အခန်း (၃၃၁-၃၃၂)
Vol. 34 Ch. 331-332
ဖန့်ချန်
ဘာသာပြန်အရှင်ငယ်
အခန်း ၃၃၁ - အလယ်လတ်စား ဝိညာဉ်ကျောက်တုံး
ဖန့်ချန်သည် ကျင့်ကြံသူဖြစ်လာသည်မှာ တစ်နှစ်ကျော်ရုံသာ ရှိသေးသဖြင့် အလယ်လတ်စား ဝိညာဉ်ကျောက်တုံး အကြောင်း တစ်ခါမှ မကြားဖူးသလို မြင်လည်း မမြင်ဖူးခဲ့ပေ။
လောကတွင် အသုံးများသော ဝိညာဉ်ကျောက်တုံးများမှာ အဆင့်နိမ့် များသာ ဖြစ်ပြီး ၎င်းတို့ကိုသာ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုကြသည်။
ကျင့်ကြံခြင်းတွင်ပင် ရွှေအမြုတေအဆင့်ပညာရှင်များပင်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကိုသာ အသုံးပြုကြရသည်။
အစပိုင်းတွင် ဖန့်ချန်သည် အလယ်လတ်စား ဝိညာဉ်ကျောက်တုံးများအကြောင်း သိပ်မသိခဲ့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က စကြဝဠာမှန်ချပ် စာအုပ်ကို ဖတ်ကြည့်ရာမှ ၎င်းတို့အကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။
အလယ်လတ်စားနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ၏ ကွာခြားချက်မှာ ပါဝင်သော ဝိညာဉ်စွမ်းအင် ပမာဏသာမကဘဲ ၎င်းတို့သည် လုံးဝ ကွဲပြားခြားနားသော ကျင့်ကြံခြင်း အရင်းအမြစ်များ ဖြစ်ကြသည်။
အလယ်လတ်စား ဝိညာဉ်ကျောက်တုံးများတွင် ပိုမိုသိပ်သည်းပြီး သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပါဝင်သဖြင့် ကျင့်ကြံမှုအဆင့် တိုးတက်စေရန် အဆင့်နိမ့် များထက် အဆပေါင်းများစွာ ပိုမို ထိရောက်သည်။
တစ်ခါတစ်ရံ ရွှေအမြုတေအဆင့် ပညာရှင်များသည် ကျင့်ကြံမှု အဟန့်အတား နှင့် တွေ့ကြုံရသောအခါ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများမှာ ဘာမှ အသုံးမဝင်တော့သော်လည်း အလယ်လတ်စား ဝိညာဉ်ကျောက်တုံး တစ်တုံးကို အသုံးပြုလိုက်ပါက ထိုအဟန့်အတားကို ကျော်ဖြတ်နိုင်ရန် အထောက်အကူပြုသည်။
ထို့ကြောင့် အလယ်လတ်စား ဝိညာဉ်ကျောက်တုံးမှာ အလွန် အဖိုးတန်လှသည်။
၎င်းတို့ကို အဆင့်နိမ့် နှင့် လဲလှယ်မည့်သူမှာ မရှိသလောက်ပင်။
ပုံမှန်အရွယ်အစားရှိ အလယ်လတ်စား ဝိညာဉ်ကျောက်တုံး တစ်တုံးသည် အခြေအနေပေါ် မူတည်၍ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရာနှင့်ချီ၊ သို့မဟုတ် ထောင်နှင့်ချီ၍ တန်ဖိုးရှိနိုင်သည်။
ဖန့်ချန် တစ်နေရာထဲတွင် ငြိမ်သက်နေသည်ကို မြင်သောအခါ ဖန့်ဟောင်နှင့် ကျန်တဲ့သူများက တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသည့် မျက်နှာပေးများဖြင့် ကြည့်လိုက်ကြသည်။
ဖန့်ဟောင်က ရယ်မောကာ
"မျက်စိမမြင်တဲ့သူက ဝိညာဉ်အရင်းအမြစ် ရပ်ကွက်ကို လာတော့ ဘာလုပ်မှာလဲ ကျောက်တုံးတွေ တစ်ခုနဲ့တစ်ခု ရိုက်ခတ်တဲ့ အသံကို နားထောင်မလို့လား"
ဟု ပြောလိုက်သည်။
မျိုးဆက်သစ် အချို့ကလည်း သူ့နောက်က လိုက်၍ ရယ်မောကြသည်။
ဆိုင်အကူမှာမူ ဇဝေဇဝါ ဖြစ်သွားသည် ဖန့်ချန်နှင့် ဖန့်ဟောင်တို့မှာ အတူတူ လာခြင်းဖြစ်သော်လည်း ဆက်ဆံရေးမှာ မပြေလည်ပုံရသည်။
