် ရှိနိုင်ပေမဲ့ ဝမ်အရာရှိက သိုင်းသမားဖြစ်လို့ သွေးသားအရှိန်အဝါ အားကောင်းတယ်၊ နောက်ပြီး အစိုးရဝန်ထမ်းလည်း ဖြစ်နေတော့ သာမန် မိစ္ဆာတွေက အနား မကပ်ရဲကြပါဘူး”

“မင်းရဲ့ ကိုယ်ပေါ်မှာ မိစ္ဆာအငွေ့အသက်တွေ ကပ်ပါနေတာက အရမ်း ထူးဆန်းနေတယ် မကြာခင် ရက်ပိုင်းအတွင်းက ထူးထူးဆန်းဆန်း ကြုံခဲ့တာရှိရင် ပြန်စဉ်းစားကြည့်ဦး “

ဝမ်အရာရှိက ခက်ခက်ခဲခဲ တံတွေးတစ်ချက် မျိုချကာ စဉ်းစားကြည့်ပြီး

“ကျွန်တော်က အစိုးရဝန်ထမ်းဆိုတော့ သူခိုး၊ ဓားပြတွေကို ဖမ်းဆီးနေရတာ ကြုံရတဲ့ ကိစ္စတွေက အကုန်လုံးနီးပါး ထူးဆန်းနေတာပဲ”

ဟု ခါးသီးစွာ ဆိုသည်။

လီယန်ချူ : “...”

ထိုကာလအတွင်း ဝမ်အရာရှိနှင့် ပတ်သက်ကြည့်ရာတွင် ဝမ်အရာရှိသည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း သူ တွေ့ရှိခဲ့သည်။

တရားဥပဒေအတိုင်း လုပ်ဆောင်တတ်သူလည်း ဖြစ်သည်။

ဤကဲ့သို့ ကောင်းမွန်သည့် အရာရှိတစ်ယောက်ကို လီယန်ချူအနေဖြင့် ဒုက္ခရောက်သည်ကို မကြည့်ရက်ပေ။

ခဏမျှ တွေးတောပြီးနောက် လီယန်ချူသည် အခန်းထဲ ပြန်ဝင်ကာ အိတ်ထဲမှ အဝါရောင် အဆောင်စာရွက် တစ်ရွက်ကို ထုတ်ယူခဲ့သည်။

ထို့နောက် ဝမ်အရာရှိအား ပေးလိုက်သည်

“ဒီအဆောင်ကို ကိုယ်နဲ့မကွာ ဆောင်ထားပါ အကယ်၍ မသန့်ရှင်းတာတွေနဲ့ တွေ့ရင် ဒီအဆောင်က ပူလာလိမ့်မယ် ပိုပူလာလေလေ မိစ္ဆာအငွေ့အသက်က ပိုပြင်းထန်လေလေပဲ အဲဒီအခါကျရင် ရှောင်ရှားဖို့ မမေ့နဲ့”

ဟု လီယန်ချူက လေးနက်စွာ ပြောလိုက်သည်။

ဝမ်အရာရှိက အဆောင်ကို လှမ်းယူကာ တည်ကြည်စွာဖြင့်

“ကျေးဇူးအများကြီး တင်ပါတယ် “

လီယန်ချူကဲ့သို့သော လူငယ်တာအိုဆရာတစ်ယောက်နှင့် သိကျွမ်းခဲ့ရခြင်းကို သူ အလွန်ပင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

ဝမ်အရာရှိ ထွက်သွားပြီးနောက်။

လီယန်ချူသည် ထို ကျန်ကျောင်းဓား ကို အသေအချာ စတင်စစ်ဆေးကြည့်သည်။

ဓားသွားပေါ်တွင် အေးစိမ့်သည့် အလင်းရောင်များ မှိန်ပျပျ ထွက်ပေါ်နေသည်။

ယခု ကိုင်ကြည့်လိုက်သောအခါ စောစောကကဲ့သို့ အေးစိမ့်သည့် ခံစားချက်မျိုး မရှိတော့ပေ။

“တကယ့်ကို ဓားကောင်းပဲ”

လီယန်ချူသည် လက်ထဲတွင် အကြိမ်အနည်းငယ် ဝှေ့ယမ်းကြည့်ရာ အလေးချိန်မှာလည်း သူ့လက်နှင့် ကွက်တိ ဖြစ်နေသည်။

