အခန်း (၃၅၁-၃၅၂)
Vol. 36 Ch. 351-352
ဖန့်ချန်
ဘာသာပြန် အရှင်ငယ်
အခန်း ၃၅၁ - သက်တမ်းရှည် မက်မွန်သီး
"မင်းသား ၉ ကတော့ အစကတည်းက ကံမကောင်းရှာဘူးပဲ"
"ဟုတ်တယ်လေ ဖန့်ချန်က လူသစ်တစ်ယောက်ပဲ ရှိသေးတာ ဝိညာဥ်ရင်းမြစ် ကျောက်တုံးတွေရဲ့ နက်နဲမှုကို သူဘယ်လိုလုပ် နားလည်နိုင်မှာလဲ ကံဆိုတာလည်း တစ်ခါတလေ ကုန်ခမ်းသွားတတ်တာပဲ"
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ရာပေးပြီး သစ်ကိုင်းခြောက်တစ်ခု ဖွင့်လိုက်မိတာပဲ တကယ့်ကို အရှုံးကြီး ရှုံးသွားပြီ"
လူအုပ်ကြီးသည် တစ်ယောက်တစ်ပေါက် တိုးတိုးတိတ်တိတ် ဝေဖန်နေကြသည်။
ဆိုင်ရှင်အသီးသီးမှာလည်း ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွားကြပြီး အချို့မှာမူ
"ငါကလည်း တန်ဖိုးရှိတဲ့ အရာတစ်ခုခု ထွက်လာမလားလို့ အချိန်ကုန်တာပဲ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်တာပဲ ကောင်းတယ်"
ဟု နှာခေါင်းရှုံ့ကာ ဆိုကြသည်။
ဖန့်ချန်၏ စိတ်အာရုံမှာ လှုပ်ရှားသွားပြီး သူ၏ ဝိညာဉ်အာရုံသည် ထိုသစ်ကိုင်းခြောက်ကို စိုက်ကြည့်လိုက်သည်။
ဒီအရာက တကယ်ပဲ သာမန်ပဲလား
သူ၏ မျက်လုံးထဲတွင်မူ ထိုသစ်ကိုင်းခြောက်လေးပေါ်၌ မှိန်ပျပျ စိမ်းလန်းသော အလင်းတန်းလေးများ စီးဆင်းနေသည်ကို မြင်နေရသည်
၎င်းမှာ သာမန်အရာ မဟုတ်သည်မှာ ထင်ရှားလှသည်။
ထုံပိုင်ကျိုးသည် သူ၏ဖခင် ထုံဟု ကို လှည့်ကြည့်ကာာာ
"အဖေ ဒီသစ်ကိုင်းခြောက်က တစ်ခုခု တန်ဖိုးရှိလို့လား"
ဟု မေးလိုက်သည်။
ထုံဟု က လက်ကို အသာဝှေ့ယမ်းလိုက်ရာ ဖန့်ချန်လက်ထဲရှိ သစ်ကိုင်းခြောက်သည် သူ၏လက်ထဲသို့ ပျံဝင်လာသည်။
သူသည် အကြိမ်ကြိမ် အခါခါ သေချာစစ်ဆေးကြည့်ပြီးနောက် ခေါင်းခါကာ ဖန့်ချန်ထံ ပြန်ပေးလိုက်သည်
"ဒါက သာမန် သစ်ကိုင်းခြောက်လေး တစ်ခုပါပဲ ဘာမှ တန်ဖိုးမရှိဘူး"
လူအုပ်ကြီးမှာ ရယ်ချင်ပတ်ကျိ ဖြစ်သွားကြသည်။
ချန်းကျိုယဲ့သည် သက်ပြင်းချလိုက်သော်လည်း သိပ်တော့ စိတ်မပျက်သေးပေ။
အကြောင်းမှာ ဖွင့်ရန် ကျောက်တုံး ကိုးတုံး ကျန်သေးသောကြောင့် ဖြစ်သည်။
ဖန့်ယွင် က ဖန့်ချန်ကို တစ်ချက်ကြည့်ကာ တကယ်ပဲ သူ ကံကောင်းခဲ့တာပဲကိုး ဟု တွေးလိုက်သည်။
ဖန့်ချန်က သူ၏ ဝိညာဉ်အာရုံဖြင့် ထိုသစ်ကိုင်းကို လှုံ့ဆော်ကြည့်ရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် အိုမင်းပြီး အက်ကွဲကွဲ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"သာမန် သစ်ကိုင်းခြောက် ဟုတ်လား ကြည့်ရတာ ဒီက မိတ်ဆွေက ဝိညာဉ်သစ်ပင် တွေအကြောင်း ဘာမှမသိသေးတာပဲ ဒီသစ်ကိုင်းက ဝိညာဉ်သစ်ပင်တစ်ပင်ရဲ့ အမြစ်ဆိုတာ သိသာလှပါတယ်"