အသိတစ်ဦးနှင့် စကားပြောနေသော ဖန့်ကျွယ်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လျက် ဖန့်ဟောင်ဘက်သို့ လှည့်လိုက်သည်
"ဖန့်ဟောင် မင်း ဘာတွေ ပြောနေတာလဲ"
"အစ်ကိုကြီး သူ့ကို ပြန်ခိုင်းလိုက်တာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ် သူ ဒီမှာရှိနေတာ အချိန်ဖြုန်းတာပဲ ရှိမှာပါ"
ဟု ဖန့်ဟောင်က ဆိုသည်။
ဖန့်ကျွယ်၏ မျက်နှာ ပျက်သွားသည်။
သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ဖန့်ချန်သည် ဆိုင်တင်ခုံ၏ ထောင့်တစ်နေရာတွင် တင်ထားသော ဝိညာဉ်အရင်းအမြစ်ကျောက်တုံး တစ်ခုဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။
ထိုကျောက်တုံးမှာ ဖုန်များပင် အထပ်လိုက် တက်နေသဖြင့် ထိုနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပုံရသည်။
ဖန့်ချန်သည် ထိုကျောက်တုံးကို ကောက်ယူကာ သူ၏ နားအနီးတွင် အသာအယာ အကြိမ်အနည်းငယ် ခေါက်ကြည့်လိုက်သည်။ ထို့နောက်
"ဒီကျောက်တုံးက ဘယ်လောက်လဲ"
ဟု မေးလိုက်သည်။
အားလုံးမှာ ဆွံ့အသွားကြသည်။
သူက တကယ်ပဲ အသံကို နားထောင်ပြီး ကျောက်တုံးကို ရွေးနေတာလား ဖရဲသီး ရွေးနေတယ်လို့ ထင်နေတာလား
"ဟင်း ဟန်လုပ်နေလိုက်တာ"
ဟု ဖန့်ယွင်က အထင်သေးစွာ ရေရွတ်လိုက်သည်။
ဖန့်ဟောင်နှင့် ကျန်တဲ့သူများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ တဟားဟား ရယ်မောကြတော့သည်။
ဆိုင်အကူက ဖန့်ချန်ထံသို့ အလျင်အမြန် လျှောက်လာပြီး
"သခင်လေး ဒီကျောက်တုံးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ကျသင့်ပါတယ်ခင်ဗျာ"
ဟု ကူညီပေးရှာသည်။
"ယူမယ်"
ဖန့်ချန်က ခေါင်းအသာငြိမ့်ပြကာ ဝိညာဉ်ကျောက်တုံး တစ်တုံး ထုတ်ပေးလိုက်သည်။
"ဒီကျောက်တုံးကို ဝယ်တာက ဝိညာဉ်ကျောက်တုံးကို အလဟဿ ဖြုန်းတီးတာပဲ"
"သူ့မျက်နှာပြင်မှာ ဘာအရောင်အဝါမှ မရှိဘူး ထွက်နေတဲ့ ဝိညာဉ်စွမ်းအင်ကလည်း ပြတ်တောင်းပြတ်တောင်းပဲ ကြည့်ဦး အစိမ်းရောင် အကြောတွေကလည်း မသန့်ဘူး အမည်းရောင်တွေ ရောနေတာ"
"သူက လူသစ်ပဲ ဖြစ်ရမယ် ပျော်ရုံသဘောနဲ့ ပိုက်ဆံအနည်းငယ် သုံးလိုက်တာပေါ့"
ဆိုင်အတွင်းရှိ အခြားဖောက်သည်များကလည်း တီးတိုး ဝေဖန်နေကြသည်။
ဖန့်ကျွယ်သည် ဖန့်ချန်အနားသို့ လျှောက်လာကာ သူ၏ လက်ထဲမှ ကျောက်တုံးကို ကြည့်ပြီး ပြုံးလျက် ပြောသည်
"ဒီကျောက်တုံးက ဒီမှာ ရှိနေတာ နှစ်တော်တော် ကြာပြီ ကြည့်ရတာ ဆွဲဆောင်မှု မရှိတော့ ဘယ်သူမှ မဝယ်ကြဘူး"
"ဒါပေမဲ့ ဈေးမကြီးပါဘူး ကျောက်တုံး တစ်တုံးတည်းဆိုတော့ ပျော်ရုံသဘောနဲ့ ဝယ်တာဆိုရင် မဆိုးပါဘူး"
ခဏအကြာတွင် ဆိုင်အကူက ပစ္စည်းအသစ်များကို သယ်လာသဖြင့် ဖန့်ကျွယ်သည် အခြားဖောက်သည်များနှင့်အတူ ပစ္စည်းအသစ်များကို စစ်ဆေးရန် သွားလိုက်တော့သည်။
"အစ်မကြီး အစ်ကိုကြီးလျို ရဲ့ သတင်းကို စုံစမ်းဖို့ လူလွှတ်ထားတယ် စိတ်မပူပါနဲ့ ကျွန်တော်တို့ ဝိညာဉ်အရင်းအမြစ် ရပ်ကွက်ကို မရောက်တာ လအတော်ကြာပြီဆိုတော့ ဒီနေ့ နည်းနည်းလောက် ပျော်လိုက်ရအောင်"
"ဒီကို သိပ်မလာပါနဲ့လို့ ငါ မင်းကို အကြိမ်ကြိမ် ပြောဖူးတယ် ဒီနေရာက အန္တရာယ်များတယ်"