သူ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်၊ ထိုဓားမှာ လူသတ်လက်နက် (သို့မဟုတ်) သတ်ဖြတ်ခြင်း၏ ဓား ဖြစ်သည်။

ဓားတင်မကဘဲ လှံ၊ ပုဆိန်၊ ဒိုင်း စသည့် လက်နက်များသည် လူ သို့မဟုတ် တိရစ္ဆာန် အမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးလျှင် သတ်ဖြတ်ခြင်း၏ လက်နက်ဟု ခေါ်ဆိုနိုင်သည်။

သွေးအရှိန်အဝါများစွာ စွန်းထင်နေသည့်အတွက် ဤကဲ့သို့သော လက်နက်များသည် သတ်ဖြတ်မှုအငွေ့အသက် အလွန်ပြင်းထန်လှသည်။

ပုံမှန်အားဖြင့် အိမ်များတွင် အိမ်စောင့်လက်နက်အဖြစ် ထားရှိပါက အိမ်သားများကို အေးချမ်းစေနိုင်သည်။

အချို့ဆိုလျှင် မြို့တံခါးများ (သို့မဟုတ်) တံတားအောက်များတွင် ချိတ်ဆွဲထားတတ်ကြသည်။

၎င်းမှာ သတ်ဖြတ်ခြင်းလက်နက်၏ အငွေ့အသက်ဖြင့် မိစ္ဆာများကို နှိမ်နင်းရန် ဖြစ်သည်။

လီယန်ချူ အရင်က သုံးခဲ့သော ဝက်သတ်ဓားမှာလည်း သတ်ဖြတ်ခြင်းလက်နက် ဖြစ်သော်လည်း၊ ပျက်စီးမှု များပြားနေသည့်အပြင် ထိုကျန်ကျောင်းဓားနှင့် ယှဉ်လျှင် သတ်ဖြတ်မှုအငွေ့အသက်မှာ အလွန်ပင် အားနည်းလှသည်။

အဆင့်အတန်း လုံးဝ မတူပေ။

လီယန်ချူ၏ လက်ထဲမှ ကျန်ကျောင်းဓားသည် ၎င်း၏ သတ်ဖြတ်မှုအငွေ့အသက်ဖြင့် အသုံးပြုသူ၏ စိတ်ကိုပင် လွှမ်းမိုးနိုင်သည်။

အမှားအယွင်း ဖြစ်လွယ်ကာ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်စေနိုင်သည်။

ကျန်ကျောင်းဓားသည် ကြေးပြားငွေဒင်္ဂါး၊ မိုးကြိုးပစ်ခံရသည့်သစ်သား၊ ဟင်္သာပြဒါး၊ ကြက်ဖသွေး စသည်တို့ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သည်။

မိစ္ဆာများအတွက် အလွန် ကြောက်စရာကောင်းသည့် လက်နက် ဖြစ်သည်။

ဝမ်အရာရှိသာ ထိုဓားကို မထိန်းချုပ်နိုင်ခဲ့လျှင် လီယန်ချူ၏ လက်ထဲသို့ ရောက်လာမည် မဟုတ်ပေ။

အချုပ်အားဖြင့်ဆိုသော် ဤဓားမှာ နောက်ခံသမိုင်းကြောင်း အလွန်ကြီးမားသည့် ဓားဖြစ်သည်။

လီယန်ချူသည် ထိုဓားကို ကိုင်၍ ခြံထဲတွင် လျိုယန်ဓားသိုင်းကို လေ့ကျင့်ရာ အစွမ်းမှာ အလွန်ပင် ကြီးမားလှသည်။

“ဒီလောက် ပြင်းထန်တဲ့ သတ်ဖြတ်မှုအငွေ့အသက်ဆိုရင်တော့ အနည်းဆုံး လူတစ်ရာကျော် ဒါမှမဟုတ် ဒီထက်မက သတ်ခဲ့ဖူးတာ ဖြစ်ရမယ်”

လီယန်ချူ၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ပေါ်လာသည်။

ထို့အပြင် သာမန်လူသည် သွေးသားအရှိန်အဝါ အားနည်းသလို နာကျည်းမှုကလည်း အားနည်းသည်၊ သာမန်လူကို သတ်ရုံဖြင့် ဤသို့ မဖြစ်နိုင်ပေ။