ဖန့်ချန်၏ အကြည့်သည် အပြင်ဘက်သို့ ချက်ချင်း ရောက်သွားသည်။
အဝင်ဝတွင် အဖိုးအိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦး ရပ်နေသည်။
ထိုမိန်းကလေးမှာ ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး သွက်လက်သော မျက်လုံးများရှိကာ ကျင့်ကြံသူ၏ အငွေ့အသက် မရှိပေ။
အဖိုးအိုမှာမူ ပို၍ပင် သာမန်ဆန်လှသည်။ ဤနေရာရှိ လူများ၏ အမြင်တွင် သူသည် လောကီလူသား အဖိုးအိုတစ်ဦးမျှသာ ဖြစ်သည်။
သို့သော် မည်သူမျှ ထိုအဖိုးအိုကို သာမန်လူဟု မသတ်မှတ်ရဲကြပေ။ ကျင့်ကြံသူများအားလုံး၏ မျက်နှာတွင် သတိထားမှုနှင့် ရိုသေမှုများ ပေါ်လာကြသည်။
ထုံဟူသည် အဖိုးအိုကို ကြည့်လိုက်သော်လည်း တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်သဖြင့် မျက်နှာ ပို၍ တည်ကြည်သွားသည်။ သူသည် လက်သီးဆုပ် ဂါရဝပြုကာ
"မိတ်ဆွေ ဝိညာဉ်သစ်ပင်ရဲ့ အမြစ်ဆိုတာ ဘာကို ဆိုလိုတာလဲ"
ဟု မေးလိုက်သည်။
အဖိုးအိုသည် မိန်းကလေးငယ်ကို ခေါ်ဆောင်ကာ စိမ်းမြစ်ဆောင်အတွင်းသို့ ဝင်လာပြီး ဖန့်ချန်ရှေ့သို့ ရောက်လာသည်။
သူသည် ဖန့်ချန်လက်ထဲက သစ်ကိုင်းခြောက်ကို စစ်ဆေးရင်း ထုံဟု ကို ပြုံးပြလိုက်သည်
"ဝိညာဉ်သီးဆိုတာ ကောင်းကင်ကနေ ဒီအတိုင်း ပြုတ်ကျလာတာ မဟုတ်ဘူးလေ ဟုတ်တယ်မလား ဒါတွေက ဝိညာဉ်သစ်ပင်တွေပေါ်မှာ သီးတာပါ"
" ဒီသစ်ကိုင်းခြောက်က ဝိညာဉ်သစ်ပင်ရဲ့ အမြစ်ဖြစ်ပြီး သစ်ပင်တစ်ပင်အဖြစ် ပြန်ပေါက်နိုင်စွမ်းရှိတယ် ဒါ့ရဲ့ တန်ဖိုးကို လျှော့တွက်လို့ မရဘူး"
ထိုစကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
သူတို့သည် ဝိညာဉ်စမ်းရေတွင်းနှင့် ဝိညာဉ်လယ်ကွင်းများအကြောင်း သိကြသော်လည်း ဝိညာဉ်သစ်ပင်အကြောင်းကိုမူ အလွန်နည်းပါးစွာသာ သိကြသည်။
အနည်းဆုံး မဟာချန်း အင်ပါယာအတွင်း၌ ထိုကဲ့သို့အရာမျိုး မရှိသလောက်ပင်။
ဆရာဝူသည် ထုံဟုက တန်ဖိုးမရှိဟု သတ်မှတ်ထားသော အရာကို ထိုအဖိုးအိုက တန်ဖိုးရှိသည်ဟု ပြောလိုက်သဖြင့် မကျေမနပ် ဖြစ်သွားသည်။ သူက အသံနက်ကြီးဖြင့်
"အဖိုး ဒီသစ်ကိုင်းမှာ ဝိညာဉ်စွမ်းအား လှုပ်ခတ်မှု အငွေ့အသက်တောင် မရှိဘူး ဒါက ဘယ်လိုလုပ် ဝိညာဉ်သစ်ပင်ရဲ့ အမြစ် ဖြစ်နိုင်မှာလဲ"
ဟု မေးလိုက်သည်။
အဖိုးအိုက ဆရာဝူကို အနည်းငယ် အံ့သြသလို ကြည့်ကာ
"အို မင်းက ဝိညာဉ်သစ်ပင်တွေအကြောင်း သိတာလား"
ဟု မေးသည်။
ဆရာဝူက ပြုံးကာ
"ကျွန်တော်က စီနီယာကြီးတစ်ယောက်ရဲ့ နောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ လိုက်ပါခဲ့တော့ အတွေ့အကြုံ အနည်းငယ် ရှိပါတယ်"
ဟု ဖြေသည်။
