← Chapters

Healer or Murderer

Vol. 1 Ch. 7

Healer or Murderer

Vol. 1 Ch. 7

“ဆယ်ဖီး … ဆယ်ဖီးက မနိုးသေးဘူးလား ။ ဘယ်လိုဖြစ်ရတာလဲဟယ် ။ ဆရာဝန်ကြီး … ကျေးဇူးပြုပြီး ကျွန်မသမီးလေးကို ကြည့်ပေးပါဦး … လုပ်ပါဦး ။ ဟယ် … သူရဲကောင်းတို့ပါလား ။ ခရီးဦးကြိုမပြုနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါနော် ဟီးဟီး”

ဤသည်ကား မြိုင်ချုပ်ဟုခေါ်သော အသက်လေးဆယ်အရွယ် အာပေါဿ ရေသူမကြီးတစ်ယောက် ။ ဝတုတ်နေသော ခန္ဓာကိုယ်ပေါ်၌ တင်းကျပ်နေသည့် ပန်းရောင်ပိုးထည်ကို ဝတ်ထားသည့်အတွက် ၊ အင်္ကျီကြားက ဗိုက်ခေါက်မည်းမည်းကြီးမှာ အပြင်သို့တိုးထွက်နေပြီး ၊ ကြယ်သီးများကို ကြည့်ရသည်မှာလည်း မနိုင်ဝန်ထမ်းထားရသည့် လုပ်သားများပမာ အချိန်မရွေးပြုတ်ထွက်သွားတော့မည့်ဟန်ရှိသည် ။

နှုတ်ခမ်းနီကို ရဲပတောင်းခတ်အောင် ဆိုးထား၍ ၊ လည်ပင်းက ပါးဟက်များကိုလည်း ရွှေကွင်းများ အထပ်ထပ် ဆင်ထားသည့်ပြင် ၊ စကားပြောတိုင်း အောက်ကငါးအမြီးကြီးမှာလည်း ခါယမ်းနေသည်သာမက ၊ အလောင်းရှိရာကို လျှောတိုက်သွားပြီးနောက် ကြမ်းပြင်ကို ငါးမြီးကြီးဖြင့် တဘန်းဘန်းမြည်အောင်ပုတ်ကာ တစ်ယောက်တည်း မြည်တွန်တောက်တီး၍လည်းကောင်း ၊ အလုပ်သင်များကို လှမ်းဟောက်၍လည်းကောင်း ၊ ဆရာဝန်ကို တောင်းပန်တိုးလျှိုး၍ လည်းကောင်း ၊ သူတို့လက်ကိုလာဆွဲကာ ကျေးဇူးတင်စကားဆို၍ လည်းကောင်း တစ်ယောက်တည်း ပတ်လည်ယမ်း နေရကား ၎င်းကိုကြည့်နေလျက်ပင် လီယိုနာ့ဒ်မှာ မျက်စိနောက်လာရလေပြီ ။

သူ(မ)၏နောက်၌ အသက်ငါးဆယ်အရွယ် လူသားဆရာဝန်တစ်ယောက် ပါလာသည် ။ ၎င်းသည် ချည်သား အင်္ကျီအဖြူ ၊ ဘောင်းဘီဖြူကို ဝတ်ဆင်ထား၏ ။ ပခုံး၌ အစိမ်းရောင်ပိုသားစလွယ်ကို သိုင်းထားသည့်ပြင် ၊ သားရေလွယ်အိတ်တစ်လုံးကိုလည်း လွယ်ထား၏ ။

ချင်းမှာ မျက်နှာမာမာဖြင့် သူတို့ကိုဖြတ်ကျော်သွားပြီးနောက် လေဒီ ဆယ်ဖီးနီးကို အတန်ကြာအောင် ကြည့်ရှုစစ်ဆေးနေကြိုက် ၊ လီယိုနာ့ဒ်ကလည်း အာပေါဿမြိုင်ချုပ် အဘွားကြီးထံလှည့်ကာ