သေချာပေါက် သိုင်းလောကမှ လူကြမ်းများ၊ ဓားပြများ၊ လူသတ်သမားများကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် လူများကို သတ်ဖြတ်ခဲ့ဖူးခြင်း ဖြစ်ရမည်။

လီယန်ချူသည် ကျင့်ကြံမှုကို အလွန် ကြိုးစားအားထုတ်သည်၊ အထူးသဖြင့် ယခု ကျန်ကျောင်းဓားကို ရရှိထားခြင်းကြောင့် ဖြစ်သည်။

လျိုယန်ဓားသိုင်း ၊ ထျန်းကန်း ၃၆ လက်ကွက် ၊ ဟွန့်ယွမ်ကုန်း ထိုသိုင်းသုံးမျိုးကို လီယန်ချူသည် နေ့စဉ်မပြတ် ကြိုးစားလေ့ကျင့်သည်။

ယခုဆိုလျှင် သူသည် ဒုတိယတန်းစား သိုင်းသမားလောကထဲသို့ ခြေတစ်ဖက် လှမ်းဝင်နေပြီ ဖြစ်သည်။

သန်းခေါင်ယံအချိန်

ဒုန်း ဒုန်း ဒုန်း

ရုတ်တရက် တာအိုကျောင်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်သည်။

လီယန်ချူ အိပ်ပျော်ကာနီးမှ ပြန်နိုးလာပြီး အဝတ်အစားများ ကောက်စွပ်ကာ ထွက်လာပြီး တံခါးကျင်ကို ဖွင့်လိုက်သည်။

ဝမ်အရာရှိသည် တံခါးထဲသို့ အသည်းအသန် ပြေးဝင်လာပြီး မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေသည်။

“လီတာအိုဆရာ လီတာအိုဆရာ ကျွန်တော့်ကို ကယ်ပါဦး “

“ဆရာ ကျွန်တော့်ကို ကယ်ပါ “

လီယန်ချူက မေးလိုက်သည်

“ဘာဖြစ်လို့လဲ “

ဝမ်အရာရှိမှာ ရင်တုန်ပန်းတုန်ဖြင့်

“ကျွန်တော့်အိမ်ထဲမှာပဲ ရှိနေတာ မသန့်ရှင်းတဲ့အရာက ကျွန်တော့်အိမ်ထဲမှာပဲ ရှိနေတာ “

လီယန်ချူ မျက်ခုံးတစ်ချက် ပင့်သွားကာ လေးနက်စွာဖြင့်

“ဘာတွေ ဖြစ်ကုန်တာလဲ”

ဝမ်အရာရှိက ဖြစ်ကြောင်းကုန်စင်ကို စတင် ပြောပြတော့သည်။

ဝမ်အရာရှိ၏ အိမ်တွင် ယွဲ့နျန် အမည်ရှိသည့် ဇနီးငယ် (မယားငယ်) အသစ်တစ်ယောက် ရှိသည်၊ သူမသည် ငယ်ရွယ်ချောမောပြီး ကခုန်သီဆိုခြင်း၌ ကျွမ်းကျင်သူ ဖြစ်သည်။

ဝေမြို့၏ ကချေသည်ခန်းမများတွင် နာမည်ကြီးသည့် အပျိုစင်ကချေသည်လေး ဖြစ်သည်။

ဝမ်အရာရှိက ငွေအမြောက်အမြား အကုန်အကျခံကာ သူမကို ရွေးထုတ်ပြီး အိမ်သို့ ယူလာခဲ့ခြင်း ဖြစ်သည်။

မူလကတော့ အလွန် ပျော်စရာကောင်းသည့် နေ့ရက်များ ဖြစ်ခဲ့သည်။

မထင်မှတ်ဘဲ ဝမ်အရာရှိသည် ညဉ့်နက်သဖြင့် အလုပ်များပြီးစီးကာ ယွဲ့နျန်၏ အခန်းထဲသို့ ဝင်သွားချိန်တွင် ရင်ဘတ်ထဲက အဆောင်စာရွက်မှာ ပူလာသည်ကို ခံစားလိုက်ရသည်။

အခန်း (၂၆) - ရုပ်ပိုင်းဆိုင်ရာ မိစ္ဆာနှိမ်နင်းခြင်း

ထို့နောက် ပို၍ပို၍ ပူလာသည်။

လီယန်ချူ၏ မှာကြားချက်ကို သတိရသွားပြီး ဝမ်အရာရှိမှာ တစ်ကိုယ်လုံး အေးစက်တုန်လှုပ်သွားတော့သည်။

