← Chapters

အခန်း (၃၅၃-၃၅၄)

Vol. 36 Ch. 353-354

အခန်း (၃၅၃-၃၅၄)

Vol. 36 Ch. 353-354

​​အခန်း ၃၅၃ - အပြစ်ပေးခြင်း

​ဖန့်ချန် စကားမပြောရသေးမီမှာပင် လူနှစ်ဦးသည် အပြေးအလွှား ရောက်ရှိလာကြသည်။

​သူတို့မှာ ဖန့်အောက်နှင့် သူ၏ဇနီးတို့ ဖြစ်ကြသည်။ ဖန့်ကျွယ်မှာ အံ့သြသွားပြီး

"အဖေက ဘာလို့ ဒီကို ရောက်လာတာလဲ"

ဟု မေးလိုက်သည်။

​"အစ်ကို ဒီမှာ ဖြစ်ပျက်နေတာတွေကို အဖေ သိသင့်တယ်လို့ ကျွန်မ ခံစားမိလို့ အဖေ့ဆီ အသံလှိုင်း ပို့လိုက်တာပါ"

ဟု ဖန့်ယွင် ၏ အသံသည် ဖန့်ကျွယ်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ဖန့်ယွင်ပြောမှသာ ဖန့်ကျွယ် နားလည်သွားတော့သည်။

​ဖန့်အောက်သည် ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားသည်။

သူသည် ရှိနေသော ရွှေအမြုတေအဆင့် ပညာရှင်များကို အမြန်ပင် ဂါရဝပြုလိုက်ပြီးနောက် ဖန့်မိသားစု ဘိုးဘေးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

​"ဘိုးဘေး ဖန့်ချန်က ဒီမှာ ပြဿနာ ရှာလိုက်လို့လားကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ဖန့်ချန်က မဟာချန်းကို ရောက်တာ မကြာသေးတော့ စည်းကမ်းတွေကို သိပ်နားမလည်သေးလို့ပါ"

​ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံးမှာ ထူးဆန်းသော အမူအရာများ ပြသလာကြသည်။

​ဖန့်မိသားစု ဘိုးဘေးက တိတ်ဆိတ်နေပြီး အခြားသူများကလည်း ဘာမှမပြောသဖြင့် ဖန့်အောက်၏ မျက်နှာမှာ ပျာယာခတ်နေသည်။

​ဖန့်ချန်က ဘယ်လို ပြဿနာမျိုး ရှာလိုက်လို့ ဒီလောက်များတဲ့ ရွှေအမြုတေအဆင့် ပညာရှင်တွေ စုဝေးနေရတာလဲ

​ဒါက မင်းသား ချန်းဖုန်းနဲ့ ချန်းကျိုယဲ့တို့နဲ့ ပတ်သက်နေတာလား

​ထိုသို့တွေးမိသောအခါ ဖန့်အောက်၏ ရင်ထဲ လေးလံသွားသည်။

သူတို့က တော်ဝင်မိသားစုဝင်တွေပဲ အကယ်၍ တော်ဝင်မိသားစုသာ ထိုကိစ္စတွင် ပါဝင်ပတ်သက်နေလျှင် သူ့အတွက် အခြေအနေမှာ အဆမတန် ခက်ခဲသွားပေလိမ့်မည်။

​"ညီမလေး မင်း အဖေ့ကို ဘာတွေ ပြောလိုက်တာလဲ"

ဟု ဖန့်ကျွယ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

​"ကျွန်မ ကျွန်မက ဖန့်ချန် ကျောက်စိမ်းမြစ်ခန်းမမှာ ပြဿနာ အကြီးအကျယ် ရှာလိုက်တယ်လို့ပဲ ပြောလိုက်တာ"

ဖန့်ယွင်မှာလည်း ထိတ်လန့်သွားပြီး ဖန့်အောက်နှင့် ကျင်းကျင်း ထံသို့ အမြန်ပင် အသံလှိုင်း ထပ်ပို့လိုက်သည်။

​"အဖေ... တကယ်တော့..."