"ကျွန်တော် ဒီအတိုင်း ကြည့်ရုံပါ ဘာမှ မဝယ်ပါဘူး"
အပြင်ဘက်မှ ရင်းနှီးသော အသံကို ကြားလိုက်ရသောအခါ ဖန့်ချန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူသည် ကျောက်တုံးကို သိမ်းဆည်းကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
ဖန့်ယွင်နှင့် ဖန့်ဟောင်တို့မှာ ဖန့်ချန်အပေါ် အမြင်မကြည်ကြသဖြင့် သူ ထွက်သွားသည်ကိုလည်း မတားကြပေ။
ပစ္စည်းအသစ်များ ကြည့်နေသော ဖန့်ကျွယ်ကိုပင် ဖန့်ချန် ထွက်သွားကြောင်း အသိမပေးကြပေ။
အပြင်ဘက် လမ်းဘေးဆိုင် တစ်ဆိုင်တွင် ရှကျီ သည် လက်သီးဆုပ်ခန့်ရှိသော ဝိညာဉ်အရင်းအမြစ်ကျောက်တုံး တစ်ခုကို ကိုင်တွယ်ကြည့်ရှုရင်း ဆောင့်ကြောင့်ထိုင်နေသည်။
ဝူရုန့် ချို မှာမူ ဘေးတွင် ရပ်လျက် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
"မင်း ပြီးပြီလား ဝယ်မှာလား မဝယ်ဘူးလား မဝယ်ဘဲနဲ့ ဟိုကိုင်ဒီကိုင် လာမလုပ်နဲ့ "
ဟု ဆိုင်ရှင်က ရှကျီကို ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
ရှကျီ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်
"ခင်ဗျား စီးပွားရေး လုပ်တာက ဒီလိုလား"
ဆိုင်ရှင်က နှာခေါင်းရှုံ့ကာ
"မင်းရဲ့ ဝိညာဥ်ကျောက်တုံး ကို ငါ မလိုချင်ဘူး သွားစမ်း"
ထိုဆိုင်ရှင်မှာ ကျွယ်မိသားစုနှင့် ပတ်သက်နေသူ ဖြစ်နိုင်ကြောင်း ရှကျီ စိတ်ထဲတွင် ရိပ်မိလိုက်သည်။
"အစ်မကြီး ကျွယ်ဝူတီရဲ့ နောက်လိုက်တွေက နေရာတိုင်းမှာ ရှိနေပုံရတယ် တခြားနေရာ သွားကြည့်ရအောင်"
ဟု ရှကျီက ပြုံးလျက် မတ်တပ်ထရပ်လိုက်သည်။
ဝူရုန့်ချို မျက်မှောင်ကြုတ်သွားပြီး ဆိုင်ရှင်ကို ပြောလိုက်သည်
"ရှင် စကားပြောတာ အရမ်း ရိုင်းတာပဲ အခုချက်ချင်း ကျွန်မ မောင်လေးကို တောင်းပန်ပါ"
ဆိုင်ရှင်မှာ သူမ၏ တင်းမာသော အမူအရာကြောင့် အနည်းငယ် လန့်သွားပြီး
"ဒါက မိန်းကလေး ဝူ နဲ့ မဆိုင်ပါဘူး ဒီလို ပြဿနာထဲ ဝင်မပါတာ အကောင်းဆုံးပါပဲ"
ဟု ဆိုသည်။
ဝူရုန့်ချိုကဲ့သို့ ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိသော ကျင့်ကြံသူကို ထိုကဲ့သို့သော လမ်းဘေးဈေးသည်လေးက မစော်ကားရဲပေ။
"သွားကြရအောင် အစ်မကြီး"
ဟု ရှကျီက ဆိုသည်။
သို့သော် ဝူရုန့်ချိုက ဆိုင်ရှင်၏ မျက်လုံးကို စိုက်ကြည့်ကာ တည်ငြိမ်သော အသံဖြင့်
"တောင်းပန်ပါ"
ဟု ထပ်ပြောသည်။
ရှမင် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ဆိုင်ရှင်ဘက် လှည့်ကာ
"တောင်းပန်လိုက်စမ်းပါ ငါ့အချိန်တွေကို မဖြုန်းနဲ့တော့"
ဟု ပြောလိုက်သည်။
ဆိုင်ရှင်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး တိတ်ဆိတ်သွားပြီးနောက်
"တောင်းပန်ပါတယ်"
ဟု မဝံ့မရဲ ရေရွတ်လိုက်ရသည်။
ဝူရုန့်ချို၏ မျက်နှာ အေးဆေးသွားတော့သည်။ သူတို့နှစ်ဦး ထွက်ခွာရန် ပြင်စဉ်မှာပင် ဖန့်ချန် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဖန့်ချန် မင်း ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ"