အခန်းထဲရှိ လှပနုနယ်လှသော ဇနီးငယ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချင်းယွန်းကျောင်းသို့ တိုက်ရိုက် ပြေးလာခဲ့ခြင်း ဖြစ်သည်။

လီယန်ချူသည် ဝမ်အရာရှိ၏ စကားကို နားထောင်ပြီးနောက် ခေါင်းထဲတွင် စကားလုံးလေးလုံးသာ ပေါ်လာသည်။

"ဝိညာဉ်မြင်းစီးသူရဲ"

လီယန်ချူက

"သွားကြစို့ ဝမ်အရာရှိ၊ ကျုပ် လိုက်ကြည့်ပေးမယ်"

ဟု ဆိုသည်။

ဝမ်အရာရှိက ခေါင်းငြိမ့်ကာ လီယန်ချူကို အမြန်ဆွဲ၍ ပြေးထွက်သွားတော့သည်။

ယခုအချိန်မှာ ညမထွက်ရအမိန့် အချိန်ဖြစ်သော်လည်း။

အရာရှိဝမ် သည် ဝေမြို့၏ အရာရှိတစ်ဦးဖြစ်သဖြင့် ထိုကန့်သတ်ချက်များ၏ တားဆီးမှုကို မခံရပေ။

မြို့ကင်းလှည့်နေသည့် အရပ်သားကင်းသမားများပင် ဝမ်အရာရှိကို တွေ့လျှင် အရိုအသေ ပေးရသေးသည်။

ဝမ်အရာရှိနှင့် လီယန်ချူတို့ နှစ်ယောက်သည် သူ၏အိမ်ဝင်းထဲသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

ချစ်စဖွယ်ကောင်းလှသော ယွဲ့နျန်ကို တွေ့လိုက်ရသည်။

ပြောရလျှင် လီယန်ချူ ယခုကဲ့သို့ ညဉ့်နက်သန်းခေါင်တွင် ရောက်လာခြင်းမှာ အစဉ်အလာအရ အနည်းငယ် မသင့်တော်ပေ။

ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်မှာ ရွယ်တူချင်း မိတ်ဆွေဖွဲ့ထားကြသဖြင့် ယွဲ့နျန်သည် လီယန်ချူ၏ မရီးငယ် (အစ်ကို့ဇနီးငယ်) ဟု ဆိုနိုင်သည်။

သို့သော် လီယန်ချူ၏ အဆင့်အတန်းက ထိုသို့သော ခံစားချက်ကို လွယ်ကူစွာ ပျောက်ကွယ်သွားစေသည်။

တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ခြေထောက်တွင် ရှူဖိနပ် စီးထားသည့် သူ၏ပုံစံမှာ နတ်ဘုရားကဲ့သို့ တည်ကြည်လှသည်။

ခါးတွင် ချိတ်ဆွဲထားသည့် ဓားကြီးကသာ ထိုလူငယ်တာအိုဆရာအား သိုင်းလောကသားတစ်ဦး၏ ထက်မြက်သည့် အရှိန်အဝါကို ထပ်လောင်းပေးနေသည်။

လီယန်ချူသည် အရှိန်အဝါကြည့်အတတ် ကို အသုံးပြုလိုက်သည်။

ထင်သည့်အတိုင်းပင်။

ဝမ်အရာရှိ၏ အိမ်တွင် ယင်စွမ်းအင် အရမ်းပြင်းထန်နေပြီး မသန့်ရှင်းသောအရာ အမှန်တကယ် ရှိနေသည်။

လီယန်ချူသည် ဓားကြီးကို ချိတ်ဆွဲလျက် ဝမ်အရာရှိ၏ ဇနီးငယ် ယွဲ့နျန်နှင့် တွေ့ဆုံလိုက်သည်။

အမှန်တကယ်ပင် ငယ်ရွယ်ချောမောပြီး သနားစဖွယ်ကောင်းလှသည်။

ယခုအချိန်တွင် ယွဲ့နျန်သည် ဘာဖြစ်နေမှန်း မသိသေးပေ၊ သူမ သိသည်မှာ သူမ၏ ခင်ပွန်း သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အပြင်သို့ ပြေးထွက်သွားပြီးနောက် လူငယ်တာအိုဆရာတစ်ယောက်ကို ခေါ်ဆောင်၍ ပြန်လာသည်ကိုသာ ဖြစ်သည်။