​ဖန့်ယွင်သည် သူမ၏ နှုတ်စွမ်းကို အသုံးချကာ အဖေ့အား အခြေအနေမှန်ကို အမြန် ပြန်လည်ရှင်းပြလိုက်ရသည်။

​ဖန့်မိသားစု၏ ရွှေအမြုတေအဆင့် ဘိုးဘေးမှာ မျက်မှောင်ကြုတ်သွားပြီး

"ဖန့်အောက်. မင်းက ဘာတွေ အလောတကြီး ဖြစ်နေတာလဲ အခြေအနေကိုတောင် သေချာမသိသေးဘဲနဲ့ ဆူညံဆူညံ လုပ်နေတယ် ဒီလိုပုံစံနဲ့ဆိုရင် မင်းရဲ့ တတိယမျိုးနွယ်ကို ဘယ်လို စောင့်ရှောက်မလဲ ငါတော့ မင်းအတွက် စိတ်ပူမိတယ်"

​ဖန့်အောက်၏ ခေါင်းထဲတွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်သွားပြီး ဇဝေဇဝါ ဖြစ်သွားသည်။

ကံကောင်းထောက်မစွာပင် သူ၏ဇနီးက ဖန့်ယွင်၏ ရှင်းပြချက်ကို နားလည်သွားပြီး ဖန့်အောက်အား အခြေအနေမှန်ကို ပြန်ပြောပြလိုက်သည်။

​ဖန့်မိသားစု ဘိုးဘေးက သူတို့ကို ဂရုမစိုက်တော့ဘဲ ဖန့်ချန်ဘက် လှည့်ကာ မေးလိုက်သည်

"လူငယ်လေး မင်း ဝိညာဉ်သစ်ပင်ရဲ့ အမြစ်ကို တကယ်ပဲ ရခဲ့တာလား"

​ဖန့်ချန်က ခေါင်းအသာညိတ်သည်

"ဟုတ်ပါတယ်"

​"ဒါကို မင်းရဲ့ မိသားစုဝင်တွေကို ဘာလို့ မရောင်းတာလ ဖန့်မိသားစုက ဝိညာဉ်ကျောက်တုံးတွေ မပေးနိုင်ဘူးလို့ မင်း ထင်နေတာလား"

ဟု မေးကာ ဖန့်မိသားစု ဘိုးဘေးက နှာခေါင်းရှုံ့ရင်း ဖန့်ချန်ထံသို့ သိုလှောင်လက်စွပ် တစ်ကွင်း ပစ်ပေးလိုက်သည်။

"ဒါက လွန်ခဲ့တဲ့ ရက်ပိုင်းက ငါယူထားတဲ့ အဆင့်လတ်ကျောက်တုံးတွေအတွက် မင်းကို ပေးရမယ့် ငွေတွေပဲ သိမ်းထားလိုက် ဒါက မင်းရသင့်တဲ့အရာပဲ"

​ဖန့်လင်ရှင်း ထိုမြင်ကွင်းကို မြင်သောအခါ မျက်နှာ ပျက်သွားသည်။

​သူမတို့၏ ဘိုးဘေးကိုယ်တိုင်က ဖန့်ချန်ကို ယနေ့လောင်းကြေးအတွက် ဝိညာဉ်ကျောက်တုံးများ တိုက်ရိုက်ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူမ၏ဖခင် ဖန့်မိုရှန့် နှင့် မိသားစုခေါင်းဆောင်တို့သည် ထိုကျောက်တုံးများကို ဖန့်ချန်လက်ထဲ မရောက်အောင် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဆွဲထားရန် တိုင်ပင်နေခဲ့ကြသည် မဟုတ်ပါလား။

​ဖန့်ချန်သည် သိုလှောင်လက်စွပ်ကို စစ်ဆေးပြီးနောက် သိမ်းဆည်းလိုက်ကာ ရိုသေစွာ ပြုံးပြလိုက်သည်

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ပြည့်ပါတယ်၊ ကျေးဇူးတင်ပါတယ် ဘိုးဘေး"

​သူသည် ခုနကတင် ၄၂၀၀ သုံးစွဲခဲ့သော်လည်း ယခု ဘိုးဘေးက တစ်သောင်း ပြန်ပေးသဖြင့် သူ့တွင် ဝိညာဉ်ကျောက်တုံး ၁၆၀၀၀ ရှိနေပြီဖြစ်သည်။

၎င်းမှာ မနည်းလှသော ပမာဏပင် လောင်းကြေးပွဲ ပြီးဆုံးသည့်အခါတွင် သူ့၌ ပို၍ပင် များပြားလာပေလိမ့်မည်။

​ဖန့်ချန်သည် သူ၏ ဓားငယ်လေး ကို နောက်တစ်ဆင့် မြှင့်တင်ရန်နှင့် အဆင့် ၃ ဓားခန္ဓာကိုယ် ရရှိရန် ပို၍ ယုံကြည်မှု ရှိလာသည်။