ဟု ရှကျီက အံ့ဩတကြီး မေးလိုက်သည်။
"ဖန့်မိသားစုဝင် အချို့နဲ့အတူ လာလည်တာပါ မင်းတို့ အသံကြားလို့ လာခဲ့တာ"
ဟု ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ဖန့်ချန် ရှကျီကို မတွေ့ရသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။
ရှကျီသည် သူဝယ်ခဲ့သော ဝိညာဉ်အဆီအနှစ် ဆေးလုံး ၁၀ လုံးကို သောက်သုံးပြီးနောက် ချီသန့်စင်ခြင်း အဆင့် ၄ မှ အဆင့် ၅ သို့ ချက်ချင်း တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၆ သို့ပင် ရောက်ရန် သိပ်မလိုတော့ပေ။
"တိုက်ဆိုင်လိုက်တာ"
ရှကျီက ရယ်မောကာ
"ဒါဆိုရင် ငါတို့ အတူတူ လျှောက်ကြည့်ရအောင် ဒီနေ့ ငါတို့ ကံကောင်းမလား ကြည့်ကြတာပေါ့"
ဝူရို့ချိုက ဖန့်ချန်ကို ကြည့်ကာ
"ရှကျီကို နည်းနည်း အကြံပေးပါဦး ဝိညာဉ်အရင်းအမြစ် ရပ်ကွက်ဆိုတာ လူတွေကို လိမ်ညာတဲ့ နေရာပဲ ကျင့်ကြံသူ တော်တော်များများဟာ အရာအားလုံး ဆုံးရှုံးသွားပြီး ဒီမှာတင် ရူးသွားကြတာ"
ဖန့်ချန် ပြုံးလိုက်သည်
"ရှကျီ က လောင်းကစားသမား မဟုတ်ပါဘူး သူက ဒီအတိုင်း ပျော်ရုံသဘောနဲ့ ပိုက်ဆံလေး နည်းနည်း သုံးချင်ရုံပါ အဲ့ဒီလူတွေလို အကုန်ပုံအောပြီး ရူးသွားမှာ မဟုတ်ပါဘူး"
ရှကျီက ဝမ်းသာအားရဖြင့်
"ဖန့်ချန် မင်းကပဲ ငါ့အကြောင်းကို အသိဆုံးပဲ"
ဟု ဟစ်အော်လိုက်သည်။
ဝူရုန့်ချို မှာ ခဏမျှ မှင်တက်သွားပြီး သူမ၏ မျက်နှာမှာ ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။
သူတို့ သုံးဦးသည် ထိုနေရာတစ်ဝိုက်တွင် စတင် လှည့်လည်ကြည့်ရှုကြသည်။
လမ်းတစ်လျှောက် ရပ်တန့်သည့် နေရာတိုင်းတွင် ဖန့်ချန်သည် သူ၏ ဝိညာဉ်ခန္ဓာကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို စစ်ဆေးသည်။
ဖန့်ချန်သည် သူ အပြည့်အဝ အာရုံစိုက်လိုက်ပါက ကျောက်တုံးများကို ထိုးဖောက်မြင်နိုင်ပြီး အတွင်းရှိ အရာအားလုံးကို သိနိုင်ကြောင်း တွေ့ရှိခဲ့သည်။
အားနည်းချက်မှာ ထိုသို့ တစ်ကြိမ်လုပ်တိုင်း သူ၏ ဝိညာဉ်စွမ်းအင် ၁၀ ပုံ ၁ ပုံ ခန့် ကုန်ခမ်းသွားခြင်းဖြစ်သည်။
ဆိုလိုသည်မှာ သူသည် ကျောက်တုံး ၁၀ တုံးကိုသာ အများဆုံး စစ်ဆေးနိုင်သည်။
သူ၏ ဝိညာဉ်စွမ်းအင်မှာ ဝိညာဉ်စွမ်းအား ကဲ့သို့ လျင်မြန်စွာ ပြန်မပြည့်နိုင်သဖြင့် ထိုစွမ်းရည်ကို အလွန်ကျွံ သုံး၍မရပေ။
ကျောက်တုံးတိုင်းမှာ တန်ဖိုးရှိချင်မှ ရှိမည်ဖြစ်သဖြင့် သူသည် စိတ်ကြိုက် လိုက်မကြည့်နိုင်ပေ။
"မောင်လေး မင်း ကျောက်တုံး ၃ တုံး ဝယ်ပြီးပြီ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀ ကုန်သွားပြီ ထပ်မဝယ်နဲ့တော့"
ဟု ဝူရုန့်ချိုက ရှကျီကို သတိပေးလိုက်သည်။
ဝိညာဉ်ကျောက်တုံး ၃၀ အလဟဿ ဖြစ်သွားသည်ကို မြင်ရသည်မှာ သူမအတွက် ရင်နာစရာပင်။
ရှကျီက ခေါင်းငြိမ့်ပြကာ
"ကောင်းပြီ ဒီနေ့တော့ ထပ်မဝယ်တော့ဘူး"
"ရှကျီ မင်းက ဝိညာဉ်အရင်းအမြစ်ကျောက်တုံးတွေ ဝယ်နိုင်တဲ့အထိ အားနေတာလား အစ်ကိုကြီးကျွယ်ကို တောင်းပန်ဖို့ကော ဆုံးဖြတ်ပြီးပြီလား"
ဟု အသံအသစ်တစ်ခု ထွက်ပေါ်လာသည်။