"ဘာဖြစ်လို့လဲ အရှင်"

ဟု ယွဲ့နျန်က နူးညံ့သောအသံဖြင့် မေးသည်။

သူမ၏ အသံမှာ အလွန်ပင် နူးညံ့ချိုသာလှသည်၊ သို့သော် ဆိုင်ရှင်မကြီး၏ အသံနှင့် မတူဘဲ ယွဲ့နျန်၏ အသံတွင် ဆွဲဆောင်မှု တစ်မျိုး ပါဝင်နေသည်။

ဝမ်အရာရှိက အိမ်တွင် သရဲအခြောက်ခံနေရနိုင်ကြောင်း ပြောပြလိုက်သည့်အခါ ယွဲ့နျန်မှာ မျက်နှာလေး ဖြူဖျော့သွားတော့သည်။

ဝမ်အရာရှိ၏ ရင်ခွင်ထဲသို့ တိုးဝင်ချင်သော်လည်း။

ဝမ်အရာရှိက အော်ဟစ်တားဆီးလိုက်သည်။

သူမမှာ တစ်ယောက်တည်း ရပ်ကျန်ရစ်ခဲ့ပြီး မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

လီယန်ချူက ဝမ်အရာရှိအား ကြည့်၍ ခေါင်းခါပြကာ

"ယွဲ့နျန်က မိစ္ဆာပူးကပ်ခံရတာ မဟုတ်ဘဲ မသန့်ရှင်းတဲ့အရာက သူမကို တွယ်ကပ်နေတာကြောင့် မိစ္ဆာအငွေ့အသက်တွေ ပြင်းထန်နေတာ ဖြစ်ပုံရတယ်"

ဟု ဆိုသည်။

ဝမ်အရာရှိ၏ မျက်နှာ ပျက်သွားကာ

"ဒါဆို ဘယ်လိုလုပ်ရမလဲ"

ဟု မေးသည်။

လီယန်ချူက ယွဲ့နျန်အား ကြည့်၍ အသံတိုးတိုးဖြင့်

"မင်း မကြာသေးခင်က ထူးဆန်းတဲ့လူ ဒါမှမဟုတ် ထူးဆန်းတဲ့ကိစ္စတွေနဲ့ ကြုံခဲ့သေးလား "

ဟု မေးလိုက်သည်။

ယွဲ့နျန်သည် ရှိုက်ငိုခြင်းကို အောင့်ထားကာ အသည်းအသန် ပြန်စဉ်းစားကြည့်ပြီး

"ကျွန်မ ဒီရက်ပိုင်း အပြင်မထွက်ဖြစ်ပါဘူး အိမ်ဖော်မလေးနဲ့အတူ ချင်းယီမယ်တော်ဘုရားကျောင်း ကိုပဲ တစ်ခေါက် သွားခဲ့တာပါ"

ဟု ပြောသည်။

လီယန်ချူနှင့် ဝမ်အရာရှိတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ချင်းယီမယ်တော်ဘုရားကျောင်းမှာ ပြဿနာ ရှိနေတာလား

လီယန်ချူလည်း ချင်းယီဘုရားကျောင်းကို သွားခဲ့ဖူးသည်၊ ထိုစဉ်က ကျောက်အရာရှိသည် ထိုနေရာတွင် ကျင့်ကြံနေခြင်း ဖြစ်သည်။

သို့သော် သူသည် မည်သည့် ထူးဆန်းသော မိစ္ဆာအငွေ့အသက်ကိုမှ မခံစားခဲ့ရပေ။

လီယန်ချူ စိတ်ထဲ လှုပ်ရှားသွားကာ

"တစ်ခုခု ဝယ်ခဲ့တာမျိုး ရှိလား ဥပမာ - အဆောင်စာရွက် ဒါမှမဟုတ် ကျောက်စိမ်းဆွဲသီးလိုမျိုး"

ဟု မေးသည်။

ရွှမ်ချိန် ဆရာတော်၏ တပည့်တစ်ဦးအနေဖြင့် မိစ္ဆာများ လူကို ဒုက္ခပေးသည့် နည်းလမ်းများကို သူ အထိုက်အလျောက် နားလည်ထားသည်။