​ဖန့်မိသားစု ဘိုးဘေးက အဖိုးအိုဘက် လှည့်ကာ ပြုံးလိုက်သည်

"မိတ်ဆွေ မိတ်ဆွေ မြင်တဲ့အတိုင်းပဲ ငါ့မိသားစုရဲ့ ဂျူနီယာက ဒီရတနာကို ရခဲ့တာပါ ဒါကို ရောင်း မရောင်း ဆိုတာက ငါတို့ ဖန့်မိသားစုကပဲ ဆုံးဖြတ်ရမယ့် ကိစ္စလို့ ထင်ပါတယ်"

​ကျွယ်မိသားစု ဘိုးဘေးနှင့် ရှင်လုံမင်းသမီးတို့ နှစ်ဦးစလုံးမှာ မျက်မှောင်ကြုတ်သွားကြသည်။

ထုံဟု ကမူ သူတို့၏ မျက်နှာထားကို မြင်သည်နှင့် ဝိညာဉ်သစ်ပင်မှာ သူနှင့် လက်လှမ်းမမီတော့ကြောင်း သိလိုက်သည်။

​အဖိုးအိုက ဖန့်မိသားစု ဘိုးဘေးကို ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်

"စိတ်ဝင်စားစရာပဲ"

​"မင်းရဲ့ ဂျူနီယာက ဒီရတနာကို ဖွင့်လိုက်တဲ့အချိန်မှာ မင်း ဒီမှာ မရှိဘူး ဒီဝိညာဉ်သစ်ပင်က ဒီလောကထဲကို ဘယ်လို ပြန်ရောက်လာလဲဆိုတာ ဒီမှာရှိတဲ့ လူတွေကို မေးကြည့်လိုက်ပါဦး"

​ထုံဟုက ဖြည်းဖြည်းချင်း ဝင်ပြောသည်

"မိတ်ဆွေဖန့် ငါတို့ရဲ့ ပညာရှင် မိတ်ဆွေက အင်မော်တယ်စမ်းရေ တစ်စက်သုံးပြီး ဒီသစ်ပင်ကို အသက်သွင်းပေးခဲ့တာပါ သူ မလုပ်ခင်အထိ ငါတောင် ဒါကို တန်ဖိုးရှိမှန်း မသိခဲ့ဘူး၊ သစ်သားခြောက်တစ်ခုလို့ပဲ မြင်ခဲ့တာ"

​"အဲဒါတွေကို ငါ ဂရုမစိုက်ဘူး"

ဟု ဖန့်မိသားစု ဘိုးဘေးက ဆိုကာ အဖိုးအိုကို စိုက်ကြည့်လိုက်သည်။

"မိတ်ဆွေက ဒီသစ်ပင်ကို ဝိညာဉ်ကျောက်တုံး သုံးထောင်နဲ့ ဝယ်ခဲ့တာ မဟုတ်လား ဒါဆိုရင် ငါက ဝိညာဉ်ကျောက်တုံး ၂၅၀၀၀ နဲ့ ပြန်ဝယ်မယ် ဒါဆို အဆင်ပြေတယ် မဟုတ်လား"

​"ဒီလို လုပ်ကြတာပေါ့"

အဖိုးအိုက ပြုံးသည်

"မင်းတို့ ဒီဝိညာဉ်သစ်ပင်ကို တကယ် လိုချင်ရင် ငါ မင်းတို့ကို ပြန်ရောင်းပေးနိုင်ပါတယ် ဒါပေမဲ့ ငါသုံးလိုက်တဲ့ 'ာအင်မော်တယ်စမ်းရေ တစ်စက်အတွက်တော့ မင်းတို့ ပေးချေရလိမ့်မယ်"

​အင်မော်တယ်စမ်းရေ

​လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ထိုရေစက်မှာ မည်မျှ တန်ဖိုးရှိသည်ကို မည်သူမျှ မသိကြပေ။

​"အင်မော်တယ်စမ်းရေ တစ်စက်ကို ဘယ်လောက် တန်ဖိုးသတ်မှတ်ထားလဲ"

ဟု ဖန့်မိသားစု ဘိုးဘေးက မေးလိုက်သည်။

​"အများကြီး မဟုတ်ပါဘူး"

ဟု အဖိုးအိုက ခပ်အေးအေး ပြောလိုက်သည်။

" အဆင့်လတ် ဝိညာဉ်ကျောက်တုံး တစ်သောင်း ပေးရင် ရပါပြီ"

​"ဝိညာဉ်ကျောက်တုံး တစ်သောင်း ဒါက နည်းနည်းတော့ ဈေးကြီးတယ်"