သူတို့ ရပ်နေသည့် ဆိုင်ဘေးတွင် လူငယ်တစ်စု ပေါ်လာသည်။ ပြောလိုက်သူမှာ လင်းယွီ ပင် ဖြစ်သည်။
"မင်းတို့ နောက်တစ်ခါ ထပ်လာပြန်ပြီလား တကယ့်ကို စိတ်အနှောင့်အယှက်ပေးတဲ့ ယင်ကောင်တွေပဲ"
ဟု ရှကျီက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်
"ငါတို့ကို ဘာလို့ လွှတ်မပေးနိုင်ကြတာလဲ"
လင်းယွီနှင့် ကျန်တဲ့သူများ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
သူတို့ထဲမှ တစ်ဦးက ဖန့်ချန်ကို ကြည့်ကာ လင်းယွီ၏ နားနားတွင် တစ်ခုခု ကပ်ပြောလိုက်သည်။
လင်းယွီ၏ မျက်လုံးများတွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာပြီး ရှကျီ ကို ကြည့်ကာ
"မင်းက ကျောက်တုံးလောင်းကစားတာကို ဒီလောက် ကြိုက်နေမှတော့ ငါနဲ့ လောင်းမလားတကယ်လို့ မင်းရှုံးရင် ဒီနေရာကနေ ကျွယ်မိသားစု အိမ်ရှေ့အထိ ဒူးထောက်ပြီး ဦးတိုက်သွားရမယ် ပြီးရင် အစ်ကိုကြီးကျွယ်ကို တောင်းပန်ရမယ်"
ဟု စိန်ခေါ်လိုက်တော့သည်။
အခန်း ၃၃၂ - ရှကျီ၏ ခြေထောက်များကို လောင်းကြေးထပ်ခြင်း
ဝိညာဉ်အရင်းအမြစ် ရပ်ကွက်ရှိ ပိုမိုကြီးမားသော ဆိုင်အချို့သည် ဝိညာဉ်အရင်းအမြစ် ကျောက်တုံးအရောင်းအဝယ်ကို သာမန်လောင်းကစားမှုထက်ကျော်လွန်၍ အဆင့်မြင့်အပန်းဖြေမှုတစ်ရပ်အဖြစ် မြှင့်တင်ထားကြသည်။
ထိုလုပ်ငန်းများတွင် ဝန်ဆောင်မှုမျိုးစုံကို အပြည့်အဝပေးထားသည်။
ဖန့်ချန်တို့အဖွဲ့နှင့် နီးကပ်သော အဆင့်မြင့်ဆိုင်ကြီးတစ်ဆိုင်၏ အပေါ်ထပ်တွင် လူအချို့ ထိုင်နေကြသည်။
သူတို့သည် လက်ဖက်ရည်သောက်ရင်း အောက်ဘက်လမ်းမပေါ်မှ မြင်ကွင်းကို ကြည့်ရှုနေကြပြီး ထိုနေရာမှနေ၍ လမ်းမတစ်ခုလုံးကို အပေါ်စီးမှ မြင်နေရသည်။
"သခင်မလေး လင်ရှင်း ရှကျီက လင်းယွီရဲ့ လောင်းကြေးကို လက်ခံလိမ့်မယ်လို့ ထင်သလား"
ဟု လူငယ်တစ်ဦးက လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း မေးလိုက်သည်။ သူ၏ အသံမှာ ကျီစယ်လိုပုံရသည်။
"သူလက်ခံတာ မခံတာက အရေးမကြီးပါဘူး သူ့ကို ဒီမှာတိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတာပဲ သူ့ကို ဒီလောက် အေးအေးဆေးဆေး လျှောက်သွားခွင့် မပေးနိုင်ဘူး"
ဟု ဖန့်လင်ရှင်းက အေးစက်စွာ ပြန်ပြောသည်။
သူမ၏ အကြည့်များသည် ဝူရုန့်ချိုထံသို့ ခဏခဏ ရောက်သွားတတ်ပြီး သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ပါရှိနေသည်။
ထိုလူငယ်က သက်ပြင်းချလိုက်သည်
"ကျွယ်ဝူတီကတော့ ကံကောင်းတာပဲ သူ့အတွက် နောက်ကွယ်ကနေ အလုပ်အကျွေးပြုပေးမယ့် မင်းလို မိန်းကလေးမျိုး ရှိနေတာကို ငါတောင် အားကျမိတယ်"
ဖန့်လင်ရှင်း၏ မျက်နှာ ပျက်သွားသည်။ သူမက သူ့ကို ကြည့်ကာ
"အဲ့ဒါ ဘာကို ဆိုလိုတာလဲ"
ဟု မေးလိုက်သည်။
"အားကျလို့ ပြောတာပါ တခြား ဘာမှမဟုတ်ပါဘူး"
ထိုလူငယ်က ရယ်မောကာ စကားလမ်းကြောင်း လွှဲလိုက်သည်
"ဒါနဲ့ စောစောက ငါ့ရဲ့ အဆိုပြုချက်ကို ဘယ်လို စဉ်းစားမိလဲ အဲ့ဒီ ဝိညာဉ်အရင်းအမြစ် ကျောက်တုံးတွေရဲ့ အရည်အသွေးက တကယ်ကောင်းပါတယ် ငါတို့ နှစ်ယောက် ပေါင်းပြီး အဲ့ဒါတွေကို ဝယ်နိုင်ရင် ကုန်သွယ်မှု ညီလာခံမှာ အနည်းဆုံး အမြတ်နှစ်ဆ ပြန်ရနိုင်တယ်"