“လေဒီ ဆယ်ဖီးနီးရဲ့ ညာလက်မောင်းမှာ တစ် ဆိုတဲ့ စာလုံးတစ်လုံးလို အမာရွတ်တစ်ခု တွေ့ထားတယ် ။ အဲဒါကို ခင်ဗျားရှင်းပြနိုင်လား”

ဟုမေးလိုက်လေလျှင် မျက်နှာကြီးကိုဖြဲလျက် အကြီးအကျယ် လောကွတ်ချော်လျက်ရှိသော ယင်းကြီး၏နှာခေါင်းကြီးမှာ ပွတက်သွား၍ နှုတ်ခမ်းကြီးမှာလည်း တွန့်ခေါက်သွားလေသည် ။ နောက်ကျောက ရွှေချထားသော ဆူးတောင်ရိုးများမှာလည်း ကုပ်သွားလေ၏ ။

“အန် … အဲဒါ … အဲဒါကလေ ။ အမှုနှင့်ဆိုင်လို့လား သူရဲကောင်း”

“အမှုနှင့်ဆိုင်မဆိုင်က ကျုပ်ဆုံးဖြတ်ရမှာပါ ။ မေးတာဖြေဖို့က ခင်ဗျားတာဝန်”

ဟုဆိုပြီးနောက် ၎င်း၏မျက်လုံးစိမ်းများကို စိုက်ကြည့်လတ်သော် ၊ သူ(မ)သည်မျက်နှာကို တစ်ဘက်သို့ လွှဲသွားပြီးနောက် ၊ စက္ကန့်ပိုင်းမျှကြာသောအခါမှ သူ့ဘက်ပြန်လှည့်လာကာ သက်ပြင်းတစ်ချက်ချလေသည် ။

“အဲဒါက လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်တုန်းကပါ ။ အဲသည်ကလေးမကျောင်းသူဘဝတုန်းက ပိုးပဝါကနေ ထွက်ပြေးဖူးတယ်လေ ။ အဲဒါကြောင့် ပြန်မိတော့ နောက်တစ်ခါထပ်မလုပ်အောင် သံပူနှင့် လက်မောင်းမှာ တံဆိပ်နှိပ်ထားရတာ ။ တစ်ခါပြေးရင်တစ်ပေါ့ ။ နောက်တစ်ခါထပ်ပြေးရင် နှစ်လေ ။ ဒါမှ သူ့အနာရွတ်ပြန်မြင်တိုင်း ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ သတိရနေမှာ”

ဟုဆိုပြီးနောက် ထိုရေသူမ အဘွားကြီးမှာ သူ၏မသန်တော့သော ဘယ်ဘက်လက်ကို ဖျက်ခနဲမြည်အောင် လှမ်းရိုက်လိုက်လေသည် ။

“ဟုတ်တယ်မလား သူရဲကောင်းရဲ့ ။ ကလေးပေါင်းစုံကို ထိန်းရတာဆိုတော့ အမြဲတမ်း အလိုလိုက် မနေနိုင်ဘူးလေ ။ တစ်ခါတလေကျတော့ ကြပ်ကြပ်မတ်မတ်လေး ဆုံးမပေးမှ သူတို့လေးတွေက နာခံတာ ။ အခုလို ခန္ဓာကိုယ်မှာ တံဆိပ်ကပ်ပေးတဲ့ နည်းလေးကလည်း သိပ်အသုံးဝင်တာ ။ ကြည့်လေ … အခုဆို အားလုံးအပိုးကိုကျိုးလို့ ။ ခစ် … ခစ် … ခစ် … ခစ်”