"ဝိညာဉ်သစ်ပင်တွေဆိုတာ ငါတို့လောကမှာ အင်မော်တယ်နီးပါး သက်တမ်းရှိတဲ့ ရှားပါးအရာတွေပဲ ထိပ်တန်းမိသားစုကြီးအချို့မှာပဲ ဒီလိုအပင်တွေ ရှိကြပြီး ဒါက သူတို့ရဲ့ အခြေခံအုတ်မြစ်ပဲ နှစ်အနည်းငယ်ကြာတိုင်း ဝိညာဉ်သီးတွေကို အမြဲတမ်း ခူးဆွတ်နိုင်ကြတယ်"
အဖိုးအိုက ရယ်မောရင်း ဆက်ပြောသည်
"ဒါဆို ဝိညာဉ်သစ်ပင်တွေက ငါတို့လောကမှာ ဘာလို့ ဒီလောက်ရှားရတာလဲ"
ဆရာဝူက ခပ်ပြုံးပြုံးဖြင့်
"ဘာလို့လဲဆိုတော့ ဝိညာဉ်သစ်ပင် ပျိုးပင်တွေဟာ သာမန်အပင်တွေနဲ့ ခွဲမရလို့ပါပဲ ပြင်းထန်တဲ့ လေဒဏ်၊ မိုးကြိုးဒဏ်တွေကြောင့် သေသွားနိုင်သလို သာမန်လူတွေ ခုတ်လှဲတာလည်း ခံရနိုင်တယ်"
"ရင့်ကျက်တဲ့ ဝိညာဉ်သစ်ပင်ကျမှသာ ထူးခြားတဲ့ လက္ခဏာတွေ ပြသပြီး ကျင့်ကြံသူတွေရဲ့ ကာကွယ်မှုကို ရတာပါ"
ရုတ်တရက် ဆရာဝူ၏ မျက်နှာ ပျက်သွားသည်။
သူ ပြောနေသော အချက်နှင့် ထိုသစ်ကိုင်းခြောက်၏ ဆက်စပ်မှုကို သူ သဘောပေါက်သွားပုံရသည်။
အခြားသူများလည်း ထိုစကား၏ အဓိပ္ပာယ်ကို နားလည်လာကြသည်။
ဒီသစ်ကိုင်းခြောက်က တကယ်ပဲ ဝိညာဉ်သစ်ပင်ရဲ့ အမြစ်လား ငါတို့ မခံစားနိုင်တာက သူ မရင့်ကျက်သေးလို့လား
"မိတ်ဆွေ မိတ်ဆွေပြောတဲ့အတိုင်းဆိုရင် ဒီအရာက ဝိညာဉ်သစ်ပင်ရဲ့ အမြစ် ဟုတ် မဟုတ် ကျွန်တော်တို့ ဘယ်လိုမှ အတည်မပြုနိုင်ဘူး မဟုတ်လား"
ထုံဟုက အသံလေးနက်စွာဖြင့် မေးလိုက်သည်။
"ဟုတ်တယ်"
ဆရာဝူက ချက်ချင်း ထောက်ခံသည်
"အခုလောလောဆယ် ဒါက ဝိညာဉ်သစ်ပင် အမြစ် ဟုတ်၊ မဟုတ် အတည်ပြုဖို့ နည်းလမ်းမရှိဘူး အဲဒီတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းအရ ဒါကို တန်ဖိုးမရှိတဲ့ အရာအဖြစ်ပဲ သတ်မှတ်ရမှာပါ"
"ငါကတော့ ဝိညာဉ်သစ်ပင် အနည်းငယ် စိုက်ဖူးပြီး ဒီနယ်ပယ်မှာ အတွေ့အကြုံ ရှိပါတယ် ဒါက ဝိညာဉ်သစ်ပင် ဟုတ် မဟုတ် သိနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်"
အဖိုးအိုက ရယ်မောရင်း ကြွေပုလင်းလေး တစ်လုံး ထုတ်လိုက်သည်။
"ဒီထဲမှာ အင်မော်တယ်စမ်းရေ အနည်းငယ် ပါပါတယ် တစ်စက်တည်းနဲ့တင် သစ်ပင်ကို ရှင်သန်စေပြီး အသီးသီးစေနိုင်တယ် အဲဒီအခါကျမှ ဒါက ဝိညာဉ်သစ်ပင် ဟုတ်၊ မဟုတ် သိရမှာပေါ့"
"ဒါပေမဲ့ အင်မော်တယ်စမ်းရေက ရှားပါးတယ် တကယ်ခို့ မင်းတို့ ငါ့ကို ဒါကို သုံးစေချင်ရင် အသီးသီးလာတဲ့အခါ ဒါကို ငါ့ဆီ ပြန်ရောင်းပေးဖို့ ကတိပေးရမယ်"
အင်မော်တယ်စမ်းရေ ဟုတ်လား
ထုံဟု သည် အဖိုးအိုကို သေချာ စိုက်ကြည့်လိုက်သည်။
ထိုသူ၏ နောက်ကြောင်းမှာ သာမန်မဟုတ်သည်မှာ သေချာသည်။
ဝိညာဉ်သစ်ပင်များကို စိုက်ပျိုးနိုင်သူမှာ အားနည်းသူ မဟုတ်နိုင်ပေ။
အဖိုးအိုသည် ဖန့်ချန်ကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်သည်
"လူငယ်လေး ဒီအမြစ်ကို ငါ့ဆီ ရောင်းဖို့ စဉ်းစားမလား မင်း သဘောတူရင် ငါ ဒါ့ရဲ့ တန်ဖိုးကို သက်သေပြပေးမယ်"