ဟု လူတိုင်း စဉ်းစားနေစဉ်မှာပင် ရှင်လုံမင်းသမီးက အသံနက်ကြီးဖြင့် အော်လိုက်သည်

"အဆင့်လတ် ဝိညာဉ်ကျောက်တုံး ဟုတ်လား"

​အဆင့်လတ် ဝိညာဉ်ကျောက်တုံးတွေလား

​လူတိုင်း မှင်တက်သွားပြီး အဖိုးအိုကို အံ့သြစွာ ကြည့်လိုက်ကြသည်။

(မှတ်ချက် - အဆင့်လတ်ကျောက်တုံး တစ်သောင်းသည် အဆင့်နိမ့်ကျောက်တုံး တစ်သန်းနှင့် ညီမျှသည်။)

​ဤအဖိုးအိုသည် ဝိညာဉ်သစ်ပင်ကို လုံးဝ မရောင်းချင်မှန်း သိသာလှသည်။

သူသည် ရွှေအမြုတေအဆင့် ပညာရှင်များကို ဆုတ်ခွာသွားစေရန် အကြောင်းပြချက် ပေးနေခြင်းသာ ဖြစ်ရမည်။

​"မိတ်ဆွေ မင်းက အရမ်း တောင်းဆိုလွန်းနေပြီ မင်း အခုရှိနေတာက မဟာချန်းရဲ့ နယ်မြေထဲမှာဆိုတာ သိရဲ့လား"

ဖန့်မိသားစု ဘိုးဘေး၏ မျက်နှာမှာ ပို၍ တင်းမာလာသည်။

"မင်း ငါတို့နဲ့ မိတ်ဆွေဖြစ်ချင်ရင် ဒီသစ်ပင်ကို ထားခဲ့လိုက် မဟုတ်ရင်လည်း ဒါက ဒီမှာပဲ ကျန်ခဲ့မှာပဲ ညှိနှိုင်းစရာ မလိုဘူး"

​ရှင်လုံမင်းသမီးက ခေါင်းအသာညိတ်သည်။

ကျွယ်မိသားစု ဘိုးဘေးကလည်း အဖိုးအိုကို မသိမသာ အကဲခတ်နေသည်။

ထိုဝိညာဉ်သစ်ပင်ကို မည်သည့်မိသားစုက ဝယ်သည်ဖြစ်စေ၊ မဟာချန်းတွင်သာ ရှိနေလျှင် သူတို့အားလုံးအတွက် အကျိုးရှိမည် ဖြစ်သည်။

​"ညှိနှိုင်းစရာ မလိုဘူး ဟုတ်လား"

ဟု အဖိုးအိုက ထပ်ပြောသည်။ သူသည် ဘေးရှိ မိန်းကလေးငယ်ကို ကြည့်ကာ ပြုံးလိုက်သည်

"မြေးမလေး ကြည့်ရတာ ငါတို့ ဓားပြစခန်းထဲ ရောက်နေသလိုပဲ"

​"အဖိုး သူတို့ အားလုံးကိုပဲ သတ်ပစ်လိုက်ရင် မကောင်းဘူးလား"

ဟု မိန်းကလေးငယ်က ဆိုသည်။

​အဖိုးအိုက ကလေးမလေး၏ ခေါင်းကို ပွတ်သပ်ပေးကာ

"မဟုတ်တာ အဲဒီလို မလုပ်ရဘူး သူတို့က စကားအဖြစ် ပြောနေကြတာပဲ စကားပြောရုံနဲ့ ဘယ်လိုလုပ် သတ်လို့ ဖြစ်မလဲ မြေးမလေး ဒီလောကမှာ ငါတို့ မပတ်သက်သင့်တဲ့ ကံကြမ္မာ အကျိုးဆက်တွေ ရှိတယ်ဆိုတာ မှတ်ထားပါ"

"'ကပ်ဘေးသုံးပါးနဲ့ ဆင်းရဲဒုက္ခကိုးပါး ဆိုတာ တကယ်ကို ကြောက်စရာ ကောင်းတယ်"

​ထိုသူနှစ်ဦးမှာ ရွှေအမြုတေအဆင့် ပညာရှင်များကို လုံးဝ ဂရုမစိုက်ဘဲ စကားပြောနေသည်ကို မြင်ရသောအခါ လူအုပ်ကြီးမှာ ထိတ်လန့်သွားသည်။

​"ဒါပေမဲ့ အပြစ်ပေးမှု အနည်းငယ်တော့ လိုအပ်တာပေါ့"

ဟု အဖိုးအိုက ရယ်မောရင်း ထုံဟုမှလွဲ၍ ကျန်ရှိသော ရွှေအမြုတေအဆင့် ပညာရှင်များကို လှမ်းကြည့်လိုက်သည်။

​ရှင်လုံမင်းသမီး... ဖန့်မိသားစု ဘိုးဘေး... ကျွယ်မိသားစု ဘိုးဘေး...