ယင်း၏အရွယ် ၊ ယင်း၏ရုပ်ရည်ဖြင့် အတင်းနွဲ့ပြလျက် တခစ်ခစ်ရယ်နေသည်မှာကား အော်ဂလီဆန်ဖွယ် ။ ထို့ပြင် သင်းပြောသော “ခန္ဓာကိုယ်မှာ တံဆိပ်ကပ်ပေးသည်” ဟူသည့်စကားမှာ သူ့နားအတွင်းပဲ့တင်သံများအလား ရိုက်ခတ်နေ၍ သူ၏မသန်တော့သော ဘယ်ဘက်လက်ကို ငုံ့ကြည့်လျက် ယခင်အတိတ်ဖြစ်ရပ်များကို ပြန်လည်မြင်ယောင်နေသောကြောင့် အံကိုသာ တင်းတင်းကြိတ်ထားမိတော့သည် ။

“မဆိုးဘူး … လူသားတစ်ယောက်အနေနှင့် တော်တယ်လို့ပြောလို့ရတဲ့ထဲတောင်ပါတယ် ။ ဒါပေမဲ့ မလုံလောက်သေးဘူး ။ ကြည့်စမ်း … မင်းရှေ့ကမြင်ကွင်းကို သေသေချာချာကြည့်ထား … အဲဒါလောကကြီးပဲ … ဂျွတ် … အ… အား … အား …”

ဟူသည့် လက်တစ်ဖက်ကျိုးသွားသံ ၊ နာနာကျင်ကျင် အော်သံများကား နားတွင်းသို့ သံရည်ပူများ လောင်းထည့်နေသည့်နှယ် ။ “ဤကဲ့သို့ဖြစ်၍မရ ၊ ငြိမ်စမ်း” ဟု ကိုယ့်ကိုယ်ကိုယ် အသိပြန်ပေး၍ ခေါင်းကိုဘယ်ညာ တစ်ချက်ယမ်းကာ အတိတ်ပုံရိပ်များကို ခါထုတ်ပစ်လိုက်ရသည် ။ ထို့နောက် ဆရာဝန်ရှိရာသို့ လှည့်ကြည့်လိုက်သည့်အခါ ၊ ယင်းသည် ခုတင်ကြီးကို စက်ဝိုင်းပုံသဏ္ဌာန်တစ်ပတ် ပတ်နေလေ၏ ။

ထို့နောက် ဘေးကရေကန်တွင်းသို့ လက်နှိုက်၍ ကန်တွင်းကရေများဖြင့် အိပ်ရာပေါ်က လေဒီ ဆယ်ဖီးနီး၏မျက်နှာကို လှမ်းတောက်နေလေ၏ ။ ယင်းနောက်လျှာထိပ်ကို ပါးစပ်အပြင်သို့ထုတ်ကာ သူ့နှုတ်ခမ်းများကို ပြန်လျက်နေ၏ ။ ၎င်းနောက် ဘေးလွယ်အိတ်အတွင်းက တစ်တောင်ခန့်ရှည်သော နီညစ်ညစ်ရောင် ပန်းအဖူးအညွန့်များကို ထုတ်ယူလိုက်လေသည် ။ အနှီပန်းကို လက်ဖလက်ဆီ ( Leflexy ) ဟုခေါ်ပြီး ၎င်းမှာ ချိုစိမ့်စိမ့်အရသာရှိသည့်ပြင် ဝါးလျှင်လည်း ပါးစပ်တွင်းတထုပ်ထုပ် ဖြစ်နေသဖြင့် ရိုဒီးနီးယားက ကလေး လူကြီးမရွေးနှစ်သက်ကြသော သွားရည်စာဖြစ်လေသည် ။