ဖန့်လင်ရှင်းက ခေါင်းအသာခါယမ်းသည်
"အဖေက အဲ့ဒါကို စဉ်းစားနေတုန်းပဲ ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီပြီး ပါဝင်တဲ့ အရောင်းအဝယ်ဆိုတော့ ငါတစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး"
"ဒါဆိုရင်လည်း အမြန်ဆုံး အကြောင်းပြန်ပေးပါနောက်ရက်အနည်းငယ်အတွင်း မင်းဆီက အကြောင်းပြန်မရရင် ငါ တခြားတစ်ယောက်နဲ့ လက်တွဲရလိမ့်မယ်"
ဟု လူငယ်က ပြုံးလျက် ဆိုသည်။
သူတို့နှစ်ဦးသည် အောက်ဘက်လမ်းမပေါ်မှ ဆိုင်ခန်းဆီသို့ အကြည့်များ ပြန်လွှဲလိုက်ကြသည်။
ရှကျီ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်
"မင်းက ငါနဲ့ လောင်းချင်တာလား ငါရှုံးရင် ကျွယ်မိသားစု အိမ်ရှေ့အထိ ဦးတိုက်သွားရမယ် ဟုတ်လား အဲ့ဒါဆို မင်းရှုံးရင်ရော"
လင်းယွီက နှာခေါင်းရှုံ့ကာ
"ငါ မရှုံးဘူး"
ရှမင်မှာ ဆွံ့အသွားပြီး လင်းယွီကို စောက်ရူး တစ်ယောက်လို ကြည့်လိုက်သည်
"လောင်းကြေးထပ်မယ်ဆိုရင် နှစ်ဖက်စလုံးက အဖိုးအခကို ရှင်းရှင်းလင်းလင်း သတ်မှတ်ရမယ်"
"'ငါ မရှုံးဘူး ဆိုတာ ဘာကို ဆိုလိုတာလဲ မင်းက ကြိုတင်ပြင်ဆင်ထားတာ တစ်ခုခု ရှိနေလို့လား ဘာလဲ မင်းဆီမှာ အထဲမှာ တန်ဖိုးရှိတဲ့ ပစ္စည်းပါနေတဲ့ ကျောက်တုံးတစ်တုံး ကြိုပါလာလို့လား အဲ့လိုဆိုရင် ငါက ဘာလို့ မင်းနဲ့ လောင်းရမှာလဲ"
ဝူရုန့်ချိုက တဟားဟား ရယ်မောလိုက်သည်။
ဖန့်ချန်ကလည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
လင်းယွီ၏ မျက်နှာမှာ တစ်လှည့်စီ ပြောင်းလဲသွားပြီး
"ကောင်းပြီလေ ငါရှုံးရင် စွမ်းအားမြင့်ဗလာ ဘုရားကျောင်း အထိ ဦးတိုက်သွားပြီး မင်းကို တောင်းပန်မယ်"
"မရဘူး"
ရှမင်က ခေါင်းခါယမ်းလိုက်သည်
"ကျွယ်ဝူတီကိုယ်တိုင် ဦးတိုက်မယ်ဆိုရင်တော့ ပိုသင့်တော်တာပေါ့ မင်းက ဘာမို့လို့လဲ"
ရှကျီက သူ့ကို နောက်ပြောင်နေမှန်း လင်းယွီ ရိပ်မိသွားသည်။
ရှကျီသည် လောင်းကြေးကို အလေးအနက်ထားပုံ မရပေ။
ထိုအချိန်တွင် မဟာချန်း ကင်းလှည့်စစ်သည်တစ်ဦး ဖြတ်သွားစဉ် သူတို့ ပြောနေသည်များကို ကြားသွားသည်။
ကင်းလှည့်စစ်သည်က သူတို့ကို တစ်ချက်ကြည့်ကာ
"ဝိညာဉ်အရင်းအမြစ် ရပ်ကွက်ထဲမှာ ပြဿနာမရှာကြနဲ့"
ဟု အေးစက်စွာ ပြောလိုက်သည်။
ရှကျီ က ပြုံးလိုက်ပြီး ဖန့်ချန်နှင့် ဝူရုန့်ချိုတို့ကို ခေါ်၍ ထွက်သွားရန် ပြင်လိုက်စဉ် ဖန့်ချန်က လင်းယွီကို လှမ်းပြောလိုက်သည်
"မင်းရဲ့ လောင်းကြေးကို ငါ လက်ခံတယ်"
ရှကျီ ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ဝူရုန့်ချို စကားပြောမည့်အရေးကို ချက်ချင်း တားဆီးလိုက်သည်။
"ပွဲကြည့်ရအောင် အစ်မကြီး"
ဟု ရှကျီ က ဝူရုန့်ချိုအား အသံလွှင့်ကာ ပြောလိုက်သည်။
ဝူရို့ချိုမှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။
လင်းယွီ၏ မျက်လုံးများ ဝေဝါးသွားသည်
"မင်းလား မင်းက ဘာကို လောင်းကြေးထပ်မှာလဲ"
လင်းယွီသည် ဖန့်မိသားစုမှ အဖွဲ့ဝင်သစ်ဖြစ်သော ထိုလူကို အနည်းငယ် သတိထားနေမိသည်။