ဖန့်ချန်သည် ရုတ်တရက် ကျောရိုးထဲအထိ စိမ့်သွားသည်။
အဖိုးအိုသည် သူ၏ ရုပ်ခန္ဓာကို ကြည့်နေခြင်း မဟုတ်ဘဲ သူ၏ ဝိညာဉ်အာရုံ တည်ရှိရာနေရာကို တည့်တည့် စိုက်ကြည့်နေခြင်း ဖြစ်သည်။
နောက်တစ်ခဏတွင် ဖန့်ချန်သည် သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်သွင်းလိုက်ပြီး စိတ်ကို အတင်းတည်ငြိမ်အောင် ထိန်းလိုက်သည်။
"အဖိုး ဒီသစ်ကိုင်းခြောက်ရဲ့ တန်ဖိုးကို သက်သေပြနိုင်ရင် ဒါကို အဖိုးကိုပဲ ပေးပါ့မယ်"
"ဂျူနီယာတစ်ယောက်ဆီကနေ ဘာမှမပေးဘဲ ဘယ်လို ယူလို့ဖြစ်မလဲ အင်မော်တယ်စမ်းရေ မသုံးခင်မှာ ငါလည်း ဒါ့ရဲ့ တန်ဖိုးကို အတိအကျ မသိသေးဘူး"
အဖိုးအိုက ဝိညာဉ်ကျောက်တုံး သုံးထောင် ထုတ်ယူလိုက်သည်
"လောလောဆယ် အနိမ့်ဆုံးဈေးနဲ့ပဲ အရင် သတ်မှတ်ထားကြစို့"
ထိုပမာဏကြောင့် လူတိုင်း မှင်တက်သွားကြသည်။
"ဝိညာဉ်ကျောက်တုံး သုံးထောင်"
ဒီလို သစ်ကိုင်းခြောက်လေးက ထိုမျှ တန်ဖိုးရှိလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ကြပေ။
ချန်းဖုန်း၏ မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ ပေါ်လာသည်။
ဆရာဝူက သွားကြိတ်ကာ ထုံဟု ဘက် လှည့်လိုက်သည်
"စီနီယာထုံ ဒါက ကျွန်တော်တို့ လောင်းကြေးစည်းကမ်းနဲ့ မကိုက်ညီဘူး ပစ္စည်းရဲ့ တန်ဖိုးကို အရင်သက်သေပြရမယ်၊ ပြီးမှ ဈေးဖြတ်ရမယ် မဟုတ်ရင် ဘယ်သူမဆို လောင်းကြေးရလဒ်ကို လှည့်စားလို့ ရတာပေါ့..."
ထုံဟူက ခေါင်းညိတ်ကာ အဖိုးအိုကို ကြည့်လိုက်သည်
"မိတ်ဆွေ ဒီပစ္စည်းရဲ့ တန်ဖိုးကို အတည်ပြုပေးပါဦး"
"သေချာပေါက်ပေါ့ လွယ်ပါတယ်၊ ကြည့်နေကြ"
အဖိုးအိုက အားရပါးရ ရယ်မောကာ သစ်ကိုင်းခြောက်ကို ယူပြီး ကြွေပုလင်းထဲမှ အင်မော်တယ်စမ်းရေ တစ်စက်ကို ချလိုက်သည်။
ထိုရေစက်လေးမှာ ဝိညာဉ်စွမ်းအား မပါရှိသလို သာမန်ရေတစ်စက်ကဲ့သို့သာ ထင်ရသဖြင့် ကျောက်စိမ်းမြစ် ရှိ လူအားလုံးမှာ သံသယဝင်နေကြသည်။
ဒီအဖိုးကြီးက ဖန့်ချန် လွှတ်ထားတဲ့ လူယုံလားယဟုပင် တွေးနေကြသည်။
သို့သော်လည်း ရေစက်လေးသည် သစ်ကိုင်းခြောက်ထဲသို့ စိမ့်ဝင်သွားသည်နှင့် တပြိုင်နက် ကျယ်ပြောပြီး နက်နဲသော သစ်သားဓာတ်စွမ်းအင် များသည် လျှံထွက်လာတော့သည်။
ရုတ်တရက် သစ်ကိုင်းသစ်များမှာ မျက်စိရှေ့တင် မြန်မြန်ဆန်ဆန် ထွက်ပေါ်လာပြီး မက်မွန်သီးတစ်လုံး သီးလာတော့သည်။
"သက်တမ်းရှည် မက်မွန်သီး လား"
အဖိုးအိုက အံ့သြစွာ ရေရွတ်လိုက်သည်။ ထို့နောက် ဖန့်ချန်ကို ကြည့်ကာ ရယ်မောသည် ။
"ကလေး မင်း တကယ် ကံကောင်းတာပဲ ဒီဝိညာဉ်သစ်ပင်က တော်တော်လေး ရှားပါးပြီး တန်ဖိုးရှိတယ် ဒါပေမဲ့ ငါသုံးလိုက်တဲ့ ရေစက်က ငါ့ပစ္စည်းဆိုတော့ မင်းကို ဝိညာဉ်ကျောက်တုံး ထပ်မပေးတော့ဘူးနော်"