သည့်နောက် ဆရာဝန်သည် အဆိုပါ လက်ဖလက်ဆီဖူးများကို ကြွေပန်းကန်တစ်ခုတွင်းထည့်ကာ မီးရှို့လိုက်သည်တွင် အနက်ရောင်မီးခိုးများ အူတက်လာပြီး ၊ ထိုပန်းကန်ကို လေဒီ ဆယ်ဖီးနီး၏ ခေါင်းအုံးပေါ်သို့ တင်လိုက်လေရာ ခုတင်ပေါ်၌ မီးခိုးလုံးကြီးများ တလူလူဖြစ်လာသောကြောင့် သူ(မ)၏ မျက်နှာကိုပင် ကောင်းကောင်းမမြင်ရတော့ဘဲ ၊ အနှီမီးခိုးငွေ့များကို လီယိုနာ့ဒ်ရှူမိလတ်သော် တစ်ဆို့ ထူပိတ်နေသည့်အနံ့ကြောင့် သူ့ရင်တွင်း မွန်းကျပ်လာလေသဖြင့် ခုတင်နားရှိဆရာဝန်ထံသို့ တိုးကပ်သွားလေသည် ။

“လူနာက ဘာဖြစ်နေတာလဲ”

“လူနာရဲ့ခေါင်းထဲမှာ အာပေါဓာတ်တွေ အရမ်းများနေတယ် ။ တေဇောဓာတ်သုံးပြီး တိုက်ထုတ်ရမယ် ။ ကောင်းကင် နတ်ဘုရားမကိုလည်း ပူဇော်ရမယ်”

ကိုယ်မကျွမ်းကျင်သည့်နယ်ပယ် ဖြစ်သောကြောင့် စိတ်တွင်းထင့်နေလင့်ကစား စောဒက ထပ်မတက်တော့ဘဲ လေဒီ ဆယ်ဖီးနီး၏ မျက်နှာကိုသာ အကဲခတ်နေရာ၌ ၊ အချိန်တအောင့်မျှကြာသည့်အခါ မီးခိုးများကြားက သူ(မ)၏ ကြက်သွေးရောင် နှုတ်ခမ်းစိုစိုလေးမှာ အပြာပုပ်ရောင်သို့ ပြောင်းလာသည်ကို မြင်လျှင် သူလည်းသည့်ထက်ပို၍ တုံ့ဆိုင်းမနေတော့ဘဲ ၊ မီးခိုးများအူထနေသော ကြွေပန်းကန်ကို ဆွဲယူ၍ ဘေးကရေကန်ကြီး အတွင်းသို့ လွှင့်ပစ်လိုက်လေ၏ ။

“ဗွမ်း … ရှဲ”

ရေကန်တွင်းသို့ ကြွေပန်းကန်ကျသံ ၊ မီးလောင်နေသည့် လက်ဖလက်ဆီအဖူးများ ရေထိသံတို့နှင့်အတူ အခန်းတွင်း၌ရှိနေသောသူများ အားလုံး၏ အာမေဍိတ်သံများလည်း ပြုံထွက်လာကြပြီးနောက် ၊ ဆရာဝန်မှာမူ သူ့ကိုပြူးကျယ် မာထန်လှသော မျက်လုံးများဖြင့်ကြည့်ကာ သူ၏ရွှေစလွယ်ကို ဆွဲကိုင်လိုက်၍

“ဟေ့ကောင် … မင်းဘာလုပ်တာလဲကွ ။ မင်းဘာကို ဖျက်ဆီးပစ်လိုက်တာလဲ ဆိုတာကောသိရဲ့လား … ငမိုက်သား”

“မင်းကကော ဘာလုပ်နေတာလဲ”

“အာပေါဓာတ်တွေကို တိုက်ထုတ်နေတယ်လို့ ပြောထားတယ်လေ ။ ဒီရောဂါကို ငါတစ်ယောက်တည်းမနိုင်လို့ ကောင်းကင်နတ်ဘုရားမ လူနာလက်(စ်)ကာ ( Sky Goddess Lunalasca ) ရဲ့အကူအညီကို ယူရမယ်လို့ပြောထားတယ်လေ ။