"ငါက မင်းရဲ့ ခြေထောက်တွေကို လောင်းကြေးထပ်မှာ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်
"ငါရှုံးရင် ရှကျီရဲ့ ခြေထောက်တွေကို ချိုးမယ်၊ မင်းရှုံးရင်တော့ မင်းရဲ့ ခြေထောက်တွေကို ငါချိုးမယ်"
ရှေ့သို့ ဆက်သွားရန် ပြင်နေသော ကင်းလှည့်စစ်သည်မှာ ခြေလှမ်းများ ရပ်တန့်သွားသည်။
အနီးနားရှိ ဈေးသည်များကလည်း သူတို့ထံသို့ အာရုံစိုက်လာကြသည်။
ဝူရုန့်ချိုမှာ မှင်တက်သွားတော့သည်။
ရှကျီသည် သူ၏ ခြေထောက်များကို ငုံ့ကြည့်လိုက်ပြီးနောက် လင်းယွီကို ကြည့်ကာ
"ဘယ်လိုလဲ လောင်းမလား သတ္တိမရှိရင်လည်း ထွက်သွားတော့"
ဟု ဆိုလိုက်သည်။
"မင်းတို့ တကယ်ပြောနေတာလား"
လင်းယွီ၏ မျက်လုံးများ လင်းလက်လာသည်။ သူသည် ရှကျီ ၏ ခြေထောက်များကို စိုက်ကြည့်နေသည်။
"ဒီမှာ ကြည့်နေတဲ့သူတွေ အများကြီးပဲ ဘယ်သူမှ စကားပြန်ပြင်လို့ မရဘူး"
ဟု ဖန့်ချန်က ပြုံးလျက် ထပ်ပြောလိုက်သည်။
"ကောင်းပြီ ငါ လောင်းမယ်"
လင်းယွီသည် သူ၏ ကိုယ်ပေါ်မှ ဝိညာဉ်အရင်းအမြစ် ကျောက်တုံးတစ်ခုကို ထုတ်လိုက်သည်
"ဒီကျောက်တုံးကို ငါ ဝိညာဉ်ကျောက်တုံး ၅၀ နဲ့ ဝယ်ထားတာ မင်းတို့ ထုတ်မယ့် ကျောက်တုံးရဲ့ တန်ဖိုးကလည်း ၅၀ ထက် မပိုစေရဘူး"
ရှကျီက နှာခေါင်းရှုံ့ကာ
"မင်း အဲ့ဒီကျောက်တုံးအတွက် ဘယ်လောက်ကုန်လဲဆိုတာ ငါတို့ ဘယ်လို အတည်ပြုမလဲ"
"သူ့ရဲ့ အရွယ်အစားနဲ့ အသွင်အပြင်ကို ကြည့်ရင် သိနိုင်တယ်"
ဟု လင်းယွီက ပြန်ပြောသည်။
အနီးနားရှိ ဈေးသည်များက လင်းယွီ၏ ကျောက်တုံးကို လာရောက် စစ်ဆေးကြသည်။ ၎င်းတို့အနက် တစ်ဦးက
"ကျောက်တုံးပေါ်က အစိမ်းရောင် အကြောတွေက ညီညာနေတာပဲ ဒါက အရည်အသွေးကောင်းတဲ့ လက္ခဏာပဲ၊ ခွဲလိုက်ရင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ထွက်လာဖို့ အခွင့်အလမ်း များတယ်"
ဟု ဆိုသည်။ သူ၏ စကားက လင်းယွီ ပြောသည်ကို သွယ်ဝိုက်၍ အတည်ပြုပေးလိုက်သလို ဖြစ်သွားသည်။
လင်းယွီက ဖန့်ချန်ကို ကြည့်ကာ
"မင်းရဲ့ ကျောက်တုံးကော ဘယ်မှာလဲ ဒါမှမဟုတ် ဒီမှာတင် အသစ် ဝယ်မလို့လား"
ဖန့်ချန် ခဏမျှ စဉ်းစားပြီး သူ၏ အိတ်ထဲမှ စောစောက ဝယ်ခဲ့သော ကျောက်တုံးကို ထုတ်လိုက်သည်
"ငါ ဒါကို သုံးမယ်"
အစပိုင်းတွင် ဖန့်ချန် ထုတ်လိုက်သော ကျောက်တုံးမှာ အဖိုးတန်မည်ဟု အားလုံး ထင်ထားကြသော်လည်း အနီးကပ် မြင်လိုက်ရသောအခါ အချို့သော လူအုပ်ထဲမှ လူများက ထိုကျောက်တုံးကို မှတ်မိသွားကြသည်။
"ဒါယကံကောင်းခြင်း ဆိုင် က ကျောက်တုံး မဟုတ်လား ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနဲ့ ရောင်းနေတာလေ"
"အဲ့ဒီမှာ တင်ထားတာ နှစ်ပေါင်းများစွာ ကြာနေပြီ"
"သူက အဲ့ဒါနဲ့ လောင်းမလို့လား"
လူအုပ်ထဲတွင် တီးတိုး စကားသံများ ထွက်ပေါ်လာသည်။
အစက ဖန့်ချန်ကို အနည်းငယ် ကြောက်နေသော လင်းယွီသည် ချက်ချင်းပင် တဟားဟား ရယ်မောတော့သည်။
ဖန့်ချန်နှင့် ရှကျီတို့မှာ ရန်ဖြစ်ထားကြခြင်း ဖြစ်နိုင်သည်ဟုပင် သူ သံသယဝင်သွားသည်။