ထိုမက်မွန်သီးမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားမှာ အလွန်ပြင်းထန်လှသဖြင့် မျက်စိမမြင်သူပင်လျှင် တန်ဖိုးရှိမှန်း သိနိုင်ပေသည်။
ထို့အပြင် ဝိညာဉ်သစ်ပင်များမှာ တစ်ခါစိုက်ပြီးလျှင် ထာဝရရှင်သန်နိုင်ပြီး အသီးများ အဆက်မပြတ် သီးနိုင်သည်မှာ အကြီးမားဆုံး အားသာချက် ဖြစ်သည်။
ဒါဟာ တန်ဖိုးမရှိတဲ့ အရာ ဖြစ်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး
ဆရာဝူ၏ မျက်နှာမှာမူ ပြာနှမ်းသွားတော့သည်။
အခန်း ၃၅၂ - မြင့်မားသော တန်ဖိုးဖြင့် ဝယ်ယူခြင်း
"ဒီသစ်ကိုင်းခြောက်က တကယ့်ကို အဖိုးတန်တဲ့ ပစ္စည်းတစ်ခု ဖြစ်နေတာပဲ အခု ဝိညာဉ်ကျောက်တုံး သုံးထောင်ရယ်၊ အရင်က အဆင့်လတ်ကျောက်တုံး ရောင်းလို့ရထားတဲ့ တစ်သောင်းရယ် ပေါင်းလိုက်ရင် ဖန့်ချန်ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ထိတ်လန့်စရာပဲ"
"ဝိညာဥ်ရင်းမြစ်ရပ်ကွက် တည်ရှိလာတာ နှစ်ပေါင်းများစွာ ရှိပြီ ဒီလိုမျိုး ကိုယ့်စည်းစိမ်ကို အဆက်မပြတ် တိုးအောင်လုပ်နိုင်တဲ့သူက လက်ချိုးရေလို့ရတယ်"
" သူက တကယ်ပဲ ကံကောင်းရုံသက်သက်လား ဒါမှမဟုတ် သူက ဝိညာဥ်ရင်းမြစ်ကျောက်တုံး ပညာရှင်တစ်ယောက်လား"
လူအုပ်ကြီးသည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
ချန်းကျိုယဲ့ ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဖန့်ကျွယ် ကမူ ဖန့်ချန်ကို စဉ်းစားရကျပ်သော အကြည့်ဖြင့် ကြည့်နေသည်။
ငါတို့အားလုံး မှားနေတာလား ဖန့်ချန်က ကံကောင်းရုံသက်သက်ဟု အားလုံးက ထင်ခဲ့ကြသော်လည်း
တကယ်တမ်းတွင် သူသည် ထိုပညာရပ်ကို လွန်ခဲ့သော အချိန်ကတည်းက လေ့လာခဲ့ပြီး ယခုမှ ဟန်ဆောင် နေခြင်းလားဟု သိချင်နေကြသည်။
ထိုသို့ တွေးမိသူမှာ ဖန့်ကျွယ် တစ်ဦးတည်း မဟုတ်ပေ။
ချန်းဖုန်း ၏ မျက်နှာမှာ မနှစ်မြို့ဖွယ်ရာ တစ်ခုခုကို မြည်းစမ်းလိုက်ရသကဲ့သို့ ပြာနှမ်းနေသည်။
သူသည် ဆရာဝူကို လှမ်းကြည့်လိုက်ရာ ဆရာဝူ၏ အမူအရာမှာလည်း သူ့ထက်မသာကြောင်း တွေ့ရသဖြင့် စိတ်အနည်းငယ် သက်သာရာရသွားသည်။
ဖန့်လင်ရှင်း ကမူ ဖန့်ချန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
ဒီလူက တကယ်ပဲ ကံကိုပဲ အားကိုးနေတာလားသူမဘေးရှိ ကျွယ်ဝူတီမှာမူ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း သူ၏အကြည့်များမှာ သစ်ကိုင်းခြောက်၊ ဖန့်ချန်နှင့် အဖိုးအိုတို့ကြားတွင် ကူးလူးနေပြီး တစ်စုံတစ်ခုကို အကဲဖြတ်နေပုံရသည်။
"သက်တမ်းရှည် မက်မွန်သီး ဟုတ်လား"
ထုံဟူ က ရေရွတ်လိုက်ပြီးနောက် ရိုသေစွာ ဦးညွှတ်လိုက်သည်