ဟိုမှာမြင်လား … လူနာကပြန်ကောင်းတော့မှာ ခေါင်းထဲက အာပေါဓာတ်တွေအားလုံး နှုတ်ခမ်းမှာစုနေပြီ ။ ခဏနေရင် အကုန်ကန်ထွက်တော့မှာကို မင်းက ဖျက်ဆီးပစ်တယ် ။ မင်းကနတ်ဘုရားမရဲ့ ဒေါသကို သွားဆွတာပဲကွ ။ မင်းဘာကောင်လဲ … မင်းဘယ်လောက်တတ်နေလို့ ဝင်ရှုပ်ရတာလဲ ။ မင်းကို ဘာသာမဲ့ ၊ ဝတ္တရားနှောက်ယှက်မှု နှစ်ခုလုံးနှင့် တရားရုံးတက်တိုင်မယ်ကွ”

သူပြုံးလိုက်၏ ။ ယင်းနောက်

“ဒီလက်ကို လွှတ်ပြီး အေးအေးဆေးဆေး စကားပြောဖို့ ငါးစက္ကန့်အချိန်ရတယ်”

“ဘာရယ် … မင်းလို ငကျိုးကများ ။ မင်းလက်တစ်ဖက်ပဲ ရှိနေတာတောင် မင်းဘက်က အေးအေးဆေးဆေးနေခဲ့လို့လား ၊ မင်းလိုကောင် နှစ်ဖက်လုံးကျိုးသွားရမှာကွ”

“သုံး”

“ဘာ …”

“လေး …”

“ငါး”

စကားဆုံးသည်နှင့် သူ့ညာဘက်လက်မှာ ရုတ်ခြည်းကြွတက်လာပြီးနောက် ဆရာဝန်၏လက်ကို အောက်ကပင့်ရိုက်ပစ်လိုက်ရာ ၊ သူ့စလွယ်ကို ဆုပ်ကိုင်ထားသော ယင်း၏လက်နှစ်ဖက်လုံး ပြုတ်ထွက်သွားရုံမျှမက ၊ တစ်ကိုယ်လုံးပါ နောက်သို့လန်ကျသွားလေ၏ ။

ထိုအခါ လီယိုနာ့ဒ်သည် ညာလက်ဖြင့် ဆရာဝန်၏စလွယ်ကို ဦးစွာဖမ်းဆွဲ၏ ။ ယင်းနောက် ၎င်း၏ကုပ်ပိုးကို ဆွဲကုပ်၍ မျက်နှာကို ရေကန်ဘောင်သို့ ထိုးစိုက်ချပစ်လိုက်၏ ။ ထိုနှင့်အတူ တင်းခံနေသော ချင်း၏ခြေသလုံးကိုလည်း တစ်ပြိုင်တည်း ကန်ဖြုတ်ပစ်လိုက်ရကား အနှီဆရာဝန်မှာ ရေကန်ဘောင်၌ ဝမ်းလျားမှောက်လျက်ကြီး လဲကျသွားလေတော့သည် ။

၎င်းနောက် လီယိုနာ့ဒ်မှာ ယင်းအပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ ဖိထားလိုက်သဖြင့် ရုန်းမရတော့ ။ သူ ငုံ့ကြည့်လိုက်သည့်အခါ နှစ်ယောက်လုံး၏မျက်နှာမှာ ရေကန်မျက်နှာပြင်ဝယ် ထင်ဟပ်နေလေပြီ ။

ဤသည်ကား တစ်စက္ကန့်အတွင်းဖြစ်သွားသည့် အဖြစ်အပျက် ။ မြန်သည် ။ လျင်သည် ။ အားပါပြီး တိကျသည် ။ တွေဝေမှုမရှိ ။ တုံ့ဆိုင်းမှုနတ္ထိ ။ သူ့အောက်က ဆရာဝန်မှာ တအိအိမြည်သံထွက်နေသကဲ့သို့ ကျန်သူများမှာလည်း သူတို့နားဝိုင်းလာလေသည် ။