ဘာပဲဖြစ်ဖြစ် ဤကဲ့သို့သော ပြဿနာများကို ဖြေရှင်းပေးရန် သီးသန့် လေ့ကျင့်ထားသူ မဟုတ်ပါလား။

ယွဲ့နျန်သည် မျက်ခုံးလေးများ တွန့်သွားကာ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး

"တာအိုဆရာ ပြောမှပဲ သတိရတော့တယ်၊ ကျွန်မ ချင်းယီမယ်တော်ဘုရားကျောင်း အပြင်မှာ အဆောင်စာရွက် တစ်ရွက် တောင်းခဲ့ဖူးတယ်"

ဟု ဆိုသည်။

ပြောပြောဆိုဆိုနှင့် ယွဲ့နျန်သည် လည်ပင်းတွင် ဆွဲထားသည့် အဆောင်စာရွက်ကို ဖြုတ်၍ ပေးလိုက်သည်။

လီယန်ချူ ထိုအရာကို လှမ်းယူလိုက်သည့်အခါ ဝမ်အရာရှိက ရုတ်တရက်

"ဒါပဲ၊ ဒါပဲ ဖြစ်ရမယ်"

ဟု အော်လိုက်သည်။

သူ၏ရင်ဘတ်ထဲမှ အဆောင်စာရွက်မှာ ပူလာသည်၊ ထိုအရာနှင့် တုံ့ပြန်မှု ဖြစ်နေသည်မှာ ထင်ရှားလှသည်။

လီယန်ချူက မျက်မှောင်ကြုတ်ကာ

"ဒါက မိစ္ဆာပညာ ပဲ အဆောင်ကောင်း မဟုတ်ဘူး"

ဟု ဆိုသည်။

သူသည် လက်ထဲမှ အဆောင်ကို အသေအချာ စစ်ဆေးပြီးနောက် ဖြန့်ကြည့်လိုက်သည်။

အပေါ်မှ အဆောင်ပုံစံကို မြင်လိုက်ရသည့်အခါ လီယန်ချူ၏ အကြည့်မှာ အေးစက်သွားပြီး

"ဒါဟာ သရဲမွေးတဲ့အဆောင် ပဲ"

ဟု ခက်ထန်စွာ ဆိုလိုက်သည်။

ဝမ်အရာရှိမှာ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။

လီယန်ချူက ဆက်၍

"ဒီအဆောင်က လူဝတ်ကြောင်တွေကြားထဲက မိစ္ဆာပညာတစ်ခုပဲ သရဲလေးတွေကို မွေးမြူပြီး ဘေးအန္တရာယ်တွေကို ကျော်လွှားတာ ဒါမှမဟုတ် စည်းစိမ်ဥစ္စာနဲ့ ကံကောင်းခြင်းတွေ ရအောင် လုပ်နိုင်တယ် "

"ဒါပေမဲ့ ဒီအဆောင်ကို ဆောင်ထားတဲ့သူရဲ့ ကိုယ်ထဲမှာတော့ အမှတ်အသား တစ်ခု ကျန်ခဲ့လိမ့်မယ် အဲဒါက လူရှင်ရဲ့ သွေးသားနဲ့ သရဲလေးကို ကျွေးမွေးနေသလိုမျိုးပဲ "

"အချိန်ကြာလာတာနဲ့အမျှ ဆောင်ထားတဲ့သူဟာ အသက်အန္တရာယ် ရှိလာနိုင်တဲ့အပြင် ဘေးနားကလူတွေလည်း ထိခိုက်လာလိမ့်မယ်"

"ဒါဟာ မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ အသက် ကံကြမ္မာကို သုံးပြီး ကိုယ့်ရဲ့ကံကို ပြောင်းလဲစေတာပဲ ဆောင်ထားတဲ့သူကတော့ လှည့်ဖျားခံရမှန်း မသိဘဲ ဖြစ်နေတတ်တယ်"

ဝမ်အရာရှိက နာကျည်းစွာဖြင့်

"တကယ့်ကို ယုတ်မာလွန်းတာပဲ မြန်မြန် ဒီအဆောင်ကို လွှင့်ပစ်လိုက်တော့"

ဟု အော်သည်။

လီယန်ချူက ခေါင်းခါကာ

"အဲလောက် မရိုးရှင်းဘူး၊ ဆောင်ထားတဲ့သူရဲ့ ကိုယ်ပေါ်မှာ အမှတ်အသား ကျန်နေခဲ့ပြီ ဒီအဆောင်ကို လွှင့်ပစ်လိုက်ရင်တောင် နောက်ပိုင်းမှာ မသန့်ရှင်းတာတွေ တွယ်ကပ်တာကို ခံရဦးမှာပဲ "