"မိတ်ဆွေ သက်တမ်းရှည် မက်မွန်သီးဆိုတာ ဘာလဲဆိုတာ ကျွန်တော့်ကို ရှင်းပြပေးလို့ ရမလားကျွန်တော် ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ ဒါက တကယ်ပဲ ဝိညာဉ်ကျောက်တုံး သုံးထောင် တန်လို့လား"
အဖိုးအိုက ခပ်ဖွဖွ ရယ်မောလိုက်ပြီး မက်မွန်သီးတစ်လုံးကို ဆွတ်ကာ ဘေးရှိ မိန်းကလေးငယ်ထံ ပစ်ပေးလိုက်သည်။
ထိုမိန်းကလေးက လျင်မြန်စွာ ဖမ်းယူပြီး စားပစ်လိုက်သည်။
အဖိုးအိုက ပြုံး၍ ရှင်းပြသည်
"သက်တမ်းရှည် မက်မွန်သီးဆိုတာ စားလိုက်တာနဲ့ လူတစ်ယောက်ရဲ့ သက်တမ်းကို ဆယ်နှစ် တိုးစေနိုင်တဲ့ အရာပဲ"
"မင်းတို့ ဒီရတနာကို မမြင်ဖူးတာ မဆန်းပါဘူး လူတိုင်းက သူတို့ဘဝမှာ ဒီလိုအရာမျိုးနဲ့ ဆုံတွေ့ဖို့ အခွင့်အရေး မရှိကြဘူးလေ"
ထိုစကားကြောင့် လူတိုင်း အံ့သြတုန်လှုပ်စွာ အသက်ရှူမှားကုန်ကြသည်။
နားကြားမှားတာလား လူတစ်ယောက်ရဲ့ သက်တမ်းကို ဆယ်နှစ်အထိ တိုးပေးနိုင်တဲ့ မက်မွန်သီး ဟုတ်လား
လူတစ်ယောက်၏ သက်တမ်းကို ရှည်စေနိုင်သော ရတနာမှန်သမျှသည် ဈေးနှုန်း အလွန်ကြီးမားပြီး ရရှိရန် ခဲယဉ်းလှသည်မှာ အားလုံးအသိပင်။
ရွှေအမြုတေအဆင့် ပညာရှင်များပင်လျှင် ထိုကဲ့သို့အရာမျိုးကို ရရန် မလွယ်ကူပေ။
တကယ်လိုအပ်နေသူများအတွက်မူ ထိုမက်မွန်သီး တစ်လုံးသည် ဝိညာဉ်ကျောက်တုံး တစ်သောင်းအထိ တန်ဖိုးရှိနိုင်သည်။
အကယ်၍ လောလောဆယ် သက်တမ်းအတွက် မစိုးရိမ်ရသေးလျှင်ပင် နောင်အနာဂတ်အတွက် ဝယ်ယူသိမ်းဆည်းထားနိုင်သဖြင့် ဝိညာဉ်ကျောက်တုံး သုံးထောင်ဆိုသည်မှာ အလွန်နည်းပါးသော ဈေးနှုန်းပင် ဖြစ်သည်။
သို့သော်... အရေးကြီးဆုံးအချက်မှာ ထိုကဲ့သို့ အဖိုးတန်လှသော ရတနာကို အဖိုးအိုက မည်သူမျှ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ မိန်းကလေးငယ်အား ကျွေးလိုက်ခြင်းပင် ဖြစ်သည်။
ချန်းဖုန်း၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
ချန်းကျိုယဲ့သည်လည်း အဖိုးအိုလက်ထဲရှိ သစ်ကိုင်းခြောက်ကို မသိမသာ လှမ်းကြည့်လိုက်သည်။
ထုံဟု ၏ မျက်လုံးများတွင်လည်း အတွေးများစွာ ဝဲနေသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အသက်ရှူသံများမှာ ပြင်းထန်လာကြသည်။
လူတိုင်း၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခုရှိနေသည် ၎င်းမှာ အဖိုးအိုလက်ထဲရှိ ဝိညာဉ်သစ်ပင်အမြစ်ကို မည်သို့ရယူမလဲဟူသော အတွေးပင်။
ဤရတနာကိုသာ ရယူနိုင်လျှင် နောင်အနာဂတ်အတွက် မတွေးဝံ့စရာ အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်သည်။
အဖိုးအိုက ဆက်လက်ရှင်းပြသည်