“ခေါင်းဆောင် … ခင်ဗျားဘာလုပ် …”

“ပါးစပ်ပိတ်ထား ဇိုက်(ခ်)”

မိုယာဝုထ်က သူရင်းငှါးတစ်ယောက်က အာဇာဂါနာက နတ်နဂါးတပ်၏ တပ်မှူးကို တောင်းဆိုနေသည့်အသံမဟုတ်တော့ ၊ တပည့်တစ်ယောက်ကို ဆရာက အမိန့်ပေးနေသံ ။ သူ့အသံကြောင့် ယန္တရားချပ်ဝတ်အပြည့်နှင့် ဇိုက်(ခ်)မှာ တုံ့သွား၍ မြိုင်ချုပ်အဘွားကြီးနှင့် အလုပ်သင်ပြည့်တန်ဆာ လေးယောက်မှာလည်း ပါးစပ်အဟောင်းသား။

“ဟေ့ကောင် … လွှတ်စမ်း … မင်းတို့လူနာရဲ့ အသက်ကယ်မဲ့သူကို ဒါမျိုးလုပ်ရသလား ။ လွှတ်စမ်း … လွှတ် …”

ရုန်းပါသော်လည်း အချည်းနှီး ။ လီယိုနာ့ဒ်မှာသူ့ဒူးဖြင့် ၎င်း၏ကျောကိုဖိထားလျက်ပင် သူ၏နှုတ်ခမ်းကို ယင်း၏နားအနားသို့ တိုးကပ်လိုက်ပြီးနောက် ရေကန်အတွင်းက သူတို့၏ပုံရိပ်ကို အတူတူကြည့်လိုက်လေသည် ။

“ငါတို့နဂါးသူရဲကောင်းတွေ … မေးတာမြန်းတာကို … မဖြေဘဲ ခေါင်းမာနေတဲ့သူတွေကို ဘယ်လိုလုပ်သလဲသိလား”

“…”

“ဆံပင်ကို နောက်ကကိုင်ပြီး မျက်နှာကို ရေထဲနှစ်တယ် ။ ပထမတစ်ခါနှစ်ရင် ဆယ်စက္ကန့် လောက်ကစတာပေါ့ ။ ဒါပေမဲ့ မပြောသေးဘူး တောင့်ခံနေသေးရင် ထပ်နှစ်ပြီး ၊ တစ်ခါထပ်နှစ်တိုင်းမှာ စက္ကန့်ရေတိုးသွားတယ် ။ ဆယ်စက္ကန့် ၊ စက္ကန့်သုံးဆယ် ၊ တစ်မိနစ် အစရှိသဖြင့်ပေါ့ ။ အသက်အောင့်ထားရင် နောက်ကနေ လဥကိုဒူးနှင့်တိုက်တယ် ။

အဲသည်မှာ ရေထဲအကြိမ်ကြိမ်နှစ်ခံရတဲ့ကောင် ဘာဖြစ်လာလဲသိလား ။ နှုတ်ခမ်းတွေပြာနှမ်းလာတယ် ။ ဒီတော့ငါပြောချင်တာဘာလဲ နားလည်လား ။ ဖဲလေဒီရဲ့ အာပေါဓာတ်တွေကို ခေါင်းထဲကထုတ်ချင်ရင် မင်းလာဖို့တောင်မလိုဘူး ။ ငါကိုယ်တိုင် လုပ်ပေးလိုက်လို့ရတယ်”

ဟုဆို၍ ဖိထားသော ဒူးကိုလွှတ်ပေးလိုက်လေလျှင် ၊ အနှီဆရာဝန်မှာ ပြန်ပင်မထနိုင်တော့ဘဲ ဖင်ဒယဉ့်တိုက် ( တရွတ်တိုက် ) အနေအထားဖြင့် နောက်သို့ဆုတ်သွားသရော် ၊ လီယိုနာ့ဒ်ကလည်း ၎င်းအနားသို့ လိုက်လံတိုးကပ်ပြီးနောက် ထိုင်ချလိုက်လေ၏ ။