​ရုတ်တရက် ထိုသုံးဦးစလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု၏ ချုပ်နှောင်မှုကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့သည် ရုန်းကန်ရန် ကြိုးစားသော်လည်း သူတို့၏ ဝိညာဉ်စွမ်းအားများမှာ လုံးဝ တုံ့ပြန်ခြင်း မရှိတော့ပေ။

​ဖန့်မိသားစု ဘိုးဘေး၏ ဦးရေခွံများပင် ထုံကျဉ်သွားပြီး အဖိုးအိုကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူလား သွားပြီ...

​ရှင်လုံမင်းသမီးနှင့် ကျွယ်မိသားစု ဘိုးဘေးတို့မှာလည်း အတူတူပင်။

သူတို့သည်လည်း ထိုအဖိုးအို၏ ကျင့်ကြံမှုအဆင့်ကို ခန့်မှန်းမိသွားကြသည်။

​ဝိညာဥ်သန္ဓေသားအဆင့် ထိုအဆင့်ရှိသူသာလျှင် သူတို့ကို ထိုမျှ လွယ်ကူစွာ ချုပ်နှောင်နိုင်မည် ဖြစ်သည်။

​ထုံဟုသည်လည်း ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦး ဖြစ်သဖြင့် သူတို့ ဘာဖြစ်သွားသည်ကို အာရုံခံမိသည်။

သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာပြီး အဖိုးအိုကို ကြောက်ရွံ့စွာ ကြည့်နေသည်။

​အဖိုးအိုက ထိုသုံးဦးကို ပြုံးပြလိုက်သည်။ သူသည် ကုလားထိုင် နှစ်လုံး ဆွဲယူကာ မြေးမလေးနှင့်အတူ ထိုင်လိုက်ပြီးနောက်

"ကဲ မင်းတို့ မိသားစုဝင်တွေကို လာခေါ်ခိုင်းလိုက်ကြတော့"

ဟု ပြောလိုက်သည်။

​အခန်း ၃၅၄ - အမြဲစိမ်းတံဆိပ်ပြား

​ကျောက်စိမ်းမြစ်ဆောင်တစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

အနှေးကွေးဆုံး ကျင့်ကြံသူများပင်လျှင် ရှေ့မှအဖိုးအိုသည် ရွှေအမြုတေအဆင့် ပညာရှင်များထက် များစွာသာလွန်ကြောင်း သဘောပေါက်သွားကြပြီ ဖြစ်သည်။

​သူတို့မျက်လုံးထဲတွင် နတ်ဘုရားကဲ့သို့ မြင့်မြတ်လှသော ရွှေအမြုတေအဆင့် ပညာရှင်ကြီးများသည်ပင် ထိုအဖိုးအိုရှေ့တွင် ကလေးငယ်များကဲ့သို့ ငြိမ်သက်အောင် အပြစ်ပေးခြင်း ခံထားရသည်။

​ဖန့်အောက်နှင့် ကျင်းကျင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မလှုပ်မယှက် ရပ်နေကြရသော ဘိုးဘေးများကို ကြည့်ကာ ထိတ်လန့်သွားကြသည်။

ရွှေအမြုတေအဆင့် ပညာရှင်များကို အားစိုက်စရာမလိုဘဲ ချုပ်နှောင်နိုင်သူမှာ မည်မျှအစွမ်းထက်မည်နည်း

​ဒီစီနီယာက ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်လား

​ထိုအတွေးသည် သူတို့ခေါင်းထဲတွင် ပေါ်လာပြီး ကြောက်ရွံ့တုန်လှုပ်စေသည်။

ဖန့်အောက်၏ ဇနီးသည် သမီးဖြစ်သူ ဖန့်ယွင်ကို အပြစ်တင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမသမီးသာ ပြဿနာမရှာခဲ့လျှင် သူတို့ ဤအခြေအနေမျိုး ကြုံရမည် မဟုတ်ပေ။

​"စီနီယာ ဘာကို ဆိုလိုတာလဲခင်ဗျာ"

ထုံဟုက သတိထား၍ မေးလိုက်သည်။

​"ငါပြောတာ မရှင်းလို့လား"