"စကားမစပ် ဝိညာဉ်သစ်ပင်ကိုသာ သေသေချာချာ စိုက်ပျိုးပြီး အင်မော်တယ်စမ်းရေနဲ့ တစ်ခါတလေ လောင်းပေးမယ်ဆိုရင် နှစ်ပေါင်း သုံးဆယ်တိုင်း တစ်ခါ အသီးသီးလိမ့်မယ်"
" တစ်ခါသီးရင် သက်တမ်းရှည် မက်မွန်သီး ငါးလုံးကနေ ခုနစ်လုံးအထိ ရနိုင်တယ် ဈေးကွက်ထဲမှာ မက်မွန်သီး တစ်လုံးကို ဝိညာဉ်ကျောက်တုံး ငါးထောင်အထိ ရနိုင်ပြီး လူတွေက လုဝယ်ကြလိမ့်မယ်"
ဟု ပြုံး၍ ဆိုသည်။
ထိုစကားက လူတိုင်း၏ ရင်ထဲမှ လောဘမီးကို ပို၍ တောက်လောင်စေသည်။
သူတို့သည် ထိုရတနာကို တကယ်ပင် လိုချင်နေကြသည်။ သို့သော် မည်သူမျှ အဆင်ခြင်မဲ့စွာ မလှုပ်ရှားရဲကြပေ။
ထိုအဖိုးအိုသည် အင်မော်တယ်စမ်းရေကို ပိုင်ဆိုင်ထားပြီး လျှို့ဝှက်ချက်များကို သိရှိထားသဖြင့် သူသည် သာမန်လူ မဟုတ်သည်မှာ သေချာသည်။
ထုံပိုင်ကျိုး ၏ အသက်ရှူသံများ ပြင်းထန်လာပြီး ရတနာကို စိုက်ကြည့်နေသည်။
သူသာ ဤရတနာကို အရင်တွေ့ခဲ့လျှင် အခြားသူများကို အခွင့်အရေး ပေးမိမည် မဟုတ်ဟု နှမြောတသ ဖြစ်နေသည်။
"လူငယ်လေး ငါပြောတာကြားပြီးရင် မင်း နှမြောမနေဘူးလား ဈေးအရမ်းပေါပေါနဲ့ ရောင်းလိုက်မိတယ်လို့ မထင်ဘူးလား"
"တကယ်လို့ မင်း ခုနက ဆုံးဖြတ်ချက်ကို နောင်တရရင် ဈေးနည်းနည်း ထပ်တောင်းနိုင်ပါတယ် သင့်တင့်တဲ့ ဈေးနှုန်းဆိုရင် ငါ လက်ခံပေးပါ့မယ်"
ဟု အဖိုးအိုက ဖန့်ချန်ကို ပြုံး၍ မေးလိုက်သည်။
ဖန့်ချန်က ပြုံးကာ ပြန်ဖြေသည်
"အဖိုးသာ မရှိရင် ဒီသစ်ကိုင်းခြောက်က အမှိုက်တစ်စလိုပဲ လမ်းဘေးမှာ ရှိနေမှာပါတစ်စုံတစ်ယောက်က ကောက်ပြီး ထင်းအဖြစ်တောင် ရှို့ပစ်မိနိုင်တယ်"
"ဒါကို ဝိညာဉ်ကျောက်တုံး သုံးထောင်နဲ့ ရောင်းလိုက်ရတာကိုပဲ ကျွန်တော် ကျေနပ်နေပါပြီ ပိုပြီးတော့လည်း မတောင်းရဲပါဘူး"
အဖိုးအိုက ခေါင်းညိတ်ကာ
"အသိတရားရှိသားပဲ တကယ့်ကို အသိတရားရှိတယ်"
ရုတ်တရက် ထုံဟု က ပြုံး၍ လက်သီးဆုပ်ကာ
"မိတ်ဆွေ ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခု ရှိပါတယ် ဒီပစ္စည်းကို ကျွန်တော့်ဆီ ပြန်ရောင်းပေးလို့ ရမလား ကျွန်တော် ဝိညာဉ်ကျောက်တုံး နှစ်သောင်း ပေးပါ့မယ်"
လူတိုင်း အသက်ရှူမှားသွားကြသည်။ နှစ်သောင်း
အဆင့်မြင့် အဝါရောင်အဆင့် ဝိညာဉ်ရတနာများပင်လျှင် ရှစ်ထောင် ကိုးထောင်ခန့်သာ ရှိရာ ဝိညာဉ်ကျောက်တုံး နှစ်သောင်းဆိုသည်မှာ မတွေးဝံ့စရာ ပမာဏပင်။
"ဖန့်ချန်ကတော့ တကယ်ကို အံ့သြစရာပဲ ခုနက တစ်သောင်းရပြီးပြီ အခု နှစ်သောင်းတန်တဲ့ ဝိညာဉ်သစ်ပင်အမြစ်ကို ထပ်တွေ့တယ်"
ဖန့်ဟောင်က ရေရွတ်လိုက်သည်။
ဖန့်မိသားစုဝင်များကလည်း ဖန့်ချန်ကို အားကျအတုယူဖွယ် အကြည့်များဖြင့် ကြည့်နေကြသည်။
ဒါဟာ တကယ့်ကို ဒဏ္ဍာရီဆန်လှသည်။