“ငါ့ဘဝမှာ လူတွေအများကြီးသတ်ဖူးတော့ ငါ့ကိုယ်ငါ ပြန်နမ်းကြည့်ရင် အမြဲတမ်း သွေးညှီနံ့ရနေသလိုပဲ”

ဟုဆိုကာ ယင်း၏ အစိမ်းရောင်စလွယ်ကို နမ်းလိုက်လေ၏ ။ ထို့နောက် နှုတ်ခမ်းတစ်ဖက်ကို တွန့်ရုံမျှသာပြုံးလျက်

“မင်းမှာလည်း ငါနှင့်တူတဲ့ အနံ့ရှိနေတယ် ။ လူသတ်သမားနံ့”

ဟုဆို၍ ထလိုက်ရာ၌ ၊ ဤဆရာဝန်မှာ အားခနဲထအော်၍ အခန်းအတွင်းမှ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးလေတော့သည် ။ ထို့နောက်က သူက ဝိုင်းကြည့်နေသူတို့ကို တစ်ချက်ဝှေ့ကြည့်လျက်

“ပွဲပြီးသွားပြီ ။ လိုရင်းကိုပြန်သွားရအောင်”

ဟုဆိုလိုက်ရာ လက်ပိုက်နေသောဇိုက်(ခ်)မှာ ခေါင်းကိုသာ ယမ်းနေတော့သည် ။

“ကောင်းပါကော ခေါင်းဆောင် ။ ခင်ဗျားက တစ်မြို့လုံးလူနာမနိုင်လို့ မနည်းရအောင် ခေါ်ထားရတဲ့ဆရာဝန်ကိုပါ ကန်ထုတ်ပစ်လိုက်ပြီ”

“ဆေးကုရင် ဒီိတေဇော ၊ ဝါယော တွေပြောတဲ့ ဆရာဝန်တွေ မလိုချင်ဘူး ဇိုက်(ခ်) ။ ငါဆရာဝန် အစစ်လိုချင်တယ်”

“ခေါင်းဆောင် ခင်ဗျားလာနောက်နေတာလား ။ ကျုပ်တို့ကို နတ်ဘုရားတွေက ဓာတ်ကြီးလေးပါးသုံးပြီး ဖန်ဆင်းပေးထားလို့ ဒါမျိုးဓာတ်ကြီးလေးပါနှင့်ကုတာလေ ။ ရွာကဆရာဝန်ကစပြီး နန်းတွင်းကဆရာဝန် အထိ ဒါမျိုးပဲကုကြတယ် ။ ခင်ဗျားသိနေပါလျက်နှင့် ဘာတွေလာပြောနေတာလဲ”

“ဒါဆိုလည်း မကုနှင့်တော့ ။ ဒီအတိုင်းထားတာမှ အနည်းဆုံးအသက်ရှူနေသေးတယ်”

သူ့စကားကြောင့်ကျန်သူများ မျက်နှာအသီးသီးပျက်ကုန်လေပြီ ။ ထိုစဉ် ဇိုက်(ခ်)ဘေးက ဝိုက်ဗန်အမ်းမှာ

“ဟိုလေ … အပ်တွေသုံး ၊ ပိုက်တွေသုံး ၊ နားမလည်တဲ့စကားတွေပြောပြီး ကုတဲ့တစ်ယောက်တော့ ရှိတယ်မလား”

ဟု ဇိုက်(ခ်)ကို လှမ်းဆိုသောကြောင့် ၎င်း၏မျက်နှာတစ်ခုလုံး မဲ့ရှုံ့သွားတော့သည် ။

“အရေးထဲမှာ မင်းကလည်းတစ်မှောင့် ။ အဲသည်ကောင်က ဘာတတ်လို့လဲကွ”