"အပေါ့စားဆိုရင်တော့ ကံဆိုးမယ် အပြင်းအထန်ဆိုရင်တော့ အိမ်ထောင်စု ပျက်စီးပြီး အသက်ဆုံးရှုံးရလိမ့်မယ်"

"ဘာ"

ဝမ်အရာရှိ အကြီးအကျယ် ထိတ်လန့်သွားသည်။

သူသည် အသစ်ရထားသည့် ထိုဇနီးငယ်လေးကို အလွန်ပင် ချစ်မြတ်နိုးသည်၊ မဟုတ်လျှင် ငွေအမြောက်အမြား အကုန်ခံကာ ရွေးထုတ်ခဲ့မည် မဟုတ်ပေ။

ဝမ်အရာရှိက အသည်းအသန် မေးသည်

"လီတာအိုဆရာ ကယ်တင်ပေးနိုင်မယ့် နည်းလမ်း ရှိလား "

လီယန်ချူက ခဏမျှ တွေးတောပြီးနောက်

"နည်းလမ်းတော့ ရှိပါတယ်၊ ဒါပေမဲ့ အမှတ်အသားကို ဖယ်ရှားဖို့ဆိုတာ ကိုယ်ပေါ်က ဝိညာဉ်အငွေ့အသက်တွေကို အပြီးတိုင် ချေဖျက်ပစ်ဖို့ လိုအပ်တယ်၊ ဒီကိစ္စက သတိထားဖို့ လိုတယ် မဟုတ်ရင် လူရဲ့ အသက်ကို ထိခိုက်နိုင်တယ်"

"အခုက ညဉ့်နက်နေပြီဆိုတော့ ဝိညာဉ်တွေအတွက် ယင်စွမ်းအင် အားကောင်းနေချိန်ပဲ အမှတ်အသားကို ဖယ်ရှားဖို့ မသင့်တော်သေးဘူး"

ယွဲ့နျန်သည် ဘုတ်ခနဲ ဒူးထောက်လိုက်ကာ ငိုယိုတောင်းပန်တော့သည်

"တာအိုဆရာ ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးပါဦး "

ဝမ်အရာရှိမှာလည်း မျက်ဝန်းများ နီမြန်းလာကာ ဤကဲ့သို့ လှပသည့် မိန်းကလေးတစ်ဦးကို ဝိညာဉ်များ တွယ်ကပ်ခံရမည်ကို မကြည့်ရက်နိုင်ပေ။

သူသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ အရိုအသေပေးကာ

"လီတာအိုဆရာ မင်းသာ ယွဲ့နျန်ရဲ့ အသက်ကို ကယ်ပေးနိုင်မယ်ဆိုရင် ကျုပ် ဝမ်ထုံရှန်းရဲ့ ကျေးဇူးရှင်ကြီးပါပဲ နောက်နောင် ကျုပ်ကို စိတ်ကြိုက် ခိုင်းစေနိုင်ပါတယ်"

ဟု တည်ကြည်စွာ ဆိုသည်။

လီယန်ချူက နှစ်သိမ့်လိုက်သည်

"ဝမ်အရာရှိ တကယ်တော့ နေ့ခင်းဘက်မှာ အမှတ်အသား ဖယ်ရှားတာက အစိတ်ချရဆုံးပါပဲ "

"ဒါပေမဲ့ ယွဲ့နျန်က ဒီအဆောင်ကို ဆောင်ထားတာ မကြာသေးသလို မိစ္ဆာဝိညာဉ်တွေလည်း အနားမရောက်သေးတာမို့ ကျုပ် တစ်ချက် စမ်းကြည့်ပေးပါ့မယ် "

လီယန်ချူသည် ကျိန်းရိတာအိုဂိုဏ်း ၏ တပည့်တစ်ဦးအနေဖြင့် ထိုကဲ့သို့သော မိစ္ဆာပညာများကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိသည်။

ကံကောင်းသည်မှာ ယွဲ့နျန်က ဆောင်ထားသည်မှာ မကြာသေးသလို၊ စောစောစီးစီး သိလိုက်ခြင်းကြောင့် ဖြစ်သည်။