ဖန့်ချန် မပေါ်လာခင်အထိ ဝိညာဥ်ရင်းမြစ်ကျောက်တုံးထဲကနေ ဒီလောက်တန်ဖိုးရှိတဲ့အရာ ထွက်လာမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။
"မိတ်ဆွေ ကျွန်တော်ကိုယ်တိုင် ဒီသစ်ပင်ကို စိုက်ဖို့ ရည်ရွယ်ထားတာမို့ မရောင်းပါရစေနဲ့"
ဟု အဖိုးအိုက ငြင်းပယ်လိုက်သည်။
ထိုစဉ် အပြင်ဘက်မှ အမျိုးသမီးတစ်ဦး ဝင်လာပြီး
"မိတ်ဆွေ ဒီရတနာက ငါ့ရဲ့ မဟာချန်းအင်ပါယာမှာ ပေါ်လာတာဆိုတော့ ငါတို့နဲ့ ရေစက်ရှိတယ်လို့ ပြောလို့ရတယ် ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒါကို ဒီမှာပဲ ထားခဲ့ပေးလို့ ရမလား"
ချန်းဖုန်းနှင့် ချန်းကျိုယဲ့တို့က ချက်ချင်းထရပ်ကာ အရိုအသေပေးလိုက်ကြသည်
"ချန်းဖုန်း ချန်းကျိုယဲ က ဘိုးဘေးကို ဂါရဝပြုပါတယ်"
"ဒါက တော်ဝင်မိသားစုရဲ့ ရွှေအမြုတေအဆင့် ဘိုးဘေး ရှင်လုံမင်းသမီး ပဲ"
"သူက ဧကရာဇ်ရဲ့ အဒေါ်ဖြစ်ပြီး အသက် လေးရာကျော်နေပြီလို့ ကြားဖူးတယ်"
ကျင့်ကြံသူများမှာ အံ့သြမှင်တက်သွားကြသည်။ တော်ဝင်မိသားစု၏ ရွှေအမြုတေအဆင့် ဘိုးဘေးပင် ကိုယ်တိုင် ရောက်လာခဲ့ပြီ
အဖိုးအိုက လှောင်ပြုံးဖြင့် ခေါင်းခါလိုက်သည်
"ငါ ပြောပြီးပြီပဲ၊ ဒီသစ်ပင်ကို ရောင်းဖို့ အစီအစဉ် မရှိဘူး ဝိညာဉ်ကျောက်တုံး နှစ်သောင်းလေးနဲ့ ဒီလို အနာဂတ် အလားအလာရှိတဲ့ သစ်ပင်ကို ဝယ်ချင်နေတာလား"
သူ စကားပြောပြီးသည်နှင့် အဝင်ဝတွင် အစွမ်းထက်သော အငွေ့အသက်များ ထပ်မံ ပေါ်လာသည်။
ပထမဆုံး အရက်နံ့များ လေထဲတွင် ပြန့်လွင့်လာပြီးနောက် အရက်ဘူးကို ကိုင်ထားသော အဖိုးအိုတစ်ဦး ဝင်လာသည်။
နောက်တွင်မူ ဝတ်ရုံပွပွဝတ်ထားသော၊ အမူအရာ တည်တင်းနေသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ပါလာသည်။
ဖန့်မိသားစုနှင့် ကျွယ်မိသားစုဝင်များက ထိုသူများကို မြင်သည်နှင့် အမြန် ဂါရဝပြုလိုက်ကြသည်။
တစ်ဦးမှာ ဖန့်မိသားစု၏ ရွှေအမြုတေအဆင့် ဘိုးဘေးဖြစ်ပြီး နောက်တစ်ဦးမှာ ကျွယ်မိသားစု၏ ဘိုးဘေး ဖြစ်သည်။
ယခုအခါ ထိုနေရာတွင် ရှင်လုံမင်းသမီး ထုံဟု နှင့် ထိုပုဂ္ဂိုလ်နှစ်ဦး ပေါင်းလျှင် ရွှေအမြုတေအဆင့် ပညာရှင် လေးဦးရှိနေပြီ ဖြစ်သည်။
အဖိုးအို၏ ကျင့်ကြံမှုကိုပါ ထည့်တွက်လျှင် ပို၍ပင် များပြားလှသည်။
မင်းသားနှစ်ပါး၏ လောင်းကြေးပွဲကို လာကြည့်ရာမှ ယခုကဲ့သို့ တော်ဝင်မြို့တော်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများကို တစ်စုတစ်ဝေးတည်း မြင်တွေ့ရလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
ဖန့်မိသားစု ဘိုးဘေးက ဖန့်ချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ
"လူငယ်လေး မင်း ကောင်းတဲ့အရာ တစ်ခု ထပ်တွေ့ပြန်ပြီလို့ ငါကြားတယ် ဝိညာဉ်သစ်ပင်ရဲ့ အမြစ်ကိုတောင် မင်း ရခဲ့တာလား"