ရှကျီသည် ဖန့်ချန်၏ လက်ထဲရှိ ကျောက်တုံးကို အနီးကပ် ကြည့်လိုက်သောအခါ သူ၏ စိတ်ပျက်သွားသည်။
"မျက်နှာပြင်ကလည်း မှိုင်းနေတယ် ဝိညာဉ်စွမ်းအင်ကလည်း ပြတ်တောင်းပြတ်တောင်းပဲ ပြီးတော့ အစိမ်းရောင် အကြောတွေထဲမှာ အမည်းရောင်တွေပါ ရောနေပြီ"
ရှမင်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်
"ဒါက အမှိုက် မဟုတ်ဘူးလား"
ဝူရုန့်ချိုက ရုတ်တရက် ဝင်ပြောသည်
"ငါတို့ မလောင်းတော့ဘူး"
လင်းယွီက နှာခေါင်းရှုံ့ကာ
"သခင်မလေး ဝူ ကြည့်နေတဲ့လူတွေ ဒီလောက် အများကြီးပဲ အခုမှ နောက်ဆုတ်လို့ မရတော့ဘူးနော်"
လူအုပ်ထဲမှ လူများကလည်း ထောက်ခံကြပြီး အနီးနားရှိ ဈေးသည်များကပင် တစ်ခွန်းစ နှစ်ခွန်းစ ဝင်ပြောကြသည်။
ဝိညာဉ်အရင်းအမြစ် ရပ်ကွက်တွင် ဂုဏ်သိက္ခာ ကျသွားပါက ကျောက်တုံးလောင်းကစားပွဲသို့ ပြန်လာရန် မဖြစ်နိုင်သလောက်ပင်။
"ဖန့်ချန် ငါ မင်းကို ဘာများ စော်ကားမိလို့လဲ"
ရှကျီ က ဖန့်ချန်၏ လက်ကို ဆွဲကာ
"ငါ့ကို ဒီလို မလုပ်ပါနဲ့"
ဟု ပြောသည်။
"စိတ်မပူပါနဲ့ ငါ ဒီကျောက်တုံးကို သဘောကျတယ်ငါတို့ သေချာပေါက် နိုင်မှာပါ"
ဟု ဖန့်ချန်က ရှကျီ၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။
အပေါ်ထပ်မှနေ၍ ကြည့်နေသော ဖန့်လင်ရှင်းက ပြုံးလျက်
"သူတို့ ငါးစာကို ဟပ်လိုက်ပြီ ရှင် ပေးလိုက်တဲ့ ကျောက်တုံးနဲ့ဆိုရင် ငါတို့ နိုင်ဖို့ ဘယ်လောက် အခွင့်အလမ်း ရှိလဲ"
ဟု မေးလိုက်သည်။
"အစကတော့ ငါးဆယ် ငါးဆယ် ပေါ့ ဒါပေမဲ့ အခုတော့ ခုနစ်ဆယ် သုံးဆယ် ဖြစ်သွားပြီ သူ့လက်ထဲက ကျောက်တုံးက အမှိုက်ပဲ ငါ့ကျောက်တုံးက ဘာမှ ထွက်မလာရင်တောင် သရေပဲ ကျမှာ"
ဟု ထိုလူငယ်က ဖန့်ချန်၏ လက်ထဲရှိ ကျောက်တုံးကို ကြည့်ကာ ပြောသည်
"အခုတော့ ငါ့ကျောက်တုံးထဲက ဝိညာဉ်ကျောက်တုံး တစ်တုံးစာလောက် တန်ဖိုးရှိတဲ့ ပစ္စည်း ထွက်လာတာနဲ့ ငါ နိုင်ပြီ"
ထိုလူငယ်က ဖန့်လင်ရှင်းကို ကြည့်ကာ
"သူက မင်းတို့ မိသားစုက အသစ် လက်ခံလိုက်တဲ့ လူ မဟုတ်လား မင်းကို မျက်နှာသာရအောင် လုပ်နေတာလား"
ဖန့်လင်ရှင်း ခဏမျှ စဉ်းစားပြီး ခေါင်းအသာခါယမ်းသည်
"ငါလည်း မသေချာဘူး"
လူငယ်က ရယ်မောလိုက်သည်
"ဒီနေ့တော့ ရှကျီ တစ်ယောက် ခြေထောက်နှစ်ဖက်လုံးနဲ့ ပြန်နိုင်မှာ မဟုတ်တော့ဘူး ဒါနဲ့ပဲ အားလုံး ပြီးသွားပြီလို့ ထင်တာပဲ ဟုတ်တယ်မလား"
ဖန့်လင်ရှင်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်
"ဒီလောက်နဲ့တော့ မလုံလောက်သေးပါဘူး"ာ
မိန်းကလေးတွေကို မစော်ကားမိပါစေနဲ့ ဘယ်သူ့ကို စော်ကားစော်ကား နောက်နောင် မိန်းကလေးတွေကိုတော့ မစော်ကားတာ အကောင်းဆုံးပဲ ဟု လူငယ်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ဖန့်လင်ရှင်းသည် သူ၏ စကားများကို ကြားသော်လည်း ဂရုမစိုက်ဘဲ လက်ဖက်ရည်ကို အရသာခံ သောက်ရင်း အောက်ကပွဲကို ကြည့်နေတော့သည်။
ဖန့်ချန်က ထိုကျောက်တုံးဖြင့်သာ လောင်းမည်ဖြစ်ကြောင်း အကြိမ်ကြိမ် အတည်ပြုပြီးနောက် လင်းယွီသည် ပြုံးလျက် သူ၏ ဝိညာဉ်အရင်းအမြစ် ကျောက်တုံးကို စတင် ခွဲလိုက်တော့သည်။