လီယန်ချူ ခဏမျှ တွေးတောပြီးနောက် အစိတ်ချရဆုံးသော နည်းလမ်းကို ရွေးချယ်လိုက်သည်။

သူသည် ရှေ့သို့ တိုးသွားကာ

"ခွင့်လွှတ်ပါ "

ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ယွဲ့နျန်၏ သေးသွယ်လှသော လက်ကောက်ဝတ်ကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။

ဝမ်အရာရှိက လီယန်ချူအနေဖြင့် မည်သို့ မိစ္ဆာနှိမ်နင်းမည်ကို စိတ်ဝင်တစား ကြည့်နေသည်။

လီယန်ချူ၏ ကိုယ်ပေါ်မှ ကျန်ကျောင်းဓားသည် သတ်ဖြတ်မှုအငွေ့အသက် အလွန်ပြင်းထန်လှသဖြင့် ဓားအိမ်ထဲက မထွက်ရသေးခင်မှာပင် ခြေလှမ်းတစ်ရာအတွင်းရှိ မိစ္ဆာများကို ခြောက်လှန့်ထားနိုင်သည်။

ယခု ကိုယ်နှင့်မကွာ ဆောင်ထားခြင်းက သဘာဝအတိုင်း မိစ္ဆာနှိမ်နင်းသည့် အကာအကွယ် တစ်ခု ဖြစ်နေသည်။

လီယန်ချူသည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ဟွမ်ထင်တာအိုကျမ်း မှ ကျင့်ကြံထားသော ဝိညာဉ်စွမ်းအင် များကို ယွဲ့နျန်၏ ကိုယ်ထဲသို့ ဖြည်းညင်းစွာ ပို့လွှတ်လိုက်သည်။

၎င်းသည် သာမန်သိုင်းသမားများ ကျင့်ကြံသည့် ချီစွမ်းအင် နှင့် မတူဘဲ၊ စစ်မှန်သော တာအိုဂိုဏ်း၏ မူလဝိညာဉ်စွမ်းအင် ဖြစ်သည်။

၎င်းသည် လူ့ခန္ဓာကိုယ်အတွင်းရှိ ကလီစာငါးခု၏ သက်စွမ်းအင်ကို အားကောင်းစေနိုင်သည်။

တည်ငြိမ်အေးချမ်းလှသော ဝိညာဉ်စွမ်းအင်များသည် ယွဲ့နျန်၏ လက်မှတစ်ဆင့် ဝင်ရောက်သွားကာ မကြာခင်မှာပင် သူမ၏ သွေးကြောများနှင့် ကလီစာအားလုံးဆီသို့ စီးဆင်းသွားတော့သည်။

ယွဲ့နျန်သည် ရုတ်တရက်ဆိုသလို လန်းဆန်းသွားကာ တစ်ကိုယ်လုံး မဖော်ပြနိုင်အောင် နွေးထွေးသွားသည်ဟု ခံစားလိုက်ရသည်။

လီယန်ချူ၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်မားသေးသဖြင့် ယွဲ့နျန်၏ ကိုယ်ထဲမှ မိစ္ဆာအငွေ့အသက်များကို တစ်ခဏချင်းအတွင်း ဆေးကြောပစ်ရန် မဖြစ်နိုင်သေးပေ။

ထို့ကြောင့် ဖြည်းဖြည်းချင်းသာ ပို့လွှတ်နေရသည်။

သို့သော်လည်း စစ်မှန်သော တာအိုဂိုဏ်း၏ မူလဝိညာဉ်စွမ်းအင်မှာ ထိုကဲ့သို့သော မိစ္ဆာပညာငယ်လေးများ ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ပေ။

မကြာခင်မှာပင်။

ယွဲ့နျန်၏ ကိုယ်ပေါ်မှ သာမန်မျက်စိဖြင့် မြင်နိုင်သော အမည်းရောင် အငွေ့အသက်လေးများ စိမ့်ထွက်လာသည်။

ဝမ်အရာရှိမှာ မျက်လုံးပြူးကာ ကြည့်နေမိသည်။

လီယန်ချူ၏ နဖူးပေါ်မှ ထွက်ပေါ်လာသော အဖြူရောင် အခိုးအငွေ့များကို မြင်လိုက်ရသည့်အခါ သူသည် အံ့သြချီးကျူး၍ မဆုံးတော့ပေ။

All Chapters