အဖိုးအိုက ခပ်ပြုံးပြုံးဖြင့်

"သူတို့မိသားစုဝင်တွေကို လာခေါ်ခိုင်းလိုက်ပါ ဂျူနီယာတွေ မှားရင် စီနီယာတွေက လာတောင်းပန်ရမှာက လောကဝတ်ပဲလေ"

ဟု ဆိုသည်။

​ထုံဟူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး

"နားလည်ပါပြီ စီနီယာ၊ ခဏလောက် စောင့်ပေးပါဦး"

ဟု ပြောကာ ကျောက်စိမ်းမြစ်ခန်းမမှ အမြန် ထွက်ခွာသွားတော့သည်။

​လူအုပ်ကြီးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ခန့်မှန်းချက်များ အမျိုးမျိုး ထုတ်နေကြသော်လည်း မည်သူမျှ အသံလှိုင်းဖြင့်ပင် ဆက်သွယ်ရန် မဝံ့ရဲကြပေ။

​မဟာချန်းအင်ပါယာတွင် အခြားသူများထက် ကျင့်ကြံမှုသာလွန်သော ရွှေအမြုတေအဆင့် ပညာရှင်ကြီး သုံးဦး ရှိသည်။

ထိုသုံးဦးရှေ့တွင် အခြားသော ရွှေအမြုတေအဆင့်များမှာပင် ဂျူနီယာဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ကြရသည်။

ထိုပုဂ္ဂိုလ်ကြီး သုံးဦး ရှိနေသောကြောင့်သာ မဟာချန်းသည် အဆင့် ၅ အင်ပါယာများထဲတွင် ထင်ရှားနေခြင်း ဖြစ်သည်။

ယနေ့တွင် ထိုပုဂ္ဂိုလ်ကြီးများကိုပါ မြင်တွေ့ရတော့မည် ဖြစ်သည်။

​ရုတ်တရက် အဖိုးအိုသည် ဖန့်ချန်နှင့် စကားပြောနေသည်ကို လူအုပ်ကြီး သတိထားမိလိုက်သည်။

သို့သော် သူတို့ ဘာတွေပြောနေသည်ကို မည်သူမျှ မကြားရပေ။

သူတို့ကြားတွင် မမြင်ရသော အတားအဆီးတစ်ခု ရှိနေသကဲ့သို့ ဖြစ်နေပြီး နှုတ်ခမ်းလှုပ်ရှားမှုကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။

​ထုံပိုင်ကျိုး၏ မျက်လုံးများမှာ တည်ကြည်သွားသည်

"ဒီစီနီယာက ဖန့်မိသားစုက အဲဒီတပည့်အပေါ် ထူးထူးခြားခြား ဆက်ဆံနေသလိုပဲ"

​ကျွယ်ဝူတိသည်လည်း သူတို့ပြောသမျှကို သိရှိရန် နှုတ်ခမ်းကို စိုက်ကြည့်သော်လည်း ဘာမှ မမြင်ရပေ။

အကျဉ်းချခံထားရသော ရွှေအမြုတေအဆင့် သုံးဦးမှာလည်း ဇဝေဇဝါ ဖြစ်နေကြသည်။

​အဖိုးအိုက ရယ်မောရင်း

"လူငယ်လေး မင်းမှာ ဝိညာဉ်ကျင့်ကြံခြင်း မှာ ထူးခြားတဲ့ ပါရမီရှိတာ ငါမြင်တယ် မင်းက ချီသန့်စင်ခြင်း အဆင့် မှာပဲ ရှိသေးပေမဲ့ ဝိညာဉ်အာရုံက ခန္ဓာကိုယ်ထဲက ထွက်နိုင်နေပြီ မင်းရဲ့ ဆရာက အဆင့် ၁ အင်ပါယာကလား"

​ဖန့်ချန်က ရိုသေစွာ ပြန်ဖြေသည်

"ကျွန်တော့်ဆရာက အဆင့် ၁ အင်ပါယာက လာတာ မှန်ပါတယ်"

​"နှမြောစရာပဲ တခြားတစ်ယောက်က လက်ဦးသွားတာကိုး မဟုတ်ရင် ငါကိုယ်တိုင် မင်းကို တပည့်အဖြစ် လက်ခံချင်မိတာ"

အဖိုးအိုက သက်ပြင်းချကာ ဆက်ပြောသည်

"မင်းဆရာနဲ့အတူ အဆင့် ၁ အင်ပါယာမှာ ဘာလို့ မကျင့်ကြံတာလဲ ဒီလို အဆင့် ၅ အင်ပါယာမှာ ဝိညာဉ်စွမ်းအားတွေ နည်းပါးပြီး သယံဇာတတွေ ရှားပါးတာက မင်းရဲ့ တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်"ာ