“သူအကျဉ်းသား တစ်ယောက်ကို ကုပေးလိုက်တာတော့ ပျောက်သွားတယ်နော် တပ်မှူး”

အကြင်ဝိုက်ဗန်အမ်း၏ စကားကြောင့် လီယိုနာဒ့်၏မျက်လုံးများ အရောင်ပြန်တောက်လာရလေပြီ ။

“ဘယ်သူလဲ ဇိုက်(ခ်)”

“အရေးမထားစမ်းပါနှင့် ခေါင်းဆောင် ။ ကျုပ်တို့အကျဉ်းထောင်ထဲမှာ သေဒဏ်ကျထားတဲ့ အကျဉ်းသားတစ်ယောက်ရှိတယ် ။ အဲသည်ကောင်က ရူးကြောင်မူးကြောင် စကားတွေလျှောက်ပြောပြီး သေလုမြောပါးဖြစ်နေတဲ့ အကျဉ်းသားကို ဘာတွေနှင့် ဘယ်လိုလျှောက်လုပ်လိုက်မှန်းမသိ … ရောဂါပျောက်တော့ ပျောက်သွားတယ် ။ ကြက်ကန်းတိုးတာပဲနေမှာပါ”

“မဆိုးဘူးပဲ ။ ငါ့ကို အဲသည်ကောင်ဆီ ပို့ပေး … သွားတွေ့ကြည့်ရအောင်”

“ခေါင်းဆောင် … ခင်ဗျား”

ထိုအခါ မြိုင်ချုပ်အဘွားကြီးက သူ့ညာလက်ကို လာဆွဲ၍

“အောင်မလေး သူရဲကောင်းရယ် … ကျွန်မတို့ ဆယ်ဖီးရဲ့အသက်ကို သေဒဏ်ကျ အကျဉ်းသားလက်ထဲ အပ်တော့မှာလား ။ အဲသည်လိုတော့ မလုပ်ပါနှင့် ။ ကျွန်မနန်းတွင်းသမားတော်ထိ ပင့်လာပြီး သမီးလေးအသက်ကို ကယ်ပါ့မယ်”

ဟုဆိုသည်တွင် သူလည်း ထိုလက်တွင်းက ဆောင့်ရုန်းပစ်လိုက်လေပြီး

“ခင်ဗျား ပါးစပ်ပိတ်ထားစမ်း ။ ကျုပ်က အားယားနေလို့ ဒါတွေလုပ်နေတယ် ထင်နေလား … သည်အမှုကို ကျုပ်တို့ကိုင်ထားတယ် ။ ဖဲလေဒီကို အခုဘာလုပ်မယ်ဆိုတာ ကျုပ်တို့ပဲ ဆုံးဖြတ်မယ်”

ဟုဆို၍ အခန်းဝသို့ထွက်လာလတ်သော် ၊ ဘေး၌ရပ်နေသော အလုပ်သင်ပြည့်တန်ဆာလေးယောက်အနက် တစ်ယောက်မှာ ပြူးကျယ်နေသောမျက်လုံးများဖြင့် ရေကန်ကြီးထဲက မီးကျွမ်းနေသော လက်ဖလက်ဆီဖူးများကို ကြည့်နေ၏ ။ တစ်ယောက်မှာ လေဒီ ဆယ်ဖီးနီးကို ကြည့်ကာ မျက်တောင်ကို အဆက်မပြတ်ပုတ်ခတ်နေ၏ ။ တစ်ယောက်မှာမူ ကြမ်းပြင်ကို ဖိနပ်ဦးဖြင့် ထိုးနေ၏ ။ နောက်ဆုံးတစ်ယောက်မှာကား သူ့ကိုကြည့်လျက် ပြုံးနေလေတော့သတည်း ။ ။

****************

All Chapters