​"စီနီယာ ကျွန်တော့်မှာ ဒီလောကထဲမှာ လုပ်စရာ အနည်းငယ် ကျန်နေသေးလို့ပါ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်မှ ဆရာ့ဆီ လိုက်သွားမယ်လို့ ကတိပေးထားပါတယ်"

ဟု ဖန့်ချန်က ဆိုသည်။

​"ဒါဆိုလည်း ဟုတ်ပါပြီ"

အဖိုးအိုက ခေါင်းညိတ်ကာ ဖန့်ချန်ထံသို့ တံဆိပ်ပြားတစ်ခု ကမ်းပေးလိုက်သည်။

"ဒီ အမြဲစိမ်းတံဆိပ်ပြား ကို သေသေချာချာ သိမ်းထားပဲ နောင်တစ်ချိန်မှာ ရေစက်ရှိရင် ဒီတံဆိပ်ပြားနဲ့ အမြဲစိမ်းဂိုဏ်း ကို လာပြီး ငါ့ကို ရှာနိုင်ပါတယ်"

" ငါတို့ဂိုဏ်းက မင်းလို ဓားကျင့်ကြံသူ တွေနဲ့ ရင်းနှီးပါတယ် ဒဏ်ရာရတဲ့ ဓားသမားတွေဟာ ငါ့ဆီမှာ ဆေးကုသဖို့ ဒါမှမဟုတ် ဆေးတောင်းဖို့ လာတတ်ကြတယ်"

​ဖန့်ချန်မှာ အစက ထိုတံဆိပ်ပြားကို ဘာကြောင့် ပေးသလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်နေသော်လည်း အဖိုးအို၏ ရှင်းပြချက်ကြောင့် သဘောပေါက်သွားပြီး စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားသည်။

​ဓားကျင့်ကြံသူ ဒီစကားလုံးက အဆင့် ၁ အင်ပါယာက ပုဂ္ဂိုလ်ကြီးတွေရဲ့ မျက်လုံးထဲမှာ ဒီလောက်အထိ အရေးပါတာလား ငါ့ကို တကယ်ပဲ အစွမ်းထက်တဲ့ ဓားသမားဂိုဏ်းကလို့ သူ ထင်နေတာလား

​"ပြီးတော့ ဒီကနေ အဆင့် ၁ အင်ပါယာကို သွားရတဲ့ ခရီးက အရမ်းဝေးပြီး ခက်ခဲတယ် ဒီတံဆိပ်ပြားက ဝိညာဉ်ရတနာ မဟုတ်ပေမဲ့ လမ်းခရီးမှာ ပြဿနာအချို့ကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်"

"ဝိညာဉ်သစ်ပင်ကို ရောင်းပေးတဲ့အတွက် ကျေးဇူးဆပ်တယ်လို့ပဲ မှတ်ယူလိုက်ပါ အမှန်တော့ ဒီသစ်ပင်ရဲ့ တန်ဖိုးက ငါပေးတဲ့ ဝိညာဉ်ကျောက်တုံး သုံးထောင်ထက် အဆပေါင်းများစွာ သာပါတယ်"

ဟု အဖိုးအိုက ဂုဏ်ယူစွာ ပြောလိုက်သည်။

​လူအုပ်ကြီးသည် အဖိုးအိုက ဖန့်ချန်ကို တစ်ခုခုပေးသည်ကို မြင်လိုက်သော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရသဖြင့် အားကျခြင်း၊ သိချင်ခြင်းများ ဖြစ်ပေါ်နေသည်။

​ထိုစဉ် ထုံဟု ပြန်ရောက်လာပြီး သူ၏နောက်တွင် လူတစ်ဦး ပါလာသည်။

ထိုသူသည် ဝင်လာသည်နှင့် အဖိုးအိုကို ချက်ချင်း စိုက်ကြည့်လိုက်သည်။

​"စီနီယာ ဘယ်သူ့ကို လာခေါ်တာလဲ"

ဟု အဖိုးအိုက မေးလိုက်သည်။

​လူသစ်က ကျွယ်မိသားစုမှ လူလတ်ပိုင်း အမျိုးသားကို ညွှန်ပြကာ

"ဒါက ကျွန်တော့်ရဲ့ မိုက်မဲတဲ့ တူတော်မောင်ပါပဲ စီနီယာကို ပြစ်မှားမိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

​ထိုသူမှာ ကျွယ်မိသားစုမှ ကျင့်ကြံမှုအနက်ရှိုင်းဆုံးနှင့် အသက်အကြီးဆုံးဖြစ်သော ရွှေအမြုတေအဆင့် နှောင်းပိုင်း ပညာရှင်ကြီး ဖြစ်နေသဖြင့် လူအုပ်ကြီးမှာ မှင်တက်သွားသည်။

​အဖိုးအိုက ခေါင်းညိတ်လိုက်ရာ ကျွယ်မိသားစုမှ ဘိုးဘေးအပေါ်ရှိ ချုပ်နှောင်မှုမှာ ကွယ်ပျောက်သွားသည်။

သူသည် သူ၏ဦးလေးထံသို့ အမြန်သွားကာ အဖိုးအိုကို ဦးညွှတ်ဂါရဝပြုလိုက်သည်

"စီနီယာ ခုနက ကျွန်တော် ပြစ်မှားမိတာကို ခွင့်လွှတ်ပေးပါ"

​"ကျွယ်ဖေးအန်း ဒူးထောက်ပြီး စီနီယာ့ကို ကန်တော့လိုက်စမ်း"

ဟု ကျွယ်မိသားစု အကြီးအကဲက အမိန့်ပေးလိုက်သည်။

​ကျွယ်ဖေးအန်းသည် လူအများရှေ့တွင်ပင် ဝန်လေးခြင်းမရှိဘဲ ဒူးထောက်ကန်တော့လိုက်သည်။

​ခဏအကြာတွင် နောက်ထပ် လူငယ်တစ်ဦး ဝင်လာသည်။ သူသည် အသက် ၂၀ ခန့်သာ ရှိပုံရသော်လည်း ဆံပင်များထဲတွင် ဆံပင်ဖြူအချို့ ရောနှောနေသည်။

​ဖန့်အောက်နှင့် သူ၏ဇနီးသည် ချက်ချင်း ဒူးထောက်လိုက်ကြသည်

"တတိယမျိုးနွယ်က ဖန့်အောက်က ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"

​"ဒါက ဖန့်မိသားစုရဲ့ ရွှေအမြုတေအဆင့် နှောင်းပိုင်း ပညာရှင်ကြီးလား"

ဖန့်ကျွယ်နှင့် အခြားသူများလည်း အားတက်သရော ဒူးထောက်လိုက်ကြသည်။

ထိုဘိုးဘေးကြီးမှာ လူမြင်ကွင်းသို့ ထွက်လေ့မရှိသဖြင့် ယခုမှပင် မြင်ဖူးကြခြင်း ဖြစ်သည်။

​"ထကြတော့"

ဖန့်မိသားစု ဘိုးဘေးကြီးက လက်ဝှေ့ယမ်းလိုက်ပြီး အဖိုးအိုထံ သွားကာ ရိုသေစွာ ဦးညွှတ်လိုက်သည်

"ကျွန်တော် ဖန့်ထင်ကျန့် က စီနီယာ့ကို ဂါရဝပြုပါတယ်"

​ဖန့်ထင်ကျန့် ဟုတ်လားဖန့်ချန် အံ့သြသွားသည်။

ဤသူသည် သူ၏ ဘိုးဘေးနှင့် မျိုးနွယ်တူ အကြီးအကဲ ဖြစ်နေသည်။

​"မင်းက ဘယ်သူ့အတွက် လာတာလဲ"

ဟု အဖိုးအိုက မေးသည်။

​ဖန့်ထင်ကျန့်က ဖန့်ဝမ်လီကို ညွှန်ပြကာ

"ဒါက ကျွန်တော့်ရဲ့ အသုံးမကျတဲ့ ဂျူနီယာ ဖန့်ဝမ်လီပါပဲ"

​အဖိုးအိုက ခေါင်းညိတ်ကာ ဖန့်ဝမ်လီကို လွှတ်ပေးလိုက်သည်။

ဖန့်ဝမ်လီသည် ဖန့်ထင်ကျန့်ထံ အမြန်ပြေးသွားကာ အဖိုးအိုကို အကြိမ်ကြိမ် ဦးညွှတ်တောင်းပန်တော့သည်။

​ထို့နောက် အဖိုးအိုက ဖန့်ချန်ဘက်သို့ လှည့်ကာ မေးလိုက်သည်

"ဒါတွေက မင်းမိသားစုထဲက လူကြီးတွေလား"

​ထိုမေးခွန်းကြောင့် လူအုပ်ကြီးမှာ အံ့သြသွားကြသည်။ သူက ဘာလို့ ဒါကို မေးတာလဲ

All Chapters